"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Showing posts with label ၀မ်းနည်းလွမ်းဆွတ်ခြင်း အမှတ်တရ. Show all posts
Showing posts with label ၀မ်းနည်းလွမ်းဆွတ်ခြင်း အမှတ်တရ. Show all posts

Tuesday, July 2, 2019

စာရေးဆရာမကြီး ဒေါ်ကလျာ(၀ိဇ္ဇာ/သိပ္ပံ) ကွယ်လွန်ရှာပြီ



                   
                     ဒီဗွီဘီသတင်းတွင်ဖော်ပြထားသော Pen Myanmar ၏ ၀မ်းနည်းကြောင်းစာ


ဒီကနေ့ (ဇူလိုင်လ ၁ ရက်၊ တနင်္လာ) ည ၁၀ နာရီကျော်လောက်မှာ အိပ်ရာကတရေးနိုးလာပြီး ဖေ့စ်ဘွတ်စာမျက်နှာတွေကိုကြည့်လိုက်တဲ့အခါ မိမိချစ်ခင်လေးစားရသော စာရေးဆရာမကြီးဒေါ်ကလျာ (၀ိဇ္ဇာ/သိပ္ပံ) ကွယ်လွန်သွားကြောင်းသတင်းကိုတွေ့လိုက်ရပါတယ်။

ရန်ကုန်က အကြောအဆစ်ကုပညာရှင်ဒေါ်ဇင်လဲ့ဦးက ပြန်တင်ထားပေးတာပါ။ 

ဒါနဲ့ ၀မ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းစာတိုလေး ရေးခဲ့ပါတယ်။

ဆရာမကြီး၏ခင်ပွန်း ဆရာကြီးကာတွန်းဦးစိန်ကြီးမိသားစုနှင့်ထပ်တူ များစွာစိတ်မကောင်းဖြစ်မိရပါတယ်။


                  
ဆရာမကြီး၏အိမ်တွင်ရိုက်ခဲ့သောအမှတ်တရဓာတ်ပုံ (၀ဲအစွန် - ကာတွန်းဦးစိန်ကြီး)


မြန်မာပြည်ကိုအလည်ပြန်လို့ ရန်ကုန်ကိုရောက်တိုင်း ဆရာမကြီးဆီကိုသွားရောက်နှုတ်ဆက်ဂါရ၀ပြုလေ့ရှိပါတယ်။ ဆရာမကြီးကလည်း မိမိကို ကိုယ့်တူကိုယ်သားတစ်ယောက်လို ခင်မင်ရှာပါတယ်။ 

ဆရာမကြီးနဲ့ပတ်သက်ပြီး ဆရာမကြီး၏ခင်ပွန်းဖြစ်သူ တစ်ချိန်တခါက နာမည်ကျော်ကာတွန်းဆရာကြီးဦးစိန်ကြီးနဲ့မိသားစုများကိုပါ သိကျွမ်းခင်မင်ခဲ့ရပါတယ်။

၁၉၈၀ ခုနှစ်များက ရန်ကုန်အရိုးရောဂါကုဆေးရုံကြီးမှာ မိမိတာဝန်ကျနေစဉ် စာတွေအများကြီးရေးဖြစ်ခဲ့စဉ်က ဆရာမကြီးဦးစီးထုတ်ခဲ့တဲ့ ကလျာအမျိုးသမီးမဂ္ဂဇင်းမှာ ဆောင်းပါးတွေရေးရင်း ဆရာမကြီးနှင့်သိကျွမ်းခဲ့ပါတယ်။ 

အဲဒီတုန်းက ကလျာမဂ္ဂဇင်းတိုက်က သိမ်ဖြူတင်းနစ်ကစားကွင်းနဲ့မျက်နှာချင်းဆိုင်မှာရှိခဲ့တာပါ။ အခုလက်ရှိဆရာမကြီးနေတဲ့အိမ်နဲ့ သိပ်ပြီးမဝေးလှပါဘူး။ မဂ္ဂဇင်းတိုက်ကိုစာမူသွားပို့ရင်း အေးဆေးတည်ငြိမ်ပြီး သိမ်မွေ့မှုရှိတဲ့ဆရာမကြီးနဲ့  တခါတခါမှာ ကြုံတွေ့ရတတ်ပါတယ်။ 

ဒါပေမယ့် ထိုစဉ်က ကလျာမဂ္ဂဇင်းမှာ တာဝန်ခံအယ်ဒီတာလုပ်နေတဲ့ ကိုသက်ကြူ (စာရေးဆရာမောင်သက်ကြူ) နဲ့ လူငယ်သဘာဝ တိုက်အနီးနားက လက်ဘက်ရည်ဆိုင်မှာထိုင်ပြီး စကားပြောဖြစ်ကြပါတယ်။ 

ဒီနောက်ပိုင်း စင်ကာပူကသူ့အမျိုးတွေဆီကို ဆရာမကြီးအလည်လာတုန်းကလဲ တွေ့ဆုံခဲ့ကြရပြန်ပါတယ်။  အဲဒီအချိန်က အရေအတွက်သိပ်မများလှသေးတဲ့ နှစ်ထပ်ဘတ်စ်ကားအသစ်ကြီးရဲ့ အပေါ်ထပ်ရှေ့ ဆုံးခုံတွေမှာထိုင်ပြီး စာရေးသူတို့ဇနီးမောင်နှံက ဆရာမကြီးကိုလိုက်ပြခဲ့ကြပါတယ်။ စကားတွေလဲ အများကြီးပြောဖြစ်ခဲ့ကြပါတယ်။

ရန်ကုန်မှာတော့ ဆရာမကြီးတို့မိသားစုပြောင်းရွေ့ နေထိုင်ခဲ့ကြတဲ့အိမ်တိုင်းကို မရောက်ရောက်အောင်သွား ရောက်တွေ့ဆုံခဲ့ပါတယ်။ ဆရာမကြီးနေတဲ့သုဝဏ္ဏကအိမ်ကို ရောက်ခဲ့တုန်းက ဆရာမကြီးက မိမိတို့ကို အလုပ်မအားလပ်တဲ့ကြားက ထမင်းဖိတ်ကျွေးတဲ့အပြင် သူနှင့်မိမိတို့နှစ်ဦးလုံးနဲ့ရင်းနှီးကြတဲ့ စာရေးဆရာကြီးများဖြစ်ကြသော မောင်လင်းယုန်(ရှမ်းပြည်)နဲ့ မောင်သက်ကြူတို့ကိုပါ တွေ့ရအောင်ကြိုတင်ဖိတ်ကြားထားပေးခဲ့ပါတယ်။    


(၂၊၇၊၁၉  အင်္ဂါနေ့)


                               မြန်မာ့အလင်းသတင်းစာ (၂ ရက် ဇူလိုင်၊ ၂၀၁၉)


ဆရာမကြီးအကြောင်းအမှတ်တရလေးတွေကိုရေးနေတုန်းမှာပဲ ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၁၀) မှာ စာရေးဆရာမသန်းမြင့်အောင်ရေးထားတဲ့ 'ချစ်ခြင်းတရား၏သင်္ကေတ'  ဆောင်းပါးကိုဖတ်ရပြီး ဆရာမကြီးကို ပိုပြီးသတိတရဖြစ်မိပါတယ်။




















                                                            



ဒီကနေ့ထုတ်ကြးမုံသတင်းစာမှာလဲပဲ ဆရာမကြီးအမှတ်တရဆောင်းပါး ၂ ပုဒ်ကို ဖတ်ရပြန်ပါတယ်။

စာရေးဆရာမောင်မိုးသူကေ'ဒ်ါကလျာနှင့်မောင်မိုးသူ' 
စာရေးဆရာမ ဂျူးက 'ခွန်းဆက်လို့လွမ်း' 

အစရှိတဲ့ခေါင်းစဉ်များနဲ့ရေးထားကြတာပါ။












   
  


































Friday, April 4, 2014

အကြောအဆစ်အထူးကုပညာရှင်ကြီး ဦးအောင်မြင့် ကနေဒါမှာ ကွယ်လွန်




၁၃၇၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် သောကြာနေ့။




မတ်လ ၃၀ ရက်နေ့ကဆရာကြီး ပါမောက္ခ မစ္စတာပိ(တ)၏အကြောင်း ကျွန်းသာယာမှာ ရေးနေစဉ် နောက် တစ်နေ့ဖြစ်တဲ့ ဧပြီလ ၁ ရက်နေ့တွင် မစ္စတာပိ(တ)၏တပည့်ရင်းချာတစ်ဦးဖြစ်ခဲ့ဖူးသူ ဆရာ ဦးအောင်မြင့် ကနေဒါနိုင်ငံမှာကွယ်လွန်သွားကြောင်း စိတ်မကောင်းစရာသတင်းကို ကြားသိခဲ့ရပြန် ပါတယ်။ နောက်ပြီး ဆရာဦးအောင်မြင့်၏ဇနီး ဆရာဝန်မကြီးဒေါက်တာဒေါ်သန်းသန်းလှလည်း ကျန်းမာရေး သိပ်မကောင်းလှ ဘူးလို့ ပြောပါတယ်။ ဆရာကွယ်လွန်ချိန်မှာ ဇနီး၊ သမီး စုစု၊ သား ကိုဝဏ္ဏနှင့် မြေး ၂ ယောက်ကျန်ရှိခဲ့ပါ တယ်။ ကိုဝဏ္ဏ (ဒေါက်တာဝဏ္ဏအောင်မြင့်)က ရောဂါရှာဖွေရေးဆိုင်ရာ ဓာတ်မှန်ဆရာဝန် (Diagnostic Radiologist) အဖြစ် Peterborough မြို့ ရှိ Regional Health Centre မှာ အလုပ်လုပ်နေပါတယ်။





