"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, December 7, 2013

ထိုသုံးရက် သို့မဟုတ် ကန့််ဘလူမြို့ ခရီး



၁၃၇၅ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက်(7 December, 2013 Saturday)




အာစရိယပူဇော်ပွဲအခန်းအနား။ ဓာတ်ပုံ - ဖိုးတာ၊ ၁ ရက် ဒီဇင်ဘာ ၂၀၁၃။ 



ထိုသုံးရက်ဆိုသည်မှာ ဒီဇင်ဘာလ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့ကို ပြောလိုရင်းဖြစ်ပါ၏။


ဒီဇင်ဘာလ ၁ ရက် တနင်္ဂနွေနေ့

ထိုနေ့ နံနက် ၈ နာရီတွင် ကန့်ဘလူသို့ မိမိတို့ဇနီးမောင်နှံ ရောက်ကြသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲက ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကား၈ိတ်မှ 'အောင်ရတနာ' ခ ရီးသည်တင် အမြန်ဘတ်စ်ကားကြီးဖြင့် လာခဲ့ကြခြင်းဖြစ်သည်။ မိမိတို့ ၂ ဦးနှင့်အတူ မုဒုံမှာနေသည့် ဇနီး၏ ညီမ ၂ ဦးလည်း အတူလိုက်ပါလာကြ၏။ မနှစ်က မိမိတို့ ကန့်ဘလူကိုလာကြစဉ်ကလည်း သူတို့ပါခဲ့သည်။

ပြီးခဲ့သောနှစ်က မိမိ၏မွေးဇာတိ ကန့််ဘလူသို့အလည်ပြန်လာရင်း ရွှေသိမ်တော်ကျောင်းတိုက်တွင် အကြော အဆစ်ဝေဒနာရှင် ၈၂ ဦးကို ခရီးသွားဟန်လွှဲ ကြည့်ရှုစမ်းသပ်ကာ အကြောအဆစ်ကုသ မှုများ (Physioth-erapy treatment) များ ပေးခဲ့ရသေးသည်။ ယခုနှစ်တွင်မူ မိမိ၏မွေးဇာတိ ကန့််ဘလူသို့ အလည်သက်သက် ပြန်လာခြင်းမဟုတ်ပဲ ရွှေသိမ်တော်ကျောင်းတိုက်ဆရာတော်မှ ပြန်လာနိုင်က ပြန်လာပြီး လူနာများကြည့်ပေး စေချင်သည်ဟု အမိန့်ရှိသဖြင့် မိမိမှာလည်း ခွင့်ရက်ကလေး အနည်းငယ် ကျန်ရှိနေသည်ကတစ်ကြောင်း အ ကြောအဆစ်ဝေဒနာရှင်များအား ကြည့်ရှုစမ်း သပ်လျက် ကုသပေးလိုသောကြောင့်တစ်ကြောင်း ပြန်ဖြစ်သွား ခဲ့ခြင်းဖြစ်ပါလေ၏။


သို့သော် ယခုတစ်ကြိမ်တွင် မနှစ်ကရရှိခဲ့သည့် မိမိ၏ကုသပေးမှုအတွေ့အကြုံများအရ လူနာများအား ဖိဖိစီး စီးနှင့်ထိထိရောက်ရောက် ကုမှုပေးနိုင်စေရေးအတွက် ဆရာအင်အားကိုများစွာတိုးနိုင်စေရန် ကြိုတင်စီစဉ်ခဲ့ ရ၏။ မန္တလေးရှိ တပည့်မလေးဒေါ်ဝေေ၀ညွန့်(အကြောအဆစ်ကုပညာရှင်)၏အကူအညီဖြင့် လုပ်အားပေးဆ ရာ ၁၂ ဦးကို လုပ်အားပေးရရှိခဲ့ပါသည်။




အာစရိယပူဇော်ပွဲမှာ ငယ်ရင်းဆရာများ မိတ်ဆွေဆရာများနှင့်အတူ အမှတ်တရ။ 

 

ယခုနှစ်တွင် ကန့်ဘလူသို့ပြန်လာဖြစ်ခြင်း၏ထူးခြားချက်မှာ ကန့်ဘလူမြို့  အ..က ကျောင်းဝင်း၌ ပြုလုပ် သော အာစရိယ ပူဇော်ပွဲကို ကြုံကြိုက်ခွင့်ရလိုက်ခြင်းပင် ဖြစ်ပါလေ၏။

မိမိ ကန့််ဘလူမြို့ ကိုရောက်ရှိသည့် ဒီဇင်ဘာလ ၁ ရက်နေ့မနက် ၉ နာရီမှာ ကျောင်းသူကျောင်းသားဟောင်း များက ဦးဆောင်ကျင်းပသော အာစရိယပူဇော်ပွဲရှိရာ အထက်တန်းကျောင်းဝင်းထဲသို့ သွားခဲ့ပါသည်။ 'မိဖ မေတ္တာ'တည်းခိုခန်းတွင် ပစ္စည်းများချပြီးသောအခါ အကြောအဆစ်ကုသိုလ်ဖြစ်ဆေးခန်းကော်မတီမှ ကား ဖြင့်လာခေါ်၍ လိုက်သွားခဲ့ ရသည်။ ကျောင်းဝင်းအထဲသို့ ကားဝင်လိုက်သောအခါ လူအတော်များများ ရောက် နေကြပေပြီ။ အချင်းချင်းလက်ဆွဲနှုတ်ဆက်ပြီး ဟိုနေရာတစ်စု ဒီနေရာတစ်စု ၀ိုင်းဖွဲ့စကားပြောနေကြသည်။



ဆရာဆရာမကြီးများနှင့်တပည့်များ မုန့်တီလက်ဆုံစားကြရင်း စကားစမြည်ပြောနေကြစဉ် .. (ဓာတ်ပုံ - ဖိုးတာ)


ကျောင်းကြီး၏မျက်နှာစာရှိ ကွင်းပြင်ကြီးအထဲ၌ သက်ကျားအိုဆရာဆရာမကြီးများနှင့် ခေါင်းဖြူပြီး အသက် ၅၀ ကျော် ၆၀ ကျော်အရွယ်ရှိနေကြပြီဖြစ်သော သူတို့၏တပည့်ဖြစ်သူများ နွေးထွေးလှိုက်လှဲသော အပြုံး ကိုယ်စီဖြင့်ရှိနေကြသည်မှာ ထိုနေ့က ကန့််ဘလူမြို့ ၏ အလှအပဆုံးမြင်ကွင်းတစ်ရပ်ပင် ဖြစ်ပါလေ၏။ 


တစ်ချိန်တစ်ခါတုန်းက ဤအ..က ကျောင်းတော်ကြီးတွင် ပညာသင်ကြားခဲ့ကြသော တပည့်များက ယခု ကန်တော့ခံကြွရောက်လာသော ဆရာဆရာမကြီးများ၏လက်များကို အသာအယာဆွဲယူ ဖေးမကြသလို ဆ ရာဆရာမကြီးများကလည်း တပည့်များ၏ပခုန်းများကို တယုတယပုတ်လျက် ရှေးဟောင်းနှောင်းဖြစ်များ မ မောနိုင်မပန်းနိုင် မေးကြပြောကြပါသည်။ ဆရာဆရာမကြီးအတော် များများသည် အသက် ၇၀ ကျော် ၈၀ ကျော်အရွယ် ရှိနေကြပြီဖြစ်၏။ ဇရာ၏ထုထောင်းမှုကြောင့် ဒူးနာသူ ခါးနာသူ အင်အားချို့ တဲ့ကာ ကောင်းစွာ လမ်းမလျှောက်နိုင်ကြသူများ ပါရှိနေကြ၏။


..က ကျောင်းကြီး၌ တစ်ချိန်က တာဝန်ထမ်းဆောင်ခဲ့ကြသည့်ဆရာဆရာမကြီးများတွင် မြို့ ခံများပါရှိ သကဲ့သို့ အခြားမြို့ များမှ ကန့်ဘလူမြို့ သို့လာရောက်ကာ အလုပ်လုပ်ခဲ့ကြသော ဆရာဆရာမကြီးများလည်း ပါရှိခဲ့ကြ၏။ မိမိ၏ဆရာဆရာမကြီးအချို့ ကိုလည်း မိမိ ပညာရင်နို့သောက်စို့ခဲ့ သော ဤကျောင်းမှာ ပြန်လည် တွေ့ဆုံကာ ယခုကျင်းပသည့် တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကြီးမှာ ပထမဆုံးအကြိမ် ကိုယ်တိုင် ကိုယ်ကျ ကန်တော့ခွင့်ရခဲ့ပါတော့သည်။ မိမိ၏ဆရာဆ ရာမကြီးအချို့ သည် အရွယ်လွန်ကာ ကျန်းမာရေးမ ကောင်းသဖြင့် အာစရိယပူဇော်ပွဲသို့ ရပ်ဝေးမှ မ လာရောက်နိုင်၍လည်းကောင်း၊ အချို့ မှာ ကွယ်လွန်သွား ကြပြီဖြစ်၍လည်းကောင်း ကန်တော့ခွင့် မကြုံရပေ။



အာစရိယပူဇော်ပွဲသို့လာရောက်ကြသူများအား ကျောင်းသူကျောင်းသားဟောင်းများက ကန့်ဘလူမုန့်တီ(နန်း ကြီးသုတ်)ဖြင့် ဧည့်ခံကျွေးမွေးကြပါသည်။ မိမိ၏စားပွဲဝိုင်းတွင် မိမိ၏ကျောင်းနေဖက်သူငယ်ချင်းများ ဆွေမျိုး မောင်နှမများဖြင့် စားသောက်ရင်း တစ်ဝါးဝါးရယ်မောကာ စကားပြောဖြစ်ကြ၏။ ဟိုသူငယ်ချင်းက လာနှုတ် ဆက် ဒီသူငယ်ချင်းက လာနှုတ်ဆက်ဖြင့် ပျော်စရာကောင်းလှ၏။







နံနက် ၉ နာရီတွင် အာစရိယပူဇော်ပွဲစတင်ကျင်းပတော့မည့်အကြောင်း အသံချဲ့ စက်မှကြေညာသဖြင့် မုန့်တီ ကျွေးသောဓမ္မာရုံပေါ်မှ အာစရိယပူဇော်ပွဲစင်ရှိရာသို့ သွားကြရ၏။  




အာစရိယပူဇော်ပွဲအခန်းအနားကို ဓာတ်ပုံများရိုက်ပြီးသောအခါ မိမိတည်းခိုရာတည်းခိုခန်းသို့ ပြန်သွားခဲ့ပါ သည်။ ခဏကြာသောအခါ ကားလာကြိုသဖြင့် ဇနီး၊ သူ၏ညီမ ၂ ဦးနှင့်အတူ ရွေသိမ်တော် ကျောင်းတိုက်သို့ သွားကြ၏။ လူနာများကို စတင်မကြည့်မီ လိုအပ်သောပြင်ဆင်မှုများ ပြုလုပ်ရန် ဖြစ်သည်။ မန္တလေးမှ လာ ရောက်ကြမည့် အကြောအဆစ်ကုပညာရှင် ၁၂ ဦးမှာ နေ့ခင်း ၂ နာရီခွဲ ခန့်တွင်မှ ရောက်မည်ဖြစ်သဖြင့် မိမိက လူနာများကို စပြီးကြည့်ရှုခဲ့ပါသည်။ 




(ပုံကြီး) ကန့်ဘလူမြို့ ၏ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော်တွင် မန္တလေးမှလုပ်အားပေးလာသော အကြောအဆစ်ကုပညာရှင်များ ဘုရားဖူးရောက်ခဲ့ကြစဉ်က စာရေသူတို့ဇနီးမောင်နှံနှင့် အမှတ်တရ။
(ပုံသေး) ၀ဲ - လူနာများအကြောင်း အချင်းချင်း တိုင်ပင်ဆွေးနွေးကြစဉ်။ ယာ - လူနာ စမ်းသပ်ကုသပေးနေစဉ်။






ဘုန်းကြီးကျောင်းထဲရှိ ဓမ္မာရုံရှေ့ တွင်ချထားပေးသော ထိုင်ခုံများ၌ လူနာများထိုင်စောင့်လျက်ရှိကြသည်။ စား ပွဲတစ်ခုမှာ လူကြီး ၃ ဦးက လူနာအမည်စာရင်းကောက်ယူပြီး လူနာမှတ်တမ်းများပေးနေပါသည်။ လူနာများ က လူနာမှတ်တမ်းများနှင့် အကြောအဆစ်ကုသိုလ်ဖြစ်ဆေးခန်းလက်ကမ်း စာစောင်များ ကိုယ်စီ ကိုင်ကာ ခေါ်မည့်အလှည့်ကို စောင့်ဆိုင်းနေကြ၏။

ညနေ ၂ နာရီခွဲခန့်တွင် မန္တလေးမှလုပ်အားပေးလာသော အကြောအဆစ်ကုပညာရှင်များ ရောက်လာကြ သည်။ ဧည့်ခံကြိုဆိုရေးအဖွဲ့က နေ့လည်စာစားရန်ပြောသောအခါ သူတို့က လမ်း၌စားခဲ့ကြပြီးဖြစ်ကြောင်း ပြောသဖြင့် မိမိက ဆေးကုသမှုအစီအစဉ်များကို ရှင်းပြပါသည်။ ထို့နောက် လူနာများ တစ်ဦးချင်းခေါ်ယူပြီး ပဏာမကြည့်ရှုခြင်း (observation)၊ စမ်းသပ်စစ်ဆေးခြင်း (physical examination)နှင့် ကုသမှုပေးခြင်းများ ကို လက်တွေ့ပြသပေးပါသည်။ ခြေလက်လှုပ်ရှားမှုများအတွက် မိမိ ရန်ကုန်မှဝယ်ယူခဲ့သော သိုင်းကြိုးများ (slings)နှင့်သံချိတ်များ တပ်ဆင်ရန် ကုတင်များပေါ်၌ ထုတ်တန်းများ ရိုက်ကြရသည်။

လေဖြတ်သောလူနာများအနေဖြင့် မတ်တတ်ရပ်ခြင်းနှင့် လမ်းလျောက်ခြင်းတို့လေ့ကျင့်နိုင်စေရန် တန်းဘား (parallel bar)ကား ကြိုတင်မှာထားသည့်အတိုင်း ခိုင်ခိုင်ခန့်ခန့် ပြုလုပ်ထားပြီးဖြစ်သည်။ ယခင်နှစ်က လေ့ ကျင့်ပစ္စည်းများမပါရှိသဖြင့် ရေသန့်ဗူးခွံများအတွင်း သဲများထည့်ကာ လူ နာများ အသုံးပြုကြရသည်။ သဲ ထည့်ထားသောရေသန့်ဗူးခွံများကို လက်ဖြင့်ဆုတ်ကိုင်ခြင်း၊ အပေါ် သို့ မ,တင်ခြင်း၊ လှိမ့်ခြင်း၊ ထောင်လျက် အနေအထားဖြင့် ဘေးတိုက်တွန်းရွေ့ ခြင်း စသည့်လှုပ်ရှား လေ့ကျင့်မှုများ လုပ်ခဲ့သည်။

