"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, April 20, 2014

ထူးခြားသတင်း (၃)






၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်။




  • နှလုံးသားဝယ် ဘုရားတည် စာမေးပွဲ 


ကြေးမုံ - ၁၇ ရက် ဧပြီ၊ ၂၀၁၄။


ဗုဒ္ဓစာပေပြန့်ပွားရေးအတွက် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်အရှင်ဇ၀နကြီးမှူးပြီး မော်လမြိုင်ကျွန်းမြို့  ဗြဟ္မစိုရ်နှလုံးသားအသင်းမှ ဧပြီလ ၆ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ်စာမေးပွဲအတွက် 
ပထမဆု ကျပ်သိန်း ၃၀၊ 
ဒုတိယဆု ကျပ်သိန်း ၂၀၊ 
တတိယဆု ကျပ် ၁၀ သိန်း၊ 
စတုတ္ထဆု ကျပ် ၅ သိန်း၊ 
ပဉ္စမဆု ကျပ် ၃ သိန်း၊ နှစ်သိမ့်ဆုအဖြစ် ကျပ် ၁ သိန်းဆု၁၂ ဆုနှင့် အထူးနှစ်သိမ့်ဆု ကျပ် ၅ သောင်းဆု ၄၀ ဆု၊ ဆုပေါင်း ၅၇ ဆု ချီးမြှင့်သွားမည်ဟု ကြားသိရသည်။



ကျွန်းသာယာ - ပြိုင်ပွဲလို့ မခေါ်ဘဲ စာမေးပွဲလို့သာ အမည်ပေးထားပြီး ချီးမြှင့်ထားလိုက်သောဆုများမှာ ပထမဆုတစ်ဆုတည်းကိုက သိန်း ၃၀။ ဗုဒ္ဓဘာသာဝင် မြန်မာများ၏နှလုံးသားမှာ ရှင်တော်ဗုဒ္ဓ၏ စစ်မှန်သောတရားများနှင့်အညီ ဘုရားတည်နိုင်ကြစေရန်အတွက် ဆရာတော်၏ ကြိုးပမ်းအားထုတ်မှုကား နတ်လူ'သာဓု'ခေါ်ဖွယ်ပင်။ 






  • ဘုရားအလှူငွေ ကြေညာဘုတ် နိုင်ငံခြားသားများ စိတ်ဝင်စားကြ


ပုဂံရှေးဟောင်းနယ်မြေရှိ အထင်ကရ ရွှေစည်းခုံစေတီတော်ကြီးမှ ဘဏ္ဍာတော်ထိမ်းဂေါပကအဖွဲ့က လစဉ် အလှူငွေရရှိမှု (ကျပ် သိန်း ၅၀၀ နီးပါး)ကို အလျား ၁၅ ပေ၊ အမြင့် ၆ ပေရှိ အဖြူရောင် White Board ဖြင့်  စာရင်းထုတ်ပြန်ထားချက်နှင့် အလှူငွေများအား လတစ်လ၏ ၂၅ ရက်နေ့တိုင်း ၀န်ထမ်း ၄၀ နီးပါးတို့ဖြင့် ရေတွက်နေကြသည်များကို မြင်တွေ့ကြရသည့်နိုင်ငံခြားသားများက အထူးစိတ်ဝင်စားလေ့လာကြကြောင်း ကြားသိရသည်။ 



ကျွန်းသာယာ - ယခုအခါမှာ ဆီသည်မ၏လက်သုတ်ဝတ်လို အပ်ကြောင်းထပ်အောင် လူပြောသူပြောများနေသော ပွင့်လင်းမြင်သာမှု (Transparency) ဆိုသည့် ဓလေ့တစ်ရပ်သည် မြန်မာ့လူ့အဖွဲ့အစည်းမှာ ရှေးကတည်းကပင်ရှိနေခဲ့ပြီးဖြစ်ကြောင်း ဂုဏ်ယူစရာပါ။




  • ရေသုတ်အ၀တ်ခါစဉ် ဓာတ်လိုက်သေဆုံး


ရေကန်တွင် ဆိုင်ကယ်အားရေဆေးကာ ရေသုတ်အ၀တ်ဖြင့်သုတ်ပြီးနောက် ယင်းအ၀တ်ကိုခါလိုက်စဉ်မှာ   လျှပ်စစ်ဝါယာကြိုးနှင့်ထိမိကာ မိထ္တီလာတွင် ဒုရဲအုပ်တစ်ဦးသေဆုံးသွားကြောင်းသိရသည်။  

ကျွန်းသာယာ - "မနက်ဖန်ဆိုတာ အဝေးကြီး၊ သေခြင်းတရားဆိုတာက အနီးလေး။ ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် လက်ဖျစ်တစ်တီး၊ မျက်စိတစ်မှိတ် အချိန်လေးအတွင်းမှာပင် သေသွားနိုင်တယ်" ဆိုသည့် ရုပ်နာမ်သင်္ခါရမမြဲသည့်သ ဘာဝတရားအား အမှတ် ရမိပါသည်။



  • အိမ်လခမပေးနိုင်သဖြင့် အဘိုးအို ဆွဲကြိုးချသေ


အိမ်လခမပေးနိုင်ပါက အိမ်ပေါ်မှဆင်းပေးရန် အိမ်ရှင်ကလာရောက်ပြောဆိုသွားသဖြင့် တောင်ဒဂုံ ၁၉၆ ရပ်ကွက်နေ အသက် ၇၂ နှစ်အရွယ်အဘိုးအိုသည် နောက်တစ်နေ့တွင် အိမ်၏ ထုတ်တန်းမှာ ဆွဲကြိုး ချပြီး အဆုံးစီရင်သွားကြောင်း ကြားသိရသည်။  

ကျွန်းသာယာ - ဒီ ကံခေလှသော အဘိုးအို၏ဘ၀တွင် ကျောခင်းစရာနေဖို့ အိမ်ခန်းလေးရယ်လို့မှ မရှိနိုင်တော့သောအခါ သူ့ဘ၀ကြီးတစ် ခုလုံးအတွက်လည်း နေချင့်စဖွယ်မရှိတော့သည့်အဖြစ်သို့ ရောက်သွားရလေပြီလား မတွေးတတ်ပါပေ။ 


  • ရေကစား မဏ္ဍပ် ၃၀ ကျော် အမည်ပျက်စာရင်းသွင်း


ဓာတ်ပုံ - 7Day Daily ၇ ရက်နေ့စဉ်သတင်းစာ (ဧပြီ ၂၀၊ ၂၀၁၄)။

ယခုနှစ် ရန်ကုန်သင်္ကြန်အကြိုနေ့က Grand Royal မဏ္ဍပ်၏အရက်ကြော်ငြာရှိုးပွဲတွင် ထိုင်းနိုင်ငံမှ မိန်းမ လျာအကမယ်များ အတွင်းခံသာဝတ်ပြီး အဖော်အချွတ်ကပြခဲ့သောကြောင့် Grand Royal မဏ္ဍပ်အား အ မည်ပျက်စာရင်း(Black list)သွင်းကာ နောင်နှစ်များတွင်လည်း ခွင့်ပြုချက်မပေးတော့ရန် ဆုံးဖြတ်လိုက်ပြီး အလားတူစွာပင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေကစားမဏ္ဍပ်နှင့်ဖျော်ဖြေရေးမဏ္ဍပ် ၃၀ တို့သည် မြန် မာ့ယဉ်ကျေးမှုနှင့်မလျော်ညီသည့် သောက်စားမူးရစ်ခြင်းနှင့်သရုပ်ပျက်အပြူအမူများလုပ်ခဲ့ကြသောကြောင့် သက်ဆိုင်ရာက မှတ်တမ်းပြုစုလျက် အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ကြားသိရသည်။ 


