"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Thursday, September 5, 2013

ခရီးတစ်ခု (၂)




ထိုင်ဝမ်ကို ရောက်ပြီ




ဒီကနေ့မနက် အိပ်ရာကစောစောထပြီး လေဆိပ်ကိုသွားမယ်လို့ ရည်စူးထားခဲ့တာ စင်ကာပူမှာ မိုးက သဲ ကြီးမဲကြီးရွာတာကြောင့် တက္ကစီရဖို့ အတော်ကြီး အခက်ကြုံခဲ့ရသေးတယ်။ အိမ်ကနေ ကြိုတင်ခေါ်လို့ မ ရတာနဲ့ အိပ်နေတဲ့သားကိုနှိုးပြီး လမ်းမကိုထွက်ခေါ်ခိုင်းရတယ်။ ဒါလည်း တော်တော်နဲ့ မရပြန်ဘူး။ စောင့် နေရင် အချိန်ကုန်မှာစိုးလို့ သားက လမ်းမှာကားရှာနေတုန်း မိမိတို့ဇနီးမောင်နှံက သားရှိတဲ့လမ်းမအထိ ပစ္စည်းတွေနဲ့ ထွက်လိုက်သွားကြရတယ်။     




China Airlines လေယာဉ်ပျံပေါ်မှာ ... ။


တောင်ယွမ်းလေဆိပ်မှာ ပစ္စည်းယူအပြီး ...။




တောင်ယွမ်းလေဆိပ်မှာ ယူဘတ်စ်ကားပေါ် မတက်မီ ...။



ဒီကနေ့မနက် ၁၀ နာရီခွဲမှာ စင်ကာပူကနေ China Airlines နဲ့ ထွက်လာခဲ့တာ ညနေ ၃ နာရီခွဲမှာ ထိုင် ၀မ်နိုင်ငံရဲ့  အကြီးဆုံးလေဆိပ်ကြီးဖြစ်တဲ့ တောင်ယွမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ခဲ့ပါတယ်။ ဒီ ကနေ မနက်ဖန်မှာ ညီလာခံကျင်းပမယ့် တိုင်ချွမ်းမြို့ ကိုသွားဖို့ ဘတ်စ်ကားဂိတ်ကို မေးမြန်းရှာဖွေကြရပါ တယ်။ ဘတ်စ်ကားဂိတ်က လေဆိပ်မှာပဲရှိတာဖြစ်လို့ အလွယ်တကူနဲ့ တွေ့ပါတယ်။ လက်မှတ်မှတ်ပြီးတော့ ယူဘတ်စ်ကား (UBus) ပေါ်တက်ပြီး ခြေပစ်လက်ပစ်အနားယူလိုက်ရတယ်။ ခရီးသည် မပြည့်တာကြောင့် ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လွတ်လပ်လပ် 'ထိုင်လို့ စီးလို့ ကောင်းမှကောင်း'ဆိုတဲ့အထဲကပါပဲ။ 




တိုင်ချွမ်းမြို့ ကိုရောက်တော့ စီးလာသော ယူဘတ်စ်မှ ဆင်းတဲ့နေရာ။







ညနေ နေ၀င်ရီတရောအချိန်မှာ ကားက မိမိတို့တည်းခိုမယ့်ဟိုတယ် (Hotel Dion) အနီးရပ်ပေးခဲ့ပါတယ်။ စင်ကာပူက မလာခင်ကတည်းက အွန်လိုင်းမှ ကြိုတင်အခန်းယူထားပြီးဖြစ်လို့ အဆင်ပြေပါတယ်။   



ညစာထွက်စားရင်း Shin Kong Mitsukoshi ကုန်တိုက်ကြီးရှေ့ မှာ အမှတ်တရ ...။



သြဂုတ် ၆ ရက် ၂၀၁၃ သောကြာနေ့။



China Medical University ရှေ့ မှာ ...။


နံနက်စောစောအိပ်ယာကထကာ ဟိုတယ်ကကျွေးတဲ့နံနက်စာစားပြီး ညီလာခံအကြိုအလုပ်ရုံသင်တန်း (Pre-Congress Workshop) ရှိတဲ့ China Medical University ကို တက္ကစီနဲ့ သွားကြတယ်။   

အောက်ကဓာတ်ပုံကိုကြည့်ပြီး ကျွန်းသာယာရဲ့ ဘလော့ဆရာကြီး ထိုင်ဝမ်ကို ရောက်တုန်းရောက်ခိုက်မှာ မျက်နှာအလှ သွားပြင်နေတာများလားလို့ ထင်မိကောင်းထင်မိကြမှာပါ။

တကယ်က မဟုတ်ရပါဘူးဗျာ။ 

ဒီကနေ့ပြုလုပ်တဲ့ ညီလာခံအကြိုအလုပ်ရုံသင်တန်းမှာ သင်တန်းသားအချင်းချင် တစ်ယောက်တလှည့်စီ လက်တွေ့လုပ်တာရယ်ပါ။ မိမိနဲ့အတွဲကျတဲ့သူက နယူးဇီလန်က အကြောအဆစ်ကုပညာရှင် မရီး(Maree) ဖြစ်ပါတယ်။


ညီလာခံအကြိုအလုပ်ရုံသင်တန်း(Pre-Congress Workshop)မှ လက်တွေ့သင်ခန်းစာတစ်ခု။ 



ညီလာခံ ကြိုဆိုဧည့်ခံပွဲ

မနက် ၉ နာရီကစတဲ့ ညီလာခံအကြိုအလုပ်ရုံသင်တန်းဟာ ညနေ ၅ နာရီမှာ ပြီးသွားခဲ့ပါတယ်။ အဲဒီကနေ ကြိုဆိုဧည့်ခံပွဲရှိတဲ့ နန်ရှန်း ပညာရေးနှင့်သင်တန်းဌာန (Nan Shan Education and Training Center - ETC) ကို ဘတ်စ်ကားကြီးများနဲ့ပို့ပေးပါတယ်။



တရုတ်ခြင်္သေအက။


တိုင်ချွမ်းမြို့ တော်ဝန်မှ နှုတ်ခွန်းဆက်နေစဉ် ..။

ပါမောက္ခ ဒေါက်တာမာရီလင်းမော့ဖတ်မှ နှုတ်ခွန်းဆက်နေစဉ် ..။


နိုင်ငံတကာမှ ညီလာခံကိုယ်စားလှယ်များ။


ညနေ ၆ နာရီခွဲမှာ ညီလာခံကြိုဆိုဧည့်ခံပွဲကို တရုတ်ခြင်္သေ့အက (Lion Dance)နဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီအခန်းအနားတွင် တိုင်ချွမ်းမြို့ တော်ဝန်၊ ထိုင်ဝမ်အကြောအဆစ်ကုပညာရပ်အသင်းဥက္ကဌ ဒေါက်တာစူ ဖန်ဂျဲန်နှင့် ကမ္ဘာ့အကြောအဆစ်ကုပညာရပ်အသင်းကြီးဥက္ကဌ ပါမောက္ခ ဒေါက်တာမာရီလင်းမော့ဖတ်တို့ က နှုတ်ခွန်းဆက်စကားများ ပြောကြားဆိုကြိုကြပါတယ်။ 




မသန်စွမ်းသူနှစ်ဦး၏ မြူးမြူးကြွကြွ စုံတွဲအက။


အာရှနှင့်အနောက်ပစိဖစ်ဒေသမှကိုယ်စားလှယ်များနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှကိုယ်စားလှယ်များက လက် တွန်းလှည်းစီး မသန်စွမ်းသူ ၂ ဦး၏စုံတွဲအကတင်ဆက်မှုကို တခဲနက် လက်ခုတ်လက်ဝါးတီးပြီး အားပေးခဲ့ ကြတာဟာဖြင့် ဧည့်ခန်းမကြီးတစ်ခုလုံး သိမ့်သိမ့်တုန်မျှပါ။   




ဖြူနှင်းလှိုင်၊ စာရေးသူ၊ အာရှအကြောအဆစ်ကုပညာရပ်အသင်းဥက္ကဌ ၀ဲန်ဂျန်ချင်းနှင့် နီနီယဉ်။


အဲဒီမှာ မထင်မှတ်ပဲ မြန်မာပြည်က အကြောအဆစ်ကုပညာရှင်သမီးငယ် ၂ ဦးက မိမိကို လာပြီးနှုတ်ဆက် ကြလို့ ၀မ်းမြောက်ဝမ်းသာဖြစ်ရတယ်။ ဖြူနှင်းလှိုင်နဲ့ နီနီယဉ်တို့နှစ်ဦးဖြစ်ကြပြီး နောက်တစ်ဦးဖြစ်တဲ့ချမ်းမင်း ၀င်းကတော့ ပစ္စည်းတစ်ခုမေ့လို့ ပြန်ယူနေတာနဲ့ မတွေ့ခဲ့ရဘူး။ နောက်မှ မိမိ၏ဖုန်းနံပတ်ကို အီးမေးနဲ့လှမ်း ပြီးတောင်းလို့ ပေးလိုက်ရသေးတယ်။ 

အခုတစ်ခေါက်မှာ စာရေးသူတို့အဖွဲ့အစည်းမှ အကြောအဆစ်ကုပညာရှင်၂ ဦးကို ထိုင်ဝမ်ညီလာခံသွား တက် ဖို့ စေလွှတ်ပေးခဲ့ပါတယ်။ မိမိ၏လက်ထောက်ဖြစ်သူ မစ္စစန်ဂီသာနှင့် မိမိတို့ဖြစ်ကြပါတယ်။



ညီလာခံ ညစာစားပွဲမှာ အကြီးတန်းအကြောအဆစ်ကုပညာရှင် မစ္စစန်ဂီသာနှင့် အမှတ်တရ။



"ခရီးတစ်ခု (၁)" မှာ ရေးခဲ့သလို ညီလာခံသွားတက်တိုင်း မိတ်ဆွေအသစ်တွေ တိုးလာသလို မိတ်ဆွေအ ဟောင်းများနဲ့လဲ ပြန်ပြီးတွေ့တတ်ပါသေးတယ်။ အောက်ကဓာတ်ပုံထဲက မိတ်ဆွေဟောင်း ၂ ဦးကတော့ မိမိ ကမ္ဗောဒီးယားကို ၂၀၀၇ ခုနှစ်က သင်တန်းသွားပေးစဉ်က တွေ့ခဲ့ကြတာဖြစ်ပြီး အဲဒီနှစ်က ကမ္ဗောဒီး ယားအ ကြောအဆစ်ကုပညာရှင်များအသင်းရဲ့  ၇ ကြိမ်မြောက် ညီလာခံညစာစားပွဲမှာလည်း ထပ်ပြီးတွေ့ ခဲ့ကြတာဖြစ် တယ်။