ယခုနှစ်တွင်မူ လက်ကိုအားပြုပြီး လမ်းလျောက်လေ့ကျင့်ရန် တန်းဘား၊ ခြေလက်တို့ကို လှုပ်ရှား ပေးသည့် ကြွက်သားများကို ပြန်လည်လှုံ့ ဆော်နှိုးဆွပေးရင်း သန်စွမ်းမှုဖြစ်လာစေရန် သိုင်းကြိုးများနှင့် လူနာများကို အဆင်ပြေသက်သာစွာ စမ်းသပ်စစ်ဆေးနိုင်ရန် တစ်ယောက်အိပ်ကုတင်များ အားဖြည့်ပြင်ဆင်နိုင်ခဲ့သည်။ ထို့အပြင် အဆစ်လှုပ်ရှားမှုတိုင်းသည့် ကိရိယာလေး ၆ ခု အား မိမိ သည် စင်ကာပူနိုင်ငံမှ ၀ယ်လာခဲ့သည်။ မူလက မန္တလေးမှ အကြောအဆစ်ကုပညာရှင် ၅ ဦး လာ ရောက်လုပ်အားပေးမည်ဟုကြားသိရသဖြင့် သူတို့ကို အမှတ်တရလက်ဆောင်ပေးရန်နှင့်လူနာများ စမ်းသပ်ရာတွင် တပါတည်းအသုံးပြုနိုင်ရန်ဖြစ်သည်။ သို့သော် လုပ်အားပေးသူမှာ ၁၂ ဦးဖြစ်သဖြင့် မဲချ၍ ပေးလိုက်ရတော့၏။ မဲမပေါက်သူများကို နောက်မှ လူကြုံဖြင့်ပို့ပေးလိုက်မည်ဟု အားတုန့် အားနာ ပြောခဲ့ရသည်။






၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ဆေးခန်းကိုလာသော လူနာများအားပေးဝေသည့် လက်ကမ်းစာစောင်။ 







မိမိအပါအ၀င် ရပ်ဝေးမှလာသောအကြောအဆစ်ကုပညာရှင် ၁၃ ဦးနှင့် ကန့််ဘလူဆေးရုံမှ ၁ ဦး စုစုပေါင်း ၁၄ ဦးရှိသော်လည်း တစ်ရက်လျှင် လူနာအရေအတွက် ၈၀ နှင့် ၉၀ ကြားရှိသဖြင့် လက်မလည်အောင် အလုပ်များ လှသည်။ ထမင်းစားချိန်မှအပ တစ်နေ့လုံး အနားယူချိန်ဟူ၍ မရလိုက်ပါချေ။ လူနာများကို မေးမြန်းခြင်း၊ကြည့်ရှုစမ်းသပ်ခြင်း၊ ဝေဒနာအကြောင်းရှင်းလင်းပြောပြခြင်း၊ အနေအထိုင်နှင့်ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှု များ သင်ကြားပြသပေးခြင်းများကို အားလုံးက ဒေါင်ချာစိုင်းအောင် လုပ်ကြရ၏။ လူနာများကိုစမ်းသပ်ရင်း မိ မိက သင်ကြားပေးရခြင်းများရှိသကဲ့သို့ မျိုးဆက်သစ်ပညာရှင်များက သိလိုသဖြင့် မေးသည်များကို ရှင်းလင်း ပြောပြရသောသောကြောင့် အချိန်ကုန်ရတတ်သေးသည်။

တစ်ချိန်တည်းတွင် သူတို့ကိုခေါ်မည့်အလှည့်အား လည်တဆန့်ဆန့်ဖြင့် စောင့်ကြည့်နေကြသော လူနာများကို မအားမလပ်သည့်ကြားက မိမိတို့ အားနာနေမိသေး၏။ လူနာအချို့ သည် ကန့်ဘလူမြို့ ပေါ်မှ မဟုတ်ပဲ မိုင်အ နည်းငယ်ဝေးသော ရွာနီးချုပ်စပ်မှ လာခဲ့ကြခြင်းဖြစ်သည်။



မည်သို့ဆိုစေ ရွှေသိမ်တော်ကျောင်းတိုက်ဆရာတော်ကြီး၏ဦးဆောင်မှုနှင့် အကြောအဆစ်ကုသိုလ် ဖြစ်ဆေး ခန်းဖြစ်မြောက်ရေးကေယ်မတီမှ ဦးဌေး၊ ဦးကပ်ကျော်၊ ဦးကျောက်ခဲ အစရှိသည့်လူကြီး များ၏ လိုလေသေး မရှိ ဘက်ပေါင်းစုံ စီစဉ်လုပ်ကိုင်ပေးမှုများကြောင့် လူနာများနှင့်မိမိတို့အားလုံး အစစ အဆင်ပြေခဲ့ပါသည်။ ကျေးဇူးလည်း အထူးတင်ရှိရပါသည်။

ထိုညက ကန့်ဘလူဆောင်း၏အေးချမ်းမှုအရသာကို သိသိသာသာလေး ခံစားကြည့်မိရင်း နှစ်နှစ်ခြိုက်ခြိုက် ကြီး အိပ်ပျော်သွားခဲ့ပါတော့၏။



ဒီဇင်ဘာလ ၂ ရက် တနင်္လာနေ့




(၀ဲဘက်စားပွဲထိပ်မှ လက်ယာရစ် .. အားလုံးထိုင်ကြလျက်) ဆရာကြီးဦးရွှေဘော်၊ ဆရာကြီးဦးခင်ထွန်း(ညွှန်ကြားရေးမှူး - ငြိမ်း)၊ စာရေးသူ၊ ဆရာကြီးဦးမြင့်ဆွေ (ဘာသာပြန်စာရေးဆရာ ကောင်းထက်ဝင်း-ရန်ကုန်တက္ကသိုလ်)၊ ဆရာကြီးဦးကျော်စန်း(ကဗျာဆရာ ကျော်စန်း-မန်းတက္ကသိုလ်)၊ ဦးခင်မောင်ရည် (သတင်းထောက်/စာရေးဆရာ၊ ကျောပေးထိုင်နေသူ)။




မနေ့က မတွေ့လိုက်ရသော မိမိ၏ဆရာဆရာမများနှင့် မိတ်ဆွေကျောင်းဆရာများကို တွေ့ဆုံနှုတ်ဆက်နိုင် စေရန် ဒီကနေ့ အိပ်ယာမှစောစောထခဲ့ပါသည်။


သူတို့အားလုံးတည်းခိုကြသော ဆရာဦးတင်ဦး၏အိမ်မှာ မိမိ၏တည်းခိုခန်းမှ ၃-၄ အိမ်သာဝေးပါသည်။ မ နေ့ညနေပိုင်းက သွားရောက်တွေ့ဆုံရန်ရည်ရွယ်ထားခဲ့သော်လည်း အလုပ်ပြီး၍ ညစာစားသောက်ပြီးနောက် မိုးအနည်းငယ်ချုပ်နေပြီဖြစ်သဖြင့်မသွားလိုက်ဖြစ်တော့ပေ။ မိမိ၏တည်းခိုခန်းတွင် မန္တလေးမှလာသော မိမိ ၏ဆရာမကြီး ဒေါ်ထိုက်ထိုက်ရှိနေပြီး မနေ့နံနက်ကတည်းက ဆရာကန်တော့ပွဲတွင် ဆရာမကြီးကို တွေ့ဆုံ နှုတ်ဆက်ခဲ့ပြီးဖြစ်၏။

ဒီကနေ့တွင် ဆရာဆရာမကြီးများအားလုံး ကန့်ဘလူမှပြန်ကြမည်ဖြစ်သည်။ မိမိ၏ငယ်ဆရာကြီး မန္တလေးမှ ဦးရွှေဘော် (စိုက်ပျိုးရေးဘာသာရပ်)နှင့် ရင်းနှီးသောမိတ်ဆွေကျောင်းဆရာများဖြစ်ကြသည့် မော်လမြိုင်မှ ဦး ခင်ထွန်း၊ ရန်ကုန်မှ ဦးမြင့်ဆွေ၊ မုံရွာမှ ဦးကျော်စန်းတို့နှင့် အချိန်အတန်ကြာ စကားပြောဆိုနှုတ်ဆက်နိုင်ခဲ့ ၍ မိမိအနေဖြင့် အလွန်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါသည်။



မိမိက ဆရာများနှင့်တွေ့ဆုံစကားပြောနေသဖြင့် မန္တလေးမှလုပ်အားပေးလာသောအကြောအဆစ် ကုပညာ ရှင်များအား မိမိကိုစောင့်မနေပဲ ဘုန်းကြီးကျောင်းသို့သွားပြီး နံနက်စာစားနှင့်ရန်ပြောထား ခဲ့ပါသည်။ တည်းခို ခန်းသို့ပြန်ရောက်၍ မိမိ၏အခန်းရှိရာ ၃ ထပ်တွင် ဘုန်းကြီးကျောင်းသို့သွားရန်ပစ္စည်းများယူနေစဉ် ဧည့်သည် တစ်ဦးရောက်နေကြောင်း အကြောင်းကြားလာသဖြင့် အောက်ထပ်သို့ဆင်းသွားသောအခါ ဦးစိုးမြင့်အား တွေ့ ရ၏။ ဦးစိုးမြင့်နှင့်ခေတ္တမျှစကားပြောပြီး မိမိတို့ဇနီးမောင်နှံကို ကားလာကြိုသောကြောင့် ဘုန်းကြီးကျောင်းသို့ လိုက်သွားကြရ၏။ ကျောင်းတွင် အရင် ရောက်နေသော လုပ်အားပေးအကြောအဆစ်ကုပညာရှင်လူငယ်များ နှင့်အတူ နံနက်စာစားကြပြီးနောက် မိမိတို့အားလုံး ဘုန်းကြီးကျောင်းအတွင်းရှိ စေတီအနီးတွင် အမှတ်တရစု ပေါင်းဓာတ်ပုံရိုက်ကြပါသည်။



မိဖမေတ္တာတည်းခိုခန်းတွင် မိတ်ဆွေဦးစိုးမြင့်နှင့် အမှတ်တရ။ ၂ ရက် ဒီဇင်ဘာ ၂၀၁၃။




(အောက်ပုံ ၁ မြိန်မြိန်ရှက်ရှက်စားခဲ့ရသော ဘုန်းကြီးကျောင်းက နံနက်စာ။ အောက်ပုံ ၂ ဘုန်းကြီးကျောင်းမှ အချက်အပြုတ် လုပ်အား အလှူရှင်များ)










ရွှေသိမ်တော်ကျောင်းတိုက်။ ၂ ရက် ဒီဇင်ဘာ ၂၀၁၃။





ဓာတ်ပုံရိုက်ပြီးနောက် လူနာများကို စကြည့်ကြပါသည်။ လာရောက်ပြသကြသော အကြောအဆစ်လူနာအ များစုသည် လေဖြတ်လူနာ၊ ခါးနာသူ၊ ဒူးနာသူနှင့် လက်မောင်းဆစ်ကပ်သူများဖြစ်ကြ၏။ အချို့ သောလူနာ များသည် ဆရာဝန်နှင့် တစ်ခါမှမပြသဘူးပေ။ ဆရာဝန်နှင့်ပြဖူးသူအချို့ မှာလည်း ကြွက်သားများပြန်လည် သန်စွမ်းရန်နှင့် အဆစ်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်ရကောင်းမှန်းမ သိကြပါချေ။ အကြောအဆစ်လူ နာများ တကယ်တမ်းလိုအပ်နေသည်မှာ စနစ်တကျလှုပ်ရှားလေ့ ကျင့်နည်းများ၊ ဝေဒနာနှင့်သင့်အောင် နေ တတ်ထိုင်တတ်မှုများနှင့် ယင်းတို့ကို သေသေချာချာ ရှင်းလင်းပြောပြသင်ကြားပေးရခြင်းများ ပင်ဖြစ်လေ သည်။ သို့အတွက် မိမိတို့သည် လိုအပ်သောကြည့် ရှုစမ်းသပ်မှုများပြုလုပ်ပြီးနောက် လူနာများနှင့်လူနာအ ဖော်များကို လှုပ်ရှားလေ့ကျင့်နည်းများနှင့် ရှောင်ရန်ဆောင်ရန်များကို လက်ထပ်သင်ကြားပြသပေးကြရ၏။



နေ့ခင်းထမင်းစားရန် လူနာကြည့်ခြင်းကို တစ်ခဏနားသောအချိန်တွင် မိမိနှင့်ဇနီးတို့သည် ထမင်းကတိုက်က ရိုက်စားပြီး ဆွေမျိုးအိမ်တစ်အိမ်သို့ အသော့လေးသွားခဲ့ကြ၏။ ကန်တော့ခံမည့် အဒေါ် ၂ ဦး၊ အမ ၂ ဦးနှင့် အကို ၁ ဦးတို့က မိမိတို့အား စောင့်နေကြမည်ဖြစ်သည်။




မိမိသည် မြန်မာပြည်သို့အလည်ပြန်ရင်း မိခင်ကြီးရှိရာ ကန့်ဘလူကိုရောက်တိုင်း မိခင်ကြီးနှင့်အတူ အဒေါ်များ နှင့်ဦးလေးတော်သူတို့အား မိမိတတ်အားသ၍ ငွေနှင့်လက်ဆောင်ပစ္စည်းများ ကန်တော့ လေ့ရှိပါ သည်။ မိခင် ကြီး၏မောင်နှမများအားလုံး ကန့်ဘလူမြို့ မှာနေကြသဖြင့် အမြဲတမ်းစုံစုံညီညီ ကန်တော့ခွင့်ရလေသည်။ မိမိ စင်ကာပူကိုရောက်ပြီးနောက်ပိုင်းတွင် မိခင်ကြီးဘက်မှ ညီအစ်ကို မောင်နှမအရင်းအချာ ၁၁ ဦးရှိသည့်အနက် ၈ ဦးသာ သက်ရှိထင်ရှားရှိပါတော့၏။ ယင်းအဒေါ်များ နှင့်ဦးလေး ၈ ဦးတို့ကို နှစ်အတန်ကြာသည်အထိ ကန် တော့နိုင်ခဲ့ပါသည်။ နောက်ပိုင်းတွင် မိမိ၏မိခင်ကြီးအပါအ၀င် တစ်ဦးပြီးတစ်ဦးကွယ်လွန်သွားပေရာ ယမန်နှစ် နှင့်ယခုနှစ်တွင် အဒေါ် ၂ ဦးသာ ကျန်ရှိပါသည်။ သို့နှင့် ယခုနှစ်ကစပြီး ၀မ်းကွဲအမ ၂ ဦးနှင့်အစ်ကို ၁ ဦးတို့ ကို အဒေါ်နှစ်ဦးနှင့်အတူ ကန်တော့ခဲ့ပါသည်။