အကြောအဆစ်ကုပညာရပ် (Physiotherapy) ကျောင်းသားကျောင်းသူများ၏ အမှတ်တရ      
                                           ဓာတ်ပုံ(၁၉၆၁ ခုနှစ်)

ရှေ့ တန်း (၀ဲမှ) - ဦးအောင်မြင့်၊ ဒေါ်မြင့်ပြုံးဦး၊ ဒေါ်ခင်ခင်အုန်း၊ ဒေါ်ခင်ခင်ထွေး၊ ဦးဝင်းထိန်။
နောက်တန်း (၀ဲမှ) - ဦးသိန်းလွင်၊ ဦးသောင်းငွေ၊ ဦးခင်မောင်စိုး၊ ဦးထွန်းမြင့်၊ ဦးပေါလ်ဂျွန်၊ ဦးဇော်ဝင်း၊ ဦးကယ်ဗင်(ယခု စင်ကာပူတွင် အလုပ်လုပ်နေသော ဦးစောကယ်လ်ဗင် မဟုတ်ပါ)၊ ဦးတင်အေး၊ ဦးထွန်းအောင်ဇံ
(ဓာတ်ပုံ - ဆရာဦးကြီးမောင်မှ ကျေးဇူးပြုပါသည်။) 




အမေရိကန်မှာနေတဲ့ ဒေါ်ကြည်ကြည်မြင့်ကနေ စင်ကာပူမှာရှိနေတဲ့ ဒေါ်ကြည်ကြည်အုန်းထံကို အီးမေးနဲ့ အ ကြောင်းကြားပေးရာက ဆရာဦးအောင်မြင့်၏တပည့်များဖြစ်သော မိမိတို့တစ်ဆင့် သိရှိခဲ့ရ ခြင်းဖြစ်ပါတယ်။ မိမိ ပညာသင်ယူခဲ့တဲ့ ဆေးဘက်ပညာသိပ္ပံ (Institute of Para-Medical Sciences) မှာတုန်းက ဆရာဦး အောင်မြင့်၏တပည့်ဖြစ်ခဲ့ကြသူအချို့ ကို မိမိလက်လှမ်းမှီသလောက် အီးမေးဖြင့် အကြောင်းကြားပေးခဲ့ပါ တယ်။

ဒေါ်ကြည်ကြည်မြင့်၏စာထဲမှာ ဆရာကြီးဦးအောင်မြင့်ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်ရှိပြီလို့ သိရပါတယ်။ ဒီတော့မှ ၂၀၁၂ ခုနှစ် ဇွန်လက ကွယ်လွန်သွားသော မစ္စတာပိ(တ)၏နောက်တပည့်ရင်းချာတစ် ဦးဖြစ်ခဲ့သူ ဆရာကြီးဦးထွန်းအောင်ဇံနဲ့အသက်အတော်လေးကွာတာ သတိပြုမိရပါတယ်။ ဆရာကြီးဦးအောင်မြင့်နှင့်ဆ ရာကြီးဦးထွန်းအော်ဇံတို့နှစ်ဦးတို့ ရန်ကုန်မှာ အကြောအဆစ်ကုပညာရပ်(Physiotherapy)နဲ့ ကျောင်းပြီးတဲ့အ ခါ သူတို့၏ဆရာကြီး မစ္စတာပိ(တ)က အင်္ဂလန်ကို ပညာတော်သင်စေလွှတ်ပြီး အကြောအဆစ်ကုပညာရပ် ဆိုင်ရာပါရဂူဘွဲ့ (MCSP & Dip TP)များ ယူစေခဲ့တာဖြစ်လို့ အသက်သိပ်ပြီးကွာမှာမဟုတ်ဘူးလို့ မိမိ အစက ထင်ထားခဲ့မိတာဖြစ်တယ်။  

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆရာကြီးဦးထွန်းအောင်ဇံ ကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ်ပါ။ ဒါကြောင့် သူသာ မကွယ်လွန်သေးဘူးဆိုလို့ရှိရင် အခုအချိန်မှာ ၈၃ နှစ်ရှိပါမယ်။ အင်္ဂလန်မှ ပြန်လာကြပြီးနောက် သူတို့ ၂ ဦးလုံး ဆေးဘက်ပညာသိပ္ပံကျောင်းမှာ အလုပ်ဝင်ခဲ့ကြပါတယ်။ စာရေးသူ တတိယနှစ်ကိုရောက်တော့ ဆရာကြီးဦး အောင်မြင့်နှင့်အခြားဆရာများရှိနေကြပြီး ဆရာကြီးဦးထွန်အောင်ဇံက ရူပဗေဒဆေးကုဌာနမှ ဆရာဝန် မကြီး ဒေါက်တာဒေါ်မြစိန်နဲ့ အဆင်မပြေဖြစ်ပြီး တိုင်းဆေးရုံကြီးတစ်ခုကို ပြောင်းသွားတာကြောင့် ကျောင်းမှာ မိမိ၏ ဆရာအဖြစ် မတော်လိုက်ရပါဘူး။   


ဆရာကြီးဦးအောင်မြင့်၏ သင်ကြားမှုများကိုတော့ ကျောင်ပြီးတဲ့အထိ သင်ယူခဲ့ရပါတယ်။ 




အဲဒီအချိန်က အကြောအဆစ်ကုဘာသာရပ် (Physiotherapy)၊ ဓာတ်မှန်ဘာသာရပ် (Radiography)၊ဓာတ်ခွဲဘာသာရပ် (Medical Technology)နဲ့ ဆေးဝါးဘာသာရပ် (Pharmacy) အစရှိသော ဘာသာရပ် အလိုက် အတန်းတစ်တန်းမှာ ကျောင်သူကျောင်းသား ၁၅ ဦးစီရှိကြပါတယ်။
တက္ကသိုလ်ဝင်တန်း (၁၀ တန်း) အောင်တဲ့ကျောင်းသူကျောင်းသားတွေအထဲက ဆေးဘက်ပညာသိပ္ပံ ကျောင်းကို လျှောက်ထားကြရာမှာ ဘာသာရပ်တစ်ခုအတွက် အမှတ်အများဆုံး ၁၅ ဦးစီ ရွေးခြယ်တာ ဖြစ်တယ်။ ပထမ ၂ နှစ်က ဆေးပညာအခြေခံသိပ္ပံပညာရပ်များသင်ကြရပြီး ဒုတိယ ၂ နှစ်မှာ အထူးပြု ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားကြရပါတယ်။ ဒုတိယ ၂ နှစ်မှာက တစ်နှစ်လုံးမှာ ကျောင်း ပိတ်ရက် ၁ လပဲပေးတာဖြစ်ပြီး အတော်လေးကို ကျပ်ကျပ်မတ်မတ် ပြင်းပြင်းထန်ထန်နဲ့ အချိန်ပြည့်သင် ပေးတာဖြစ်တယ်။ 
အကြောအဆစ်ဌာနတွင် အကြောအဆစ်ကုပညာရှင်ဆရာများနဲ့ဆရာဝန်ကြီးများက သင်ကြားပို့ချပေးကြ တာပါ။ ဆရာဦးအောင်မြင့်ကို သူ့တပည့်အချို့ က အောက်ပါအတိုင်း မှတ်မှတ်ရရရှိကြပါတယ်။ 






ဆရာဦးကြီးမောင်
ဆရာက စာသင်တဲ့အခါမှာ မကြာခဏ အမ် .. အမ် ဆိုပြီး ကြားညှပ်ပြောတတ်လို့ ကျနော်တို့က "အမ်(M) အောင်မြင့်"လို့ ဆရာ့နောက်ကွယ်မှာ ခေါ်လေ့ရှိကြတယ်။ 







ဆရာမ ဒေါ်ခင်မမ
ဆရာဦးအောင်မြင့်က အကြောအဆစ်ကုပညာရပ်နဲ့ပတ်သက်လို့ ကျမ၏ပထမဦးဆုံး လက်ဦးဆရာအရင်းကြီးပါ။






ဆရာဦးတင်မြင့်
ဆရာက စာသင်ရင်းနဲ့ စပ်မိတိုင်း "ဆရာတို့ ဂလတ်စကိုမှာတုန်းက" လို့ မကြာခဏ ပြောလေ့ရှိတာကြောင့် သူ့နောက်ကွယ်မှာ "ဂလတ်စကို အောင်မြင့်"လို့ ကျနော်တို့ က ခေါ်ကြတာ။
နောက်ပြီး ဆရာဦးအောင်မြင့်က စာသင်နေရင်းနဲ့ ဒူးယားစီးကရက်ကို ပါးစောင်မှာ ခဲပြီး သူ့ နှုတ်ခမ်းမွှေးစစလေးလှုပ်ပြီး သင်လေ့ရှိတာဗျ။ တစ်ခါ သူက အ၀တ်အ စားပွပွကြီးတွေမှ ၀တ်လေ့ရှိသေးတယ်။ 