ညီလာခံ ၄ ခု မှာ တွေ့ခဲ့ဖူးတဲ့ အသိတစ်ဦး။





ဆေးရုံလေ့လာရေးသွားသည့်အဖွဲ့။



ဒီနေ့ညနေမှာ ညီလာခံကပြန်တာ အတော်လေးကိုနောက်ကျခဲ့တယ်။ မိမိနဲ့ အတူလာတဲ့ မစ္စစန်ဂီသာ သွား ပြီးနားထောင်တဲ့ သုတေသနစာတမ်းက မိမိသွားပြီးနားထောင်တဲ့ စာတမ်းဖတ်ပွဲထက် နာရီဝက်စောပြီးခဲ့ တယ်။ ပုံမှန်က ညနေ ၅ နာရီလောက်မှာ စာတမ်းဖတ်တာအားလုံး ပြီးရမှာ။ ဒါနဲ့ မစ္စစန်ဂီသာနဲ့ သူ့သူငယ် ချင်း ဒေါက်တာနီးလမ်(Neelam)တို့က စာရေးသူကိုစောင့်နေခဲ့ကြရတယ်။ ညီလာခံကနေ ဟိုတယ်ကို ပြန် ပို့ ပေးတဲ့ နောက်ဆုံးဘတ်စ်ကားကလည်း လမ်းမှာကားတွေပိတ်ကျပ်နေတာကြောင့် နောက်ကျမှ ရောက် လာပါလေကော။  



လူတွေနဲ့ ကျပ်ညပ်တိုးဝှေ့နေတဲ့ ဖုန်ချိုင်းညဈေးမြင်ကွင်း။




ဖုန်ချိုင်းညဈေးက လမ်းဘေးအကြော်ဆိုင်လေး။


အပြန်မှာ ညဈေးကိုသွားဖို့ လမ်းတစ်နေရာမှာ ဆင်းကြတယ်။ မိမိတို့နဲ့အတူ ဖိလစ်ပိုင်က ညီလာခံကိုယ်စား လှယ် ၃ ဦးလည်းပါတယ်။ တက္ကစီ ၂ စီးနဲ့ ညဈေးကို သွားကြခဲ့တယ်။ လမ်းကျဉ်းကျဉ်းလေးထဲမှာရှိတဲ့ ဒီည ဈေးကိုမြင်ရတော့ မော်လမြိုင်ဈေးကြီးအနားက ဒေါင်းမင်းဈေးကို သွားပြီးသတိရမိတယ်။ 



သြဂုတ် ၈ ရက် ၂၀၁၃ တနင်္ဂနွေနေ့။


ဒီညနေ ညီလာခံပြီးတော့ မိမိနဲ့ အတူလာတဲ့ မစ္စစန်ဂီသာက ညဈေးကိုသွားကြဖို့ပြောတာကို သဘောတူ လိုက်သေးတယ်။ ဒါနဲ့ မစ္စစန်ဂီသာရယ် ဒေါက်တာနီးလမ်ရယ် မိမိတို့ ညီလာခံက အကြိုအပို့လုပ်ပေးတဲ့ ဘတ်စ်ကားနဲ့ ၀င်ဆာဟိုတယ်ကို လာခဲ့ကြတယ်။ အဲဒီကနေမှ တက္ကစီငှားပြီး တိုင်ချွမ်းမြို့ ရဲ့  နာမည်ကြီး ဖုန်ချိုင်းညဈေးကို သွားကြဖို့ဖြစ်တယ်။ 

ဝင်ဆာဟိုတယ်ကိုရောက်တော့ တက္ကစီက လွယ်လွယ်နဲ့မရပြန်ဘူး။ နောက်ပြီး လက်ဝဲဖက်သွားရမှာလား လက်ယာဖက်သွားရမှာလား မသေချာတာနဲ့ အနားကဆိုင်ထဲ ၀င်ပြီးမေးရတယ်။ ဆိုင်ရှင် မိမိတို့ကို နိုင်ငံ ခြားသားတွေမှန်းသိလို့ သူက တယ်လီဖုန်းနဲ့ တက္ကစီခေါ်ပေးရှာပါတယ်။ အချိန်အတော်လေးနှောင်းသွား တာမို့ စာရေးသူက ညဈေးကို လိုက်မသွားတော့ပဲ ဟိုတယ်မှာပဲ ပြန်နားနေခဲ့တယ်။




သြဂုတ် ၉ ရက် ၂၀၁၃ တနင်္လာနေ့။


မနေ့က စာတမ်းဖတ်ပွဲတွေပြီးသွားသလို ညီလာခံပိတ်ပွဲအခမ်းအနားလည်းပြီးသွားပြီမို့ ညနေပိုင်း ဟိုတယ် ကိုပြန်လာတော့ စိတ်ထဲမှာ ဘာပေါ့သွားသလဲ မပြောပါနဲ့တော့။

ဒီနေ့တော့ ညီလာခံကစီစဉ်ပေးတဲ့ အလည်အပတ်ခရီး သွားခဲ့ဖြစ်တယ်။


ပင်လယ်ရေမျက်နှာပြင်အထက် ၇၅၀ မီတာအမြင့်မှာရှိသော 'နေ လ ကန်ကြီး'။



'နေ' 'လ' ကန်ကြီး (Sun Moon Lake) မှာ အမှတ်တရ။



‘နေ လ ကန်’ ကြီးကိုသွားဖို့ရာ စုရပ်တစ်နေရာဖြစ်တဲ့ စပလဲန်းဒါဟိုတယ်ကိုသွားကြရတယ်။ အဲဒီကိုရောက် တော့ စောနေသေးလို့ ဘတ်စ်ကားတစ်စီးပဲရောက်သေးတယ်။ ဒါကြောင့် ကမ္ဗောဒီးယားနဲ့ သီရီ လင်္ကာက ကိုယ်စားလှယ်အသိတွေနဲ့ စကားပြောနေဖြစ်တယ်။ 


ကမ္ဗောဒီးယားနှင့်သီရိလင်္ကာမှ ညီလာခံကိုယ်စားလှယ်မိတ်ဆွေများနှင့် စပလဲန်ဒါဟိုတယ်ရှေ့ မှာ ...။


ခဏကြာတော့ ဘတ်စ်ကားတွေထပ် ရောက်လာတာ တွေ့ရပြီး ညီလာခံကိုယ်စားလှယ်တွေကို  တစ်နေ့လုံးနေ မယ့်သူနဲ့ နေ့ဝက်ပဲနေမယ့်လူဆိုပြီး နှစ်တန်းခွဲပြီး တန်းစီကြရတယ်။ ပြီး နာမည်စာရင်းကောက်ပြီး လက်မှတ် ထိုးခိုင်းတယ်။ အားလုံးကားပေါ်ကို ရောက်တဲ့အခါ သွားမယ့်သူတစ်ရောက်လိုနေသေးလို့ နောက်ထပ် မိနစ် ၂၀ နာရီဝက်လောက် စောင့်ရမယ့်အကြောင်း ပြောပါတယ်။


အာဖဂန်နစ္စတန်နိုင်ငံကိုယ်စားလှယ်နှင့် 'နေ လ ကန်' ခရီးမှာ ...။




ကားပေါ်မှာ မိမိနဲ့ထိုင်ခုံနီးချင်းက အာဖဂန်နစ္စတန်ကိုယ်စားလှယ်ဖြစ်တယ်။ သူနဲ့ ဟိုအကြောင်းဒီအကြောင်း လေးတွေ ပြောဖြစ်ကြတယ်။ သူလာတဲ့ခရီးစဉ်ကိုမေးကြည့်တာ အတော်လေးစိတ်ဝင်စားဖို့ကောင်းတာ တစ် ခုတွေ့ရတယ်။ အဲဒါကတော့ ထိုင်ဝမ်ဗီဇာရဖို့ အာဖဂန်နစ္စတန်နိုင်ငံသားက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ကို သွားပြီး ၁၀ ရက်ကြီးများတောင် အချိန်ပေး နေခဲ့ရပါသတဲ့။ မြန်မာပြည်ကလူဆိုရင် ဘန်ကောက်ကိုသွားပြီး ထိုင်ဝမ်ဗီဇာယူတာ အဲဒီလောက်ကြာမယ် မဟုတ်ပါဘူး။ နောက်ပြီး လာရတဲ့ခရီးစဉ်ကိုလည်း ကြည့်ပါဦး။ သူနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့ ကနေ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ၊ အဲဒီကနေမှ ဟောင်ကောင်၊ ဟောင်ကောင်ကနေတစ်ဆင့် ထိုင်ဝမ်နိုင်ငံ တိုင်ချွမ်းမြို့ ကို လာခဲ့ရတာ။

ဒါ့ကြောင့် ကာဘူးမြို့ ကနေ တိုင်ချွမ်းမြို့ ကို လာခဲ့တာ ၂ ရက်ကြာရပါသတဲ့လေ။



‘နေ လ ကန်ကြီး’သို့



မိုးပျံတံတားတစ်ခုနှင့် စိမ်းစိမ်းစိုစို တောတောင်များ။



နံနက် ၈ နာရီခွဲကျော်လောက်မှာ စုရပ်ဖြစ်တဲ့ စပလဲန်းဒါဟိုတယ်ကနေ ဘတ်စ်ကား ၃စီး ၄စီးနဲ့ ‘နေ လကန် ကြီး’ ဆီသို့ ထွက်ခဲ့ကြရာ လမ်းတလျောက်မှာ မိုးပျံကားလမ်းအတော်များများကို တွေ့ရပါတယ်။ ချောင်းတို့ မြစ်တို့ကို ကျော်ဖြတ်တာရှိသလို အဝေးပြေးလမ်းဖြစ်တာကြောင့် မြို့ ရွာတွေရဲ့ အပေါ်က ရှောင်ပြီးသွားတာ မျိုးလည်း ရှိပါတယ်။ နံနက် ၉ နာရီကျော်ကျော်လေးမှာ အတော်လေးရှည်တဲ့ လှိုင်ခေါင်းတစ်ခုအထဲ ဖြတ် မောင်းပါတယ်။

 တောင်တွေက လက်ညှိုးထိုးမလွဲမို့ ကားက တောင်တွေကို တိုးလျှိုပေါက်ဖောက်ထားတဲ့ လှိုင်ခေါင်းတွေကို မကြာခဏ ဖြတ်ဖြတ်ပြီး မောင်းနေရပါတယ်။


ဧည့်ကြိုအမျိုးသမီးက မိမိတို့အုပ်စုအား လမ်းညွှန်ခေါ်ဆောင်ရှင်းပြနေစဉ်။

ဧည့်ကြိုအမျိုးသမီးက လမ်းတစ်လျှောက်လုံး စာရေးသူတို့ကို ရယ်စရာလေးတွေကြားညှပ်ပြီး ရှင်းပြပါတယ်။ သူ့နာမည်က ‘မစ္စလီလင်း’ပါတဲ့။ အသက် ၃၇ နှစ်လောက်ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဖော်ဖော်ရွေရွေရှိ ပြီး ဟောဟောဒိုင်းဒိုင်းပြောတတ်သူပါ။ တစ်နေရာမှာတော့ ကွမ်းသီးခြံတွေနဲ့ လက်ဖက်ခင်းတွေကို တွေ့ရပါ တယ်။ တောင်စောင်းတွေမှာစိုက်ထားတဲ့ လက်ဖက်ပင်တွေကို စီစီရီရီမြင်ရတော့ မလေးရှားနိုင်ငံက တောင် ပေါ်ဒေသဖြစ်တဲ့ ‘ကင်မရွန်ဟိုင်းလဲန်းစ်’(Cameron Highlands) ကို အမှတ်ရမိပါတယ်။ 



