Friday, July 22, 2011

ဖိနပ်ကလေးတစ်ရံ

ဒီကနေ့ (၂၁ ရက် ဇူလိုင်) စာရေးသူအလုပ်လုပ်နေတဲ့ အထူးပညာရေးကျောင်း (Special Education School) မှာ Racial Harmony Day အခမ်းအနားလေး ကျင်းပခဲ့တယ်။ နှစ်တိုင်း ဒီအချိန်ရောက်တိုင်း ကျင်းပလေ့ရှိတယ်။ ဆရာ ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ၊ ကလေးမိဘတွေ၊ တတ်သိပညာ ရှင်တွေ၊ လုပ်အားပေးသူတွေအားလုံး စုစုဝေးဝေး ပါဝင်ဆင်နွှဲကြတာမို့ ပျော်စရာကြီး။

လူမျိုးပေါင်းစုံရှိတဲ့ စင်ကာပူနိုင်ငံမှာ လူမျိုးအားလုံး ချစ်ချစ်ကြည်ကြည်နဲ့ စည်းစည်းလုံးလုံး ရှိကြဖို့ပါ။ အလွန်ချစ်စရာကောင်းတဲ့ နေ့ကလေးတစ်နေ့ပါပဲ။ ဘာသာစကား မတူဘူး။ ၀တ်စားဆင်ယင်မှုမတူဘူး။ ကိုးကွယ်တဲ့ဘာသာ မတူဘူး။ အစားအစာ မတူဘူး။ ဒါပေမဲ့ ဒီလိုမတူတာတွေက နိုင်ငံတစ်နိုင်ငံအဖို့ အနှုတ်လက္ခဏာတွေ မဟုတ်ပါဘူးတဲ့။ Diversity is a matter of beauty and not a conflict လို့ပြော ကြတာ မဟုတ်လား။ အီသီအိုးပီးယားအလှမယ် (Miss Ethiopia 2009) ချူးနာအိုကော့ (Chuna Okok)က "ကျမတို့ အီသီအိုးပီးယား နိုင်ငံမှာ အသားအရောင်အမျိုးမျိုးရှိကြပါတယ်။ မတူညီခြင်းဟာ တကယ်တော့ အလှတစ်ပါးပါပဲရှင်" လို့ ပြောခဲ့တာကို သွားလို့အမှတ်ရမိသေးတယ်။

Racial Harmony Day အခမ်းအနားရောက်တိုင်း ဆရာမတွေက"မစ္စတာအေး မြန်မာအ၀တ်အစားဝတ် ပါ"လို့ တိုက်တွန်းလေ့ရှိတာမို့ နှစ်တိုင်းမဟုတ်ပေမဲ့ သုံးလေးနှစ်တစ်ခါတော့ ၀တ်ဖြစ်ခဲ့တယ်။ ၀တ်ခဲ့တိုင်း လဲ မြန်မာ့တိုက်ပုံ မြန်မာ့လုံချည်နဲ့ မြန်မာ့ကတ္တီပါဖိနပ်တွေကိုကြည့်ပြီး "သိပ်လှတာပဲ"လို့ ပြောမဆုံးကြ ဘူး။ တစ်ချို့က အမှတ်တရအတူဓါတ်ပုံရိုက်တတ်ကြတယ်။ ကိုယ့်မြန်မာအ၀တ်အစားတွေကို နှစ်ခြိုက်ကြ တယ်ဆိုတာသိရတော့ ၀မ်းသာမိတာအမှန်ပဲပေါ့။  သို့ပေမယ့် အဲဒီလိုဝတ်ပြဖို့အရေး ဇနီးကို ဒုက္ခပေးခဲ့မိ တာ နှစ်ကြိမ်ရှိပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က တစ်ကြိမ်နဲ့ အခုတစ်ကြိမ်။ 