ဆရာမ ဒေါ်စိုးစိုးရီ
ဆရာက သူ့တပည့်တွေ စာမကြိုးစားရင် သိပ်ပြီးစိတ်ဆိုးတတ်တာ။ ဆိုလဲ ဆိုတတ်တာ။ ကျမတို့လဲ ပါ တာပေါ့လေ။

မိမိအပါအ၀င် သူ့တပည့်အားလုံးသည် ဆရာကြီးဦးအောင်မြင့်ကို အထက်ကအတိုင်း လေးစားစွာ မှတ် မိနေကြမှာ ဖြစ်ပါတယ်။ ဆရာက အင်္ကျီပွပွ ဘောင်းဘီပွပွကြီးတွေ ၀တ်လေ့ရှိပါတယ်။ နက်ကတိုင်လည် စီးကလည်း အပြားကြီးကြီးပါ။ နဖူးပေါ်မှာဝဲကျနေတဲ့ ဆံစလေးတွေအောက်က ဆရာ၏၀ိုင်းစက်တဲ့မျက် လုံးလေးတွေမှာ စူးရှလေးနက်မှုကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ တစ်ခါတစ်ခါမယ်တော့ ဆရာက တပည့်တွေကို ရယ်စရာအကြောင်းအရာလေးတွေပြောပြီး သူပါ ဟက်ဟက်ပက်ပက်လိုက်ရယ်တာမှ မျက်ရည်ထွက်တဲ့အထိပါပဲ။ 

ဆရာနှင့်ဆရာ့ဇနီးတို့က အင်္ဂလန်မှာပညာသင်သွားကြရာက အဲဒီမှာတင် တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာလို့ သူနဲ့အတူ ပညာတော်သင်သွားတဲ့ ဆရာကြီးဦးထွန်းအောင်ဇံပြောပြလို့ သိရပါတယ်။ ဒါကို ဆရာကြီးဦး ထွန်းအောင်ဇံက "မနေနိုင်တဲ့ ချောင်(ဂျောင်)အကြား မယ်နဲ့မောင်နဲ့ညား" လို့ အချင်းချင်း ရယ်စရာလုပ် ပြီးပြောကြတာ ကြားခဲ့ဖူးပါတယ်။ ဆရာတို့အတွဲကလည်း စိတ်ဝင်စားစရာပါ။ လင်ဖြစ်သူက အနည်းငယ် ပုညှပ်ပြီး ဇနီးဖြစ်သူက အချိုးအဆက်ဖွံ့ဖွံ့ထွားထွားပါ။ ဆရာကတော်က လမ်းမတော်ဆေးကျောင်းက ကထိကဖြစ်လို့ ဆရာအလုပ်လုပ်တဲ့ဆေးရုံကြီးနဲ့နီးတာကြောင့် ကျောင်းကိုမကြာခဏလာတာမို့ တွေ့ရ တတ်ပါတယ်။


၁၉၇၄ ခုနှစ်လောက်မှာ သမိုင်းအရပ်ရှိ မသန်မစွမ်းလူနာများဆေးရုံ (Hospital for the Disabled)တွင် မိမိ အလုပ်လုပ်နေစဉ်   အမေရိကန်နိုင်ငံသို့ ခြေတုလက်တုပညာရပ်အတွက် ပညာတော်သင်သွားဖို့ အခွင့်အ လမ်းရလို့ ဆရာကြီးဦးအောင်မြင့်ထံသွားပြီး အကြံတောင်းဖူးခဲ့ပါသေးတယ်။ ဆရာကြီးက "မင်း အဲဒီကပြန် လာရင် အခုအလုပ်ဖြစ်တဲ့ အကြောအဆစ်ကုပညာရှင် (Physiotherapist)အဖြစ် မလုပ်ရတော့ဘူး။ ခြေတု လက်တုပညာရှင် (Prosthetist / Orthotist) အဖြစ်ပဲလုပ်ပြီး ခြေတုလက်တုအလုပ်ရုံက ၀န်ထမ်းတွေကို စီ မံအုပ်ချုပ် ရ မယ်။ ကျန်တာတော့ မင်းဖာသာ သေသေချာချာစဉ်းစာပြီး ဆုံးဖြတ်ပါ"လို့ အကြံပေးပါတယ်။ ကျန်တဲ့ကထိကများကလည်း မိမိကို အလားတူအကြံပေးကြတာဖြစ်တယ်။ ဒါနဲ့ စာရေးသူက ဆေးရုံအုပ်ကြီး ဒေါက်တာဦးလှဖေကို အဲဒီပညာရပ်နဲ့ ပညာတော်သင် မသွားချင် တဲ့အကြောင်း စိတ်မ၀င်စားတဲ့အကြောင်း တင်ပြလိုက်ပါတယ်။ 


၁၉၇၅ ခုနှစ် နှစ်ကုန်တွင် မော်လမြိုင်ရှိ မွန်ပြည်နယ်ပြည်သူ့ဆေးရုံကြီးကို စာရေးသူ ပြောင်းသွားပြီးတဲ့အခါ ဆရာကြီးတို့မိသားစု ကနေဒါနိုင်ငံကို အပြီးအပိုင် ပြောင်းသွားပါတယ်။ ဒီနောက်ပိုင်းမယ်တော့ ဆရာ့ကို မိမိ လုံးဝပြန်မတွေ့တာ ယခု သူ ကွယ်လွန်တဲ့အချိန်အထိပါပဲ။ 




ဆရာကြီးဦးအောင်မြင့်၏နာရေးသတင်းကို ကနေဒါရောက်မြန်မာတစ်ဦး၏ Blog တွင် အထက်ပါအတိုင်း ဖော်ပြအကြောင်းကြားထားတာ တွေ့ရပါတယ်။



ဒါပေမယ့် ကနေဒါကို ဆရာရောက်သွားပြီးနောက်မှာ ဆရာနှင့်မိမိ စာအဆက်အသွယ် ၂ ကြိမ် ၃ ကြိမ်လောက် ရှိခဲ့ပါသေးတယ်။ စာရေးသူက မော်လမြိုင်ကနေ ဆရာ့ထံသို့ စာရေးပြီး အကူအညီ တောင်းတာပါ။ ဆရာရှိရာ ကနေဒါမှာလာပြီးအလုပ်လုပ်ချင်တဲ့အကြောင်းဖြစ်တယ်။ ဆရာက မိမိ ထံသို့ ဂရုတစိုက်စာပြန်ပြီး လုပ်ရမယ့်အဆင့်တွေကို သေသေချာချာရှင်းပြပါတယ်။ အဲဒီခေတ်က သုံးတဲ့ လေယာဉ်စာအိတ်အပြာလေးမှာ ဆရာက အင်္ဂလိပ်လို လက်ရေးနဲ့အပြည့်ရေးထားတာကို ယနေ့အထိ မျက်စေ့ထဲမြင်ယောင်နေဆဲပါ။ ဆရာအဓိကပြောတာက ကနေဒါနိုင်ငံကိုလာပြီးအလုပ် လုပ်ချင်တယ်ဆိုရင် ပထမအဆင့်အနေနဲ့ ကနေဒါသံရုံးမှာ အကြောအဆစ်ဘာသာရပ်ဆိုင်ရာ အ ရည်အချင်းစစ်စာမေးပွဲ အရင်ဖြေရမယ်။ သူလည်း ဖြေခဲ့ရတာပဲတဲ့။အဲဒီစာမေးပွဲကိုအောင်အောင် ဖြေပါတဲ့။ စာမေးပွဲအောင်ပြီးတဲ့အခါ ကနေဒါကို ထွက်လာဖို့နောက်ပိုင်းအတွက် သူ ဟိုကနေ စီစဉ် ပေးမယ်၊ ဘာမှမပူနဲ့လို့ ရေးထားပါတယ်။
ဆရာရေးတဲ့ လေယာဉ်စာအိတ်အပြာလေးကိုယူပြီး စာမေးပွဲအကြောင်းကို စုံစမ်းရန် စာရေးသူက မော်လမြိုင်ကနေ ရန်ကုန်ကို သွားခဲ့တယ်။ ထိုစဉ်က မြန်မာပြည်မှာ ကနေဒါသံရုံးက သီးသန့်မရှိ သေးပဲ ဗြိတိန်သံရုံးအတွင်းမှာ တွဲဘက်ထားတာဖြစ်လို့ ဗြိတိန်သံရုံးရှိရာကို သွားရပါတယ်။ ကနေ ဒါသံတမန်ဝန်ထမ်း၏ပြောပြချက်အရ စာမေးပွဲက ထိုင်းမှာရှိတဲ့ ကနေဒါသံရုံးမှာ သွားဖြေရမယ်လို့ သိခဲ့ရပါတယ်။ ဒါနဲ့ စာမေးပွဲဖြေမယ့်အလုပ်ကိုမေ့လိုက်ရပါတယ်။ ကနေဒါအိပ်မက်လည်း ပျောက် ပျက်သွားခဲ့ရပါတော့တယ်။ 



