"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Showing posts with label ကိုယ်တွေ့ ဇာတ်လမ်းစုံ. Show all posts
Showing posts with label ကိုယ်တွေ့ ဇာတ်လမ်းစုံ. Show all posts

Wednesday, September 18, 2019

ကျွန်တော် သင်တန်းဆရာ




                                                                    Photo - Internet


အကြောအဆစ်ကုပညာရှင်တစ်ဦးအနေဖြင့် လူနာများကိုကြည့်ရှုပေးရသည်။

လူနာကပြောပြသည့်ဝေဒနာများ၊ အခက်အခဲများနှင့် ကိုယ်တိုင်မြင်တွေ့ရသည်တို့ကိုအခြေခံလျက် စနစ်တကျကြည့်ရှုစစ်ဆေးခြင်းနှင့် စမ်းသပ်မှုများလုပ်ရသည်။

လူနာကို ရောဂါဝေဒနာများအကြောင်းရှင်းလင်းပြောပြရင်း ကျန်းမာရေးပညာပေးခြင်းကို တလက်စာတည်းလုပ်ကြရစမြဲ။

အဘယ်ကြောင့်ဆိုသော် အကြေအဆစ်ရောဂါဝေဒနာများသည် ဆရာကကုသပေးရုံဖြင့်မလုံလောက်တတ်သောကြောင့်ဖြစ်သည်။

ဆရာပြောပြညွှန်ကြားပေးသည်များကို လူနာများက ကိုယ်ထူကိုယ်ထ၀ါယမစိုက်ပြီး ပုံမှန်လုပ်ရန်လိုအပ်သည်။

သို့မှသာ ရောဂါဝေဒနာများမှ သက်သာပျောက်ကင်းမှုရမည်ဖြစ်သည်။

ပြောလိုသည်မှာ မိမိတို့အကြောအဆစ်ကုပညာရှင်များသည် လူနာကို ကုလည်းကု၊ သင်လည်းသင်ပေးကြရသည်။ လူနာသာမက လူနာစောင့်များနှင့်လူနာ၏မိသားစုဝင်များကိုပါ သင်ကြားပြသပေးကြရသည်။

မိမိသည် စင်ကာပူနိုင်ငံတွင် နှစ်များစွာအလုပ်လုပ်ရင်း သင်တန်းများပေးခဲ့သည်။ 
- အထူးပညာရေးကျောင်းများ (Special Education Schools) မှ ဆရာဆရာများ
- အလုပ်သင်တန်းကျောင်းများ (Training and Development Centres) မှသင်တန်းဆရာ ဆရာမများ
- သူနာပြုဆရာမများ
- မသန်စွမ်းသူများ၏မိဘများနှင့်ညီအစ်ကိုမောင်နှမများ
- စေတနာရှင်လုပ်အားပေးများ (Volunteers) အစရှိသဖြင့်ဖြစ်၏။

ယခုတစ်ကြိမ်မှာတော့ စင်ကာပူနိုင်ငံရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာနများတွင် ကျန်းမာရေးအကူများ (Health Care Assistant - HCA) အဖြစ်အလုပ်လုပ်ကိုင်လျက်ရှိကြသူများကို တစ်နေ့ကို ၄ နာရီကြာဖြင့် ၄ ရက်  (၁၆ နာရီကြာ) သင်ပေးနေရသည်။ 

ပုဂ္ဂလိက Training Academy သင်တန်းကျောင်းကြီးတစ်ခုမှ မိမိအားဆက်သွယ်ပြီး အကူအညီတောင်းလာ သောကြောင့် လုပ်ဖြစ်သွားသည်။ 

သင်ကြားပေးသည့်အချိန် (နာရီ) ကြာမြင့်မှုအရ ကျသင့်ငွေကိုနေ့ချင်းရှင်းပေးပါသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့က ပထမသင်ခန်းစာမှာ Stroke Rehabilitation ဖြစ်သည်။ 

  • Overview of stroke rehabilitation
  • Neuroplasticity
  • Patient-Centred Care 
တို့အကြောင်း သင်ပေးခဲ့သည်။




ဆက်ရေးပါဦးမည်။















Sunday, March 23, 2014

စာအုပ်အဟောင်းဆိုင်များ





၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက်



ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြန်မာပြည်ကို အလယ်ပြန်သွားခဲ့တာ အခါတိုင်းလုပ်နေကျအလုပ်တစ်ခု မလုပ်ဖြစ်ခဲ့ဘူး။ 
ခွင့်ရက်က နည်းတာရယ်၊ ကန့်ဘလူမှာ မိမိကိုစောင့်နေကြမယ့် အကြောအဆစ်လူနာများအတွက် အချိန်ပိုပြီးပေးချင်တာရယ်ကြောင့်ပါ။ 
ဟုတ်ပါတယ်။

မြန်မာပြည်ကိုသွားတဲ့ အဓိကရည်ရွယ်ချက်ကိုက အကြောအဆစ်လူနာများကြည့်ဖို့နဲ့လိုအပ်တဲ့စမ်း သပ်ကုသပေးမှုတွေ လုပ်ပေးဖို့ပဲဖြစ်လို့ပါ။ နောက်တစ်ခုက မြန်မာပြည်ကို ရောက်တုန်းရောက်ခိုက် မှာ အဲဒီမှာရှိနေကြတဲ့ မျိုးဆက်သစ်အကြောအဆစ်ကုပညာရှင်လေးများကို မိမိလေ့လာဆည်းပူး သိရှိထားသော စာတွေ့လက်တွေ့ အကြောအဆစ်ကုပညာရပ်များကို မျှဝေသင်ကြားပြသပေးဖို့ကလည်း ရှိနေပါသေးတယ်။ 

ဒါကြောင့် အချိန်ကသိပ်နည်းတာဖြစ်လို့ လုပ်စရှိတာတွေနဲ့လုပ်ချင်တာအချို့ ကို မလုပ်နိုင်ခဲ့သလို တွေ့ချင်တဲ့သူအချို့ ကိုလည်း မတွေ့ဖြစ်ခဲ့တော့ပါဘူး။ 
သို့ပေမယ် ကန့်ဘလူမြို့ နဲ့ရွာနီးချုံစပ်မှ အကြောအဆစ်ဝေဒနာရှင် ၂၅၀ ကျော်ကို မျိုးဆက်သစ်အ ကြောအဆစ်ကုပညာရှင် ၁၃ ဦး၏အကူအညီနဲ့ ၃ ရက်တိတိ ကြည့်ရှုစမ်းသပ်ကုသပေးနိုင်ခဲ့တာကို တော့အားရ၀မ်းသာဖြစ်ရပါတယ်။ 
ကန့်ဘလူကနေ ရန်ကုန်ကိုရောက်ပြန်တော့လဲ သံလျင်မှာရှိတဲ့ဆေးခန်းတစ်ခုမှာ အကြောအဆစ် ကုပညာရှင်လူငယ် ၂ ဦးနဲ့ဆရာဝန်တစ်ဦးတို့ကို သူတို့၏လူနာအချို့ နဲ့လက်တွေ့သင်ကြားပြသပေးခဲ့ရလို့ နေ့တစ်ဝက်ကျော် အချိန်ကုန်ခဲ့ရပြန်ပါတယ်။ 
အားလုံးထဲမှာ အဆိုးဆုံးကတော့ ရန်ကုန်က ကားလမ်းတွေပေါ်မှာ နေရာအနှံ့ ကားတွေနဲ့ ပိတ်ဆို့ ကျပ်ညပ်နေကြတာကြောင့် ခရီးမတွင်ဘဲ တန်ဖိုးရှိတဲ့အချိန်တွေ အလဟသ၁ အဟောသိကံ ပေးဆပ်ခဲ့ရတာပဲဖြစ်ပါတယ်။ 
ဒါနဲ့ ရန်ကုန်မှာ မိမိ ရောက်နေကျ ဗိုလ်ချုပ်လမ်း၊ ပန်းဆိုးတန်းလမ်းနဲ့ စာပေဗိမာန်တစ်ဝိုက်က စာ အုပ်အဟောင်းဆိုင်များကို လုံးဝမရောက်နိုင်တော့ဘူး။ အတော်လေးကို စိတ်မကောင်းစရာကြီးပါ။ ၁၉၉၁ ခုနှစ်ကစပြီး မိမိ မြန်မာပြည်ကိုပြန်ခဲ့တဲ့အခေါက်တိုင်းမှာ စာအုပ်တစ်အုပ်မှ ၀ယ်မလာဖြစ်ဘဲ စင်ကာပူကို လက်ချည်းဗလာ ပြန်လာခဲ့တာ အခုတစ်ခေါက်ပဲ ရှိဖူးလို့ပါ။ 
မိမိ ရန်ကုန်မှာ ကျောင်းတက်ခဲ့စဉ်ကကော ကျောင်းပြီးလို့ အလုပ်ထဲရောက်တော့ကော စာအုပ်အ ဟောင်းဆိုင်တွေကို အပတ်တိုင်းလိုလို ရောက်လေ့ရှိပါတယ်။ ဗိုလ်ချုပ်ဈေးနဲ့ ဓားလွယ်ခုတ်မှာရှိတဲ့ ရွှေဘုံသာရဲရိပ်သာဘေးကလမ်းကြားမှာ အင်္ဂလိပ်စာအုပ်အဟောင်းလေးတွေ ရတတ်ပါတယ်။ အ ထူးသဖြင့် အဲဒီအချိန်က ရီးဒါးဒိုင်ဂျက် (Reader’s Digest) စာအုပ်အဟောင်းတွေကို ပြား ၃၀ ပြား ၅၀ ပဲ ပေးရတာပါ။ သုံး လေး ငါးလကြာတဲ့စာအုပ်တွေရယ်ပါ။ ရီးဒါးဒိုင်ဂျက်နဲ့ အရွယ်တူ ပုံစံတူဖြစ် သော ဆိုဗီယက်ယူနီယံ (ရုရှား) နိုဗိုစတီ (Novosti) စာပေတိုက်က အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ စပွတ်နစ်စာစောင် (Sputnik)များနဲ့ စာပေဗိမာန်က အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ Spectrum စာ စောင် (စာမျက်နှာ ၂၀၀ ခန့်) အဟောင်းများကို လည်း ပြား ၃၀ လောက်နဲ့ ရတတ်ပါသေးတယ်။ 

နောက်ပြီး စီဘားဆေးဝါးကုမ္ပဏီ(CIBA Phamaceutical Company)က ကြွေစက္ကူနဲ့ထုတ်တဲ့ ရုပ်လုံး ကြွ ကြော်ငြာစာစောင်လေးများ (Clinical Symposia) ကိုလည်း ၁ ကျပ်၊ ၁ ကျပ်ခွဲလောက်နဲ့ ရတတ်ပါသေး တယ်။ ဒီစာစောင်တွေကို ဆေးကိုယ်စားလှယ်တွေက ဆရာဝန်များနဲ့အထူးကုဆရာဝန်ကြီးများကို ဆေးနမူ နာများနဲ့အတူ တွဲပြီးပေးလေ့ရှိပါတယ်။ ဆရာဝန်များဆီကမှတစ်ဆင့် ဒီစာစောင်လေးများဟာ စာအုပ်အ ဟောင်းတဲ့ဆိုင်တွေကို ရောက်သွားကြတာဖြစ်တယ်။