Thao တိုင်းရင်းသူတစ်ဦးနှင့် အမှတ်တရ။


ထိုင်ဝမ်မှာ တိုင်းရင်းသားလူမျိုးတွေရှိပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်လောက်က ထိုင်ဝမ်တောင်ယွမ်းအပြည်ပြည် ဆိုင်ရာလေဆိပ်မှာ လေယာဉ်ပြောင်းစီးစဉ်က တိုင်းရင်းသားအရုပ်ကလေးတွေကို အမှတ်တရ ၀ယ်ခဲ့ဖူးပါ တယ်။ ယခုတစ်ခေါက်မှာတော့ 'နေ လ ကန်'အနီးတွင်နေကြတဲ့ Thao တိုင်းရင်းသားအိမ်ဆိုင်တစ်ဆိုင် ကို ရောက်ခဲ့ပါတယ်။ အဲဒီဆိုင်ကိုဝင်ပြီး ခဏတဖြုတ်ကြည့်ရှုကြတယ်။ ဆိုင်ကတိုက်တဲ့ ရေနွေးကြမ်းကို သောက်ရင်း ပစ္စည်းနဲနဲပါးပါးဝယ်၊ရှင်းပြတာလေးတွေနားထောင်ကြပြီး တိုင်းရင်းသားဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးနဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့သေးတယ်။


































































Thursday, August 22, 2013

ခရီးတစ်ခု


၁၃၇၅ ခုနှစ်၊ ၀ါခေါင်လဆန်း ၁၆ ရက်၊ ကြာသပတေးနေ့။





မိမိသည် မိမိ၏အလုပ်မှ စေလွှတ်ပို့ပေးသဖြင့် ဒေသဆိုင်ရာနှင့် ကမ္ဘာ့ညီလာခံများသို့ အခါအားလျှော်စွာ သွားတက်ခွင့် ရခဲ့ပါသည်။ ရှေ့  စက်တင်ဘာလဆန်းတွင်လည်း (၆)ကြိမ်မြောက် အာရှနှင့်ပစိဖစ်အနောက် ပိုင်းဒေသဆိုင်ရာ အကြောအဆစ်ကုပညာရပ်ညီလာခံ(6th Asia-Western Pacific Regional Congress of the World Confederation for Physical Therapy) သို့ သွားတက်ရန် ယခုနှစ်မေလကတည်းက စပြီး ပြင် ဆင်မှုများကို ပြုလုပ်ခဲ့ရ၏။   

ပြင်ဆင်မှု၏ ပထမဦးဆုံးအလုပ်မှာ ညီလာခံတက်ရန် စာရင်းပေးသွင်းပြီး ညီလာခံကြေး(Registration fee) နှင့် ညီလာခံအကြို အလုပ်ရုံသင်တန်းကြေး(Pre-Congress Workshop fee) များ ပေးရသည်။ မိမိ၏အဖွဲ့ အစည်းမှ စေလွှတ်သည့်ညီလာခံများသို့ ယခင်သွားခဲ့စဉ်က ယခုကဲ့သို့ မိမိဖာသာဆက်သွယ်ပြီး လုပ်ရခြင်း မျိုး မရှိခဲ့ပေ။ ကိုယ်တိုင် လေယာဉ်လက်မှတ်ဝယ်ရခြင်း၊ ဟိုတယ်ရှာပြီး ကြိုတင်စဘော်စိုက်ပေးထားရခြင်း နှင့် နေ့စဉ်အသုံးစရိတ်ကို တွက်ချက်တင်ပြတောင်းခံရခြင်းများ မလုပ်ခဲ့ရပေ။ ယင်းကိစ္စအားလုံးကို အဖွဲ့အ စည်းမှ လုပ်ပေးခဲ့ပါသည်။


ယခုတစ်ခါတွင်မူ ယင်းကိစ္စများကို မိမိဖာသာ အစအဆုံး စမ်းတ၀ါးဝါးဖြင့် လုပ်ခဲ့ရသဖြင့် အချိန်ဖင့်နှေးသွား သောကြောင့် အဖွဲ့အစည်းမှထုတ်ပေးမည့်ငွေ မရရှိခင် ပေးစရာရှိသည်များကို အချိန်မီပေးနိုင်ရန် မိမိက အ ရင် စိုက်ပြီးပေးနှင့်ရခြင်းဖြစ်၏။ သတ်မှတ်ထားသည့် ပထမကာလ (Early Bird)အတွင်း အချိန်မီမပေးသွင်း ပါက ညီလာခံနှင့်သင်တန်းကြေးများ ပိုပေးရမည်ဖြစ်သလို ညီလာခံမှစီစဉ်ပေးထားသည့် ဟိုတယ်အခန်း လည်း မရဖြစ်ပေမည်။


မည်သို့ဆိုစေ မိမိမလုပ်ဖူးသည့် ရုံးအလုပ်များကို လုပ်ရသဖြင့် လုပ်ငန်းအတွေ့အကြုံနှင့် ဗဟသုတအချို့ ကို အမြတ်ရရှိခဲ့ပါသည်။ ညီလာခံအတွက် ကုန်ကျစရိတ်အားလုံးကို တွက်ချက်ပြီး တင်ပြတောင်းခံရာတွင် EPR (Electronic Purchasing Requisition)လုပ်ရန် လိုအပ်လေသည်။ ‘အီးပီအာ’ဟူသောစာလုံးကို ယခုမှ ပထ မဆုံးကြားဖူးခြင်းဖြစ်ပြီး ဘာကိုဆိုလိုမှန်းပင် အတိအကျ မသိပါချေ။ ယင်းသို့လုပ်ရာမှာ မိမိသည် ညီလာခံ ကြေး၊ အလုပ်ရုံသင်တန်းကြေး၊ လေယာဉ်ခနှင့် ဟိုတယ်အခန်းခများ ထည့်သွင်းတောင်ခံသော်လည်း နေ့ စဉ်အသုံးစရိတ် (allowance/per diem)ကို ထည့်သွးင်းတောင်းခံခြင်း မရှိခဲ့ပေ။ အကြောင်းမှာ ယင်းကုန် ကျစရိတ်ကို မိမိမှ တောင်းခံရမည်ကိုလည်းကောင်း မည်သို့တွက်ချက်ရမည်ကိုလည်းကောင်း  မသိသော ကြောင့် ဖြစ်သည်။ မိမိအား ‘အီးပီအာ’လုပ်ရန် ကူညီသည့် ရုံးချုပ်မှဝန်ထမ်းကလည်း မိမိသိမည်ထင်ပြီး မ ပြောလိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့ဖြစ်ရာ ရုံးဝန်ထမ်း ပြောပြသည့်အတိုင်း နောက်မှပြန်လုပ်ရတော့၏။


စင်ကာပူနိုင်ငံမှစထွက်မည့်အချိန်နှင့်နေ့ရက်၊ ညီလာခံကျင်းပရာ ထိုင်ဝမ်မှ ပြန်လာမည့်အချိန်နှင့်နေ့ရက်တို့ ကို ရေတွက်ပြီး တစ်နေ့ စင်ကာပူဒေါ်လာ ၂၄၀ နှုန်းဖြင့် တွက်ခြင်းဖြစ်သည်။ တစ်နေ့အတွက် နေ့စဉ်ကုန်ကျ စရိတ်မှာ နိုင်ငံအလိုက် ကွာခြားမှုရှိလေသည်။ ဒီတော့မှ မိမိသည် ‘အို့ ဟိုး .. ဒီလိုကိုး’ ဟု သင်္ချာပုစ္ဆာအဖြေ မှန်ရသွားသည့် ကျောင်းသားကလေးလို ခံစားမိတော့၏။


ခရီးတစ်ခု သွားရမည်ဆိုက လူတိုင်းလိုလို စိတ်ဝင်စားမှုနှင့် စိတ်လှုပ်ရှားမှုများကို အတိုင်းအတာတစ်ခုအထိ ခံစားကြရမြဲ ဖြစ်သည်။

မိမိသည်လည်း ဤခရီးစဉ်အတွက် စိတ်ဝင်စားမှုကော စိတ်လှုပ်ရှားမှုများပါ ဖြစ်မိပါသည်။ ယင်းသို့ဖြစ်ရ သည်မှာ ပတ်သက်ရာပတ်သက်ကြောင်းလေးများ ရှိနေပါ၏။ ပထမအချက်မှာ ယခု သွားရောက်မည့်ခရီး သည် အတတ်ပညာရပ်ဆိုင်ရာညီလာခံဖြစ်ပေရာ မိမိ၏အတတ်ပညာနှင့်သက်ဆိုင်သော ဗဟုသုတများ၊ အကြောအဆစ်ကုဆေးပညာရပ်ဆိုင်ရာ နောက်ဆုံးပေါ် စမ်းသပ်တွေ့ရှိမှုအသစ်များ၊ သုတေသန လုပ် ဆောင်နေမှုများ၊ စမ်းသပ်နှင့်ကုသမှုဆိုင်ရာပစ္စည်းအသစ်အဆန်းများ(Physiotherapy equipment and devices) နှင့် လက်တွေ့အသုံးချ ရှင်းလင်းပြသမှုများအတတ်ပညာဆိုင်ရာ စာအုပ်များ ဂျာနယ်များ စာ စောင်များ အစရှိသည်တို့ကို ကြားနာမြင်တွေ့သိရှိရမည်ဖြစ်သည်။
  
နောက်တစ်ခုအရေးကြီးသည်မှာ ဒေသတွင်းနှင့် ကမ္ဘာတစ်လွှားမှ လာရောက်ကြမည့် ညီလာခံကိုယ်စား လှယ်များနှင့် တွေ့ဆုံသိကျွမ်းပြီး စကားပြောခွင့် ဆွေးနွေးခွင့်များ ရရှိခြင်းဖြစ်သည်။ အချို့ မှာ မိမိနှင့်ယခင် ညီလာခံများတုန်းက တွေ့ဆုံသိကျွမ်းခဲ့ဖူးပြီး နောက်တစ်ကြိမ် ပြန်ပြီးဆုံတွေ့ရတတ်သေး၏။ မိတ်ဟောင်း ဆွေဟောင်းများပမာ နှုတ်ဆက်ကာ စကားစမြည် ပြောကြရသေး၏။ အချို့ ကိုကား လူချင်းသိကျွမ်းခြင်း မ ရှိစေကာမူ ယခင်ညီလာခံတစ်ခုခုတွင် မှတ်မှတ်သားသား တွေ့ဖူးမြင်ဖူးထားသူများ ဖြစ်ကြလေသည်။ အ ထူးသဖြင့် မိမိတက်ရောက်နားထောင်ဖူးသည့် စာတမ်းဖတ်ပွဲများမှ သုတေသနပညာရှင်ကြီးများ။ နေ့လည် စာနှင့်ညစာဧည့်ခံပွဲများတွင် တစ်စားပွဲတည်း ထိုင်ခဲ့ကြပြီး မျက်မှန်းတန်းဖူးသူများ။ “နေပါဦးဗျ ခင်ဗျားကို (ရှင့်ကို)ယခင်က တွေ့ဖူးသလိုပဲ”ဟုဆိုကာ အချို့ က ‘ဟိုင်း’ ‘ဟဲလို’ ပြောရင်း လက်ဆွဲ နှုတ်ဆက်ကြခြင်းများ လည်း ရှိလေသည်။


