ယနေ့ထုတ်မြန်မာသတင်းစာများအားလုံးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်၏ တတိယအ ကြိမ်မြောက်မြန်မာပြည်ခရီးစဉ်သတင်းများအား ဝေေ၀ဆာဆာဖော်ပြထားသည်ကို ဖတ်ရှုရသည်။ ကိုရီး ယားနိုင်ငံသားဘန်ကီမွန်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးအား မြန်မာနိုင်ငံမှဦးသန့်ပြီးလျှင် အာရှတိုက်သားများထဲမှ ဒုတိယမြောက်ရရှိခဲ့သူဖြစ်၏။
| ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် (၁၉၆၁-၁၉၇၁)။ ဓါတ်ပုံ - အင်တာနက်။ |
ကမ္ဘာက သိထားကြသည့် “မြန်မာနိုင်ငံမှဦးသန့်” (Burma’s U Thant) ၏ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရာထူး ၁၀နှစ်သက်တန်းပြည့်သည့် ၁၉၇၁ ခုနှစ်ကနေစပြီးရေတွက်ကြည့်ပါက နှစ်ပေါင်း ၃၅ နှစ် အကြာ တွင်မှ အာရှတိုက်သားတွေထဲကနေ နောက်ထပ်တစ်ဦးရရှိခဲ့ခြင်းဖြစ်လေသည်။
ဦးသန့်နှင့်ဘန်ကီမွန်အကြား နှစ်ပေါင်း ၃၅ နှစ်ကာလအတွင်း၌ ကုလသမဂ္ဂအတွင်းရေး မှူးချုပ် ၄ ဦး တာဝန်ထမ်းဆောင်ခဲ့ကြ၏။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးအား ပထမဆုံးခန့်အပ်ခဲ့သည့် ၁၉၄၆ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါးအတွင်း ယင်းတာဝန် ကို ဥရောပမှ ၃ နိုင်ငံ၊ အာဖရိက မှ ၂ နိုင်ငံ၊ တောင်အမေရိကမှ ၁ နိုင်ငံနှင့် အာရှမှ ၂ နိုင်ငံတို့မှ နိုင်ငံသား ၈ ဦးအား ရွေးခြယ်ပေးအပ် ခြင်းခံခဲ့ရသည်။
| ကုလသမဂ္ဂအဆောက်အဦနောက်ခံဖြင့် ဦးသန့်။ ဓါတ်ပုံ - အင်တာနက်။ |
ဤမျှရရန်ခက်ခဲလှသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးကြီးကို မြန်မာလူမျိုးဦးသန့်မှ တတိယ မြောက်ပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ခြင်းသည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုး တို့၏အရည် အသွေးကို ကမ္ဘာ့နိုင်ငံများအလယ်တွင် မှတ်ကျောက်တင်ကာ သမိုင်းဝင်အစစ် ဆေးအကဲဖြတ်ခံခဲ့ခြင်း ပင်ဖြစ်ပါလေ၏။
![]() |
| ပထမအကြိမ်အဖြစ် ၁၉၆၇ ခုနှစ်က ထုတ်ဝေခဲ့သည်။ |
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးကို ဦးသန့်မှ တာဝန်ထမ်းဆောင်ခဲ့သည့်အချိန်(၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ)တွင် စာရေးသူသည် အထက်တန်းကျောင်းနှင့်ဆေးဘက်ပညာသိပ္ပံတို့တွင် ပညာသင်ကြား နေချိန်ဖြစ်ရာ မြန်မာနိုင်ငံသားဦးသန့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မဆုံးဖြစ်ခဲ့ ရသည်။ စာရေး ဆရာတက္ကသိုလ်စိန်တင်ရေးသားသည့် "ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဦးသန့်" အမည်ရှိ ဦးသန့်၏ အထုပ္ပတ္တိစာအုပ်ကို ဖတ်ရသောအခါ ပို၍ပင်ဂုဏ်ယူ ၀မ်းမြောက်ခဲ့ရပါသည်။ သို့သော်နောက်ပိုင်းတွင် ထိုစဉ်က မဆလပါတီ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) သမ္မတဦးနေ၀င်း၏ သဘောထားနိမ့်ကျမှုနှင့် မြန်မာနိုင်ငံသားမပီသမှုတို့ကြောင့် များစွာဒေါသထွက်စိတ် ပျက်ခဲ့ရသည်။
| ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန် ဦးသန့်၏အုတ်ဂူသို့ သွားရောက်ဂါရ၀ပြုစဉ်။ ဓါတ်ပုံ - အင်တာနက်။ |
မြန်မာ့အလင်း၊ ကြေးမုံ၊ The New Light of Myanmar စသည့်အစိုးရပိုင်သတင်းစာများတွင် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်၏မြန်မာပြည်ခရီးစဉ်သတင်းများအား အသားပေးဖော်ပြထားသည် ကိုတွေ့ရသောအခါ တစ်ချိန်က မိမိတို့၏နိုင်ငံသားစစ်စစ်ကြီး မြန်မာ့ဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီးဦးသန့် မြန်မာ နိုင်ငံသို့ ပြန်လာခဲ့စဉ်တုန်းက စစ်ဗိုလ်ချုပ်တဖြစ်လဲသမ္မတကြီးဦးနေ၀င်းမှ အတွေ့ပင်မခံခဲ့ရုံမက ဦးသန့် ၏မြန်မာအလည်အပတ်ခရီးအား အစိုးရပိုင်သတင်းစာ ၆ စောင်(လုပ်သားပြည်သူ့နေ့စဉ်၊ မြန်မာ့အလင်း၊ ကြေးမုံ၊ ဗိုလ်တထောင်၊ The Working People's Daily၊ The Guardian)တို့တွင် သတင်းတိုလေးမျှပင် ဖော်ပြပေးခဲ့ခြင်းမ ရှိပါချေ။(သတင်းစာတစ်စောင်၏အမည်မေ့ကျန်ရစ်သဖြင့် မေလ ၅ ရက်မှာ ထပ်ရေးဖြည့်လိုက်ပါသည်။)
ဦးနေ၀င်းအားတွေ့ဆုံနိုင်ရန် ဦးသန့်၏အကြိမ်ကြိမ်ကြိုးပမ်းမှုကို ဦးနေ၀င်းက အကြောင်းအမျိုးမျိုးပြပြီး ဆင်ဝှေ့ရန်ရှောင်လုပ်ခဲ့သည်များကို သတိရမိတိုင်း စိတ်မကောင်းဖြစ်မိပါသည်။ ဦးနေ၀င်းက မြန်မာ့သား ကောင်းရတနာတစ်ဦးဖြစ်သောဦးသန့်လိုပုဂ္ဂိုလ်မျိုးအပေါ် ပုဂ္ဂိုလ်ရေးအာဃာတထားစိတ် မလိုမုန်းထား စိတ်တို့ဖြင့် မျက်နှာပြောင်စွာရှောင်ခဲ့ပုံများကို အဲန်အယ်ဒီ(NLD)ခေါင်းဆောင်တစ်ဦးဖြစ်သည့်ဆရာဦးဝင်း တင်(စာရေးဆရာ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်)က ဧရာဝတီမဂ္ဂဇင်းနှင့်တွေ့ဆုံမေးမြန်း ရာမှာ ယခုလိုပြောသွားခဲ့တာကို မှတ်သားရဖူးသည်။
ဦးသန့် ဗမာပြည်ကိုရောက်တိုင်း ဦးသန့်ဟာ ဦးနေဝင်းနဲ့ တွေ့ဆုံဖို့ကြိုးစားတာ အကြိမ်ကြိမ် ပဲ။ အဲဒါလည်း ကျနော်တို့သတင်းစာလောကက အသိဆုံးပဲ။ အဲဒီလိုအခါတိုင်းမှာ ဦးနေဝင်း က ငြင်းပယ်တယ်၊ ရှောင်တယ်ဗျ။ ဦးသန့်လာတဲ့အခါ မြောက်ဖျား ကချင်ပြည်နယ် ခရီးထွက် နေတယ်၊ အနားယူနေတယ်၊ နေမကောင်းဘူး အမြဲလုပ်တယ်။
ဦးသန့်သည် အမေရိကန်နိုင်ငံ နယူးရောက်မြို့ ရှိ ကုလသမဂ္ဂရုံးချုပ်မှာအလုပ်လုပ်နေစဉ် အလုပ်တာဝန် များအလွန်တရာများပြားလှသည့်ကြားမှ အမိမြန်မာပြည်သို့ မကြာခဏပြန်လာလေ့ရှိသည်။ သူ၏မိခင် ကြီးအား လာရောက်တွေ့ဆုံလေ့ရှိသည်။ သူအလွန်ချစ်သောမြန်မာပြည်တွင်အနားယူရင်း ဗုဒ္ဓဘာသာ ကိုခုံမင်စွာသက်ဝင်ယုံကြည်သူပီပီ ကုသိုလ်ကောင်းမှုများ ပြုလုပ်လေ့ရှိပါသည်။
