"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Showing posts with label WCPT 2019 ညီလာခံခရီး. Show all posts
Showing posts with label WCPT 2019 ညီလာခံခရီး. Show all posts

Saturday, September 28, 2019

ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၄


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (14)

I registered for the WCPT Congress as retired and reduced registration was offered to us.

However I enjoyed the same entitlement as regular conference delegates.





မိမိသည် ၂၀၁၇ ခုနှစ်က တောင်အာဖရိကနိုင်ငံ ကိတ်(ပ)တောင်းမြို့ နှင့် ယခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ တို့တွင်ကျင်းပခဲ့သော ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ညီလာခံများတွင် အမျိုးအစား ၂ မျိုးမှာပါဝင်သူတစ်ဦးအနေဖြင့် တက်ခဲ့ခြင်းဖြစ်သည်။

ပထမအမျိုးအစားသည် ညီလာခံတက်ရန်မှတ်ပုံတင်သောအခါ အငြိမ်းစားယူပြီးသူတစ်ဦး (retired) အဖြစ် ညီလာခံမှတ်ပုံတင်ကြေး (registration fee) ပေးခဲ့ရသည်။

ပုံမှန်ညီလာခံကြေးထက် သက်သာလေသည်။

ဒုတိယအမျိုးအစားမှာ ညီလာခံကိုယ်စားလှယ်အမျိုးအစားတွင် Clinician (ဆေးကုသပေးနေသူ) အမျိုးအစားတွင်ပါဝင်ခဲ့သည်။

ဆိုလိုသည်မှာ မိမိသည် ပညာသင်ကြားပေးနေသူ (Educator) မဟုတ်။ သုတေသနလုပ်ငန်းများလုပ်နေသူ (Researcher) မဟုတ်။ စီမံအုပ်ချုပ်သူ (Manager) မဟုတ်။ ဘွဲ့ကြို ဘွဲ့လွန်တက်နေသူ (Student) မဟုတ်။

ယခင်အလုပ်မှအနားမယူခင်ကတော့ ဆေးကုသပေးနေသူ (Clinician) အဖြစ်သာတက်ခဲ့ပါသည်။

WCPT မှ မနေ့ကပေးပို့သောအီးမေးပါ WCPT E-Update အရသိရသည်မှာ ၂၀၁၉  ခုနှစ် ညီလာခံကိုယ်စားလှယ်များတွင် အများစုသည် Clinician များဖြစ်ကြကြောင်းသိရှိရပါသည်။

ထို့နောက်မှ Educator ၊ Researcher ၊ Manager နှင့် Student များ စသဖြင့် အစဉ်လိုက်အရေအတွက်ရှိလေသည်။

နောက်တစ်ခုစိတ်ဝင်စားစရာကောင်းသည်မှာ ညီလာခံကိုယ်စားလှယ်များ၏အသက်အရွယ်ပင်ဖြစ်သည်။


               


နံပတ် ၁ အများစုသည် အသက် ၂၅ နှစ်မှ ၃၄ နှစ်အကြားရှိကြပြီး အနည်းဆုံးအသက်အရွယ်အုပ်စုမှာ အသက် ၆၅ နှစ်နှင့်အထက်ဟုဆိုပါသည်။

ယင်းမှာ မိမိ၏အသက်အရွယ်အပိုင်းဖြစ်လေသည်။

ညီလာခံများတွင် မိမိနှင့်သက်တူရွယ်တူများကိုတွေ့ရသဖြင့် မိမိ အားတက်မိပါသည်။


            


အလုပ်မှအနားယူပြီးကြသည့်တိုင် မိမိတို့၏ပညာရပ်နယ်ပယ်ကို မစွန့်ပစ်ကြသေး။

စိတ်ဝင်စားနေကြဆဲ
ပါဝင်ပတ်သက်နေကြဆဲ
အားပေးနေကြဆဲ
ဆက်လက်မျှဝေနေကြဆဲ

မိမိတို့၏ပညာရပ်နယ်ပယ်ကို စိတ်ကုန်ဖို့ စွန့်လွှတ်ဖို့ မေ့ပစ်လိုက်ဖို့ဆိုသည်မှာ ဝေလာဝေးနေသေးတော့။

Once you have become a Physiotherapist, 
Always a Physiotherapist.












Sunday, September 22, 2019

ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၃


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (13)


                 ICRC ၏ပံ့ပိုးကူညီမှုဖြင့် WCPT 2019 ဂျနီဗာသို့တက်ရောက်ခဲ့ကြသည့်ကိုယ်စားလှယ်များ


ပြီးခဲ့သောအမှတ် ၁၂ တွင် ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအသင်းကြီး (World Confederation for Physical Therapy - WCPT) က ညီလာခံပြီးသည့်နောက်တွင် မိမိတို့ကိုယ်စားလှယ်အားလုံးထံသို့ အီး မေးဖြင့်ပေးပို့သော WCPT E-Update အကြောင်းကိုပြောခဲ့ပါသည်။

ထိုသို့ပေးပို့သည့်သတင်းအချက်အလက်များထဲမှ Facts and figures ကို မျှဝေခဲ့ပြီးဖြစ်သည်။ 

သို့သော် စာဖတ်သူများသိသင့်သော (၀ါ) စိတ်ဝင်စားနိုင်မည့် အချက်အလက်အချို့ အားပြောပြချင်ပါသေးသည်။
  • ညီလာခံတွင် သုတေသနစာတမ်းပေါင်း ၁၈၆၄ စောင်ဖတ်ကြားတင်သွင်းခဲ့သည်။
  • ညီလာခံကိုယ်စားလှယ်များသည် ဆေးပညာရပ်လေ့လာရေး (Clinical visit)အဖြစ် ဆေးရုံအပါအ၀င်ကျန်းမာရေးဌာ ၁၇ နေရာသို့ သွားရောက်လေ့လာခဲ့ကြသည်။
  • အကြောအဆစ်ပညာရပ်ဆိုင်ရာနှင့် ကုသစက်ပစ္စည်းပြခန်းပေါင်း (Exhibitors) ၁၀၆ ခုဖွင့်လှစ်ပြသပေးထားသည်။  
  • ညီလာခံရက် ၃ ရက်ခွဲအတွင်း လုပ်အားပေသူပေါင်း ၂၀၀ ရှိခဲ့သည်။
  • အိုင်စီအာစီ (ICRC - The International Committee of the Red Cross) သို့မဟုတ် အိုင်စီအာစီမှ ထောက်ပံ့ကူညီထားသော ပြန်လည်ထူထောင်ရေးဌာနများမှ အကြောအဆစ်ကုပညာရှင် ၅၀ ကျော်အား ယခုညီလာခံကိုတက်ရောက်နိုင်စေရန် အိုင်စီအာစီမှကျခံပေးခဲ့သည်။




မြန်မာနိုင်ငံမှ ယခုညီလာခံသို့တက်ရောက်ခဲ့ကြသော
မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်များအသင်း (MPA) ဥက္ကဋ္ဌ ဦးတင်လှိုင်စိုးနှင့် ဘားအံမသန်စွမ်းပြန်
လည်ထူထောင်ရေးဌာန (Hpa-an Orthopaedic Rehabilitation Centre - HORC) မှအကြောအဆစ်ကုပညာရှင်ဒေါ်နန်းမဉ္ဇူခိုင်တို့နှစ်ဦးသည် ICRC ၏ပံ့ပိုးမှု
ဖြင့်လာခဲ့ခြင်းဖြစ်သည်။

ယခင်ညီလာခံများတွင်လည်း မြန်မာအကြောအဆစ်ကုပညာရှင်အချို့ သည် ICRC၏ပံ့ပိုးကူညီမှုဖြင့် ICRC-sponsored delegates များအဖြစ်တက်ရောက်ခဲ့ကြရာ အိုင်စီအာစီကို များစွာကျေးဇူးတင်ရှိပါသည်။






အထက်ပါပုံမှာ နောက် ၁ နှစ်ခွဲကျော်အကြာတွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ မှာကျင်းမည့် WCPT Congress 2021 ဖိတ်ခေါ်ကြော်ငြာဖြစ်သည်။