အကြောအဆစ်ကုသိုလ်ဖြစ်ဆေးကုသမှု ဒုတိယနေ့ဖြစ်သော ယနေ့တွင် လူနာအတော်လေးများ လေသည်။ ကိုကြည်ရွှင်က ကန့်ဘလူရှိသူတို့အိမ်တွင်ညစာစားရန် စင်ကာပူမှာကတည်းက ကြိုကြိုတင်တင်ဖိတ်ထားခဲ့ သည်ကိုသွားဖို့ အတော်လေးအခက်အခဲကြုံရ၏။ မူလက ညနေ ၄ နာရီမှာ ညစာသွားစားရန် စီစဉ်ထားသော် လည်း ည ၆ နာရီထိုးပြီးခါမှ ဘုန်းကြီးကျောင်းက ထွက်နိုင်ခဲ့၏။ ညစာကျွေးမည့်သူများက ညစာပြင်ထားပြီး ကာမှ မိမိတို့မရောက်လာသေးသဖြင့် ထမင်းဟင်းများကို ဘယ်နှစ်ကြိမ်ပြန်ပြန်ပြီးနွေးနေရသည်မသိ။ အားနာ စရာ အလွန်ကောင်းလှပါ၏။ ထိုညက ညစာစားပြီးနောက် မန္တလေးမှလုပ်အားပေးလာသောအကြောအဆစ် ကုပညာရှင်လူငယ်များနှင့် ကန့်ဘလူမြို့ ၏ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော်မြတ်သို့ သွားဖြစ် ခဲ့ကြပါသည်။
  





အပေါ်ပုံ- အဒေါ် ဒေါ်ထွေးရီနှင့်ဒေါ်ငယ်၊ အမ ဒေါ်အမာနှင့်ဒေါ်နွဲ့၊ အစ်ကို ဦးမြင့်သိန်းတို့ကို ကန်တော့ကြသည်။
အောက်ပုံ - မန္တလေး(မြို့ ဟောင်း)မှ တရားဟောဆရာတော် ဦးသြသဓထံ အိတ်ဆောင်နာရီ ကပ်လှူစဉ်။ ၂ ရက် ဒီဇင်ဘာ။






၁၃၇၅ ခုနှစ်၊ နတ်တော်လဆုတ် ၁၁ ရက်။ (28 December, 2013 Saturday)




ဒီဇင်ဘာလ ၃ ရက် အင်္ဂါနေ့


ယနေ့သည် ကန့်ဘလူမြို့  ရွှေသိမ်တော်ကျောင်းတိုက်တွင်ပြုလုပ်သော အကြောအဆစ်ကုသမှုဆိုင်ရာ ကု သိုလ်ဖြစ်ဆေးခန်း (Physiotherapy Community Outreach Programme)၏ တတိယနှင့်နောက်ဆုံးနေ့ ဖြစ်သည်။

ဘုန်းကြီးကျောင်းနံနက်ပိုင်းတွင် သံဃာအပါး ၂၀၀ ကျော်အား ဆွမ်းကြီးလောင်းပွဲရှိသဖြင့် မိမိတို့၏ ဆေး ကုသမှုအစီအစဉ်ကို ထိုနေ့က နောက်ကျပြီးစခဲ့သည်။ သို့အတွက် ရွှေသိမ်တော်လူမှုရေးကူညီစောင့် ရှောက် ရေးအသင်းက မန္တလေးမှလုပ်အားပေးလာကြသောအကြောအဆစ်ကုပညာရှင်များကို သဖန်းဆိပ်ဆည်ကြီး သို့ ကား ၂ စီးဖြင့် လိုက်ပို့ပေးရန် စီစဉ်နိုင်ခဲ့ခြင်းဖြစ်သည်။ ၂ ရက်လုံးလုံး လူနာများဖြင့် ခြေချင်းလိမ်အောင် ပျားပန်းခတ်အလုပ်များနေခဲ့သော သူတို့အဖို့ မြန်မာနိုင်ငံ၏အကြီးဆုံးရေလှောင်တမံကြီးဖြစ်သည့်သဖန်းဆိပ် ဆည်သို့ လေ့လာရေးခရီးသွားရ၍ စိတ်လက်ရွှင်လန်းအပန်းဖြေကာ ပျော်ရွှင်မှုရကြလေသည်။




လုပ်အားပေးအကြောအဆစ်ကုပညာရှင်များ၏ သဖန်းဆိပ်ဆည်ကြီးသို့ ကား ၂ စီးဖြင့် လေ့လာရေးအပန်းဖြေခရီး။



(ပုံကြီး) ရွှေသိမ်တော်ဆုတောင်းပြည့်စေတီတော်မြတ်တွင် အမှတ်တရ။
(ပုံသေး) ပုံ ၂၊ ၃ နှင့် ၄ - မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်များကို လက်တွေ့သင်ကြားပြသပေးနေစဉ်။




စာပေဟောပြောပွဲ



ဒီဇင်ဘာလ ၃ ရက်နေ့ညက ပြုလုပ်ခဲ့သော စာပေဟောပြောပွဲ။
အပေါ်ပုံ (ရှေ့ တန်း၊ ၀ဲမှ) - ဦးညွန့်သောင်၊ ဦးစန်းအောင်၊ ဦးစိုးမြင့်၊ ဦးသောင်းထိန်၊ ဦးကျော်မြင့်။  



စာပေဟောပြောပွဲ

မိမိ၏မူလအစီအစဉ်မှာ စာပေဟောပြောပွဲလုပ်ရန် မဟုတ်ပါချေ။ လူနာများကိုယ်တိုင်ကိုလည်းကောင်း၊ သူတို့ နှင့်အတူပါလာသည့် လူနာဖော်များကိုလည်းကောင်း ဘုန်းကြီးကျောင်း၌ အကြောအဆစ်ဆိုင်ရာပညာပေး ဟောပြောရန်သာ ရည်ရွယ်ထားပါသည်။ သို့သော် စင်ကာပူမှမထွက်ခွာမီ ၂ ရက်၊ ၃ ရက် ခန့်အလိုတွင် “အန် ကယ်၊ စာပေဟောပြောပွဲလဲ စီစဉ်ထားတယ်ပြောတယ်။ ပြင်ဆင်ထားနိုင်အောင်လို့ အကြောင်းကြားတာပါခင် ဗျာ”ဟု စင်ကာပူနှင်ကန့်ဘလူတိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ပေးနေသူ ကိုကြည်ရွှင်ကပြောခဲ့ပါသည်။ တစ် ဆက်တည်းမှာ သူက“အန်ကယ်ဟောပြောတဲ့အခါ အန်ကယ်တို့ခေတ်က ကန့်ဘလူမြို့ အကြောင်းကို လူငယ် တွေသိရအောင် ပြောပြပေးပါ။ နောက်ပြီး သစ်ပင်တို့ သစ်တောတို့ကို ဂရုစိုက်တန်ဖိုးထားတတ်အောင်ပါ သတိပေး ပေးပါ ခင်ဗျာ” ဟု ပြောပါသေးသည်။ 


တစ်ခါ ဟောပြောမည့်နေ့ညနေကလည်း လူမှုရေးအသင်းမှဦးဌေးက “ကျောင်းသားလူငယ်တွေ အ တော်များများ ဖိတ်ထားပါတယ်။ လူငယ်တွေကို ဦးစားပေးပြီးပြောပေးပါ ဆရာကြီး” ဟု ပြောပါ သည်။ ထိုနေ့က ညနေပိုင်းတွင် လူနာများကြည့်ပြီးသောအခါ မိတ်ဆွေဦးခင်မောင်ရည်အိမ်သို့ မိမိ တို့ဇနီးမောင်နှံ ညစာ သွားစားကြ၏။ ဦးခင်မောင်ရည်၏သားဖြစ်သူ ကိုဇေယျာက ယခုညစာပေ ဟောပြောပွဲတွင် အခမ်းအနားမှူးအဖြစ် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ ညစာစားပြီးသောအခါ ဟောပြောပွဲကျင်းပမည့် ပိတောက်သိင်္ဂီခန်းမသို့ သွားကြသည်။

ယခင်အခါများက ညနေပိုင်းအချိန်ကစပြီး လူများဖြင့် စည်ကားလေ့ရှိသော ပိတောက်သိင်္ဂီခန်းမကား ယခုအခါ ခြောက်သွေ့သွေ့ကြီးဖြစ်လို့နေပါသည်။ ကြားနေကျ ဈေးသည်များနှင့်ဈေး ၀ယ်များ၏အသံဗလံ များကို မကြားရလေတော့။ စားသောက်စရာများရောင်းသည့် ပွဲဈေးတန်းလည်း နတ္တိ။ အသံချဲ့ စက်မှ ကြား နေကျ ကျယ်ကျယ်လောင်လောင်သီချင်းသံများကိုလည်း မကြားနိုင်လေတော့။ မြင်နေကျ လှုပ်လှုပ်ရွရွ လူ ပရိသတ်ကြီးကိုလည်း မတွေ့ရလေတော့။ ၀ါးကပ်ထရံကြားမှ ရုံ၏အပြင်ဘက်သို့ အတိုင်းသားကြားရတတ် သော ရုပ်ရှင်ဇာတ်ကားအသံများလည်း ဆိတ်သုဉ်းခဲ့ချေပြီ။  တကယ်က ရုံနှင့်နာမည်သာ ကျန်ခဲ့ကာ ဘာမှ အသက်ဝင်လှုပ်ရှားမှုဟူ၍ မရှိကြလေတော့။ ၀ိညာဉ်ချုပ်သွားသော ရုပ်ခန္ဓာ။ 


 
စာပေဟောပြောပွဲမစမီ ပိတောက်သိင်္ဂီခန်းမရုံးခန်းတွင် ကိုညွန့်သောင်၊ ကိုစန်းအောင်အစရှိသည့် သူငယ်ချင်း များ မိတ်ဟောင်းဆွေဟောင်းများနှင့် စကားပြောဖြစ်သည်။ သာကြောင်းမာကြောင်းနှင့် မိမိတို့မြို့ အကြောင်း အလ္လာပ သလ္လာပ တောရောက်တောင်ရောက် ပြောဖြစ်ကြပါ၏။ 




ပိတောက်သိင်္ဂီခန်းမရုံးခန်း - (၀ဲမှ) ဒေါ်စိုးစိုးအေး၊ စာရေးသူ၊ ဦးညွန့်သောင် (မြို့ မိမြို့ ဖ ဥက္ကဌ၊ မြို့ နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ)၊ ဦးစန်းအောင် (သတင်းထောက်/စာရေးဆရာ မောင်လူဒေါင်း-ကန့်ဘလူ)၊ ဦးစန်းဦး။



ရုံးခန်းထဲမှာ စကားစမြည်ပြောနေကြစဉ် ခန်းမကြီးအတွင်းမှ ဟောပြောပွဲနှင့်ပတ်သက်သော ကြေ ညာသံကို တစ်ခါတစ်ခါ ကြားနေရသည်။ အမှတ်တရဓာတ်ပုံများလည်း ရိုက်ဖြစ်ကြ၏။ နောက်ဆုံး မိမိတို့အဖွဲ့ ခန်းမကြီး အထဲသို့ဝင်လာတော့မည့်အကြောင်း ကြေညာသောအခါ မိမိတို့သည် ရုံးခန်းမှ ဟောပြောခန်းမဆီသို့သွားကြ ရပါသည်။ မိမိတို့အားနေရာထိုင်ခင်းပေးပြီးနောက် အခမ်းအနားမှူးကိုဇေယျာက အခန်းအနားစတင်ကြောင်း ကြေညာပြီး မိမိ၏အထုပ္ပတ္တိအကျဉ်းကို မိတ်ဆက်ပြောကြားပေး၏။







စာပေဟောပြောပွဲလာပရိသတ်နှင့် အခမ်းအနာမှူးကိုဇေယျာ။






ထို့နောက်တွင် မိမိ၏ဟောပြောပွဲအစီအစဉ်ကို စပါသည်။

မိမိ၏ဟောပြောပွဲကို မိမိတို့ခေတ်က ကန့်ဘလူမြို့ အကြောင်း၊ မီးရထားလမ်းအ၀င်က ကျွန်းတောကြီးအ
ကြောင်း၊ ကန့််ဘလူမှ ညောင်အိုင်ရွာသို့သွားသောလမ်းဘေးတစ်ဖက်တစ်ချက်ရှိ ၀ါးရုံတောများနှင့်လယ် ကွက်များပေါ်မှ သစ်သားတံတားရှည်အကြောင်း၊သစ်ပင်များအုတ်မိုးထားသည့် လျှိုနှင့်ဆည်ကြီးအကြောင်း၊ မြို့ ပြဖွံ့ဖြိုးမှုနှင့်အတူ ယင်းတို့ပျောက်ကွယ်သွားရကြောင်း၊ မိမိ၏စာရေးသားမှုအတွေ့အကြုံအချို့ ၊ ဆရာများ ၏အဆုံးအမများနှင့်အကျိုးကျေးဇူးများကို ဂုဏ်ပြုဖော်ညွှန်းခြင်း၊ အင်္ဂလိပ်စာလေ့လာမှုအတွေ့အကြုံနှင့်နည်း ပေးလမ်းပြမှုများ၊ မြန်မာရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေး၊အကြောအဆစ်ရောဂါအချို့ ၏သိကောင်းစရာများ စ သည်တို့ကို ရောမွှေလျက် ခံစားမျှဝေဟန်ဖြင့်ပြောခဲ့ပါသည်။ ဆေးပညာပေးသက်သက်အနေဖြင့် မပြောဟော ဖြစ်ခဲ့ပါ။