ဓာတ်ပုံ - အင်တာနက်။



စာရေးသူက ထိုစဉ်က သိပ္ပံမဂ္ဂဇင်းမှာ လပေါင်း ၃၀ တိတိ လစဉ်ပင်တိုင်ရေးခဲ့သော ဆေးပညာပေးဆောင်းပါး များအတွက် ခန္ဓာကိုယ်အစိတ်အပိုင်းပြသရုပ်ဖော်ပုံကောင်းကောင်းများကို အဲဒီစာစောင်က ယူသုံးခဲ့တာပါ။ စာ စောင်လေးတွေမှာပါတဲ့ သရုပ်ပြပုံ လေးတွေသာ ကောင်းတာမဟုတ်ပဲ ပုံကိုရှင်းပြတဲ့ ပုံစာတွေကလည်း ဆိုလို  ရင်းကို တိတိကျကျ နားလည်စေတာဖြစ်တယ်။
သိပ္ပံမဂ္ဂဇင်းမှာပါရှိခဲ့တဲ့ အဲဒီဆောင်းပါးအားလုံးကို စုစည်းပြီး "ခန္ဓာကိုယ်ကပြောပြသောရောဂါများနှင့်ကာကွယ်ကုသရေး" ဟူသောအမည်ဖြင့် ဘာရတီစာပေ (ဂုဏ်ထူးစာပေ)က ၁၉၉၃ ဇန်န၀ါရီလမှာ စာအုပ်ထုတ်ဝေဖြန့်ချီ ပေးခဲ့ပါတယ်။

Reader's Digest မဂ္ဂဇင်းမှာပါရှိတဲ့ J D Ratcliff ရဲ့  "I am Joe's Liver/Heart/Kidney ..." အစရှိတဲ့ဆောင်းပါးတွေကို အဓိကမှီငြမ်းပြီး အခြားသောဆေးပညာရပ်စာအုပ်များအားကိုးကားလျက် ရေးသားခဲ့တာဖြစ်ပါတယ်။


စာအုပ်အဟောင်းဆိုင်မှဝယ်ခဲ့သော အဖုံးမပါစာအုပ်။



အဖုံးပါရှိသော မူရင်းစာအုပ် (၁၉၉၁)။











                






လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဘားလမ်းအထက်နားရှိ ဗိုလ်ချုပ်လမ်းဘေးပလက်ဖောင်းပေါ်က စာအုပ် အ 
ဟောင်းဆိုင်မှာ စာအုပ်အဟောင်းတွေကို လျောက်ကြည့်ရင်း မိမိ၏စာအုပ် ၂ အုပ်ကိုတွေ့လို့ ၀ယ်ခဲ့ပါသေး
တယ်။ တစ်အုပ်ကကျန်းမာရွှင်ပျော် ငါးဆယ်ကျော်”ဖြစ်ပြီး၊ နောက်တစ်အုပ်ကတော့ ဒေါက်တာAINSLIE 
၏ MEARES ၏ RELIEF WITHOUT DRUGS စာအုပ်ကို မိမိက အစမှအဆုံး ဘာသာပြန် ရေး သားထား
ပြီး ဘာရတီစာပေ(ဂုဏ်ထူးစာပေ)က ၁၉၉၁ ခုနှစ်မှာ ထုတ်ဝေဖြန့်ချီပေး တဲ့ ”ဆေးဝါးမပါ ရောဂါဝေဒနာ 
သက်သာပျောက်ကင်းနည်းများ ဖြစ်ပါတယ်။ ဒီစာအုပ်မှာက ရှေ့ အဖုံးမရှိတော့ပေမယ့် တတိယစာရွက်က
စပြီး ကျန်တဲ့စာမျက်နှာအားလုံး (စာမျက်နှာပေါင်း ၃၆၄ မျက်နှာ) ပြည့်ပြည့်စုံစုံ ပါပါတယ်။  


စာအုပ်အဟောင်းဆိုင်တွေမှာ စာအုပ်အမျိုးအစားအတော်လးစုံစုံရတတ်ပါတယ်။ စာပေ ယဉ်ကျေးမှု နိုင်ငံ
ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ခရီးသွား၊ ဘာသာပြန်၊ ဘာသာစကား အစရှိလို့ပေါ့။ စာရေးသူတို့ 
အရွယ်ရောက်တဲ့ ၁၉၆၃ခုနှစ်နောက်ပိုင်းကာလဖြစ်သော အဲဒီအချိန်က မြန်မာနိုင်ငံကို ဗိုလ်ချုပ်ကြီးနေ၀င်း 
ဦးဆောင်သော တော်လှန်ရေးကောင်စီ ခေါ် စစ်အစိုးရ၊ ဒီနောက်မှာတော့ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့စစ်ခေါင်း 
ဆောင်တစ်စုတို့က စစ်ယူဖောင်းချွတ်ပြီး တိုက်ပုံပြောင်းဝတ်ကာ ဆိုရှယ်လစ်တံဆိပ်နဲ့တိုင်းပြည်ကိုမျက် 
လှည့်ပြအုပ်ချုပ်တဲ့ကာလတွေဖြစ်လို့ မြန်မာစာအုပ်ကောင်းအချို့ ဟာ ပြန်လည်ထုတ်ဝေခွင့်မရရှိပါဘူး။ 

အထူးသဖြင့်တော့ နိုင်ငံရေးစာအုပ်တွေဖြစ်ကြပါတယ်။ အချို့ စာအုပ်တွေကတော့ ပုံနှိပ်ခွင့်အပိတ်မခံရပေ 
မယ့် အကြောင်းကြောင်းကြောင့် ပြန်ပြီးမရိုက်ဖြစ်တာလည်း ရှိတတ်ပါသေးတယ်။ ဒီအခါမှာ စာအုပ်အ 
ဟောင်းဆိုင်များတွင် အဲဒီစာအုပ်တွေကို ရှာနိုင်ရင်ရှာနိုင်သလောက် တစ်ခါတစ်ခါတွေ့ရတတ်တာမျိုးရှိ ပါ
တယ်။ စာရေးသူအဖို့ကတော့ စနေတနင်္ဂနွေလိုရက်အားရက်တွေမှာ ရန်ကုန်မြို့ထဲကိုသွားပြီး စာအုပ် အ
ဟောင်းဆိုင်များတွင် စာအုပ်တွေမွှေနှောက်ရှာဖွေရတဲ့အရသာကို နှစ်ခြိုက်နေခဲ့မိပါတယ်။ 


မမျှော်လင့်ပဲ မိမိဖတ်ချင်တဲ့စာအုပ်လေးတွေများ တွေ့မိလို့ကတော့ စိတ်ထဲမှာပျော်လိုက်ရတာ မပြောပါ
နဲ့တော့။ မြို့ ထဲကအပြန်ခရီး ဘတ်စ်ကားပေါ်မှာ စာအုပ်အဟောင်းလေးကို ဖင်ပြန်ခေါင်းပြန်ကြည့်ပြီး ဖတ်
လာရတာကိုက အရသာထူးလှပေစွ။ မိမိအနေနဲ့ မြို့ ထဲကို မသွားဖြစ်တဲ့အခါများမှာ မြေနီကုန်းလေဟာပြင်
ဈေးထဲက စာအုပ်အဟောင်းဆိုင်ကိုတော့ ရောက်သွားတတ်ပါသေးတယ်။ အဲဒီမှာက တစ်ဆိုင် နှစ်ဆိုင်
လောက်ပဲရှိတာပါ။ မြို့ ထဲကလောက်တော့ မများဘူး မစုံဘူးပေါ့။    



အဲ  စင်ကာပူကိုရောက်လာပြန်တော့လဲ စာအုပ်အဟောင်းတွေကို မွှေနှောက်ပြီးဝယ်တဲ့အလုပ်က လွတ်
ကင်းနိုင်ရိုးလားဗျ။ 



အမျိုးသားစာကြည့်တိုက် (National Library Board) က စာအုပ်အဟောင်းတွေကို တစ်နှစ်တစ်ခါ ချရောင်းတဲ့ နေရာတွေကိုလည်း တကူးတကရောက်အောင်သွားပြီးဝယ်လေ့ရှိတာ ဒီကနေ့အထိပါပဲဆိုပါတော့။ 

ပထမ ၃ ကြိမ်လောက်က World Trade Centreရဲ့ ဘေးနားက ယခု Vivo City နေရာမှာရှိခဲ့ဖူးတဲ့ ဂိုဒေါင်လိုအဆောက်အဦတွေမှာ ရောင်းပေးခဲ့တာဖြစ်ပါတယ်။ အထက်မှာပြထားတဲ့ဓာတ်ပုံကိုကြည့်ရင် ယခင် World Trade Centre အဆောက်အဦပုံနဲ့ သူ့ဘေးက အမိုးခုံးခုံးနဲ့ဂိုဒေါင်လိုအဆောက်အဦ ၂ လုံးကို တွေ့နိုင်ပါတယ်။ 

ဒီနောက်မှာ မိမိမှတ်မိသလောက်တော့ Suntec City အပေါ်ထပ်မှာ တစ်ကြိမ်လုပ်ပြီး ယခုလက်ရှိ Expo နေရာကို ပြောင်းရွေ့ ရောက်သွားခဲ့တာ ဒီကနေ့အထိပါ။       







Friday, February 7, 2014

အနိုင်မခံ အရှုံမပေး




၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက်။ (7 February, 2014 Friday)





'တားမနိုင် ဆီးမရသော ယုံကြည်စိတ်စွမ်းအား' စာအုပ်။



တစ်ခါတုန်းက ရန်ကုန်မြို့  မရမ်းကုန်းမြို့ နယ်အတွင်းမှာရှိတဲ့ သမိုင်းမသန်မစွမ်းလူနာများဆေးရုံမှာ ဖိုးတူး နဲ့ဖိုးကံဆိုတဲ့ ကိုယ်လက်အင်္ဂါမပြည့်မစုံနဲ့မွေးဖွားလာသော မသန်စွမ်းလူနာလေး ၂ ယောက်ရှိခဲ့ကြဖူးတယ်။ သူတို့ရဲ့ နာမည်နဲ့လူကို မိမိ တွဲပြီးမှတ်မိတာ မှန်တယ်ဆိုရင် ဖိုးတူးဆိုတဲ့ ကလေးက အသားညိုပြီး ဖိုးကံလေး က အသားအတော်လေးကိုဖြူပါတယ်။ ဖိုးတူးလေးက အခုတွေ့ရတဲ့ပုံထဲကအတိုင်း လက် ၂ ဖက်စလုံး လက် မောင်း အရင်းကနေ မပါလာတာမို့ တုန်းတိတိနဲ့လုံး ချောလေးဖြစ်နေရှာတယ်။ ဒါပေမယ့် သူ့ခြေထောက်တစ် ဖက်ကတော့ ၈ လက်မလောက်ရှည်ပြီး ကိုယ်လုံးအောက်ဖက်မှာ အတက်ကလေးထွက်နေသလို ရှိနေတယ်။ အဲဒီခြေထောက်လေးက သူ့ အဖို့ အတော်လေးကို အသုံးကျပါတယ်။ လက်ကလေးလို အတိုင်းအတာတစ် ခုအထိ တစ်နည်းတဖုံ သုံးနိုင်တယ်။သွားလာလှုပ်ရှားတဲ့အခါမှာလည်း အထိုက်အလျောက် ယက်လို့ရတယ်။ 