ဒီနေ့ကိုအသေအချာမှတ်ထားပြီး လာခဲ့ကြပါတဲ့။

ညီလာခံတက်ရောက်ရန် စိတ်ပါဝင်စားကြသူအကြောအဆစ်ကုပညာရှင်များအား ကြိုတင်ပြင်ဆင်နိုင်ကြကစေဖို့ နှိုးဆော်ရပါသည်။








Saturday, August 17, 2019

ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၂


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (12)





ညီလာခံခရီးစဉ်အကြောင်းကို  ဇွန်လဆန်းမှာ အမှတ် ၁၁ အထိရေးထားပြီးနောက် ဆက်မရေးဖြစ်ခဲ့ပေ။

ကျွန်းသာယာစာဖတ်ပရိသတ်များ အပြောင်းအလဲရှိစေရန် အခြားသောအကြောင်းအရာများကို ပြောင်းလဲရေးသားခဲ့သည်။

သို့ဖြင့် တစ်လကျော်ကြာသွားခဲ့သည်။

ယခု ညီလာခံအတွေ့အကြုံများကို ဆက်လက်မျှဝေသွားပါမည်။




မိမိတို့သွားရောက်ခဲ့သောညီလာခံပြီးစီးသွားသော်လည်း ညီလာခံနှင့်သက်ဆိုင်သည့်သတင်းအချက်အလက်များကို ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအသင်းကြီး (World Confederation for Physical Therapy - WCPT) က မိမိတို့ကိုယ်စားလှယ်အားလုံးထံသို့ WCPT E-Update ဆိုပြီး အီးမေးဖြင့် ဆက်လက် ပေးပို့နေပါသေးသည်။

ယင်းသို့ပေးပို့သည့်သတင်းအချက်အလက်များထဲမှတစ်ခုမှာ Facts and figures ဖြစ်သည်။

ပြီးခဲ့သောညီလာခံနှင့်ပတ်သက်ပြီး 'သင်သိပါရဲ့ လား' ဆိုပြီး သိသင့်သိထိုက်သည်များကို သတင်းပေးလျက်ရှိသည်။

ဥပမာ၊

  • ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်စုစုပေါင်း ၄,၅၀၀ ရှိသည်။
  • ကမ္ဘာ့နိုင်ငံပေါင်း ၁၂၈ နိုင်ငံမှ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
  • ကိုယ်စားလှယ်စုစုပေါင်း၏ ၆၄ ရာခိုင်နှုန်းသောအရေအတွက်သည် ဤညီလာခံကြီးကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ဖူးကြခြင်းဖြစ်သည်။ 




သို့နှင့် ညီလာခံနောက်ဆုံးနေ့ (၁၃ ရက် မေလ) နေ့ခင်းပိုင်းက မိမိဓာတ်ပုံရိုက်ယူခဲ့သော Thank You! ဆိုင်းဘုတ်ကို ပြန်ပြီးကြည့်မိပါသည်။

ညီလာခံခန်းမတစ်နေရာ ကြမ်းပေါ်တွင်လှလှပပထောင်ထားသော ရင်ခေါင်းအမြင့်ခန့်ရှိဆိုင်းဘုတ်လေးတွင် ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်အရေအတွက်စုစုပေါင်းကို  ၄,၃၀၀ ဟုသာဖော်ပြထားခဲ့သည်။

ထိုစဉ်က ညီလာခံလုံးဝမပြီးဆုံးသေးသဖြင့် အသေးစိတ်စာရင်းအတိအကျ မရရှိနိုင်သောကြောင့်ဖြစ်တန်ရာသည်။


























Sunday, July 7, 2019

ကမ ၻာအေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၁


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (11)


ဂျနီဗာခရီးအမှတ် (၉) တွင်  ချော်လဲကျခြင်းနှင့်ကြိုတင်ပြင်ဆင်ကာကွယ်ခြင်းဆိုင်ရာသုတေသနစာတမ်းများကို ညီလာခံပထမဆုံးနေ့ နံနက်ပိုင်းတွင် မိမိနားထောင်ဖြစ်ခဲ့ကြောင်းရေးခဲ့ပါသည်။

သို့သော် အမှတ် (၁၀) ကိုဆက်ရေးသောအခါ  ချော်လဲကျခြင်းအကြောင်းမဟုတ်တော့ပဲ အခြားအကြောင်းအရာတစ်ခုကို ရေးဖြစ်သွားခဲ့သည်။ 





ကမ္ဘာတလွှား ချော်လဲကျမှုများအကြောင်း စာတမ်းများ   


သို့ဖြစ်ရာ ယခုအမှတ် (၁၁) တွင် ယင်းချော်လဲကျခြင်းအကြောင်းကို ဆက်ပြီးရေးသားပါမည်။

ညီလခံပထမနေ့မနက်ပိုင်း ၈ နာရီခွဲတွင်စတင်ဖတ်ကြားသောစာတမ်းပေါင်း ၁၀ မျိုးရှိသည့်အနက် မိမိက ကမ္ဘာတလွှားမှ ချော်လဲကျမှုများအကြောင်းကို ရွေးခြယ်နားထောင်ခဲ့သည်။ 

အခြားသောစာတမ်းများမှာ ပခုံးဆစ်နှင့်ဒူးဆစ်ဝေဒနာ၊ နာကျင်မှုဝေဒနာကုသရေး၊ နှလုံးနှင့်အဆုတ်ရောဂါများ၊ အရိုးအကြောပြသနာများ စသဖြင့်ဖြစ်ကြ၏။

မိမိ လက်ရှိအလုပ်လုပ်နေသောဆေးရုံတွင် လူနာအများစုမှာ အသက် ၅၀ နှင့်အထက်ရှိကြပြီးFalls Risk ခေါ် ချော်လဲကျမှုဖြစ်နိုင်သည့်လူနာအရေအတွက်များသည်ကတစ်ကြောင်း၊ ဤအကြောင်းကို မိမိကိုယ်တိုင် က အထူးစိတ်ဝင်စားသည်ကတစ်ကြောင်းတို့ကြောင့် ရွေးခြယ်တက်ရောက်လေ့လာခဲ့ခြင်းဖြစ်သည်။

အိမ်တွင်ရှိနေသည်ဖြစ်စေ ဆေးရုံတွင်ရှိနေသည်ဖြစ်စေ အသက်အရွယ်ကြီးရင့်သူများသည် ငယ်ရွယ်သူများထက် ချော်လဲကျရန် အန္တရာယ်နီးတတ်ကြသည်။  


























ချော်လဲကျခြင်းသည် ငယ်သူကြီးသူမရွေး အဖြစ်များသလောက် ကာကွယ်၍ရနိုင်သည့်ကိစ္စလည်းဖြစ်နေပါသည်။ ယင်းအချက်ကို သုတေသနစာတမ်းများ၏လေ့လာတွေ့ရှိချက်များက အခိုင်အမာသက်သေပြုထားကြသည်။


















ကနေဒါနိုင်ငံ အယ်လ်ဘားတားတက္ကသိုလ် ပြည်သူ့ကျန်းမာရေးဌာနမှ ပါမောက္ခ ဒေါက်တာရှန်သီဂျွန်စင်က ချော်လဲကျမှုကာကွယ်ရေးနှင့်ပတ်သက်ပြီး အကြောအဆစ်ကုပညာရှင်များ လက်တွေ့အသုံးပြုကုသပေးနိုင်မည့်နည်းများကို ထောက်ပြခဲ့သည်။

သူပြောပြခဲ့သည့်ကာကွယ်ကုသနည်းများသည် အောင်မြင်ထိရောက်မှုရှိကြောင်းကို နိုင်ငံများစွာတို့ကအသိအမှတ်ပြုထောက်ခံချက်ပေးထားကြောင်းလည်းသိရသည်။

