Sunday, July 31, 2011

ကြားရ ကြားရ နားဝမှာ မသက်သာ

မြန်မာနှင့်အိုမန် ကမ္ဘာ့ဖလားခြေစစ်ပွဲပျက် 

ယခုလ ၂၈ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ဒုတိယအဆင့် မြန်မာနှင့်အိုမန်နိုင်ငံအသင်းတို့ရဲ့ဒုတိယအကျော့ပွဲစဉ်မှာ မြန်မာပွဲကြည့်ပရိသတ် များက ထိုင်ခုံများနဲ့ သံတိုင်များကို ရိုက်ချိုးခြင်း၊ ဖိနပ်တွေ ရေသန့်ဘူးတွေနဲ့ ကွင်းထဲသို့ ပစ်ပေါက်ခြင်း စတာတွေလုပ်တာကြောင့် ဘောလုံးပွဲရပ်ဆိုင်းခဲ့ရတယ်ဆိုပါတယ်။ ပွဲကြည့်ပရိသတ်က ၃၀၀၀၀ ကျော်ရှိ ပါတယ်။

ပွဲချိန်ပထမပိုင်းမှာ မြန်မာအသင်းဖက်ကို ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်လ်တီပေးတာကြောင့်ပါတဲ့။ ဒီ လိုဖြစ်တဲ့အကြောင်းရင်းကလဲ မြန်မာလက်ရွေးစဉ်အသင်းအနိုင်ရတာကို နှစ်အတော်ကြာတဲ့တိုင်အောင် စောင့်စားမျှော်လင့်နေခဲ့ရတဲ့စိတ်ကို မအောင့်အီးနိုင်တော့လို့ ဖြစ်ရတာလို့ ပြောကြတာတွေရှိပါတယ်။ အဲ ဒီဘောလုံးပွဲကို သတင်းသွားယူတဲ့ ဂျာနယ်တစ်စောင်မှသတင်းထောက်တစ်ဦးရဲ့အဆိုအရက "မြန်မာကွ .. မြန်မာ"လို့အော်ပြီးတော့ ထီး၊ ကျောက်ခဲ၊ အရက်ပုလင်း၊ ရေသန့်ဘူး၊ဖိနပ်၊ ကွန်ပါချွန်၊ ကွမ်းသွေးထုပ် တို့နဲ့ ပစ်ကြကြောင်း သိရပါတယ်။ အဲဒီလို အကြမ်းပတမ်းပစ်ခတ်မှုကြောင့် အိုမန်နိုင်ငံအသင်းရဲ့နည်းပြ ဦးခေါင်းမှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ နောက်ပြီး ဒိုင်လူကြီးများနဲ့ နှစ်ဖက်သင်းက အားကစားသမားတွေ ကော လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအ၀င် လူ ၂၀ခန့် ထိခိုက်အနာတရဖြစ်ကြရတယ်ပြောပါတယ်။ အကြမ်း ဖက်ရမ်းကားကြသူတွေကို ဓါတ်ပုံအထောက်အထားတွေနဲ့ အရေးယူမှုတွေ စလုပ်နေပါပြီတဲ့။  

ယခုလို ကမ္ဘာ့ဖလားခြေစစ်ပွဲ ပျက်သွားရတာကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ အရေးယူမှုကို ခံရ ဖွယ်ရှိတဲ့အကြောင်း၊ နောက်နောင် မြန်မာနိုင်ငံမှာနိုင်ငံတကာဘောလုံးပွဲတွေကျင်းပဖို့ ခက်သွားလိမ့်မယ် လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောကြားကြောင်း သိရပါတယ်။

No comments:

Post a Comment