"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, June 21, 2020

ကိုဗစ်-၁၉ ကပေးသော အမြတ်




  



မနေ့ညနေက မြန်မာပြည်က PT သမီးတစ်ဦးက မိမိထံ ဖေ့စ်ဘွတ်ကတဆင့် ဖုန်းဆက်ပါသည်။

သူနှင့် ဟိုအကြောင်းဒီအကြောင်း စကားစမြည်ပြောကြရင်း မိမိ၏အလုပ်အကြောင်းရောက်သွား၏။

မိမိက ဆေးရုံမှာ အဆုတ်ရောဂါလူနာများကို Chest Physiotherapy ခေါ် အဆုတ်နှင့်လေရှူလမ်းကြောင်းဆိုရာလေ့ကျင့်ကုသမှုများ လုပ်ပေးနေရကြောင်းပြောပြသည်။

အခြားတစ်ဖက်မှ အကြီးတန်းအတိုင်ပင်ခံသမားတော်ကြီး(Senior Consultant Physian)က ဆေးဝါးများညွှန် ကြားထားသည်။
သူနာပြုဆရာမများကလည်း လိုအပ်သည့်စောင့်ရှောက်မှုများပေးနေကြသည်။

အဓိက ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အဆုတ်နှင့်လေရှူလမ်းကြောင်းအတွင်းရှိ သလိပ်များ ချောင်းဟန့်ပြီး အပြင်သို့ထွက်လာစေရန် (removal of mucus/phlegm)

၂။ အသက်ရှူအား (အသက်ရှူကြွက်သားအားနှင့် အောက်ဆီဂျင်စုတ်ယူနိုင်စွမ်း) ကောင်းလာစေရန်

၃။ အသက်ရှူရ လွယ်ကူစေရန်

၎။ အဆုတ်ရောဂါ သက်သာပျောက်ကင်းပြီး ပြန်လည်ကျန်းမာလာစေရန်

သို့သော် မိမိ၏လူနာအချို့ သည် ကိုဗစ်-၁၉ သံသယရှိသူများနှင့်ကိုဗစ်-၁၉ ဖြစ်သူများ (suspected and confirmed cases of COVID-19) ပါရှိနေသဖြင့် 'ဆရာရေ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပါနော်' ဟု စိုးရိမ်မှုလေသံလေးဖြင့် သတိပေးရှာပါသည်။

သို့ဖြစ်ရာ မိမိက ကျန်းမာရေးကို ဂရုတစိုက်ရှိနေကြောင်းပြောပြရသည်။

၁။ အစားကောင်းကောင်းစားသည်။
၂။ အိပ်ရေး၀၀အိပ်သည်။
၃။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှု မှန်မှန်လုပ်သည်။

အစားကောင်းကောင်းစားရသည်မှာ အိမ်ရှင်မက လိုအပ်သည့်အာဟာရများ မျှမျှတတပါရှိစေရန် သေသေချာချာ ဂရုတစိုက်ချက်ပြုတ်ပေးနေသောကြောင့်ဖြစ်သည်။


       

    
                                                                                                   

၁။ မုံ့ဟင်းခါး
၂။ အစုံသုတ်
၃။ အမဲသားကျော်၊ ငါးခြောက်ဖုတ်၊ ငါးဆုတ်ဟင်း၊ ငါးပိကြော်၊ ပဲကုလားဟင်း
၎။ မျှစ်ချဉ်ဟင်း၊ ပုဇွန်ကြော်၊ ခရမ်းသီးနှပ်၊ ဘလချောင်ကြော်၊
၅။ သခွားချိုသီးဖျော်
၆။ ထမနဲ
၇။ ခေါပုတ်ကြော်


 (၆)


 (၇)


ယခင်အခါများကမူ မိမိ၏တစ်နေ့အိပ်ချိန်သည် ပျမ်းမျှအားဖြင့် ၅ နာရီခန့်သာရှိခဲ့တတ်သည်။

အသက်ကြီးလာပြီဖြစ်သဖြင့် အိမ်ရှင်မက မကြခဏပင် သတိပေးနေသည့်ကြားထဲက အအိပ်အနေနည်းခဲ့ပါသည်။

အိမ်ရှင်မက အိမ်မှာနေ့စဉ်ချက်ပြုတ်နေသဖြင့် အစားအသောက်ကိစ္စမှာ ပြသနာမရှိဟုပြောနိုင်ပါသည်။

အစားအစာ ဂဂျီဂချောင်များလှသော မိမိကသာ ..

ရေများများသောက်လေ့မရှိ။
ဟင်းသီးဟင်းရွက်နှင့် အသား ငါးများကို များများစားလေ့မရှိ။

ကြိုက်၍စားသမျှမှာလည်း များသောအားဖြင့် ဗိုက်ဝရုံလေးမျှသာ။

သို့တစေ COVID-19 ဆိုသောငတိကြီးက ကမ္ဘာတွင်သာမက မိမိ၏လုပ်ငန်းခွင်ထဲအထိကိုပါ ပြောင်ပြောင်တင်းတင်းကြီး ရန်မူသောင်းကြမ်းလာပြီဆိုသောအခါတွင်ကား မိမိသည် မလိမ္မာ၍လုံးဝမဖြစ်တော့ကြောင်း ကောင်းစွာသဘောပေါက်ခဲ့သည်။

ထိုကြောင့် အအိပ် အစားနှင့် ကိုယ်လက်လေ့ကျင့်မှုများကို စည်းကမ်းတကျ နေ့စဉ်မှန်မှန်ကြီး လုပ်ဖြစ်နေပါတော့ပြီ။ 




Saturday, June 20, 2020

ဆိုင်မှာစားလို့ ရပါပြီဗျို့ 




                     ဇွန်လ ၁၉  ရက်နေ့က ၀ု့ဒ်လဲန်းကုန်တိုက်ကြီးကဆိုင်တွေမှာ လူတွေနဲ့စည်စည်ကားကား။



ခေါင်းစဉ်ကိုဖတ်ရပြီး ရုတ်တရက်ဆိုတော့ 'ဆိုင်မှာစားလို့ရတာက ဘာများအထူးအဆန်းဖြစ်လို့လဲ'လို့ ထင်စရာရှိပါတယ်။

ဟုတ်ပါတယ်။

ကိုဗစ်-၁၉ ရဲ့ ကျေးဇူးတော်ကြောင့် စင်ကာပူနိုင်ငံမှာ ဧပြီလ ၇ ရက်နေ့ကစပြီး 'စားကစ်ဘရိတ်ကာ' (circuit breaker) လို့ခေါ်တဲ့ တင်းကျပ်တဲ့ ခပ်ခွာခွာနေထိုင်ရေးမူ(safe distancing measures) ကို ၂ လကြာ ချမှတ်ခဲ့တာဖြစ်လို့ မိမိတို့တတွေဟာ လက်ဘက်ရည်ဆိုင်အပါအ၀င် စားသောက်ဆိုင်တွေအားလုံးမှာ အစားအစာများကို ပုံမှန်လို ထစား ထိုင်စားလို့ မရတော့ပါဘူး။ 

ဆိုင်ကနေ၀ယ်ပြီး ယူသွားလို့ပဲရတော့တာ။ 

ဆိုင်တွေမှာ ထိုင်စားခဲ့ရင် ကိုဗစ်-၁၉ စည်းကမ်းများနဲ့အညီ ဥပဒေအရအပြစ်ဖြစ်ပါတယ်။
ငွေ ဒါမှမဟုတ် ထောင်ဒဏ်အထိ အပြစ်ပေးခံရတတ်ပါတယ်။

ခွင့်ပြုထားတဲ့ တစ်နေရာရာမှာပဲ စားနိုင်ကြရတော့တာ။

ဒါကြောင့် စားသောက်ဆိုင်တွေက စားပွဲတွေမှာ ထိုင်ခုံတွေမရှိကြတော့ဘူး။ 

ထိုင်ခုံတွေကိုခေါက်ထား ထပ်ထားပြီး ဆိုင်ရဲ့ တစ်နေရာရာမှာ သိမ်းထားကြတာကိုတွေ့ခဲ့ကြရတယ်။ 

စားပွဲတွေခမျာ အမော်မဲ့ရှာကြပေါ့လေ။

အဲ ဒါပေမယ့် ..

