အဆုံးအမများ
ဘ၀ချမ်းသာရေးအစစ်အမှန်ကို
လိုချင်ရင်..
သူတော်ကောင်းကို ဆည်းကပ်၊
သူတော်ကောင်း တရားကို နာကြားလေ့လာ၊
နိဗ္ဗာန်နဲ့ ဆီလျော်တဲ့
တရားအကျင့်ကို ကျင့်သုံးရမယ်။
ဒါန၊ သီလ၊ ဘာဝနာတို့ကို အဆင့်ဆင့်
တိုးမြှင့်ပြီး ကျင့်သုံးရမယ်။ (မြတ်ဗုဒ္ဓ)
(သာသနာရေးဝန်ကြီးဌာန၏ ဗုဒ္ဓဘာသာတရားတော် အခြေခံအဆင့်စာအုပ်)
စာရေးသူရဲ့ ဘလော့မှာ ရေးတင်ထားသော
“လက်ဝှေ့ဆောင်းပါးစာရေးဆရာ ရွှေဘိုဘာမထီ ခင်အောင်” ဆိုတဲ့ စာလေးကိုဖတ်ပြီးတော့
အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မိတ်ဆွေ ဒေါက်တာ ကိုသောင်းတင် (စာရေးဆရာလူမျိုးနော်)က
… မိမိသည် ဆရာဘာမထီခင်အောင်၏ လက်ဝှေ့ သင်တန်းက စည်းကမ်းနဲ့ အဆုံးအမတွေကို
လက်ဝှေ့ကြိုးဝိုင်းရဲ့ အပြင်ဖက်ရှိ နေ့စဉ်ဘ၀ထဲမှာလည်း အကျိုးရှိစွာ
အသုံးပြုနိုင်ခဲ့တဲ့ အကြောင်းနဲ့ ဆရာ၏ကျေးဇူးတရားများအား မိမိက ယခုကဲ့သို့
အောက်မေ့သတိတရရှိနေတာဟာဖြင့် အ ထူးကောင်းမွန်သင့်လျော်ပါကြောင်း စသဖြင့် မှတ်ချက်ကလေး
ရေးပို့လာပါတယ်။ သူရဲ့ အင်္ဂလိပ်လိုရေး ထားတဲ့ မှတ်ချက်ကလေးကို ဖတ် ကြည့်နိုင်ပါတယ်။
အမှန်တကယ်က ဆရာ၏အဆုံးအမများသည် ယခုရေးထားတာတွေထက်တောင်
ပိုလို့နေပါသေးတယ်။ ဒီ အကြောင်းအရာတစ်ချို့ ကို နွယ်နီမဂ္ဂဇင်းက ဆောင်းပါးတစ်ပုဒ်ထဲမှာ
စာရေးသူ ထည့်ပြီးရေးသားခဲ့လို့ ဆရာ ဖတ်ရှုသိရှိပြီး ဖြစ်ပါတယ်။ နောက်ဆုံးအခေါက်က
ရွှေဘိုမှာ ဆရာနဲ့တွေ့တော့ သူ့အကြောင်းရေးထားတာနဲ့ ပတ်သက်ပြီး “ကျေးဇူးပဲကွ
ညီလေး”လို့ ဆရာက မိမိအား ပြောခဲ့ပါသေးတယ်။
စာရေးသူတို့မြန်မာ့ယဉ်ကျေးမှုမှာ လူကြီးသူမများ၏
အဆုံးအမဆိုတာ အလွန်အရေးကြီးပြီး လေးစားလိုက် နာကြရတာဖြစ်တယ်။
အဆုံးအမဆိုတာ
လမ်းညွှန်တာဖြစ်သလို ထိန်းကြောင်းပေးတာလည်းပဲ ဖြစ်တယ်။
မိဖဆရာသမားများနဲ့
လူကြီးသူမများ၏ အဆုံးအမများကို ကောင်းစွာနှလုံးပိုက်ပြီး လေးစားစွာ
လိုက်နာခြင်း ဟာ ကောင်းကျိုးချမ်းသာကို ဧကန်မုချရနိုင်စေမှာပါ။
မိမိကိုယ်တိုင်လည်း ငယ်စဉ်ကစပြီး အရွယ်ရောက်လာတဲ့အထိ
အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လက် အုပ်ချီ၍ ကန်တော့ခဲ့လို့
အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင်ကိုပဲ ဆုတွေရရှိခဲ့သလို အဖိုးမဖြတ် နိုင်တဲ့
အဆုံးအမတွေလည်း ရခဲ့တာဖြစ်တယ်။ ယခုအခါမှာ မိမိသည် အသက်အရွယ်ရလာခဲ့ပြီမို့ ကန်တော့ ခံရတဲ့အတန်းထဲကိုရောက်လျက်
ကန်တော့ခံလာရပြီဖြစ်လေရာ ကန်တော့ကြသူများအား မိမိကလည်း ဆုတောင်းပေးရတာတို့
ဆုံးမစကားများပြောရတာတို့ ရှိလာခဲ့ပါတယ်။
ဒါကြောင့် ဆုပေးတဲ့နေရာမှာကော
အဆုံးအမပေးတဲ့နေရာမှာပါ ကန်တော့ကြသူများရဲ့  အသက်အရွယ် အလုပ်အကိုင်နဲ့
အခြားသောအခြေအနေအရပ်ရပ်တို့ကိုလိုက်ပြီး အဓိပ္ပါယ်ရှိဖို့ တန်ဖိုးရှိဖို့ အားထုတ်ရပါ တယ်။
စေတနာတရားနဲ့ မေတ္တာများကို အဓိကအားဖြင့် အရင်းခံရတာပါ။
ဆက်ရေးပါဦးမယ်။
Thanks for sharing this precious preaching Sayar TMA!
ReplyDeleteI appreciate that.:-))))