ဟုတ်ပါတယ်။
စောစောကသင်တန်းဆရာပြောခဲ့သလိုပဲ သင်တန်းရဲ့ လက်တွေ့အပိုင်းမှာ လက်မောင်းနဲ့ပခုံးကြွက်သားအင်အားရယ်၊ ခါးချိုးပြီး ဒူးကြာကြာထောက်ထားနိုင်ဖို့ရယ်၊ လက်ဖနောင့်အားနဲ့ ဆက်တိုက်အချိန်ကြာကြာဖိပေးကြွပေးနိုင်ဖို့ရယ်ဆိုတာတွေ တကယ်ကိုလိုအပ်ပါတယ်။
နောက်တစ်ခုထပ်ပြီးပြောရရင် လူနာရဲ့ ရင်ဘတ်ပေါ်မှာ စည်းချက်ကျကျ ဖိပေးနေတဲ့လက်ဖ၀ါးနှစ်ခုရဲ့ အဖိအကြွအချိန်အဆနဲ့ နေရာမှန်မှာ မရွေ့ မပြောင်းပဲရှိနေစေဖို့ကလဲ အရေးကြီးတာဖြစ်တယ်။
ဒါကို ဆရာကိုင်ထားပေးတဲ့ iPad ပေါ်က အစက်ကလေးရဲ့ တည်နေရာကိုကြည့်ရင် သိနိုင်ပါတယ်။ အစက်ကလေးက အနဲအပါး ဟိုဒီရွေ့ နေပေမယ့် သတ်မှတ်ထားတဲ့လေးထောင့်ကွက်လေးအတွင်းမှာရှိနေရင် လက်အနေအထားမှန်ပါတယ်။
အောက်က CPR Step-by-Step Guide က သင်တန်းကျောင်းနံရံမှာကပ်ထားတာတွေ့လို့ ဓာတ်ပုံရိုက်ယူထားတာပါ။

သင်တန်းက အရည်အချင်းအသိအမှတ်ပြုလက်မှတ် (Certificate) ပေးတာဖြစ်လို့ ရေးဖြေကော လက်တွေ့ ကော စာမေးပွဲဖြေကြရပါတယ်။
ရေးဖြေကတော့ မမြင်ရလို့မသိပေမယ့် လက်တွေ့မှာက မြင်နေရတာဖြစ်လို့ ကိုယ့်အုပ်စုထဲမှာ မမှန်မချင်း တစ်ကြိမ်မကပြန်လုပ်နေကြသူ ၂ ဦး ၃ဦးရှိတာကို တွေ့နေရပါတယ်။
လက်တွေ့စစ်ဆေးရာမှာ လူနာရဲ့ ရင်ညွှန့်ရိုးအောက်ပိုင်းကို လက်အဖိအကြွအချိန်အဆမမှန်တာကြောင့် ဆ ရာကပြန်ရှင်းပြလိုက် သင်တန်းသားက ပြန်လုပ်လိုက်နဲ့ မမှန်မချင်းအစစ်ဆေးခံရပါတယ်။
ဒါ့အပြင် အထက်ကပုံမှာပါတဲ့အတိုင်း နံပတ် ၁ ကနေ ၉ အထိ တစ်ဆင့်ပြီးတဆင့် မလွဲမချော်ပဲလုပ်ပြရပြီး ပါးစပ်ကလဲ ကိုယ်လုပ်ရမှာတွေကို အစီအစဉ်တကျ ဆရာကို ပြောပြနေရပါသေးတယ်။
ဥပမာ နံပတ် (၁) ဆိုပါစို့။
လူတစ်ဦးလဲကျပြီးသတိလစ်သွားပြီဆိုရင် ဘာမှစမလုပ်ခင်မှာ လူနာအနားက ဘေးအန္တရာယ်ဖြစ်စေနိုင်တာ တွေ ရှိမရှိ စစ်ဆေးကြည့်ရှုရမယ်။
အဲဒါတွေက ဘယ်လိုဟာမျိုးတွေဆိုတာကိုပြောပြနိုင်ရမယ်။ ကိုယ်ကမပြောမိရင်လဲ ဆရာက နှုတ်မေးခွန်းသဘော မေးပါတယ်။
လက်တွေ့ရော နှုတ်ဖြေရောပေါ့။
သင်တန်းအောင်မြင်ပြီးစီးကြောင်းလက်မှတ်စီပီအာသင်တန်းအကြောင်းရေးနေတုန်း တနေ့ကမြန်မာသတင်းစာမှာ စီပီအာကိုလက်တွေ့လေ့ကျင့်နေတဲ့သတင်းလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။

No comments:
Post a Comment