"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Showing posts with label ဆရာနှင့်လူနာ. Show all posts
Showing posts with label ဆရာနှင့်လူနာ. Show all posts

Sunday, August 18, 2019

လူနာများနှင့်ကျနော် (၁)



စာရေးသူသည် အကြောအဆစ်ကုပညာရှင် (Physiotherapist) တစ်ဦးအဖြစ် ကျောင်းပြီးသည့် ၁၉၇၀ ခုနှစ်ကစပြီး မြန်မာပြည်မှအထွေထွေရောဂါကုဆေးရုံကြီးများနှင့်အထူးကုဆေးရုံကြီးများတွင် အကြောအဆစ် ဝေဒနာရှင်လူနာများစွာတို့ကို စမ်းသပ်ကုသပေးခဲ့ရသည်။

တစ်ဖက်ကလည်း စာရေးဝါသနာပါသဖြင့် အကြောအဆစ်ရောဂါဝေဒနာများနှင့်လူနာများအကြောင်းကို သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ဆောင်းပါများရေးသားခဲ့သည်။ 

ဆေးပညာပေးစာအုပ် ၅ အုပ်ကို ရေးသားထုတ်ဝေခဲ့ပြီးလည်းဖြစ်သည်။

ယခုတစ်ခါ စာရေးသူကုသပေးခဲ့ရသည့်လူနာတစ်ဦးစီအကြောင်းကို စာပေပုံစံတစ်မျိုးဖြင့်ရေးသားရန်ဆန္ဒရှိမိပါသည်။

ယခင်ကရေးခဲ့သောဆောင်းပါးများသည် သမား သို့မဟုတ် ကုသပေးသူ၏အမြင်နှင့်ရှုဒေါင့်သက်သက်မှဖြစ်ပြီး လူနာ၏ခံစားချက်၊ တွေးမြင်မှု၊ လိုအပ်ချက်နှင့် ပါဝင်ပတ်သက်မှု နည်းလေသည်။

တစ်နည်းဆိုရသော် လူနာများ၏ဘက်မှခံစားရေးသားရန်ဖြစ်သည်။

ပြီတော့ နှစ်ဘက်မြင်သဘော။

ဖတ်ရှုကြည့်ကြစေလိုပါသည်။ 


 ကျောရိုးခါးရိုးဆစ်ခိုင်ခြင်း
၁။ ကျောရိုးတန်း
၂။ အလယ်မှာ အရွတ်ခံပါသော ပုံမှန်ကျောရိုးဆစ်
၃။ အရွတ်ခံသေးကြုံ့ သွားပြီး ကျောရိုးဆစ် ၂ ဆစ် ဆက်သွားသည့်ပုံ


စင်ကာပူနိုင်ငံတွင်အလုပ်လုပ်နေသော တူတော်မောင်တစ်ဦး သောကြာနေ့က ဖုန်းဆက်ခဲ့သည်။

သူ့အလုပ်ထဲမှမိတ်ဆွေ ခါးနာနေသဖြင့် စာရေးသူထံပြသလိုသောကြောင့်ဖြစ်သည်။

စာရေးသူက အချိန်ပေးသဖြင့် စနေနေ့နေ့ခင်းတွင် သူတို့နှစ်ဦး အိမ်ကိုရောက်လာခဲ့ကြ၏။

ခါးနာသည်ဟုပြောထားသဖြင့်မေးကြည့်သောအခါ ရိုးရိုးခါးနာခြင်းမျိုးမဟုတ်ဘဲ ခါးရိုးဆစ်ရောင်ရောဂါဖြစ်နေကြောင်းသိရသည်။
လူနာမှာ အသက် ၃၇ နှစ်ခန့်ရှိပြီး သူ၏ရောဂါအမည်ကို အေအက်စ် (AS) ဟုပြောသည်။

AS ဆိုသည်မှာ ကျောရိုးခါးရိုးအဆစ်များ ၀ါးဆစ်ကဲ့သို့ ဆက်ခိုင်သွားသည့်ရာဂါ (Ankylosing spondylitis) ကို စာရေးသူတို့ဆေးလောကသားများက အတိုကောက်ခေါ်ဝေါ်လေ့ရှိသောအမည်ဖြစ်သည်။

လူနာအနေဖြင့် ဤရောဂါဝေဒနာကို လွန်ခဲ့သော ၃ နှစ်ခန့်ကစပြီးခံစားခဲ့ရကြောင်းသိရသည်။ 

စင်ကာပူနိုင်ငံ အထွေထွေရောဂါကုဆေးရုံကြီး (Singapore General Hospital - SGH) ရှိ အထူးကုဆရာ ၀န်ကြီးနှင့်ပြသခဲ့သဖြင့် ရောဂါအမျိုးအစားကို သိရှိခဲ့ရသည်ဆို၏။ 

နာကျင်မှုဝေဒနာအတွက် ဆေးများကို စဖြစ်ချိန်မှ ယနေ့တိုင်သောက်နေရဆဲဖြစ်သည်။

ထိုနောက် ယင်းဆေးရုံမှ အကြောအဆစ်ကုပညာရှင် (Physiotherapist) ဖြင့် ဆက်လက်ပြီးလှုပ်ရှားလေ့ကျင့်ကုသမှုများ (Therapeutic exercises) ခံယူခဲ့သည်။ 

ထိုကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများကို ယနေ့တိုင် လုပ်ဆောင်လျက်ရှိသည်။ 



 ဆက်ပြီးရေးပါဦးမည်။