ကျွန်းသာယာ - နောက်တစ်နှစ်မှာ သေသေချာချာ စောင့်ကြည့်ပြီးမှ ရေးလို့ရှိရင် မမှားတန်ကောင်းဘူး ထင်မိပါတယ်။  








Saturday, April 19, 2014

မြန်မာသတင်းတိုများ (ဧပြီလ၊ ၂၀၁၄)





၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်






  •  နှစ်ဆန်း ၁ ရက်နေ့ က ......























   





မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၏ နှစ်ဟောင်းနောက်ဆုံးစာမျက်နှာအား လှန်လိုက်သောအခါ မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်တည်းဟူသော နှစ်သစ်၏ပထမစာမျက်နှာသို့ ရောက်ခဲ့ပေပြီ။

၁၃၇၆ ခုနှစ်၏ ပထမစာမျက်နှာသည် မင်္ဂလာအပေါင်းဖြင့် ပြည့်စုံလှပေစွသော နေ့ထူးနေ့မြတ်ကြီးဖြစ်လေ သည်။ 

  • ဘာသာရေးအသင်းအဖွဲ့ဝင်များ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့်ဘုရားဖူးလာပြည်သူများက  ဗုဒ္ဓရုပ်ပွားတော်များ မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။ 
  • စေတီဘုရားကျောင်းကန်များသို့ ဥပုသ်သီတင်းသီလဘာဝနာ ခံယူဆောက်တည်ပွားများကြရန် သွားကြသည်။
  • ဘုရားစေတီများတွင် အရုဏ်ဆွမ်း၊ ပန်း၊ သစ်သီး၊ ရေချမ်းနှင့် ဆီမီးများ ဆက်ကပ်လှူဒါန်းကြ သည်။
  • ရပ်ကွက်အသီးသီးရှိလမ်းများနှင့် ရုံးဌာနများမှာ အန္တရာယ်ကင်းပရိတ်တရားတော်များကို သံဃာ တော်အရှင်မြတ်များက ရွတ်ဖတ်ကြသည်။ 
  • ငါးများနှင့်ငှက်များအား ဇီဝိတဒါန ဘေးမဲ့သက်လွှတ်ပွဲတော်များ ပြုလုပ်ကြသည်။
  • ဒါနဥပပါရမီအဖြစ် တစ်ဦးချင်းဖြစ်စေ စုပေါင်း၍ဖြစ်စေ သွေးလှူဒါန်းပွဲများ ကျင်းပကြသည်။
  • လူမှုရေးအသင်းအဖွဲ့မျာနှင့်လူငယ်မောင်မယ်များက သက်ကြီးရွယ်အို အဘိုးအဘွားတို့အား ခေါင်းလျှော်ပေးခြင်း၊ လက်သည်းခြေသည်း ညှပ်ပေးခြင်းစသည့်တစ်ကိုယ်ရေသန့်ရှင်းရေးများ ပြုလုပ်ပေးပြီး ကုသိုလ်ယူကြသည်။





  • ၁၀ တန်းအောင်စာရင်း ထွက်ပြီ



၂၀၁၃-၂၀၁၄ ပညာသင်နှစ်၏ အထက်တန်းစာမေးပွဲအောင်စာရင်းများကို ဧပြီလ ၁၈ ရက် (နှစ်ဆန်း ၂ ရက်နေ့)က ထုတ်ပြန်ကြေညာခဲ့ကြောင်း ကြားသိရသည်။ 


  • အာဆီယံပညာသင်ဆု စင်ကာပူပေးမည်


စင်ကာပူနိုင်ငံ၏အစိုးရကျောင်းများတွင် Secondary Three မှ Pre-University Two Level အဆင့် အထိ လေးနှစ်တာပညာသင်ကြားနိုင်မည့် ၂၀၁၅ ပညာသင်နှစ် အာဆီယံပညာဆုအတွက် မြန်မာနိုင်ငံသို့ စင်ကာ ပူအစိုးရမှ ကမ်းလှမ်းထားကြောင်း သိရှိရသည်။ 


  • ရခိုင်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေ


ယခင်က AZG (Holland)နှင့်အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ(NGOs)မှ ကျန်းမာရေးစောင့် ရှောက်မှုပေးခဲ့သည့် ကယ်ဆယ်ရေးစခန်းများနှင့်ကျေးရွာများတွင် ဆေးဝါးကုသမှုများ၊ဆေးရုံကြီးများသို့ အ ရေးပေါ်လွှဲပြောင်းပေးမှုများ အစရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအရပ်ရပ်တို့ကို ကျန်းမာရေးဝန် ကြီးဌာနက စဉ်ဆက်မပြတ် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးနေကြောင်း ကြားသိရသည်။ 


  • သင်္ကြန်တွင်း မှုခင်းဖြစ်ပွားမှုများ






  • ဗြိတိသျှအစိုးရက မြန်မာ့ပြည်တွင်းရေး ၀င်ရောက်စွက်ဖက်နေ


ဗြိတိန်အစိုးရက မြန်မာသံအမတ်ကြီးဦးကျော်စွာမင်းအားဆင့်ခေါ်ကာ ရခိုင်ပြည်နယ်အရေးကိစ္စများနှင့်လက်ရှိ သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုးအမည်ကို အသိအမှတ်ပြုရေး တိုက်တွန်းချက်များ သည် မြန်မာနိုင်ငံ၏ပြည်တွင်းရေးများကို ၀င်ရောက်စွက်ဖက်နေခြင်းသာဖြစ်ကြောင်း သမ္မတ၏ပြောရေးဆို ခွင့်ရှိသူ ဦးရဲထွဋ်က မြန်မာတိုင်းမ် (The Myanmar Times)ကို ပြောကြားခဲ့သည်။
"ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၈၂၄ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်ကြား မြန်မာနိုင်ငံကို သိမ်းပိုက်ထားတဲ့ နယ်ချဲ့ ဗြိတိသျှတွေရဲ့ အစီရင်ခံစာတွေ၊ သန်းခေါင်စာရင်းတွေမှာတောင် ဖော်ပြထားတာမရှိဘဲနဲ့ ခွဲထွက်ရေး လှုပ် ရှားမှုတွေကနေ ပေါ်ထွက်လာတဲ့ စကားလုံးကို အခုမှ တရားဝင် အသိအမှတ်ပြုပေးဖို့ ဗြိတိသျှအစိုးရက ၀င် ရောက်စွက်ဖက်ပြီး ပြောလာတာက ကျိုးကြောင်းခိုင်လုံမှုမရှိသလို မြန်မာနိုင်ငံရဲ့ ပြည်တွင်းအရေးကိစ္စများကို ၀င်ရောက် စွက်ဖက်မှုသာ ဖြစ်တယ်လို့ မြင်တယ်။ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး" ဟု ပြန်ကြားရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ပြောကြားကြောင်း ကြားသိရသည်။