မည်သို့ဆိုစေ ညီလာခံတက်ရသည်မှာ လူတွေနှင့်တွေ့ဆုံသိကျွမ်း စကားပြောခွင့်ရသဖြင့်လည်းကောင်း၊ မိ မိအတွက် ပညာရပ်ဆိုင်ရာဗဟုသုတသော်လည်းကောင်း၊ လက်တွေ့စမ်းသပ်ကုသနည်းပညာသစ်များသော် လည်းကောင်း ရရှိသဖြင့် ၀မ်းသာပျော်ရွှင်ရကဲ့သို့ အချို့ သောသုတေသနစာတမ်းများမှာ အလွန်ခက်ခဲနက် နဲလေရာ ဘာမှသေသေချာချာ ဟုတ်တိပတ်တိ နားမလည်လိုက်သဖြင့်လည်းကောင်း၊ အချို့ မှာ မိမိမျှော် လင့်ထားသလို မဟုတ်/မကောင်းသဖြင့်လည်းကောင်း စိတ်ပျက်ရခြင်းမျိုးလည်း ကြုံတွေ့ရတတ်ပါ၏။ ‘ဒါကို ငါ ဘာဖြစ်လို့ လာတက်မိပါလိမ့်။ ဒီလိုမှန်းသိရင် ဟိုစာတမ်းကို သွားပြီးနားထောင်ရ အကောင်းသား’ ဟု မိ မိကိုယ်ကိုပင် အပြစ်တင်မိ၏။ တန်ဖိုးရှိသောအချိန်လေး ဆုံးရှုံးသွားရသောကြောင့် ဖြစ်သည်။ သို့သော် အ လွန်ရှားရှားပါးပါးသာ ကြံဖူးခဲ့၍ တော်ပေသေးတော့။  



ထိုင်ဝမ်သို့

မိမိသည် ထိုင်ဝမ်နိုင်ငံ၌ လေဆိပ်အတွင်းသာ နာရီအနည်းငယ်ကြာ ရောက်ရှိခဲ့ဖူးပြီး အခြားနေရာများသို့ကား မရောက်ခဲ့ဘူးပေ။ ၂၀၀၇ ခုနှစ်တွင် ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ ကိုအသွားမှာ လေယာဉ်ပြောင်းစီးရန် အတွက် ထိုင်ဝမ်နိုင်ငံ၏အကြီးဆုံးလေဆိပ်ကြီးဖြစ်သော တောင်ယွမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အသွား ၃ နာရီ၊ အပြန် ၃ နာရီ ကြာခန့် ၀င်နားခဲ့ရသည်။ နောက်လေယာဉ်ပြောင်းမစီးမီ အချိန်အတော်ကြာကြာရသဖြင့် လေ ဆိပ်အတွင်းရှိနေရာအချို့ကို လျှောက်ကြည့်ခဲ့သည်။ အတော်လေးကြီးသည့်လေဆိပ်ဖြစ်သဖြင့် မူလနေရာ သို့ ပြန်မလာတတ်မည်စိုးသောကြောင့် နေရာအနှံ့မသွားရဲပေ။ အမှတ်တရ ဓာတ်ပုံအချို့  ရိုက်ခဲ့ပြီး ထိုင်ဝမ်ဒေ သခံတိုင်ရင်းသားအရုပ်လေးများ ၀ယ်ခဲ့သည်။

ယခုတစ်ခေါက်သွာမည့်ခရီးစဉ်မှာ စိတ်ဝင်စားစရာတော့ ကောင်း၏။  


အကြောအဆစ်ကုပညာရပ်ညီလာခံကို လက်ခံကျင်းပသောမြို့ သည် မြို့ တော်တိုင်ပေ မဟုတ်ပဲ ထိုင်ဝမ်နိုင်ငံ ၏တတိယအကြီးဆုံးမြို့ ဖြစ်သော တိုင်ချွမ်းမြို့ ဖြစ်လေသည်။ စင်ကာပူနိုင်ငံမှ တိုင်ချွမ်းမြို့ သို့ တိုက်ရိုက် လေ ယာဉ်ခရီးစဉ် မရှိသဖြင့် တောင်ယွမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရင်သွားရမည်။ တစ်ခါ လေဆိပ်မှ ယူ ဘတ်စ်ကား(UBus) စီးကာ တောင်ယွမ်းအမြန်ရထားဘူတာရုံသို့ ခရီးဆက်ရမည်။ အဲဒီကတစ်ဆင့် တီအိပ်ခ်ျ အက်စ်အာ (THSR) အမြန်ရထားစီးပြီး တိုင်ချွမ်းမြို့ သို့ ရောက်မည်ဖြစ်သည်။ ခရီးအားလုံး တစ်နာရီခွဲခန့် ကြာ မည်ဆို၏။ ညီလာခံပြီး၍ပြန်လာသောအခါ ယင်းခရီးစဉ်အတိုင်းပင် သွားရပေမည်။   
      









ဆက်ပြီးရေးပါဦးမည်။






Sunday, August 18, 2013

စနေ တနင်္ဂနွေ


၁၃၇၅ ခုနှစ်၊ ၀ါခေါင်လဆန်း ၁၁ ရက်။



စင်ကာပူကျွန်းလေးပေါ်မှာ နှစ်ယောက်တည်း အမှတ်တရ။ 



မိမိသည် မြန်မာပြည်မှာတုန်းကလည်း ၀န်ထမ်းဖြစ်ခဲ့သည်။
စင်ကာပူနိုင်ငံကို ရောက်လာပြန်တော့လည်း လခစားဝန်ထမ်းအလုပ်ပင် လုပ်ရပြန်သည်။
သို့မို့ကြောင့် စနေ တနင်္ဂနွေရက်များတွင် အလုပ်နားပြီး အိမ်မှာနေလို့ရသည်။
သို့မို့ကြောင့်လည်း စနေ တနင်္ဂနွေကို ချစ်သည်။

မြန်မာပြည်မှာက ၀န်ထမ်းသက် ၁၉ နှစ်နီးပါး စနေနေ့တိုင်း နေ့တစ်ဝက်လုပ်ခဲ့ရသေး၏။ နေ့တစ်ဝက် လုပ် ရသည်ဆိုသော်လည်း အိမ်ကိုပြန်ရောက်သောအခါ တကယ်က နေ့တစ်ဝက်အပြည့် မကျန်တတ်တော့။
စင်ကာပူကို စပြီးရောက်စ ၂ နှစ်ခန့်က စနေနေ့မှာ နေ့တစ်ဝက်လုပ်ခဲ့ဖူး၏။ နောက်မှ စနေနေ့မှာ အလုပ် မ လုပ်ရလေတော့။  

စနေ တနင်္ဂနွေရက်များတွင် မိမိသည် အိမ်မှာ မိသားစုနှင့်အတူ နေလေ့ရှိသည်။ အကြောင်းတစုံတရာမရှိပဲ အပြင်ကို သွားလေ့မရှိ။ မြန်မာပြည်မှာတုန်းကလည်း အိမ်မှအလုပ်၊ အလုပ်မှ အိမ်သို့သာ တန်းတန်းမတ်မတ် သွားလေ့ရှိပြီး ဟိုဟိုဒီဒီ လည်ပတ်လေ့မရှိ။ အပေါင်းအသင်းများနှင့် အလဟဿ လတ်လျားလတ်လျား သ ဝေထိုးလေ့မရှိ။ ၀ိုင်းဖွဲ့ပြီး စားလေ့သောက်လေ့ မရှိ။ လောင်းကစားလေ့ မရှိ။  

စင်ကာပူမှာလည်း ဒီအတိုင်းပင်။ မိသားစုနှင့် အချိန်ပြည့် နေသည်။ အိမ်လည်သည့်အကျင့် မရှိ။ စာဖတ် သည်။ စာရေးစရာရှိသည့်အခါ စာရေးသည်။ ကျန်းမာရေး လေ့ကျင့်သည်။ တယ်လီဗီးရှင်းကြည့်သည်။ ကွန်ပြူတာ သုံးသည်။ ပျင်းဖို့အချိန် မရှိတတ်ပေ။

ယခု အသက်ကြီးလာသောအခါ အိမ်တွင် မိမိနှင့်ဇနီးတို့နှစ်ဦးသာ အိမ်မှာ အမြဲရှိတတ်သည်။ သမီး အိမ် ထောင်မပြုမီက အိမ်မှာ အမြဲရှိနေတတ်သော်လည်း သူ့အိပ်ခန်းတွင် သူဖာသာနေလေ့ရှိသည်။ ယခု သမီးက သူ့အိမ်နှင့်သူဖြစ်သွားပြီး သားလူပျိုတစ်ယောက်သာ အိမ်မှာရှိတော့သော်လည်း သူလည်း သူ့အမလို သူ့အိပ် ခန်းထဲမှာ သူဖာသာနေလေ့ရှိသည်။ သို့သော် သူ့အမနှင့်မတူတာ တစ်ချက်တော့ရှိ၏။ သမီးအိမ်မှာရှိတုန်းက သူ့အသံ မကြားရတတ်။ တိတ်ဆိတ်လို့ နေတတ်၏။




ဝရမ်တာမှာ အိမ်ရှင်မ၏လက်ရာ ဘူးသီးကျော်ကို အတူစားကြရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောလို့ ..။ 



သားကတော့ လူကို မမြင်ရသော်လည်း သူ၏အသံကိုတော့ ကြားရလေ့ရှိသည်။ ကြားရသည်မှ ကျယ်ကျယ် လောင်လောင်ကြီးကို ကြားရသည်။ အကြောင်းကတော့ မကြာမကြာ သီချင်းအော်ဆိုလေ့ရှိသောကြောင့် ဖြစ် ပါလေ၏။ သားက သီချင်းဆို အလွန်ဝါသနာပါ၏။

ဒီတော့ မိမိနှင့်ဇနီးတို့သည် မူလကမှ ဝေးဝေးမနေတတ်ကြသည့်အထဲ ‘ကျွန်းကလေးမှာ နှစ်ယောက်တည်း’ လိုဖြစ်သွားပြီး ပို၍ အတူစကားပြောဖြစ်ကြသည်။ ပို အတူတယ်လီဗီးရှင်းကြည့်ဖြစ်ကြသည်။ ပို၍ အတူ အ ပြင်ထွက်ဖြစ်လာကြသည်။ တစ်ခါတစ်ခါ နှစ်ထပ်ဘတ်(စ)ကား အပေါ်ထပ်မှ ခရီးအစမှအဆုံး တစ်ပတ် ပတ် ပြီး အပျော်စီးတတ်ကြသည်။ တစ်ခါတစ်ခါ MRT ရထားစီးပြီး ချမ်းစိမ့်စိမ့် လေအေးစက်အရသာလေးကို ဇိမ်ခံ ရင်း ချန်ဂီလေဆိပ်သို့သွားကာ သူကောမိမိပါကြိုက်သော Chicken Baked Rice စားကြသေး၏။  