၂၀၀၇ ခုနှစ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ၏ထုတ်ပြန်ချက်ကိုကိုးကားပြီး ဒေါက်တာရှန်သီက အောက်ပါအတိုင်းပြောခဲ့သည်။
  • အသက် ၆၀ ကျော်အရွယ်အရေအတွက်သည် တစ်ကမ္ဘာလုံးတွင် အခြားသောအသက်အရွယ်အပိုင်းအခြားရှိသူအရေအတွက်ထက် များစွာတိုးပွားလျက်ရှိနေကြောင်း
  • ၂၀၀၆ ခုနှစ်က ၆၀ ကျော်ဦးရေ ၆၈၈ သန်းရှိခဲ့ပြီး ၂၀၅၀ ခုနှစ်တွင် ၂ ဘီလီယံနီးပါးရှိလာကြလိမ့်မည်ဟုမှန်းဆထားကြောင်း
  • အသက် ၈၀ နှစ်နှင့်အထက်ရှိကြသူများသည် သက်ကြီးရွယ်အိုအုပ်စု (older population) တွင် အရေအတွက်တိုးပွားမှု အလျင်မြန်ဆုံးဖြစ်နေကြောင်း (မှတ်ချက် - ၆၀ နှစ်ကျော်သူတို့မှာအနောက်တိုင်းအယူအဆအရ သက်ကြီးရွယ်အိုအုပ်စုတွင်မပါဝင်ပါချေ။)
  • အသက် ၆၀ ကျော်လူကြီးများအနေဖြင့် ချော်လဲကျခြင်းသည် အဓိကပြည်သူ့ကျန်းမာရေးစိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေကြောင်း 
ထိုနောက် သူက အိန္ဒိယ၊ တရုတ်၊ ရုရှား၊ တောင်အာဖရိက၊ ဘရာဇီး၊ ဂါနာ၊ မက္ကဆီကို အစရှိသောဖွံ့ဖြိုးဆဲနိုင်ငံများမှ ချော်လဲကျမှုအရေအတွက်ရာခိုင်နှုန်းတို့ကို ကိန်းဂဏန်းအတိအကျဖြင့်ရှင်းပြသွားခဲ့ပါသည်။








ဆက်ပြီးရေးပါဦးမည်။





  

Sunday, June 23, 2019

ကမ ၻာအေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၉


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (9)









ညီလာခံပထမနေ့တွင် မိမိ ပထမဆုံးနားထောင်ဖြစ်သောသုတေသနစာတမ်းများမှာ ချော်လဲကျခြင်းနှင့်ကြိုတင်ပြင်ဆင်ကာကွယ်ရေးတို့အကြောင်းဖြစ်သည်။








မိမိရေးလက်စ WCPT ဂျနီဗာခရီးစဉ်အမှတ် (၉) ကိုဆက်ရေးရန် အထက်ပါစာတစ်ကြောင်းရေးပြီး draft အဖြစ် save လုပ်ထားဆဲ အသိတစ်ဦး၏ပေါင်ထိပ်ရိုးကျိုးခြင်းသတင်းကို စိတ်မကောင်းစွာကြားသိခဲ့ရသည်။

.............



မကြာသေးခင်က မော်လမြိုင်မှမိမိနှင့်ရင်းနှီးသော အသက် ၉၀ ကျော်အသိတစ်ဦး ချော်လဲကျပြီးပေါင်ထိပ်ရိုးကျိုးသွားခဲ့သည်။ ရန်ကုန်မှဆေးရုံကြီးတစ်ခုတွင် အရိုးခွဲစိတ်ကုဆရာဝန်ကြီးက ကျိုးသွားသောပေါင်ထိပ်ရိုးခေါင်း (femoral head) ကိုဖြတ်ထုတ်လျက် ပေါင်ထိပ်ရိုးခေါင်းအတု (prosthesis) ဖြင့်အစားထိုးထည့်ပေးခဲ့ ၏။

သူ၏သားဖြစ်သူဆရာဝန်က ဓာတ်ပုံများတင်ထားသဖြင့် သိလိုက်ရသည်။

ယခုအခါ လေးချောင်းထောက် (Walking frame) ခေါ် အားပြုကရိယာဖြင့် အိမ်မှာလမ်းလျောက်လေ့ကျင့်ရင်း သွားလာနိုင်နေပြီဖြစ်သည်။ ဗွီဒီယိုရိုက်ပြီး ဖေ့စ်ဘွတ်တွင်တင်ထားသဖြင့် ကြည့်ပြီးဝမ်းသာမိသည်။

ဟိုယခင်က ယခုလိုဖြစ်ပါမူ လူနာများခမျာ လမ်းထလျောက်ဖို့နေနေသာသာ အိပ်ရာထဲမှာပင်ရှိနေရှာပေဦးမည်။ အချို့ လူနာများသည် အိပ်ရာတွင်နေရချိန်ကြာလွန်သောကြောင့် အိပ်ရာနာ (bedsore) များပင်ဖြစ်ကုန်ကြရရှာသည်။


                                  
                  မြီးညောင့်ရိုးနှင့်တင်ပါးတို့တွင်ဖြစ်သော အိပ်ရာနာ   


                                                                                
                                                                                                  ခြေဖနောင့်တွင်ဖြစ်သောအိပ်ရာနာ

ယခုတော့၊

  • သားသမီးများက ဖခင်ကို ရန်ကုန်ရှိအထူးကုဆေးရုံကြီးသို့ အချိန်မီခေါ်သွားလျက် ကုသမှုခံယူစေခြင်း
  • အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့က ကျွမ်းကျင်မှုပညာစွမ်းဖြင့် ထိရောက်စွာကုသပေးခဲ့ခြင်း
  • ခွဲစိတ်ကုမှုပြီးသည်နှင့် အကြောအဆစ်ကုပညာဖြင့်ပြန်လည်ထူထောင်ပေးရေး (Physiotherapy and rehabilitation) ကို ဆက်တိုက်ပြုလုပ်ပေးခြင်း (ခွဲစိတ်ပြီး ၅ ရက်မြောက်နေ့မှာ အနည်းငယ်စပြီးလမ်းလျောက်ကြောင်းသိရသည်။)
  • မိသားစု၏အင်တိုက်အားတိုက် ပြုစုစောင့်ရှောက်အားပေးကူညီမှု
အစရှိသည်တို့ကြောင့် အချိန်တိုတိုလေးအတွင်းမှာ လူနာက ပြုံးရွှင်ရယ်မောလျက် လမ်းပြန်လျောက်နိုင်ပြီဖြစ်ရာ ၀မ်းမြောက်စရာပင်ဖြစ်တော့သည်။




ဆက်ပြီးရေးပါဦးမည်။






Tuesday, May 28, 2019

ကမ ၻာအေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၈


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (8)





ညီလာခံ အစီအစဉ်စာအုပ်


ညီလာခံကပေးသော အစီအစဉ်စာအုပ်ကလေး (Programme) ကို ဖွင့်ပွဲအခမ်းအနားကပြန်လာပြီး ဟိုတယ်ကိုရောက်တော့မှ နားနားနေနေဖတ်ကြည့်ဖြစ်သည်။

မနက်ဖန်မနက် ၈ နာရီခွဲကစပြီး ညနေ ၅ နာရီခွဲအထိ သုတေသနစာတမ်းများဖတ်ကြားခြင်းပြုလုပ်တော့မည်ဖြစ်ရာ မိမိစိတ်ဝင်စားသော လေ့လာသိရှိလိုသော ပြန်လည်အသုံးချနိုင်မည့်ခေါင်းစဉ်များကို ကြိုတင်ရှာဖွေရွေးချယ်ပြီး မှတ်သားထားရန်လိုအပ်ပါသည်။

သို့မှသာ တစ်ခုပြီးတစ်ခု ဆက်တိုက်သွားရောက်နိုင်မည်ဖြစ်သည်။ သို့မဟုတ်က မိမိနားထောင်လိုသောအကြောင်းအရာများ လွတ်သွားနိုင်သည်။

ဒါမှမဟုတ် ခေါင်းစဉ်ရှာနေရသဖြင့် စာတမ်းဖတ်မည့်အခန်းသို့ အရောက်နောက်ကျပြီး လူပြည့်ကာ အခန်းတွင်းသို့မ၀င်ရခြင်း သို့မဟုတ် ၀င်ရသော်လည်း မတ်တတ်ရပ်နားထောင်ရခြင်း အစရှိသောအဆင်မပြေမှုများကြုံတွေ့ရတတ်သည်။