  • မြန်မာနိုင်ငံ၏ အမာခံအရံအင်အားကြီးတစ်ရပ်




ကြေးမုံ သတင်းစာ (၁၉  ရက် ဧပြီ၊ ၂၀၁၄)





  • စင်ကာ-ပူမြန်မာ အသက်မွေးဝမ်းကျောင်းဖွင့်လှစ်ပို့ချမည်

မြန်မာနိုင်ငံဆိုင်ရာစင်ကာပူသံအမတ်ကြီး Mr Robert Chua နှင့်သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန  ညွှန်ကြားရေး မှူးချုပ် ဒေါက်တာဇော်ဝင်းတို့သည် စင်ကာပူ-မြန်မာ အသက်မွေးဝမ်းကျောင်းဖွင့်လှစ်ရေးနှင့်ပတ်သက်ပြီး နား လည်မှုစာချွန်လွှာကို ဧပြီလ ၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ယင်းသင်တန်းတွင် အီလက်ထရွန်နစ် ဆိုင်ရာ ကျွမ်းကျင်မှု (Electrical Skills and Electronics) ၊ အဆောက်အအုံနှင့်ဝန်ဆောင်မှုများဆိုင်ရာ ကျွမ်း ကျင်မှု(Facilities Management) ၊ စက်မှုအတတ်ပညာဆိုင်ရာ ၀န်ဆောင်မှု(Engineering Services) နှင့် ဟိုတယ်နှင့်ခရီးသွားလာရေး(Hospitality and Tourism) ဘာသာရပ်များ ပို့ချသွားမည်ဟု သိရှိရသည်။





၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်။ 27 April 2014 (Sunday)



  • အပူလွန်ကဲခြင်းနှင့်အပူရှပ်လူနာများ


မန္တလေးပြည်သူ့ဆေးရုံကြီးသို့  ဧပြီလ ၂၁ ရက်နေ့က အပူရှပ်သေဆုံးသူ ၂ ဦးနှင့် လူနာ ၆ ဦး၊ ၂၂ ရက်နေ့ က အပူရှပ်လူနာ ၁၀ ဦး၊ ၂၃ ရက်နေ့က ၇ ဦး ထပ်မံရာက်လာပြီး တစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားခဲ့ ကြောင်း သိရှိရသည်။  


  • ရွှေဈေး စက်သုံးဆီဈေး နိုင်ငံခြားငွေလဲနှုန်းများ






  • မြန်မာပြည်မှာကော ကမ္ဘာမှာပါ ရိုဟင်ဂျာလူမျိုးဆိုတာ မရှိ


မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးအတွက်ကြောင့် ရိုဟင်ဂျာလူမျိုးဟု ဖြေဆိုသူများကို သန်းခေါင်စာရင်း ကောက်ယူခြင်းမပြုခဲ့ရခြင်းဖြစ်ကြောင်း ဧပြီလ ၁၁ ရက်နေ့ကပြုလုပ်ခဲ့သောသန်းခေါင် စာရင်းကောက်ယူမှုသတင်းစာရှင်လင်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားပြီး “ဒီနိုင်ငံမှာ ရိုဟင်ဂျာကို လက်ခံထားတာ မရှိပါဘူး။ နိုင်ငံတကာ စံနှုန်းကို လိုက်နာရသလိုပဲ တစ်ဖက်မှာလည်း ကိုယ့်နိုင်ငံတော်ရဲ့ လုံခြုံရေး၊ အမျိုးသားအကျိုးစီးပွား၊ အချုပ် အခြာအာဏာကို လိုက်နာရတာမျိုး ရှိပါတယ်။ တရုတ်လူမျိုးရဲ့ ဇာစ်မြစ်က တရုတ်နိုင်ငံရှိတယ်။ ရိုဟင်ဂျာနိုင်ငံ ဘယ်မှာလည်းပြော။ ဘယ်နိုင်ငံကရော ရိုဟင်ဂျာဆိုတာကို လက်ခံထားကြသလဲ။ အဲဒါကို ကျွန်တော်တို့နိုင် ငံတစ်ခုတည်းကိုပဲ လက်ခံပါလို့ပြောရင် ဘယ်လိုလုပ်ဖြစ်မလဲ။ အခုလို မကောက်လို့ ကုလသဂ္ဂလူဦး ရေရန် ပုံငွေအဖွဲ့၊ ပြည်ပအလှူရှင်နိုင်ငံတွေနဲ့ ဆက်ဆံရေးပျက်သွားတာမျိုး မရှိခဲ့ဘူး။” ဟု ဆက်လက်ပြောကြားသွား ကြောင်း ကြားသိရသည်။ 



  • ဒေါ်အောင်ဆန်းစုကြည် နီပေါသွားမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ် ဇွန်လတွင် နီပေါနိုင်ငံသို့ သွား ရောက်ပြီး ၂ ရက်ကြာနေထိုင်လျက် နီပေါနိုင်ငံသမတ၊ ၀န်ကြီးချုပ်များနှင့်တွေ့ဆုံကာ ၀န်ကြီးချုပ်ဟောင်း BP Koirala (1914-1982)၏ နှစ်တစ်ရာပြည့်အခမ်းအနားမှာ Relevance of Social Democracy ခေါင်း စဉ်ဖြင့် ပြောကြားမည်ဖြစ်ကြောင်း ကြားသိရသည်။  





















Friday, April 18, 2014

မှတ်မိပါသေးတယ် ရွှေဘုံသာလမ်းကိုကွယ်






၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်



၁၉၈၁ ခု နှစ်လည်လောက်တွင် မိမိသည် မော်လမြိုင်မြို့ ရှိ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ ရန်ကုန်မြိုရှိ ကြည့်မြင်တိုင်အရိုးရောဂါအထူးကုဆေးရုံကြီးသို့ ပြောင်းရွှေ့ ခဲ့ပါသည်။