အခုလ ၁၈ ရက်နေ့ကစပြီး 'စားကစ်ဘရိတ်ကာအလွန်' (post-circuit breaker) ကာလရဲ့  ပထမကာလ (Phase One) ဟာ အောင်မြင်စွာပြီးသွားခဲ့တာကြောင့် နောက်တစ်နေ့ဖြစ်တဲ့ ၁၉ ရက် (သောကြာနေ့) ကစပြီး စားသောက်ဆိုင်တွေမှာ သတ်မှတ်ထားတဲ့ကိုဗစ်-၁၉ စည်းကမ်းများနဲ့အညီ စားသောက်ကြဖို့ ခွင့်ပြုခဲ့ပါတယ်။

ပထမကာလ (Phase One) အောင်မြင်တယ်ဆိုတာကို ဘာနဲ့တိုင်းတာပါသလဲ။

ဒေသခံနိုင်ငံသား (တနည်း နိုင်ငံခြားမှပြန်လာသည့်စင်ကာပူနိုင်ငံသားနှင့် နိုင်ငံခြားမှလာရောက်သူနိုင်ငံခြားသား မဟုတ်ကြသူများ) မှာ ကိုဗစ်-၁၉ ဗိုင်းရပ်(စ)ရောဂါပိုးကူးစက်မှု (community infection) လျှော့နည်းလာတာ ၂ ပတ်ကြာတဲ့အထိ အဲဒီအတိုင်းဆက်လက်တည်ငြိမ်နေခဲ့တဲ့အတွက်ကြောင့်လို့ဆိုပါတယ်။





ဒါကြောင့် ဒီလိုနေ့ကိုစောင့်နေတဲ့မိမိဟာ 'ခွင့်ပြုချက်ရတဲ့ပထမဆုံးနေ့မှာပဲ စားမယ်' လို့ကြုံးဝါးထားခဲ့တဲ့အတိုင်း နေ့ခင်းအလုပ်ပြီးလို့ပြန်လာတဲ့အခါ KFC ဆိုင်မှာ နေ့လည်စာကို ထိုင်ပြီးစားဖြစ်ခဲ့ပါတယ်။








ကော့(စ)ဝေးပွိုင့်ကုန်တိုက်ကြီး
ထဲက KFC ဆိုင်








အစကတော့ အိမ်ရှင်မနဲ့အတူ အခါတိုင်းလို စားကြဖို့ပါပဲ။

ဒါပေမယ့် အိမ်ရှင်မက မလာနိုင်တာကြောင့် အစက ဒီမှာစားဖို့ဆိုတာထက် အခြေအနေဘယ်လိုရှိလဲသိချင်တာနဲ့ ကော့(စ)ဝေးပွိုင့်ကုန်တိုက်ကြီးရှိမြေညီထပ်က KFC ဆိုင်ကိုသွားကြည့်လိုက်ပါတယ်။

မိမိ စောစောက ထင်ထားသလို ဆိုင်ထဲမှာလူမများတာတွေ့ရလို့ တစါထဲ ၀င်စားဖြစ်လိုက်တော့တာ။

တကယ်လို့ ဆိုင်ထဲမှာလူတွေများနေမယ်ဆိုရင်တော့ ဒီမှာမစားပဲ မိမိတို့အိမ်နဲ့နီးတဲ့ ဂျူရောင်းဝက်(စ)ကိုရောက်တော့မှ စားမယ်၊ အိမ်ရှင်မနဲ့သားအတွက်လဲ ၀ယ်သွားပေးလိုက်မယ်လို့ တွေးထားခဲ့တာဖြစ်တယ်။

အခုတော့ အဆင်ပြေနေတာကြောင့် စားဖြစ်သွားခဲ့တာဖြစ်တယ်။



Sunday, June 7, 2020

ဟိုတစ ဒီတစ အမှတ်တရလေးများ



လူတိုင်းလူတိုင်းရဲ့ ဘ၀မှာ အမှတ်ရစရာလေးတွေ အနည်းနဲ့အများဆိုတာက ရှိတတ်ကြစမြဲပါ။

ငယ်စဉ်ကလေးဘ၀ လူမှန်းသိတတ်စအရွယ်ကပဲဖြစ်ဖြစ်
ကျောင်းနေတဲ့အရွယ်ကပဲဖြစ်ဖြစ်
တက္ကသိုလ်ရောက်တဲ့အရွယ်ကပဲဖြစ်ဖြစ်
အလုပ်ထဲရောက်တဲ့အရွယ်ကပဲဖြစ်ဖြစ်
သမီးရည်းစားဘ၀နဲ့အိမ်ထောင်ကျတဲ့အရွယ်ကပဲဖြစ်ဖြစ်
သားသမီးတွေ မြေးမြစ်တွေရလာတဲ့အရွယ်မှာပဲဖြစ်ဖြစ်

အို စုံလို့ စုံလို့ပါ။

ဘ၀မှာ အတွေ့အကြုံမျိုးစုံကို ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းလာခဲ့ကြရသလို အမှတ်ရစရာလေးတွေ သတိရစရာလေးတွေ ရှိခဲ့ကြရတာ ဓမ္မပဲလေ။

ကောင်းတာလဲရှိ။ 
ဆိုးတာလဲရှိ။

အကောင်းလဲမဟုတ် အဆိုးလဲမဟုတ်တဲ့ ဘာရယ်မဟုတ်တာတွေလဲ ရှိကြလို့ပေါ့လေ။

တချို့ တွေက ကိုယ်ကပြန်တွေးကြည့်မိလို့ အမှတ်ရလာတာ။

တချို့ တွေကတော့ ကိုယ်က ဘာမှပြန်တွေးကြည့်တာမျိုးမရှိပဲ သူ့အလိုလိုလေး ဗြုံးစားကြီး 'ဘွား'ကနဲပေါ်လာပြီး သတိတရရှိတတ်ကြတာ။

ခေါင်းစဉ်မှာ 'ဟိုတစ ဒီတစ'လို့ပြောထားသလို အမှတ်တရဆိုတာမျိုးက အရွယ်အပိုင်းအခြား ကာလအပိုင်းအခြားနဲ့ အစီအစဉ်အတိုင်းပေါ်လာတတ်ကြတာမျိုး မဟုတ်ဘူးလေ။

အဲဒီ အရွယ်အပိုင်းအခြား ကာလအပိုင်းအခြားတွေနဲ့ကင်းပြီး ဖြစ်လာကြတာပါ။

ကဲပြောကြည့်ပါမယ်။

မိမိက မနက်တိုင်း ရေမိုးချိုးပြီးလို့ အလုပ်မသွားခင်မှာ နှုတ်ခမ်းမွှေး မေးမွှေးတွေကိုကပ်ကြေးလေးနဲ့ညှပ်ကာသန့်စင်ပေးပါတယ်။

မိမိက  နှုတ်ခမ်းမွှေး မေးမွှေးတွေကိုသန့်စင်တဲ့အခါ မုတ်ဆိတ်ရိပ်ဓားနဲ့စက်ကို အသုံးပြုလေ့မရှိမပါဘူး။ 

ဒါကလဲ မိမိ သန့်စင်ပေးရမယ့်နေရာမဟုတ်တဲ့ မျက်နှာရဲ့ တခြားနေရာတွေကအမွှေးတွေထွက်လာတာမျိုး မဖြစ်ချင်တာကြောင့်ပါ။

ထားပါတော့။

ဒါကြောင့် ခရီးသွားတဲ့အခါတိုင်း နှုတ်ခမ်းမွှေး မေးမွှေးညှပ်တဲ့ကပ်ကြေးလေးကို လက်သည်းညှပ်၊ ရှူဆေး၊ နဖာကလော်၊ မွှေးညှပ် အစရှိတာတွေနဲ့အတူ အိတ်ကလေးတစ်ခုမှာ စုထည့်ပြီး အမြဲယူသွားလေ့ရှိပါတယ်။