လာရောက်နားထောင်ကြသူအများစုမှာ ကျောင်းသူကျောင်းသားလူငယ်လူရွယ်များဖြစ်ကြသဖြင့် မူလကရည် ရွယ်ထားသော အကြောအဆစ်ပညာပေးဟောပြောခြင်းထက် ကိုကြည်ရွှင်နှင့်ဦးဌေးတို့ အကြံပြုသည့်အတိုင်း လူငယ်များကို ဦးစားပေးပြောဖြစ်ခဲ့ပါသည်။ သို့ဖြစ်ရာ အကြောအဆစ်ဝေဒနာများအကြောင်းကိုပိုမိုနားထောင် လိုသဖြင့် လာရောက်ခဲ့ကြသောပရိသတ်အား မျှော်လင့်ထားကြသည့်အတိုင်း မဟောပြောဖြစ်ခဲ့သည့်အတွက် တောင်းပန်လိုပါသည်။ နောက်တစ်ကြိမ်မှာ အကြောအဆစ်ရောဂါဝေဒနာများအကြောင်းကိုသာ သီးသန့်အ ထူး ဟောပြောပေးရန် မိမိ အားထုတ်ပါဦးမည်။  





၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်။ (2 February, 2014 Sunday)







လွန်ခဲ့သော ၂ ပတ်ခန့်က ကန့်ဘလူကိုအလည်သွားပြီး ပြန်လာသော ကိုကြည်ရွှင်က မိမိထံ ဖုန်းဆက်ခဲ့ သည်။ ကန့်ဘလူမြို့ တွင် ပြုလုပ်ခဲ့သည့် မိမိ၏စာပေဟောပြောပွဲစီဒီအခွေယူလာပေးကြောင်း သတင်းပေး ပါသည်။


နောက်တစ်ခါ တမြန်နေ့နံနက်ကလည်း မိမိထံ ဖုန်းဆက်ပြီး စနေနေ့နံနက်ပိုင်းတွင် မိမိအိမ်သို့ အလယ်လာ ကြမည့်အကြောင်း၊ သူတို့အတွက်စားစရာများ လုပ်မထားရန်နှင့် မုန့်ဟင်းခါးချက်ပြီး ယူလာမည်ဟုပြောပါ သည်။ မနေ့က ကိုကြည်ရွှင်တို့ဇနီးမောင်နှံ သူတို့၏လသားအရွယ် သမီးလေးနှင့်အတူရောက်လာပြီး စာပေ ဟောပြောပွဲစီဒီအခွေပါယူလာပေးသဖြင့်မိမိနှင့်ဇနီးဖြစ်သူတို့ ကြည်ရင်း မြန်မာပြည်နှင့်ကန့်ဘလူကိုအလွမ်း ဖြေကြရသည်။ 







ဒေါင်ချာစိုင်း (ဒေါင်ဂျာစိုင်း) - ချာချာလည်သည်။

ရွာနီးချုပ်စပ် ရွာအနီးဝန်းကျင်ရှိကျေးရွာများ


ခြေချင်းလိမ် (အသံထွက် - ချေဂျင်းလိန်၊ ချီဂျင်းလိမ်) - ကိစ္စတစ်စုံတစ်ခုအတွက် ရှုပ်ယှက်ခတ်အောင် လှုပ်ရှားသွားလာသည်။

ပျားပန်းခတ် - အခေါက်ခေါက် အပြန်ပြန်။

အာလာပ သလ္လာပ (အသံထွက် - အာလာပါ့ သန်လာပါ့ ) - အပြန်အလှန် ဖွယ်ဖွယ်ရာရာ ပြော သောစကား။ အလ္လာပ သလ္လာပ(အသံထွက် - အန်လာပါ့ သန်လာပါ့ ) နှင့်အဓိပ္ပာယ်အတူတူ။

တမြန်နေ့ - မနေ့က အလျင်ဖြစ်သောနေ့







ဆက်ပြီးရေးပါဦးမည်။





   

Tuesday, November 19, 2013

သွက်လက်ချက်ချာသော မြန်မာလူငယ်လေးများ




၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁ ရက်။ 18 November, 2013 (Monday)


တစ်နေ့က ပေါ်လီကလင်းနစ်ဆေးခန်းကို သွားမကောင်းတာပြပြီး ဆေးဆိုင်မှာဆေးသွားဝယ်တော့ ဆေးဝါး ကျွမ်းကျင်ပညာရှင်အမျိုးသမီးငယ်လေးက "ဦးတင်မောင်အေး"လို့ မိမိ၏နာမည်ကို မြန်မာလိုခေါ်ပြီး ဆေး တွေ ဘယ်လိုသောက်ရမယ်ဆိုတာ မြန်မာစကားနဲ့ပဲရှင်းပြပါတယ်။ ဒီဆေးခန်းမှာ ဆေးဝါးကျွမ်းကျင်တဲ့မြန် မာအမျိုးသမီးငယ်လေး နောက်တစ်ဦးကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က တွေ့ခဲ့ဖူးပါသေးတယ်။ကိုယ့်နိုင် ငံက သမီးငယ်လေးတွေကို အလုပ်အကိုင်အဆင်ပြေပြေနဲ့ ယခုလို တာဝန်ထမ်းဆောင်နေကြတာကို မြင်ရ တွေ့ရတော့ ၀မ်းသာမိရတာအမှန်ပါ။

ဂျူရောင်းအိစ်မှာရှိတဲ့ စာတားဆေးခန်း (SATA) ကို သွားတုန်းကလည်း ဓာတ်မှန်ကျွမ်းကျင်ပညာရှင် မြန်မာ အမျိုးသမီးငယ်လေးနဲ့ တွေ့ခဲ့ရပါတယ်။ သူကလည်း "အန်ကယ် ဦးတင်မောင်အေး" လို့ ခေါ်ပြီး မိမိကို မြန်မာ လိုယဉ်ယဉ်ကျေးကျးနဲ့ပြောဆိုဆက်ဆံပါတယ်။ သွက်သွက်လက်လက် ချက်ချက်ချာချာရှိတဲ့ မြန်မာလူငယ် လေးများကို အခွင့်အခါသင့်လို့ အလားတူစွာ မြင်ရတွေ့ရတဲ့အခါမှာလည်း မိမိ ၀မ်းသာမဆုံးဖြစ်ရတာပါပဲ။

မြန်မာပြည်ကို ခေတ္တခဏပြန်ရောက်တဲ့အခါတွေမှာလည်း လေဆိပ်မှာ အဝေးပြေးဘတ်စ်ကားဂိတ်မှာ ကုန် တိုက်ကြီးများမှာ ဟိုတယ်တွေမှာ လမ်းများပေါ်မှာ သွက်လက်ချက်ချာသော လူငယ်လေးများကို တွေ့ရမြင် ရတော့ လွန်ခဲ့တဲ့ ၄၅ နှစ်ခန့်က ဟောပြောပွဲတစ်ခုတွင် စာရေးဆရာကြီးသိပ္ပံမှူးတင်ပြောခဲ့တဲ့စကားများကို အမှတ်ရမိပါတယ်။ အဲဒီတုန်းက စာရေးသူသည် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ ပညာဆည်းပူးနေတာဖြစ် လို့ ၀ိဇ္ဇာစာသင်ဆောင်ခန်းမကျယ်ကြီးထဲမှာလုပ်တဲ့ ဆရာကြီး၏ဟောပြောပွဲကို နားထောင်ဖြစ်ခဲ့တာပါ။








ထိုစဉ်က ဆရာကြီးသိပ္ပံမှူးတင်သည် ဆေးပညာနဲ့ကျန်းမာရေးပညာပေးဟောပြောပွဲများ မမောနိုင် မပမ်းနိုင် ပြောဟောနေတဲ့အချိန်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ဆရာကြီး၏ဆေးပညာပေးဆောင်းပါးများကို သတင်းစာ နဲ့မဂ္ဂဇင်းများမှာ မလွတ်တမ်းဖတ်နေရတဲ့အချိန်လည်းဖြစ်ပါတယ်။


ဆရာကြီး၏ဟောပြောပွဲများတွင် အာကာသသိပ္ပံအကြောင်း၊ ဆေးပညာတိုးတက်မှုများအကြောင်းနဲ့ ကျန်းမာ ရေးအကြောင်းများကို အဓိကပြောဟောပြီး လူငယ်များအတွက် မှတ်သားစရာတွေ အ တော်လေးပါလေ့ ရှိပါ တယ်။ အထင်ရှားဆုံးကတော့ ဆေးလိပ်မသောက်ရေးပဲဖြစ်တယ်။ နောက်ပြီး အင်္ဂလိပ်စာကို ကောင်းစွာတတ် ကျွမ်းအောင် လေ့လာကြဖို့နဲ့ သွက်လက်ချက်ချာတဲ့လူငယ်များဖြစ်အောင် ကြိုးပမ်းကြဖို့ဖြစ်ပါတယ်။ အင်္ဂလိပ် စာ တတ်ကျွမ်းဖို့အရေးကြီးတာနဲ့ သွက်လက်ချက်ချာတဲ့လူငယ်များ ဖြစ်ရေးအတွက် သူ၏နိုင်ငံခြားအတွေ့အ ကြုံအချို့ ကို ထုတ်နှုတ်ကာ ဥပမာပေးပြီး ရှင်းပြတတ်ပါတယ်။


သူ နိုင်ငံခြားကိုပညာသင်သွားစဉ်က အတွေ့အကြုံကို ပြောပြပါတယ်။ မြန်မာပြည်ကနေ သူနဲ့အတူ သွားကြသူ တွေ အထဲက အချို့ က အင်္ဂလိပ်စကား ကောင်းကောင်းမပြောတတ်တာကြောင့်ပဲဖြစ်ဖြစ် နိုင်ငံခြားသားတွေရဲ့ မျက်နှာကို ရဲရဲကြည့်ပြီး စကားမပြောရဲတာကြောင့်ပဲဖြစ်ဖြစ် နိုင်ငံခြားသားတွေ အထူးသဖြင့် ဗိုလ်တွေ(မျက်နှာ ဖြူတွေ) ရှေ့ မှာဆိုရင် ကိုယ်ကလေးကျုံ့ ပြီး ခပ်ကုတ်ကုတ်လေး နေတတ်ပါသတဲ့။ သူကတော့ ရင်ကလေးကို ကော့ပြီးရပ်ပါသတဲ့။ နိုင်ငံခြားသားက ခါးထောက်ပြီးစကားပြောရင် သူကလည်းခါးထောက်ပြီးစကား ပြန်ပြော ပါသတဲ့။

ဒါ့ကြောင့် စာရေးဆရာကြီးမှူးတင်က စာရေးသူတို့လူငယ်များအနေဖြင့် အမြဲတမ်းပဲ ရဲရဲရင့်ရင့်နဲ့ သွက်သွက် လက်လက် ချက်ချက်ချာချာရှိကြဖို့ ဆုံးမပါတယ်။ အင်္ဂလိပ်စာလေ့လာရေးနဲ့ပတ်သက်ပြီးတော့လည်း ဆိုင်း ဘုတ်ကအစ လမ်းပေါ်မှာကျနေတဲ့ စာရွက်အစုတ်ကလေးပဲဖြစ်ဖြစ် အင်္ဂလိပ် လိုရေးထားဆိုရင် အကုန်ဖတ် ကြပါ။ နောက်ဆုံး ကုန်ကုန်ပြောမယ်တဲ့၊ အင်္ဂလိပ်စာကို ဖင်ကမီးခိုးထွက်အောင် ဖတ်ကြပါလို့ တိုက်တွန်းတာ ကို မိမိကိုယ်တိုင် ကြားနာမှတ်သားပြီး အားကျခဲ့ရဖူးပါ တယ်။

ဒီနေရာမှာ အခွင့်အခါသင့်လို့ပြောချင်တာက "ချက်ချက်ချာချာရှိတယ်"ဆိုတာ 'သွက်လက် ဖျတ်လပ်တာ'အ ပြင် 'လိမ်မာရေးခြားရှိတယ်' ဆိုတဲ့အဓိပ္ပါယ်လည်း ပါနေသေးတယ်ဆိုတာကို သတိပြုကြဖို့ပါ။ 

ဒီလိုမှမဟုတ်ပဲ တလွဲသွားပြီးဆံပင်ကောင်းနေမယ်ဆိုရင်ဖြင့် 'လူလယ်လူရှုပ်' ပဲ ဖြစ်ပါမယ်။ 


တကယ်က မြန်မာလူငယ်လေးများ သွက်လက်ချက်ချာမှုရှိကြတာကို အချိန်အတော်ကြာကြာကတည်းက သ တိပြုမိခဲ့ပါတယ်။ သမီးဖြစ်သူ စင်ကာပူပေါ်လီမှာ ကျောင်းတက်နေစဉ်လောက်ကဖြစ် ပါတယ်။ အဲဒီတုန်းက မြန်မာလူငယ်လေးများနဲ့အတော်လေးထိတွေ့ခွင့်ရှိခဲ့တာမို့ပါ။ မြန်မာကျောင်း သားလေးတွေစုပြီး ကျောင်းအ လိုက် ဘောလုံးအသင်းတွေဖွဲ့ကာ ယှဉ်ပြိုင်ကစားခဲ့ကြတာ။ ဧပြီလမှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စင်ကာပူ က ကျောင်းတွေမှာ ပထမဆုံး ကျင်းပနိုင်အောင် စည်းစည်းရုံးရုံး ညီညီညွတ်ညွတ်နဲ့ လုပ်ခဲ့ကြတာ။ 

ဒီမှာဘက်နှစ်များမယ်တော့ မြန်မာပြည်က စာရေးဆရာများကို ဖိတ်ကြားပြီး စင်ကာပူမှာ စာပေဟောပြောပွဲ ကြီးများ ခြိမ့်ခြိမ့်သဲအောင် စွမ်းဆောင်ခဲ့ကြတာစသဖြင့် ပြောရမယ်ဆိုရင် ပြောမဆုံးပေါင် တောသုံးတောင်ဖြစ် ပါမယ်။

စာရေးသူနဲ့နီးစပ်တဲ့ အသိုင်းအ၀န်းမှာဆိုပြန်ရင်လဲ မြန်မာပြည်ကနေ ဒီမှာလာပြီး အကြောအဆစ်ကုပညာရှင် (Physiotherapist)အဖြစ် အလုပ်လာလုပ်နေကြတဲ့ အမျိုးသမီးလေးအချို့ သည် ဒီက ကျန်းမာရေးဝန်ကြီးဌာန ကစစ်ဆေးတဲ့ အရည်အချင်းစစ်စာမေးပွဲကို ကျားကုတ်ကျားခဲ ဇွဲနပဲနဲ့ အောင်မြင်အောင်ဖြေဆိုခဲ့ကြပြီး နောက် လာတဲ့ညီမငယ်လေးများကို စနေတနင်္ဂနွေလို ရက်အားများမှာ သူတို့ကိုယ်တိုင်အနားမယူနိုင်ကြပဲ စာသင်ပေး နေကြပါတယ်။ ဒါ့ကြောင်လည်းပဲ ယခင်က အောင်ဖို့ခက်ခဲတဲ့စာမေးပွဲကို မြန်မာလူငယ်များ အောင်မြင်စွာဖြေ ဆိုနိုင်ကာ အလုပ်ကောင်း လခကောင်းများ ရလာကြပါတယ်။


