(ကိုယ်ရေးအတ္တုပ္ပတ္တိဝတ္တု - TMA's Autobiographical novel)
မျက်နှာဖုံးအနုပညာလက်ရာ - ဒေါ်သိင်္ဂီစန်း (ဆေးဘက် - မန္တလေး) ၁၄ ဒီဇင်ဘာ ၂၀၁၅။
မိမိတွေးမိသည်မှာ ကိုယ်ရေးအတ္တုပ္ပတ္တိဆိုက မွေးသည်မှ သေသည်(သို့မဟုတ်) မသေဆုံးမီ အထိ
ဘ၀ဖြစ်စဉ်များကို ကလေးဘ၀၊ လူငယ်ဘ၀၊ လူလတ်ဘ၀၊ လူကြီးဘ၀ စသဖြင့်စီကာစဉ်ကာအဆင့်
ဆင့်ရေးသော် ပျင်းစရာကြီးဖြစ်နေလေမလား။ ဖတ်ရတာခြောက်သွေ့နေလေမလား၊ စိတ်မ၀င်စားစ
ရာဖြစ်လေမလားဟုဆင်ခြင်မိသည်။
သို့ဖြင့် မိမိ၏ဘ၀အတွေ့အကြုံလေးများကို ၀တ္တုသဖွယ်ဇာတ်ကောင်များဖန်တီးပြီးရေးပါက ဖတ်၍
ကောင်းမည်။ ပေါ့ပေါ့ပါးပါးရှိမည်၊ စိတ်ဝင်စားမှုပိုပြီးရှိနိုင်သည်ဟုတွေးမိပါသည်။
ထိုကြောင့် ကိုယ်ရေးအတ္တုပ္ပတ္တိ(autobiography)ဆိုသည်ထက် ကိုယ်ရေးအတ္တုပ္ပတ္တိဝတ္တု(autobiogra-
phical novel) အဖြစ်ရေးရန် စိတ်ထက်သန်ခြင်းဖြစ်မိပါသည်။
တကယ်တော့ "ပြန်မနိုင်အလွမ်း'သည် မိမိ၏မွေးဇာတိဖြစ်သောမြန်မာပြည်ကိုလွမ်းခြင်းပင်ဖြစ်သည်။
မိမိ မပြန်နိုင်တော့မည့် အမိမြေကို သတိတရရှိကာ ဆွေမျိုးများ၊ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ လုပ်
ဖော်ကိုင်ဖက်များ၊ ရိုးရာအစားအစာများ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရာသီပွဲတော်များ၊ တောတောင်
ရေမြေသဘာဝများ အပါအ၀င် 'အရာရာတိုင်းမြန်မာ'ဆိုသည့်အငွေ့ အသက်အားလုံးကို လွှမ်းခြုံတမ်း
တလွမ်းဆွတ်ခြင်းပင်ဖြစ်ပါလေသည်။
အားရအောင်လွမ်းလိုက်ချင်ပါသည်။
ဖြစ်နိုင်က အမိမြန်မာပြည်ကြီးကို လုံးဝလုံးဝမေ့လို့သွားသည်အထိ မိမိလွမ်းပစ်လိုက်ချင်ပါသည်။
အခန်း (၁)
ညက ကျွန်တော်တို့ အိပ်ရာဝင်တာ အတော်လေးနောက်ကျခဲ့သည်။
တခုက လေယာဉ်နောက်ကျတာ။
နောက်တခုက လေဆိပ်ကနေဟိုတယ်ကိုမသွားမီ ဇနီး၏အမအိမ်တွင် ညစာသွားစားကြရတာ။
စင်ကာပူကလေယာဉ်ထွက်တာနောက်ကျသဖြင့် ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ပုံမှန်အချိန်ထက်
များစွာနာက်ကျလျက် မှောင်ရည်ပျိုးမှရောက်လာခဲ့သည်။
နိုဝင်ဘာလကုန်ရက်ဖြစ်သောကြောင့် မြန်မာပြည်မှာ နေ၀င်စောတာလည်းပါပါသည်။
အမတို့အိမ်မှာညစာစားနေစဉ် ဟိုတယ်က ဖုန်းဝင်လာသည်။
ယခု ည ၈ နာရီကျော်အထိ စင်ကာပူကလာမည့်ဧည့်သည်များမရောက်လာသေးသဖြင့် တည်းဖြစ်
မတည်းဖြစ်ကို ဟိုတယ်ဝန်ထမ်းအမျိုးသမီးက ဇနီး၏တူမလေးမစန္ဒာအား လှမ်းမေးခြင်းဖြစ်သည်။
"ရောက်နေကြပြီ ညီမရေ။ စန္ဒာတို့အိမ်မှာ ထမင်းစားနေကြတာ။ ပြီးတာနဲ့ စန္ဒာလိုက်ပို့ပေးမှာပါ။ နဲနဲ