မိသားစုအား ဇနီး၏ဇာတိဖြစ်သော မုဒုံတွင် သူ၏အဖွားအိမ်မှာထားခဲ့ပြီး မိမိက အရင်ပြောင်းသွားကာ ငှား နေဖို့ အိမ်ရှာရသည်။ အိမ်ထောင်ကျပြီး ၂ နှစ်ကျော်အရွယ် သမီးလေးတစ်ယောက်ရချိန် လက်ထဲမှာ ငွေပို မရှိပဲ ရန်ကုန်သို့ တောင်းပြီးပြောင်းရွေ့ ခဲ့ခြင်းဖြစ်၏။ မိမိအနေဖြင့် မော်လမြိုင်မှ ရန်ကုန်သို့ပြောင်းရွေ့ ရန် ကျန်းမာရေးဦးစီးဌာနသို့ စာရေးလျောက်ထားခဲ့ပြီး ရန်ကုန်ရှိမိတ်ဆွေများက ကျန်းမာရေးဦးစီမှတာဝန်ရှိသူ အရာရှိအမျိုးသမီးတစ်ဦး (သူ့အမည်ကို ဒေါ်သိန်းဦးဟု မှတိမိနေသည်။)အား မကြာမကြာနားပူနားဆာသွား ပြီး လုပ်ပေးကြသဖြင့် ပြောင်းရွေ့ ခွင့်ရလာခြင်းဖြစ်သည်။ 

မိမိ ရန်ကုန်သို့ပြောင်းရွေ့ ခြင်းနှင့်ပတ်သက်ပြီး ရင်းနှီးသောမိတ်ဆွေအချို့ က စိတ်ပူပန်မှုရှိခဲ့ကြ၏။ ရသည့် ၀န်ထမ်းလစာလေးဖြင့် အဆင်မပြေဖြစ်မှာ စိုးရိမ်ကြခြင်းဖြစ်၏။ သို့ဖြစ်ရာ အချို့ က ရန်ကုန်မပြောင်းပဲ မိမိ အခြေကျပြီးဖြစ်သော မော်လမြိုင်တွင်သာ ဆက်နေသွားရန် စိတ်ကောင်း စေတနာကောင်းဖြင့် အကြံပေး ခဲ့ကြလေသည်။


ယင်းသို့ မိမိအားအကြံပေးကြသူများတွင် ကလေးခွဲစိပ်အထူးကုဆရာဝန်ကြီးလည်းဖြစ် မော်လမြိုင် ဆေးရုံ ခွဲဆေးရုံအုပ်ဖြစ်သူ ဒေါက်တာဦးတင်စိုးလည်း အပါအ၀င်ဖြစ်သည်။ ဆရာဦးတင်စိုးသည် ထိုစဉ်က ဒေါက် တာတင်စိုး(ကလေးခွဲစိတ်)ဟူသောကလောင်အမည်ဖြင့် သတင်းစာနှင့်မဂ္ဂဇင်းများမှာ ဆေးပညာပေး ဆောင်းပါးများ ရေးနေပါသည်။ ဒေါက်တာဦးတင်စိုးက မိမိသည် မော်လမြိုင်မှာ အနေကြာလာပြီး ဒေသခံ မိတ်ဆွေများရှိနေပြီ၊ ပါတီကောင်စီမှလူကြီးများနှင့်လည်း သိနေပြီဖြစ်ရာ မော်လမြိုင်တွင် အခြေချရန်အ ကောင်းဆုံးဟု အကြံပေးပါသည်။ သို့သော် မိမိက မိတ်ဆွေ အားလုံးကို တစ်ခုတည်းသောအဖြေသာ ပေးခဲ့ ပါသည်။ ယင်းမှာ


ရန်ကုန်ကိုပြောင်းရွေ့ လိုခြင်းမှာ ရန်ကုန်တွင်အခြေချနေထိုင်လိုသောကြောင့်မဟုတ်။ နိုင်ငံခြားသို့ သွား ရောက်အလုပ်လုပ်ကိုင်ရန်ပြင်ဆင်ဖို့ဟူ၍။ ငွေရေးကြေးရေးအရအတွက်မူ နိုင်ငံခြားမထွက်ရမီ တစ်လနှင့် တစ်လ အလျင်မီအောင်စားနိုင်နေနိုင်ရင်တော်ပြီ။  
ထိုကြောင့် မိမိသည် လူတိုင်းလူတိုင်း ၀န်ထမ်းလစာဖြင့်မလောက်မငဖြစ်နေသည့် ခေတ်ဆိုးကြီးအတွင်းမှာ အပိုငွေဝင်ငွေရှာရန် မိမိတတ်သည့်ပညာဖြင့် ဆေးခန်းထိုင်ရသည်။ မိမိဝါသနာပါသည့် စာပေဖြင့် စာရေး စားရသည်။ 

ဆေးခန်းထိုင်သည့်နေရာမှာ ရန်ကုန်မြို့ လယ်ခေါင်က ရွှေဘုံသာလမ်းတွင်ဖြစ်လေသည်။ 
ထိုစဉ်က ဆေးခန်ုးဟုဆိုလျင် ရွှေဘုံသာဟုသာ လူတွေသိကြသောခေတ်ဖြစ်၏။ ရွှေဘုံသာလမ်းကလွဲပြီး ရန်ကုန်မြို့ ၏ မည်သည့်မြို့ နယ် မည်သည့်လမ်းတွင်မှ ယခုခေတ်လို ဟုတ်တိပတ်တိပြောရလောက်အောင် ဆေးခန်းဟူ၍ မရှိသေးပါချေ။


ရွှေဘုံသာလမ်းတွင် မိမိပထမဦးဆုံးထိုင်သောဆေးခန်မှာ အောင်ရတနာဆေးခန်ဖြစ်သည်။ ဗိုလ်ချုပ်လမ်း ဘက်မှ လက်ဝဲဘက်အခြမ်းအတိုင်း လျောက်ပြီးဝင်လာသော် အောင်ရတနာဆေးခန်းသို့ ၂ မိနစ် ၃ မိနစ် ခန့်သာကြာပါသည်။ ညနေပိုင်းဆေးခန်းများဖွင့်ချိန်မဟုတ်က  လမ်းရှင်းနေတတ်ပါ သည်။ ယခုကဲ့သို့ ရှုတ် ပွကျပ်ညပ်မနေပါ။ ဗိုလ်ချုပ်လမ်နှင့်ရွှေဘုံသာလမ်းထောင့်နားတွင် ကျောင်း သုံးစာအုပ် တစ်ပတ်ရစ်များ ရောင်းသောဆိုင်ရှိပြီး မလှမ်းမကမ်းရှိ သစ်ပင်အောက်မှာ အမိုးအကာ မရှိသော ထီးပြင်ဆိုင်ရှိလေသည်။ ထိုမှလွန်သော် စားပွဲခုံ ထိုင်ခုံပုကလေးများတွင် ထိုင်ပြီး သောက်ရသည့် လမ်းဘေးလက်ဘက်ရည်ဆိုင် ရှိ၏။ ယင်းလက်ဘက်ရည်ဆိုင်ကိုကျော်သည်နှင့် ဆေးခန်းများစရှိလာတော့၏။ အောင်ရတနာဆေးခန်းမှာ တတိ ယနေရာလောက်တွင်ရှိ၏။ 


