Monday, July 4, 2011

မင်္ဂလာအခမ်းအနား

မနေ့က မိတ်ဆွေမိသားတစ်စုရဲ့သမီးမင်္ဂလာဆောင်ကို ဇနီးနဲ့အတူ ရောက်သွားခဲ့တယ်။

Grand Park City Hall မှာ ကျင်းပခဲ့တဲ့ မင်္ဂလာအခန်းအနားမှာ သတို့သားကိုကျော်စွာဝင်း သတို့သမီးမ၀င်းလဲ့ရွှေရည်၊ မိတ်ဆွေ ဦးမြင့်ဆွေ ဒေါ်ဋ္ဌေးဋ္ဌးတို့နှင့်အတူ။

မိတ်ဆွေဆိုတဲ့နေရာမှာ သတိုးသမီးရဲ့မိခင်ကောဖခင်ပါ မြန်မာပြည်မှာကတည်းက စာရေးသူနဲ့ အလွန် ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်ကြတယ်။ မိခင်ဖြစ်သူက စာရေးသူနဲ့တစ်မြို့တည်းသူ။ နောက်ပြီး ကျောင်းနေ ဖက်သူငယ်ချင်းလဲ ဖြစ်ခဲ့ကြတာ။ ဖခင်ဖြစ်သူကတော့ တစ်မြို့တည်းသားမဟုတ်ပေမယ့် ကိုယ်မြို့သူနဲ့ အ ကြောင်းပါပြီး ကိုယ့်မြို့သားဖြစ်လာခဲ့တာပဲ။ ပြီး သူ့ကလေးအကြီးတွေက စာရေးသူရဲ့ဇာတိဖြစ်တဲ့ ကန့်ဘ လူမှာမွေးခဲ့ ကျောင်းနေခဲ့ ကြီးပြင်းခဲ့ပြီး ကန့်ဘလူကို သိပ်ပြီးသံယောဇဉ်ရှိကြတာ။

စာရေးသူဟာ ဟိုတုန်းက မြန်မာပြည်ကိုအလည်ပြန်တိုင်း သူတို့အိမ်ကိုရောက်လေ့ရှိပါတယ်။ မှတ်မှတ်ရ ရ အရှိဆုံးကတော့ တစ်နှစ်မှာ စာရေးသူကြိုက်တဲ့ ကန့်ဘလူမုန့်တီကို သူတို့အိမ်မှာလုပ်ကျွေးပြီး ဧည့်ခံခဲ့ တာပဲဖြစ်တယ်။ နောက်ပိုင်းမယ်တော့ သူတို့သမီးနှစ်ဦးလုံး စင်ကာပူမှာလာပြီး အလုပ်လုပ်နေကြတာဖြစ် လို့ မြေးဦးလေးကိုဂရုစိုက်ရင်း ဒီကို မကြာခဏရောက်လေ့ရှိပါတယ်။ ရောက်တဲ့အခါတိုင်းလဲ အကြာကြီး နေလေ့ရှိကြတာ။  


မိတ်ဟောင်းဆွေဟောင်းများနှင့် ရှေးဟောင်းနှောင်းဖြစ်များပြောကြလို့ ...။
သတို့သမီးရဲ့ဖခင်နဲ့အမဖြစ်သူတို့ စာရေးသူထံ မင်္ဂလာဖိတ်စာလာပေးတဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင်ကြီးပဲ စာရေးသူနဲ့ဇနီး လေဆိပ်မှပြန်လာတာနဲ့ အိမ်ပေါက်ဝမှာပဲဆုံကြတာ။ တိုက်အောက်မှာ တက္ကစီကားထဲက ပစ္စည်းတွေချနေတုန်း အိမ်နားနီးချင်းတစ်ဦးက ”ခင်ဗျားတို့အိမ်ရှေ့မှာ ဧည့်သည်တွေစောင့်နေကြတယ်” လို့ပြောတာနဲ့ ခပ်သုတ်သုတ်လေးတက်လာခဲ့ရတယ်။ သူတို့က ဖိတ်စာစာအိတ်မှာစာလေးရေးပြီးမှာထား ခဲ့မလို့တဲ့။ လက်မတင်လေးပဲ လူချင်းတွေ့ကြတာမို့ အားလုံးအဆင်ပြေသွားခဲ့တာ။ စာရေးသူက ခရီးဝေး မှပြန်လာလာချင်း မင်္ဂလာသတင်းကြားရတာမို့ ၀မ်းသာရတယ်။ စင်ကာပူကိုရောက်နေကြတဲ့ ကန့်ဘလူ မှ ကလေးတွေကိုလဲ တွေ့ချင်နေတာနဲ့ အတော်ပါပဲ။ 

ကန့်ဘလူသူ ကန့်ဘလူသားလူငယ်များနှင့် အမှတ်တရ။

ကလေးအချို့ကိုတွေ့ဖူးထားပေမယ့် တစ်ချို့ကိုမတွေ့ဖူးသေးဘူး။ သူတို့နဲ့တွေ့တော့ သူတို့အကြောင်းလဲ မေးရတယ်။ သူတို့မိဖတွေအကြောင်းလဲ မေးဖြစ်တယ်။ လူတွေအကြောင်းမေးရင်း ကိုယ့်မြို့အကြောင်း လဲ ကြားရသိရပြန်တယ်။

No comments:

Post a Comment