ဖိုးကံလေးခမျာမယ်တော့ သူ့နာမည်မှာ ‘ကံ’ ပါရှိနေသလို သူ့မှာက ၁၀ လက်မလောက်ရှည်လိမ့်မယ်လို့ထင် ရတဲ့ လက်အတက်လေး ၂ ဖက်ပါတယ်။ လက်တွေရဲ့ ထိပ်က တုန်းတိတိလေးဖြစ်ပြီး လက်ချောင်းလေးတွေ မပါလာဘူး။ ဒါပေမယ် အဲဒီလက် ၂ ဖက်နဲ့ညှပ်ပြီး သိပ်ပြီးမလေးတဲ့ပစ္စည်း တွေကို ယူလို့ ကိုင်လို့ရတယ်။ ခဲ တံကိုင်ပြီး စာရေးလို့ရတယ်။

အဲဒီတုန်းက ဖိုးတူးနဲ့ဖိုးကံတို့ဟာ ၉ နှစ် ၁၀နှစ်လာက်ပဲ ရှိကြဦးမှာ။ ဆေးရုံကိုလာကြတဲ့လူတွနဲ့ လူနာအဖော် တွေက သူတို့ကို ချစ်ကြတာ။ ဖိုးကံလေးက အနေအေးသလောက် ဖိုးတူးလေးက နောက်တတ် ဆော့တတ် တယ်။ တစ်ခါတစ်ခါကျ သူက ဂျစ်ကပ်ကပ်နဲ့ ဆိုးလိုက်ချင်သေးတယ်။ 

အထက်ကပြောခဲ့တွေတာကို သတိရမိသည်မှာ ပြီးခဲ့တဲ့နှစ်ပတ်လောက်က နစ်ခ်ဗူးယီချစ် (Nick Vujicic)ရဲ့  စာအုပ် ၂ အုပ်ကို ပေါ် ပြူလာစာအုပ်ဆိုင်ကနေ ၀ယ်လာခဲ့အပြီးဖြစ်တယ်။ နစ်ခ်ဗူးယီချစ်သည် သူကိုယ်တိုင် က ကိုယ်လက်အင်္ဂါမပြည့်မစုံနဲ့မွေးဖွားလာခဲ့သူ။ သူ့စာအုပ်ရဲ့ အဖုံးတွေမှာ မြင်ကြရတဲ့အတိုင်းပဲလေ။ သူရေး တဲ့ သူ၏ဒုတိယစာအုပ်က အင်္ကျီချွတ်နဲ့သူ့ပုံသည် ဖိုးတူးနဲ့ ချွတ်စွပ်ကြီးကို တူတာ။ ကိုယ်လုံးကြီးတာနဲ့သေးတာ ပဲကွာပါတယ်။


'ကန့်သတ်ခြင်းမဲ့ လူ့ဘ၀' စာအုပ်။



ဒီစာအုပ် ၂ အုပ်ကို အစကနေအဆုံးတော့ မဖတ်ရသေးပါဘူး။ ဟိုလှန်ဒီလှန်လောက်ပဲ ဖတ်မိသေးတာပါ။ မိမိစိတ်ဝင်စားတဲ့ သိပ်ပြီးသိချင်နေတဲ့ဟာတွေလောက်ပဲ ကွက်တိကွက်ကျားဖတ်ရသေးတယ်။ ဒါ့ကြောင့် ဖတ်မိတာလေးထဲကကို ပြောချင်နေပြီ။ ကျွန်းသာယာစာဖတ်ပရိသတ်ကြီးကို မျှဝေချင်လို့ပါ။


နစ်ခ်ဗူးယီချစ်သည် မွေးကတည်းက ခြေလက်များမပါရှိခဲ့သော်လည်း ထိုမသန်စွမ်းမှုများကို ရင်ဆိုင်ကျော် လွှားနိုင်ပြီး အမှီအခိုကင်းစွာဖြင့် ခြေလက်အင်္ဂါအစုံပါရှိကြသူများနှင့်မခြား သူ့ဘ၀ကို လူတန်းစေ့နေထိုင် ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် မသန်စွမ်းသူများကော သန်စွမ်းသူများကပါ အားကျ အတုယူရသူတစ်ဦးလည်း ဖြစ်လို့နေပါသေးတယ်။ တစ်ချိန်တည်းမှာ သူ့ဘ၀ရဲ့  ပျော်ရွှင်မှုကိုလည်း ရယူနိုင်ခဲ့သူပါ။ သူဟာ နိုင်ငံတ ကာဟောပြောပွဲများကို အဖိတ်ကြားခံရပြီး ဘ၀ရဲ့  ကြီးပွားတိုးတက် ရေးနဲ့ အားကျအတုယူဖွယ်ရာစကား များကို ဟောပြောပို့ချပေးနေတဲ့ အောင်မြင်ကျော်ကြားသည့် ဟောပြောပို့ချသူတစ်ဦးလည်း ဖြစ်နေပါသေး တယ်။ 


သူ၏ဟောပြောပွဲများမှာ သူ အဓိကပြောလေ့ရှိတဲ့ မှတ်သားစရာ အဖိုးတန်စကားတစ်ရပ်ကတော့ ....

The most important goal is to find your life's purpose and to never give up, despite whatever difficulties or seemingly impossible odds stand in your way.


“ဘ၀မှာ လူတိုင်းလူတိုင်ရဲ့  အရေးကြီးဆုံးပန်းတိုင်ဆိုတာ သင့်ဘ၀ရဲ့ ရည်ရွယ်ချက်ကို သိရှိဖို့နဲ့ ဘယ်လိုအ ခက်အခဲတွေကိုပဲတွေ့တွေ့၊ အဲဒီအခက်အခဲဟာဖြင့် သင့်ဘ၀မှာ လုံးဝဖြေရှင်းလို့မရနိုင်ဘူးလို့ပဲ ထင်ရထင်ရ ဘယ်သောအခါမှ လက်မြောက်အရှုံးမပေးကြဖို့ပဲ ဖြစ်ပါတယ်။”  

ဒါဟာ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်ပါ။ တစ်နည်းပြောရရင် 'အောင်စိတ်' ပဲပေါ့။



အသက် ၂၁ နှစ်အရွယ်မှာ (၂၀၀၃ ခုနှစ်) ဘွဲ့ရခဲ့သော နစ်ခ်ဗူးယီချစ်။



နစ်ခ်ဗူးယီချစ်ကို သြစတေးလျနိုင်ငံမှာ မိခင် ဒူးရှ်ကာနဲ့ ဖခင် ဘောရစ်တို့မှ မွေးဖွားခဲ့ပါတယ်။ ထိုစဉ်က ငယ်ရွယ်သူများဖြစ်ကြတဲ့ သူ၏မိခင်နဲ့ဖခင်တို့သည် သူတို့ရဲ့ မိဖများနဲ့အတူ ယခုအခါမှာ ဆားဗီးယားနိုင် ငံလို့သိကြတဲ့ ယခင် ယူဂိုစလားဗီးယားနိုင်ငံမှ သြစတေးလျနိုင်ငံကို ပြောင်းရွေ့ လာခဲ့ကြတာဖြစ်တယ်။ သူ့အဖေနဲ့အမေဟာ မဲလ်ဘုန်းမြို့ က ခရစ်ယန်ဘုရားကျောင်းမှာ တွေ့ဆုံလျက် အကြောင်းပါခဲ့ကြပြီး သူ တို့ညီအကိုမောင်နှမ ၃ ယောက်ကို မွေးဖွားခဲ့တယ်။




မိဖများနှင့်အတူ ပျော်ရွှင်စွာတွေ့ရသော နစ်ခ်ဗူးယီချစ်။


သူ့အသက် ၇ နှစ်ရောက်တော့ သူ့မိဖများက အမေရိကန်နိုင်ငံကို ပြောင်းရွေ့ နေထိုင်ဖို့ စိတ်ကူးမိကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သူ့အတွက် ခြေတုလက်တုကောင်းကောင်း ရနိုင်ကောင်းတာရယ်၊ သူ၏မသန် စွမ်းမှုအတွက် ခေတ်မီကောင်းမွန်တဲ့ကုသမှုတွေ ရဖို့လို့ဆိုပါတယ်။ သို့ပေမယ့် အမေရိကန်ကို ရောက်လာပြီး နောက် ၃ လအကြာမှာတော့ သူ့မှာက ကျောင်းအသစ်မှာ စာမလိုက်နိုင်တာရယ်၊ မသန်စွမ်းမှုအတွက် ကျန်း မာရေးအာမခံ မရနိုင်တာရယ်၊ အထွေထွေစရိတ်စက ကြီးမြင့်တာတွေရယ်ကြောင့် သြစတေးလျနိုင်ငံကို ပြန် ပြီးပြောင်းလာခဲ့ကြပြန်ပါတယ်။ 







ချွတ်စွပ် - တထေရာတည်းတူသည်။










Wednesday, August 7, 2013

နိုင်ငံခြားသွား ဒုက္ခ


၁၃၇၅ ခုနှစ်၊ ၀ါခေါင်လဆန်း ၁ ရက်၊ ဗုဒ္ဓဟူးနေ့။ ည ၁၁ နာရီ ၃၈ မိနစ်။


စောစောကတင်လေးပဲ မိမိရဲ့  ကျွန်းသာယာဘလော့ကို ဖွင့်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က မိမိ ဒီနိုင်ငံကိုရောက်ပြီးစအချိန်မှာ ရေးထားတဲ့ဆောင်းပါးလေးတစ်ပုဒ်ကို မထင်မှတ်ပဲ ပြန်ပြီး တွေ့လိုက်ရလို့ ကိုယ့်ဖာသာ ဖတ်ကြည့်မိပါသေးတယ်။

ဘာတဲ့ …

“နိုင်ငံခြားသွား အန္တရာယ်” ပါတဲ့။

ဆရာကိုမြတ်ခိုင်ရဲ့  ကြီးပွားရေးမဂ္ဂဇင်းမှာ ရေးခဲ့တာဖြစ်တယ်။ အမှန်အတိုင်း ၀န်ခံရရင် မိမိရေးခဲ့တဲ့ ဒီခေါင်း စဉ်နဲ့ဒီစာကို မေ့တေ့တေ့တောင် ရှိနေပါပြီ။ သြော် ငါ ဒီလိုဆောင်းပါးမျိုး ရေးခဲ့ပါလားဆို တာ ပြန်သတိရပြီး ၀မ်းသာမိပါသေးတယ်။ ကာယကံရှင်ဖြစ်တဲ့ မိမိကိုယ်တိုင်က မေ့နေတဲ့စာလေးကို ကျွန်းသာယာစာဖတ်ပရိ သတ်က ရှာဖွေဖတ်ကြလို့ အခုလောလောဆယ်မှာ အဖတ်များတဲ့ (၁၀)ပုဒ် စာရင်းတွင် မိမိ ပြန်တွေ့ရတာဖြစ် တယ်။

“နိုင်ငံခြားသွား အန္တရာယ်” ဆိုတဲ့ ခေါင်းစဉ်လေးကိုမြင်ရတော့ အခုရက်ပိုင်းအတွင်း မိမိစိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်နေတဲ့ကိစ္စလေးကို ပြောချင်မိပါတယ်။