ဆရာ့အကြောင်းကို အဝေးမှကြားသိခဲ့ရတာကတော့ ဆရာသည် ကနေဒါနိုင်ငံ အွန်တာရီယိုရဲ့  အနောက် တောင်ဖက်မှာရှိတဲ့ လန်ဒန်ဆိုတဲ့မြို့ က ဗစ်တိုးရီးယားဆေးရုံကြီးတွင် အနှစ် ၂၀ ကြာ အလုပ်လုပ်ခဲ့ပြီး ကလင်တန် ပတ်ပလစ်ဆေးရုံကြီးမှာလည်း ညွှန်ကြားရေးမှူး (Director of Physiotherapy) အဖြစ်တာ ၀န်ထမ်းဆောင်ခဲ့တယ် ဆိုပါတယ်။  













Saturday, May 18, 2013

မငယ်လှသော်လည်း အကြွေစောသည့် ကျွန်တော့ဆရာတစ်ဦး


၁၃၇၅ ခုနှစ်  ကဆုန်လဆန်း ၈ ရက်    




 ပါမောက္ခ ဒေါက်တာဦးမျိုးမြင့် ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် မိမိအိမ်သို့ အလည်လာစဉ်က အမှတ်တရဓာတ်ပုံ။ 


မိမိ၏ဆရာအား ရိုသေလေးစားစွာ ကန်တော့ခွင့်ရခဲ့သည်။


ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ရန်ကုန်မှ ဖုန်းဝင်လာခဲ့သည်။

“ဆရာအေးရေ .. ဆရာဦးမျိုးမြင့်တော့ ဒီကနေ့မနက်ကပဲ ဆုံးသွားရှာပြီ” ဟု မိတ်ဆွေဦးတင်မြင့်က စိတ်မ ကောင်းစွာဖြင့် ပြောပါသည်။

လွန်ခဲ့သည့် သုံး လေးရက်လောက်က မိတ်ဆွေဦးကြီးမောင်ထံမှ အီးမေးရထားသဖြင့် ဗဟိုရ်စည်ဆေးရုံပေါ် တွင် သတိလစ်လျက်ရှိနေသော ဆရာ၏ကျန်းမာရေးအခြေအနေမှာ များစွာမကောင်းလှတော့ကြောင်းကိုမူ သိထားပြီးဖြစ်၏။






ယခုတော့ ဆရာ ဆုံးသွားပါပြီတဲ့။   
နှမြောတသ ယူကြုံးမရဖြစ်၍ မဆုံးလေတော့။


ဆရာ့ကို မိမိနောက်ဆုံး ဆုံတွေ့ခဲ့ရသည်မှာ လွန်ခဲ့သော ၂ နှစ်ကျော်ကဖြစ်သည်။ ထိုစဉ်က ဆရာသည် ကျန်း မာရေးစစ်ဆေးရန် စင်ကာပူသို့ ရောက်ရှိနေခြင်းဖြစ်၏။ ဆရာဖုန်းဆက်သဖြင့် မိမိနှင့်မိမိ၏ဇနီးတို့သည် ဆရာ တည်းခိုလျက်ရှိသော ဂေလန်းအရပ်သို့ သွားခဲ့ကြပါသည်။ ဆရာက ဆေးရုံတွင် ဆေးစစ်ရမှုများကို မိမိအား ပြောပြပါသည်။ ကျန်းမာရေးအခြေအနေမှာ ယခင်အခေါက်များကလို ဒေါင်ဒေါင်မြည် မဟုတ်ကြောင်းကို သ တိပြုမိ၏။ ဆရာနှင့်အတူ ဆရာ၏ဇနီးနှင့်သားတို့လည်း လိုက်ပါလာခဲ့ကြသည်။ 

ထို့ကြောင့် ဆရာ့၏ကျန်းမာရေးအတွက် အနည်းငယ်တော့ စိုးရိမ်စိတ်ဖြစ်ရပါသည်။

သည့်နောက်တွင် ဆရာနှင့်မတွေ့ရသော်လည်း ဆရာ၏ကျန်းမာရေးနှင့်ပတ်သက်ပြီး ဘာမှပြောသံမကြားရ တော့ပေ။ မြန်မာနိုင်ငံဆေးကောင်စီတွင် ဥက္ကဌတာဝန်ယူထားသည့် ဆရာ၏လှုပ်ရှားမှုသတင်းများကိုသာ တစ်ခါတစ်ခါ ကြားသိနေခဲ့ရသည်။ 


ယခင်အခေါက်များက ဆရာနှင့် စကားစမြည်ပြောခဲ့ဖြစ်သည်များအား အမှတ်ရနေသည်။ 

ဆရာ့မိတ်ဆွေလည်းဖြစ် မိမိ၏မိတ်ဆွေလည်းဖြစ်သော ဆရာဦးစောကယ်(လ)ဗင်နှင့် မိမိတို့ ၃ ဦး ‘ဘူးကစ် ဘာတော့’ဘူတာ(Bukit Batok station)နားက စားသောက်ဆိုင်တစ်ခုတွင် ညစာစားရင်း စကားတွေ ပြောဖြစ် ခဲ့ကြသည်။ ဆရာနှင့်မိမိတို့နှစ်ဦးသည် ဆရာ့ညီဖြစ်သူ ဦးရဲမြင့်၏’ဘူးကစ်ဘာတော့’အိမ်မှ မက်(ခ)ရစ်ချီး ရေ လှောင်ကန်(MacRitchie Reservoir) အထိ သစ်ပင်များ ထူထပ်စွာပေါက်နေသည့် တောအုပ်ကိုဖြတ်ပြီး လမ်း လျောက်ရင်း စကားတွေအများကြီး ပြောဖြစ်ခဲ့ကြပါသည်။ 

ဆရာ၏ညီဖြစ်သူ ဦးရဲမြင့်သည် စင်ကာပူနိုင်ငံတွင်နေထိုင်လျက်ရှိပြီး သူ့ကို မြန်မာပြည်မှာကတည်းက မိမိသိ နေခဲ့၏။ ဦးရဲမြင့်သည် ရဲမြင့်(စက်မှုတက္ကသိုလ်)ဟူသောကလောင်အမည်ဖြင့် သိပ္ပံမဂ္ဂဇင်းတွင် ဆောင်းပါးများ ရေးခဲ့ပြီး ထိုစဉ်က မိမိသည်လည်း ယင်းမဂ္ဂဇင်းမှာ ပင်တိုင်ဆောင်းပါးများ လစဉ်ရေးခဲ့ပါသည်။  


ဆရာသည် စင်ကာပူသို့ရောက်တိုင်း အချိန်ရပါက ဆရာဦးစောကယ်(လ)ဗင်(Senior physiotherapist) နှင့်မိ မိတို့ ၂ ဦးအား ဖုန်းဆက်ပြီး တွေ့ဆုံစကားပြောလေ့ရှိ၏။  



 ဒေါက်တာဦးမျိုးမြင့် ပါမောက္ခချုပ် (ငြိမ်း) (ဓာတ်ပုံ - ဆေးတက္ကသိုလ် ၁၊ ရန်ကုန် Website)။


ဆရာဦးစောကယ်(လ)ဗင်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အကြောအဆစ်ကုပညာရှင်အဖြစ် အလုပ်လုပ် ခဲ့စဉ်က အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်သည့် ဆရာဦးမျိုးမြင့်နှင့် ရင်းနှီးခဲ့ပါသည်။


မိမိကမူ ရန်ကုန်ဆေးရုံကြီးအတွင်းရှိ ဆေးဘက်ပညာသိပ္ပံ (Institute of Para-Medical Sciences) တတိ ယနှစ်မှာ ပညာသင်ကြားခဲ့စဉ်က ဆရာဦးမျိုးမြင့်၏တပည့်ဖြစ်ခဲ့ပါသည်။ ထိုစဉ်က မိမိတို့ အကြောအဆစ်ကု ဆေးပညာဘာသာရပ် (Physiotherapy) ကျောင်းသားများသည် ခန္ဓာဗေဒပညာ (Anatomy)နှင့် ဇီဝကမ္မဗေ ဒပညာ(Physiology)ရပ်များကို ပြည်လမ်းရှိ ဆေးတက္ကသိုလ်(၁)တွင် သင်ကြားကြရပါသည်။ ခန္ဓာဗေဒပညာ ကို ဆရာဦးမျိုးမြင့်က သင်ကြားပေးပြီး ဇီဝကမ္မဗေဒပညာကို ‘ဒေါက်တာမန်ဆာ’က သင်ကြားပေးခဲ့ခြင်းဖြစ် သည်။

