Thursday, December 24, 2020

ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေး ထိုးရမည်

 

                                      ပထမအသုတ် ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေး စင်ကာပူသို့ရောက်လာစဉ် 
                                                                                     (ST Photo: Kua Chee Siong)


ဒီကနေ့မနက်စောစောမှာ မိမိတို့ဌာနမှူးထံက အီမေးတစ်စောင်ဝင်လာသည်။

လာမည့်အပတ်တွင်ပြုလုပ်မည့် ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ပတ်သက်ပြီး ဆေးရုံကရှင်း   လင်းတင်ပြမည့်အစည်းအဝေး (Zoom Meeting) ကို တက်ကြရန်ဖြစ်သည်။

မိမိတို့ဆေးဘက်ပညာရှင်များ (Allied Health Professionals) က ဒီဇင်ဘာ ၂၈ ရက်တွင်တက်ကြရမည်ဖြစ်ပြီး ဆ ရာဝန်များနှင့်သူနာပြုများက နောက်ရက်များတွင် တစ်ရက်စီခွဲကာ တက်ကြရမည်ဖြစ်သည်။ 

ထို့အပြင် ဒီကနေ့နေ့ခင်းပိုင်းတွင် ဆေးရုံမှနောက်ထပ်အီးမေးတစ်စောင် ထပ်မံရရှိခဲ့ပြန်ပါသည်။

ယခုအီးမေးနှင့်အတူ စစ်တမ်းကောက်ယူသည့်မေးခွန်းစာရွက် (survey) ပါလာသည်။ ကာကွယ်ဆေးထိုးချင်သည်    ဖြစ်စေ မထိုးချင်သည်ဖြစ် ၀န်ထမ်းတိုင်းအနေဖြင့် ရေးဖြည့်ပြီးပြန်ပို့ပေးရမည်ဖြစ်သည်။




















ကာကွယ်ဆေးထိုးရန်ဆန္ဒရှိသူဝန်ထမ်းများသည် ပေးထားသည့်ရက်နှင့်အချိန်နာရီတို့ကို မိမိအဆင်ပြေသည့်အ   တိုင်း ရွေးထည့်ပေးရန်လိုအပ်လေသည်။

သို့မှသာ ဆေးရုံ၏လုပ်ငန်းလည်ပတ်မှုမထိခိုက်စေပဲနှင့် ဆေးထိုးပေးမည့်အချိန်များကို စနစ်တကျ ကြိုတင်စီစဉ်ထားနိုင်မည်ဖြစ်သည်။

စင်ကာပူနိုင်ငံအတွက် ပထမအသုတ်ဖြစ်သော ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေးများသည် ဒီဇင်ဘာ ၂၁ ရက်နေ့ ည ၇ နာရီ ၃၆ မိနစ်အချိန်ကရောက်ရှိလာကြောင်းကို သတင်းစာတွင်ဖတ်လိုက်ရသည်။ 

Pfizer and BioNTech ကထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေး (COVID-19 vaccines) ဖြစ်သည်။

Pfizer and BioNTech ကာကွယ်ဆေးအပြင် Moderna နှင့် Sinovac တို့ကထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်ဆေးများကို ၀ယ်ယူရန်အတွက်လည်း ကြိုတင်ကာစာချုပ်ရေးထိုးထားသေးသည်။

မိမိ သိရှိရသ ထိုသို့ကာကွယ်ဆေးရရှိသည့်အာရှနိုင်ငံများတွင် စင်ကာပူနိုင်ငံသည် ပထမဆုံးသောနိုင်ငံဖြစ်သည်။

ယခုကဲ့သို့ ကာကွယ်ဆေး စောစောစီးစီးရရှိနိုင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီဆင်လွန်းက Health Sciences Authority၊ ကျန်းမာရေးဝန်ကြီးဌာနနှင့်သယ်ယူပို့ဆောင်ရေးဆိုင်ရာအရာရှိအရာထမ်းအားလုံးကို ကျေးဇူးတင်ရှိကြောင်း အသိအမှတ်ပြုပြောဆိုခဲ့သည်။  















Source: The Straits Times


ကာကွယ်ဆေးကို ကိုဗစ်-၁၉ ရောဂါကူးစက်ခံရရန်အန္တရာယ်များသူများဖြစ်သော ရှေ့ တန်းမှာတာဝန်ယူနေသည့်ကျန်းမာရေးဝန်ထမ်းများ၊ အသက်အရွယ်အိုမင်းသူများ (၇၀ နှစ်နှင့်အထက်) နှင့်ရောဂါဖြစ်လွယ်သူများကို ဦးစား   ပေးထိုးနှံပေးမည်ဖြစ်သည်။ 

ထို့အပြင် နိုင်ငံ၏ရေ၊ မီး(လျှပ်စစ်) အစရှိသော အရေးကြီးဌာနများတွင်အလုပ်လုပ်လျက်ရှိသည့်အလုပ်သမားများ (workers in critical areas) အတွက်လည်း လိုရမယ်ရ ကာကွယ်ဆေး ၅ ရာခိုင်နှုန်းကို အမြဲအသင့်ဆောင်ထားပေးမည်ဖြစ်သည်။

ထိုကြောင့် ဆေးရုံတွင် ဖျားနာလူနာများ (အထူးသဖြင့် အဆုတ်နှင့်လေပြွန်လမ်းကြောင်းဆိုင်ရာဖျားနာလူနာများ) ကို Cardiopulmonary ခေါ် Chest Physiotherapy နည်းဖြင့် ကုသမှုပေးနေရသောမိမိအဖို့ သတင်းကောင်းဖြစ် သည်။ 

ကျန်းမာရေးဝန်ထမ်းများကို ယခုနှစ် ဒီဇင်ဘာ ၃၀ ရက်စပြီးထိုးနှံပေးမည်ဟု ကြေညာအသိပေးထားသည်။

မိမိအနေဖြင့် လာမည့်ဇန်န၀ါရီလ ၈ ရက် (သောကြာနေ့) နံနက်တွင် ဆေးထိုးရန်စာရင်းပေးလိုက်ပြီးဖြစ်သည်။ 

ယင်းနေ့သည် မိမိတို့ဆေးရုံ ၀န်ထမ်းများကို ပထမဦးဆုံးစတင်ထိုးပေးသည့်နေ့ဖြစ်သည်။

ကာကွယ်ဆေးကို နိုင်ငံသားအားလုံးအတွက် အခမဲ့ထိုးပေးပါမည်။ 

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းဆိုပါက ကာကွယ်ဆေးထိုးနှံလိုသောစင်ကာပူနိုင်ငံသားအားလုံး ဆေးထိုးနှံပေးပြီးဖြစ်မည်ဟုသိရပါသည်။












အမေရိကန်နိုင်ငံရွေးကောက်ခံသမ္မတ 

ဂျိုးဘိုင်ဒင် ဒီဇင်ဘာ ၂၁ ရက်နေ့က

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု

ခံယူနေစဉ်။






ဆက်ရေးပါဦးမည်။


No comments:

Post a Comment