ဒီကနေ့ ကျင်းပတဲ့ Racial Harmony Day မှာ ...။

အဖြစ်က ဒီလိုပါ။
ဇနီးယူလာပေးတဲ့ မြန်မာအင်္ကျီ လုံချည်နဲ့တိုက်ပုံတွေလဲ ၀တ်ပြီးကော စိတ်ထဲမှာ တစ်ခုခုလိုနေသလို ခံစားမိလိုက်တယ်။ ဘာလိုနေမှန်းတော့ ယုတ်တရက်မတွေးမိသေးဘူး။ နောက်တော့မှ ရှုးဖိနပ်ကြီးနဲ့ ဖြစ်နေတာ သတိပြုမိတယ်။ ဟာကွာ.မဟုတ်သေးပါဘူးပေါ့။ ဒါနဲ့ အင်္ကျီလုံချည်တွေထည့်လာတဲ့အိတ် ထဲမှာ ဖိနပ်ပါလိုပါငြားရှာကြည့်တော့ မပါလာဘူး။ ပြသနာပဲ။ ဟယ်.. ဖြစ်လာမှတော့ မထူးတော့ပါဘူး လို့ တွေးရတယ်။ ဒီအတိုင်းပဲဝတ်ပြီး ပြောပြရတော့မှာပဲ။ မြန်မာတွေက ပုံမှန်ကတော့ ညှပ်ဖိနပ်ပဲ စီး ကြလေ့ရှိပါတယ်ပေါ့။ ဒါပေမယ့် ဟိုခေတ်က မြန်မာကောလိပ်ကျောင်းသားတွေကတော့ အခုလိုပဲ မြန် မာ့တိုက်ပုံ လုံချည်နဲ့ ရှုးဖိနပ်စီးကြလေ့ရှိတဲ့အကြောင်း။ 

ပြောရရင် နှစ်ခါစလုံး ဖိနပ်ကြောင့်ပဲ ဖြစ်ခဲ့ရတာ။ လုပ်ဖော်ကိုင်ဖက်တွေက မြန်မာလိုဝတ်စေချင်တယ်ဆို တော့ အလုပ်ကနေအိမ်ကိုဖုန်းဆက်ပြီး ထုံးစံအတိုင်း ဇနီးသည်ကို အကူအညီတောင်းရတယ်။ အင်္ကျီ လုံ ချည်တွေ ယူလာပေးပါလို့။ ဖိနပ်ကို သတိမရတော့ မပြောမိလိုက်ဘူး။ အိမ်ရှင်မကလဲ မတွေးမိခဲ့ဘူး။ ဒါ နဲ့ သူလာတဲ့အခါ အင်္ကျီ လုံချည်နဲ့တိုက်ပုံပဲ ပါလာတယ်။ ဖိနပ်က မပါခဲ့ဘူး။ ဇနီးကို ပြန်ယူခိုင်းရအောင် ကလဲ ခရီးက နီးတာမှမဟုတ်တာ။ အခုလာတာတောင် တက္ကစီခ ၁၄ ဒေါ်လာကျော်ကျတာ။ ပိုက်ဆံကုန် တာထက် နောက်တစ်ခေါက်ထပ်သွားရဦးမယ်ဆိုတာ မဖြစ်သင့်ဘူး။ အခုလို အချိန်မီအောင်လာခဲ့ရတာ တောင် အမောတကောလေး မဟုတ်လား။

ဒါနဲ့ စဉ်းစားလိုက်တော့ ဒီနားမှာနေတဲ့ မိတ်ဆွေ(ဦးဖေသက်)ကို သွားပြီး သတိရလိုက်မိတယ်။ ကိုဖေ သက်က Tan Tock Seng Hospital မှာလုပ်နေတာ။ သူနဲ့စာရေးသူတို့က မြန်မာပြည်မှာတုန်းက မော် လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ငါးနှစ်လောက် အတူတူအလုပ်လုပ်ခဲ့ကြတာ။ စနေတနင်္ဂနွေဆိုရင် လူလွတ် တွေမို့ ဆေးရုံကြီးနားက ထားဝယ်စုဈေးကို နှစ်ယောက်အတူသွားပြီးဈေးဝယ်လေ့ရှိကြတာ။ ဒီမှာ လင် မယားနှစ်ယောက်စလုံး အလုပ်လုပ်ကြတာ၊ ကလေးတွေကလဲ ကြီးကုန်ကြပြီဆိုတော့ ကျောင်းတက်သူ တက် အလုပ်လုပ်သူလုပ် ဖြစ်နေကြပြီ။ သူတို့ အိမ်မှာ ရှိချင်မှရှိကြမှာ။ အဲဒီအိမ်နဲ့စာရေးသူရဲ့အလုပ်က ၅ မိနစ်လောက်ပဲ လျှောက်ရတာ။ တိုက် သုံးတိုက်လောက်ပဲ ဝေးတာ။ ဇနီးက ကံဆိုးကံကောင်းဖုန်းဆက် ကြည့်လိုက်တာ အိမ်မှာ အဖေဖြစ်သူနဲ့သမီးတို့ ရှိနေကြတယ်လို့သိရတာနဲ့ သူတို့အိမ်ကိုသွားပြီး ကတ္တီပါ ဖိနပ်လေးတစ်ရံ ငှားရတယ်။

ဩော် ... ဖိနပ်ကလေးတစ်ရံရယ်။

No comments:

Post a Comment