ဆေးတက္ကသိုလ်တွင် မိမိတို့အား ခန္ဓာဗေဒပညာကို သင်ကြားပေးစဉ်က ဆရာသည် အက်(ဖ်)အာစီအက်စ် FRCS ၀င်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေချိန်ဖြစ်သည်။ ဆရာသည် လူ့ခန္ဓာကိုယ်ကြီးတွင် အရိုးများ၊ ကြွက် သားများ၊ ကြွက်သားကြောများ၊ အဆစ်များ၊ ရိုးဆက်ရွတ်များ၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ မည်သို့ဖွဲ့ စည်း တည်ရှိကြသည်ကိုလည်းကောင်း၊ မည်သို့ အချင်းချင်းဆက်သွယ်မှုရှိကြပြီး မည်သို့မည်နှယ် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်လုပ်ကိုင်နေကြသည်တို့ကိုလည်းကောင်း အစရှိသည့်ဘာသာရပ်ဆိုင်ရာစာများကိုသာ သင် ကြားပေးရုံမက မိမိတို့ခွဲစိတ်လေ့လာလျက်ရှိသောလူသေခန္ဓာကိုယ်ကြီးအား လေးစားမှုထားရှိကြရန်နှင့် ယင်း ခွဲစိတ်လေ့လာမှုမှရရှိသည့် အသိပညာများကို နောင်တွင် မိမိတို့က သက်ရှိလူနာများအား စမ်းသပ်စစ်ဆေးကု သကြရာ၌ ကောင်းစွာအသုံးချကြရန်ကိုပါ လေးလေးနက်နက် ဆုံးမလမ်းညွှန် မှာကြားခဲ့သေးသည်။


သေပြီးသူတို့၏ ခန္ဓာကိုယ်အား အရေပြားမှ အဆီလွှာ၊ ထိုမှတဆင့် ကြွက်သားများ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများ အာရုံကြောများ နောက်ဆုံးအရိုး အဆစ်တို့အထိ တစ်လွှာစီ တစ်ပိုင်းစီ သူ့အကန့်နှင့်သူ ဆရာက စိတ်ရှည်လက်ရှည်ဖြင့် ခွဲစိတ်ဖြတ်တောက် သင်ပေးသည်တို့ကို အကြောင်းပြုပြီး စာရေးသူက ငွေတာရီမဂ္ဂဇင်းတွင် အစမ်းစာလေးရေးခဲ့ပါသည်။ ခန္ဓာကိုယ်လှူထားကြသူများအား လေးစားဂုဏ်ပြု ရေး သားထားပြီး ယင်းနှင့်ပတ်သက်သည့် ဆရာ၏ဆုံးမစကားများကိုပါ ကောက်နှုတ်ဖော်ပြခဲ့ပါသည်။ မိမိ၏စာ လေး မဂ္ဂဇင်းတွင်ပါလာသောအခါ ဆရာ့အား အမှတ်တရလက်ဆောင်အဖြစ် မဂ္ဂဇင်းစာအုပ် သွားပြီးပေးရာ ဆရာက “အေးဗျာ၊ နောင်ကို အချိန်ရရင် ခင်ဗျားလိုပဲ စာတွေ ရေးချင်တယ်”ဟု ပြောခဲ့ပါသည်။


သို့သော် ဆရာသည် အလွန်များမြောင်ကြီးမားလှသည့် အလုပ်တာဝန်များ၏ ဖိစီးမှုကြောင့် စာမရေးဖြစ်ခဲ့ပါ။



ဆရာက သူ့တပည့်များနှင့် စကားပြောသည့်အခါ ‘မင်း’နဲ့ ‘ငါ’နဲ့ဟု ခေါ်ဝေါ်သုံးစွဲခြင်းမရှိပဲ ‘ခင်ဗျား’နှင့် ‘ကျွန် တော်’နှင့်ဟုသာ ပြောလေ့ရှိပါသည်။ သည်မျှအထိ ဆရာသည် သူကိုယ်သူ နှိမ့်ချမှုရှိ၏။ ဆရာဂုဏ်လည်း မ မောက်ပါချေ။  

သူသိထား တတ်ထားသမျှကို တပည့်များအား အိတ်သွန်ဖာမှောက် မခြွင်းမချန်သင်ကြားပြသပေးခဲ့ပါသည်။ စာကိုသင်ရင်း စာဖတ်တတ်အောင် စာရှာတတ်အောင် နည်းပေးလမ်းညွှန်ပြု၏။ တပည့်များအနေဖြင့် စာကို စိတ်ဝင်စားကြစေရန် သူ ဖတ်မှတ်လေ့လာ သိရှိထားသည့် အခြားသောဗဟုသုတများဖြင့် သိုင်းဝန်းရှင်းပြ တတ်ပါ၏။   


ဆရာ၏တပည့်များအဖြစ် ဆရာ့ထံတွင် ပညာသင်ကြားခွင့်ရခဲ့ကြသော မိမိတို့သည် အလွန်ကံကောင်းကြ သည်ဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာသည် စာတော်ရုံသာတော်သောသူတစ်ဦး မဟုတ်မူပဲ စိတ်နေသဘောထားပြည့်ဝပြီး အနေအထိုင်အပြောအဆိုများပါ တော်သူဖြစ်ပါ၏။ သူပြောသလိုလုပ်ပြီး သူသိ သလို နေထိုင်ကျင့်ကြံအားထုတ်တတ်သူလည်းဖြစ်၏။


မိမိမှတ်မိနေသော ဥပမာတစ်ခု ပေးပါမည်။

ဆရာသည် အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးဖြစ်သည်။ ထို့ကြောင့် ဆရာ၏လူနာအများစုတွင် ထိခိုက်ဒဏ် ရာရလူနာများ ပါရှိနေကြ၏။ တစ်ခါ ယင်းတို့အထဲတွင်မှာမှ ကားနှင့်သက်ဆိုင်သော ထိခိုက်ဒဏ်ရာရလူနာ အတော်များများအား ဆရာတွေ့ရှိပြီး ခွဲစိတ်ကုသပေးခဲ့မည်ဖြစ်သည်။ ဒီတော့ ဆရာသည် ကားနှင့်သက် ဆိုင်သော ထိခိုက်ဒဏ်ရာရမှုတို့၏ အကြောင်းရင်းအမျိုးမျိုးကို သိရှိထားသည်နှင့်အမျှ ကြိုတင်ကာကွယ်နိုင် ခြင်း၏ အရေးပါမှုကို ကောင်းစွာနားသဘောပေါက်ထားသူဖြစ်မှာ သေချာနေသည်။

ထို့ကြောင့်ဖြစ်ပါမည်။ ဆရာသည် သူ၏ကိုယ်ပိုင်ကားကို မောင်းလျက်သွားလာတိုင်း ထိုင်ခုံခါးပတ် (seat belt) ကို အမြဲအသုံးပြုလေ့ရှိသည်ကို မိမိ မကြာခဏ သတိပြုမိခဲ့သည်။ စဉ်းစားကြည့်ကြစေချင်ပါသည်။ လွန်ခဲ့သော အနှစ် ၃၀ ကျော်လောက်က မြန်မာပြည်တွင် ဆရာကဲ့သို့ ထိုင်ခုံခါးပတ်ကို အမြဲတတ်ပြီး ကား မောင်းကြသူ ဘယ်နှစ်ဦး ရှိပါအံ့နည်း။

လာမည့်ဘေးအန္တရာယ်ဆိုးကို သိကားသိထားကြပါလေ၏။ သို့သော် မိမိ၏အန္တရာယ်အတွက်ပင် လက် တွေ့မလုပ်ချင်ကြသူများကား ဒုနှင့်ဒေးရှိချေသည်။

ထိုသူများထဲတွင် ဆရာ မပါရှိခဲ့။ ဆရာသည် အများမိုးခါးရည်သောက်တိုင်း လိုက်ပြီးသောက်တတ်သူ မ ဟုတ်ကြောင်း ထင်ရှားနေပါသည်။  


နောက်မှတ်မိတာတစ်ခု ရှိသေးသည်။

ခန္ဓာဗေဒလက်တွေ့စာသင်ခန်းအတွင်းရှိ လူသေခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို ခွဲစိတ်လျက် မိမိတို့အား သင် ကြားနေစဉ် ဆရာ့အိတ်ထောင်တွင်ထိုးထားသည့် ဖောင်တိန်မှ မင်ယိုပြီး အင်္ကျီပေသွားသည်။ ဆရာက မိမိ တို့အား လုပ်စရာသင်ခန်းစာ ပေးထားခဲ့ပြီး လက်ဆေးရေစင်ရှိရာသို့ ခပ်သွက်သွက်လေး လျှောက်သွားကာ မင်ပေသွားသည့်နေရာကို လျှော်လေသည်။ ပြီးသောအခါ အင်္ကျီကို ချိတ်တွင်လွှားထားကာ မိမိတို့ထံ ပြန် လာခဲ့ကာ စာဆက်ပြီးသင်ပါသည်။ ဆရာဝတ်ထားသည့်စွပ်ကျယ်မှာ လက်ရှည်ပွပွဖြစ်သဖြင့် အမြင်မတော် ခြင်း မဖြစ်ပါချေ။

ဆရာသည် လုပ်စရာရှိသည့်အလုပ်တို့ကို အကြွေးမထားပဲ ချက်ခြင်းပင် သူကိုယ်တိုင် လုပ်တတ်ကြောင်း မျက်မြင်လက်တွေ့ သိရှိမှတ်သားခွင့် ရခဲ့ပါ၏။