အလားတူပါပဲ စင်ကာပူနိုင်ငံမှာ ရောက်ရှိနေကြတဲ့ စာရေးသူတို့မြို့ က လူငယ်လေးများဟာလဲ ကျောင်းပဲနေ ကြနေကြ အလုပ်ပဲလုပ်ကြလုပ်ကြ အများစုသည် ရောက်တဲ့နေရာမှာ အပတ်တကုတ် အားထုတ်မှုရှိကြတာ ကို ၀မ်းမြောက်ဖွယ် တွေ့ရပါတယ်။ ရောက်တဲ့နေရာမှာ တန့်ရပ်မနေကြပဲ ပညာကို ပိုရှာကြသလို အခြားတစ် ဖက်ကလည်း အလုပ်အကိုင်အခွင့်အလမ်းများကို ကြံဆရှာဖွေကြပြန်ပါတယ်။ မကြာသေးခင်ကပဲ လူငယ် လေးတစ်ဦးဟာ မြန်မာပြည်ကိုပြန်သွားပြီး ဒီကကုမ္ပဏီ တစ်ခုနဲ့ချိတ်ဆက်ထားလို့ သူ့စီးပွားရေးလုပ်ငန်းသစ် ကို အစပျိုးနေပါပြီ။

တစ်နေ့က သူပို့လိုက်တဲ့ ဖုန်းသတင်း sms အထဲမှာ "အန်ကယ်ခင်ဗျား၊ ကျနော်တော့ စင်ကာပူနိုင်ငံမှပြန်လာ ပြီးနောက် အခု ရက် ၅၀ အတွင်းမှာ တစ်ပတ်ကို တစ်ရက်တောင် မနားရသေးပါဘူး" လို့ ပြောရှာပါတယ်။         

ယခုနှစ် စက်တင်ဘာလဆန်းက ထိုင်ဝမ်နိုင်ငံ တိုင်ချွန်းမြို့ မှာကျင်းပတဲ့ အာရှနှင့်အနောက်ပစိဖစ်ဒေသဆိုင် ရာ အကြောအဆစ်ကုပညာရပ်ညီလာခံကို စာရေးသူ သွားတက်ခဲ့စဉ်က မြန်မာပြည်မှအကြောအဆစ်ကုပညာ ရှင်မြန်မာအမျိုးသမီးငယ် ၂ ဦးကို မမျှော်လင့်ပဲ တွေ့ခဲ့ရပါသေးတယ်။ စက်တင်ဘာလ ၆ ရက်နေ့ ည ၆ နာရီ ခွဲခန့်တွင် ညီလာခံကြိုဆိုဧည့်ခံပွဲခန်းမကြီးထဲမှာ ယင်းသမီးငယ် ၂ ဦးက "ဆရာကြီးဦးတင်မောင်အေးပါလား။ သမီးတို့က မြန်မာပြည်ကလာပြီး အကြောအဆစ်ကုပညာရပ်ဆိုင်ရာ အာရှကျောင်းသူကျောင်းသားများညီလာ ခံ (Asia Physical Therapy Student Association - APTSA) ကို လာတက်ကြတာပါ။ ဆရာကြီး AWP & ACPTညီလာခံမှာရှိလိမ့်မယ်၊ သွားပြီးတွေ့လိုက်ကြလို့ မြန်မာပြည်ကပြောလိုက်လို့ လာတွေ့တာ။ သမီးတို့ လည်း ဆရာကြီးကို တွေ့ဖူးချင်ပါတယ်" လို့ မိတ်ဆက်ပြီး လာတွေ့ကြပါတယ်။

အဲဒီညက သူတို့ ၂ ဦးနဲ့အတူ ထိုင်းနိုင်ငံက သူတို့၏အဖော်များပါ ညစာအတူစားရင်း စကားတွေ ပြောဖြစ်ခဲ့ ကြပါတယ်။ သူတို့အထဲကတစ်ဦးဖြစ်တဲ့ ဖြူနှင်းလှိုင်က ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ် (Mahidol Universi-ty)မှာ အကြောအဆစ်ကုပညာရပ်ဆိုင်ရာပါရဂူဘွဲ့သင်တန်းကို တက်နေပြီး နောက်တစ်ဦးဖြစ်သူ နီနီယဉ်က တော့ မြန်မာပြည်ကလာခဲ့တာဖြစ်တယ်။ သူတို့က စာရေးသူကို ထိုင်းနိုင်ငံက ကျောင်းသူများနဲ့ မိတ်ဆက်ပေး သလို မိမိကလည်း မိမိနဲ့အတူရှိနေတဲ့ ဟောင်ကောင် နဲ့ဗီယက်နမ်မှ အကြောအဆစ်ကုပညာရှင် ၂ ဦးနဲ့ မိတ် ဆက်ပေးလိုက်ပါတယ်။ သူတို့ရဲ့ အပေါင်းအ သင်းများ မိမိ၏အသိမိတ်ဆွေများနဲ့ သွက်လက်ချက်ချာမွန်ရည် စွာ ပြောဆိုဆက်ဆံနေကြတာကို တွေ့ခဲ့ရပါတယ်။  





ကျားကုတ်ကျားခဲ (အသံထွက် - ကျဂုတ်ကျခဲ) = မရမနေ စွဲစွဲမြဲမြဲ။
အပတ်တကုတ် (အသံထွက် - အပတ်ဒဂုတ်) = ကြိုးကြိုးပမ်းပမ်း။
ခြိမ့်ခြိမ့်သဲ (အသံထွက် - ချိန့်ဂျိန့်သဲ) = အလွန်စည်ကားများပြားစွာ။



ဆက်ပြီးရေးပါဦးမယ်။





Sunday, November 10, 2013

တိုင်းပြည်ပျက်စေချင် သမိုင်းကိုဖျက်




၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက်။ 10 November, 2013 Sunday)

"သမိုင်းဆိုတာ မအ အောင်လို့သင်တာဖြစ်တယ်။" (ဒေါက်တာသန်းထွန်း)


မနေ့က The Straits Times သတင်းစာရဲ့  'အာရှသတင်း' စာမျက်နှာမှာ Mao and Deng eras 'equally important' ဆိုတဲ့ သတင်းကို ဖတ်လိုက်ရပါတယ်။

နောက်လာမည့် ဆယ်စုနှစ်အတွက် တရုတ်နိုင်ငံရဲ့  စီးပွားရေးမူဝါဒများချမှတ်ဖို့ အလွန်အရေးကြီးသော အ စည်းအဝေးကြီးမစမီ တစ်ရက်အလိုမှာ တရုတ်ကွန်မြူနစ်ပါတီ (Chinese Communist Party – CCP) က မော်စီတုန်းရဲ့ ခေတ်နဲ့ တိန့်ရှောက်ပင်ရဲ့ ခေတ်တွေဟာ တရုတ်နိုင်ငံအတွက် အတူတူပဲ အရေးကြီးကြတာဖြစ် တယ်လို့ အလေးအနက်ပြောကြားလိုက်ပါသတဲ့။ ဒါကလဲ ပါတီတွင်း ညီညွတ်ရေးကို အဓိကဦးတည်လိုက် တာဖြစ်တယ်လို့ ဆိုကြပါတယ်။


တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်ဖြစ်တဲ့ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာကြီး (The People's Daily) က ပြီးခဲ့တဲ့ ဇန်န၀ါရီလက သမတဇီကျင်ပင်း၏ပြောခဲ့တဲ့စကားကို ကိုးကားပြီး ရေးလိုက် တာပါ။ ၁၉၇၈ ခုနှစ်က တိန့်ရှောက်ပင်လက်ထက်မှာ လုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုများနဲ့ တခါးဖွင့် ၀ါဒအသီးအပွင့်များသည် မော်စီ တုန်းခေတ်ကရရှိခဲ့တဲ့ တိုးတက်ဖြစ်ပေါ်မှုများကို မသေးသိမ်သွား စေသင့်ဘူးလို့ အဲဒီတုန်းက သမတဇီကျင် ပင်း မှတ်ချက်ပေးခဲ့ဖူးပါတယ်။


မော်စီတုန်းခေတ်က ရရှိ ခဲ့တဲ့တိုးတက်ဖြစ်ပေါ်မှုတွေက တိန့်ရှောက်ပင်ရဲ့  ပြုပြင်ပြောင်းလဲမှုများအတွက် အခြေခံအုတ်မြစ် များဖြစ်ကြတယ်။ တစ်ခါ နောက်ပိုင်းမှာ မော်စီတုန်းလုပ်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေး (Cultural Revolution)ကဲ့သို့သော အမှားမျိုးတွေဟာလည်း တိုင်းပြည်အတွက် သူအကျိုးပြုခဲ့တာများနဲ့ နှိုင်း စာကြည့်ရင် မပြောပလောက်ဘူးလို့ အကြောင်းပြဖြေရှင်းထားပြန်ပါတယ်။   


မော်စီတုန်းခေတ်နှောင်းအချိန်ပိုင်းလောက်က ဗမာပြည်ကွန်မြူနစ်ပါတီဟာ မြန်မာ့မျက်မှောက်ခေတ်သ မိုင်းမှာ အကြီးမားဆုံးသော အမှားတစ်ရပ်ကို ကျူးလွန်ခဲ့ပါတယ်။ အဲဒါကတော့ တရုတ် ကွန်မြူနစ်ပါတီရဲ့  ယဉ်ကျေးမှုတော်လှန်ရေးလုပ်ငန်းစဉ်ကို မျက်စိမှိတ်ပြီး ပုံတူကူး လုပ်ဆောင်လိုက်တာပဲဖြစ်တယ်။ တရုတ်ကို ဥိးထိပ်ပန်ဆင် ဆရာတင်ခဲ့မိတဲ့အတွက် ဗမာပြည်ကွန်မြူနစ်ပါတီဟာ ရိုးမတောကြီးထဲမှာ ငါးပါးမှောက်ရုံ မကဘဲ သင်္ဃာစင်ပါမှောက်သွားခဲ့ရတဲ့အထိ ရင်နင့်ဖွယ်ရာအဖြစ်ဆိုးများနဲ့ ကြုံတွေ့ရပြီး အင်အားချိနဲ့ကာ နိဂုံးချုပ်သွားခဲ့ရပါတော့တယ်။   
 


တကယ်က ဗမာပြည်ကွန်မြူနစ်ပါတီဆိုတာ နှယ်နှယ်ရရပါတီ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ၏အမျိုးသားရေး လှုံ့ဆော်နိုးကြားမှုနဲ့ လွတ် လပ်ရေးလှုပ်ရှားမှုကာလများအတွင်း ၁၉၃၉ ခုနှစ်မှာ ပေါက်ဖွားလာခဲ့တဲ့ သမိုင်း အစဉ်အလာရှိပြီး သမိုင်းတန်ဖိုးလည်းကြီးတဲ့ နိုင်ငံရေးပါတီကြီးပါ။ သခင်အောင်ဆန်း (နောင်တွင် ဗိုလ် ချုပ်အောင်ဆန်း)၊ သခင်ဗဟိန်း၊ ရဲဘော်ဘတင် (ဂိုရှယ်)၊ သခင်စိုး၊ သခင်လှဖေ (နောင်တွင် ဗိုလ်လင်္ကျာ)၊ ရဲဘော်ထွန်းမောင် (ဒေါက်တာနတ်)၊ သခင်ဗိုလ် စတဲ့ပုဂ္ဂိုလ်များသည် ဗမာပြည်ကွန် မြူနစ်ပါတီကို ကနဦး တည်ထောင်စဉ်က ဦးဆောင်ပါဝင်ခဲ့ကြသူများဖြစ်ကြပါတယ်။ သခင်အောင်ဆန်းက ပါတီ၏ အတွင်းရေးမှူး တာဝန်ကို ပထမဆုံး တာဝန်ယူခဲ့သူတစ်ဦးပါ။ 


အဲဒီလိုပါတီဖွဲ့စည်းပြီးတဲ့နောက်မှာ 'ဖတပလ' ဆိုတဲ့ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး ကိုဖွဲ့တဲ့အခါ ဗဟိုဦးစီးအဖွဲ့ဝင် ၉ ဦးတွင် ကွန်မြူနစ်ပါတီရဲ့ ကိုယ်စားလှယ် သခင်စိုး၊ သခင်သန်းထွန်းနဲ့ သခင် တင်မြတို့ ၃ ဦးဟာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လင်္ကျာ၊ ဗိုလ်နေ၀င်း အစရှိတဲ့ တပ်မတော်ကိုယ်စားလှယ် ၃ ဦး၊ ပြည်သူ့အရေးတော်ပုံပါတီမှ ကိုယ်စားလှယ် ၃ ဦးတို့နှင့်အတူ တိုင်းပြည်ရဲ့ တာဝန်များကို ရှေ့ တန်းကနေထမ်း ဆောင်ခဲ့ကြတာဖြစ်တယ်။ 





ငါးပါးမှောက် (အသံထွက် - ငါးဗားမှောက်) = အကြံအစည်၊ အမှုကိစ္စ တစ်စုံတစ်ရာ ချွတ်ယွင်းပျက်စီးသည်။ အကျိုးနည်း ဒုက္ခရောက်သည်။

သင်္ဃာစင် (သံဃာစင်) (အသံထွက် - သန်ဂါစင်) = အလှူမဏ္ဍပ်တွင် ရဟန်းတော်များ သီတင်း သုံးရာစင်။

 နှယ်နှယ်ရရ (အသံထွက် - နှယ်နှယ်ယာ့ယာ့သာမန်။






ဆက်ပြီးရေးပါဦးမယ်။ 




Sunday, November 3, 2013

ထီးထမ်းလမ်းလျှောက် စင်ကာပူ



၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ ရက်။



'ထီးထမ်းလမ်းလျှောက်' ဆိုသောမြန်မာစကား၏ မူရင်းအဓိပ္ပါယ်ကို 'အလုပ်အကိုင် မည်မည်ရရ မလုပ်ဘဲ ဟိုဟိုသည်သည် လျှောက်သွားနေသူ' ဟု ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ဦးစီးဌာနမှ ထုတ်ဝေသော 'မြန်မာအဘိဓာန်' တွင် အနက်ဖွင့်ထားပါသည်။

သို့ဖြစ်ရာ ထီးထမ်းလမ်းလျှောက် စင်ကာပူ တွင် မိမိသည် အလုပ်တစ်ခု မည်မည်ရရမရှိပါပဲ စင်ကာပူမှာ ဟိုသွားဒီသွားလုပ်ရင်း ဟိုနေရာရောက် ဒီနေရာရောက်ကာ ဟိုတွေ့ဒီတွေ့အကြောင်းအရာကလေးများအပေါ် မိမိ တွေးမိ ရင်တွင်းခံစားမိသည်တို့ကို ပြောပါမည်။

