"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Showing posts with label တရားရေအေး. Show all posts
Showing posts with label တရားရေအေး. Show all posts

Saturday, September 28, 2019

သူ





ဂျူရောင်းအိ(စ)ကားဂိတ်မှာ သူစီးလာသောဘတ်(စ)ကားရပ်သောအခါ သူက ကားအပေါ်ထပ်မှဆင်းကာ လက်မှတ်ကပ်ပြီး အပြင်သို့ထွက်လိုက်သည်။

နောက်ပြီး စက်လှေကားဖြင့် ဘူတာအပေါ်သို့တက်၏။

စက်လှေကားက သူ့အလိုအလျှောက်တက်ပေးနေသော်လည်း သူက လှေကားတစ်ထစ်ချင်းကို သူ့ဖာသာ လျှောက်တက်လာခဲ့၏။ 
ပုံမှန်ကဲ့သို့ လှေကားတစ်ထစ်ပေါ်တွင်သာ ငြိမ်ငြိမ်လေးရပ်ပြီး မလှုပ်မရှက်လိုက်ခဲ့ခြင်းမရှိ။

ဘူတာများမှာစက်လှေကားစီတိုင်း သူ ယခုလိုပြုလုပ်လေ့ရှိသည်။ 
အထွေအထူးမဟုတ်လှ။

တောင်-မြောက်ရထားလိုင်း (North South Line) ၏တစ်ဘက်ဂိတ်ဆုံးဘူတာဖြစ်သဖြင့် ဒီ ဘူတာမှာ ရထား ၂ မျိုးဆိုက်လေ့ရှိသည်။

တစ်စီးက ရထားတွဲများထိုးထားသည့်နေရာမှလာသဖြင့် ခရီးသည်များ မပါလာပေ။
နောက်တစ်စီးသည် တစ်ခြားဘက်ဂိတ်ဆုံးဘူတာကလာသဖြင့် ခရီးသည်များပါလာ၏။ 

ယင်းခရီးသည်အားလုံး ဒီဂိတ်ဆုံးဘူတာမှာဆင်းကြရသည်။ 

သို့ဖြစ်ရာ သူ့သည် ခရီးသည်စတင်သည့်ဘူတာမှတက်ရသဖြင့် ထိုင်စရာနေရာအခက်အခဲ မရှိတတ်။ 
စိတ်ပူစရာ မရှိတတ်။

သူ ရထားထဲသို့လှမ်းဝင်လိုက်သည်။

ထုံးစံအတိုင်း တခါးအနားက အစွန်ခုံလေးမှာထိုင်သည်။ 

ထိုနေရာလေးက အသက်အရွယ်ကြီးသူ အိုမင်းမစွမ်းရှိသူ မသန်စွမ်းသူနှင့်ကိုယ်ဝန်ဆောင်တို့အတွက် ဦးစားပေးသီးသန့်နေရာဖြစ်သည်။

နေရာယူပြီးသောအခါ စောစောကလွယ်လာသည့်အိတ်ကို သူ၏ပေါင်ပေါ်မှာတင်သည်။

ရထားစထွက်သည်နှင့် သူက မျက်စိများမှိတ်ကာ အမြင်အာရုံတခါးကိုပိတ်၏။
အလေ့အကျင့်လုပ်ထားသော စိတ်အာရုံက သူ့ခန္ဓာကိုယ်အနှံ့ပေါ်သို့ရောက်သွားသည်။ 

ခန္ဓာကိုယ်၏ဖြစ်မှုပျက်မှုဝေဒနာတို့ကို အမှတ်ပြုသည်။ သတိကပ်လိုက်သည်။

စောစောကစက်လှေကားစီးရင်း လှမ်းတက်လာခဲ့သဖြင့် ခြေသလုံးများအတန်ငယ်တင်းနေကြသည်။ 
နာကျင်ခြင်း မရှိ။

ပြီးတော့ ထိုင်ခုံအမာပေါ်တွင်ဖိထားသောတင်ပါးများကို အမှတ်ကလေးက သူ့အလိုလိုရောက် သွားပြန်သည်။ စောစောကဘတ်(စ)ကားမှာ ဆိုဖာအိအိလေးပေါ်ထိုင်ခဲ့ရသောတင်ပါးများသည် ယခုထိုင်ခုံအမာတွင် ထိမှု သိမှုပေါ်လွင်နေသည်ကို သူ အမှတ်ပြုမိသည်။

တဖြည်းဖြည်းငြိမ်သက်စပြုလာနေသောအမှတ်ပြုမှုက သိသာထင်းရှားသော ခြေထောက် တင်ပါးအစရှိသည့်နေရာတို့မှ မျက်စိတ၀ိုက်နှင့်နှုတ်ခမ်းများဆီသို့ရောက်လာသည်ကို သူ သိနေသည်။

ယင်းသို့ အမှတ်ပြုမိနေသော်လည်း မိလိုက် ပြန်ပျောက်လိုက်ဖြစ်နေ၏။ 

ဘူတာတစ်ခုသို့ ရထားဝင်တိုင်း ထွက်တိုင်း ယခုဘူတာနှင့်နောက်ဘူတာတို့၏အမည်များအား ကြေညာပေးသံတို့ကို သူ ကြားနေရသည်။

မျက်စိများကိုပိတ်ထားသော်လည်း ပိတ်မထားနိုင်သောသောတအာရုံတွင် အကြားအာရုံတို့ မကြာမကြာ တိုးဝင်လာနေကြသည်။ 

ဘူတာကြေညာပေးသံ၊ ရထားတွဲတခါးများ ပိတ်သံဖွင့်သံ၊ ခရီးသည်အချို့ ၏စကားပြောသံများနှင့် အ၀င်အထွက်ခြေသံများက သူ၏ခန္ဓာအမှတ်ပြုနေမှုကို ပျက်စေသည်။ 

ထို့အပြင် ငြိမ်နေသည့်စိတ်ကလေးအားပြတ်တောက်ကာ ပျံ့ လွင့်စေသည်ကိုလည်း သူသိနေသည်။ 
အနှောက်အရှက်ဟု သဘောထားမိသည်။

မည်သို့ဆိုစေ စိတ်သည် သတိ အမှတ်တို့နှင့်အတူရှိနေကြသည်က ပိုများလာနေ၏။ 

ပြတ်တောက်ပြီး ပျောက်မသွားကြ။
ပျံ့ လွင့်ပြီး ပျက်ပြယ်မသွားကြ။
လုံးဝဆုံးရှုံးသွားခြင်း မရှိကြ။

ထို့အပြင် ပျက်သွားသောအမှတ်ကလေးနှင့်လွတ်သွားသောသတိတို့သည် စောစောပိုင်းတုန်းကလို မကြာတတ်တော့သဖြင့် သူ ကျေနပ်နေမိသည်။