ဒီလိုပါ။  

ပြီးခဲ့တဲ့အပတ် စနေနေ့က ရန်ကုန်မှ မိတ်ဆွေဦးတင်မြင့်က မိမိထံဖုန်းဆက်ပြီး ကမ္ဘာ့အကြောအဆစ်ကု ပ ညာရပ်နေ့ (World Physical Therapy Day) ကျင်းပရေးနဲ့ပတ်ပြီး ဆွေးနွေးတိုင်ပင်ကြ ရင်း မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(University of Medical Technology) က ကျောင်းသူကျောင်းသား ၂ ဦးလည်း “ဆရာအေး သွားမယ့် ထိုင်ဝမ်က ညီလာခံကို သွားကြမယ်” လို့ သတင်းပေးပါတယ်။






အဲဒီအကြောင်းပြောရင်း ဦးတင်မြင့်က သွားမယ့်ကျောင်းသား ၂ ဦးအတွက် ထောက်ပံ့ငွေ မလုံမလောက် ဖြစ်နေတာကို ဆက်ပြီးပြောပါတယ်။ ဒါနဲ့ စာရေးသူက သူနဲ့စကားပြောတာကို ခဏရပ်ပြီး နောက်မှပြန်ခေါ် မယ့်အကြောင်းပြောပြီး မြန်မာနိုင်ငံမှ မိတ်ဆွေတစ်ဦးထံ ဖုန်းဆက်လိုက်ပါတယ်။ မိတ်ဆွေလို့ပြောရပေမယ့် တကယ်က မိမိရဲ့ တူ တူမတွေလိုပါ။ စာရေးသူ၏မွေးဇာတိက ငယ်သူငယ်ချင်းတစ်ဦးရဲ့  သားနဲ့ချွေးမဖြစ်ကြ တယ်။ ဒီငယ်သူချင်းသည် လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စင်ကာပူကိုလာပြီး ဆေးကုသမှုခံယူရင်း စာရေးသူ၏ လက်ပေါ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကလည်း စာရေးစာဖတ်ဝါသနာကြီးသူဖြစ်လို့ မိုးဝေမဂ္ဂဇင်းတစ် ခေတ်မှာ အတော်လေးအောင်မြင်တဲ့ သရော်စာဝတ္တုတိုများရေးတဲ့ စာရေးဆရာအဖြစ် စာဖတ်သူများ မှတ်မိ နေကြပါတယ်။


စောစောကအကြောင်းကိုပြန်ဆက်ပြီး အတိုချုပ်ပြောရရင် သူတို့ဇနီးမောင်နှံက ယခုနှစ် စက်တင်ဘာလ တွင် ထိုင်ဝမ်နိုင်ငံ တိုင်ချွန်းမြို့ မှာကျင်းပမည့် အာရှနှင့်ပစိဖစ်အနောက်ပိုင်းဒေသဆိုင်ရာ အကြောအဆစ်ကုပညာ ရပ်ညီ လာခံ (The 6th Asia-Western Pacific Regional Congress of the World Confederation for Physical Therapy) ကို သွားကြမယ့်ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ မည်မျှထောက်ပံ့မယ်လို့ စာရေးသူ အား လိုလိုလားလားပဲ ချက်ချင်းပြောပါတယ်။ 

ဒီနေရာ စပ်မိတုန်း ရှင်းပြချင်တာလေး ရှိပါတယ်။ Physical Therapy ဆိုတာ Physiotherapy နဲ့ အတူတူပဲ ဆိုတာပါပဲ။ ဥပမာ၊ အမေရိကန်နိုင်ငံက Physical Therapy လို့သုံးပြီး၊ မြန်မာနိုင်ငံအပါအ၀င် အင်္ဂလန်၊ ကနေ ဒါနဲ့ သြစတေးလျနိုင်ငံများကတော့ Physiotherapy လို့ သုံးကြပါတယ်။   


ဒါနဲ့ ဦးတင်မြင့်ကို ချက်ချင်းပဲ ဖုန်းပြန်ခေါ်လိုက်ပြီး ငွေကြေးကူညီထောက်ပံ့မည့်သူ (sponsor) ရပြီဆိုတဲ့အ ကြောင်း ၀မ်းသာအားရ သတင်းစကား ပါးရပါတယ်။ ဒီအခါမှာ ဦးတင်မြင့်က စောစောက သူပြောပြတာမှား သွားတဲ့အကြောင်း ပြောပြပါတယ်။ ကျောင်းသူကျောင်း သား ၂ ဦးက ထိုင်ဝမ်ကိုသွားမှာဖြစ်ပေမယ့် စာရေး သူ သွားတက်မည့်ညီလာခံကို တက်ရောက်မှာမဟုတ်ပဲ အကြောအဆစ်ကုပညာရပ်သင် ကျောင်းသားများ (Physiotherapy Students Association) ၏ တွေ့ဆုံပွဲကို သွားမှာဖြစ်ကြောင်းသိရပါတယ်။  

ဒီအခါမှာ လှူမည့်သူများကို မိမိ စောစောက ပြောပြထားတာနဲ့လွဲနေတာကြောင့် မြန်မာနိုင်ငံမှ ယခုညီလာ ခံကိုသွားတက်ပြီး ပြန်လာတဲ့အခါ မြန်မာနိုင်ငံက အကြောအဆစ်ကုပညာရှင်များ (Physiotherapists) နဲ့ ကျောင်းသူကျောင်းသားများကို ပြန်ပြီးပညာဖြန့်ဝေပေးနိုင်မည့် မိမိသိတဲ့အထဲက စဉ်းစားရှာကြည့်တဲ့အခါ ၃ ဦးကို တွေ့ရပါတယ်။ မန္တလေးက ၁ ဦး၊ ရန်ကုန်က ၂ ဦး ဖြစ်ကြတယ်။ သူတို့အထဲက ၁ ဦးက စင်ကာပူမှာ အလုပ်လုပ်ပြီးမှ ပြန်သွားတာ။ နောက် ၁ ဦးက အစိုးရကလွှတ်လို့ နိုင်ငံခြားလေ့လာရေးခရီး သွားဖူးသူ။ နောက်ဆုံး ၁ ဦးကတော့ နိုင်ငံခြားအတွေ့အကြုံ မရှိဘူး။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်က ဆရာမ။ အထက်ကပြောတဲ့ ရည်ရွယ်ချက် (၂)ချက်နဲ့ ကိုက်ညီနေတာကြောင့် မိမိ၏ဇနီးဖြစ်သူနဲ့တိုင်ပင်ပြီး သူ့ကိုပဲ ရွေး လိုက်ပါတယ်။

အဲဒီအချိန်ကစလို့ ဆရာမခမျာ နိုင်ငံခြားသွားဖို့လုပ်ရတဲ့ ဒုက္ခကြီးကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပါတော့တယ်။


ညီလာခံ သတင်းရတဲ့ တနင်္ဂနွေနေ့ရဲ့ နောက်တစ်နေ့ဖြစ်တဲ့ တနင်္လာနေ့မှာ ဆရာမက ဌာနမှူးကိုဝင်တွေ့ပြီး ညီလာခံတက်ခွင့် တောင်းရတယ်။ တစ်ချိန်တည်းမှာ မိမိက ထိုင်ဝမ်ကညီလာခံရုံးကို အီးမေးပို့ပြီး ဆရာမအ တွက် ’ခေါ်စာ’(invitation letter)ကို တောင်းပေးရပါတယ်။ ’ခေါ်စာ’က ညီလာခံကြေး (registration fee) ပေး သွင်းပြီးမှ ပို့ပေးမယ်လို့ ညီလာခံက အကြောင်းပြန်လာတာကြောင့် အကြွေးဝယ်ကတ်(credit card) ကို ရှာ ပုံတော် ဖွင့်ကြရပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ညီလာခံကြေးကို Credit card ဒါမှမဟုတ် Wire transfer ဒါမှမဟုတ် Cash payment တစ်နည်းနည်းနဲ့ ပေးနိုင်ရာမှာ အကြွေးဝယ်ကတ်နဲ့ပေးတာက အမြန်ဆုံးဖြစ် တယ်။ အဲ ဒါပေမယ့်၊ သိကြတဲ့အတိုင်းပဲလေ.. မြန်မာပြည်မှာက အကြွေးဝယ်ကတ်ကို သိပ်ပြီးသုံးကြတာမှ မဟုတ်သေးတာလား။ ကံကောင်းထောက်မလို့ ရှားရှားပါးပါး ကတ်ရှိတဲ့သူကိုတွေ့ပြန်တော့လည်း ကတ်ထဲ မှာ ငွေက မရှိဘူးတဲ့။

ဒါနဲ့ ဆရာမက ထိုင်ဝမ်မှာရှိတဲ့သူ့မိတ်ဆွေကိုပဲ အကူအညီတောင်းရမလားလို့ စဉ်းစားရပြန်တယ်။ အချိန်က သိပ်ကပ်နေတာဖြစ်လို့ စာရေးသူက အရင်စိုက်ပေးနှင့်မယ့်အကြောင်း ညီလာခံလျှောက်လွှာထဲမှာ ရေးထည့် ဖို့ မိမိ၏အကြွေးဝယ်ကတ်နဲ့ဆိုင်တဲ့ အချက်အလက်တွေပေးမယ် ပြောလိုက်တယ်။ မြန်မာပြည် သူ့ကွန်ပြူတာ မှာ အင်တာနက်က အားမကောင်းလို့ မလုပ်နိုင်ပြန်ဘူး။ ဘာမှမတတ်နိုင်တဲ့အဆုံး စာရေးသူကပဲ စင်ကာပူက နေ လုပ်ပေးပြန်တော့လည်း ဆရာမ၏ password နဲ့ အဆင်မပြေတာကြောင့် နံနက် ၂ နာရီထိုးတဲ့အထိ ကြိုး စားပေမယ့် လျှောက်လွှာကို တစ်ပိုင်းတစ်စပဲ ဖြည့်လို့ရတယ်။ 

အကြွေးဝယ်ကတ်နဲ့ဆိုင်တဲ့ အချက်အလက်တွေ ရေးဖြည့်လို့မရဘူး။ လျှောက်လွာရဲ့ ပထမအပိုင်းပဲ ညီလာခံ ရုံး (Secretariat) ကို ရောက် သွားခဲ့တယ်။ ငွေပို့တဲ့အပိုင်းက ကျန်နေတယ်။ ညီလာခံရုံးမှ ဆရာမနှင့်စာရေး သူတို့ထံ လျှောက်လွှာ၏ပထမပိုင်းကို ရရှိကြောင်း အီးမေးနဲ့အကြောင်းကြားပါတယ်။ နာက်တစ်နေ့ မှာ စာ ရေးသူက အလုပ်သွားရတာမို့ ဘာမှဆက်ပြီး မလုပ်နိုင်တော့ဘူး။

တကယ်က ယခုပြောတဲ့ နိုင်ငံခြားသွားဒုက္ခကို ကာယကံရှင်ဆရာမနှင့်မိမိတို့ ၂ ဦးသာ ကြုံတွေ့ခံစားကြရ တာမဟုတ်ပဲ ဆရာမ၏ဋ္ဌာနမှူး/ပါမောက္ခနဲ့ နေပြည်တော်မှာရှိတဲ့အရာရှိကြီး (ကျန်မားရေးဦးစီးမှ ညွှန်ကြား ရေးမှူးဟု ထင်ပါတယ်)တို့ပါ အလုပ်များသွားကြရပါသေးတယ်။ အဲဒီက “ညီလာခံက ‘ခေါ်စာ’သာ ဒီ ၁ ရက် ၂ ရက်အတွင်းရရင် နိုင်ငံကို ကိုယ်စားပြုသွားတဲ့ အစိုးရအရာရှိများကိုင်တဲ့ အစိမ်းရောင်နိုင်ငံကူးလက်မှတ် (green passport) ထုတ်ပေးအောင် ဆောင်ရွက်ပေးမယ်” လို့တောင် ပြောပြပြီးအားပေးခဲ့ပါတယ်။ နောက် ပြီး ပါမောက္ခချုပ်ကလည်း နေပြည်တော်ကို အစည်းအဝေးသွားရင်း 'ခေါ်စာ'ကို သူနှင့်တပါတည်း ယူသွား ပေးမယ်လို့ ပြောပါသေးတယ်။ 