တော့နောက်ကျမှာနော် ညီမ"
"ဦးတို့ အခုချိန်အထိမရောက်လာလို့ လိုင်းလိုင်ကမေးတာပါ အန်တီ" လို့ မစန္ဒာကပြောသဖြင့် အား
လုံး တိုင်ပင်မထားပဲ ၀ါးလုံးထိုးရယ်လိုက်ကြတော့၏။
'လိုင်းလိုင်'ဆိုသည်က မဟာဗန္ဓုလလမ်း၌ရှိပြီး မိမိတို့ရန်ကုန်ရောက်သည့်အခါတိုင်း တည်းခိုလေ့ရှိ
သောဟိုတယ်ဖြစ်သည်။
စစ်တီးမတ်ကုန်တိုက်(City Mart - Chinatown Point) နှင့်မျက်စောင်းထိုးမှာရှိနေသည်။
ကျွန်တော်တို့ လိုင်းလိုင်ကိုရောက်တော့ ည ၁၀ နာရီခန့်ရှိနေပြီ။
တူမလေးမစန္ဒာနှင့် ကားဆရာဦးသောင်းတို့က ကားမောင်းပို့ပေးခဲ့ကြတာ။
ခရီးရောက်မဆိုက် ဟိုတယ်ဝန်ထမ်းအမျိုးသမီးက၊
"အန်ကယ့်ဆီကို အန်ကယ်ရဲ့ မိတ်ဆွေဆိုလားပဲ စောစောလေးက ဖုန်းဆက်သေးတယ်။ ဒီမှာ သူ
ဖုန်းနံပတ် ပြန်ခေါ်ဖို့ပေးခဲ့ပါတယ်"ဟုဆိုကာ မိမိအား စာရွက်လေးကမ်းပေးပါသည်။
ကြည့်လိုက်တော့ မိတ်ဆွေကိုတင်မြင့်၏ဖုန်းနံပတ်မှန်းသိလိုက်သည်။
အတော်လေး အားနာမိသွားသည်။
အခုက ည ၁၀ နာရီကျော်နေပြီဖြစ်သဖြင့် သူ့ကိုဖုံးပြန်ခေါ်ရန်သင့်မသင့်စဉ်းစားနေတုန်း ၀န်ထမ်းအ
မျိုးသမီးက၊ "ဟုတ်ကဲ့ ရောက်ပါပြီရှင့်။ ခဏလေး ဖုံးကိုင်ထားပေးပါနော်"ဟုပြောရင်း မိမိထံ ဖုံးလှမ်း
ပေးသည်။
"အားနာလိုက်တာ ကိုတင်မြင့်ရာ။ အခုပဲရောက်လို့ ခင်များဆီဖုံးပြန်ခေါ်ရကောင်းမလားလို့စဉ်းစား
နေတာနဲ့အတော်ပဲဗျ"
"ရပါတယ်ဗျာ။ မနက်ဖန်မနက် ၇ နာရီခွဲလောက် ဟိုတယ်မှာ ကျနော်လာခေါ်မယ်။ ကျနော့်အိမ်နား
အရင်တခါကဆိုင်မှာ လက်ဘက်ရည်သောက်ရင်း စကားပြောကြရအောင်။ ကဲ မိုးချုပ်နေပြီ ဆရာ
အေး နားလိုက်ပါအုံး။ မနက်ကျတွေ့ကြမယ်ဗျာ။"
ကိုတင်မြင့် ဖုံးချသွား၏။
အခန်း (၂)
ဟိုတယ်မှ အမျိုးသားဝန်ထမ်း ၂ ဦးက မိမိတို့၏ခရီးဆောင်သေတ္တာနှင့်ပစ္စည်းများကို ဒုတိယအထပ်
သို့ပို့ပေးကြသည်။
လိုင်းလိုင်ဟိုတယ်တွင် ထိုစဉ်အခါက ဓာတ်လှေကားမရှိသေးသဖြင့် သူ့အန်တီ လှေကားအတက်အ
ဆင်းအဆင်ပြေစေရန် မစန္ဒာက ယခုအထပ်က လှေကားနှင့်အနီးဆုံးအခန်းကို အမြဲကြိုတင်ဘွတ်
ကင်လုပ်ထားပေးလေ့ရှိပါသည်။
မိမိ၏ဇနီးနှင့်တူမလေးမစန္ဒာတို့ ဟိုတယ်တည်းခိုခြင်းနှင့်သက်ဆိုင်သည့်စာရွက်စာတမ်းများပြုလုပ်
နေကြစဉ် ကားဆရာဦးသောင်းနှင့်ကျွန်တော်တို့သည် ဧည့်ကြိုခန်းကဆိုဖာများတွင်ထိုင်စောင့်ရင်း
စကားပြောဖြစ်ကြသည်။ ဦးသောင်းသည် မစန္ဒာ၏မောင်အငယ်ဖြစ်သူကိုထွေး၏ဇနီးဖက်က ဆွေမျိုး
တော်စပ်သူဖြစ်သည်။ လွန်ခဲ့သော ၃-၄ နှစ် ကိုဗစ်ကာလတုန်းက သူကွယ်လွန်သွားခဲ့ရှာသည်။