ဤဆေးခန်းတွင် ဒေါက်တာဦးသန်အေး(ဆီးနှ့င့်ကျောက်ကပ်)၊ ဒေါက်တာဦးမြင့်ဆွေ(အရေပြား)၊ ဒေါက် တာဒေါ်ငွေဇင်မေ(လူမှုဖူလုံရေး) အစရှိသော အထူးကုဆရာဝန်ကြီးများ ထိုင်ကြပါသည်။ 





Monday, April 14, 2014

သင်္ကြန်ကျပြီ




၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်နေ့










မနေ့က မြန်မာပြည်မှာ သင်္ကြန်ကျပြီဖြစ်သည်။

သင်္ကြန်အကြိုနေ့တွင် ရန်ကုန်မြို့  မန္တလေးမြို့  နေပြည်တော်မြို့ ကြီးများအပါအ၀င် တစ်နိုင်ငံလုံးရှိမြို့ ကြီး များမှာ မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားတွေနှင့်အတူ ရေပက်ကုန်ကြပြီ။

သို့သော် ထိုင်းနိုင်ငံမြို့ တော်ဖြစ်သော ဘန်ကောက်တွင်မူ ဧပြီလ ၁၂ ရက်နေ့ကတည်းကပင် ရေစပြီး ပက်လေသည်။


ကမ္ဘောဒီးယားနိုင်ငံကမူ သူတို့ရိုးရာသင်္ကြန်သည် ယခုနှစ်တွင် ဧပြီလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိဟု ကျေညာထား၏။

တူညီသော ထေရ၀ါဒဗုဒ္ဓဘာသာချင်းအတူတူ အိမ်နီးနားချင်းနိုင်ငံချင်းအတူတူဖြစ်ပါလျက် အထိုက် အလျောက် ကွဲပြားမှုအချို့ ရှိဟန်တူ၏။ သေသေချာချာတော့ မသိ။
  



ယခုနှစ်တွင် ယခင့်ယခင်နှစ်များတုန်းကကဲ့သို့ သိကြားမင်းကြီးအကြောင်း ဘာမှပြောသံဆိုသံ မကြားမိပေ။ သင်္ကြန်စာအကြောင်းလည်း လူပြောသူပြော ဟုတ်တိပတ်တိ မကြားမိသေးပါချေ။

မည်သို့ပင်ဆိုပါစေ သင်္ကြန်ကျပြီ ရေပက်ရေလောင်းကြပြီဆိုတော့ အားလုံးပျော်ကြရသည်သာ။ စိတ်ကြည် နူးရွှင်လန်းမှု ဖြစ်ကြရသည်သာ။ စိတ်နှလုံး အေးချမ်းမိကြသည်သာ။

ရေပြွတ်ကလေးနှင့်ပက်ကြရသဖြင့် ခွက်စုတ်ကလေးနှင့်လောင်းကြရသဖြင့် ကလေးများက ပျော်ကြသကဲ့ သို့ ရေပက်ရေလောင်းကြရ သီချင်းဆိုကြ ကကြရ သံချပ်တိုင်ကြရ ဟိုဟိုဒီဒီ ဟီးဟီးဟားဟား လမ်းသလား ကြရသဖြင့် လူငယ်လူလတ်ပိုင်း လူကြီးပိုင်းတို့လည်း ပျော်ကြပါလေ၏။ လှူဒါန်းရ ကျွေးမွေးဧည့်ခံရ စေတီ ပုထိုး ဘုရားကျောင်းကန်သွားလျက် ဥပုသ်သီလစောင့်ကြရသဖြင့် သက်ကြီးရွယ်အို အဘိုးအဘွားတို့သည် လည်း စိတ်နှလုံးချမ်းမြေ့ ခြင်း ပိတိဖြစ်ခြင်း ရှိကြရကုန်၏။ 

မြန်မာ့ရိုးရာ အတာသင်္ကြန်ကား လူတိုင်းအဖို့ ဤသို့ဤနှယ်ပင် မင်္ဂလာအပေါင်းဖြင့် ပြည့်စုံလှပေစွ။ 



၁၃၇၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်။ (16 April 2014)














                                 


မြန်မာ့အလင်း - ၁၆ ရက် ဧပြီ ၂၀၁၄။ 







အပေါ်ဆုံးပုံ - သင်္ကြန်ပွဲတော်အတွင်း အင်းလျားကန်ပေါင်မှာ အနားယူအပန်းဖြေကြသူများ။
အလယ်ပုံ - (၁) မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကို ပျော်ရွှင်ချမ်းမြေ့ စွာ ပါဝင်ဆင်နွှဲနေကြသည့် နိုင်ငံခြားသားများ။
(၂) နေပြည်တော်ရေပန်းဥယျာဉ်ထဲက သင်္ကြန်ချစ်ပရိသတ်များ။
အောက်ဆုံးပုံ - မဟာသင်္ကြန်အကြတ်နေ့က ဦးပိန်တံတားပေါ်တွင် အတာသင်္ကြန်ဆင်နွှဲကြသူများဖြင့် စည်စည်ကားကား။





  • သင်္ကြန်အတက်နေ့ 


(အပေါ်တန်း) ၁။ နေပြည်တော် ဟိုတယ်ဇုန်ရေကစားမဏ္ဍပ် ၂။ မြိုင်ဟေ၀န်ပန်းခြံမဏ္ဍပ်တွင် တေးသံရှင်ဇော်ဝင်းထွဋ်ဖျော်ဖြေနေစဉ်
(အောက်တန်း) ၁။ ပုသိမ်ပြည်ထဲရေးသင်္ကြန်
မဏ္ဍပ်မှ ယိမ်းအကများ ၂။ မန္တလေး Alpine မဏ္ဍပ် ဖျော်ဖြေမှု
၃။ ရန်ကုန်ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေပက်ခံကားများ ပျော်ရွှင်စွာ ကစားနေကြစဉ်။
 




















Tuesday, April 8, 2014

လှုပ်လှုပ်ရှားရှား မဟာသင်္ကြန်သတင်းများ






၁၃၇၅ ခုနှစ်၊ တန်းခူးလဆန်း ၉  ရက်။ 




၂၀၁၃ ခုနှစ်က မြို့ မတူရိယာအသင်း၏ငွေငန်းအလှပြယာဉ် (ကြေးမုံ - ၄ ရက် ဧပြီ)


၂၀၁၄ ခုနှစ် မြို့ မတူရိယာအသင်း၏ငွေငန်းအလှပြယာဉ် (မြန်မာ့အလင်း - ၁၂ ရက် ဧပြီ)