နောက်ဆုံးတော့ နေပြည်တော်ကို အချိန်မီတင်ပြပြီး ခွင့်ပြုချက် လှမ်းပြီး မတောင်းနိုင်တော့တာမို့ လက် လျှော့လိုက်ကြရတယ်။ ဘာပဲဖြစ်ဖြစ် စောစောကပြောတဲ့ အရာရှိကြီးများအား၏ စေတနာနှင့် အားပေး ကူညီမှုများကို များစွာ လေးစားမိရပါတယ်။  

နိုင်ငံခြားကို တရားဝင် သွားရဖို့အရေး လုပ်ရကိုင်ရ ပြင်ဆင်ရတာတွေနဲ့ပတ်သက်ပြီး ပြောကြဆိုကြရမယ် ဆိုလို့ရှိရင် ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်ပါမယ်။ ဒီစာလေးကို အဆုံးသတ်ရင်း ဥပမာတစ်ခုပေးပါရ စေ။ ကြုံဖူးတဲ့သူတွေကတော့ ထောင်နဲ့ သောင်းနဲ့ရှိကြမယ်ထင်ပါတယ်။
၁၉၇၉-၈၀ လောက်က ထင်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ အလုပ်လုပ်နေတဲ့ စာရေးသူရဲ့ မိတ်ဆွေတစ်ဦး သည် ဂျပန်နိုင်ငံ၏ အကူအညီပေးအစီအစဉ်နဲ့ မြန်မာအစိုးရကလွှတ်လို့ ဂျပန်ကို ပညာသင်သွားရပါတယ်။ အဲဒီလို ၂ နိုင်ငံအစိုးရများရဲ့  အစီအစဉ်နဲ့ သွားရဖို့အရေး တစ်ရုံးဝင် တစ်ရုံးထွက် သွားရလိုက်ရ ပေးရကမ်းရ အောက်ကျနောက်ကျခံရနဲ့ လူကော စိတ်ကော ဖတ်ဖတ်ကို မောခဲ့ရပါသတဲ့။ သူက “နောက်ဆုံးတော့ ကိုတင် မောင်အေးရာ၊ အခုလောက် ရတောင့်ရခဲအခွင့်အလမ်းကောင်းကြီးကို စွံ့ လွှတ်ပြီး မသွားရချင်လည်းနေပေ့စေ တော့၊ သွားကို မသွားချင်တော့ဘူးဆိုတဲ့စိတ်တောင် ဖြစ်မိပါတယ်” လို့ စာရေးသူကို စိတ်ပျက်လက်ပျက် ကြီး ရင်ဖွင့်ခဲ့တဲ့အထိပါ။ ဟိုရုံး ဒီရုံး ဟိုဌာန ဒီဌာနတွေက မသဒ္ဓါရေစာ ခွင့်ပြုချက်တွေရပြီး သွားရ ပြန်တော့လည်း ဟိုကိုရောက်တော့ သင်တန်းဖွင့်ပွဲ မမီပါဘူးတဲ့။ ဒါတင်မကသေးပဲ သင်တန်းဆင်းပွဲရက် မတိုင်မီမှာ ‘တာ့တာ့’ လုပ်ပြီးပြန်ခဲ့ရပါသေးသတဲ့ဗျာ။ ကောင်းကြပါလေကော အရပ်ကတို့ရေ …။     

သွားချင်ဦးဟဲ့ နိုင်ငံခြား။ 






Friday, July 5, 2013

စာဖတ်ဝါသနာမှ စာရေးဝါသနာသို့



၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်။




မြန်မာပြည်မှ ၀ယ်ယူခဲ့သည့် စာအုပ်အချို့ ။



လူတို့ ၀ါသနာအမျိုးမျိုး ရှိတတ်ကြ၏။

အချို့ က အားကစားလေ့ကျင့်လိုက်စားမှု ၀ါသနာပါသည်။ အချို့ က သီချင်းဆို ၀ါသနာပါ သည်။ အချို့ က ကခုန်ဖို့ ၀ါသနာပါသည်။ အချို့ က အချက်အပြုတ်မှာ ၀ါသနာပါသည်။အ ချို့ က သစ်ပင် ပန်းပင်စိုက်တာ ၀ါသနာပါသည်။ အချို့ က စာဖတ်ခြင်း စာရေးခြင်းတို့ကို ၀ါသနာပါသည်။

အမှန်မူ လူတစ်ဦးတွင် ၀ါသနာထုံမှု တစ်ခုမက ရှိနိုင်လေသည်။ သို့တစေ ၀ါသနာတစ်ခု တည်းကိုသာ ထူးထူးခြားခြား စွဲလမ်းနှစ်ခြိုက်ခြင်းလည်း ရှိတတ်သေး၏။

မိမိသည် ကနဦးကတည်းက စာဖတ်ဝါသနာ အထူးပါခဲ့သည်။ 

အားကစားလေ့ကျင့်လိုက်စားမှုကို လည်း အထိုက်အလျောက် ၀ါသနာရှိခဲ့သည်။ မြန်မာ လူငယ်ပီပီ အများနည်းတူ ဘောလုံးကစားသည်။ နောက်တော့ လက်ဝှေ့ထိုးသည်။ သည့် နောက်မှာတော့ အလေးမကစားသည်။ အဆုံးမတော့ စာဖတ်သောဝါသနာတစ်မျိုးတည်း သာ စွဲစွဲမြဲမြဲ ကျန်ရှိခဲ့၏။


စာကို စပြီးဖတ်တုန်းက အိမ်တွင်ရှိသောနိုင်ငံရေးစာအုပ်များကို ဘာရယ်မဟုတ် ကောက် ယူပြီး ဖတ်ကြည့်မိ၏။ ၁၉၆၁-၆၂ ခုနှစ်များလောက်က ဖြစ်မည်ထင်၏။ ၆တန်း ၇ တန်းအ ရွယ်ဟု မှတ်မိနေသည်။ သခင်သန်းထွန်း၊ သခင်စိုးတို့၏ဓာတ်ပုံများပါသည့် ဗမာပြည်ကွန် မြူနစ်ပါတီ(အဖြူ အနီ)၊ မဒညတ၊ ရဲဘော်ဖြူမှ ထိပ်တန်းခေါင်းဆောင်များ၏အထုပ္ပတ္တိ အ ကျဉ်းချုပ်များပါသော စာအုပ်ငယ်လေးများ၊ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သည့် တော်လှန် ရေးကောင်စီမှ ထုတ်ဝေသည့်အပြာနုရောင်အဖုံးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ (၁၉၆၃ ခုနှစ်) အကြောင်း ဆိုက်ကြီးစာအုပ်အထူကြီး၊ ၀န်ကြီးချုပ်ဦးနု၏ ဘာသာပြန်လက် ရာဖြစ်သော “မိတ္တဗလဋီကာ”ခေါ် “လူပေါ်လူဇော်လုပ်နည်း(How to Win Friends and Influence People by Dale Carnegie)တို့သည် မိမိ၏ လက်ဦးစာများဖြစ်ခဲ့ကြသည်။


ယခုစာအုပ်၏နာမည်ပေးထားပုံနှင့်နာမည်ပြောင်းထားပုံလေးသည် အလွန်စိတ်ဝင်စားစရာကောင်း လှ၏။ လူတို့၏စိတ်နေသဘောသဘာဝနှင့် ဆက်စပ်မှုရှိနေ၏။ စာအုပ်ကို ရေးသားပြုစုသူကလည်း တစ်ဦးတည်း။ စာအုပ်၏အမည်ကလည်း တစ်ခုတည်း။ သို့သော် ယင်းမူလအမည်ကို အခြားသော ဘာသာသို့ ပြန်ဆိုသောအခါ စာအုပ်၏အမည်အား ဘာသာစကားတစ်မျိုးတည်းမှာပင် ဘာသာပြန် ဆိုသူက အဓိပ္ပါယ်အမျိုးမျိုးရှိအောင် ပြန်လို့ရလေသည်။ ဆန့်ကျင်ဖက်အဓိပ္ပါယ်ထွက်အောင်ပင် ပြန်ဆိုနိုင်သည်ကို တွေ့ရ၏။


တစ်မျိုးတည်းသောစာအုပ်မှ ရေးသားထားမှုများကို မတူညီသော ဆန့်ကျင်ဖက်ရည်ရွယ်ချက် (၂) မျိုးအတွက် အသုံးပြုနိုင်လေသည်။

မိမိ၏ဖခင်ဖြစ်သူသည် ထိုစဉ်က ရွှေဘိုမြို့ ၌ မြို့ တွင်းရဲစုံထောက်တာဝန်ကို ထမ်းဆောင် လျက်ရှိလေရာ နိုင်ငံရေးသမားများနှင့်သောင်းကြမ်းသူတို့၏ သတင်းများကို ရယူထောက် လှမ်းရသည်။ အိမ်မှာရှိသည့် စာအုပ်များမှာ သိပ်ပြီးမများလှသဖြင့် ရွှေဘိုမြို့ မဈေးကြီး၏ မြောက်ဖက်ရှိ ပြန်ကြားရေး စာကြည့်တိုက်သို့ ညပိုင်းသွားကာ စာဖတ်ရသည်။ ရွှေဘိုမြို့  ၏အထင်ကရဘုရားပွဲများဖြစ်သည့် မြို့ ဒေါင့်စေတီတော်ဘုရားပွဲနှင့် လောကမာရဇိန်ဘု ရားပွဲကြီး များတွင် ဖျာပေါ်မှာပုံချပြီးရောင်းသော စာအုပ်တွေထဲမှ ကိုယ်ကြိုက်သည့်စာ အုပ်များကို လျှော့ဈေးဖြင့် သွားဝယ်လေ့ရှိ၏။



စင်ကာပူ National Library Book Sale မှ ၀ယ်ယူခဲ့သည့် စာအုပ်များ။ 


ထိုခေတ်က တစ်အုပ်မှ တမတ် (၂၅ ပြား)၊ ငါးမူး (ပြား ၅၀)သာ ပေးကြရသည်။ စာပေဗိမာန်ထုတ် စာအုပ်များ (စာမျက်နှာ ၁၅၀ မှ ၁၈၀ ခန့်)၏ မူလရောင်းဈေးမှာ ၇၅ ပြား ဖြစ်သည်။ ၀တ္တု၊ ကဗျာ၊ နိုင်ငံရေး အစရှိသည့်စာအုပ်များအပြင် ဘာသာပြန်သိပ္ပံစာအုပ်များလည်း ပါရှိကြ၏။ ရုပ်ရှင်မင်း သားကြီး ဗိုလ်ဗကို စာပေဗိမာန်တွင် အယ်ဒီတာလုပ်စဉ်က ဘာသာပြန်ထားသည့် သိပ္ပံစာအုပ် တစ်အုပ်ကို ဘုရားပွဲဈေးမှ မှတ်မှတ်ရရ ၀ယ်ခဲ့ဖူးသည်။ 