တစ်နေ့မှာတော့ ဆရာသည် မိမိတို့အား ဆေးပညာဘာသာရပ် သင်ပေးနေရင်းက သူအနေဖြင့် အင်္ဂလိပ် စာနှင့်စကားတိုးတက်အောင် (speaking and listening skills) မည်သို့အပတ်တကုတ် လေ့လာခဲ့ကြောင်း နည်းလမ်းကောင်းတစ်ခုကို ပြောပြခဲ့ဖူးပါသည်။ အင်္ဂလိပ်စာနှင့်စကားများကို တတ်ချင်သဖြင့် အင်္ဂလိပ်ရုပ် ရှင်ကားတွေ မလွတ်တမ်း ကြည့်ခဲ့ပါသတဲ့။ ရုပ်ရှင်ကားများများကို ငွေကုန်ကြေးကျနည်းနည်းဖြင့် ကြည့်နိုင် စေရန် ဆရာသည် ပြား ၅၀၊ ၇၅ ပြား ခန့်သာပေးရသော ထိုင်ခုန်မရှိပဲ ဖျာပေါ်မှာထိုင်ကြည့်ရသည့် ရှေ့ ဆုံး အတန်းမှ ခေါင်းကလေးကို တစ်ချိန်လုံးမော့ထားပြီး ကြည့်ခဲ့ရတာပါတဲ့။

အော် - ပညာရှာ ပမာသူဖုန်းစား။

သို့ဖြစ်ပေရာ နောက်ပိုင်းအခါများ ကြီးပွားရေးစာအုပ်များတွင် motivation ၊ inspiration နှင့် role model အကြောင်းများကို ဖတ်ရှုလေ့လာသိရှိသောအခါ မိမိသည် ဆရာနှင့်တွေ့ဆုံခဲ့သည့် ဟိုနှစ်ပေါင်းများစွာက တည်းကပင် motivation ၊ inspiration နှင့် role model တို့အား ကိုယ်တိုင် ထိတွေ့ကြုံကြိုက်ခဲ့ဖူးပြီးဖြစ် ကြောင်း ပြန်လည်စဉ်းစားတွေးတောမိပါသည်။


ဆရာအား ပိုမိုလေးစားကြည်ညိုစွာ သတိရမိခဲ့ပါသည်။ 

၁၉၈၀ ခုနှစ်တွင် ဆရာသည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ မှာရှိသော Raymond Poincare’ Hospital သို့သွား ရောက်ပြီး ထိခိုက်ဒဏ်ရာဆိုင်ရာ ခွဲစိတ်အထူးကုပညာရပ်ကို လေ့လာသင်ကြားခဲ့ပါသည်။ မိမိ မှတ်သား သိရသ၍ ဆရာသည် စက်ရုံအလုပ်သမားတစ်ဦး၏ လုံးဝပြတ်သွားသည့်လက် (severed hand) ကို ခွဲ စိတ်ပြီးပြန်ဆက်ပေးခဲ့သော မြန်မာနိုင်ငံ၏ပထမဦးဆုံး ခွဲစိတ်ကုဆရာဝန်ကြီးဖြစ်ခဲ့လေသည်။ လုံးဝပြတ် သွားသောလက်အားခွဲစိတ်ပြီး ပြန်ဆက်ပေးရသည်မှာ အရေပြား၊ သွေးကြောများ၊ အာရုံကြောများ၊ ကြွက် သားနှင့်ကြွက်သားကြောများ၊ အရိုးများ အစရှိသည်တို့ကို အသေးစိတ် အနုစိတ် စိတ်ရှည်လက်ရှည်ဖြင့် နာရီပေါင်းများစွာ (၁၆ နာရီမှ နာရီ ၂၀ ကျော်ကြာတတ်) ပြုလုပ်ရလေသည်။   

လက်အကြောင်းကိုပြောရင်း လက်၏တည်ဆောက်ဖွဲ့စည်းထားပုံနှင့် လက်ချောင်များ၏လုပ်ဆောင်နိုင်မှုများ (various kinds of movements)ကို မိမိတို့အား ဆရာက အသေးစိတ် သေသေချာချာ သင်ပေးခဲ့သည်ကို သတိတရ ဖြစ်ရသည်။ လက်မ၏ထူးခြားသည့်လှုပ်ရှားနိုင်မှုနှင့်ပတ်သက်ပြီး ဆရာက မိမိတို့ကို မှတ်သားစ ရာတစ်ခု ပြောပြခဲ့ပါသည်။

ယင်းမှာ .. လက်ချောင်း ၅ ချောင်းရှိသည့်အနက် လက်မတစ်ချောင်းသာ ကျန်သောလက်ချောင်းများနှင့် မျက်နှာချင်ဆိုင်ပြုနိုင်ခြင်း (opposition of the thumb) – တစ်နည်း လက်မထိပ်နှင့် လက်ချောင်းထိပ် လေးများထိလျက် ‘၀’လုံးပြုလုပ်နိုင်ခြင်းဖြစ်ပါ၏။ အကယ်၍သာ လက်မသည် ထိုသို့မပြုလုပ်နိုင်ပါက ပစ္စည်း များအား ဆုတ်ကိုင်နိုင်မည် စာရေးခြင်းပြုလုပ်နိုင်မည် မဟုတ်ပါချေ။ လက်မ၏ ဤထူးခြားချက်ကြောင့်သာ လူသည် ပစ္စည်များကို ကိုင်တွယ်ဖန်တီးနိုင်လျက် တိရစ္ဆာန်နှင့်ကွဲပြားလာခြင်းဖြစ်သည်ဟု ဆရာက ရှင်းပြ ပါသည်။

နောက်ပြီး လက်မနှင့်ပတ်သက်ပြီး ဆရာက ဟောကိန်းတစ်ခု ထုတ်ခဲ့ပါသေးသည်။

“နောင်ကျရင် လက်မတစ်မျိုးထဲကိုပဲ အထူးကုသပေးတဲ့ ခွဲစိတ်အထူးကုဆရာဝန်ဆိုတာ ရှိလာနိုင်တယ် လို့။       

  












ဆက်ပြီးရေးပါဦးမည်။



 










Friday, July 20, 2012

အာဇာနည်နေ့ ဒို့မမေ့

၆၅ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကြီးကို မနေ့က မြန်မာတစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် စည် စည်ကားကားဖြင့် လူထုလူတန်းစားမျိုးစုံပါဝင်ကြလျက် ပြန်လည်ရှင်သန် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။


စာရေးသူတို့ ငယ်ငယ်ကဆိုလျှင် ယခုထက်များစွာကျယ်ကျယ်ပြန့်ပြန့် ကျင်းပလေ့ရှိခဲ့ပါတယ်။ ယခုထက်ပိုပြီး စည်လည်းစည်ကားခဲ့ပါတယ်။ အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ကျဆုံးလေပြီးသော အာဇာ နည်ခေါင်းဆောင်ကြီးများအား စိတ်ထဲမှာ တကယ်တမ်းကို မချိတင်ကဲ ကျေကွဲဝမ်းနည်း တမ်းတအောက်မေ့ ပြီး အမှတ်ရခဲ့ကြတာဖြစ်တယ်။





၆၅ ကြိမ်မြောက် အာဇာနည်နေ့ ၂၀၁၂ (၁၃၇၄ ခု ဒုတိယ၀ါဆိုလဆန်း ၁ ရက်)



 
ဒေါ်အောင်ဆန်းစုကြည်မှ လွမ်းသူ့ပန်းခွေချနေစဉ်။









ရန်ကုန်က အာဇာနည်နေ့အခမ်းအနားမှာ ပြည်သူလူထုများမှ ပန်းခွေများချပြီး အလေးပြုနေကြစဉ်။

ရန်ကုန်မြို့  ဗဟန်းမြို့ နယ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ နိုင်ငံခြားသားများ လာရောက်ကြည့်ရှုကြပါတယ်။

 

အစိုးရကထုတ်ဝေတဲ့ သတင်းစာအားလုံးမှာ အာဇာနည်နေ့နဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကို ဆောင်းပါးများ ကဗျာများ ဗိုလ်ချုပ်ရဲ့  မိန့်ခွန်းကောက်နှုတ်ချက်များ ဓါတ်ပုံများ သရုပ်ဖော်ပုံများ ဝေေ၀ဆာ ဆာ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖော်ပြလေ့ရှိပါတယ်။ မူရင်းသတင်းစာမျက်နှာများအပြင် အထူးအချပ်ပိုစာ မျက်နှာ များပါ ဖြည့်စွက်ပြီး ထုတ်ဝေတတ်ပါတယ်။ သတင်းစာက မြန်မာလို ၄ စောင်(လုပ်သားပြည်သူ့နေ့စဉ်၊ ကြေး မုံ၊ ဗိုလ်တထောင်၊ မြန်မာ့အလင်း)၊ အင်္ဂလိပ်လိုက ၂ စောင် (The Working People’s Daily နဲ့ The Guardian) ဆိုတော့ စုစုပေါင်း ၆ စောင်ကြီးများတောင်ရှိခဲ့ကြတာ။