မြန်မာပြည်မှာ ယခုဧပြီလ ၁၂ ရက်နေ့ (တန်ခူးလဆန်း ၁၃ ရက်၊ စနေနေ့)ကစပြီး ဧပြီလ ၂၁ ရက် နေ့အထိ ၁၀ ရက်တိတိကို နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် သတ်မှတ်ကျေညာထားပြီးဖြစ်သည်။ စာ ရေးသူမှတ်မိသ၍ မိမိတို့ မြန်မာပြည်မှာရှိနေသည့် လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်တုန်းကတော့ ယင်းပိတ်ရက်များကို သင်္ကြန်တွင်းရုံးပိတ်ရက်ဟုသာ ပြောခဲ့ကြလေ့ရှိပြီး ၅ ရက်သာ ရုံးပိတ်ပေးခဲ့ပါ သည်။ အကယ်၍များ စနေတနင်္ဂနွေနှင့်တိုက်ဆိုင်သွားပါက အရင်းထဲကပင် ပါသွားတတ်ချေသေး ၏။ ယခုအခါများတွင်မူ စနေတနင်္ဂနွေပိတ်ရက် ၂ ခု ရှေ့ နောက်ပိတ်ပြီး အကြာကြီးပိတ်ပေးလေရာ ပျော်စရာပင် ကောင်းလှပေစွ။ အဝေးကနေ မနာလိုဖြစ်မိသေးတော့၏။ 





မိမိသည် မြန်မာပြည်က ရိုးရာသင်္ကြန်နှင့်ဝေးနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သောကြောင့် မြန်မာ ပြည်မှလာသည့်သတင်းများကို နားစွင့်လျက်သာ ရသေ့စိတ်ဖြေလေး အလွမ်းပြေနေရသည်။ 

မိမိ ကြားမိ ဖတ်မိသမျှတို့ကို အောက်တွင် တစ်ဆင့်ဖောက်သည်ချ မျှဝေလိုက်ရပါ၏။


အမေများ မမများအဖွဲ့ 


ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း (အမေများအဖွဲ့)



အမေတို့က ရိုးရာပဲ ကပြမှာပါ။ ထွင်လို့လည်း မရပါဘူး။ မြန်မာတို့ရဲ့  အလေ့အထကို ပြမယ်။ မြန် မာတွေရဲ့  ၀တ်စားဆင်ယင်မှုကိုပြမယ်။ အမေတို့အရွယ်တွေနဲ့ အမေတို့ရဲ့ လုပ်ရပ်တွေ၊ ဇွဲ လုံ့လ ၀ီ ရိယတွေ၊ ထိန်းသိမ်းခဲ့တဲ့ယဉ်ကျေးမှုတွေကို ပြချင်လို့ပါ။ အမေတို့ရဲ့ နှစ်သစ်ကူးစကားလက်ဆောင် ကတော့ မြင့်မြတ်တဲ့အလုပ်၊ မြင့်မြတ်တဲ့အကြံတွေ ကြံသွား၊ လုပ်သွားကြပြီး နှစ်သစ်ကူးမှာ ဆင် ခြင်စရာတွေကို ဆင်ခြင်သွားကြမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲလို့ စကားလက်ဆောင်ပါးချင်  ပါတယ်။ 
(ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း - အမေများအဖွဲ့) 



  
စာရေးသူတို့ ငယ်ငယ်တုန်းက အခုလို သင်္ကြန်နားနီးလာပြီဆိုရင် ဈေးထဲမှာ သင်္ကြန်မှာသုံးဖို့ ရေကစားပစ္စည်း လေးတွေရောင်းတာကို တွေ့ကြရတယ်။ သံဖြူ ဒါမှမဟုတ် ပလတ်စတစ်နဲ့လုပ်ထားတဲ့  ရေပြွတ်တို့၊ ရေခွက် (ဖလား)တို့၊ ရေပုန်းတို့၊ ရေပိုက်တို့၊ ဦးထုပ်တို့ စသဖြင့် စုံလို့ပါပဲ။ ဈေးခုံပေါ်မှာ ဖြန့်တင် ထားသလို ဆိုင်တွင်း ဆိုင်ပြင်နေရာအနှံ့မှာ တိုးလို့တွဲလောင်းချိတ်ဆွဲထားကြတာ။

အဲဒီ သင်္ကြန်မှာသုံးဖို့ ရေကစားပစ္စည်းလေးတွေကိုကြည့်ပြီး သင်္ကြန်မှာ ရေကစားကြရမှာကိုတွေးပြီး စိတ်ထဲ တွင် ပျော်နေ မြူးနေရပြီ။ 

နောက်ပြီး ရင်ထဲမှာ အားမလိုအားမရလေးဖြစ်ရသေးတယ်။

သင်္ကြန်ကလည်း ကျခဲလိုက်တာလို့လေ။

ဟုတ်တာပေါ့။ ကလေးဆိုတော့ ကစားချင် ပျော်ချင်ပြီပေါ့ မဟုတ်လား။

အခုလို မငယ်ကြတော့တဲ့ ၅၀ ကျော် ၆၀ ကျော် တတိယအရွယ်မှာတောင် သင်္ကြန်နားနီးလာရင် ငယ်စိတ် လေးတွေ ငယ်စဉ်ကအရိပ်လေးတွေကို ပြန်ပြီးမြင်ယောင်မိ ခံစားမိတတ်ဆဲပါ။ ကိုယ့်လိုအရွယ်တူမိတ်ဆွေ များနဲ့ မိမိတို့ခေတ်က သင်္ကြန်အကြောင်းတွေပြန်ပြောင်းပြောကြရင်း လွမ်းမောမိကြဆဲပါ။ 

ဒါကြောင့် သြစတေးလျနိုင်ငံမှာ ရောက်နေတဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းမိတ်ဆွေ မုဒုံသားဦးခင်မောင်ကြည် က တစ်နေ့က သူ့ အီးမေးထဲမှာ "သင်္ကြန်နီးလာပြီဆိုတဲ့အသိနဲ့ ဆရာအေးရဲ့ ခံစားမှုတွေ ပြန်လည်နုပျိုလာ မယ်ဆိုတာ သိနေတယ်" လို့ ရယ်စရာလေး ရေးထားပါသေးတယ်။  

ဟုတ်ပ။ 
'တတိယအရွယ်၏ ပထမရင်ခုံသံ' ဆိုတာမျိုးပေလား။








သင်္ကြန်မှာ ရေပက်တာ ရေကစားတာအပြင် တခြားပျော်စရာတွေရှိသေးတယ်။ ရပ်ထဲရွာထဲက လူငယ် လေးတွေ ဆိုကြ ကကြတာတွေရှိတယ်။ လူကြီးတွေနဲ့လူငယ်တွေပေါင်းပြီး သံချပ်တိုင်ကြတာတွေရှိတယ်။ 

နောက်ပြီး နိုငံကျော်အဆိုတော်တွေ ရုပ်ရှင်မင်းသားမင်းသမီးတွေ မြို့ အချို့ ကိုဆင်းလာပြီး ဖြေဖျော်ကြတာ လည်း ရှိသေးတယ်။ မင်းသား ၀င်းဦးတို့ ဇော်ဝမ်းတို့ဆိုရင် မန္တလေးကို နှစ်စဉ်နှစ်တိုင်းဆင်းလာပြီး ရှေးသီ ချင်းတွေ ခေတ်သီချင်းတွေဆိုပြီး ဧည့်ခံလေ့ရှိကြတာ။ 