စင်ကာပူနိုင်ငံသည် သေးသေးလေးဖြစ်သည်။ နိုင်ငံတစ်ခုအနေဖြင့် အရွယ်အစား သေးလှသည်မှာ ကမ္ဘာ့ မြေပုံပေါ်တွင် နေရာပြရန် အစက်သေးသေးလေးတစ်စက် ချလောက်အောင်ရုံသာဟု ပြောသူများက ပြော ခဲ့ကြပါသည်။ ယင်းသို့ပြောကြသူများတွင် အင်ဒိုနီးရှားသမတဟောင်း ဘီဂျေ ဟာဘီဘီ (B. J. Habibie)မှာ ထင်ရှားလေသည်။ ၁၉၉၈ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် Asian Wall Street Journal တွင် ပါရှိခဲ့သည့် ဆောင်းပါးတွင် ဒေါက်တာဟာဘီဘီက ကမ္ဘာ့မြေပုံကို လက်ထောက်ပြရင်း "အဲဒီ အနီစက် သေးသေးလေး (little red dot)က စင်ကာပူနိုင်ငံပဲပေါ့ဗျ" ဟု ခနဲ့တဲ့တဲ့ ပြောခဲ့ဖူးသည်ဟု ဖတ်ခဲ့ရပါ၏။

မိမိအဖို့ကမူ စင်ကာပူနိုင်ငံသို့ရောက်ရှိနေသည်မှာ နှစ်ကာလ ကြာမြင့်လှပြီဖြစ်ရာ အမှတ်ရစရာ များစွာရှိနေ ပါသည်။ မိမိရောက်လေရာရာတွင် အတိတ်ကို အမှတ်ရစရာလေးတွေ လွမ်းမောဖွယ်ရာလေးတွေ ရှိနေတတ် သကဲ့သို့ ပစ္စုပ္ပန်နှင့် ချိန်ထိုးတွေးတောကြည့်မိပြီး ခံစားမိသည်များလည်း ရှိတတ်ပါသေးသည်။

ကဲ ယနေ့ခရီးစဉ်လေးကို ကြည့်ကြည့်ကြပါဦးစို့လား။



အမှတ် ၁၅၇ ဘတ်စ်ကားပေါ်မှာ ... (၃ ရက် နိုဝင်ဘာ ၂၀၁၃၊ နေ့ ၁၂ နာရီ)


သည်နေ့မနက်စောစောမှာ မိမိတို့ဇနီးမောင်နှံသည် ထုံးစံအတိုင်း ဈေးကိုသွားပြီး နံနက်စာ စားကြ၏။ နံနက် စာစားရင်း မိမိက ဇနီးသည်အား ယနေ့ ဘတ်စ်ကားတစ်ပတ်စီးကြရန် ပြောပါသည်။ သို့နှင့် နံနက်စာစား ပြီး သောအခါ မူလကအစီအစဉ်ရှိသည့်အတိုင်း သမီးတို့အိမ်သို့ မြေးကလေးကို သွားကြည့်ကြပြီးနောက် ဘတ်စ် ကားနံပတ် ၁၅၇ ကို စီးကြပါသည်။


ဤဘလော့တစ်နေရာတွင် မိမိရေးခဲ့ဖူးသည့်အတိုင်း မိမိတို့ဇနီးမောင်နှံသည် စနေ တနင်္ဂနွေလို ရက်အား ရက်များတွင် တစ်ခါတစ်ရံ ခရီးအစမှအဆုံး ဘတ်စ်ကား ပတ်စီးတတ်ကြပါသည်။ သည်နေ့တွင် မစီးဖြစ် သည်မှာ ကြာပြီဖြစ်သော အမှတ် ၁၅၇ ဘတ်စ်ကားကို စီးဖြစ်ကြပါသည်။ သည်အခါမှာ မရောက်တာကြာ ပြီဖြစ်သည့် ဤလမ်းတစ်ကြောရှိနေရာများကို တွေ့ရမြင်ရသည်။ အချို့ နေရာများမှာ အနည်းအကျဉ်းပြောင်း လဲနေပြီး အချို့ နေရာတို့ကား များစွာပြောင်းလဲသွားပြီဖြစ်သည်။ နေရာများစွာတို့ကား ယခင်အတိုင်းပင် ရှိ နေကြပါ၏။

ယခင်က မိမိ၏အလုပ်ရှိရာ Upper Bukit Timah ရှိ Beauty World Centre တစ်ဝိုက်မှာ များစွာပြောင်းလဲ သွားပြီဖြစ်သည်။ ချွန်တင်လမ်းနှင့်ဂျာလန်စေချွမ်လမ်းထောင့်ရှိ Jurong Gardens School အထူးပညာရေး ကျောင်းအဆောက်အဦးမှာ ယခင်အတိုင်းရှိနေသေးသော်လည်း Dimensions Hospitality School ဆိုင်း ဘုတ်အသစ်ကြီးနှင့်ဖြစ်နေလေသည်။ Upper Bukit Timah လမ်းနှင့် Jalan Jurong Kechil လမ်းထောင့်ရှိ ယခင်က ကားရပ်နေရာနှင့် ကွင်းပြင်တို့မှာ MRT ဘူတာဆောက်လုပ်သည့်လုပ်ငန်းများဖြင့် ရှုပ်ပွနေခဲ့သည် မှာ နှစ်အတန်ကြာပြီဖြစ်သည်။

ဂျာလန် ဂျူရောင်းကေချီလမ်း၏ ၀ဲယာတစ်ဖက်တစ်ချက်တွင် တိုက်ဟောင်းအချို့  မရှိတော့ပဲ တိုက်အသစ် လှလှ ကြီးကြီးများက နေရာယူသွားကြပြီဖြစ်သည်။

Bukit Batok East Ave လမ်း၏လက်ဝဲဘက်ရှိ Bukit Batok Nature Park ကိုတွေ့ရသောအခါ ယခုနှစ်မေ လက ကွယ်လွန်သွားခဲ့သော မိမိ၏ဆရာ ပါမောက္ခဒေါက်တာဦးမျိုးမြင့်ကို အမှတ်ရမိပါသည်။

"ဒီနေရာကနေပြီး ဆရာဦးမျိုးမြင့်နဲ့အတူ လမ်းစလျှောက်ကြတာလေ။ ဆရာတပည့်နှစ်ယောက် စကားတ ပြောပြောနဲ့ လျှောက်လိုက်ကြတာ MacRitchie Reservoir ကို ရောက်တဲ့အထိပဲ" ဟု မိမိက ဇနီးဖြစ်သူ အား ပြောပြသည်။ ထိုစဉ်က ဒေါက်တာဦးမျိုးမြင့်သည် ဆေးတက္ကသိုလ် ၁ တွင် ပါမောက္ခချုပ်တာဝန် ထမ်းဆောင် လျက်ရှိပြီး မြန်မာနိုင်ငံဆရာဝန်များအသင်း၏ဥက္ကဋ္ဌလည်း ဖြစ်ပါသည်။ 


မိမိသိရသ၍ ဆရာသည် သူ့ကျန်းမာရေးအတွက် လမ်းလျှောက်လေ့ကျင့်ပုံရသည်။ လမ်းလျှောက်ခြင်းကို နှစ်သက်ပုံရသည်။ သေသေချာချာတော့ မသိပါ။ အခြားသောအထူးကု ဆရာဝန်ကြီးများလို ဂေါက်သီးရိုက် ကစားဟန်မတူပေ။ ဆရာကွယ်လွန်စဉ်က 'ကုက္ကိုင်းအရှေ့ လမ်းလျှောက်သူများ'က သတင်းစာမှာ ၀မ်းနည်း ကြောင်းထည့်သည်ကို စာရေးသူဖတ်လိုက်ရသည်။

မိမိတို့စီးလာသောဘတ်စ်ကားသည် Beauty World Centre ၏ဘေးဘက်ရှိ Bukit Timah Link လမ်းတို လေးထဲသို့ဝင်သောအခါ တစ်ချိန်က ဤအနီးအနားမှာရှိခဲ့သည့် Post Officeစာတိုက်လေးကို အမှတ်ရမိ၏။ ဘူးကစ်တီးမားလင့်ကို ဖောက်လုပ်စဉ်က ယင်းစာတိုက်လေး အဖျက်ခံလိုက်ရ၏။ မိမိ၏အလုပ်နှင့်နီးသဖြင့် အဆင်ပြေနေရာမှ ယင်းစာတိုက်မရှိတော့သောအခါ Bukit Timah Plaza အထိ အတော်ဝေးဝေး လျှောက် သွားရသည်။

ဘူးကစ်တီးမားလမ်းပေါ်သို့ရောက်သောအခါ လမ်း၏အလယ်ရှိရေမြောင်းကြီးအား ချဲ့ နေသည်ကို တွေ့ရသ လို ချဲ့ ပြီးသွားသောနေရာများကိုလည်း တွေ့ရလေသည်။ မိုးသဲသည့်အချိန်တွင် မြောင်းထဲမှာ ရေတွေပြည့် နေပြီး လမ်းအစား ရေပြင်ကျယ်ကြီးကိုသာ မိမိတွေ့ခဲ့ရဖူး၏။ တစ်ခါတစ်ရံ ဒီလမ်းရေကြီးသည့်သတင်းကို သ တင်းစာနှင့် ရုပ်မြင်သံကြားတို့တွင် ဖတ်ရ မြင်ရ၏။  


ဘူးကစ်တီးမားရှိ ယခင်မြင်းပြိုင်ကွင်းဟောင်း (Bukit Timah Race Course)အနားကို ရောက်သောအခါ ၁၉၉၀ ခုနှစ်ကျော်လောက်က Turf City သို့သွားပြီး ဈေးဝယ်ခဲ့ နေ့လည်စာစားခဲ့သည်များကို သတိရမိသေး ၏။ ထိုစဉ်က မိမိ အလုပ်ပြီးသောအခါ အလုပ်နားရှိကားမှတ်တိုင်တွင် ဇနီးသည်နှင့်တွေ့ဆုံလျက် အခမဲ့ အ ကြိုအပို့လုပ်ပေးသောဘတ်စ်ကားဖြင့် Turf City သွားတတ်ပါသည်။ စင်ကာပူကို ရောက်စက သည်မြင်းပြိုင် ကွင်းမှတ်တိုင်တွင် ခရီးသည်များ အစုလိုက်အပြုံလိုက် ဆင်းသွားကြသည်ကို ပထမဆုံးတွေ့ရစဉ်က 'ဘာ များပါလိမ့်'ဟုတွေးမိ၏။ နောက် မှ မြင်းပြိုင်ပွဲသို့ သွားကြတာဖြစ်ကြောင်း သိရလေသည်။ ၁၉၉၉ ခုနှစ်တွင် မြင်ပြိုင်ကွင်းသည် ဘူးကစ်တီးမားနေရာမှ ကရန်ဂျီး (Kranji) နေရာအသစ်သို့ ပြောင်းရွေ့ သွားခဲ့သည်။


ဘတ်စ်ကားက အာဒမ်လမ်း (Adam Road) ဘက်သို့ မချိုးကွေ့ခင်ကလေးမှာ လမ်း၏၀ဲဘက်တွင် ကွမ်ရင် စန်းဘုန်းကြီးကျောင်း (Kuan Yin San Temple) ကို ၀င်သည့်လမ်းသွယ်နှင့်ဆိုင်းဘုတ်လေးကို တွေ့ရ၏။ လွန်ခဲ့သည့် ၁၀ နှစ် ကျော်က ဤဘုန်းကြီးကျောင်းသို့ မိမိတို့ဇနီးမောင်နှံ နှစ်ကြိမ် သုံးကြိမ်ခန့် ရောက်ဖူးပါ သည်။ ဖားအောက်ဆရာတော်ကြီး အကြောအဆစ်ရောဂါဖြစ်စဉ်က မိမိ၏လုပ်ဖော်ကိုင်ဘက်ဟောင်း စင် ကာပူနိုင်ငံသား 'မစ္စတာဖော့ခ်'က သတင်းပေးပြီး အကူအညီတောင်းလာသောကြောင့်ဖြစ်သည်။

မစ္စတာဖော့ခ်သည် မြန်မာပြည်ရှိ ဖားအောက်တောရကျောင်းသို့သွားပြီး သင်္ကန်းဝတ်ကာ တရား ၃ ၀ါ ကျင့် ခဲ့လေသည်။ စင်ကာပူသို့ သင်္ကန်းဝတ်ဖြင့်ပင် ပြန်ကြွလာခဲ့ပြီး မိမိတို့အိမ်သို့ ဖိနပ်ဗလာဖြင့် ဆွမ်းခံကြွခဲ့ပါ သည်။ ယခု ဆရာတော်ကြီးကြွလာချိန်တွင်မူ လူဝတ်နှင့်ဖြစ်နေပေပြီ။ သူ မြန်မာပြည်သို့ တရားသွားမ၀င်မီက မိမိ၏အိမ်သို့လာပြီး မြန်မာစကားသင်ယူခဲ့ပါသည်။ ဆရာတော်ကြီး၏ အကြောအဆစ်ဝေဒနာကို ပထမက ထိုင်ဝမ်သို့ သွားကုပါသည်။ မသက်သာသဖြင့် စင်ကာပူမှ ဒကာများ၏ပင့်ဖိတ်ချက်အရ ကြွလာခြင်းဖြစ်သည်။ မိမိသည် ဆရာတော်ကြီးအား အကြောအဆစ်ကုသမှုများ သင်ကြားလေ့ကျင့်ပေးခွင့်ရခဲ့ပြီး မိမိ၏ဇနီးမှာ လည်း ဖားအောက်ဆရာတော်ကြီးအား မုဒုံလက်ရာ ကုလားပဲခြမ်းဆီပြန်၊ ခရမ်းချဉ်သီးသုတ်၊ ပဲပြားကျော် စ သည့် သက်သတ်လွတ်ဆွမ်းများချက်ကာ ကပ်လှူနိုင်ခဲ့ပါသည်။ 




၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက်။ 8 November, 2013 (Friday)


စာရေးသူသည် နေ့စဉ်အလုပ်သွားရာတွင် အိမ်မှ ဘတ်စ်ကားစီးပြီး ဂျူရောင်းအိစ်ဘူတာသို့ ဦးစွာ သွားရသည်။ အဲဒီကမှ ရထားစီးလျက် အက်ဒ်မီရယ်လ်တီဘူတာ (Admiralty) ကို သွားပါသည်။ သို့သော် ဒီကနေ့တွင် အိမ်မှ တက္ကစီစီးပြီး လိတ်ဆိုက်(Lakeside) ဘူတာရုံသို့ ရောက်သွားခဲ့သည်။ 