ကပ်ကြေးက အရှည် ၃ လက်မလောက်ပဲ ရှိပါတယ်။ 

ကပ်ကြေးရဲ့ ထိပ်ပိုင်းအချွန်နေရာမှာ အသားကိုမထိုးမိစေဖို့ ကော့တင်ထားပေးပါတယ်။



တနေ့မနက်က နှုတ်ခမ်းမွှေး မေးမွှေးတွေညှပ်အပြီးမှာ 'အမွှေးတွေစင်ရဲ့ လား'လို့ အိမ်ရှင်မဘက်ကို မျက်နှာလှည့်ပြရင်း အမှတ်မထင်လေး မေးလိုက်မိပါတယ်။

ဒီအခါ အိမ်ရှင်မက၊

'အဖေကြီး ကိတ်(ပ)တောင်းကို ဖုန်းနဲ့လှမ်းမေးကြည့်လိုက်လေ'

လို့ ရယ်စရာပြောပါတယ်။ 

အဲဒီတော့မှ တောင်အာဖရိကနိုင်ငံ ကိတ်(ပ)တောင်းမြို့ မှာကြုံတွေ့ခဲ့ရတာလေးကို ပြန်ပြီးအမှတ်တရဖြစ်ရပါတယ်။

ငိုအားထက် ရယ်အားသန်ရတဲ့အဖြစ်အပျက်လေးရယ်ပါ။

တစ်ချိန်က စိတ်ညစ်စရာကြုံတွေ့ခဲ့ရပေမယ့် နောင်တော့ အဲဒီအတွေ့အကြုံကို ရယ်စရာတစ်ခုအဖြစ် ပြန်ပြီးအမှတ်ရရတာမျိုးပါ။ 


ဖြစ်ရပုံက ဒီလို။

၂၀၁ရ ခုနှစ် ဂျူလိုင်လက တောင်အာဖရိကနိုင်ငံ ကိတ်(ပ)တောင်းမြို့ မှာကျင်းပမယ့် World Confederation for Physical Therapy Congress  တက်ရန် စင်ကာပူနိုင်ငံက မိမိ စီးလာခဲ့တဲ့ အီသီအိုးပီးယားအစိုးရပိုင် အီသီအိုးပီးယားလေကြောင်းလိုင်းလေယဉ်ဟာ သူရဲ့ မြို့ တော်ဖြစ်တဲ့'အဒစ်(စ)အာဘာဘာ'ရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးတစ်ထောက်ရပ်နားခဲ့ပါတယ်။ 



အီသီအိုးပီးယားလေကြောင်းလိုင်းက လေယဉ်တစ်စီး


အဲဒီကမှ အီသီအိုးပီးယားလေကြောင်းလိုင်းပိုင် နောက်လေယဉ်တစ်စီးကိုပြောင်းစီးကြရပြီး တောင်အာဖရိကနိုင်ငံရဲ့  အကြီးဆုံးမြို့ ဖြစ်တဲ့ ဂျိုဟန်နက်(စ)ဘတ်မှာ ဒုတိယအကြိမ်ခရီးတစ်ထောက် ထပ်ပြီးနားခဲ့ရပြန်ပါတယ်။

အဲဒီကနေခရီးဆက်ပြီးတော့ ကိတ်(ပ)တောင်းမြို့ ကို ဒေသအချိန် ညနေ ၅ နာရီကျော်မှာ ရောက်ခဲ့တာပါ။

ဒီတော့ ထုံးစံအတိုင်း လေယာဉ်ပေါ်ကဆင်း၊ လေဆိပ်ထဲဝင်ပြီး ပစ္စည်းရွေးတဲ့နေရာကိုသွားပါတယ်။ 

ပြသနာက ဒီနေရာမှာ စပါတော့တယ်။ 

တစ်ပတ်ပြီးတစ်ပတ်လည်နေတဲ့ပစ္စည်းတင်စင် (baggage carousel) မှာ မိနစ် ၂၀ ကျော်လောက်စောင့်ကြည့်နေပေမယ့် မိမိရဲ့ လက်ဆွဲအိတ်ကို မတွေ့ရဘူး။ 
ပစ္စည်းတွေလဲကုန်လို့ ခရီးသည်တွေလဲ မရှိကြတော့ဘူး။

ဒါနဲ့ မိမိက ပစ္စည်းပျောက်စုံစမ်းဌာန (baggage claim office) ကို သွားမေးပါတယ်။

အဲဒီဌာနက တာဝန်ရှိသူတွေက မိမိရဲ့  ခရီးဆောင်သေတ္တာလက်ခံဖြတ်ပိုင်း (luggage tag) ကိုကြည့်ပြီး 'အဒစ်(စ)အာဘာဘာ' နဲ့ ဂျိုဟန်နက်(စ)ဘတ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကို မေးပါတယ်။

နောက်ဆုံးအဖြေကတော့ ..

၁) မိမိရဲ့ ခရီးဆောင်သေတ္တာက 'အဒစ်(စ)အာဘာဘာ' လေဆိပ်မှာ ကျန်ခဲ့တယ်တဲ့။
၂) အီသီအိုးပီးယားလေကြောင်းလိုင်းက နောက်လေယဉ်တစ်စီးလာဖို့မရှိတော့လို့ ဒီနေ့ သေတ္တာမရနိုင်ဘူးတဲ့။
၃) မနက်ဖန်မှာ နေ့ခင်းလေယာဉ်နဲ့ပါလာမှာမို့ အဲဒီအခါမှပဲ သေတ္တာပြန်ရမှာဖြစ်ပါတယ်၊ မိမိတည်းခိုတဲ့ဟိုတယ်ကို အကြောင်းကြားပေးပါမယ်တဲ့။

ခရီးဆောင်သေတ္တာကိစ္စပြောဆိုပြီးတဲ့အခါ မိမိကိုလာကြိုတဲ့ကားနဲ့ ဟိုတယ်ကိုသွားပါတယ်။


  
မိမိတည်းခိုခဲ့သော Southern Sun The Cullinan ဟိုတယ်ရှေ့ မှာ။



ကိုယ်နဲ့အတူ ခရီးဆောင်သေတ္တာမပါလာတာကြောင့် နောက်ပြသနာတစ်ခု ဆက်ပြီးကြုံရပြန်ပါတယ်။

အဲဒါကတော့ မနက်ဖန်မနက်မှာပြုလုပ်မယ့် ညီလာခံဖွင့်ပွဲ (WCPT Congress 2017 Opening Ceremony) မှာဝတ်ဖို့ အ၀တ်အစားတွေ မရှိတာဖြစ်တယ်။

လေယာဉ်မှာဝတ်လာခဲ့တဲ့ ကိုယ်မှာအခုဝတ်ထားတာ ၁ စုံပဲရှိပါတယ်။

နောက်ပြီး မနက်မှာ နှုတ်ခမ်းမွှေး မေးမွှေးတွေညှပ်ဖို့ရာ ကပ်ကြေးကလဲ အဲဒီသေတ္တာထဲမှာပဲရှိတာ။

ဟုတ်ပါတယ်။ 

ပစ္စည်းအားလုံးက ခရီးဆောင်သေတ္တာထဲမှာပါ။





၁။ ပုံ ၂ က ပစ္စည်းလေးတွေ
အားလုံး စုထည့်တဲ့အိတ်  


၂။ ကပ်ကြေး၊ လက်သည်းညှပ်၊
ရှူဆေး၊ နဖာကလော်၊ မွှေးညှပ်
စတဲ့ တိုလီမိုလီပစ္စည်းလေးများ

၃။ နှုတ်ခမ်းမွှေး မေးမွှေးတွေ
ညှပ်တဲ့ကပ်ကြေးလေး







ဒါနဲ့ ဟိုတယ်ကိုပြောပြပြီး အကူအညီတောင်းတော့ ကပ်ကြေးအသေးလေးတစ်ခုရှာပေးပါတယ်။

မိမိအသုံးပြုနေတဲ့ကျကပ်ကြေးနဲ့ပုံစံမတူလို့ ညှပ်ရတာက ဟုတ်တိပတ်တိ အဆင်မပြေလှပါဘူး။

ခက်ခက်ခဲခဲလေး ညှပ်ယူရပါတယ်။ 

အမွှေးအမျှင်က စိတ်တိုင်းကျတော့ မစင်ဘူးပေါ့။

ဒါနဲ့ ဟိုတယ်ဝန်ထမ်းအမျိုးသားလေးကို ကပ်ကြေးပြန်ပေးရင်း ..