နောက်ပြီး အဲဒီခေတ်က ထုတ်ဝေတဲ့မြန်မာသတင်းစာတွေက ယနေ့ခေတ်မြန်မာသတင်းစာတွေလို လျောက် လွှာစာရွက်(A4 size)သာသာလေးအရွယ် မဟုတ်ကြဘူး။ ဒီကနေ့ စင်ကာပူနိုင်ငံကထုတ်တဲ့ The Straits Times သတင်းစာအရွယ်မျိုးရှိတာ။ သတင်းစာ စာမျက်ကို လက်နှစ်ဖက်နဲ့ ဖြန့်ပြီးဖတ်လိုက်ရင် လူ့ရင်ဘတ် တစ်ခုမက ကျယ်တာ။ ဒါ့အပြင် စာမျက်နှာတွေကလည်း အများကြီးပါကြတာ။ The Working People's Daily (လုပ်သားပြည်သူ့နေ့စဉ် အင်္ဂလိပ်) သတင်းစာမှာဆိုရင် ပြည်တွင်းပြည်ပနိုင်ငံခြားသတင်းတွေအပြင် Science, Technology, Arts, Health, Medicine, History, Literature စသဖြင့် စိတ်ဝင်စားစ ရာသီးသန့်ကဏ္ဏတွေ (ဆောင်းပါးတွေ) သတ်သတ်ပါသေးတာ။ ဘာဖတ်ကောင်းသလဲ မပြောနဲ့။ ရေးနေရင်း ပြောနေရင်းနဲ့ လွမ်းတောင် လွမ်းမိသေးတော့။ 

အဲ - ချော်တောငေါ့သွားပြီ။ စောစောက အာဇာနည်နေ့အကြောင်းကို ပြန်ဆက်ကြဦးစို့။


အဲဒီနေ့မှာဆိုရင် စာရေးသူသည် အိပ်ယာကစောစောထပြီး ကမာရွတ်အ၀ိုင်းကြီးနားက ‘မြင့်စာပေ’ဆိုင်မှာ အထူးထုတ်သတင်းစာအားလုံး သွားဝယ်ပါတယ်။ ဆိုင်မှာ တစ်ချို့ သတင်းစာတွေ ရောင်းလို့ကုန်သွားခဲ့ရင် လမ်းဘေးပလက်ဖောင်းပေါ်မှာ သတင်းစာချရောင်းတဲ့ဆီက ၀ယ်လို့လည်းရတတ်ပါတယ်။ သတင်းစာတွေ ၀ယ်ပြီးတာနဲ့ လှည်းတန်းဈေးအနားက ‘စေတနာရှင်’ လက်ဖက်ရည်ဆိုင်မှာ နံနက်စာစားပြီး မိမိငှားနေတဲ့ ၀ဂ္ဂီရပ်က အိမ်ခန်းကို ပြန်လာလေ့ရှိပါ တယ်။ အခန်းကို ပြန်ရောက်တာနဲ့ အ၀တ်အစားလဲပြီး စောစောက ၀ယ်လာခဲ့တဲ့ အာဇာနည်နေ့အထူးထုတ်သတင်းစာတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် တစ်စောင်ပြီးတစ်စောင် စိမ် ပြေနပြေ တစ်နေ့လုံး ဖတ်ပါတော့တယ်။

ဇူလိုင်မိုးကလေး တအေးအေးနဲ့ အိပ်ယာပေါ်မှာကွေးပြီး ဟိုလှိမ့်ဒီလှိမ့်နဲ့ အလွန်စာဖတ်လို့ ကောင်းလှသလို ဗိုလ်ချုပ်ရဲ့ ကိုယ်ကျိုးစွန့်လွတ်စွန့်စားမှုများနဲ့ အကြွင်းမဲ့ရိုးသားမှုတွေကို ပိုပို လေးလေးနက်နက် သိရှိလာ ရပြီး ဖတ်ရင်းဖတ်ရင်း အမျိုးသားခေါင်းဆောင်ကြီးကို ချစ်ရလွန်းလို့ လေးစားမိလွန်းလို့ မျက်ရည်ကျခဲ့ရတာ နှစ်တိုင်းနှစ်တိုင်း ဒီအချိန်ရောက်တိုင်းပဲဖြစ်ပါတယ်။  

အခုနေများမယ်တော့ အဝေးကိုရောက်နေတာနဲ့ မျက်ရည်မကျဖြစ်ခဲ့တာ ကြာခဲ့ပါပြီလေ။ 

ဒါကလည်း စောစောကပြောခဲ့သလို ဗိုလ်ချုပ်အကြောင်းကို တစ်ထိုင်တည်း တ၀ကြီး မဖတ်ဖြစ်တော့တာရယ်၊ အာဇာနည်နေ့ ဂုဏ်ပြုတေးသီချင်းတွေနဲ့ ဗိုလ်ချုပ်ရဲ့  ဒိုးဒိုးဒေါက်ဒေါက်မိန့်ခွန်းများကို မကြားရတော့တာရယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်ဖြစ်တဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ မြန်မာ့ အသံက ထုတ်လွင့်ပေးတဲ့ ဥသြသံ လွမ်းသွဲ့သွဲ့ကို ဆို့နင့်လှိုက်လှဲစွာ မကြားရတော့တာရယ်၊ ပြီး အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်တဲ့ "ဒီနေ့ဟာ အာဇာနည်နေ့ပါလား"လို့ စိတ်ထဲမှာ လေးလေးနက်နက် သိရှိခံစားလို့ မရ နိုင်တဲ့အခြေအနေ အရပ်ရပ်တွကြောင့် ဖြစ်ရတာပါ။

ကောင်းကောင်ကြီး မှတ်မိနေပါသေးတယ်။ စာရေးသူတို့ မူလတန်းကျောင်းသား အလယ်တန်းကျောင်းသား ဘ၀တုန်းက အာဇာနည်နေ့ရောက်ပြီဆိုရင် ကျောင်းက ဆရာဆရာမတွေ နဲ့ ကျောင်းသူကျောင်းသားအားလုံး မနက်အစောကြီး ကျောင်းမှာစုပြီး အဲဒီကနေ လွတ်လပ်ရေးကျောက်တိုင်ရှိရာကို တိတ်တိတ်ဆိတ်ဆိတ် စည်း ကမ်းရှိရှိနဲ့ စုပေါင်းချီတက်ခဲ့ကြရတာတွေ။ ဟိုကိုရောက်တော့ ကျောင်းပေါင်းစုံက ချီတက်လာကြတဲ့ ဆရာဆ ရာမတွေ နဲ့ ကျောင်းသူကျောင်းသားတွေအပြင် ဌာနပေါင်းစုံက ၀န်ထမ်းကြီးငယ်တွေရယ်၊ ရပ်ကွက်အားလုံး က ပြည်သူပြည်သားတွေရယ် အားလုံး လွတ်လပ်ရေးကျောက်တိုင်ရှေ့ မှာ သူ့နေရာနဲ့သူ ရပ်ကြရတယ်။ ရှေ့  ဆုံးကရပ်နေတဲ့သူနှစ်ဦးက လွမ်းသူ့ပန်းခွေများကို ကိုယ်စီကိုယ်ငှ ကိုင်ထားကြလို့။

မနက်မိုးလင်းကတည်းက ၀ါးလုံးတိုင်ထိပ်ကအသံချဲ့ စက်နဲ့ ဖွင့်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့် ခွန်းများကို အားပါးတရကြီး နားထောင်ခဲ့ကြရတာ။ နှစ်တိုင်းနှစ်တိုင်းမှာ ဒီအချိန်ကိုရောက်လေတိုင်း နားထောင်ခဲ့ကြရတဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေက ဘယ်တော့မှ ရိုးအီမသွားတဲ့အပြင် ထပါခါတလဲလဲ နားထောင်ရလေတိုင်း ဗိုလ်ချုပ် ရဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာထားရှိခဲ့တဲ့ စေတနာတွေကို ပိုလို့ပိုလို့သာ နားလည်သဘောပေါက်လာပြီး အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကိုလည်း ပိုလို့ပိုလို့ လေးစားကြည်ညိုမိခဲ့ရတယ်။ တစ်ချိန်တည်းမှာ ဗိုလ်ချုပ်နဲ့ အတူ ကျဆုံးသွားခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကိုလည်း ပိုလို့ပိုလို့ လေးစားကြည်ညိုမိ ခဲ့ရတာပဲဖြစ်ပါတယ်။

ကျောင်းတွေမှာလည်း ဆရာဆရာမများက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း ၀မ်းနည်း ကြေကွဲခြင်းအ ထိမ်းအမှတ်နှင့်အတူ ဇာတိသွေးဇာတိမာန်တက်ကြွစေဖို့ ဟောပြောကြပါတယ်။ နောက်ပြီး အာဇာနည်နေ့အ ထိမ်းအမှတ် စာစီစာကုံးနဲ့ ကဗျာပြိုင်ပွဲများကို အလယ်တန်းအဆင့် နဲ့အထက်တန်းအဆင့်ရယ်လို့ အဆင့်နှစ် ဆင့်ထားပြီး ကျင်းပပေးကာ ဆုများချီးမြှင့်ပေးလေ့ ရှိ ခဲ့ပါတယ်။



နိုင်ငံတော်ဈာပန အခမ်းအနား ၁၉၄၇ ခုနှစ်




အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့စဉ်။
အနားမှ ရပ်နေသူမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုဖြစ်ပါတယ်။













အာဇာနည်နေ့ ဒို့မမေ့။

(ဓါတ်ပုံအားလုံးကို အင်တာနက်မှ ကူးယူဖော်ပြထားတာဖြစ်ပါတယ်။)