Chicken Baked Rice က စင်ကာပူနေရာအနှံ့အပြားမှာ ရနိုင်ပါရက်နှင့် အဘယ်ကြောင့် ချန်ဂီလေဆိပ်အထိ သွားပြီးစားရသလဲဆိုတော့ မိမိတို့စားဖူးသမျှ Swensen ဆိုင် သုံးလေးဆိုင်မှာ လေဆိပ်အောက်ထပ် ဆိုင်က လက်ရာကို အကြိုက်ဆုံးမို့ပါ။ Funan အပေါ်ထပ်ကဆိုင်မှာ စားဖူးသည်။ သိပ်မကြိုက်ပါဘူး။ Orchard မြေ အောက်ဘူတာက ဆိုင်မှာစားတာလည်း သိပ်ပြီးအရသာ မတွေ့လှဘူး။ အခြား တစ်ဆိုင် နှစ်ဆိုင်မှာ စားတာ ပိုလို့ပင် ဆိုးချေသေး၏။ နောက်တစ်ချက်က စောစောကပြောသလို မိမိတို့နေသည့် ဂျူရောင်းအနောက်ပိုင်းမှ ရထားအကြာကြီးဇိမ်ခံစီးပြီး အေးအေးဆေးဆေး သွားရသည်ကို နှစ်သက်သည်လည်းပါ၏။  

နောက်ပြီး လေဆိပ်သို့ရောက်သောအခါ မြန်မာပြည်မှလာကြသူများနှင့်မြန်မာပြည်ကိုပြန်ကြသူများကို ကြည့်ရင်း လွမ်းလို့ရ၏။


အသက်ကြီးလာသည့်အခါ မိမိတို့နှစ်ဦးသည် သူ့ငယ်ဘ၀ ကိုယ့်ငယ်ဘ၀များအကြောင်း၊ သူ့ဆွေမျိုး ကိုယ့် ဆွေမျိုးများအကြောင်း၊ သူ့သူငယ်ချင်း ကိုယ့်သူငယ်ချင်းများအကြောင်း ပြန်ပြောင်းပြောရသည်တို့ကို အရ သာတွေ့လှ၏။ တစ်ခါမက ပြောဖြစ်ကြ၏။ နှစ်ခါမကလည်း ပြောဖြစ်ကြပြန်၏။ သို့သော် မည်သည့်အခါမှ နားတွင် မရိုးသွားလေကြ။ ပြန်ပြောကြတိုင်း ပြန်ပြီး နားထောင်ကြရတိုင်း နားထောင်လို့သာ ကောင်းနေ တတ်ပါ၏။ စိတ်ဝင်စားဖွယ်ဖြစ်လို့ နေတတ်ပါ၏။     

သို့မို့ကြောင့်လည်း စနေ တနင်္ဂနွေကို မိမိတို့ ပိုပြီး ချစ်ကြပါ၏။ 




စာရေးသူ၏ ဖွားသက်ရှည် အမေကြီး(အဖွား) ဒေါ်ဝါမှီ။ (ဓာတ်ပုံ - ဂျူဒို အေးမောင်၊ ရွှေဘို)




ဇနီးက သူ့အဖေဘက်မှအဖိုး ဦးဖိုးရင်သည် အပြင်ထွက်တိုင်း သူ့ကို ပခုံးနှစ်ဖက်မှာခွတင်ပြီး ချီသွားလေ့ရှိ ကြောင်း၊ ကျောင်းကိုလည်း နေ့စဉ်အကြိုအပို့ လုပ်ပေးကြောင်း ပြောသောအခါ မိမိကလည်း အားကျမခံ ဤ သို့ ပြန်ပြောရသည်။  မိမိသည် ဟိုဘ၀က မိမိ၏လက်ရှိဘ၀မှအဖွား ဒေါ်ဝှါမီ(မိခင်၏အမေ)၏ခင်ပွန်း တော် ခဲ့ကြောင်း၊ အဖွား၏ခင်ပွန်းသေဆုံးစဉ်က သူ၏ပခုံးကို အိုးမဲခဲ(မီးသွေးခဲ)ဖြင့် အမှတ်အသားပြု ရေးခြစ်လိုက် ရာ မိမိမွေးလာသည့်အခါ ယင်းအမှတ်အသားက ထင်ထင်ရှားရှားကြီး ပါလာခဲ့သည်။ 

သို့ဖြစ်ရာ အမေ့မောင် နှမအရင်းအချာများ(မိမိ၏ဦးကြီး ဦးလေးနှင့် အဒေါ်များ)က မိမိကို ပ,စားပေးပြီး ချစ် ကြသည်။ မိမိတို့ အညာဒေသအခေါ် အမေကြီး(အဖွား)သည် စားစရာရှိတိုင်း မိမိအား ချောင်တစ်နေရာသို့ လက်ကုတ်ခေါ်သွားပြီး အခြားသောမြေးများမသိအောင် တိတ်တိတ်ကျွေးလေ့ရှိ၏။

မိမိ အလုပ်ထဲရောက်ပြီးနောက်၊ တစ်ခါ နောက်ပိုင်းမှာ အိမ်ထောင်ကျပြီး ကန်ဘလူသို့ ခေတ္တအလည်ပြန် တိုင်း ထိုစဉ်က အသက် ၉၀ ကျော် ၁၀၀ ကျော်ရှိ အမေကြီးပြောခဲ့သည့်စကားကို မိမိနှင့်ဇနီးတို့ ယနေ့တိုင် အမှတ်ရလျက်ရှိပြီး တစ်ခါတစ်ခါ လွမ်းလွမ်းဆွတ်ဆွတ်ကြီး ခံစားပြောဖြစ်ကြပါသေးသည်။  

“နောက်နှစ်ကို ငါ့မြေးတို့ ဆက်ဆက်လာခဲ့ကြဦးနော။ အဖွား မသေသေပါဘူး”လို့ပါ။


သို့သော် အသက် ၁၀၃ နှစ်အထိ ကျန်းကျန်းမာမာသွားသွားလာလာနေသွားခဲ့သော မိမိ၏အဖွားကား ယခု အခါမှာ မရှိရှာလေတော့။ 


၁၃၇၅ ခုနှစ်၊ ၀ါခေါင်လဆုတ် ၄ ရက်။ 25 August (Sunday) 

ဆန်းတက်စစ်တီး

မိမိတို့ဇနီးမောင်နှံ သွားလေ့သွားထရှိသော နေရာတစ်ခုမှာ ဆန်းတက်စစ်တီး (Suntec City) ဖြစ်သည်။ မိမိ တို့ ယခင်ကခေါ်နေကျ နှုတ်ကျိုးနေသည့် 'ဆန်းတက်စစ်တီး'ကို လွန်ခဲ့သော ၁ နှစ်ခန့်က အကြီးအကျယ်ပြန် လည်ပြုပြင်ပြီးနောက် ယခုအပတ် စနေနေ့ (၂၄ သြဂုတ်လ)တွင်မှ ပထမဆုံး ပြန်ရောက်ခဲ့ခြင်းဖြစ်သည်။

ယခုတော့ အမည်သစ်ကလေး ပေးထားလို့ .. 'ဆန်းတက် စင်ကာပူ' ပါတဲ့။



အသွင်သစ် အမြင်သစ်ဖြင့် လှပနေသည့် ဆန်းတက်စင်ကာပူ။ (ဓာတ်ပုံ - ဖိုးတာ၊ ၂၄ သြဂုတ် ၂၀၁၃။)


ယခင်အခါများက ဆန်းတက်စစ်တီးကို မိမိတို့ သွားကြသည်မှာ အိမ်မှအပြင်သို့ (၀ါ) မြို့ ထဲသို့ ဘတ်စ်ကား ခရီးရှည်စီးရင်း မိမိတို့ကြိုက်တတ်သည့် chicken rice သို့မဟုတ် ဒန်ပေါက်စားရန်ဖြစ်ပြီး တစ်ခါတစ်ရံတွင်မူ Carrefour (hypermarket chain) ၌ အိမ်အတွက် အသုံးလိုသော ပစ္စည်းလေးများကို  ၀ယ်တတ်ပါသည်။ မိမိတို့လျှာနှင့်အတွေ့ဆုံး chicken rice ကို လွန်ခဲ့သော ၁၀ နှစ်ခန့်က ဂျူရောင်းပွိုင့် (Jurong Point) ဒုတိ ယထပ်ရှိ စားသောက်ဆိုင်တန်းတွင်စားလေ့ရှိပြီး နောင်တွင် ယင်းဆိုင်မရှိတော့သည့်အခါ မိမိတို့စိတ်ကြိုက် ကြက်ဆီထမင်းဆိုင်ကို မတွေ့သဖြင့် ကြုံသလိုသာ အာသာပြေ စားဖြစ်ခဲ့ကြပါသည်။ လွန်ခဲ့သော ၃ နှစ်ကမှ မိမိတို့စိတ်တိုင်းကျ ကြက်ဆီထမင်းဆိုင်ကို  ဆန်းတက်စစ်တီးမြေညီထပ်မှာ တွေ့ခဲ့ပြီး မကြာမကြာသွားပြီး စားဖြစ်ခဲ့ပါသည်။


တစ်ခါ လွန်ခဲ့သည်နှစ်က ဆန်းတက်စစ်တီးကို ပြန်လည်ပြုပြင်ရန် ပိတ်လိုက်သောအခါ မိမိတို့စိတ်ကြိုက် ကြက်ဆီထမင်းနှင့် နောက်တစ်ကြိမ် ဝေးခဲ့ရပြန်ပါ၏။ ဒါကြောင့် ဆန်းတက်စစ်တီးသို့ ယခုတစ်ခေါက် ပြန် ရောက်သောအခါ ယခင်ကမိမိတို့စားဖူးသည့် ကြက်ဆီထမင်းဆိုင်ကို ရောက်ရောက်ချင်း အရင်ရှာမိသည်။ ယခင်ကလို မြေညီထပ်တွင်မတွေ့ရသော်လည်း မြေအောက်ထပ်တစ်နေရာရှိ စားသောက်ဆိုင်တန်းတွင် တွေ့ခဲ့ရသဖြင့် စိတ်အေးသွားပါ၏။  



ပင်နင်းစူးလားပလာဇာ အောက်ထပ်ရှိ ရနံ့သစ်စားသောက်ဆိုင်မှာ မန္တလေးပဲကြော်စားကြရင်း ...။