"ကဲ ဘယ်လိုလဲကွ၊ ငါ ညှပ်ထားတာ စင်ရဲ့ လား" လို့မေးလိုက်ပါတယ်။

ဒီအခါမှာ သူက မိမိရဲ့ မျက်နှာကိုသေချာကြည့်ပြီး၊

"Very clean Sir" လို့ပြောပါတယ်။

တကယ်စင်တာ မစင်တာကို အပထားပြီး ဒီလိုဖြေလိုက်တာကိုတော့ မိမိ အရမ်းသဘောခွေ့ သွားခဲ့မိတယ်။

စင်ကာပူကိုပြန်ရောက်တော့ အိမ်ရှင်မကို ဒီအကြောင်းပြောပြပြီး ရယ်ကြရသေးတယ်။





Saturday, May 30, 2020

အခန်းအောင်း လင်မယား (၂)



အဝေးရောက်ဓမ္မသင်တန်းသူ

 မိမိနှင့်ဇနီးတို့သည် ဆရာတော်ကြီးများ၏တရားများနှင့်ဓမ္မသင်တန်းများကို မဟာဗောဓိရုပ်သံမှ နေ့စဉ်နေ့ တိုင်းလိုလို နာယူလေ့ရှိပါသည်။

များသောအားဖြင့် စနေ တနင်္ဂနွေကဲ့သို့သောရက်များမှာ ပို၍ကြားနာဖြစ်ပါ၏။ 

ယခုကဲ့သို့ အိမ်မှအပြင်သို့လုံးဝမထွက်ဖြစ်သည့်အချိန်မျိုးတွင် မိမိတို့အဖိုးကြီးအဖွားကြီးနှစ်ဦးအခန်းအောင်း ရင်းတရားနာယူခြင်း၊ သင်ယူမှတ်သားခြင်း၊ လေ့လာခြင်းနှင့် ဆွေးနွေးခြင်းတို့ကို  အေးအေးဆေးဆေးပြုလုပ်လျက် ကုသိုလ်ယူခွင့်ရကြပါသည်။

မိမိက တရားတော်များကို ကြားနာရုံသာကြားနာပြီးလေ့လာမှတ်သားကာ ဇနီးဖြစ်သူကမူ သူ၏လက်စွဲ "ဗုဒ္ဓဘာသာကောင်း တစ်ယောက်" စာအုပ်ကြီးကိုဖွင့်လျက် နာယူလေ့ရှိသည်။


                  



ဟောပြောသောတရားဓမ္မများကို စာအုပ်တွင်ရှာပြီး တိုက်ဆိုင်နာယူပါသည်။ 

တခါတရံမှာ ဆရာတော်ကြီးများ ရွတ်ဖတ်သည့်ပါဠိစာသားများကို နောက်မှလိုက်ပါရွတ်ဆိုခြင်းပြုလုပ်ပါသည်။

နောက်ပြီး စာအုပ်ထဲတွင်မပါရှိသော ဆရာတော်ကြီးများ၏ရှင်းလင်းချက်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မှတ်စုလိုက်ထုတ်လျက် ဆိုင်ရာစာမျက်နှာနှင့်စာပိုဒ်များအနီးတွင် ဖြည့်စွက်ရေးသွင်းပါသည်။

ဆရာတော်ကြီးများက ဥပမာအမျိုးမျိုးပေးပြီးရှင်းပြတတ်ကြသဖြင့် ယခင်စာအုပ်ဖတ်ထားသည်ထက် များစွာသဘောပေါက်နားလည်းခြင်းရှိလာသောကြောင့် အလွန်ပင်ကျေးဇူးကြီးလှပါပေသည်။









တီဗွီရှေ့ တွင် တရားနာရင်း
ဓမ္မကို လေ့လာနေ  












တစ်ချိန်တည်းမှာ အဖွားကြီးက ပါဠိဝေါဟာရနှင့် အင်္ဂလိပ်စာလုံးတို့ကို တွဲဖက်မှတ်သားတာမျိုးလည်း ရှိပါသေးသည်။

အထူးသဖြင့် အောက်စဖို့ဒ်ဆရာတော်က အင်္ဂလိပ်စာလုံးများ အတော်များများလေးညှပ်ပြီး ဟောပြောသင်ကြားတတ်ပါသည်။

ဥပမာ၊

ဥပါဒါန် - attachment 
လောဘ - greed
အနိစ္စ - impermanent

မိမိကိုယ်တိုင်ကလည်း ယင်းသို့တွဲဖက်လေ့လာရခြင်းကို နှစ်သက်မိပါသည်။




Friday, May 22, 2020

အခန်းအောင်း လင်မယား (၁)





တနေ့တနေ့ 
ဒီတီဗွီရှေ့ မှာ
အဖိုးကြီးနဲ့အဖွားကြီး
ထိုင်ပြီး အချိန်ကုန်နေကြရ ..








ဝင်းဦး၏မန္တလေးသင်္ကြန်သီချင်းကို အလွမ်းပြေနားထောင်



စင်ကာပူနိုင်ငံမှာ 'စားကစ်ဘရိတ်ကာ' (circuit breaker) ခေါ် တင်းကျပ်တဲ့ ခပ်ခွာခွာနေထိုင်ရေးမူ (safe distancing measures) ကို  ဧပြီလ ၇ ရက်နေ့ကစပြီးချမှတ်လိုက်တော့ လူတွေအားလုံးလိုလို အိမ်ထဲမှာပဲ 
နေနေကြရတော့တာ။

လုပ်ချင်ချင် မလုပ်ချင်ချင် အခန်းအောင်းပြီးနေကြရတော့တာ။

မတတ်သာလို့ ကိစ္စရှိတဲ့အခါတွေမှာ အပြင်ကိုထွက်ကြရပြန်ရင်လဲ ဘတ်(စ)ကားမှတ်တိုင်နဲ့ဘူတာရုံတွေ
မှာဖြစ်ဖြစ်၊ ဘတ် (စ)ကားနဲ့ ရထားတွေအထဲမှာဖြစ်ဖြစ်၊ စားသောက်ဆိုင်တွေမှာဖြစ်ဖြစ်၊ ရုံးဌာနတွေမှာ
ဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၃ ပေလောက်အကွာမှာ ရပ်ကြရတယ်လေ။

နောက်ပြီး အိမ်ကနေစထွက်တာနဲ့ နှာခေါင်းစည်းက မတပ်မနေတပ်ကြရသေးတယ်။

ဒါကလဲ နိုင်ငံအတွင်းက လူတွေအချင်းချင်း ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး အလျင်အမြန်ကြီး မကူးစက်လွယ် မ
ပျံ့ ပွားလွယ်စေရအောင်ပါ (local transmission of COVID-19)။

တစ်နည်းပြောရရင် လူတွေအချင်းချင်း အိမ်မှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်တွေမှာဖြစ်ဖြစ် လမ်းမှာဖြစ်ဖြစ် ထိ
တွေ့ ဆက်ဆံတာ (interactions in public and private places) မလုပ်ကြဖို့ အခါမလတ် သတိပေးနေပါ
တယ်။

အစိုးရက လူတွေကို ကိုယ့်အိမ်မှာပဲကိုယ်နေကြဖို့ (stay home)၊ ဖြစ်နိုင်သလောက် အိမ်အပြင်ကို မထွက်
ကြဖို့တိုက်တွန်းထားပါတယ်။

တိတိကျကျပြောရရင်တော့ အမိန့်ထုတ်ထားတာပါ။

ဒါကြောင့် မိမိတို့အဖိုးအဖွားနှစ်ယောက်လဲ များသောအားဖြင့် အိမ်ကဧည့်ခန်းမှာပဲ အချိန်ကုန်နေကြ
ရတယ်။