မိမိတို့အပေါ်ထပ်ကိုတက်သွားပြီးနောက် မစန္ဒာတို့ ပြန်သွားကြသည်။ အိမ်က တောင်ဥက္ကလာပရှိ
ငွေကြာယံမှာဆိုတော့ ခရီးဝေးလှသည်။ သူတို့နှစ်ဦးနှင့်အိမ်ကစောင့်ပေးနေကြမည့်သူများအတွက်
အားနာစိတ်မကောင်းဖြစ်မိပါသည်။
အခန်းထဲရောက်တော့ အနားမယူနိုင်သေးဘဲ သေတ္တာဖွင့်ကာ ညအိပ်ဝတ်မည့်အ၀တ်အစားများ
ထုတ်ရသည်။ အထုတ်တွေဖြေပြီး လောလောဆယ်အသုံးလိုသည့်ပစ္စည်းတချို့ ကို ရှာယူရသည်။
မိုးချုပ်နေပြီလည်းဖြစ် လူကပင်ပန်းနေကြသော်လည်း ခရီးသွားထားသဖြင့် ရေနွေးနှင့်ရေမိုးချိုးပြီး
သောအခါ အတန်ငယ်လန်းဆန်းလာ၍ တော်ပေသေး၏။
မနက်ဖန်မနက် ကိုတင်မြင့်လာသည့်အခါပေးရမည့်လက်ဆောင်ပစ္စည်းလေးများကို စားပွဲပေါ်မှာ
အသင့်တင်ထားရသည်။
မနက်အိပ်ရာထနောက်ကျပါက ကတိုက်ကရိုက်ဖြင့် အချိန်မရဖြစ်ဖို့ရှိသည်မဟုတ်ပါလား။
မိုးကြီးချုပ်မှအိပ်လိုက်ရသော ထိုတညသည် မိမိတို့အဖို့ တိုတောင်းလှ၏။
ခေါင်အုံးပေါ်ခေါင်းချပြီး တမှေးတရေးလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ရကာရှိသေး လိုင်းလိုင်ရှေ့ ပလက်
ဖောင်းက လူသွားသံများ၊ ကျယ်လောင်ကျယ်လောင် စကားပြောသံများနှင့် ကားဟွန်းသံတချို့ ကို
အတိုင်းသားကြားနေရသည်။
မိမိတို့အခန်းသည် ပုံမှာမြင်နေရသည့်ဆိုင်းဘုတ်မှ တရုတ်စာလုံးနေရာတည့်တည့်ဖြစ်သောကြောင့်
လမ်းပလက်ဖောင်းနှင့်အလွန်နီးသည်။ အခန်းထဲကနေ လမ်းကိုကျော်ပြီလက်ဝဲဖက်ကိုကြည့်က စစ်
တီးမတ်ကုန်တိုက်နှင့် ဘုန်းကြီးလမ်းရဲစခန်းတို့ကိုမြင်နေရသည်။ အဝေးဆုံးနေရာအဖြစ် မဟာဗန္ဓုလ
လမ်းနှင့်ဘုန်းကြီးလမ်းဆုံမီးပွိုင့်ကိုတွေ့မြင်နိုင်ပါသည်။
အခန်းနံရံက တိုင်ကပ်နာရီကိုကြည့်တော့ နံနက် ၆ နာရီကျော်ပြီ။
မနက် ၇ နာရီခွဲလောက်မှာ ကိုတင်မြင့်လာကြိုမည်ဖြစ်ရာ အိပ်ရာမှ ကမန်းကတန်းထပြီးရေချိုးကာ
သူရောက်တာနဲ့ လိုက်သွားနိုင်ရန်အသင့်ပြင်ထားရသည်။
အားလုံးအဆင်သင့်ရှိသောအခါ ဆက်တီခုံမှာထိုင်ရင်း ဧည့်ခန်းပြူတင်းခန်းဆီးကို တချက်တချက်ဖွင့်
ကြည့်ရသည်။ ကိုတင်မြင့်ထိုင်စောင့်နေကျ လမ်းတဖက်ပလက်ဖောင်း ဗန်ဒါပင်အောက်ကအုတ်ခုံ
လေးကိုဖြစ်သည်။
သူ့ကားကို မရောင်းပစ်ခင်က သူ့ကားကို ပလက်ဖောင်းဘေးချပြီးရပ်ထားတတ်သည်။
ကားမရှိတော့သောအခါ ကိုတင်မြင့်က ထိုစဉ်ကခေတ်စားနေသည့် ပရိုဘောက်စ်တက္ကစီကားလေးငှားစီးပြီး
မိမိကိုလာကြိုတတ်ပါသည်။
"ပြန်မနိုင်အလွမ်း - ၂" ကို ဆက်ဖတ်ကြပါရန် .....
No comments:
Post a Comment