စာတမ်းခေါင်းစဉ်တစ်မျိုးအတွက် စာတမ်းဖတ်ကြားချိန် (မေးခွန်မေးခြင်းနှင့်ဖြေကြားခြင်းအပါအ၀င်) တစ်နာရီခွဲကြာပါသည်။

ယင်းအချိန်အတွင်း စာတမ်းခေါင်းစဉ်အမျိုးပေါင်း ၁၀ ခုထဲမှ နှစ်သက်ရာရာကို ရွေးချယ်နားထောင်နိုင်သည်။ ခေါင်းစဉ်တစ်မျိုးတွင် စာတမ်းဖတ်ကြားသူ ၁ ဦးမကရှိလေသည်။

ယေဘုယျအားဖြင့် စာတမ်းခေါင်းစဉ်ကြီးတစ်မျိုးကို စာတမ်းဖတ်ကြားသူ အနည်းဆုံး ၄-၅ ဦးမှ ၈ ဦးအထိရှိတတ်သည်။

ဥပမာ၊ ညီလာခံပထမဆုံးနေ့ နံနက်ပိုင်းက (၈ နာရီခွဲမှ ၁၀ နာရီအထိ) မိမိနားထောင်ခဲ့သော "Fall around the world" (စာတမ်းခေါင်းစဉ်ကြီး (၁၀ မျိုးထဲမှ ၁ မျိုး) တွင် စာတမ်းရှင်အသီးသီးတို့က အောက်ပါခေါင်းစဉ်ခွဲအမျိုးမျိုးဖြင့်ဖတ်ကြားသွားခဲ့ကြပါသည်။
  • Falls in Older Adults Around the World - a global perspective to prevention
  • Tale of Two Countries - Falls Prevention Research in Canada and India
  • Falls Prevention Intervention in the Netherlands
  • Falls in Older People in Southeast Asia (Thailand)
  • Falls Prevention across settings and Transitions

အားလုံး ချော်လဲကျခြင်းအကြောင်းဖြစ်ပြီး ရှုဒေါင့်အမျိုးမျိုးမှလေ့လာတင်ပြကြခြင်းဖြစ်လေသည်။

သို့သော် တစ်ဦးကို စာတမ်းဖတ်ချိန် ၁၅ မိနစ်သာ ရရှိကြ၏။


လေ့လာမှတ်သားစရာတွေ

ညီလာခံတွင် သုတေသနစာတမ်းများဖတ်ကြားခြင်းသည်အဓိကဖြစ်သော်လည်း ဆေးရုံနှင့်ကုသမှုဌာနများသို့သွားရောက်လေ့လာခြင်း (Clinical visit)၊ သုတေသနပိုစတာတင်ဆက်မှုများ၊ ပြခန်းများ၊ သီးသန့်သင်တန်းများ (Pre- and Post-Congress Workshops, Industry Workshops)၊ စိတ်ဝင်စားရာဘာသာရပ်အလိုက် တွေ့ဆုံမိတ်ဖွဲ့ဆွေးနွေးခြင်းများ (Networking)၊ Yoga, Dance and movement, Tai Chi အစရှိသဖြင့် ကြည့်ရှုစရာ၊ တင်ပြဆွေးနွေးစရာ၊ ကိုယ်တိုင်ပါဝင်လေ့ကျင့်လှုပ်ရှားစရာ၊ လေ့လာမှတ်သားစရာနှင့် အတွေ့အကြုံမျှဝေစရာများလည်းရှိနေပါသေးသည်။




















စိတ်ပိုင်းရုပ်ပိုင်းဖိစီးမှု

သို့ဖြစ်ရာ ယခုလိုကမ္ဘာ့အဆင့်ညီလာခံမျိုးတက်ရောက်ရခြင်းမှာ ရွေးခြယ်စရာဦးစားပေးများပြားသလို လေ့လာမှတ်သားစရာတွေလည်း မကုန်ခန်းနိုင်သည်အထိ ထုနှင့်ထည်နှင့်ရှိနေပါသည်။ 

နောက်ပြီး တစ်နေကုန်မိုးလင်းမှ နေ၀င်ခါနီးအချိန်အထိ ထိုင်ပြီးနားထောင်ရခြင်း၊ နေရာဒေသအသစ်တစ်ခုတွင်ရောက်နေခြင်း၊ ရာသီဥတုနှင့်နေ့ညအချိန်နာရီပြောင်းလဲခြင်း၊ အစားအသောက်မတူခြင်း အစရှိသည့် စိတ်ပိုင်းရုပ်ပိုင်းဖိစီးမှုများကို အနည်းနှင်အများကြုံတွေ့ရသေးသည်။ 

ချုပ်၍ဆိုရသော် အိပ်ချိန် ထချိန် စားသောက်ချိန်တို့ အားလုံးကမောက်ကမဖြစ်ကုန်ကြတော့၏။ 

မိမိနိုင်ငံနှင့် ညီလာခံအိမ်ရှင်နိုင်ငံတို့၏အချိန်ပိုင်းဇုံ (time zone) ကွာခြားမှု ၃ ဇုံနှင့်အထက်ရှိပါက လူတစ်ဦးစီ၏ပုံမှန် အိပ်-ထ-စားဖြစ်စဉ် (body clock) ကို ထိခိုက်စေလေသည်။



ဆက်ပြီးရေးပါဦးမည်။


****






ကမ ၻာအေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၇


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (7)







၂၀၁၇ ခုနှစ်က တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့ တွင် ဇူလိုင် ၂ ရက်မှ ၄ ရက်နေ့အထိကျင်းပခဲ့သော WCPT ညီလာခံပိတ်ပွဲအခမ်းအနားမှာ နောက်တစ်ကြိမ်ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ တွင်ပြုလုပ်မည်ဖြစ်ကြောင်း ကျေညာခဲ့ပါသည်။

နောက်ပြီး ဆွစ်ဇာလန်နိုင်ငံ၏သင်္ကေတဖြစ်သောအနီရောင်နောက်ခံနှင့်ကြက်ခြေခတ်အဖြူပါရှိသည့် ဦးထုတ်များကို ညီလာခံကိုယ်စားလှယ်များအားပေးကာ ဖိတ်ကြားသမှုလည်း  ပြုခဲ့ပါသေးသည်။

ထိုစဉ်က မိမိနှင့်ကိုတင်လှိုင်စိုးတို့နှစ်ဦးလုံး ယင်းအခမ်းအနားမှာအတူတကွရှိနေခဲ့ကြသည်။

သို့သော် ယခုတစ်ကြိမ်တွင်လည်း ဒီနိုင်ငံ ဒီနေရာမျိုးမှာ ဤကဲ့သို့ပြန်လည်တွေ့ဆုံကြလိမ့်မည်ဟူကား ထိုစဉ်က မျှော်လင့်မထားမိခဲ့ကြပေ။


                                                         -  အရောင်အသွေးစုံစွ ဖွင့်ပွဲည  -








ဖွင်ပွဲမိန့်ခွန်ပြောကြားနေသည့်

WCPT President ဒေါက်တာအဲန်းမားစတုတ်(စ)

   အလံမြောက်တင်သရုပ်ဖော်ဖျော်ဖြေခြင်း                   



                                          Alphorn ခေါ်ဆွစ်ရိုးရာလေမှုတ်တူရိယာဖျော်ဖြေခြင်း









ညီလာခံဖွင့်ပွဲအခမ်အနား၏အဓိကဧည့်ခံဖျော်ဖြေမှုတစ်ခု







ရှေ့ တွင်ဆိုခဲ့သည့်အတိုင်း အမှောင်ထဲတွင်အဝေးမှဆွဲပြီးရိုက်ခဲ့ရသဖြင့် အချို့ သောပုံများရှင်းလင်းပြတ်သား
မှုမရှိသည့်အတွက် စာဖတ်သူများအားတောင်းပန်ပါသည်။