| ၁၉၆၇ ခုနှစ်က မြန်မာပြည်သို့ပြန်လာစဉ် မိခင်ကြီးဒေါ်နန်းသောင်(၀ဲ)၊ ဇနီးဒေါ်သိန်းတင်(ယာ)တို့နှင့်အတူ မဟာစည်သာသနာ့ရိပ်သာတွင် ဆွမ်းကပ်လှူနေစဉ်။ ဓါတ်ပုံ - "ကမ္ဘာ့ငြိမ်းချမးရေးဗိသုကာ ဦးသန့်"စာအုပ်။ |
| ဦးသန့်မှ တက္ကသိုလ်စိန်တင်ထံရေးသည့်စာ။ "ကမ္ဘာ့ငြိမ်းချမးရေးဗိသုကာ ဦးသန့်"စာအုပ်မှ ..။ |
အမှန်မူ မြန်မာနိုင်ငံသားဦးသန့်သည် မြန်မာ့သားကောင်းရတနာတစ်ဦးသာမဟုတ်မူပဲ ကမ္ဘာ့သား ကောင်းရတနာတစ်ဦးလည်းဖြစ်ခဲ့လေသည်။ ဤအချက်ကို သူ၏အထုပ္ပတ္တိစာအုပ်အား ရေးသားပြုစု ခဲ့သည့် စာရေးဆရာကြီးတက္ကသိုလ်စိန်တင်နှင့် သူ၏ညီဖြစ်သူဦးခန့်(ပန်းတနော်ဦးခန့်)တို့၏စာအချို့  အား ကောက်နှုတ်ကိုးကားဖော်ပြလိုပေသည်။ တက္ကသိုလ်စိန်တင်က သူ၏စာအုပ်အမှာစာတွင် -
ဦးသန့်ကဲ့သို့သောပုဂ္ဂိုလ်မျိုးမှာ မြန်မာနိုင်ငံမှနောက်ထပ်ပေါ်ပေါက်ရန် မလွယ်ကူပါ။ ရှေးက လည်း မပေါ်ပေါက်ခဲ့သေးပါ။ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တစ်ဦးအဖြစ်ဖြင့် ဦးသန့် ဆောင်ရွက်ခဲ့သောအောင်မြင်မှုမှာ များစွာရှိခဲ့ပါသည်။ သူ ဆောင်ရွက်ခဲ့သောတာဝန်နှင့် အောင်မြင်မှုမျိုးကို ယနေ့အထိကမ္ဘာ့သမိုင်းတွင် မည်သည့်ပုဂ္ဂိုလ်မှ မဆောင်ရွက်တိုင်ခဲ့သေး ဟုလည်း ဆိုချင်ပါသည်။ သူ့အတွက် အမိမြန်မာနိုင်ငံက ဂုဏ်ယူနေမည်သာဖြစ်ပါသည်။
အကျင့်စာရိတ္တနှင့် စိတ်နေစိတ်ထားအနေဖြင့်လည်း ဦးသန့်ကဲ့သို့ စံထားလောက်သောပုဂ္ဂိုလ် မှာ အလွန်ရှားပါသည်။ ဦးသန့်ကဲ့သို့ ပညာအမြော်အမြင်ကြီးသူ၊ စိတ်ထားမွန်မြတ်သူ၊ သည်း ခံစိတ်ရှည်၍ ကရုဏာတရားနှင့်ပြည့်ဝသူဖြစ်ရန်မှာ တော်ရုံသင့်ရုံပါရမီ၊ တော်ရုံတန်ရုံကြိုးစား မှုနှင့် မဖြစ်နိုင်ဟု ဆိုချင်ပါသည်။ ဟု ရေးခဲ့ပါသည်။
တစ်ဖန် ဦးသန့်၏ညီဖြစ်သူ ဂန္ထလောကမဂ္ဂဇင်းအယ်ဒီတာဟောင်းလည်းဖြစ်ခဲ့ပြီး ပါလီမန်အမတ်တာဝန် များထမ်းဆောင်ခဲ့ဖူးသော ဦခန့်ကလည်း -
ကမ္ဘာ့အန္တရာယ်အကြီးဆုံးဖြစ်သည့် တတိယကမ္ဘာစစ်ကြီး မဖြစ်ပွား မပေါ်ပေါက်နိုင်ရန် ကမ္ဘာ ကြီးကို လိမ်မာဘေးကင်းသောလမ်းကြောင်းအတိုင်းသွားအောင် ကြပ်မတ်ထိန်းကျောင်းပြု ပြင်ဆုံးမပေးနိုင်စွမ်းသောအဖွဲ့ ကြီးသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးပင်ဖြစ်၏။ တစ်ကမ္ဘာလုံး ၏ မှီခိုအားထားရာအဖွဲ့ကြီးလည်း မည်၏။
ကမ္ဘာပေါ်ရှိနိုင်ငံပေါင်းများစွာပါဝင်၍ အရာရှိအရာခံကြီးငယ်များစွာ အမှုထမ်းလျက်ရှိသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးတွင် အရေးပါအရာရောက်ဆုံးသော ရာထူးကြီးမှာ အထွေထွေအ တွင်းရေးမှူးချုပ်၏ ရာထူးဖြစ်၏။