ဧည့်ခန်းမှာ ဒီလိုပဲထိုင်ပြီး တီဗွီကြည့်နေကြတာ



မိမိကတော့ ဆေးရုံကို မနက်ပိုင်းတစ်ပိုင်းနေ့တိုင်း အလုပ်လုပ်နေတာဖြစ်လို့ နေ့ခင်းမှာမှ အိမ်ကိုပြန်
ရောက်လေ့ရှိပါတယ်။

အိမ်ပြန်ရောက်လို့နေ့လည်စာစား ရေမိုးချိုးပြီးတဲ့အခါ ဧည့်ခန်းမှာ အဖွားကြီးနဲ့အတူနေဖြစ်တော့တာ။

ကွန်ပြူတာမှာ မြန်မာသတင်းစာတွေနဲ့ဂျာနယ်တချို့ ဖတ်တယ်။

ဖေ့စ်ဘွတ်ကြည့်တယ်။

စိတ်ဝင်စားစရာသတင်းဖြစ်ဖြစ် သိချင်စရာ မှတ်သားစရာဖြစ်ဖြစ်တွေ့ရင်လဲ ဖတ်ဖြစ်တယ်။

ဘလော့မှာ စာရေးတင်တယ်။

နောက်တော့ ကွန်ပြူတာသုံးနေရင်းပဲဖြစ်ဖြစ်  လုံးဝမသုံးတော့ပဲဖြစ်ဖြစ် တီဗွီဘက်ကို ရောက်သွားတော့
တာ။

အချိန်ကုန်တယ်ဆိုတာက ..

ဆရာတော်ကြီးများ၏တရားတော်များကို နာကြားတာ။

မြန်မာနိုင်ငံတလွှားက တံခိုးကြီးမား ဘုရားစေတီများဖူးမျှော်ခရီးတွေကိုကြည့်ရင်း ပူဇော်နေတာ။

မြန်မာရုပ်သံအစီအစဉ်ကထုတ်လွင့်ပေးနေတဲ့ မြန်မာရုပ်ရှင်ကား အဟောင်းတွေနဲ့အသစ်တွေကို
ကြည့်တာ။

မြန်မာ့ရုပ်ရှင်နှစ်(၁၀၀) ပြည့်ပွဲတော်အထိမ်းအမှတ်အဖြစ် စည်သူဗိုလ်ကလေးတင့်အောင်၊ သူ၏တူမ 
ခင်နန်းယုထွေး (ဂီတလုလင် မောင်ကိုကို၏သမီး) နှင့် ဂီတမှူးဇော်ဟိန်း (အဆိုတော်သန်းဖေလေးရဲ့ 
သား) တို့၏      ရှေးခေတ်ဟောင်းတေးသီချင်းများဆွေးနွေးတင်ပြတဲ့ 'ဤဘ၀၀ယ်' အစီအစဉ်ကို မှန်
မှန်ကြည့်တာ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြည်သူများနဲ့တွေ့ ဆုံမေးမြန်းဆွေးနွေးတာတွေကို နားထောင်တာ။

မြန်ပြည်ရဲ့ နေ့စဉ်သတင်းများနဲ့အတူ COVID-19 ဆိုင်ရာဆောင်ရွက်နေတဲ့သတင်းများကို နားထောင်
တာ။  

တစ်ခါတလေမှာ မြေးလေးတွေနဲ့ ဗွီဒီယိုချက်(video chat)လုပ်ပြီး စကားပြောကြရတယ်။ 
ပျော်စရာပေါ့။





























မြေးအကြီးနဲ့ရယ်ရယ်မောမောလေး




 မြေးအငယ်နဲ့ စကားတွေပြောလို့






သားက အိမ်အပေါ်ထပ်ကသူ့အခန်းမှာ ကွန်ပြူတာနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ရုံးကအလုပ်တွေကို 
လုပ် (telecommuting from home) နေတာဖြစ်လို့ မိမိတို့ အဖိုးကြီးအဖွားကြီးနှစ်ဦးပဲ နေ့စဉ်နေ့တိုင်း 
အောက်ထပ်မှာထိုင်ပြီး စားလိုက်သောက်လိုက်၊ တီဗွီကြည့်လိုက်၊ စာဖတ်လိုက်ရှိနေတယ်။

စားလိုက်သောက်လိုက်ဆိုလို့ နေ့ခင်းတွေမှာ အဖွားကြီးက မြန်မာအစားအစာတွေကို တစ်မျိုးပြီးတမျိုး 
လုပ်ကျွေးတာလေ။

ပေါင်မုံ့အုန်းနို့ဆမ်း၊ ကဇွန်းဥပြုတ်၊ ငှက်ပျောသီးကြော်၊ လက်ဖက် ချင်းသုတ်နဲ့ထမင်း၊ ဗယာကြာ်နဲ့ထ
မင်း၊ ဆီထမင်း၊ ကောက်ညင်းပေါင်း အစရှိလို့ပေါ့။





  ဘရာကြော်နဲ့ထမင်း





အဖွားကြီးက တီဗွီပိတ်ပြီး 
ဖုန်းကလေးနဲ့တရားနာရင်း
ပုတီးစိတ်
 


တစ်ခါတရံမှာတော့ ဟိုဟာကြည့် ဒီဟာကြည့်ပြီး မျက်စိညောင်းလို့ အဖိုးကြီး အဖွားကြီး ၂ ယောက် 
ဆိုဖာခုံအရှည်တစ်ယောက်တစ်လုံးနဲ့ အနားယူလှဲကြရင်း အိပ်ပျော်သွားတတ်ကြသေးတာ။









အဖိုးကြီးကလဲ တိတ်တိတ်ဆိတ်ဆိတ်အိပ်








Saturday, May 16, 2020

ပညာရှင်အမြင် အတွေးနှင့်အရေး






ဒီကနေ့မနက်က ဆရာကြီး ဒေါက်တာမောင်မောင်ညို၏ "လောကအလယ် သက်ရှစ်ဆယ် (နှစ်ရှစ်ဆယ် အတ္ထုပ္ပတ္တိ)" စာအုပ်ကို ကောက်ဖတ်မိပြန်ပါတယ်။

ဆရာဝန်၊ စာရေးဆရာ၊ ပါမောက္ခ၊ ဗိုလ်မှူး အစရှိတဲ့ဘ၀မျိုးစုံကို ဖြတ်သန်းလာခဲ့သူတစ်ဦး၏ နှစ်ရှစ်ဆယ်ကြာကာလ အတွေ့ အကြုံရတနာများလို့ပြောရပါမယ်။ 

အပိုဒ် ၄ ပိုဒ်ပါတဲ့ ဆရာကြီး၏ကိုယ်တိုင်ရေးအဖွင့်ကဗျာလေးကို စာအုပ်ရဲ့  ပထမဆုံးစာမျက်နှာမှာ ဖော်ပြပေးထားတာကိုလဲတွေ့ရပါတယ်။

ငါ၏အသက်
တွက်စစ်ကြည့်တော့
မငယ်ရော့ချေ
ဟော့ .. ရှစ်ဆယ်တွင်း။ 

လို့ အစပျိုးထားပြီး သူ အသက်ရှစ်ဆယ်ပြည့်ခဲ့ပါပြီ မငယ်တော့ပါဘူးတဲ့။
နောက်တနေရာမှာတော့

ဤသက်ရှင်သည်
ပြန်လည်ကြည့်ကာ
ဘ၀အမော
လောကကြောကို
စောကြောနိုင်၏
တရားသိ၏။

လို့ရေးကာ ယခုစာအုပ်ရေးဖြစ်ရခြင်း၏အကြောင်းကို ပြောထားတာကိုလည်း တွေ့ ရပြန်ပါတယ်။

ဟုတ်ပါတယ်။

ဆရာကြီးက လူတိုင်း ရခဲလှ နေရခဲလှတဲ့ အသက်ရှစ်ဆယ်အရွယ်ကို ကျန်းကျန်းမာမာနဲ့ရောက်ရှိဖြတ်သန်းရင်း သူရဲ့  အနှစ် ၈၀ ဘ၀ခရီးရှည်ကို ရှုဒေါင့်အစုံကနေရေးထားတာပါ။