ညီလာခံများတွင် သုတေသနစာတမ်းများဖတ်ကြားခြင်းနှင့်မသက်ဆိုင်ပဲ အထူးပြုလုပ်ပေးလေ့ရှိသောအခြားအစီအစဉ်များမှာ ဖွင့်ပွဲအခမ်းအနားနှင့်ပိတ်ပွဲအခမ်းအနား ၂ ခု ဖြစ်သည်။

အိမ်ရှင်နိုင်ငံက သူတို့၏အကောင်းဆုံးရိုးရာဂီတ၊ အဆိုအက တူရိယာနှင့်ဝတ်စားဆင်ယင်မှုများဖြင့် တင်ဆက်ဧည့်ခံကြလေ့ရှိရာ ကိုယ်စားလှယ်များအနေဖြင့် ပျော်ရွှင်မှု၊ တက်ကြွမှုနှင့်စိတ်လှုပ်ရှားရိုက်ခတ်မှုတို့ကို ကြက်သီးမွေးညင်းထမျှခံစား ကြရသည့်အချိန်များဟုဆိုနိုင်လေသည်။





Alphorn ခေါ် သစ်သားဖြင့်ပြုလုပ်ထားပြီး အတွင်း၌အခေါင်းပေါက်ပါသော ဦးချိုသဏ္ဌာန် လေမှုတ်တူရိယာကို ရှေးယခင်အခါက တောင်တစ်တောင်မှ အခြားတောင်သို့ဆက်သွယ်ရာတွင်အသုံးပြုခဲ့ကြသည်ဆို၏။ 

ဥ ပမာ၊ ဥရောပနိုင်ငံအချို့ တွင် အယ့်(ပ်စ်)တောင်တန်း (Alps) တစ်နေရာမှ ကားပေးသီအန်း(စ)တောင်တန်း (Carpathians) တစ်နေရာသို့ ဆက်သွယ်ခဲ့ကြခြင်းမျိုး။ 

ညီလာခံဖွင့်ပွဲ့ညက နားထောင်ခဲ့ရသောဆွစ်ရိုးရာလေမှုတ်တူရိယာ၏အသံမှာ ညှင်းတွဲ့တွဲ့လေးဖြင့်နွေးထွေးမှုရှိလှသည်။ 

တစ်ခါ Flag-throwers များက ဆွစ်အလံလေးများကို ၀ဲပျံဝှေ့ရမ်းခြင်းနှင့်အပေါ်သို့မြောက်တင်ခြင်းတို့ကို မျက်စိပသာဒရှိရှိ စည်းဝါးဝါးကျကျ တင်ဆက်ဖျော်ဖြေခဲ့ကြသည်။


  

လက်တစ်ဘက်မသန်စွမ်းသူတစ်ဦး၏ အားမာန်ပါလှသော ခုန်မြောက် လှုပ်ရမ်း ဂျွန်းထိုး လှည့်ပတ်ဖျော်ဖြေသည့် breakdancing အကမှာလည်း မြိုင်မြိုင်ဆိုင်ဆိုင်ရှိလေသည်။

မမေ့နိုင်သော ညီလာခံအတွေ့အကြုံလေးများပင်။


‘The sense of excitement, anticipation, joy, warmth, and support' 

လို့ ဖွင့်ပွဲမှာ အခမ်းအနားမှူးလုပ်သည့် WCPT အမှုဆောင်အရာရှိချုပ် 'ဂျိုနသန်ကရူးဂါး' က အထူးမှတ်ချက်ပြုခဲ့ပါသည်။



ဆက်ပြီးရေးပါဦးမည်။


****










Sunday, May 26, 2019

ကမ ၻာအေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၆


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (6)


ညနေ ၅ နာရီကျော်လောက်တွင် ဖွင့်ပွဲအခမ်းအနားသို့သွားရန် အ၀တ်အစားကောင်းကောင်းဝတ်ပြီး ဟိုတယ်မှ Palexpo Centre သို့ လမ်းလျောက်ထွက်ခဲ့သည်။

Registration ကောင်တာတွင် တန်းစီနေသောလူအုပ်ကြီးရှိနေဆဲဖြစ်သဖြင့် ညီလာခံသို့နောက်ကျပြီးမှရောက်လာကြသူများမနည်းလှကြောင်းသတိပြုမိသည်။

ကိုတင်လှိုင်စိုးနှင့်နန်းမဉ္ဇူခိုင်တို့ကိုတွေ့လိုတွေ့ငြား ရှာကြည့်မိသည်။ သူတို့နှစ်ဦးတွေ့မတွေ့လည်း မိမိမသိရ။ 

ညနေ ၄ နာရီကျော်မှာချိန်းထားကြသဖြင့် တွေ့ကြပြီးဖြစ်လိမ့်မည်ဟုထင်မိသည်။

နှစ်ခေါက်လောက် ခေါက်တုန့်ခေါက်ပြန်ရှာကြည့်ပြီးမတွေ့ရသဖြင့် ဖွင့်ပွဲအခမ်းအနားပြုလုပ်မည့် Arena ခန်းမမှာများရောက်နေလောက်ပြီဟုယူဆကာ Palexpo Centre ကနေ Arena ခန်းမရှိရာသို့ အခြားသောကိုယ်စားလှယ်များနည်းတူ Route des Batailleux လမ်းဘေးပလက်ဖောင်းအတိုင်း လျောက်သွားခဲ့သည်။ 


   Route des batailleux လမ်းဘေးပလက်ဖေါင်း

ပလက်ဖောင်းတစ်လျောက်သွားနေကြသော ညီလာခံကိုယ်စားလှယ်များကို မျက်စိတဆုံးမြင်တွေ့နေရသည်။ Palexpo Centre ကနေ Arena ခန်းမရှိရာသို့ ၁၀ မိနစ်ကျော်ကျော်ခန့်လျောက်ရ၏။ 

လမ်းဘေးတစ်ဖက်တချက်မှာ စိမ်းစိမ်းစိုစိုအပင်လေးများ စီတန်းရှိနေသဖြင့် ညနေခင်းချမ်းစိမ့်စိမ့်လေနုအေးလေးနှင့်အတူ လမ်းလျောက်လို့ကောင်းချေသေးတော့။




















                                      ဂုန်းတံတားပေါ်မှာ


တစ်နေရာတွင် ဂုန်းကျော်တံတားတစ်ခုကိုကူးသောအခါ စိမ်းညို့ညို့တောင်တန်းထိပ်နေရာအချို့ တွင် ရေခဲများဖုန်းနေသည်ကို အတိုင်းသားမြင်တွေ့နေရသည်။

Arena ခန်းမရှေ့ သို့ရောက်သောအခါ ကိုတင်လှိုင်စိုးကိုတွေ့ရပြီး နန်းမဉ္ဇူခိုင်ကိုမတွေ့ရပေ။ 

ညနေ ၆ နာရီထိုးခါနီးမှ သူရောက်လာသဖြင့် ခန်းမအတွင်းသို့ သုံးဦးသားဝင်ခဲ့ကြပါတော့သည်။

ဖွင့်ပွဲအခမ်းအနားလည်း စတင်ပေပြီ။ 

လူပေါင်း ၉၅၀၀ ဆန့်သော ခန်းမကြီးအတွင်းတွင် ညီလာခံကိုယ်စားလှယ်များ၊ လုပ်အားပေးလူငယ်မောင်မယ်များ၊ တာဝန်ကျသူများ၊ ဖြေဖျော်ဧည့်ခံမည့်သူများဖြင့် ပြည့်နေပါသည်။ 

အမှောင်ချထားသဖြင့် ဓာတ်ပုံရိုက်ခွင့်မသာခဲ့ပေ။ 

အောက်တွင်တွေ့ရသည့် မဲမဲသဲသဲပုံလေးတစ်ပုံသာ ရိုက်ဖြစ်ခဲ့ပါ၏။  

မှောင်နှင့်မဲမဲတွင် ဆဲဖီဆွဲလက်တည့်စမ်းကြည့်လိုက်ရာ တယ်လီဖုန်းကင်မရာမှ အမှတ်မထင်မီးပွင့်လာသောကြောင့် မျက်နှာလေးဖွေးပြီး မျက်စိလေးတွေမှေးသွားရကြောင်းပါ။





