Monday, October 26, 2020

ကိုဗစ်ကာလ အိမ်တွင်းကိုယ်လက်လေ့ကျင့်ခန်းများ (၂)


  • မတ်ရပ်တွန်းတင်လေ့ကျင့်ခန်း (Standing pushup)
ဤလေ့ကျင့်ခန်းသည် ကြမ်းပြင်မှာမှောက်လျက်အနေအထားဖြင့် ဒိုက်ထိုးလေ့ကျင့်ခန်း (Standard pushup) လုပ်တာထက် အင်အားစိုက်ထုတ်မှုနည်းပြီး ပြုလုပ်ရလွယ်ကူသည်။



ဒိုက်ထိုးလေ့ကျင့်ခန်း



ပခုံးဆစ်၊ တထောင်ဆစ်နှင့် လက်ကောက်ဝတ်အဆစ်တို့အပေါ် ၀န်ပိခြင်းနည်းစေသဖြင့် လက်မောင်းအဆစ်နာသူများနှင့် အသက်ကြီးသူများအတွက် သင့်လျော်ပါသည်။ (lessen pressure/impact on weakened joints) 

လေ့ကျင့်ခန်းသုံးပစ္စည်း တစ်စုံတစ်ရာမှလည်း မလိုအပ်ပါချေ။

နံရံနှင့် ခန္ဓာကိုယ်(ခြေထောက်နေရာ)တို့၏အနေအထားနှင့်အကွာအဝေးကို လိုသလိုထားပေးခြင်းဖြင့် လက်မောင်းဆစ်များ(လက်ကောက်ဝတ်၊ တတောင်၊ ပခုံး) အပေါ်ဖြစ်စေသည့် ၀န်ပိစေမှုပမာဏနှင့် ကြွက်သား၏အင်အားစိုက်ထုတ်ရမှု (muscular effort) တို့ကို တစ်ဦးချင်းအလိုက် ချိန်ဆပြုလုပ်နိုင်သည်။

လေ့ကျင့်ခန်းပြုလုပ်နေစဉ်တွင် အဆစ်တွေမနာမကျင်စေရန် ဂရုပြုသင့်ပါသည်။

နံရံနှင့်ဝေးဝေးရပ်လေ ပြန်တွန်းတင်တဲ့အခါ လက်မောင်းအားစိုက်ရမှု များလေလေဖြစ်သည်။

(က)

(က) နံရံမှ ၂ ပေ သို့မဟုတ် ၃ ပေ အကွာတွင် မျက်နှာချင်းဆိုင်မတ်မတ်ရပ်ပြီး ပုံပါအတိုင်း နံရံပေါ်သို့ တတောင်များဆန့်ထားလျက် လက်ဖ၀ါးများတင်ပါ။ 


 (ခ)


(ခ) ကိုယ်ကိုဆန့်ဆန့်ထားကာ ခေါင်းနှင့်ရင်ဘတ်တို့ကို နံရံနှင့်နီးနိုင်သ၍နီးစေရန် တတောင်ကို တဖြည်းဖြည်းချင်း ကွေးချပေးရမည် (၅ စက္ကန့်မှ ၇ စက္ကန့်ကြာသည်အထိ)။ 

ခန္ဓာကိုယ်ကို အရှေ့ ဘက်သို့ယိုင်ချပေးနေစဉ် ခြေဖ၀ါး ၂ ခုလုံး ကြမ်းပေါ်မှာ အပြားလိုက်ကျနေစေရမည်ဖြစ်သည်။

သို့မှသာ ဖနောင့်ကြောဆန့်ပေးနိုင်မည်။

တစ်ချိန်တည်းမှာ အပေါ်ဘက်တွင် တတောင်ကွေးချပေးနိုင်သလောက် ရင်ဘတ်က ကျယ်ဆန့်ပြန့်ကားသွားနေမည်။ 

ထိုနှစ်ချက်ကို သတိနှင့်သိမှတ်ပေးပါ။ 

ထိုသို့တတောင်ကွေးနေစဉ် ၀င်လေကို ဖြည်းညှင်းစွာရှူသွင်းပေးနေရမည် (၅ စက္ကန့်မှ ၇ စက္ကန့်ကြာသည်အထိ)

ဆက်ပြီးမကွေးနိုင်တော့သည့်နေရာတွင် ရှူသွင်းထားသည့်လေကို ရင်ခေါင်းအတွင်းထိန်းထား(အောင့်ထား)လျက် ၃ စက္ကန့်ကြာရပ်လိုက်ပါ။  


(ဂ)
 
(ဂ) ထိုနောက် ကိုယ်ကိုဆန့်ဆန့်ထားကာ မူလအနေအထားသို့ပြန်ရောက်ရန် တတောင်ကိုဖြောင့်သွားသည်အထိ တဖြည်းဖြည်းချင်းဆန့်ပေးရင်း လေကိုပါးစပ်က ဖြည်းညှင်းစွာမှုတ်ထုတ်ပေးနေရမည် (၅ စက္ကန့်မှ ၇ စက္ကန့်ကြာသည်အထိ)။ 

မှတ်ချက် - တတောင်အကွေးအဆန့်ကို ကွေးလိုက် ဆန့်လိုက် အမြန်မပြုလုပ်ရ။  

အကွေးရော အဆန့်ကိုပါ ၅ စက္ကန့်မှ ၇ စက္ကန့်ကြာသည်အထိ ဖြည်းဖြည်းခြင်း(ခပ်နှေးနှေးလေး)ပြုလုပ်ပေးခြင်း ကြွက်သားများကို ပုံမှန်ထက် အချိန်အနည်းငယ်ပိုကြာသည်အထိ အလုပ်ပိုလုပ်စေပါသည်။ 

မိမိသည် နေ့စဉ် နံနက် ၄ နာရီခွဲတွင် အိပ်ရာမှထပြီး  သွေးပူလေ့ကျင့်ခန်း အနည်းငယ်လုပ်ပြီးသည်နှင့် ဤလေ့ကျင့်ခန်းကို ပထမဆုံးပြုလုပ်ပါသည်။


အမှတ် (၃) ကို စောင့်ဖတ်ကြပါရန်။




No comments:

Post a Comment