စာအုပ်ကိုရခါစတုန်းက ဟိုနည်းနည်း ဒီနည်းနည်းလောက်သာ ဖတ်ထားခဲ့ရသေးတာ။ 

ဒါကြောင့် ဖတ်လို့မပြီးသေးတာမို့ မိမိ၏ကွန်ပြူတာစားပွဲမှာ ဒီအတိုင်းပဲတင်ထားတယ်။ 

အချိန်ရတိုင်း ကောက်ဖတ်ဖြစ်အောင်ဖြစ်တယ်။

စာမျက်နှာ ၃၀၂ ကို စပြီးလှန်ကြည့်လိုက်တာနဲ့ စာရေးဆရာကြီး ဆမ္မာဒဆက်မော်(မ)၏စိတ်ဝင်စားစရာ အ ဆိုအမိန့်တစ်ရပ်ကို ဖတ်မိပါတယ်။

"စာရေးဆရာကောင်းတစ်ယောက်ဖြစ်ရန် ဆရာဝန်သင်တန်းသည် 
အကောင်းဆုံးဖြစ်ကြောင်း၊ 
အကြောင်းမှာ ဆရာဝန် ဆေးကျောင်းသာတို့သည် 
သူများ မမြင်သည်ကိုမြင်တတ်၊ သူများ မခံစားတတ်သည်ကို ခံစားတတ်ခြင်းကြောင့်ဖြစ်ကြောင်း"

ဤသည်မှာ ဆေးပညာ၏အမြင်သည် ရိုးရိုးလူ၏အမြင်ထက် ပိုမိုပြည့်စုံ ထောင့်စုံသောကြောင့်ဖြစ်သည်။ 
အင်္ဂလိပ်လို Observant မြန်မာလို 'မြင်တတ် မှတ်တတ်"သည်ဟု ဆိုရမည်။    

လို့ ဆရာကြီးဒေါက်တာမောင်မောင်ညိုက မှတ်ချက်ပြုထားပါသေးတယ်။

ဒါနဲ့ပတ်သက်ပြီး စာရေးဆရာကြီးအောင်သင်း၏စကားကို ဆက်စပ်လို့သတိရမိပါတယ်။

တကယ်က ဆေးကျောင်းသား ဆရာဝန်စာရေးဆရာများအကြောင်း ဆရာအောင်သင်းရဲ့  ဟောကိန်းလို့ဆိုရင်လဲ မှားမယ်မဟုတ်ပါဘူး။

၁၉၇၀ ၀န်းကျင်အချိန်လောက်ကဖြစ်မယ်ထင်ပါတယ်။

အဲဒီအချိန်က ဆရာအောင်သင်း တဖွဖွပြောခဲ့ဖူးတဲ့ စကားတစ်ခုက ..

ဆရာဝန်စာရေးဆရာတွေ တစ်ပုံကြီးပေါ်လာလိမ့်မယ်။
ဆေးပညာကိုချည်း ရေးတာမဟုတ်ဘဲ တကယ့်ရသစာပေပညာရှင်တွေ ပေါ်လာလိမ့်မယ်  လို့ဖြစ်ပါတယ်။

ဘာ့ကြောင့်လဲဆိုရင်

စာပေ၀ါသနာပါသော၊ မြန်မာစာ၌လည်း အထုံပါသော ကျောင်းသားပေါင်းများစွာ ဆေးတက္ကသိုလ်သို့ ရောက်ကုန်ကြသောကြောင့်  

လို့ ဆရာအောင်သင်းက အကြောင်းပြထားပါသေးတယ်။ 



ဆက်ရေးပါဦးမည်။
    




Thursday, May 7, 2020

သတင်းနှင့်တွေးမိတွေးရာ




ဖတ်မိဖတ်ရာအချို့ 



မိမိသည် မိမိကိုယ်ကိုမိမိ သတင်းသမားဟု အခါများစွာ ခံယူကြည့်မိပါသည်။

ငယ်စဉ်ကလေးဘ၀ကတည်းက သတင်းနှင့်စတင်ရင်နှီးခဲ့ပြီး သတင်းဆန်သောစာများဖတ်ရသည်ကို နှစ်သက်ခဲ့ပါသည်။

သတင်းဆန်သောစာများဆိုသည်မှာ ဆောင်းပါးများနှင့်သတင်းပေးသောစာအားလုံးကို ပြောလိုရင်းဖြစ်သည်။

ဆောင်းပါးအကြောင်းကို အထွေအထူးပြောရန်မလိုဟုထင်ပါသည်။

သို့သော် ဆောင်းပါး (articles) မဟုတ်သော တခြားသောစာအမျိုးအစားများလည်းရှိနေသေးသည်။

သတင်း(news) ကဲ့သို့ သတင်းအဖြစ် မသတ်မှတ်နိုင်သလို ဆောင်းပါးကဲ့သို့ စာပေပုံစံတစ်ရပ်အဖြစ်မသတ်မှတ်နိုင်သောစာများကိုပြောခြင်းဖြစ်သည်။

မှတ်တမ်းများနှင့် စုစည်းတင်ပြမှုများ (documents, reports, etc) ကို ဆိုလိုပါသည်။


မည်သည့်ပုံစံမျိုးဖြစ်ပါစေ မိမိအတွက် သိချင်သည်များ စိတ်ဝင်စားသည်များ မှတ်သားထားလိုသည်များရှိက  သတင်းဟုပင်ခေါ်ရပါမည်။

မိုးလင်းသည်နှင့် သတင်းစာဖတ်ချင်သည်။

ဖတ်လည်း ဖတ်ဖြစ်ခဲ့သည်။

မှန်မှန်ကြီးဖတ်လာခဲ့သလို စွဲစွဲမြဲမြဲ နှစ်နှစ်ခြိုက်ခြိုက်ဖြင့် နှစ်ပေါင်းများစွာဖတ်ဖြစ်ခဲ့ပါသည်။










 









Saturday, May 2, 2020

ကျနော် ဈေးဝယ်ရပြီ (၂)




                                                                       ဈေးဝယ်ပြီးလို့ အိမ်ပြန်အရောက်


ဒီကနေ့ စနေနေ့မှာ မိမိဈေးဝယ်ထွက်ဖြစ်ပါတယ်။

အခုတစ်ခေါက်မှာ တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။

အိမ်ရှင်မနှင့်အတူ ဈေးကိုနံနက်စာသွားစားကြရင်း ၀ယ်ဖြစ်ခဲ့တာပါ။

တကယ်တော့ ဒါက ကိုရိုနာဗိုင်းရပ်ကိစ္စ (coronavirus outbreak) တွေမဖြစ်မီတုန်းက လုပ်နေကျအလုပ်ရယ်ပါ။ 

တစ်ခုမတူတာက အဲဒီတုန်းကလို ဈေးမှာနံနက်စာစားပြီးတာနဲ့ ကုန်တိုက်ကို ဆက်ပြီးမသွားဖြစ်တော့တာပါပဲ။

နံနက်စာစားတဲဆိုင်မှာပဲ နေ့လည်စာအတွက် အသားဟင်းတစ်မျိုးမျိုး (ဥပမာ၊ ဆိတ်သားဟင်း)နဲ့ ဒန်ပေါက်ထမင်း အစရှိတဲ့စားစရာတွေ တစ်လက်စာထဲဝယ်ခဲ့တာမျိုးရှိတယ်။

နောက်ပြီး ကုန်စိမ်းဆိုင်က အသီးအရွက်တွေ (ဥပမာ၊ ဒန့်ဒလွန်ရွက်/သီး၊ ခရမ်းသီး၊ ဘူးသီး၊ သရက်သီး) ၀ယ်တယ်။

တစ်ခါတလေမှာ ၀ပ်(တ)ဆန် (Watsons) ဆိုင်က အိမ်သုံးကုန်နဲ့အလှကုန်ပစ္စည်းတချို့ ဝယ်ဖြစ်တယ်။