 ဆက်ရေးပါဦးမည်။



****












ကမ ၻာအေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၅


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (5)



မိမိ၏ဟိုတယ်မှလှမ်းမြင်ရသော ဆီးနှင်းဖုန်းနေသည့်တောင်ထိပ်နေရာအချို့ 


လေယာဉ်အကြာကြီးစီးလာခဲ့ရသဖြင့် ကိုယ်လက်အညောင်းအညာပြေစေရန် အိပ်ရာပေါ်တွင်လှဲသာချလိုက်ရသော်လည်း အိပ်ပျော်အောင်မအိပ်နိုင်သေး။

ညနေ ၆ နာရီတွင် ညီလာခံဖွင့်ပွဲအခမ်းအနားရှိရာကိုသွားရန် ရေမိုးချိုး အ၀တ်အစားလဲရဦးမည်။

ယခုပင် ညနေ ၃ နာရီရှိနေပြီဖြစ်သည်။

ခရီးဆောင်သေတ္တာကို မဖွင့်ရသေး။ 
ဒီညနေ၀တ်မည့်အ၀တ်အစားတွေလည်း မထုတ်ထားရသေး။

သို့နှင့်ရေချိုးပြီး အ၀တ်လဲကာ ဟိုတယ်အောက်ထပ်သို့ဆင်းလာပြီး အဆာပြေစားသောက်သည်။

ပြီးတော့ ညီလာခံဖွင့်ပွဲ (Opening Ceremony) ပြုလုပ်မည့်နေရာအတိအကျကို သေသေချာချာ မသိရသေးသဖြင့် Registration ကောင်တာမှာသွားမေးရန် Palexpo Centre သို့လမ်းလျောက်သွားပါသည်။

နောက်တစ်ခါကြုံရပြန်ပါပြီ။

ချိန်းဆိုမျှော်လင့်ထားခြင်းမရှိပါပဲ မြန်မာထမီဝတ်ထားသောအမျိုးသမီးတစ်ဦး ထိုင်ခုံမှာထိုင်နေသည်ကို လှမ်းမြင်မိ၏။

သူကလည်း မိမိကိုမြင်သွားဟန်တူသည်။ နေရာမှထလာပြီး 'ဆရာကြီး' ဟုနှုတ်ဆက်ပါသည်။

သူက မြန်မာနိုင်ငံရှိအပြည်ပြည်ဆိုင်ရာလူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော International Committee of the Red Cross (ICRC) တွင် အကြောအဆစ်ကုပညာရှင်အဖြစ်အလုပ်လုပ်လျက်ရှိသည်။

ဒီကနေ့မနက်က ကိုတင်လှိုင်စိုးပြောထားသဖြင့် သူနှင့်မိမိတို့လေယာဉ်တစ်စီးတည်း အတူစီးလာမှန်းသိခဲ့ရ ၏။

သို့သော် လေယာဉ်ပေါ်မှာကော ဒိုဟာလေဆိပ်မှာပါ မိမိတို့ချင်းမတွေ့မိခဲ့ကြပေ။

ဂျနီဗာမှာ လေယာဉ်ဆိုက်ပြီးနောက် ခရီးဆောင်သေတ္တာများရွေးယူကြသည့်နေရာမှာလည်း မဆုံတွေ့မိခဲ့ကြ။ 

သို့ဖြစ်ရာ မြန်မာပြည်မှ တစ်ဦးတည်းအဖော်မပါပဲလာခဲ့သောသူ့အတွက် အဆင်မှပြေပါလေမလားဟု ကိုတင်လှိုင်စိုးနှင့်မိမိတို့နှစ်ဦးက စိုးရိမ်နေမိခဲ့ကြသေးသည်။




(၀ဲမှ) - ဦးတင်လှိုင်စိုး၊ စာရေးသူနှင့် နန်းမဉ္ဇူခိုင်    


ယခု သူနှင်တွေ့တော့မှ အစစအရာရာအဆင်ပြေကြောင်းသိရပြီး စိတ်သက်သာရာရတော့သည်။

ကိုတင်လှိုင်စိုးနှင့်သူတို့လူချင်းမတွေ့ရသေးသော်လည်း တယ်လီဖုန်းအဆက်အသွယ်ရထားကြောင်း၊ ညနေ ၄ နာရီလောက်တွင် အစည်အဝေးအပြီးမှာ Palexpo Centre တွင်ဆုံတွေ့ကြရန်ချိန်းထားကြောင်း မိမိကိုပြောပြပါသည်။

ကိုတင်လှိုင်စိုးနှင့်နန်းမဉ္ဇူခိုင်တို့ အဆက်အသွယ်ရပြီးဖြစ်သဖြင့် ညနေညီလာခံဖွင့်ပွဲအခမ်းအနားတွင်မှ အားလုံးတွေ့ကြရန်ပြောဆိုနှုတ်ဆက်ပြီး ဟိုတယ်သို့ မိမိပြန်လာခဲ့တော့သည်။


ဆက်ရေးပါဦးမည်။

****








Saturday, May 25, 2019

ကမ ၻာအေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၄



World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (4)





ညီလာခံတွင် မှတ်ပုံတင်ကောင်တာ ၃ မျိုး ၃ စားထားရှိသည်။

၁) Pre-registered နေရာ ၃ ခန်းမှာ ညီလာခံမတိုင်မီကတည်းက Online registration လုပ်ထားပြီး ကြိုတင်ငွေသွင်းထားကြသူများအတွက်ဖြစ်သည်။

၂) Onsite registration နေရာ (ညာအစွန်)တွင် ညီလာခံမတိုင်မီက Online registration လုပ်မထားပဲ ယခုညီလာခံသို့ရောက်ခါမှ မိမိကဲ့သို့ ငွေသွင်းထားကြသူများအတွက်ဖြစ်လေသည်။

၃) Exhibitors နေရာသည် မိမိတို့ညီလာတက်ရောက်သူများနှင့်မသက်ဆိုင်ပေ။ ပြခန်းများဖွင့်လှစ်ပြသပြီး ပစ္စည်းများကြော်ငြာရောင်းချကြသည့်ကုမ္ပဏီများအတွက်ဖြစ်သည်။  

မိမိ၏လေယာဉ်က မနက်စောစောဆိုက်သဖြင့် ညီလာခံကျင်းပရာ Palexpo Centre ကြီးသို့ အစောကြီးရောက်သွားပြီး လူတွေမများခင် ညီလာခံမှတ်ပုံတင်ကြေးသွင်းနိုင်ခဲ့သည်။ 

သို့သော် MPA ၏ရုံးခန်းလိပ်စာ၊ တယ်လီဖုန်းနံပတ်၊ အီးမေးလိပ်စာ အစရှိသည်များကို ရန်ကုန်သို့ လှမ်းတောင်းနေရသဖြင့် အနည်းငယ်ကြန့်ကြာမှုလေးတော့ဖြစ်ခဲ့ရသည်။ 

ဒါကြောင့် တန်း ၂ ကြိမ်စီလိုက်ရသည်။ 

ပထမအကြိမ်တန်းစီစဉ်က ဖြည့်စွက်ရမည့်စာရွက် (form) တွင် MPA ၏လိပ်စာ၊ အီးမေးစသည်များမသိသဖြင့် တန်းထဲမှပြန်ထွက်လိုက်ရသည်။ 

အိချောနှင့်ဇင်လဲ့ဦးတို့က လိုအပ်သည့်အချက်အလက်များကို အလျင်အမြန်ပေးပို့နိုင်သဖြင့် လူသိပ်မများခင်မှာပင် ဒုတိယအကြိမ်တန်းပြန်စီကာ Onsite registration ပြီးစီးခဲ့တော့၏။