(၈) တန်းအောင်ပြီး ရွှေဘိုမြို့  အထက (၁) [ထိုခေတ်အခေါ် ‘စတိတ်ဝမ်း’ State High School 1] မှ ကန့်ဘလူမြို့  အထက (၁) သို့ ပြောင်းရွေ့ သွားသောအခါ မိမိသည် ဖတ်လိုသောစာအုပ်များကို ထန်းတပင် (ဇီးကုန်း ဟုလည်း ခေါ်ကြသည်)မှလည်းကောင်း ရန်ကုန်မြို့ မှလည်းကောင်း မှာလျက် ၀ယ်ယူဖတ်ရှုခဲ့ပါသည်။ ထန်းတပင်သည် ကန့်ဘလူမြို့ နယ်အတွင်းရှိစီးပွားရောင်းဝယ်ဖောက်ကား မှုကောင်းသည့်ရွာကြီးတစ်ရွာဖြစ်ပြီး ရွှေဘိုနှင့်ကန့်ဘလူအကြား ရထားလမ်းဘေးတွင်ရှိလေသည်။ စာအုပ်ဆိုင်၏အမည်မှာ “ကိုလှငွေ စာအုပ်ဆိုင်”ဟု ခေါ်ပြီး ဘူတာအနီးတွင်ရှိသည်။

ဆိုင်ရှင်ဦးလှငွေသည် မိမိမှာသောစာအုပ်များကို ရထားလူကြုံဖြင့်ပို့ပေးပြီး မိမိက စာအုပ်လာပို့ပေး သူအား ငွေပေးချေရသည်။ ရန်ကုန်ရှိ ဗော့စတော့စာပေတိုက်၊ ပင်မရေစီးစာပေတိုက်၊ ပုဂံစာပေ တိုက်များကမူ မိမိထံ စာတိုက်မှရေစစ္စရီ (register)လုပ်ပြီး စာအုပ်များကို ပို့ပေးပါသည်။ ထိုခေတ် (၁၉၆၃-၆၅ ခုနှစ်ဝန်းကျင်)က စာတိုက်မှပို့ပေးသောစာအုပ်များကို အပျောက်အရှမရှိ အချိန်ကြန့် ကြာမှုမရှိပဲ ရခဲ့ပါသည်။ 

မိမိနှင့်ပထမဆုံးထိတွေ့သောစာအုပ်များမှာ နိုင်ငံရေးစာအုပ်များဖြစ်ခဲ့သလို နောက်ပိုင်းတွင် မိမိဝယ်ဖတ်သောစာအုပ် အများစုသည် နိုင်ငံရေးစာအုပ်နှင့် နိုင်ငံရေးနောက်ခံဝတ္တုစာအုပ်များ၊ နိုင်ငံရေးသမားများ၏ အထ္ထုပ္ပတ္တိစာအုပ်များ ဖြစ်ကြပါသည်။ ဆရာလင်းယုန်မောင်မောင်ရေးသားသည့် “ချေဂွေဗားရား” (Che Guevara)၊ ဆရာကျော်အောင်ဘာသာပြန်သည့် “တောရိုင်းမြေ” (Virgin Soil Upturned by Mikhail Sholokhov)၊ ဆရာမြသန်းတင့်၏ “စစ်နှင့်ငြိမ်းချမ်းရေး” (War and Peace by Leo Tolstoy)၊ တောင်တွင်းဦးကိုကိုကြီးဘာသာပြန် “အမေ” (The Mother by Maxim Gorky)၊ ဆရာသိန်းဖေမြင့်၏ “အရှေ့ က နေ၀န်းထွက်သည့်ပမာ” အစရှိသည့်စာအုပ်များ။


မိမိသည် စာအုပ်များဖတ်ရှုရာမှ စာများကို စမ်းပြီးရေးလာခဲ့ပြန်၏။ ထို့နောက် စာများကို ဆက်တိုက်ပို၍ရေးဖြစ်ပြီး စာရေးဆရာဟူသောအမည်တစ်လုံးကို နှစ် နှစ်ခြိုက်ခြိုက်ကြီး ခံယူမိခဲ့၏။ သည်အခါမှာ စာဖတ်ခြင်းတွင် ပျော်မွေ့ လာခဲ့၏။ စာရေးခြင်းတွင်လည်း နှစ်မြို့  လာခဲ့၏။ နောင်တွင် စာမဖတ်ရ မနေနိုင်သလို စာမရေးရ မနေနိုင်ဖြစ်လာခဲ့တော့သည်။    

စာဖတ်ရှုရသည့်အရသာနှင့် စာပေရေးသားရသောအရသာတို့သည် ဆက်စပ်မှုရှိသော် လည်း မတူညီသည်များ ရှိနေကြသည်။ စာဖတ်သူအရေအတွက်က စာရေးသူအရေအ တွက်ထက် အဆပေါင်းများစွာများလေသည်။ စာဖတ်ကြသူတိုင်း စာမရေးကြသော်လည်း စာရေးကြသူတိုင်းကမူ စာများများဖတ်ဖို့ လိုလေသည်။ စာရေးကြသူများသည် စာများများ ဖတ်ကြခြင်းဖြင့် စာရေးသားရန် ကုန်ကြမ်းပစ္စည်းများ ရရှိနိုင်သကဲ့သို့ စာရေးလိုသောလှုံ့ ဆော်ခံစားစိတ်လည်း ဖြစ်စေပါသည်။ 

ဝါသနာဆိုသည်မှာ မိမိတို့လုပ်ချင်သော လုပ်ရန်စိတ်ချမ်းသာသော အချိန်ဖြုံး၍ကောင်း သောအရာဖြစ်သကဲ့သို့ မိမိအား တစ်စုံတစ်ရာအကျိုးဖြစ်ထွန်းခြင်းလည်း ရှိစေတတ်သေး သည်။ ၀ါသနာအမျိုးမျိုးရှိကြရာတွင် စာပေများဖတ်ခြင်းသည် လူအများစုမှာရှိတတ်သော အကောင်းဆုံးဝါသနာတစ်ခုဖြစ်သည်။ စာဖတ်ခြင်းတွင် လူငယ်လူကြီးဟူ၍ အပိုင်းအခြား မရှိပါချေ။ 

လူငယ်များအတွက် ကာတွန်း ပုံပြင် ဆုံးမစာ အစရှိသည့်စာများရှိသကဲ့သို့ လူကြီးများအ တွက်မူ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ နိုင်ငံရေး၊ စီးပွားရေး၊ ကြီးပွားတိုး တက်ရေး၊ ရာဇ၀င်၊ သမိုင်း၊ သိပ္ပံဝိဇ္ဇာ၊ ၀တ္တုတို ၀တ္တု ရှည်၊ ပြဇာတ်၊ ကဗျာစသဖြင့် ဖတ်စ ရာ စာအုပ် စာစောင် မဂ္ဂဇင်း ဂျာနယ်များ အမြောက်အများ ရှိနေကြသည်။

အရေးကြီးသည်မှာ စာဖတ်သောဝါသနာရှိဖို့ဖြစ်သည်။


ယင်းစာဖတ်သောဝါသနာရှိပါကလည်း မိမိ၏စိတ်အင်အားနှင့် အသိပညာစွမ်းအားများ ကြီးထွားဖွံ့ဖြိုးသန်စွမ်းလာစေရေးအတွက် မိမိတို့ ကြိုက်နှစ်သက်ရာစာများကို မဖြစ်မနေ ဖတ်ကြဖို့ အားထုတ်ကြရပေမည်။ 




ဆက်ပြီးရေးပါဦးမည်။






Friday, May 24, 2013

ကျွန်တော် Russian စကားပြန်


၁၃၇၅ ခုနှစ်  ကဆုန်လပြည့်     



အင်ဗွိုင်းခန်းမမှာ စကားပြန်လုပ်ခဲ့စဉ်က ရုရှားအသိမိတ်ဆွေများ အမှတ်တရပေးသည့်  ဆိုဗီယက်ယူနီယံအထိမ်းအမှတ် ရင်ထိုးများ။ 



အခုရက်ပိုင်းတွေမှာ ကိုရီးယားဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ The Queen of Office ဆိုတဲ့ ယာယီအလုပ် သမားနဲ့အမြဲတမ်းဝန်ထမ်းတွေရဲ့ ဘ၀ကို ရယ်စရာလေးတွေရောပြီး ရိုက်ပြထားတာကို တနင်္လာနဲ့အင်္ဂါနေ့ ည ၉ နာရီမှာ ကြည့်ဖြစ်နေတယ်။ မစ္စကင်း(မ) Ms Kim အမည်နဲ့ သရုပ်ဆောင်တဲ့မင်းသမီး Kim Hye-soo က အဓိကဇာတ်ဆောင်ပါ။ အတော်လေးကို သရုပ်ဆောင်ကောင်းပါတယ်။ ပါးစပ်ပိတ်မထားရလောက်အောင်ပဲ ရယ်နေရတာ။ မျက်နှာကလည်း ခပ်တည်တည်ကြီးနဲ့ ဘာပြောင်သလဲ မပြောပါနဲ့တော့။ 
   
တစ်နေ့မှာတော့ သူတို့ကုမ္ပဏီကို ရုရှားကကုမ္ပဏီအဖွဲ့တစ်ဖွဲ့  ရောက်လာခဲ့ပါတယ်။ အရောင်းအ၀ယ်ကိစ္စ ပြောဖို့ပါ။ ဒီအခါမှာ ရုရှားစကားတတ်တဲ့ ကိုရီးယားဝန်ထမ်းတစ်ဦးက စကားပြန်လုပ်ပါတယ်။ အဲဒီအခန်းမှာ ရုရှားစကားပြောတာနဲ့ပတ်သက်ပြီး ရယ်စရာအကွက်လေး ထည့်ရိုက်ထားတာကြည့်ရတော့ ရုရှားစကား ရေ ရေလည်လည်မတတ်ပဲ မိမိအနေနဲ့ ရုရှားစကားပြန်လုပ်ခဲ့ဖူးတာကို ပြန်လည်အမှတ်ရမိပါတယ်။

၁၉၇၁ ခုနှစ်ကဖြစ်တယ်။

ထိုစဉ်က ဆေးဘက်ပညာသိပ္ပံမှကျောင်းဆင်းပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာ ရေးဦးစီးမှ အလုပ်ခန့်စာကို စောင့်နေရင်း ဘာမှလုပ်စရာမရှိပဲ အချိန်အားနေတာဖြစ်လို့ မိမိက နိုင်ငံခြားဘာ သာသိပ္ပံ (Institute of Foreign Languages)တွင် ရုရှားဘာသာ (အချိန်ပြည့်) သင်နေခဲ့ပါတယ်။ ပထမ နှစ်မှာပါ။ တက္ကသိုလ်အဆင့် မဟုတ်သေးလို့ အချိန်ပြည့် ၂ နှစ် ဒါမှမဟုတ် အချိန်ပိုင်း ၄ နှစ် တက်ပြီးရင် ဒီပလိုမာပေးပါတယ်။  


