"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Showing posts with label မြန်မာပြည် ခရီးသွား အမှတ်တရလေးများ. Show all posts
Showing posts with label မြန်မာပြည် ခရီးသွား အမှတ်တရလေးများ. Show all posts

Sunday, July 5, 2015

မုဒုံခရီးနှင့် စိတ်အမော စိတ်အဖြေ


၁၃၇၇ ခုနှစ်၊ ပထမ၀ါဆိုလပြည့်ကျော် ၄ ရက်




မိမိတို့ ဇနီးမောင်နှံသည် မေလ ၁၅ ရက်နေ့ညနေမှာ စင်ကာပူမှ ရန်ကုန်ကိုရောက်ရှိပြီး ဘုန်းကြီးလမ်းက လိုင်လိုင်းဟိုတယ် (Lai Lai Hotel) မှာ တစ်ညအိပ်ကာ နောက်တစ်နေ့ မေ ၁၆ ရက်နေ့မှာ မုဒုံသွားဖို့ အောင်မင်္ဂလာကားကြီးဂိတ်ကို မနက်စောစောထွက်ခဲ့ကြပါတယ်။

မိမိတို့အား လိုက်ပို့ပေးတဲ့ တူမောင်ကိုကြည်ဇော်၏ကားဒရိုင်ဘာပြန်ထွက်သွားတော့ ဇနီးနဲ့သူ့ညီမက နံနက် ၇ နာရီမှာ မုဒုံထွက်မယ့်ကားကို သွားရှာကြတာဖြစ်လို့ မိမိက ပစ္စည်း စောင့်နေခဲ့ပါတယ်။ သွားရှာ တယ်ဆိုတာကလဲ သူတို့ကားလိုင်းရှေ့ မှာမို့ အဝေးကြီးမဟုတ်ပါဘူး။

ဒါပေမယ့် ဒီနားမှာဘေးချင်းယှဉ်ရပ်ထားတဲ့ ရန်ကုန်-မုဒုံကား ၃ စီးလေးရှိတာကိုပဲ ဘယ်ကားစီးရမှန်းမသိလို့ ဟိုကားမေးလိုက် ဒီကားမေးလိုက်နဲ့ စိတ်မောစရာကြီးပါ။ 


ဘယ်ကားစီးရမှန်းမသိဖြစ်နေကြသော ညီအမနှစ်ဦး။



ဘယ်ကားကိုမေးမေး “တက်ကြ တက်ကြ စီးလို့ရတယ်” ပဲ ကားဆရာတွေက ပြောနေကြတော့ နားမလည် နိုင်ဖြစ်ကြရတယ်။ ဇနီး၏ညီမကတော့ ပြောရှာပါတယ်။ “အမ ဘယ်ကား စီးစီးရတယ်” လို့ပေါ့။ ဒါပေမယ့် လက်မှတ်မှာက သွားမည့်ရက် ကားထွက်ချိန်နဲ့ ခုံနံပတ်တွေပဲရေးထားပြီး ကားနံပတ်မပါတော့ စင်ကာပူက လာတဲ့ဇနီးက ကားမှားစီးမှာစိုးရိမ်တာနဲ့ ကားလိုင်းကကောင်တာကိုသွားမေးတော့မှ“အဲဂလိုကြီးပါလား” လို့ သိရပါတော့သတဲ့ဗျာ။

နောက်မှသိရတာက ဒီမနက်မှာ အချိန်နဲနဲစီခြားပြီး ကား ၃ စီးစလုံး မုဒုံကိုသွားမယ်ပေါ့။ ဒါ့ကြောင့် အမိတို့ ကြိုက်တဲ့ကားကိုသာ ကြည့်ပြီးစီးကြပေတော့ဆိုတဲ့သဘော။

စာရေးသူကတော့ ပစ္စည်းတွေစောင့်နေရင်းက သူတို့ညီအမနှစ်ယောက် ဟိုကားမေးလိုက် ဒီကားမေးလိုက်နဲ့ မရေမရာဖြစ်နေတဲ့သူတို့ရဲ့ မျက်နှာတွေကို အဝေးကနေမြင်နေရတော့ ဘာများအဆင်မပြေတာပါလိမ့်လို့ တွေးပြီး ဘုမသိဘမသိနဲ့ စိတ်ပူနေမိရတယ်။

ဒါနဲ့ကားလိုင်းကပြောတဲ့ကားပေါ်ကိုတက်ပြီးမှပဲ ‘ဟင်း’ ချပြီး ထိုင်ခုံမှာ ခြေပစ်လက်ပစ်ကြီးကို ထိုင်ချပစ်နိုင် တော့တာလေ။

ဒီလိုနဲ့ ကားက သတ်မှတ်ထားတဲ့အချိန်မှာ ကားဂိတ်ကထွက်ပါတယ်။

ရန်ကုန်ရဲ့ မြို့ ပြပုံရိပ်တွေ တစ်ဖြည်းဖြည်းေ၀၀ါးပျောက်ကွယ်သွားပြီး တစ်ဖက်တစ်ချက်မှာရှိတဲ့ စိမ်းစိုစို လယ်ကွင်းတွေနဲ့သစ်ပင်တွေရယ် ဟိုအဝေးမှာ တစ်ခါတစ်ခါလှမ်းပြီးတွေ့မြင်နေရတဲ့ ညို့ မှိုင်းမှိုင်းတော တောင်တွေရယ်ကို စိတ်အေးကြည်နူးစွာငေးမောကြည့်ရှုရင်း ခရီးဆက်ခဲ့ကြရတယ်။


ဘဲလေးစားသောက်ဆိုင်၊ ကျိုက်ထို။




နေ့ ၁၂ နာရီခွဲမှာတော့ ကျိုက်ထို လက်ပြကျေးရွာက ဘဲလေးစားသောက်ဆိုင်မှာ ကားက ခရီးသည်တွေနေ့ လည်စာစားကြဖို့ ၁ နာရီရပ်နားပေးလို့ နေ့လည်စာစားပြီး ကားပြန်ထွက်လာတဲ့အခါ ဗီတာမင်-E လိုချင်လို့ မဟုတ်ပေမယ့် ခရီးသွားရတာ နဲနဲပျင်းတင်းတင်းရှိလာတာနဲ့ မိမိတို့ နေကြာစေ့လှော် စားကြပါတယ်။


လက်နှင့်ပါးစပ် မပြတ်စားတဲ့ ...။



နေကြာစေ့အခွံတွေကို ကားလိုင်းကပေးတဲ့ရေသန့်ဗူးထည့်ထားတဲ့ ပလတ်စတစ်အိတ်အမဲလေးထဲ ပစ်ကြတာ တစ်အိတ်အပြည့်မို့ ဘေးတန်းမှာထိုင်နေတဲ့ အဒေါ်ကြီးက မကြီးမငယ်နဲ့နေကြာစေ့ကို ပါးစပ်နဲ့လက် မပြတ်စတမ်းစားနေကြတဲ့ မိမိတို့လင်မယားကို ဟန်ကလေးပန်ကလေးတောင် မဆောင်နိုင်ပဲ ထူးဆန်းသလို ကြည့်နေလေရှာရဲ့ ။