Thursday, July 5, 2012

အကြောအဆစ်အထူးကုပညာရှင်ကြီး ဦးထွန်းအောင်ဇံ ကွယ်လွန်

ဇွန်လ ၂၅ ရက်(တနင်္လာနေ့) နံနက် ၉ နာရီလောက်မှာ ရန်ကုန်ကမိတ်ဆွေ ဦးတင်မြင့် ဖုန်းဆက်လာတော့ စာရေးသူ အလုပ်ကို ရောက်နေခဲ့ပါတယ်။

အိမ်မှာရှိနေတဲ့ဇနီးက ဦးတင်မြင့်ထံမှ စိတ်မကောင်းစရာသတင်းကို ကြားသိရလျင်ရချင်း စာရေးသူရဲ့ အ လုပ်ကို ဖုန်းဆက်ပြီး အကြောင်းကြားပေးခဲ့လို့ ၂၄ ရက်နေ့ည ၁၁နာရီက ဆရာကြီးဦးထွန်းအောင်ဇံ ကွယ် လွန်သွားတဲ့အကြောင်းကို မယုံကြည်နိုင်စရာ ကြားသိခဲ့ရပါတယ်။


အဆုတ်ကင်ဆာရောဂါဖြစ်နေမှန်း စမ်းသပ်သိရှိစဖြစ်လို့ အထူးကုဆရာဝန်ကြီးများနှင့် ဆေးကုသမှုစပြီးပေး ခါစပဲရှိသေးတာမို့ ဒီသတင်မျိုးက လုံးဝမျှော်လင့်မထားတဲ့ သတင်းပါ။ 

အဆုံးမတော့ ရောဂါကအမြင့်ဆုံးအဆင့်ကိုရောက်နေတာရယ် အသက်ကသိပ်ကြီးနေပြီး အားယုတ်နေတာ ရယ်တို့ကြောင့် ဆေးပြင်းတဲ့ဒဏ်ကို ခံနိုင်ဟန်မတူတော့ဘူးလို့ ယူဆရပါတယ်။

ဆရာ့အဖို့ အချိန်တန်ပြီပေါ့လေ။ 

ဆရာကြီးအား MRTV4 မှ လာရောက်တွေ့ဆုံမေးမြန်းခဲ့စဉ်က..။

မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်များ၏ အာစရိယပူဇော်ပွဲတွင် ကန်တော့ခံခဲ့သောဆရာကြီး။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလက စာရေးသူ၏သင်တန်းပို့ချမှုကို တက်ရောက်အားပေးပြီး လက်ဆောင်ပစ္စည်းချီးမြှင့်ပေးခဲ့ပါတယ်။

ဆရာကြီးက အကြောအဆစ်အထူးကုပညာရပ် (Physiotherapy)ကို ကိုလန်ဘိုစီမံကိန်း(Colombo Plan) ပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံမှာ အစောဆုံး သွားရောက်သင်ကြားခဲ့ပြီး MCSP (Member of Char- tered Society of Physiotherapy)ဘွဲ့နဲ့ Dip. TP ဘွဲ့များကို မြန်မာလူမျိုးများအထဲမှ ပထမဦးစွာရရှိခဲ့သူတစ် ဦးဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် အင်္ဂလန်နိုင်ငံမှာတရားဝင်အလုပ်လုပ်လို့ရတဲ့ အကြောအဆစ်ကုပညာရှင်(State Registered Physiotherapist - SRP)လည်း ဖြစ်ခဲ့ပါတယ်။ 


ပညာတော်သင်ခရီးမှ မြန်မာပြည်သို့ပြန်ရောက်လာတဲ့အခါ ဆရာကြီးက ဆေးဘက်ပညာသိပ္ပံ (Institute of Para-Medical Sciences)ရှိ အကြောအဆစ်ကုသင်တန်းဋ္ဌာန (Department of Physiotherapy)မှာ ဆရာ လုပ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အင်္ဂလန်နိုင်ငံဟာ အကြောအဆစ်အထူးကုပညာရပ်မှာ အထူးထင်ရှားတဲ့ နိုင်ငံဖြစ်ပြီး ဆရာကြီးရခဲ့တဲ့ MCSP ဘွဲ့ကို တစ်ကမ္ဘာလုံးမှ သွားရောက်သင်ယူကြရတာဖြစ်တယ်။ ယခုအခါ မှာတော့ အကြောအဆစ်အထူးကုပညာရပ်ကို အမေရိကန်၊ ကနေဒါနဲ့ သြစတေးလျနိုင်ငံများကလည်း အင်္ဂ လန်နိုင်ငံနဲ့ တန်းတူရည်တူ သင်ကြားပေးလျက်ရှိကြပါတယ်။

ဒါကြောင့် ဆရာကြီးဦးထွန်းအောင်ဇံသည် မြန်မာကျောင်းသားကျောင်းသူများကို ကမ္ဘာ့အဆင့်မီ အကြောအ ဆစ်ကုပညာရပ်များ ထိုစဉ်ကတည်းက သင်ကြားပို့ချပေးနိုင်ခဲ့တာဖြစ်ပါတယ်။    

စာရေးသူတို့ တ တိယနှစ်ကိုရောက်တဲ့နှစ်မှာ ဆရာကြီးက ဆေးဘက်ပညာကျောင်းမှ ဆေးကုသရေးဖက် (ဆေးရုံ) ကို ပြောင်းသွားခဲ့ရပါတယ်။ အနောက်တိုင်းဝတ်စုံနဲ့ ခန့်ခန့်ငြားငြား ကြည့်ကောင်းလှတဲ့ ဆရာကြီးကို အဝေးကပဲ မြင်ဖူးလိုက်ပြီး တပည့်တော်ခွင့် မရလိုက်ပါ။ ဆရာကြီးရဲ့  သတင်းတွေကိုတော့ အဝေးမှကြားနေ ခဲ့ရပါတယ်။ ၁၉၈၁ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ အရိုးရောဂါအထူးကုဆေးရုံကြီး(ကြည့်မြင်တိုင်)မှာ ဆရာကြီးနဲ့ အတူတူအလုပ်လုပ်ခွင့် ရခဲ့ပါတယ်။ အဲဒီဆေးရုံမှာ ၉ နှစ်ခန့်အလုပ်လုပ်ပြီး စင်ကာပူနိုင်ငံကို ရောက်လာခဲ့ပေ မယ့် ဆရာကြီးနဲ့ အဆက်အသွယ်ရှိနေခဲ့ပါတယ်။

စာရေးသူ မြန်မာနိုင်ငံကို အလည်ပြန်ရောက်တိုင်း ဆရာကြီးမှ ကမကထပြုပြီး မျိုးဆက်သစ်အကြောအဆစ် ကုပညာရှင်လေးများအား သင်တန်းပေးခိုင်းလေ့ရှိပါတယ်။ သူကိုယ်တိုင်ကလည်း ကြိုးစားပြီးတက်ရောက် အားပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဇနီးဖြစ်သူရဲ့ ကြီးမေကြီး နေထိုင်မကောင်းဖြစ်လို့ အစီအ စဉ်မရှိပဲ မြန်မာနိုင်ငံကိုပြန်သွားရတာဖြစ်လို့ သင်တန်းမပေးတော့ဘူးလို့ ရည်ရွယ်ထားခဲ့ပေမယ့် ဆရာကြီးက မဖြစ်မနေတိုက်တွန်းတာကြောင့် ဆေးကုခန်းတစ်ခုမှာ လက်တွေ့သင်ကြားပို့ချခဲ့ရပါသေးတယ်။ 

အဲဒီအခေါက်က ဆရာကြီးကို နောက်ဆုံးအကြိမ်တွေ့တာဖြစ်လိမ့်မယ်လို့ လုံးဝမထင်မိခဲ့ပါဘူး။

ဆရာကြီးက မြန်မာအကြောအဆစ်ကုပညာရှင်များအဖွဲ့မှ အမှုဆောင်အချို့ နဲ့အတူ စာရေးသူအား နေ့လည် စာ အမြဲကျွေးလေ့ရှိပါတယ်။ နောက်ပြီး ညနေစာကိုလည်း စကားစမြည် အေးအေးလူလူပြောကြ ရယ်မော ကြရင်း ဘီယာလေးနဲ့ ဧည့်ခံလေ့ရှိပါတယ်။ အခုတစ်ခေါက်မှာ ကတိုက်ကရိုက်ဖြစ်လို့ ဆရာကြီး ဖိတ်ကျွေး တဲ့ နေ့လည်စာကို လိုက်စားခဲ့ပေမယ့် ညနေစာကိုတော့ အားနာစွာနဲ့ တောင်းပန်ပြီးငြင်းခဲ့ရပါတယ်။ 

ဆရာကြီး အခုလိုဖြစ်သွားတော့ ညနေစာစားကြရင်း ဆရာကြီးနဲ့အတူ စကားစမြည် မပြောဖြစ်ခဲ့မိတဲ့အတွက် စာရေးသူ နောင်တရလို့ မဆုံးဖြစ်ရပါတယ်။

ဒီတစ်ခါလေးပဲ ငြင်းခဲ့ဖူးတာဖြစ်ပေမယ့် နောက်တစ်ခါဆိုတာ မရှိနိုင်တော့တာမို့ပါ။   


   


ဆက်ပြီးရေးပါဦးမယ်။