လိတ်ဆိုက်ဘူတာသည် တစ်ချိန်က မိမိ နေ့စဉ်အလုပ်သွားအလုပ်ပြန် ရထားစီးရသောနေရာဖြစ်ခဲ့ ၏။ မိမိ စင်ကာပူနိုင်ငံကို စရောက်စဖြစ်သော ၁၉၉၀ ခုနှစ်မေလက ဘွန်လေး(Boon Lay) ဘူတာ ရုံမဖွင့်သေးသဖြင့် လိတ်ဆိုက်ဘူတာသည် ရထားလမ်းဆုံးဘူတာဖြစ်ခဲ့၏။ ခရီးသည်အားလုံး ဒီဘူ တာမှာ ဆင်းကြရ၏။ ဘွန်လေးဘူတာကို မိမိရောက်ပြီး လအနည်းငယ်ခန့်ကြာမှ ဖွင့်လေသည်။


၂၀၀၀ ခုနှစ်တွင် လိတ်ဆိုက်ဘူတာနှင့်မျက်နှာချင်းဆိုင်မှာရှိသော မိမိတို့အိမ်ကိုရောင်းပြီး ယခုနေ ထိုင်လျက်ရှိသော ၄၂ လမ်းကအိမ်ကို ၀ယ်ယူပြောင်းရွေ့ ပြီးကတည်းက ယင်းဘူတာသို့ အရောက် အပေါက် အတော်လေး နည်းသွားခဲ့၏။ သည်နောက်ပိုင်းမှာ လိတ်ဆိုက်ဘူတာကို တစ်ခါတစ်ခါ ရောက်လေတိုင်း အပြောင်းအလဲများကို တွေ့တွေ့လာခဲ့ရသည်။ 


စာရေးသူမှတ်မိသ၍ မိမိတို့ရောက်စက ဘူတာမှာ မည်သည့်ဆိုင်မှ မရှိသေးပေ။ နောက်မှ လက်မှတ် ရောင်းသည့်နေရာနှင့်မျက်နှာချင်းဆိုင်တွင် စတိုးဆိုင်တစ်ဆိုင်ရှိလာပြီး နောင်နှစ်များစွာကြာသည်အထိ နောက်ထပ် ဘာဆိုင်မှမရှိခဲ့ပေ။ ယခုအခါ ယင်းစတိုးဆိုင်မှာ ဂါးဒီးယန်းဆေးဆိုင်ဖြစ်ကာ ဘူတာအောက် ထပ်တစ်ထပ်လုံး စားသောက်ဆိုင်များ၊ 7-Eleven ဆိုင်နှင့်ဆိုင်မျိုးစုံ လက်ညှိုးထိုးမလွဲ ရှိလာကြပြီဖြစ်သည်။ နောက်ပြီး ဘူတာ၏အနောက်ဖက်မှ တာမန်ဂျူရောင်း (Taman Jurong) ဖက်သို့ သွားသည့်ဖြတ်လမ်းသည် မြန်မာပြည်က လယ်တောကိုဖြတ်သော တောလမ်းသာသာလေးမျှသာ ဖြစ်ခဲ့ပါလေ၏။




(အပေါ်ပုံ) ဘူတာနောက်ပေါက်။ (အောက်ပုံ - ၀ဲမှ) ၁ ဘူတာဘေးပေါက်၊ ၂ တန်မန်ဂျူရောင်းဘက်အပိုင်း၊ ၃ ဘူတာနှင့် မျက်နှာချင်းဆိုင်မှ တိုက်များ။ (ဓာတ်ပုံ - ဖိုးတာ၊ ၉ ရက် နိုဝင်ဘာ ၂၀၁၃) 



ယခုလို ကွန်ကရစ်လမ်းရှိဖို့နေနေသာသာ ပလက်ဖောင်းကျောက်ပြားလေးများပင် ချထားပေးခြင်းမရှိရာ လူ တစ်ယောက်စာ မြေလမ်းလေးသာရှိပြီး မိုးရွာက ဗွက်များကိုရှောင်ရှားသွားရလေသည်။ သည့်နောက်ပိုင်းမှာ ပထမဦးဆုံး ပလက်ဖောင်းကျောက်ပြားလေးများ တစ်ပြားစီချပေးသည်။ နောက် ၂ ပြားစာလောက် ချဲ့ ပေး ၏။ နောက်ပိုင်းတွင် အရိပ်ရအပင်များပါ လုပ်ပေးခဲ့ပြီး တစ်လမ်းလုံးကို အမိုးပါမိုးပေးထားသေး၏။ သည်ဖြစ် စဉ်(တစ်နည်း) အစိုးရက လူတွေ၏လို အပ်ချက်ကို မျက်ခြည်မပြတ်ကြည့်ပြီး ဆောင်ရွက်ပေးနေခြင်းကို မိ မိက မြန်မာပြည်ကမိတ်ဆွေများအား ယ ခုလိုပြောပြခဲ့ဖူးသည်။ ကြီးပွားရေးမဂ္ဂဇင်းမှာလည်း ထည့်ပြီးရေး ခဲ့ဖူးသည်။

စင်ကာပူမှာက လူသွားရင် လမ်းဖြစ်တယ်ဗျ။ မြန်မာပြည်မှာလို ဆင်သွားမှ လမ်းဖြစ်တာမျိုး မဟုတ်ဘူး။ ဆင်ဆိုတာက တိရစ္ဆာန်ပဲ။ လူတွေသွားလို လမ်းဖြစ်တာက ပိုကောင်းတာပေါ့ ပိုပြီးအဓိပ္ပါယ်ရှိတာပေါ့။ မ ဟုတ်ပေဘူးလားဗျာ။ စင်ကာပူနိုင်ငံသားတွေက သူတို့အစိုးရက သူတို့အဆင်ပြေအောင် လမ်းလေးတွေ ဖြတ်လမ်းလေးတွေကို သေသေချာချာ လှလှပပ လုပ်ပေးထားပေမယ့် စိတ်မရှည်တော့ လမ်းမရှိတဲ့နေရာ တွေ အထူးသဖြင့်တော့ မြက်ခင်းတွေပေါ့ဗျာ။ အဲဒီလို တောင်ဖြတ် မြောက်ဖြတ်လုပ်ကြရာက ခြေရာလေး တွေလည်း ထင်လာကော မကြာလိုက်ပါဘူး။ အစိုးရက တစ်ခါတည်း လမ်းလေးတွေလုပ်ပေးလိုက်တော့ တာပဲဗျ။ သြော် သူတို့တစ်တွေများ ကံကောင်းလိုက်ကြတာနော်"



၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက်။ 9 November, 2013 Saturday)


ဒီကနေ့မနက်တွင် မိမိတို့ဇနီးမောင်နှံသည် လမ်းထိပ်က ကော်ဖီဆိုင်တွင် နံနက်စာ စားပြီးသော အခါ၊ ၃ မှတ်တိုင်သာဝေးသည့် လိတ်ဆိုက်ဘူတာသို့ ဘတ်စ်ကား စီးသွားကြပါသည်။ မနေ့က မိမိရေးထားသည့် ဘူတာနှင့်တာမန်ဂျူရောင်းဖြတ်လမ်းလေးကို ဓာတ်ပုံရိုက်ရန်ဖြစ်သည်။ အထက် တစ်နေရာတွင် ဖော်ပြထား ပေးပါသည်။

မိမိတို့မိသားစုသည် ဘူတာနှင့်မျက်နှာချင်းဆိုင်မှာရှိသော တိုက် ၅၁၈ တွင် ၁၉၉၀ ခုနှစ်မေလမှ ၂၀၀၀ ခုနှစ် နှစ်ဆန်းအထိ (၁၀)နှစ်ကြာနေခဲ့ပြီး ဘူတာနှင့်မိ မိတို့တိုက်အကြားမှာ ကွင်းပြင်သာရှိ သဖြင့် ဘူတာကိုလည်း ကောင်း၊ Chines Gardenနှင့်ကန်ကြီးကိုလည်းကောင်း၊ တာမန်ဂျူရောင်း အရပ်ကိုကျော်ကာ ကျွန်းများပေါ် က မီးခိုးတလူလူဖြင့်စက်ရုံများကိုလည်းကောင်း မြင်ကွင်းကျယ် မျက်စိတစ်ဆုံးမြင်တွေ့ရပါသည်။


သို့သော် ၁၉၉၈ ခုနှစ်လောက်တွင် တိုက် ၅၁၇ နှင့် ၅၁၈ တို့၏အရှေ့ တွင် HDB တိုက်သစ်များနှင့် Parc Vista ကွန်ဒိုများရှိလာပြီး စောစောက မြင်ကွင်းများကို မတွေ့ရတော့သဖြင့် မိမိသည် ၄၂လမ်း သို့ အမြန်ဆုံး ပြောင်းလာခဲ့ပါတော့၏။ ယခုလက်ရှိအိမ်၏တစ်ဖက်တွင် တောအုပ်ကျယ်ကြီးရှိပြီး ဟို အဝေးဆီက Cause-way တစ်ဖက်ကမ်းရှိ အဆောက်အဦအမြင့်ကြီးများကိုပင် လှမ်းမြင်ရလေသည်။ 


လိတ်ဆိုက်ဘူတာမှာ ဓာတ်ပုံရိုက်ပြီးနောက် မစီးဖြစ်သည်မှာ အလွန်ကြာလှပြီဖြစ်သော ဘတ်စ်အမှတ်၂၄၀ စီးကာ ဂျူရောင်းပွိုင့် (Jurong Point) ကို သွားကြပါသည်။ သည်ဘတ်စ်ကို တိုက် ၅၁၈ မှာနေစဉ်က မကြာ ခဏ စီးဖြစ်၏။ ထိုစဉ်က ဘတ်စ်ကားတိုင်းတွင် လေအေးစက်တပ်ထားခြင်းမရှိပဲ ပြတင်းပေါက်မှာ ဆွဲတခါး လေးများ ပါရှိလေသည်။ လေတဟူးဟူးဖြင့် မြန်မာနေပြည်တော်ကြီးကို အလွမ်းပြေစီးလို့ အလွန်ကောင်းပါ၏။ 

ဘတ်စ်ကားလက်မှတ် (fare card)ကလည်း ယခုလို စက်မှာ ထိရုံလေး ကပ်ရသည့်လက်မှတ်မျိုး မဟုတ်ပဲ စက်အထဲသို့ အပေါ်ဖက်အပေါက် (ပုံ - အပြာရောင်)က ထိုးသွင်းရသော ပလတ်စတစ်လက်မှတ် ပါးပါးပျော့ ပျော့လေးဖြစ်သည်။ 



(အပေါ်ပုံ - ၀ဲမှ) ၁ လက်မှတ်စက် [fare card reader]၊ ၂ လေအေးစက်မပါသော ဘတ်စ်ကား။
(အောက်ပုံ) ၅၅ ဆင့်ခရီး လက်မှတ်ဖြတ်ပိုင်းစက္ကူ (ticket) ။



စက်အထဲသို့ လက်မှတ်ဝင်သွားသောအခါ လက်မှတ်စက် (fare card reader) ပေါ်ရှိ မိမိသွားမည့်ခရီးအ တွက်ကျသင့်သည့်နှုန်း (ဥပမာ - ၅၀ ဆင့်၊ ၇၅ ဆင့်၊ ၁ ဒေါ်လာ စသည်) ပြထားသော ခလုပ် (button) လေး ၁၀ ခု (ပုံ - ၅ ခုစီ နှစ်တန်း)မှ ရွေးပြီးနှိပ်ရ၏။ ထိုအခါ စောစောက စက်ထဲသို့သွင်းထားသော လက် မှတ်ကပ် ပြားလေးက အ ပေါ်သို့ပြန်ထွက်လာပြီး စက်၏အောက်ဖက်ကမူ ကားလက်မှတ်စက္ကူလေး (ticket) ထွက်လာ သည်။ ပြန်ထွက်လာ သောလက်မှတ်ကို ပိုင်ရှင်က ပြန်ပြီးယူထားရ၏။


၁၉၉၅ ခုနှစ်မတိုင်မီက ဂျူရောင်းပွိုင့်ကုန်တိုက်ကြီး မရှိသေးပေ။ ထို့ကြောင့် မိမိတို့သည် ဘွန်လေးဈေးသို့ သာ သွားလေ့ရှိကြ၏။ NTUC ဆိုင်တွင် တစ်ပတ်စာ လူသုံးကုန်နှင့်စားသောက်ကုန်များ ၀ယ်တတ်ပါသည်။ ဘတ်စ်အမှတ် ၂၄၀ ကို စီးချင်စီး၊ မစီးချင်ပါက မိမိတို့နေသည့် တိုက် ၅၁၈ မှ ဂျူရောင်းရဲစခန်းဘေးရှိ လူ သွားလမ်းလေးအတိုင်း လမ်းလျှောက်သွားလို့ ရလေသည်။ ၁၀ မိနစ် ၁၅ မိနစ်ခန့်သာ လျှောက်ရ၏။ ထိုစဉ် က သားက လမ်းကောင်းကောင်းမလျှောက်တတ်သေးရာ တွန်းလှည်လေးအတွင်းထည့်ပြီး သွားကြရ၏။ တစ်ခါတစ်ခါ မိမိတို့တိုက်၏အရှေ့ ဖက်ရှိ မြက်ခင်းပြင်ကျယ် (ယခု Parc Vistaကွန်ဒိုတိုက်များနေရာ) သို့ သားကိုခေါ်သွားလျက် ခြေထောက်များသန် စွမ်းလာစေရန် ကစားစေပါသည်။  





မျက်ခြည်မပြတ် (အသံထွက် - မျက်ချေမပျတ်) = မြင်ကွင်းမှ မပျောက်ကွယ်ခြင်း။ အဆက်အစပ် မပျောက်ခြင်း။







ဆက်ပြီးရေးပါဦးမည်။




Friday, November 1, 2013

ဆရာဝန်



၁၃၇၅ ခုနှစ်၊ သတင်းကျွတ်လဆုတ် ၁၂ ရက်။







အပတ်တိုင်း တနင်္လာ အင်္ဂါ ည ၇ နာရီ မိနစ် ၂၀ မှာကြည့်နေကျ ကိုရီးယားဇာတ်လမ်းလေး ပြီးခဲ့တဲ့အပတ်က ပြီးဆုံးသွားတော့ စိတ်ထဲမှာ လွမ်းပြီးကျန်ခဲ့သလိုမျိုး ခံစားမိတယ်။