‘ဆန်းတက် စင်ကာပူ’ တွင် ဘောင်းဘီရှည် ၂ ထည်ဝယ်ပြီးနောက် မြေအောက် CityLink Mall ဆိုင်တန်းတ လျှောက် ဟိုကြည့်ဒီကြည့် လမ်းလျှောက်ကြလျက် မြန်မာရွာကြီးရှိရာ ပင်နင်းစူးလားပလာဇာသို့ သွားကြပါ သည်။ ဟိုကိုရောက်သည့်အခါ မြေအောက်ထပ်ရှိ ရနံ့သစ်စားသောက်ဆိုင်၌ လက်ဖက်ရည်နှင့်အကြော်စုံ စားပြီး အေးအေးလူလူ နားရ၏။ အကြော်စုံမှာ ဗယာကြော် သေးသေးလေးများပါ၏။ ကော်ပြန့်လိပ် သေး သေးလေးများလည်း ပါ၏။ နောက်ပြီး မစားရသည်မှာကြာပြီဖြစ်သော မန္တလေးမတ်ပဲကျော်ရသဖြင့် လာရ ကြိုးနပ်လေစွ။ စားလို့လည်း ကောင်းပါ၏။

မိမိတို့နှစ်ဦးသည် မြန်မာပြည်သို့ပြန်ကြတိုင်း မန္တလေးမတ်ပဲကျော်ကို မန္တလေးရောက်ခိုက်မှာ မစားဖြစ်ကြပဲ ရန်ကုန်ပြည်ထောင်စုရိပ်သာလမ်းရှိ စားသောက်ဆိုင်၌သာ စားဖြစ်ပါသည်။   

စနေ တနင်္ဂနွေနေ့များတွင် အပြင်သို့မသွားဖြစ်သော် အိမ်ရှင်မက အိမ်၌ မြန်မာအစားအစာ တစ်မျိုးမျိုးလုပ် ကျွေးတတ်ပါသည်။ မုံ့ဟင်းခါး ချက်သည်။ ထမင်းသုတ် သုတ်သည်။ ဆီထမင်း သို့မဟုတ် အုန်းနိုခေါက်ဆွဲ ချက်သည်။ အကြိုက်ဆုံးကတော့ မုန့်တီသုတ်ဖြစ်ပါ၏။ စာရေးသူတို့ အညာဒေသမှာ မုန့်တီဟုသာခေါ်လေ့ ရှိပြီး ‘သုတ်’ထည့်ပြီး ခေါ်လေ့မရှိကြပေ။

တစ်ခါတစ်ခါတော့ မုန့်တီလုပ်စားသည်နှင့်ပတ်သက်ပြီး အိမ်ကိုလာသည့် အပေါင်းအသင်းများအား ရယ်စ ရာလုပ်ကာ ပြောရသည်။  
  

ဟို ရုပ်ရှင်ဇာတ်ကားတစ်ခုမှာပေါ့ဗျာ (‘ရှမ်းပြည်ရောက် ဧည့်သည်’ ဟု ထင်ပါသည်) ရှမ်းတိုင်းရင်းသူလေး အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးဒေါ်စံရှားတင်က ပြည်မကလာတဲ့ သူ့ချစ်သူကို “ခမ်း ကိုချစ်ရင် ခေါပုတ်ကို လည်း ချစ်ရမှာပဲနော်” လို့ ပြောခဲ့ဖူးသလို ကျနော်ကလည်း “အညာသားကိုချစ်ရင် မုန့်တီကိုလည်း ချစ်ရ မယ်လို့ ပြောထားလို့ ခဏခဏ မုန့်တီလုပ်ကျွေးနေတာလေ” ဟု ညာတာပါတေးနှင့် လံကြုတ်လုပ်ပြီး ပြော ရပါ၏။ 









ဆက်ပြီးရေးပါဦးမည်။







Saturday, August 17, 2013

ကိုဝင်းဇော်ဦးကို ကူညီကြပါစို့


၁၃၇၅ ခုနှစ်၊ ၀ါခေါင်လဆန်း ၁၀ ရက်၊


မနေ့က မြန်မာသတင်းစာမှာ ကိုဝင်းဇော်ဦး စင်ကာပူသို့ ဆေးကုသမှုခံယူဖို့ ထွက်သွားပြီးဖြစ်ကြောင်း ဖတ်လိုက်ရပါတယ်။ သူနဲ့အတူ ဒေါက်တာဒေါ်ခင်လေးရီ (အသည်းရောဂါအထူးကုဆရာဝန်ကြီး ဒေါက် တာဦးခင်မောင်ဝင်း၏ဇနီး)လည်း လိုက်ပါသွားတယ်လို့ သတင်းက ဆိုထားပါတယ်။

အခုအခါ ကိုဝင်းဇော်ဦးသည် စင်ကာပူနိုင်ငံကို ရောက်ရှိနေပြီး စင်ကာပူအထွေထွေရောဂါကုဆေးရုံကြီး (SGH)မှာ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုများ ခံယူနေပြီဖြစ်ပါတယ်။


မြန်မာ့အလင်းသတင်းစာ၊ ၁၆ ရက် သြဂုတ်လ ၂၀၁၃။


သူ့ရောဂါနဲ့ပတ်သက်ပြီး ဆရာကြီးက ရှင်းပြထားတာကို အောက်မှာ ဖတ်ရှုနိုင်ကြပါတယ်။ ဆရာကြီးကပဲ ကိုဝင်းဇော်ဦးကို နတ်မောက်မြို့ နယ် ထုံးပေါက်ချိုင်းရွာကနေ ရန်ကုန်သို့ ဆေးကုသပေးဖို့ ခေါ်လာခဲ့တာပါ။


မြန်မာ့အလင်းသတင်းစာ၊ ၁၄ ရက် သြဂုတ်လ ၂၀၁၃။ 


ကိုဝင်းဇော်ဦးအား ရန်ကုန်တွင် စစ်ဆေးမှုလုပ်ပြီးနောက် စင်ကာပူမှာ ဆက်လက်ပြီးအဆင့်မြင့်စမ်းသပ်စစ် ဆေးမှုများလုပ်နိုင်ရန် ဆရာကြီးက ကမကထပြုပြီး စီစဉ်ပို့ဆောင်ပေးတာလို့ သိရပါတယ်။ ဒါ့အပြင် ကိုဝင်း ဇော်ဦးအတွက်ကုန်ကျမည့် ဆေးကုသစရိတ်များကို ဆရာကြီးဦးခင်မောင်ဝင်းမှ မတည်ပံ့ပိုးခဲ့ရုံမက စေတ နာရှင်များထံကလည်း အလှူငွေများလက္ခံရယူသွားမယ် ဖြစ်ပါတယ်။

အထူးသဖြင့် စင်ကာပူနိုင်ငံမှာ ရောဂါရှာဖွေဖို့နဲ့ ဆေးဝါးကုသဖို့ အလှူငွေများ ထပ်မံလိုအပ်နေဦးမှာဖြစ်လို့ "Save Win Zaw Oo" ဆိုတဲ့ နှိုးဆော်ဆောင်ပုဒ်လေးနဲ့အညီ တစ်ယောက်တစ်လက် ၀ိုင်ဝန်းကူညီကြရန် ပြည်တွင်းပြည်ပရှိ မြန်မာအမျိုးကောင်းသားသမီးအားလုံးကို သတင်းပေး တိုက်တွန်းလိုက်ရကြောင်းပါ။











Wednesday, August 7, 2013

နိုင်ငံခြားသွား ဒုက္ခ


၁၃၇၅ ခုနှစ်၊ ၀ါခေါင်လဆန်း ၁ ရက်၊ ဗုဒ္ဓဟူးနေ့။ ည ၁၁ နာရီ ၃၈ မိနစ်။


စောစောကတင်လေးပဲ မိမိရဲ့  ကျွန်းသာယာဘလော့ကို ဖွင့်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က မိမိ ဒီနိုင်ငံကိုရောက်ပြီးစအချိန်မှာ ရေးထားတဲ့ဆောင်းပါးလေးတစ်ပုဒ်ကို မထင်မှတ်ပဲ ပြန်ပြီး တွေ့လိုက်ရလို့ ကိုယ့်ဖာသာ ဖတ်ကြည့်မိပါသေးတယ်။

ဘာတဲ့ …

“နိုင်ငံခြားသွား အန္တရာယ်” ပါတဲ့။

ဆရာကိုမြတ်ခိုင်ရဲ့  ကြီးပွားရေးမဂ္ဂဇင်းမှာ ရေးခဲ့တာဖြစ်တယ်။ အမှန်အတိုင်း ၀န်ခံရရင် မိမိရေးခဲ့တဲ့ ဒီခေါင်း စဉ်နဲ့ဒီစာကို မေ့တေ့တေ့တောင် ရှိနေပါပြီ။ သြော် ငါ ဒီလိုဆောင်းပါးမျိုး ရေးခဲ့ပါလားဆို တာ ပြန်သတိရပြီး ၀မ်းသာမိပါသေးတယ်။ ကာယကံရှင်ဖြစ်တဲ့ မိမိကိုယ်တိုင်က မေ့နေတဲ့စာလေးကို ကျွန်းသာယာစာဖတ်ပရိ သတ်က ရှာဖွေဖတ်ကြလို့ အခုလောလောဆယ်မှာ အဖတ်များတဲ့ (၁၀)ပုဒ် စာရင်းတွင် မိမိ ပြန်တွေ့ရတာဖြစ် တယ်။

“နိုင်ငံခြားသွား အန္တရာယ်” ဆိုတဲ့ ခေါင်းစဉ်လေးကိုမြင်ရတော့ အခုရက်ပိုင်းအတွင်း မိမိစိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်နေတဲ့ကိစ္စလေးကို ပြောချင်မိပါတယ်။

ဒီလိုပါ။  

ပြီးခဲ့တဲ့အပတ် စနေနေ့က ရန်ကုန်မှ မိတ်ဆွေဦးတင်မြင့်က မိမိထံဖုန်းဆက်ပြီး ကမ္ဘာ့အကြောအဆစ်ကု ပ ညာရပ်နေ့ (World Physical Therapy Day) ကျင်းပရေးနဲ့ပတ်ပြီး ဆွေးနွေးတိုင်ပင်ကြ ရင်း မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(University of Medical Technology) က ကျောင်းသူကျောင်းသား ၂ ဦးလည်း “ဆရာအေး သွားမယ့် ထိုင်ဝမ်က ညီလာခံကို သွားကြမယ်” လို့ သတင်းပေးပါတယ်။