အဲဒီအချိန်တုန်းက မိမိတို့ ဆေးဘက်ပညာသိပ္ပံကျောင်းဆင်းတွေဟာ အခုခေတ်မှာလို ကိုယ့်ဖာသာကိုယ် အလုပ်လိုက်ပြီး မရှာကြရပါဘူး။ အလုပ်လျောက်ရတာတို့ ရေးဖြေတို့ လူတွေ့တို့ ဘာမှလုပ်စရာ မလိုပါဘူး။ အစိုးရဆီက ခန့်စာကိုပဲ အငြိမ့်သားလေး ထိုင်စောင့်ကြရပါတယ်။ တစ်နှစ်ကြာရင် ကြာမယ်။ ဒါမှမဟုတ် ၂ နှစ်၊ ၃ နှစ် တန်သည်လည်း ကြာတတ်ပါသေးတယ်။ မိမိတို့အသုတ်က ကံကောင်းလို့ တစ်နှစ်ပဲ စောင့်ခဲ့ရ တာ။ 


မိမိတို့ ရုရှားဘာသာအချိန်ပြည့်သင်တန်းမှာ ကျောင်းသူကျောင်းသားက မိမိအပါအ၀င်မှ ၄ ဦးပဲ ရှိတာပါ။ အချိန်ပိုင်းသင်တန်းမှာတော့  ၁၁ ဦးလောက်ရှိပါတယ်။ သင်တန်းဆရာ ၂ ဦးကတော့ ပါမောက္ခ မစ္စတာ ‘ယာကော့ဗ်လက်’ နဲ့ ကထိက မစ္စ‘လီလီယာ’တို့ ဖြစ်ကြတယ်။ သူတို့ ၂ ဦးက ဇနီးမောင်နှံတွေပါ။ နောက်ပြီး ရုရှားကနေ ပညာတော်သင်ပြန်လာတဲ့ မြန်မာသင်တန်းဆရာ အမျိုးသား ၂ ဦး (ဦးသွင်အေးမောင်၊ ဦးထွန်း ထွန်းမင်း)လည်း ရှိပါသေးတယ်။


နိုင်ငံခြားဘာသာသင်တဲ့ ကျောင်းသူကျောင်းသားတွေအထဲမှာ ရုရှားဘာသာသင်တန်းသားက အနည်းဆုံးပါ။ တရုတ်ဘာသာသင်တန်းသားက ဒုတိယ အနည်းဆုံးဖြစ်ပြီး ဂျပန်နဲ့ပြင်သစ်ဘာသာသင်တန်းသားတွေက အ များဆုံးဖြစ်ကြပါတယ်။ ဂျာမန်ဘာသာသင်သူက တတိယနေရာလောက်ရှိပါတယ်။  

 မိမိနဲ့အတူ ရုရှားဘာသာအချိန်ပြည့်သင်တန်းတက်သူ ၃ ဦးကတော့ အငြိမ်းစား သံတမန်အရာရှိကြီးတစ်ဦး (ဦးမြတ်ထွန်း)၊ ရုရှားက အနုပညာသင်တန်းတက်ခဲ့ပြီး ယဉ်ကျေးမှုကဇာတ်အဖွဲ့မှာလုပ်နေတဲ့ ၀န်ထမ်းတစ်ဦး (ကိုကျော်သာထွန်း)၊ အက်စ်ဘီ (Special Branch) လို့လူသိများတဲ့ ရဲအထူးထောက်လှမ်းရေး (Special Intelligence Department)က အမျိုးသမီးရဲအရာရှိတစ်ဦး (ဒေါ်မြမြ)တို့ ဖြစ်ကြပါတယ်။


ရုရှားဘာသာသင်တန်းတက်လို့ ၅ လခန့်အကြာ တစ်နေ့မှာ ပါမောက္ခ မစ္စတာ‘ယာကော့ဗ်လက်’ က မိမိကို စကားပြန်လုပ်ဖို့ ပြောပါတယ်။ အဲဒီနှစ် ဒီဇင်္ဘာလမှာ ဆိုဗီယက်ကုန်သွယ်ရေးနဲ့စက်မှုလက်မှုပြပွဲကြီးကို ဦးဝိ ဇာရလမ်းက အင် ဗွိုင်းခန်းမမှာ ပြုလုပ်မည့်အကြောင်း၊ ပြပွဲပြင်ဆင်ချိန်က ၁ လ ကြာမြင့်မှာဖြစ်ပြီး ပြပွဲပြသ ချိန်လည်း ၁ လပင်ကြာမယ့်အကြောင်း၊ မိမိအား ရုရှားစကားပြန်အဖြစ် လုပ်စေလိုကြောင်းနဲ့ နေ့တွက်စားစ ရိတ် သွားလာစရိတ်တွေ ပေးမှာဖြစ်ကြောင်း ပြောလာပါတယ်။ 


မိမိက ရုတ်တရက်တော့ ကိုယ့်နားကိုတောင် ယုံရခက်ခက်ဖြစ်မိပါတယ်။

ဘာတဲ့?  စကားပြန်လုပ်ရမှာတဲ့လေ။ အဲဒီလောက်အထိ မတတ်သေးဘူးဆိုတာ ကိုယ့်ကိုယ်ကို မသိတာမှ မဟုတ်တာကလား။

မိမိက ငြင်းပေမယ့် ဆရာက “ရဲရဲသာ သွားတာ သွားပါကွာ။ မင်း လုပ်နိင်မယ်ဆိုတာ ငါသိပါတယ်” လို့ တိုက်တွန်းတာနဲ့ မရဲတရဲနဲ့ အင်ဗွိုင်းခန်းမကြီးထဲကို မယောင်မလယ်ရောက်သွားခဲ့ပါတော့တယ်။ 


အင်ဗွိုင်းခန်းမကြီးကိုရောက်တော့ မိမိကို မြန်မာစာ မြန်မာစကားတတ်တဲ့ ရုရှားလူမျိုးနှစ်ဦးနဲ့ မိတ်ဆက်ပေး ပါတယ်။ ပထမတစ်ဦးက လျဲနာ ဇဗာဒိုးဗား(မြန်မာအမည် မလှကျော့) ဖြစ်ပြီး နောက်တစ်ဦးကတော့ ယန် ဆင်း (မြန်မာအမည် မောင်ဥာဏ်) တို့ ဖြစ်ကြပါတယ်။ မလှကျော့က “သမုဒ္ဒရာနှင့်ရေတစ်စက်” အမည်နဲ့ မြန်မာစာပေဆိုင်ရာဆောင်ပါးများစာအုပ်ကို ရေးသားခဲ့တာကြောင့် မြန်မာစာပေလောကသားများက သိကြ ပါတယ်။ အဲဒီတုန်းက မောင်ဥာဏ်က ရန်ကုန်က ရုရှားသံရုံးမှာ အလုပ်လုပ်နေတယ်လို့ သိရပါတယ်။


ပြပွဲကိုပြင်ဆင်ဖို့ ရုရှားလူမျိုးတွေနဲ့ ပြသမယ့် စက်ယန္တရားကြီးတွေ အများကြီးရောက်နေတာ တွေ့ရပါတယ်။ စက်ပစ္စည်းအစိတ်အပိုင်းအချို့ ကို ရုရှားအင်ဂျင်နီယာတွေနဲ့ကျွမ်းကျင်သူပညာရှင်များက မြန်မာအလုပ်သမား များရဲ့ အကူအညီနဲ့ သောတ္တာကြီးတွေထဲမှ ထုတ်နေကြတယ်။ လယ်ထွန်စက်၊ ကောက်ရိတ်စက်၊ မြေတူးစက်၊ ထရပ်ကား အစရှိတဲ့စက်ကြီးများကို အင်ဗွိုင်းခန်းမရှေ့ ကမြေကွက်လပ်မှာထားရှိပြသထားပြီး၊ တွင်ခုံစက်၊ ခြေ အိတ်ထိုးစက်၊ ချည်ယက်စက်အစရှိတဲ့ လုပ်ငန်းသုံးစက်ကရိယာအမျိုးမျိုးတို့ကိုတော့ ခန်းမကြီးအတွင်းမှာ ပြ သထားပြီး ပြပွဲလာပရိသတ်များအား လက်တွေ့လည်း လုပ်ပြကြပါတယ်။


စက်ကရိယာအကြီးစား အလတ်စား အသေးစားအမျိုးမျိုးတို့ကို ရုရှားနိုင်ငံကနေယူလာခဲ့တာဖြစ်လို့ အထုတ် တွေကထုတ်ယူရတာ၊ ပြသထားမယ့်နေရာအထိ သယ်ယူရတာ၊ နောက်ပြီး အစိတ်အပိုင်းအားလုံးကို အသုံး ပြုလို့ရတဲ့အထိ  ရုရှားအင်ဂျင်နီယာတွေနဲ့ကျွမ်းကျင်သူပညာရှင်များက  သေသေချာချာပြန်ပြီး တတ်ဆင်ကြ ရတာဖြစ်လို့ အချိန်အတော်လေး ယူရပါတယ်။ တစ်ချိန်တည်းမှာ စာရေးသူတို့က စက်ပစ္စည်းအမည်များနဲ့ စွမ်းဆောင်ရည်များကို မူရင်းရုရှားဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရေးသားကြရပါတယ်။ မလှကျော့နဲ့ မောင်ဥာဏ်တို့က အပြင်ရုံးကိစ္စတွေအတွက် သွားလာရတာများလို့ မိမိတစ်ယောက်သာ ပြခန်းမှာ အမြဲရှိနေ ပြီး ဘာသာပြန်တာကော စကားပြန်လုပ်ပေးရတာကော လုပ်ရတယ်။ 



ယခုနှစ်မှာ အနှစ် ၄၀ ရှိသွားပြီးဖြစ်တဲ့ မိမိ၏ Russian-English Dictionary စာအုပ်။


၁၉၇၃ ခုနှစ် ဧပြီလက ဒီစာအုပ်ကို ၂ ကျပ်နဲ့ ပြား ၂၀ ပေးခဲ့ရတယ်။ 




ယခုလိုစာမျက်နှာပေါင်း ၁၈၀ ပါရှိတယ်။


ရုရှား-အင်္ဂလိပ်၊ အင်္ဂလိပ်-ရုရှား အဘိဓာန် စာအုပ်ကလေးကို စာအုပ်ဆိုင်တစ်ဆိုင်က ခါတော်မီ ၀ယ်လို့ရ သည့်အတွက် စာရေးသူမှာ အတော်လေးအဆင်ပြေခဲ့ရတယ်။ ရုရှားလိုမသိသည့် စကားလုံးများကို အင်္ဂလိပ် လိုအရင်တွေးပြီးမှ မိမိသိလိုသောရုရှားစကားလုံးများအား ပြန်ရှာနိုင်လို့ ဖြစ်တယ်။  တစ်ခါတည်းနှင့်တိုက်ရိုက် ရှာမရတဲ့အခါမျိုးမှာ နှစ်ဆင့်သွားပြီး ရှာရတော့တာ။ စာအုပ်ကလေးက ကိုင်ရယူရလွယ်သောအရွယ်ဖြစ်လို့ မိ မိအတွက် ကံကောင်းထောက်မစွာ ပိုပြီးအသုံးတည့်ခဲ့တယ်။ စာအုပ်က စက္ကူပါးပါးလေးနဲ့ စာလုံးဖောင့် (font) သေးသေးသုံးလေးတွေ သုံးထားတာကြောင့် စာလုံးအရေအတွက် များများပါရှိတာဖြစ်တယ်။