ဆေးရုံကြီးတစ်ရုံမှာရှိတဲ့ ကလေးခွဲစိတ်အထူးကုဌာနကို နောက်ခံထားပြီး ခွဲစိတ်ကုဆရာဝန်တွေ၊ အလုပ်သင် ဆရာဝန်တွေ၊ သူနာပြုဆရာ ဆရာမတွေ၊ လူနာတွေ၊ လူနာအဖော်တွေနဲ့ ဆေးရုံအုပ် ချုပ်ရေးပိုင်းက တာဝန်ရှိ သူအချို့ ကို သိုင်းဝန်းပြီး စိတ်ဝင်စားဖွယ် ရိုက်ထားတဲ့ဇာတ်လမ်းလေးပါ။

ဇာတ်ကားရဲ့ နာမည်လေးက Good Doctor ပါတဲ့။ 





ဆရာဝန်ကောင်းတစ်ယောက်ဆိုတာဘာလဲဆိုတဲ့အမေးကို ဇာတ်ကောင်တွေရဲ့ လူ့စရိုက်အမျိုးမျိုးနဲ့ ဖော်ကျူး ပြထားတာဖြစ်တယ်။ 

မိမိအကြိုက်ဆုံးဇာတ်ကောင်တွေကတော့ အော့တစ်ဇင်ရောဂါ (Autism) လက္ခဏာတွေ သိသိသာသာကြီး ရှိ နေတဲ့ 'ဒေါက်တာပတ်ရွန်း'နဲ့ သူ့ကိုအနီးကပ်အကူ အညီပေးနေတဲ့ အမျိုးသမီးဆရာဝန်'ဒေါက်တာချား'တို့ ပဲ ဖြစ်ကြတယ်။




မသန်စွမ်းဖြစ်နေတဲ့ချစ်သူကို နားလည်ကြင်နာတဲ့မျက်လုံးလေးများဖြင့် ကြည့်နေတဲ့ ဆရာဝန်မလေး။




'ဒေါက်တာပတ်ရွန်းအဖြစ်သရုပ်ဆောင်ထားတဲ့မင်းသားဂျူဝန်း (Joo Won)ကို အရင်က ဇာတ်လမ်း တွဲတစ် ခုမှာ ကြည့်ခဲ့ဖူးပါတယ်။ အော့တစ်ဇင်ရောဂါလက္ခဏာတွေကို သူ့ရင်ထဲ နှလုံးထဲမှာ ခံစားမွေးယူပြီး အမူအ ကျင့်တွေ တူအောင်သရုပ်ဆောင်ထားတာဟာဖြင့် ချီးကျူးစရာပါ။



တစ်ဇာတ်ကားလုံးမှာ အဲဒီလို ခန္ဓာကိုယ် စောင်းကန်းစောင်းကန်းနဲ့ 'ဂျူဝန်း'က သရုပ်ဆောင်သွားခဲ့။



အော့တစ်ဇင်ရောဂါလို့ ခေါ်ရလွယ်အောင် နားလည်ရလွယ်အောင် 'ရောဂါ'လို့ဆိုရပေမယ့် တကယ်က အော့တစ်ဇင်ဟာ အများသူငါတွေ သိထားကြတဲ့ တီဘီရောဂါ၊ ပုလိပ်ရောဂါ၊ ဆီးချိုရောဂါတွေလို 'ရောဂါ' (Disease)မျိုး မဟုတ်ပါဘူး။ အဓိကအားဖြင့် စကားပြောဆိုဆက်သွယ်မှု (communication)၊ လူမှုပေါင်း သင်းဆက်ဆံရေး (social interaction) နဲ့ စိတ်ကူးတွေးတောမှု (imaginative thought) ဆိုတဲ့ အပြုအ မူ(behaviour)ပိုင်းဆိုင်ရာလက္ခဏာများ ချွတ်ယွင်းတာ (Disorder)လို့ ယေဘုယျပြောနိုင်ပါတယ်။

အဲ တစ်ချိန်တည်းမှာပဲ ရုပ်ပိုင်းချွတ်ယွင်းမှုတွေလည်း ရှိနေတတ်ပါသေးတယ်။


ဒါ့ကြောင့် ဒေါက်တာပတ်ရွန်းက မတ်တတ်ရပ်တဲ့အခါ ပုံထဲမှာ တွေ့မြင်ရသလို ယာဘက်ပခုံးလေး နိမ့်နေပြီး ခေါင်းက လက်ဝဲဘက်ကို စောင်းထားတတ်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ကလည်း လိမ် ဖည်ဖည်လေးနဲ့ပါ။ ဆိုးတာက ပခုံးနှစ်ဖက်ဟာ ရှေ့ ဘက်ကို ဆွဲကျုံ့ ထားသလိုရှိလို့မို့ ကျားကျား ယားယား မရှိဘဲ အားငယ်နေ သိမ်ငယ်နေတဲ့ပုံပေါက်နေပါတယ်။ မသန်စွမ်းမှုလက္ခဏာရှိတဲ့ ဒီ ပုံစံကို ဂျူဝန်းက ဇာတ်လမ်းအစမှအဆုံး ထိုင်ထိုင် ရပ်ရပ် ပြေးပြေး အော့တစ်ဇင်မျက်နှာပေးနဲ့ တကယ့်ကို ပီပီပြင်ပြင် သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။




မိမိကိုယ်တိုင်က စင်ကာပူနိုင်ငံကိုလာပြီး အလုပ်မလုပ်မီက မြန်မာပြည်က ဆေးရုံကြီး ၄ ခုတွင် အလုပ်သင်ဆ ရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုဆရာ ဆရာမကြီးများ၊ ဆေးဘက် ပညာရှင်များနှင့် နီးနီးကပ်ကပ် လုပ်လုပ်ခဲ့တာဖြစ်လို့ သူတို့တတွေရဲ့  လူနာတွေအပေါ်ထားရှိတဲ့ သဘောထား အမျိုးမျိုးကို သိရှိလေ့လာခွင့် ရခဲ့ပါတယ်။

လူနာများကို ဆင်းရဲချမ်းသာမရွေး ဆရာဝန်ကျင့်ဝတ်သိက္ခာနဲ့အညီ ပြုစုကုသပေးသူ ဆေးဝန်ထမ်းများကို တွေ့ခဲ့ရဖူးသလို ငွေနဲ့ရာထူးအဆင့်အတန်းရှိကြသူများ ဒါမှမဟုတ် သူတို့ကို တစ်ခုခုလုပ်ပေးနိုင်မည့်သူများ ကိုသာ အရှက်မဲ့စွာ ဦးစားပေးကာ ကုသပေးတတ်ကြသူများကိုလည်း တွေ့ခဲ့ရဖူးတာပါပဲ။

ဒီ 'ဆရာဝန်'ဇာတ်လမ်းလေးမှာလည်း 'လူနာသာ ပဓာန' ဆိုတဲ့ ဆရာဝန်အုပ်စုနဲ့ 'ဆေးရုံ၏ အကျိုး အမြတ်က သာ ပထမ၊ လူနာဆိုတာ ဒုတိယ'ဆိုတဲ့ 'ဘယ်သူသေသေ ငတေမာရင် ပြီးကော'လို့ ငွေတစ်မျက်နှာပဲကြည့် တဲ့ ဆရာဝန်အုပ်စုကတစ်ဖက် အားပြိုင်လွန်ဆွဲကြတဲ့ အခန်းလေးတွေ ပါရှိပါတယ်။ 

စာရေးသူ အကြိုက်ဆုံးအချက်ကတော့ မသန်စွမ်းသူတွေမှာ သူလို ငါလို အရည်အချင်းတွေ အစွန်းအစတွေ ရှိကြတယ်။ ဒီ သူတို့ရဲ့ ပင်ကိုအရည်အချင်းတွေကို ဖွံ့ဖြိုးအောင် ၀ိုင်းဝန်းပြီးအကူအညီးပေးကြရမယ်၊ နောက် ပြီး အသုံးချနိုင်ခွင့်ရှိအောင်လည်း အခွင့်အလမ်းတွေပေးရမယ်ဆိုတာကို ဇာတ်ကောင်ဒေါက်တာပတ်ရွန်းနဲ့ သက်သေထူပြလိုက်တာပဲဖြစ်တယ်။


ဒေါက်တာပတ်ရွန်း ဆေးရုံကို ပထမဆုံးစပြီးရောက်လာတော့ ဆရာဝန်ကြီးတွေကော ဆရာဝန်အ ငယ်လေး တွေကပါ သူရဲ့ ထူးခြားတဲ့ စကားပြောပုံ၊ မျက်နှာအနေအထားနဲ့သွားပုံလာပုံတွေကိုကြည့် ပြီး နှာခေါင်း ရှုံ့ ကြ ပါတယ်။ သူ့ကိုလူနာတွေကကြည့်ပြီး သူတို့ဆေးရုံ သိက္ခာကျသွားမှာ စိုးရိမ်ကြပါတယ်။ စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာပါ။ လူနာဆိုတာက ဆရာဝန်ကို နေတာထိုင်တာ ၀တ်တာစားတာ ပြောတာဆိုတာကစ အထင်ကြီး ဖို့ လိုပေတာကိုး။ သူတို့ရဲ့ ရောဂါဝေဒနာများကို ကုသပေးမယ့်ဆရာဝန်ကိုယ်တိုင်က ရုပ်ပိုင်းမသန်စွမ်းဖြစ်နေ မယ်၊ အပြုအမူပိုင်းဆိုင်ရာ ချွတ်ယွင်း မှုရှိနေမယ်ဆိုရင် ဘယ်မှာအားကိုးရဲပါ့မလဲလေ။

ဒါပေမယ့် ဒေါက်တာပတ်ရွန်းမှာ စောစောကပြောတဲ့ အားနည်းချက်တွေရှိသလို အခြားတစ်ဖက်ကလည်း သူ့ မှာ ထူးခြားတဲ့ဉာဏ်ရည်ဉာဏ်သွေးက ရှိနေပါတယ်။ အဲဒါကတော့ မှတ်သားဉာဏ် အလွန်အားကောင်း တာ ပဲဖြစ်တယ်။ သူ သင်ယူခဲ့ရတဲ့စာတွေကို သူက အားလုံး ဂဃနဏ မှတ်မိနေတယ်။ ခန္ဓာကိုယ်အင်္ဂါအ စိတ်အ ပိုင်းတွေကို သူ့မျက်စေ့ထဲမှာ ကွက်ကွက်ကွင်းကွင်း ပြန်မြင်နေတာ။ ဒါ့ကြောင့် ခွဲစိတ်နေရင်း အခက်တွေ့ နေ ကြရင် သူက "ဒီလိုမဟုတ်ဘူး" "အဲဒီလိုလုပ်လို့ မရဘူး" "ဘယ်လိုလုပ်မှ ရမယ်" အစရှိသဖြင့် အဖြေရှာပေး တတ်တယ်။ 


သူရဲ့ နောက်အရည်အချင်းတစ်ခုကတော့ ခွဲစိတ်ကုသတာနဲ့ပတ်သက်ပြီး လူနာနဲ့လူနာရှင်တွေကို ရိုးရိုးရှင်းရှင်း အားပေးပြောပြတတ်တာဖြစ်တယ်။

ဒီနေရာမှာ အော့တစ်ဇင်ရောဂါရှိကြသူတွေအားလုံးဟာ ဒေါက်တာပတ်ရွန်းလိုပဲလားလို့မှတ်ယူကြရင် မမှန်ပါ ဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဦးနှောက်ရဲ့ လုပ်ငန်းချွတ်ယွင်းမှုကြောင့်ဖြစ်လာရတဲ့ အော့တစ်ဇင်ရဲ့ လက္ခဏာ များ (characteristics of autism)ဟာ တစ်ဦးနဲ့တစ်ဦး အလွန်ကွာခြားတတ်ကြလို့ပါ။

ဒါ့ကြောင့် ရောဂါအမည်ကို Autismလို့ တစ်လုံးတည်း သတ်မှတ်မည့်အစား Autism Spectrum Disorder (ASD) လို့ တိတိကျကျ သတ်မှတ်ခေါ်ဝေါ်ရခြင်း ဖြစ်ပါတယ်။ 

ယခု'ဆရာဝန်'ဇာတ်လမ်းမှာ ချစ်ရေးချစ်ရာကိစ္စလေးများကို ရောမွှေထည့်ထားပါသေးတယ်။ 

အပျိုကြီး လူပျိုကြီးများဖြစ်ကြတဲ့ သူနာပြုဆရာ၊ဆရာမကြီးတို့အတွဲက အရယ်အမောလေးတွေနဲ့။ လူငယ်ဆ ရာဝန်လေးနဲ့ လူနာကလေးမလေးရဲ့ အမတို့အတွဲက မရေမရာ မသေမချာ အုံ့ပုန်းအချစ်ဟာမျိုး။ အဓိကဇာတ် ကောင်များဖြစ်တဲ့ ဒေါက်တာပတ်ရွန်းနဲ့ ဒေါက်တာချားတို့အတွဲက ဆွတ်ပျံ့ ကြည်နူးဖွယ်ရာ အချစ်မျိုးလေး။ 

သူတို့နှစ်ဦးရဲ့ အချစ်မှာက နီးစပ်မှုပါတယ်။ မိန်းမသားမို့ သနားရာကနေ ဂရုဏာသက်မိတာလည်း ပါတယ်။ ချစ်တာလား ဂရုဏာသက်မိတာသက်သက်ပေပဲလားဆိုတာ ဝေခွဲမရတာမျိုးဖြစ်တယ်။ နောက်ဆုံးတော့ ချစ် တာဟာ ချစ်တာပဲလို့ နားလည်လက်ခံလိုက်ပြီး ယောင်္ကျားတွေမှာရှိခဲတဲ့ မိန်းမသားသတ္တိအပြည့်နဲ့ အများက မေးငေါ့ပြောဆိုကဲ့ရဲ့ ကြမှာကို ကျောခိုင်းပြီး ဒေါက်တာချားက ဒေါက်တာပတ်ရွန်း၏အချစ်ကို ပွေ့ပိုက်လိုက် တယ်။

သည်မှာ ဆရာဝန်ဇာတ်လမ်းက ပြီးသွားတယ်။ 






ယေဘုယျ (အသံထွက် - ယဗုန်ယာ့) = အများအားဖြင့် ဖြစ်သော၊
စောင်းကန်းစောင်းကန်း (အသံထွက် - စောင်းဂန်း စောင်းဂန်း) = တည့်တည့်ဖြောင့်ဖြောင့် မဟုတ်ဘဲ။
လိမ်ဖည်ဖည် (အသံထွက် - လိန်ဖယ်ဖယ်) = ကောက်ခွေ စောင်းရွဲ့ သော။
 အုံ့ပုန်းချစ်(အသံထွက် - အုန့်ဗုန်းချစ်) = အတွင်းကျိတ် ခံစားသောအချစ်။ ပွင့်ပွင့်လင်းလင်း မရှိသော                                                                                                  အချစ်။