အဲဒီအကြောင်းပြောရင်း ဦးတင်မြင့်က သွားမယ့်ကျောင်းသား ၂ ဦးအတွက် ထောက်ပံ့ငွေ မလုံမလောက် ဖြစ်နေတာကို ဆက်ပြီးပြောပါတယ်။ ဒါနဲ့ စာရေးသူက သူနဲ့စကားပြောတာကို ခဏရပ်ပြီး နောက်မှပြန်ခေါ် မယ့်အကြောင်းပြောပြီး မြန်မာနိုင်ငံမှ မိတ်ဆွေတစ်ဦးထံ ဖုန်းဆက်လိုက်ပါတယ်။ မိတ်ဆွေလို့ပြောရပေမယ့် တကယ်က မိမိရဲ့ တူ တူမတွေလိုပါ။ စာရေးသူ၏မွေးဇာတိက ငယ်သူငယ်ချင်းတစ်ဦးရဲ့  သားနဲ့ချွေးမဖြစ်ကြ တယ်။ ဒီငယ်သူချင်းသည် လွန်ခဲ့တဲ့ ၂ နှစ်ကျော်က စင်ကာပူကိုလာပြီး ဆေးကုသမှုခံယူရင်း စာရေးသူ၏ လက်ပေါ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကလည်း စာရေးစာဖတ်ဝါသနာကြီးသူဖြစ်လို့ မိုးဝေမဂ္ဂဇင်းတစ် ခေတ်မှာ အတော်လေးအောင်မြင်တဲ့ သရော်စာဝတ္တုတိုများရေးတဲ့ စာရေးဆရာအဖြစ် စာဖတ်သူများ မှတ်မိ နေကြပါတယ်။


စောစောကအကြောင်းကိုပြန်ဆက်ပြီး အတိုချုပ်ပြောရရင် သူတို့ဇနီးမောင်နှံက ယခုနှစ် စက်တင်ဘာလ တွင် ထိုင်ဝမ်နိုင်ငံ တိုင်ချွန်းမြို့ မှာကျင်းပမည့် အာရှနှင့်ပစိဖစ်အနောက်ပိုင်းဒေသဆိုင်ရာ အကြောအဆစ်ကုပညာ ရပ်ညီ လာခံ (The 6th Asia-Western Pacific Regional Congress of the World Confederation for Physical Therapy) ကို သွားကြမယ့်ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ မည်မျှထောက်ပံ့မယ်လို့ စာရေးသူ အား လိုလိုလားလားပဲ ချက်ချင်းပြောပါတယ်။ 

ဒီနေရာ စပ်မိတုန်း ရှင်းပြချင်တာလေး ရှိပါတယ်။ Physical Therapy ဆိုတာ Physiotherapy နဲ့ အတူတူပဲ ဆိုတာပါပဲ။ ဥပမာ၊ အမေရိကန်နိုင်ငံက Physical Therapy လို့သုံးပြီး၊ မြန်မာနိုင်ငံအပါအ၀င် အင်္ဂလန်၊ ကနေ ဒါနဲ့ သြစတေးလျနိုင်ငံများကတော့ Physiotherapy လို့ သုံးကြပါတယ်။   


ဒါနဲ့ ဦးတင်မြင့်ကို ချက်ချင်းပဲ ဖုန်းပြန်ခေါ်လိုက်ပြီး ငွေကြေးကူညီထောက်ပံ့မည့်သူ (sponsor) ရပြီဆိုတဲ့အ ကြောင်း ၀မ်းသာအားရ သတင်းစကား ပါးရပါတယ်။ ဒီအခါမှာ ဦးတင်မြင့်က စောစောက သူပြောပြတာမှား သွားတဲ့အကြောင်း ပြောပြပါတယ်။ ကျောင်းသူကျောင်း သား ၂ ဦးက ထိုင်ဝမ်ကိုသွားမှာဖြစ်ပေမယ့် စာရေး သူ သွားတက်မည့်ညီလာခံကို တက်ရောက်မှာမဟုတ်ပဲ အကြောအဆစ်ကုပညာရပ်သင် ကျောင်းသားများ (Physiotherapy Students Association) ၏ တွေ့ဆုံပွဲကို သွားမှာဖြစ်ကြောင်းသိရပါတယ်။  

ဒီအခါမှာ လှူမည့်သူများကို မိမိ စောစောက ပြောပြထားတာနဲ့လွဲနေတာကြောင့် မြန်မာနိုင်ငံမှ ယခုညီလာ ခံကိုသွားတက်ပြီး ပြန်လာတဲ့အခါ မြန်မာနိုင်ငံက အကြောအဆစ်ကုပညာရှင်များ (Physiotherapists) နဲ့ ကျောင်းသူကျောင်းသားများကို ပြန်ပြီးပညာဖြန့်ဝေပေးနိုင်မည့် မိမိသိတဲ့အထဲက စဉ်းစားရှာကြည့်တဲ့အခါ ၃ ဦးကို တွေ့ရပါတယ်။ မန္တလေးက ၁ ဦး၊ ရန်ကုန်က ၂ ဦး ဖြစ်ကြတယ်။ သူတို့အထဲက ၁ ဦးက စင်ကာပူမှာ အလုပ်လုပ်ပြီးမှ ပြန်သွားတာ။ နောက် ၁ ဦးက အစိုးရကလွှတ်လို့ နိုင်ငံခြားလေ့လာရေးခရီး သွားဖူးသူ။ နောက်ဆုံး ၁ ဦးကတော့ နိုင်ငံခြားအတွေ့အကြုံ မရှိဘူး။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်က ဆရာမ။ အထက်ကပြောတဲ့ ရည်ရွယ်ချက် (၂)ချက်နဲ့ ကိုက်ညီနေတာကြောင့် မိမိ၏ဇနီးဖြစ်သူနဲ့တိုင်ပင်ပြီး သူ့ကိုပဲ ရွေး လိုက်ပါတယ်။

အဲဒီအချိန်ကစလို့ ဆရာမခမျာ နိုင်ငံခြားသွားဖို့လုပ်ရတဲ့ ဒုက္ခကြီးကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပါတော့တယ်။


ညီလာခံ သတင်းရတဲ့ တနင်္ဂနွေနေ့ရဲ့ နောက်တစ်နေ့ဖြစ်တဲ့ တနင်္လာနေ့မှာ ဆရာမက ဌာနမှူးကိုဝင်တွေ့ပြီး ညီလာခံတက်ခွင့် တောင်းရတယ်။ တစ်ချိန်တည်းမှာ မိမိက ထိုင်ဝမ်ကညီလာခံရုံးကို အီးမေးပို့ပြီး ဆရာမအ တွက် ’ခေါ်စာ’(invitation letter)ကို တောင်းပေးရပါတယ်။ ’ခေါ်စာ’က ညီလာခံကြေး (registration fee) ပေး သွင်းပြီးမှ ပို့ပေးမယ်လို့ ညီလာခံက အကြောင်းပြန်လာတာကြောင့် အကြွေးဝယ်ကတ်(credit card) ကို ရှာ ပုံတော် ဖွင့်ကြရပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ညီလာခံကြေးကို Credit card ဒါမှမဟုတ် Wire transfer ဒါမှမဟုတ် Cash payment တစ်နည်းနည်းနဲ့ ပေးနိုင်ရာမှာ အကြွေးဝယ်ကတ်နဲ့ပေးတာက အမြန်ဆုံးဖြစ် တယ်။ အဲ ဒါပေမယ့်၊ သိကြတဲ့အတိုင်းပဲလေ.. မြန်မာပြည်မှာက အကြွေးဝယ်ကတ်ကို သိပ်ပြီးသုံးကြတာမှ မဟုတ်သေးတာလား။ ကံကောင်းထောက်မလို့ ရှားရှားပါးပါး ကတ်ရှိတဲ့သူကိုတွေ့ပြန်တော့လည်း ကတ်ထဲ မှာ ငွေက မရှိဘူးတဲ့။

ဒါနဲ့ ဆရာမက ထိုင်ဝမ်မှာရှိတဲ့သူ့မိတ်ဆွေကိုပဲ အကူအညီတောင်းရမလားလို့ စဉ်းစားရပြန်တယ်။ အချိန်က သိပ်ကပ်နေတာဖြစ်လို့ စာရေးသူက အရင်စိုက်ပေးနှင့်မယ့်အကြောင်း ညီလာခံလျှောက်လွှာထဲမှာ ရေးထည့် ဖို့ မိမိ၏အကြွေးဝယ်ကတ်နဲ့ဆိုင်တဲ့ အချက်အလက်တွေပေးမယ် ပြောလိုက်တယ်။ မြန်မာပြည် သူ့ကွန်ပြူတာ မှာ အင်တာနက်က အားမကောင်းလို့ မလုပ်နိုင်ပြန်ဘူး။ ဘာမှမတတ်နိုင်တဲ့အဆုံး စာရေးသူကပဲ စင်ကာပူက နေ လုပ်ပေးပြန်တော့လည်း ဆရာမ၏ password နဲ့ အဆင်မပြေတာကြောင့် နံနက် ၂ နာရီထိုးတဲ့အထိ ကြိုး စားပေမယ့် လျှောက်လွှာကို တစ်ပိုင်းတစ်စပဲ ဖြည့်လို့ရတယ်။ 

အကြွေးဝယ်ကတ်နဲ့ဆိုင်တဲ့ အချက်အလက်တွေ ရေးဖြည့်လို့မရဘူး။ လျှောက်လွာရဲ့ ပထမအပိုင်းပဲ ညီလာခံ ရုံး (Secretariat) ကို ရောက် သွားခဲ့တယ်။ ငွေပို့တဲ့အပိုင်းက ကျန်နေတယ်။ ညီလာခံရုံးမှ ဆရာမနှင့်စာရေး သူတို့ထံ လျှောက်လွှာ၏ပထမပိုင်းကို ရရှိကြောင်း အီးမေးနဲ့အကြောင်းကြားပါတယ်။ နာက်တစ်နေ့ မှာ စာ ရေးသူက အလုပ်သွားရတာမို့ ဘာမှဆက်ပြီး မလုပ်နိုင်တော့ဘူး။

တကယ်က ယခုပြောတဲ့ နိုင်ငံခြားသွားဒုက္ခကို ကာယကံရှင်ဆရာမနှင့်မိမိတို့ ၂ ဦးသာ ကြုံတွေ့ခံစားကြရ တာမဟုတ်ပဲ ဆရာမ၏ဋ္ဌာနမှူး/ပါမောက္ခနဲ့ နေပြည်တော်မှာရှိတဲ့အရာရှိကြီး (ကျန်မားရေးဦးစီးမှ ညွှန်ကြား ရေးမှူးဟု ထင်ပါတယ်)တို့ပါ အလုပ်များသွားကြရပါသေးတယ်။ အဲဒီက “ညီလာခံက ‘ခေါ်စာ’သာ ဒီ ၁ ရက် ၂ ရက်အတွင်းရရင် နိုင်ငံကို ကိုယ်စားပြုသွားတဲ့ အစိုးရအရာရှိများကိုင်တဲ့ အစိမ်းရောင်နိုင်ငံကူးလက်မှတ် (green passport) ထုတ်ပေးအောင် ဆောင်ရွက်ပေးမယ်” လို့တောင် ပြောပြပြီးအားပေးခဲ့ပါတယ်။ နောက် ပြီး ပါမောက္ခချုပ်ကလည်း နေပြည်တော်ကို အစည်းအဝေးသွားရင်း 'ခေါ်စာ'ကို သူနှင့်တပါတည်း ယူသွား ပေးမယ်လို့ ပြောပါသေးတယ်။ 