မင်္ဂလာရှိသော ကျက်သရေရှိသော လေးစားလောက်သော ဖြေဖျော်မှုတွေပါ။









အဲ ရုပ်ရှင်မင်းသား မင်းသမီးဆိုလို့ ပြောရစေဦးတော့။ 

မင်းသားဆိုတာထက် မင်းသမီးတစ်ချို့ လို့ဆိုရင် ပိုပြီး မှန်ပါမယ်။

ဘာလဲဆိုတော့ ၀တ်စားဆင်ယင်တာမှာ အရှက်မဲ့လွန်းကြတာ။ အကျင့်သိက္ခာ မရှိကြတာ။ လူကြီးသူမများ စိတ်မသက်မသာဖြင့် ပြောလေ့ပြောထရှိကြတဲ့စကားနဲ့ ပြောရရင် ကျက်သရေတုံးတာ။ ကျက်သရေကို မရှိ တာတဲ့။ ယိုသူမရှက် မြင်သူရှက်ရတဲ့ဟာမတွေတဲ့။ မှတ်ကရော။

မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာနဲ့ အလေးအနက်ကျင်းပတဲ့ သင်္ကြန်လိုပွဲတော်မျိုးမှာ အဲဒီလို အ ရှက်မဲ့ အကြောက်မဲ့ မျက်နှာပြောင်ပြောင်နဲ့ လော်လော်မာမာ ၀တ်စားဆင်ယင်တာမျိုးတွေကို ပြင်းပြင်းထန် ထန်ပြောဆိုဝေဖန်တိုက်ခိုက်နေသူများကလည်း နှစ်စဉ်နှစ်တိုင်းပဲ သတိပေးနေကြပါရဲ့ ။ အစိုးရကလည်း  သတင်းစာ ရေဒီယို ရုပ်မြင်သံကြားတွေကနေ သတိပေးတားမြစ်နေတာ သိကြတဲ့အတိုင်းပဲလေ။ 


၂၀၁၂ ခုနှစ်က သင်္ကြန်မှာ အမျိုးသမီးအနုပညာရှင်တစ်ချို့ ရဲ့  ၀တ်စားဆင်ယင်ထားပုံ။ (ဓာတ်ပုံနှင့်စာသား - အင်တာနက်) 


အခုနှစ်မှာလဲ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုယ်တိုင်ကိုက အနုပညာရှင်များရဲ့  ၀တ်စားဆင်ယင်မှုနဲ့ပတ် သက်ပြီး သင်္ကြန်ကာလမှာ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီစွာ ၀တ်စားဆင်ယင်မှုမပြုကြဖို့ ဧပြီလ ၉ ရက်နေ့ က ကြိုတင်ထုတ်ပြန်ကြေညာ သတိပေးထားခဲ့ပြီးဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်တုန်းက ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့  မဖွယ်မရာဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက လူသိရှင်ကြား ခေါ်ယူသတိပေးခဲ့တာမျိုးရှိတောင် ရှိခဲ့ဖူးပါတယ်။



၁၃၇၅ ခုနှစ်၊ တန်းခူးလဆန်း ၁၃  ရက် စနေနေ့။    (12 April) 

တစ်နေ့တစ်နေ့နဲ့ မြန်မာပြည်မှာ တရားဝင်သတ်မှတ်ထားတဲ့ နှစ်သစ်ကူးရုံးပိတ်ရက်က ဒီကနေ့ စနေနေ့မှာ စပြီဖြစ်ပြီး မနက်ဖန်တနင်္ဂနွေနေ့ဆိုရင်ဖြင့် သင်္ကြန်အကြိုနေ့ကို ရောက်ပြီဖြစ်ပါတယ်။

တစ်ချို့ မြို့ များမှာ လက်ယားနေကြတဲ့သူတစ်ချို့ က သင်္ကြန်အကြိုနေ့တွင် ရေနဲနဲစပြီးပက်တတ်ကြပါတယ်။ တကယ်က သင်္ကြန်အကျနေ့ကိုရောက်တော့မှသာ ရေပက်ကြရတာပါ။ ဒီနေရာမှာ အကြိုနေ့မှာ ရေပက်တာ နဲ့ပတ်သက်ပြီး စာရေးသူအနေနဲ့ ခိုက်ရန်ဖြစ်ခဲ့ဖူးတာလေးကို သွားပြီးအမှတ်ရမိပါသေးတယ်။ ကောင်းတဲ့ ဥ ပမာ ကောင်း တဲ့အဖြစ်အပျက်တော့ မဟုတ်ပါဘူး။ ရုတ်တရက်မထိန်းနိုင်လိုက်တဲ့ အခိုက်အတန့် စိတ်ဆိုး မှုကြောင့်ဖြစ်သွားရတာလေးပါ။

ဒီလိုပါ။

ရန်ကုန်ရဲ့ တစ်ခုသော သင်္ကြန်အကြိုနေ့တစ်နေ့မှာဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်လောက်ကဖြစ်မယ်ထင်ပါတယ်။ အချိန်က ညနေခင်း။ နေရာက ဟိုအချိန်က ရန်ကုန်မှာ ထင်ရှားတဲ့ဗြောင်မှောင်ခိုဈေးတစ်ခုဖြစ်သော စိန်ဂျွန်း ဈေး။ ယခုတော့ မရှိတော့ပါဘူး။ အဲဒီဈေးမှာ နိုင်ငံခြားကနေ (အထူးသဖြင့် ယိုးဒယာနိုင်ငံက) မှောင်ခိုသွင်း လာတဲ့ အ၀တ်အ စား၊ စာဆေးထိုးဆေး၊ ပလတ်စတစ်နဲ့လုပ်ထားတဲ့ အိမ်သုံးပစ္စည်းအမျိုးမျိုး၊ ရေဒီယို၊ ကက် ဆက်၊ ရောင်စုံရုပ်မြင် သံကြားစက်များ၊ ယိုးဒယားသကြားလုံး၊ အချိုမှုန့်၊ ဘီစကွတ်၊ ဆပ်ပြာ၊ ကော်ဖီမှုန့် အစ ရှိတဲ့လူသုံးကုန်များကို ပိုက် ဆံသာရှိရင် လိုသလောက် ဖောဖောသီသီ ရနိုင်တယ်။ ထိုစဉ်က ထိုင်းနိုင်ငံကို ယိုးဒယားလို့ပဲ ခေါ်ကြတာပါ။

စာရေးသူမိသားစုရယ်၊ ရန်ကုန်ကိုအလယ်ရောက်နေတဲ့ စာရေးသူ၏ညီမိသားစုရယ် စိန်ဂျွန်းဈေးကိုရောက် နေပြီး ဆိုင်တစ်ဆိုင်တွင် ဆိုင်ရှင်နဲ့စကားပြောနေကြပါတယ်။ အဲဒီအချိန်မှာ ဈေးကလို့ထင်ရတဲ့ လူလတ်ပိုင်း တစ်ဦးက စာရေးသူတို့အထဲက အမျိုးသမီးတစ်ဦးကို ရေခွက်(ဖလား)နဲ့ ရေလာလောင်းပါတယ်။ စာရေး သူ တို့က ဆိုင်ရှင်နဲ့စကားပြောနေတာဖြစ်လို့ ရေလောင်းပြီးမှ သိလိုက်ရပါတယ်။ သင်္ကြန်မကျသေးတဲ့ အကြိုနေ့ မှာ ရေလာလောင်းတာ ဖြစ်လို့ စိတ်ထဲမှာ သဘောမတွေ့ပေမယ့် ပြီးသွားပြီးဖြစ်လို့ ဘာမှမပြော တော့ပါဘူး။ ဆိုင်ရှင်နဲ့ပဲ အရောင်းအ၀ယ် ကိစ္စကို ဆက်ပြောနေပါတယ်။