ဦးသန့်အားယခုအခါ ဒုတိယ ၅-နှစ် သက်တမ်းကို ဆက်လက်ဆောင်ရွက်ပါရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့်တကွကျင်းပဆဲကုလသမဂ္ဂအထွေထွေညီလာခံကြီးကပါ တစ်သံတည်း ပန်ကြားမေတ္တာရပ်ခံချက်ကို (ဆက်မလုပ်ပါရစေနဲ့၊ မလုပ်နိုင်ပါ)ဟူ၍ ဆက်လက်ငြင်းဆံနေ ရာမှ ၀တ္တရားသိသောကမ္ဘာ့အမျိုးသားကောင်းပီပီ ကမ္ဘာ့အုပ်စုကြီးအားလုံးက ကြိုက်နှစ်သက် သောလူစားကို မရသည့်ဒုက္ခက ကြီးထွားလာပြီး၊ ကမ္ဘာကြီး၏အနာဂတ်ရေးကိုပင် ထိခိုက်လာ နိုင်သည်ကိုကောင်းစွာနှလုံးသွင်းမိသည်နှင့်အညီ ဦးသန့်သည် ဆက်လက်၍တာဝန်များကို ထမ်းဆောင်ပါမည်ဟု ကတိပေးသဘောတူလိုက်သည်များမှာလည်း ကမ္ဘာက သိရှိကြပြီးဖြစ် လေသည်။
ဦးသန့်၏ထင်ရှားကျော်စောခြင်း၊ ဦးသန့်ကို ကမ္ဘာက လိုလားကြခြင်းတို့သည် ဦးသန့်၏ သူမ တူအောင်ပြည့်စုံသော ၀ိရိယ၏စွမ်းပကား၊ ပညာ၏စွမ်းပကား၊ စင်ကြယ်သောအကျင့်သီလတို့ ၏ စွမ်းပကားတို့ကြောင့်ဟု ဆိုနိုင်ပါသည်။ တစ်နည်းအားဖြင့်ဦးသန့်သည် ဣဿာမစ္ဆရိယဟူ သော စိတ်ယုတ်တို့ကိုပယ်ရှားနိုင်၍ ဒေ၀ဓမ္မတရားနှစ်ပါးတို့ဖြစ်သောဟိရိသြတ္တပ္ပတရား၊လော ကပါလဖြစ်သောဗြဟ္မစိုရ်တရားတို့ကို ကောင်းစွာလက်ကိုင်ထားနိုင်သောပါရမီအင်အား၊ ဘုန်း ကံအင်အားကြီးမားသော မင်းယောကျာင်္းဖြစ်သောကြောင့်ဟုလည်း ဆိုနိုင်ပါ၏။- ဟု ရေးခဲ့ပါသည်။
| ကမ္ဘာ့ထိပ်သီး" ကြီးသုံးကြီး" နှင့် ဦးသန့်။ (၀ဲမှယာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒင်းရပ်စ်၊ ဆိုဗီယက် နိုင်ငံခြားရေးဝန်ကြီး ဂရိုမီကို၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးလော့ဒ်ဟုမ်း။ |
ယင်းကဲ့သို့သော မြန်မာ့သားကောင်းရတနာလည်းဖြစ် ကမ္ဘာ့သားကောင်းရတနာလည်းဖြစ်သော ဘုန်း ရှင် ကံရှင် ပါရမီရှင်တစ်ဦးကို မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးနှင့် ကမ္ဘာတစ်ဝှမ်းလုံးက ချစ်ခင်လေးစား မြတ်နိုးစွာဖြင့် ဂုဏ်ယူချီးမြှောက်နေချိန်တွင် ဣဿာမစ္ဆရိယမနာလိုဝန်တိုစိတ်ကြီးမားပြီး ပုဂ္ဂိုလ်ရေးအာ ဃာတထားတတ်သူ သမ္မတဦးနေ၀င်းကမူ မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့်ကော နိုင်ငံခေါင်းဆောင်တစ် ဦးအနေဖြင့်ပါ ဂုဏ်ယူချီးမြှောက်ခြင်း မလုပ်နိုင်ခဲ့ပေ။ ထိုသို့မလုပ်နိုင်ခဲ့ရုံမက မြန်မာ့သမိုင်းမှာ အရုပ်ဆိုး အကြည့်တန်လှသည့် "ဦးသန့်အရေးအခင်းကြီး"အား ၁၉၇၄ ခုနှစ်တွင် ဖြစ်စေခဲ့လေသည်။
![]() |
| ပင်မတက္ကသိုလ်ခေါ် ရန်ကုန်တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမကြီး။ ဓါတ်ပုံ - အင်တာနက်။ |