နောက်ဆုံးတော့ နေပြည်တော်ကို အချိန်မီတင်ပြပြီး ခွင့်ပြုချက် လှမ်းပြီး မတောင်းနိုင်တော့တာမို့ လက် လျှော့လိုက်ကြရတယ်။ ဘာပဲဖြစ်ဖြစ် စောစောကပြောတဲ့ အရာရှိကြီးများအား၏ စေတနာနှင့် အားပေး ကူညီမှုများကို များစွာ လေးစားမိရပါတယ်။  

နိုင်ငံခြားကို တရားဝင် သွားရဖို့အရေး လုပ်ရကိုင်ရ ပြင်ဆင်ရတာတွေနဲ့ပတ်သက်ပြီး ပြောကြဆိုကြရမယ် ဆိုလို့ရှိရင် ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်ပါမယ်။ ဒီစာလေးကို အဆုံးသတ်ရင်း ဥပမာတစ်ခုပေးပါရ စေ။ ကြုံဖူးတဲ့သူတွေကတော့ ထောင်နဲ့ သောင်းနဲ့ရှိကြမယ်ထင်ပါတယ်။
၁၉၇၉-၈၀ လောက်က ထင်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ အလုပ်လုပ်နေတဲ့ စာရေးသူရဲ့ မိတ်ဆွေတစ်ဦး သည် ဂျပန်နိုင်ငံ၏ အကူအညီပေးအစီအစဉ်နဲ့ မြန်မာအစိုးရကလွှတ်လို့ ဂျပန်ကို ပညာသင်သွားရပါတယ်။ အဲဒီလို ၂ နိုင်ငံအစိုးရများရဲ့  အစီအစဉ်နဲ့ သွားရဖို့အရေး တစ်ရုံးဝင် တစ်ရုံးထွက် သွားရလိုက်ရ ပေးရကမ်းရ အောက်ကျနောက်ကျခံရနဲ့ လူကော စိတ်ကော ဖတ်ဖတ်ကို မောခဲ့ရပါသတဲ့။ သူက “နောက်ဆုံးတော့ ကိုတင် မောင်အေးရာ၊ အခုလောက် ရတောင့်ရခဲအခွင့်အလမ်းကောင်းကြီးကို စွံ့ လွှတ်ပြီး မသွားရချင်လည်းနေပေ့စေ တော့၊ သွားကို မသွားချင်တော့ဘူးဆိုတဲ့စိတ်တောင် ဖြစ်မိပါတယ်” လို့ စာရေးသူကို စိတ်ပျက်လက်ပျက် ကြီး ရင်ဖွင့်ခဲ့တဲ့အထိပါ။ ဟိုရုံး ဒီရုံး ဟိုဌာန ဒီဌာနတွေက မသဒ္ဓါရေစာ ခွင့်ပြုချက်တွေရပြီး သွားရ ပြန်တော့လည်း ဟိုကိုရောက်တော့ သင်တန်းဖွင့်ပွဲ မမီပါဘူးတဲ့။ ဒါတင်မကသေးပဲ သင်တန်းဆင်းပွဲရက် မတိုင်မီမှာ ‘တာ့တာ့’ လုပ်ပြီးပြန်ခဲ့ရပါသေးသတဲ့ဗျာ။ ကောင်းကြပါလေကော အရပ်ကတို့ရေ …။     

သွားချင်ဦးဟဲ့ နိုင်ငံခြား။ 






Saturday, August 3, 2013

ဗိုလ်မှူးချစ်ကောင်း၏ "အနှစ် နှစ်ဆယ်"ကို ပြန်လှည့်လျှောက်ကြည့်မိခြင်း



၁၃၇၅ ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၁၂ ရက်။








လွန်ခဲ့သော တစ်လခန့်က ဗိုလ်မှူးချစ်ကောင်း၏သမီးဖြစ်သူ ဒေါ်မေထွန်းချစ်သည် စာရေးသူအိမ်
သို့ရောက်လာခဲ့သည်

သူ့ဖခင်ဖြစ်သူ ရေးသားပြုစုထားသည့် "အနှစ် နှစ်ဆယ်"စာအုပ်ကို တကူးတက လာပေးခြင်းဖြစ်
သည်။

ရှားရှားပါးပါးစာအုပ်လည်းဖြစ် စာရေးသူဗိုလ်မှူးချစ်ကောင်းကိုယ်တိုင် နယ်ချဲ့ ဆန့်ကျင်ရေးနှင့် တ
ရုတ်ဖြူကျူးကျော်မှုတို့တွင် ရှေ့ တန်းမှ တက်တက်ကြွ ကြွ ရဲရဲရင့်ရင့် ပါဝင်လှုပ်ရှားခဲ့သည်များကို 
ပုဂ္ဂိုလ်စွဲ ဂိုဏ်းဂဏစွဲကင်းကင်းဖြင့် အာဃာတမဖက်ပဲ ရေးသားထားရာ ဒေါ်မေထွန်းချစ်ကို များစွာ
ကျေးဇူးတင်မိရပါသည်။
















‘ရှားရှားပါးပါး’ ဟု ပြောရသည်မှာ အကြောင်းရှိပါ၏။

ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်းကာလများ
က မြန်မာ့နိုင်ငံရေးပုံရိပ်များကို တစ်စိတ်တစ်ပိုင်းထင်ဟပ်ရေးသားထားသည့် ဤ’အနှစ် နှစ်ဆယ်’ 
စာအုပ်ကို ယခင်စစ်အစိုးရလက်ထက်ကာလများက ပြန်လည်ထုတ်ဝေခွင်မပြုခဲ့သဖြင့် မျိုးဆက်သစ်
လူငယ်အတော်များများ မြင်ခွင့် ဖတ်ခွင့် ကြားသိခွင့် မရခဲ့ကြရပေ။  

မိမိ သတိပြူမိသ၍ ၂၀၁၀ ခုနှစ်လောက်က အင်တာနက်စာမျက်နှာတွင် ဘလော့ဂါတစ်ဦးကရေးတင်
လိုက်သောအခါ ဖတ်မိသည့်လူငယ်များက ’အနှစ် နှစ်ဆယ်’ကို ကြိုက်နှစ်သက်ကြကြောင်း သိရ
ပါသည်။


သြော် ပတ္တမြားမှန်လျှင် နွံနစ်တတ်ရိုး မရှိပါလေတကား။


‘ဆရာဦးတင်မောင်အေးမိသားစုအတွက်၊ စာရေးသူမိသားစုမှ  မေတ္တာလက်ဆောင်’ဟု ဒေါ်မေထွန်း
ချစ်၏ လက်ရေးဖြင့်ရေးထားသည့် ပထမစာမျက်နှာကို ကျော်ပြီးသောအခါ၊ စာရေးဆရာကြီး ဒဂုန်တာ
ရာ၏ ‘ကျွန်တော့်နိုင်ငံရေးမိတ်ဆွေ ကိုချစ်ကောင်း’ဟု ခေါင်းစဉ်ပေးလျက် ရေးထားသော အမှာစာကို 
ဖတ်ရပါသည်။


ဆရာကြီးဒဂုန်တာရာ၏ သူ့နိုင်ငံရေးမိတ်ဆွေဖြစ်သူ ဗိုလ်မှူးချစ်ကောင်းအပေါ် သူ၏အမြင်ကို ရိုးရိုးစင်း
စင်းပွင့်ပွင့်လင်းလင်းဖြင့် ရေးသားထားသည့်စကားလုံးများသည် မိမိ၏ယုံကြည်ချက်အားပုတ်နိုးသတိ
ပေးလိုက်သည့်အလား ခံစားမိ၏။ 























ဆရာကြီး ဒဂုန်တာရာက …

“ကိုချစ်ကောင်းက ကွန်မြူနစ်၊ ကျွန်တော်က ကွန်မြူနစ်များကို လူတော်များဟုသတ်မှတ်သည်။ ဘယ့်
ကြောင့်ဆိုသော် ကွန်မြူနစ်များမှာ ရိုးသားကြသည်။ စာဖတ်နာကြသူများ၊ လေ့လာသူများဖြစ်သည်။ 
အနစ်နာခံ စွန့်လွှတ်သူများဖြစ်သည်ဟုယူဆသည်။” ဟု ကွန်မြူနစ်များ၏ အရိုးခံစိတ်ထားနှင့်လေ့လာ
ဖတ်မှတ် စွန့်လွှတ်စွန့်စားနိုင်မှုအရည်အချင်းများကို တိုတိုတုတ်တုတ်ဖော်ပြထား၏။

နောက်ပြီး ’အနှစ် နှစ်ဆယ်’ စာအုပ် ပြန်ထွက်တော့မည်ကို ကြားသိရသောအခါ  သူဝမ်းသာကြောင်း 
ပြောလျက်“ကိုချစ်ကောင်းကိုတော့ ရိုးသားသူ၊ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်ခဲ့သူ လူကောင်း
လူတော်” ဟု သူ သတ်မှတ်ခဲ့ကြောင်း ဆိုထား၏။


တစ်ခါ “သူ၏အနှစ် နှစ်ဆယ်စာအုပ်သည် ယခုခေတ်လူများဖတ်သင့်သောစာအုပ်ဖြစ်သည်”ဟုတိုက် 
တွန်းရင်း အမှာစာကို အဆုံးသတ်လေသည်။ 

   
ကွန်မြူနစ်များနှင့်ပတ်သက်ပြီး ဆရာကြီး ဒဂုန်တာရာဆိုထားသည့်အတိုင်း မိမိသည်လည်း ငယ်စဉ်က 
‘ကွန်မြူနစ်များသည် ရိုးသားသူများဖြစ်ကြသည်။ စာဖတ်နာကြသူများ၊ လေ့လာအားထုတ်မှုများသူများ 
ဖြစ်ကြသည်။ အများအတွက် အထူးသဖြင့်လယ်သမား၊အလုပ်သမားနှင့်အဖိနှိပ်ခံလူတန်းစာများအတွက် 
အနစ်နာခံ ကိုယ်ကျိုးစွန့်ဝံ့သူများဖြစ်ကြသည်’ ဟု အလေးအနက်ယုံကြည်ခဲ့ဖူးပါသည်။


မိမိအနေဖြင့် ကွန်မြူနစ်ဝါဒကို ကနဦးကနှစ်ခြိုက်မိခြင်းမှာ“ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်”ဆိုသောမြန်မာ
စကားရှိသည့်အတိုင်း မိမိလူငယ်ဘ၀က အလွန်တရာလေးစားရသူများသည် တစ်ချိန်ကသော်လည်း
ကောင်း၊ သူတို့၏ဘ၀တလျှောက်လုံးသော်လည်းကောင်း ကွန်မြူနစ်များဖြစ်ခဲ့ကြ၍ဖြစ်လေသည်။ ဥပ
မာ၊အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၉ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီ
(Communist Party of Burma) ကို ပထမဆုံး ဦးဆောင်တည်ထောင်ခဲ့သူဖြစ်ခြင်း။ နောက်ပြီး သခင်ဗ
ဟိန်း၊ သခင်စိုး၊ ဗိုလ်မှူးချစ်ကောင်း၊ သခင်ဖေဋ္ဌေး အစရှိသော မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ အထင်က
ရဇာတ်ကောင်များ။



























ဆက်ပြီးရေးပါဦးမည်။