ဇင်လဲ့ဦးနှင့်အိချောတို့ ၂ ဦးကို များစွာကျေးဇူးတင်မိပါသည်။  

ယခင်ကတက်ခဲ့သမျှညီလာခံများကို စင်ကာပူနိုင်ငံကိုယ်စားပြုပြီးသွားရောက်ခဲ့ခြင်းဖြစ်သည်။ ထိုကြောင့်အမည်ကတ်တွင် မိမိ၏အမည်အောက်မှာ 'Singapore'  ဟုဖော်ပြထား၏။ 

သို့သော် ပြီးခဲ့သော ၂၀၁၇ ခုနှစ် WCPT Congress (Cape Town) တွင် စင်ကာပူနိုင်ငံအနေဖြင့်မှတ်ပုံတင်ထားခဲ့သော်လည်း အမည်ကတ်တွင် 'Myanmar ' ဟုရေးပေးရန် မိမိကကြိုတင်အကြောင်းကြားခဲ့ပါသည်။

ယခုတစ်ကြိမ်တွင်မူ မှတ်ပုံတင်ခြင်းကိုလည်း မြန်မာနိုင်ငံအနေဖြင့်သာလုပ်ခဲ့သည်။ 

အဓိကအကြောင်းမှာ မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်များအသင်း (Mysnmar Physiotherapy Association MPA) အား WCPT က တင်းပြည့်အသင်းဝင် (Full member) အဖြစ် အသိအမှတ်ပြုကျေညာပေးသောညီလာခံဖြစ်သောကြောင့်ဖြစ်သည်။ 

MPA ၏သမိုင်းဝင်အခန်းအနားဖြစ်သော ယခုညီလာခံတွင် မိမိသည်မြန်မာနိုင်ငံ၏ကိုယ်စားလှယ်အဖြစ်တက်ရောက်လိုသောကြောင့်ဖြစ်သည်။ ပါဝင်ဂုဏ်ယူလိုသောကြောင့်ဖြစ်သည်။ 

WCPT မှတ်တမ်းတွင် ယခုညီလာခံကြီးကို မိမိအပါအ၀င် မြန်မာကိုယ်စားလှယ် ၃ ဦး တက်ရောက်ခဲ့သည်ဟု ရေးထိုးပြီးဖြစ်သွားလေပြီ။ 

အထမြောက်ခဲ့ပေပြီ။





ညီလာခံအစီအစဉ်စာအုပ်၊ ညီလာခံအမှတ်တရလက်ဆွဲအိတ်နှင့်ကိုယ်စားလှယ်အမည်ကတ်


မှတ်ပုံတင်ကြေးပေးသွင်းပြီးသောအခါ ညီလာခံကိုယ်စားလှယ်များကို ညီလာခံအစီအစဉ်စာအုပ်၊ ညီလာခံတွင်အသုံးပြုနိုင်ရန်လက်ဆွဲအိတ်နှင့် ကိုယ်စားလှယ်အမည်ကတ်ပြားတို့ပေးပါသည်။ 

အစီအစဉ်စာအုပ်တွင် 
- ဖတ်ကြားမည့်သုတေသနစာတမ်းခေါင်းစဉ်များ၊ 
- ဖတ်ကြာမည့်နေ့ရက်အချိန်နှင့်
- သွားရောက်နာထောင်နိုင်သည့်အခန်းနံပတ်တို့ပါရှိကြ၏။ 

ထို့အပြင် Palexpo Centre ကြီးရှိ အထပ်များ၊ အခန်းများ၊ အရောင်းပြခန်းနေရာများ၊ စားသောက်ဆိုင်များနှင့်ဓာတ်လှေကား၊ အိမ်သာအစရှိသည့်နေရာများကို ပုံနှိပ်ဖော်ပြပေးထားသေးသည်။ 

အစီအစဉ်စာအုပ်၏စာမျက်နှာ (၃) တွင်မူ Welcome to Geneva ဟူသောခေါင်းစဉ်ဖြင့် WCPT President အဲန်းမားစတုတ်၊ ဆွတ်ဇာလန်နိုင်ငံ အကြောအဆစ်ကုပညာရှင်အသင်းဥက္ကဋ္ဌ Pia Fankhauser နှင့် ညီလာခံအစီအစဉ်ကော်မတီဥက္ကဋ္ဌ ချားလတ်ဟားဂါ ၃ ဦးတို့၏နှုတ်ခွန်ဆက်စကားများကို ဖော်ပြပေးထားသည်ကို ဖတ်ရှုရသည်။ 

အချို့ ကိုကောက်နှုတ်ဖော်ပြရသော်၊

- ဒီညီလာခံကို အရင်ကတက်ရောက်ဖူးသူတွေအနေနဲ့ မိတ်ဟောင်းဆွေဟောင်းများနှင့် ပြန်လည်တွေ့ဆုံဆက်ဆံခွင့်ရကြမှာဖြစ်တဲ့အပြင် အသိပညာဗဟုသုတနဲ့အတွေးအမြင်အသစ်တွေကိုလဲ ရရှိကြမှာဖြစ်ပါတယ်။

ဒီညီလာခံကို အခုတစ်ကြိမ်မှ တက်ရောက်လာကြသူတွေအနေနဲ့ကတော့ တစ်သက်မှာမမေ့နိုင်မယ့်အတွေ့အကြုံများရရှိကြမှာဖြစ်ပါတယ်။ ညီလာခံက အားကျအတုယူစရာများဖြင့် ဗဟုသုတတွေဆင့်ပွားတိုးပွားလာပြီး အဆက်အသွယ်ကောင်းတွေရကြမယ်လို့ မျှော်လင့်မိပါတယ်။

- ဒီညီလာခံကြီးက ကမ္ဘာ့နိုင်ငံအသီးသီးကကိုယ်စားလှယ်တော်ကြီးများအားလုံးကို ပညာရပ်ဆိုင်ရာသတင်းတွေဝေငှပေးမယ်၊ ပညာဗဟုသုတတွေပို့ချပေးမယ်၊ နောက်ပြီး ကျေနပ်ပျော်ရွှင်မှုများလဲပေးဦးမှာဖြစ်ပါတယ်။

- ဒီညီလာခံကြီးက တစ်ကမ္ဘာလုံးမှာရှိနေကြတဲ့ အကြောအဆစ်ကုပညာရှင်များ တစ်ပေါင်းတစည်းတည်းတွေ့ဆုံရာနေရာလဲဖြစ်ပြီး ပညာရပ်ဆိုင်ရာသွေးစည်းညီညွတ်မှုကို ပြသရာလဲရောက်နေပါတယ်။


            
ဂျနီဗာမှာ မိမိတည်းခိုခဲ့သော Ibis Budget Hotel (၀ဲဘက်)


မှတ်ပုံတင်ကိစ္စပြီးသောအခါ မိမိတည်းခိုမည့်ဟိုတယ်သို့ ခရီးသွားသေတ္တာလေးတွန်းပြီး လမ်းလျောက်သွားခဲ့သည်။

ဟိုတယ်ဝန်ထမ်းအမျိုးသမီးကို မိမိ၏အမည်နှင့်နိုင်ငံကိုပြောပြလျက် ကြိုတင်ဘွတ်ကင်းလုပ်ထားကြောင်းပြောသောအခါ ကွန်ပြူတာတွင်ကြိုတင်ဘွတ်ကင်းမတွေ့ရကြောင်းပြောပြီး မိမိထံမှ Booking confirm စာကိုတောင်းပါသည်။ 

ထိုအခါ KIT-group က ယခုဟိုတယ်မှာ  မိမိအတွက် ဘွတ်ကင်းကြိုလုပ်ပေးပြီးဖြစ်ကြောင်းအီးမေးကို မိမိရရှိကြောင်းပြန်ပြောလိုက်တော့မှ နောက်ကွန်ပြူတာတစ်ခုတွင်သွားရှာကြည့်ကာ တွေ့ရှိသွားလေသည်။

သို့နှင့် အခန်းရှိရာ ၃ ထပ်သို့ဓာတ်လှေကားဖြင့်တက်သွားကာ ပစ္စည်းများနေရာချပြီး အိပ်ရာပေါ်လှဲလျက် အနားယူနိုင်ပါတော့သည်။


ဆက်ရေးပါဦးမည်။

*****















  