ပြီးတာနဲ့ ဘတ်စ်ကားစီးပြီး အိမ်ကိုပြန်ခဲ့ကြတော့တာ။

အလွန်ဆုံးကြာလှ ၁ နာရီပေါ့။

ဒီကနေ့ဆိုရင် အိမ်ကထွက်တော့ မနက် ၉ နာရီ ၄၂ မိနစ်။

ဈေးမှာ မနက်စာစား ဈေးဝယ်ပြီး အိမ်ကိုပြန်ရောက်တော့ မနက် ၁၀ နာရီနဲ့ မိနစ် ၃၀ လောက်ပဲရှိသေးတာမို့ ၁ နာရီအပြည့်မရှိဘူး။ 

အသွားအပြန်ဘတ်စ်ကား ၂ ခါစီးတာ တစ်ကြိမ်ပဲယူတာ။

အသွားတုန်းက ဘတ်စ်ကားအမှတ် ၄၉  စီးတာ ၅၉ ပြားပေးရတယ်။

အပြန်မှာ ဘတ်စ်ကားအမှတ် ၃၃၄  စီးလာတော့ တစ်ပြားမှမယူဘူး။

ကားလက်မှတ်က လက်ကျန်ငွေ (balance) က အလာတုန်းကနှုတ်ထားတဲ့အတိုင်းပါ။

နောက်ထပ် မပေးရဘူး။

ဒါကလဲ မိမိတို့လို အသက်ကြီးတဲ့သူတွေ ဒါမှမဟုတ် ပင်စင်စားတွေအားလုံး (ဒီကအခေါ် Senior citizen) အတွက် သက်သက်သာသာဖြစ်အောင် အစိုးရက အထူးစီစဉ်ပေးထားတာကြောင့်ပါ။


  







Saturday, April 25, 2020

ကျနော် ဈေးဝယ်ရပြီ




                                                                               ဈေးဝယ်လိုမပြီးခင်မှာ ..


ပုံမှန်ကတော့ စနေ တနင်္ဂနွေတစ်ရက်ရက်တွေမှာ အိမ်ရှင်မနှင့်အတူ ဈေးသွားနေကျဖြစ်တယ်။

မနက်စောစော အိမ်ကထွက်၊ ရပ်ကွက်ထဲက ဂျူရောင်းဝက်စ်ဈေးကိုသွားပြီး နံနက်စာစားကြလေ့ရှိတာပါ။

အဲဒီကမှ ဗိုက်ကလေးပြည့်တာနဲ့ ဘွန်လေးမှာရှိတဲ့ ဂျူရောင်းပွိုင့်ကုန်တိုက် ဒါမှမဟုတ် ဂျူရောင်းအိစ်တွင်ရှိတဲ့ ဂျဲမ်ကုန်တိုက်တွေက အဲန်တီယူစီ ဖဲယားပရိုက်စ်ဆိုင် (NTUC FairPrice) ဆိုင်တွေကိုသွားပြီး တစ်ပတ်စာ ချက်စရာနဲ့စားစရာတွေဝယ်ကြတယ်။

အိမ်ရှင်မက ရှေ့ ကသွားရင်း လိုတဲ့ပစ္စည်းတွေကို စင်တွေဆီကနေ တစ်ခုပြီးတစ်ခုလှမ်းယူပြီး မိမိကိုပေးတယ်။ 

မိမိက အသားဆိုအသား၊ အသီးအရွက်ဆိုအသီးအရွက်၊ ကုန်ခြောက်ဆိုကုန်ခြောက်၊ စားသောက်စရာဆိုစားသောက်စရာဆိုပြီး လက်တွန်းလှည်းထဲကို သူ့နေရာနဲ့သူထည့်ရတယ်။

ပြီးတဲ့အခါ ငွေပေးချေတဲ့နေရာမှာ အသင်းသားကတ်ပြကာ ကျသင့်ငွေပေးလို့ တက္ကစီနဲ့အိမ်ကိုပြန်ခဲ့ကြတာပါပဲ။

ဆိုလိုတာက ဇနီးကဈေးဝယ်ပြီး မိမိက သူ့နောက်ကတကောက်ကောက်လိုက်လို့ လှည်းတွန်းပေးရုံလေးပါ။

ကိုယ်တိုင်က ဘာဝယ်မယ်ဆိုပြီး ပစ္စည်းတွေရွေးတာမျိုး မလုပ်ပါဘူး။

အဲ မနေ့ကတော့ အလုပ်ကအပြန်မှာ ဂျူရောင်းအိစ်ရှိ ဂျဲမ်ကုန်တိုက်က အဲန်တီယူစီ ဖဲယားပရိုက်စ်ဆိုင်မှာ တစ်ကိုယ်တော်အဖြစ် မိမိ စင်ကာပူနိုင်ငံမှာ ပထမဦးဆုံး ဈေးဝယ်ဖြစ်ခဲ့ပါတယ်။

ဒါကလဲ COVID-19 ဆိုတဲ့အကောင်တွေက ကမ္ဘာလှည့်ပြီးသောင်းကျန်းနေကြလို့ အိမ်မှာနေကြပါ (Stay Home) ဆိုတဲ့ အစိုးမင်းများရဲ့ အမိန့်ကြောင့် အိမ်ရှင်မတစ်ယောက် ကိုယ့်အိမ်မှာကိုပဲ အကျယ်ချုပ်မိနေတာရယ်ကြောင့်ပါဗျ။

ဒီတော့ တချို့ ချက်ပြုတ်စရာလေးတွေကို မိမိတို့နေတဲ့တိုက်နားက ကုန်စုံဆိုင်လေးနှစ်ဆိုင်မှာပဲ ရတဲ့ဟာက လေးတွေဝယ်ပြီး ဖြစ်သလိုကြံဖန်ချက်စားနေကြရတာ။

မနေ့က အလုပ်ကပြန်အလာမှာ ဂျူရောင်းအိစ်ဘူတာရောက်တော့ အိမ်ရှင်မဆီကို ဖုန်းဆက်လိုက်ပါတယ်။

အဲန်တီယူစီက ဘာချက်စရာနဲ့စားစရာတွေ ၀ယ်ခဲ့ရမလဲဆိုတာပေါ့။

အိမ်ရှင်မ အဓိကမှာတာကတော့ စားစရာအသီးတွေ ဥပမာ စပျစ်သီး၊ လိမ္မော်သီးနဲ့ပန်းသီးတွေ ၀ယ်ခဲ့ဖို့ပါ။



   ကောင်တာမှာငွေချေပြီး တက္ကစီစောင့်နေရာကိုအသွား

ဒါနဲ့ မိမိက ရောက်တုန်းရောက်ခိုက် ဆိုင်ထဲမှာ လှည်းလေးတွန်းပြီး ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်လုပ်ရင်း အိမ်မှာလိုမယ်ထင်တဲ့ဟာလေးတွေကို ၀ယ်ဖြစ်ခဲ့ပါတော့တယ်။

ဟုတ်ကဲ့

စင်ကာပူမှာ မိမိတစ်ယောက်ထဲဈေးဝယ်ဖူးသွားပါပြီဗျ။




Sunday, April 19, 2020

မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ (၂)






အကြောအဆစ်ကုပညာရှင် တင်စန္ဒာဝင်း၏နှစ်သစ်ကူးလက်ဆောင်။ 


မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် မိတ်ဆွေများနှင့်ဆွေမျိုးမိတ်သင်္ဂဟများက မိမိအား အမှတ်တရ နှစ်သစ်ကူးဆုတောင်းများကို ပေးကြပါသည်။

အမှတ်တရရှိစွာဖြင့် ဆုမွန်ကောင်းများတောင်းပေးခဲ့ကြသဖြင့် အားလုံးကို ၀မ်းမြောက်ဝမ်းသာကျေးဇူးတင်မိပါသည်။

မိမိကလည်း သတိတရ ပြန်လည်ဆုတောင်းပေးခဲ့ပါသည်။

နှစ်သစ်ကူးဆုတောင်းပေးပို့ကြသူများအထဲမှအချို့ အား အမှတ်တရရှိခဲ့သည်တို့ကို မိမိ၏စိတ်တွင် ပူပူနွေး နွေးပြန်လည်မြင်ယောင်လာမိသည်။