ပုံမှာပြထားတဲ့ ရုရှား-အင်္ဂလိပ်အဘိဓာန်က အထက်ကပြောခဲ့တဲ့ ရုရှား-အင်္ဂလိပ်၊ အင်္ဂလိပ်-ရုရှား အဘိဓာန် စာအုပ် မဟုတ်ပါဘူး။ ဒီစာအုပ်လေးက အရွယ်ကြီးပြီး စာမျက်နှာ ပိုနည်းပါတယ်။ ဒါပေမယ့် အသုံးများတဲ့ စကားလုံးတွေရွေးထည့်ထားပြီး စကားလုံးအသုံးအနှုန်းစာကြောင်းလေးတွေပါ နမူနာပေးထားတာကြောင့် မိ မိရဲ့ လက်စွဲစာအုပ်ဖြစ်ခဲ့ပါတယ်။ ရေးဖို့ ပြောဖို့ အသုံးတည့်လှတာဖြစ်တယ်။   


ဒီစာအုပ်လေးသည် မိမိစပြီးဝယ်ခဲ့တဲ့ ၁၉၇၃ ခုနှစ်က ယနေ့အထိ မိမိ၏လက်ထဲတွင် အနှစ် ၄၀ တိတိ ကြာ ခဲ့ပြီဖြစ်တယ်။ စာအုပ်အဖုံးကအနှောင့်ကွာထွက်ပြီး စာရွက်အရောင်ဝါကျင်သွားတာကလွဲလို့ စက္ကူနဲ့စာသား တွေ ကောင်းနေတုန်းပါ။ မိမိလက်ရေးနဲ့ရေးထားတဲ့ မိမိရဲ့ နာမည်နဲ့အတူတွေ့ရတဲ့ စာအုပ်တန်ဖိုးက ၂ကျပ်နဲ့ ပြား၂၀ မို့ ဟိုခေတ်ဟိုအခါက နိုင်ငံခြားကထုတ်တဲ့ အဘိဓာန်စာအုပ်ကို မြန်မာပိုက်ဆံနဲ့ အဲဒီလောက်လေးပဲ ပေးခဲ့ရတာလို့တွေးမိပြီး စာရေးသူတို့ငယ်ငယ်က လူကြီးတွေပြောလေ့ပြောထရှိတဲ့ “ခေတ်ကောင်းတုန်းက ..” ဆိုတဲ့စကားလေးကို ပြေးပြီးအမှတ်ရမိသေးတော့။  


ဆိုဗီယက်ကုန်သွယ်ရေးနဲ့စက်မှုလက်မှုပြပွဲကြီးတွင် စကားပြန်သွားလုပ်ခဲ့ရလို့ ရုရှားနိုင်ငံကနေ ပညာတော် သင်ပြန်လာခဲ့ကြတဲ့ မြန်မာအချို့ နှင့် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ပညာရေးဌာနမှ ဒေါက်တာရဲအောင်၊ ဒေါက်တာ မတင်ဝင်း၊ ဒေါက်တာသန်းနိုင်(သမိုင်း)နှင့်ဆရာဦးဖိုးကျော်မြင့်(မြန်မာစာ)၊ ဦးအေးကို (အင်ဂျင်နီယာ)၊ စာ ရေးဆရာ သိပ္ပံမျိုးအောင်၊ ကိုမျိုးဝင်း (ဆေးကျောင်းပြီးအောင်မတက်ပဲ ပြန်လာခဲ့)၊ ကိုစောနု (ယဉ်ကျေးမှု) စတဲ့သူများဖြစ်ကြတယ်။ ဆရာဦးဖိုးကျော်မြင့်က မြန်မာစာပါမောက္ခတာဝန်နဲ့ သွားတာပါ။ ဒေါက်တာသန်းနိုင်၊ ဦးအေးကို၊ သိပ္ပံမျိုးအောင်နှင့်ကိုမျိုးဝင်းတို့သည် ရုရှားအမျိုးသမီးများနှင့် ဟိုမှာအိမ်ထောင်ပြုခဲ့ပြီး မြန်မာပြည် သို့ ခေါ်လာခဲ့ကြတယ်။

သို့သော် နိုင်ငံခြားသူများသည် မြန်မာပြည်တွင် ကြာရှည်နေရန်အဆင်မပြေကြလေရာ ကိုမျိုးဝင်းမှအပ ကျန်မြန်မာ ၃ ဦးမှာ သူတို့ရဲ့ မိသားစုများနဲ့အတူ ရုရှားနိုင်ငံကို အပြီးပြန်သွားခဲ့ကြပါတယ်။ ကိုမျိုးဝင်း တစ် ယောက်သာ သူ မလိုက်သွားနိုင်တာမို့ သူ့ဇနီးနှင့်သမီး ၂ ယောက်ကို ရုရှားသို့ အပြီး ပြန်လွှတ်လိုက်ရရှာပါ တယ်။ သူတို့မိသားစုနှင့်ရင်းနှီးနေတာဖြစ်လို့ မိမိအနေဖြင့် များစွာစိတ်မကောင်းဖြစ်မိခဲ့ရတယ်။ နောက်ပိုင်း မှာ မိမိသည် ကိုမျိုးဝင်းအား ရွှေတိဂုံဘုရားပေါ်တွင် တစ်ခါတစ်ခါတွေ့မိတတ်၏။ သူ ဘုရားမှာလာပြီး ပုတီး စိပ်တာပါတဲ့။      


ပြပွဲပြင်ဆင်နေတုန်းက မြန်မာစကားတတ်တဲ့ မလှကျော့နဲ့မောင်ဥာဏ်တို့ ၂ ဦးပဲရှိပေမယ့် ပြပွဲကြီးပြတဲ့အ ခါမှာတော့ မြန်မာစကားတတ်တဲ့ နောက်ထပ်ရုရှားလူမျိုးတစ်ဦးရောက်လာခဲ့ပါတယ်။ သူ့နာမည်က ဆီရ်ဂဲအိ (မြန်မာအမည် စိုးမြင့်) ဖြစ်တယ်။ သူက ရုရှားကတက္ကသိုလ်တစ်ခုမှာ မြန်မာစာလေ့လာနေတဲ့ နောက်ဆုံးနှစ် ကျောင်းသားလို့သိရပါတယ်။ သူ့အသက်က ၂၀ လောက်ပဲရှိဦးမယ် ထင်ပါတယ်။ မလှကျော့တို့ ၂ ဦးကတော့ အသက် ၂၇ နှစ် ၂၈ နှစ် လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ စိုးမြင့်နဲ့မိမိတို့က သက်တူရွယ်တူ လောက်မို့ ပို ပြီးတွဲဖြစ်ပါတယ်။ နေ့လည်စာကို မိမိတို့ ၂ ယောက် မင်းမနိုင်အိမ်ယာတိုက်ခန်းတွေကို လမ်းလျောက်ပြီး အ တူ သွားစားကြပါတယ်။  


ဒီနေရာမှာ စပ်မိလို့ စိတ်ဝင်စားစရာလေးတစ်ခု ပြောပြချင်ပါတယ်။ ရုရှားဘာသာသင်တဲ့ မြန်မာတွေကို ရုရှားဘာသာပြဆရာတွေက ရုရှားနာမည်တွေ ပေးတတ်သလို မြန်မာစာလေ့လာကြတဲ့ရုရှားလူမျိုးတွေက လည်း သူတို့ဖာသာ မြန်မာအမည် ယူတတ်ကြတာပါ။ သူတိုရဲ့ မူလအမည်နဲ့ အသံဆင်တူတာကို အချို့ က ယူတတ်ကြသလို တချို့ ကလည်း အဓိပ္ပါယ်ရှိတဲ့ နာမည်လှလှလေးတွေကို ရွေးယူတတ်တာမျိုးလည်း ရှိ ပါတယ်။ မိမိတို့ရဲ့ ပါမောက္ခ မစ္စတာ‘ယာကော့ဗ်လက်’ က မိမိကို ရုရှားနာမည်‘တီမာဖျေးအိ’(тимафей)လို့ မြန်မာအမည် တင်မောင်အေးအသံနဲ့ ခပ်ဆင်ဆင်လေး ပေးထားခဲ့ပါတယ်။ ‘ဖျေး’အသံက မြင့်သွားပြီး ‘အိ’ အသံက တိမ်ပြီးဆင်းသွားတာမို့ ခပ်မြန်မြန်လေးခေါ်တဲ့အခါ မြန်မာအမည်နဲ့ အသံဆင်နေပါတယ်။ ‘တီ’ အသံကိုလည်း ‘တျီ’ လို့ ခပ်ပျော့ပျော့လေး ထွက်ရတာပါ။  


မြန်မာစာလေ့လာကြတဲ့ ရုရှားလူမျိုးများနဲ့ပတ်သက်ပြီး နောက်ထပ်စိတ်ဝင်စားစရာလေးတစ်ခုကိုလည်း ပြောပြလိုပါသေးတယ်။ ရုရှား-မြန်မာ အဘိဓာန်ကြီး (Russian-Burmese Dictionary Российская бирманский словарь)ကို ရေးသားပြုစုခဲ့ကြသူ ၂ ဦး အကြောင်းပဲ ဖြစ်တယ်။ မိမိ သူတို့ကိုတွေ့တဲ့ အဲ ဒီအချိန်ကတည်းကိုက သူတို့ရဲ့ အသက်က ၅၀ လောက်ရှိ နေကြပြီမို့ မလှကျော့တို့ မောင်ဥာဏ်တို့ စိုးမြင့် တို့လို မြန်မာနိုင်ငံကနေ ရုရှားတက္ကသိုလ်မှာသွားပြီးသင်ကြားပြသပေးတဲ့ မြန်မာစာပါမောက္ခနဲ့ သေသေချာ ချာ သင်ကြားခဲ့ကြပုံ မရပါဘူး။


စာရေးသူ ပထမဦးဆုံး သတိပြုမိတာက မြန်မာစကား နည်းနည်းလေးပဲ ပြောတတ်တာဖြစ်တယ်။ နောက် ပိုပြီးသေချာသွားတာကတော့ သူတို့ရေးသားပြုစုထားတဲ့ ရုရှား-မြန်မာအဘိဓာန်စာအုပ်ကြီးအား မိမိကိုပေး 
ဖို့ အမှတ်တရ စာရေးတဲ့အခါမှာပါ။ အသတ်၊ အပင့်၊ အရစ်တွေမှာ အရေးမှားတာတွေ ကိုယ့်မျက်စိကိုပင် မ ယုံလောက်အောင် တွေ့ရတယ်။  အလွယ်ဆုံးဥပမာတစ်ခုပေးရရင် ‘န’ငယ်ကို ရေးတဲ့အခါမှာ အပေါ်ခေါင်း ကနေစဆွဲပြီး ၀မ်းဗိုက်၊ အဲဒီကနေမှ ခြေထောက်မှာဆုံးရတာ။ အတိုပြောရရင် အပေါ်ကစရေးပြီး အောက်မှာ ဆုံးရတယ်။ ‘င’သတ်ဆိုရင် အောက်ကစရေးပြီး အပေါ်မှာ ဆုံးရတယ်။ သူတို့က ‘န’ငယ်ကို ခြေထောက်ကစ ပြီးရေးတယ်။ ‘င’သတ်ကို အပေါ်ကစပြီး ရေးတယ်။

အမှန်အတိုင်းပြောရရင် ရေးတာမြန်တော့ ဦးနှောက်က သိတာက နောက်မှပါ။ မျက်စိက အရင်ဆုံး သတိပြု မိလိုက်တာ။ အရပ်ထဲကစကားနဲ့ ပြောရရင် မျက်စိထဲ ခရော့စ်(cross) ဖြစ်သွားလို့။      







ဆက်ပြီးရေးပါဦးမယ်။