Wednesday, May 22, 2019

ကမ ၻာအေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၃


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (3)


ဂျနီဗာလေဆိပ်



ဂျနီဗာလေဆိပ်(Geneva International Terminal 1) အတွင်းတစ်နေရာ



ဒေသစံတော်ချိန် နံနက် ၇ နာရီကျော်ကျော်တွင် ဂျနီဗာလေဆိပ်သို့ရောက်ပြီး လေယာဉ်ထဲမှအထွက်မှာ လေယာဉ်မယ်လေးများက ထုံးစံအတိုင်း ခရီးသည်များကိုပြုံးပြနှုတ်ဆက်ရင်းကျေးဇူးတင်စကားပြောကြသည်။

မိမိအလှည့်သို့ရောက်သောအခါ လေယာဉ်မယ်တစ်ဦးက နှုတ်ဆက်သည့်အပြင် အနွေးထည်ဝတ်မထားသောမိမိအား "ရှင် မချမ်းဘူးလား။ ဒီလောက်တောင်အေးနေတာကို" ဆိုပြီး လက်မောင်းလေးများကွေးလျက် သူ့ခန္ဓာကိုယ်လေးကိုကျုံ့ ပြ၏။ မိမိက ဘာမှပြန်မပြောဘဲ နှုတ်ဆက်ရုံသာပြန်ပြီးနှုတ်ဆက်လိုက်ပါသည်။ 

သည်တော့မှ ခရီးသည်များကို ဂရုပြုကြည့်မိပြီး သူတို့အားလုံးအနွေးထည်ကိုယ်စီဝတ်ထားကြကြောင်း သတိပြုမိသည်။ လေယာဉ်မှပေးထားသောစောင်ကလေးကို ခရီးစဉ်တလျောက်လုံး ခြုံလာခဲ့သဖြင့် အနွေးထည်မ၀တ်မိပါချေ။ 

သိုသော် လေဆိပ်ထဲသို့ရောက်သောအခါ ဥရောပ၏အအေးဓာတ်ကို သိသိသာသာကြီးခံစားရတော့၏။ 

ဂျနီဗာမြို့ ၏မေလရာသီဥတုမှာ များသောအားဖြင့် အနိမ့်ဆုံး ၈ ဒီဂရီစင်တီဂရိတ်မှ အများဆုံး ၁၈ ဒီဂရီစင်တီဂရိတ်အထိသာ ရှိတတ်လေသည်။ 

သို့နှင့် မိမိ၏တယ်လီဖုန်းထဲမှ SIM card ကို လေဆိပ်ကဆိုင်မှာ Swiss SIM card ဖြင့်ပြောင်းတတ်နေစဉ် အနွေးထည်ကို ကတိုက်ကရိုက်ဝတ်လိုက်ရသည်။ 

ဒီတော့မှ နေသာထိုင်သာလေးရှိသွားသည်။

တယ်လီဖုန်းကတ်လဲပြီးသောအခါ ကျောပိုးအိတ်ကလေးကိုလွယ် ခရီးသွားသေတ္တာကိုတွန်းလျက် လေဆိပ်အပြင်ဘက်ကိုထွက်လိုက်သည်။

စောစောက ဆင်း(မ)ကတ်လဲပေးသောလူငယ်လေးအားကြိုတင်မေးထားသည့်အတိုင်း ညီလာခံကျင်းပမည့် Palexpo ကိုသွားသောဘတ်(စ)ကားမှတ်တိုင်ရှိရာ လက်ဝဲဘက်သို့လျောက်ခဲ့ပါသည်။



               Palexpo ကိုသွားသောဘတ်(စ)ကားမှတ်တိုင်



ဘတ်(စ)ကားမှတ်တိုင်ရောက်ပြီး ဟိုကြည့်ဒီကြည့်ဖြင့် ယောင်ချာချာဖြစ်နေစဉ် ချိန်းဆိုထားခြင်းလည်းမရှိ၊ မျှော်လင့်ထားခြင်းလည်း လုံးဝမရှိထားပါပဲ ကိုတင်လှိုင်စိုးကို အမျိုးသမီး ၂ ဦးနှင့်အတူတွေ့မြင်လိုက်ရသည်။ ၀မ်းသာစရာကြီးပင်။

ကိုတင်လှိုင်စိုးနှင့် မွန်ဂိုးလီးယားနိုင်ငံမှညီလာခံကိုယ်စားလှယ်အမျိုးသမီး ၂ ဦးတို့မှာ WCPT General Meeting တက်ရန် ကားပြောင်းစီးကြခြင်းဖြစ်ကြောင်းသိရသည်။ 

ကိုတင်လှိုင်စိုးသည် မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်း(Myanmar Physiotherapy Association - MPA) ၏ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံကိုကိုယ်စားပြုတက်ရောက်လာသော ညီလာခံကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ 

အထက်ပါအစည်းအဝေးပြုလုပ်သည့် Starling Hotel သည် Palexpo စင်တာကြီးနှင့်ကပ်လျက်ရှိရာ မိမိအဖို့ များစွာအဆင်ပြေသွာတော့၏။

နောက်တစ်ခုပိုပြီးအဆင်ပြေသွားသည်မှာ မိမိတည်းခိုမည့်ဟိုတယ်နှင့်လည်း အားလုံးနီးနေကြခြင်းဖြစ်သည်။


Starling Hotel မှ Palexpo သို့

လေဆိပ်မှတ်တိုင်မှ ဘတ်(စ)ကားစီးပြီး အစည်းအဝေးရှိရာဟိုတယ်သို့သွားကြသောအခါ မိမိတွင် ဘတ် (စ)ကားလက်မှတ်မရှိသေးသဖြင့် မွန်ဂိုးလီးယားအမျိုးသမီးတစ်ဦးက သူ၏ကတ်ဖြင့်ပေးပေးပါသည်။ ကျေးဇူးအထူးတင်ရပါ၏။ 

စတားလင်းဟိုတယ်သို့ရောက်သောအခါ ကိုတင်လှိုင်စိုးက မိမိအား ညီလာခံမှတ်ပုံတင်ခြင်းအတွက်အကူအညီပေးရန် အမျိုးသမီး ၂ ဦးနှင့်နှုတ်ဆက်လမ်းခွဲလိုက်သည်။ အစည်းအဝေးသို့နောက်မှလိုက်သွားမည်ဖြစ်သည်။ 

သို့သော် ယင်းဟိုတယ်တွင် အပေါ်တက်လိုက် အောက်ဆင်းလိုက်၊ ဟိုဘက်ကိုသွားကြည့်လိုက် ဒီဘက်ပြန်လာကြည့်လိုက်ဖြင့် မှတ်ပုံတင်ကောင်တာကိုရှာမရဖြစ်နေရာ သူ့ကိုအစည်အဝေးသို့သွားစေပြီး မိမိဖာသာဆက်ရှာရသည်။ 

နောက်တော့ မှတ်ပုံတင်ကောင်တာသည် စတားလင်းဟိုတယ်မှာမရှိပဲ Palexpo စင်တာကြီးတွင်သာရှိကြောင်းကို ဟိုတယ်ဝန်ထမ်းအမျိုးသမီးတစ်ဦးက မေးမြန်စုံစမ်းပေးသဖြင့် သိခဲ့ရသည်။ 




Palexpo တွင် ညီလာခံမှတ်ပုံတင်ကြေးပေးသွင်းအပြီး


Palexpo စင်တာကြီးသို့ မိမိရောက်သွားသောအခါ နံနက် ၈ နာရီခွဲခန့်သာရှိပေသေးရာ ညီလာခံမှတ်ပုံတင်ကြေးပေးသွင်းကြသည့်နိုင်ငံတကာမှညီလာခံကိုယ်စားလှယ်များ သိပ်မများလှသေးပေ။ 

နေ့ခင်းပိုင်းနှင့်ညနေပိုင်းတို့တွင်မူ အောက်ပုံတွင်တွေ့ရသည့်အတိုင်း လူတန်းအရှည်ကြီးဖြစ်လာခဲ့ပါတော့သည်။









ဆက်ရေးပါဦးမည်။



*****