(၁) တင်စန္ဒာဝင်း

ယခုအခါ သန်လျင် (တညင်) မြို့ တွင် ခင်ပွန်း သမီးတို့နှင့်အတူ နေထိုင်လျက်ရှိပြီး စင်ကာပူနိုင်ငံတွင် အကြောအဆစ်ကုပညာရှင် (Physiotherapist) အဖြစ် အလုပ်လုပ်နေစဉ်က မိမိအိမ်သို့အလည်လာခဲ့ဖူးသည်။

သူ မြန်မာပြည်သို့မပြန်ခင်လေးမှာ မိမိအိမ်ကို လာရောက်နှုတ်ဆက်သွားခဲ့သည်ကိုလည်း အမှတ်ရမိနေသည်။

ခင်ပွန်းဖြစ်သူမှာ (စာရေးသူအမှတ်မမှားပါက) မလေးရှားနိုင်ငံတွင် အလုပ်လုပ်သွားကြောင်းသိရှိရသည်။

မိမိတို့သည် မိသားစုအချင်းချင်းရင်နှီးကြသူများဖြစ်ကြသည်။

တင်စန္ဒာဝင်း၏ခင်ပွန်းက ရန်ကုန်ရှိမိမိတို့တည်းခိုရာဟိုတယ်သို့ သူ့ကားနှင့်လာကြိုကာ သန်လျင်သို့အလည်ခေါ်တတ် ပြန်လည်ပို့ပေးတတ်သည်။

နောက်ဆုံးအခေါက်တွေ့ ကြစဉ်ကလည်း သူတို့မိသားစုက မိမိတို့အား သံလျင်ကျောက်တန်းရေလည်ဘုရားကို တကူးတကလိုက်ပို့ပေးလျက် နေ့လည်စာကျွေးမွေးခဲ့ပါသည်။

ထိုအခေါက်က တင်စန္ဒာဝင်း၏အစီအစဉ်ဖြင့် သံလျင်ဆေးရုံကအကြောအဆစ်ဌာနတွင် အကြောအဆစ်ကုပညင်ရှင်များနှင့်တွေ့ဆုံလျက် လူနာအချို့ အားကြည့်ပေးရင်း ကုသမှုအတွေ့အကြုံများကို လက်တွေ့ ဝေမျှနိုင်ခဲ့ပါသည်။

မြန်မာပြည်တွင် ဖေ့စ်ဘွတ်ကို တွင်တွင်ကျယ်ကျယ်မသုံးခင်ကတည်းက သူနှင့်မိမိတို့ အဆက်အသွယ်ရှိနေခဲ့သည်။ 

ဆရာကြီးဦးချစ်သန်းမြင့်နှင့်ပတ်သက်၍လည်း တယ်လီဖုန်းအဆက်အသွယ်ရှိခဲ့သည်။ 

ဆရာကြီးသည် တပ်မတော်မှ ပထမဆုံးစေလွှတ်ခဲ့သော အကြောအဆစ်ကုပညာရပ်ဆိုင်ရာပညာသင်ဆုဖြင့် အင်္ဂလန်တွင်ပညာသင်ယူခဲ့သူဖြစ်သည်။ 

အခြားတစ်ဖက်မှလည်း ဆရာကြီးသည် စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာနှင့် မဂ္ဂဇင်းအယ်ဒီတာအလုပ်အစရှိသောအနုပညာအလုပ်များကို ဇောက်ချလုပ်ခဲ့သူ စွယ်စုံရပညာရှင်တစ်ဦးဖြစ်ပါသည်။ 

ဆရာကြီး၏အဆက်အသွယ်ဖြင့် တင်စန္ဒာဝင်းက မိမိ၏ဆောင်းပါးစာမူကို ကြေးမုံသတင်းစာတိုက်သို့သွားရောက်လျက် ကူညီပေးပို့ခဲ့ဖူးသည်။


(၂) ရောဘတ်ချန်း ခေါ် ကိုသိန်းနိုင်ထွန်း

  ကိုသိန်းနိုင်ထွန်း၏နှစ်သစ်ကူးဆုတောင်း။ 



ကိုသိန်းနိုင်ထွန်းကို ဒေါက်တာတင်ထွန်းဦး၏သုတစွယ်စုံစာပေတိုက်နှင့် မင်းသားကြီးဝင်းဦး၏စန္ဒာမဂ္ဂဇင်း တိုက်တွေမှာ စတွေ့ ပြီး ခင်မင်ရင်းနှီးခဲ့ခြင်းဖြစ်သည်။ 

ထိုစဉ်က မိမိသည် သုတစွယ်စုံနှင့်စန္ဒာမဂ္ဂဇင်းတို့တွင် အကြောအဆစ်နှင့်သုတဆောင်းပါများရေးသားလျက်ရှိပါသည်။

ဒီအကြောင်းရေးရင်း ပန်းဆိုတန်းလမ်းအထက်ဘလော့က ဒေါက်တာတင်ထွန်းဦး၏မိဖအိမ်နှင့် ဘားလမ်းအထက်ဘလော့က စန္ဒာမဂ္ဂဇင်းတိုက်များသို့ ကိုယ်တိုင်စာမူသွားပေးခြင်း၊ စာအုပ်နှင့်စာမူခများသွားယူခဲ့ရခြင်းတို့အား သတိတရရှိမိသေးတော့။

ရန်ကုန်တက္ကသိုလ်နှင့်နိုင်ငံခြာဘာသာသိပ္ပံတို့မှဘွဲ့ များရထားပြီး အစိုးရအလုပ်မလုပ်ဘဲ စာစောင်နှင့်မဂ္ဂဇင်းများတွင် ဒီဇိုင်းဆရာအဖြစ်လုပ်ပေးနေသည်ဟု မှတ်မိနေခဲ့သည်။

ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် မိသားစုနေထိုင်လျက်ရှိသည်။
   

(၃) မစန္ဒာမွန် 

    တူမလေးစန္ဒာ၏နှစ်သစ်ကူးဆုတောင်း။ 


အမည်ရင်းက မစန္ဒာမွန်ဖြစ်ပြီး မိမိတို့ဆွေမျိုးရင်းချာများက စန္ဒာဟုသာခေါ်ကြလေ့ရှိပါသည်။

မိမိဇနီး၏တူမဖြစ်ပြီး မိဖများ၊ သူ၏သားသမီး ၂ ယောက်နှင့်အတူ ရန်ကုန်တွင်နေထိုင်လျက်ရှိသည်။ 
သူ၏ခင်ပွန်းဖြစ်သူမှာ ယခင်က နေပြည်တော်တွင်အလုပ်တာဝန်ကျခဲ့ပြီး ယခုအခါ မြန်မာပြည်အထက်ပိုင်းသို့ရောက်နေသည်။ 

စန္ဒာသည် သူ အိမ်ထောင်မကျမီကတည်းကပင် မိမိတို့မြန်မာပြည်ကို အလည်ပြန်တိုင်း လိုလေသေးမရှိအောင် အမြဲတစေ အကူအညီပေးလေ့ရှိသည်။

ဟိုတယ်ဘွတ်ကင်း ကြိုတင်လုပ်ထားပေးသည်။ 

မုဒုံ မော်လမြိုင်နှင့် ကန့်ဘလူ အစရှိသည့်မိမိတို့၏ခရီးစဉ်များအတွက် ကား ရထားလက်မှတ်ကအစ အကုန်စီစဉ်ပေးထားသည်။ 

မိမိ အဝေးမှာရောက်နေသဖြင့် ရန်ကုန်တွင်ပြုလုပ်ရန်ရှိသည့်ကိစ္စများကို စန္ဒာက မငြီးမငြူ ထိုင်ခံဆောင်ရွက်ပေးခဲ့ပါသည်။

ဥပမာ၊ မိမိ၏မိဖများ၊ ဇနီး၏ကြီးမေကြီးတို့ စင်ကာပူသို့လာလည်ရန် အစစအရာရာလုပ်ပေးသည်။ 


ဆက်ရေးပါဦးမည်။