ဒါပေမယ့် အဲဒီလူက ရေအပြည့်ထည့်ထားတဲ့ လက်စွဲပုန်းကြီးနဲ့ နောက်တစ်ခါ ထပ်ရောက်လာပြန်ပါတယ်။ ဒီတစ်ခါ မှာ စာရေးသူက ထပ်မပက်ဖို့ပြောပေမယ့် သူက ခေါင်းကနေပြီး ဇွတ်လောင်းမယ့်သဘောရှိတာနဲ့ စာရေးသူက ရှေ့ ကနေပိတ်ပြီး ခြေ နဲ့ဆောင့်ကန်လိုက်ရာ လူကော ရေပုန်းကြီးပါ မြေကြီးပေါ်ဘုန်းကနဲ လဲ ကျသွားပါတော့တယ်။ စာရေးသူ၏ညီကလည်း ထိုးမယ်ကြိတ်မယ် တကဲကဲဖြစ်လာပါတယ်။ ရုတ်ရုတ်သဲ သဲလေးဖြစ်သွားတော့ ဆိုင်ရှင်တွေနဲ့ဈေးတာဝန်ရှိသူတွေက လာပြီးဖျန်ဖြေကြတာနဲ့အကျယ်အကျယ်မဖြစ်ပဲ ပြီးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းက ဇနီးရဲ့ ဇာတိ ဖြစ်တဲ့ မုဒုံကသူ့အမျိုးတွေဆီကိုရောက်သွားပြီး သူ့ အဒေါ်တွေရဲ့  ရယ်စရာလုပ်ပြောစရာလေး ဖြစ်သွားခဲ့တာ။

တင်မောင်အေးက သူ့မိန်းမ ရေလာလောင်းမယ့်သူကို ခြေထောက်နဲ့ကန်ပြီး ရန်ဖြစ်လိုက်တာတဲ့။ 
ကဲ ကောင်းကြကော။


အလားတူပါပဲ။ 

သင်္ကြန်ကာလမှာ ပါးစပ်သရမ်းပြီးအစလွန်သူအချို့  အပျော်လွန်သူအချို့  ရေပက်ကြမ်းသူအချို့  မူးယစ် သောက်စားရမ်းကားသူအချို့ တွေကြောင့် ခိုက်ရန်ဖြစ်မှုအတော်များများ ဖြစ်ကြရပါတယ်။ ဒါကို သက်ဆိုင် ရာများက သတိပေးသလို မိဖဆွေမျိုးများကလည်း သတိပေးပေးမှာကြားနေရတာဖြစ်ပါတယ်။ တကယ်က ဒီအပြုအမူ ဒီအဖြစ်အပျက်အားလုံးဟာ ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာ့ရိုးရားသင်္ကြန်ကို အလွန်ပင် အရုပ်ဆိုး အကျည်းတန်စေတာဖြစ်တယ်။




(မြန်မာ့အလင်း - ၁၂ ရက် ဧပြီ)





၁၃၇၅ ခုနှစ်၊ တန်းခူးလဆန်း ၁၄  ရက် တနင်္ဂနွေနေ့။    (13 April) 



(အပေါ်ဆုံးပုံ) - ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲဝင်သူများနှင့် ယပ်ခတ်အားပေးကြသူ ရခိုင်လှပျိုဖြူများ။
(အလယ်ပုံ) - မွန်လှပျိုဖြူ ယိမ်းအဖွဲ့ ၀တ်စုံဖြင့်လေ့ကျင့်နေကြစဉ်။ 
(အောက်ဆုံးပုံ) - ပုံ ၁၊ မန္တလေး မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအတွက် ၀တ်စုံဖြင့်လေ့ကျင့်နေကြစဉ်။ ပုံ ၃၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ပြည်သူ့ရင်ပြင်ရှေ့ ရှိ မဟာသင်္ကြန်မဏ္ဍပ် ပြင်ဆင်ထားပြီ။ (မြန်မာ့အလင်း - ၁၃ ရက် ဧပြီ)

















Friday, April 4, 2014

အကြောအဆစ်အထူးကုပညာရှင်ကြီး ဦးအောင်မြင့် ကနေဒါမှာ ကွယ်လွန်




၁၃၇၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် သောကြာနေ့။




မတ်လ ၃၀ ရက်နေ့ကဆရာကြီး ပါမောက္ခ မစ္စတာပိ(တ)၏အကြောင်း ကျွန်းသာယာမှာ ရေးနေစဉ် နောက် တစ်နေ့ဖြစ်တဲ့ ဧပြီလ ၁ ရက်နေ့တွင် မစ္စတာပိ(တ)၏တပည့်ရင်းချာတစ်ဦးဖြစ်ခဲ့ဖူးသူ ဆရာ ဦးအောင်မြင့် ကနေဒါနိုင်ငံမှာကွယ်လွန်သွားကြောင်း စိတ်မကောင်းစရာသတင်းကို ကြားသိခဲ့ရပြန် ပါတယ်။ နောက်ပြီး ဆရာဦးအောင်မြင့်၏ဇနီး ဆရာဝန်မကြီးဒေါက်တာဒေါ်သန်းသန်းလှလည်း ကျန်းမာရေး သိပ်မကောင်းလှ ဘူးလို့ ပြောပါတယ်။ ဆရာကွယ်လွန်ချိန်မှာ ဇနီး၊ သမီး စုစု၊ သား ကိုဝဏ္ဏနှင့် မြေး ၂ ယောက်ကျန်ရှိခဲ့ပါ တယ်။ ကိုဝဏ္ဏ (ဒေါက်တာဝဏ္ဏအောင်မြင့်)က ရောဂါရှာဖွေရေးဆိုင်ရာ ဓာတ်မှန်ဆရာဝန် (Diagnostic Radiologist) အဖြစ် Peterborough မြို့ ရှိ Regional Health Centre မှာ အလုပ်လုပ်နေပါတယ်။





အကြောအဆစ်ကုပညာရပ် (Physiotherapy) ကျောင်းသားကျောင်းသူများ၏ အမှတ်တရ      
                                           ဓာတ်ပုံ(၁၉၆၁ ခုနှစ်)

ရှေ့ တန်း (၀ဲမှ) - ဦးအောင်မြင့်၊ ဒေါ်မြင့်ပြုံးဦး၊ ဒေါ်ခင်ခင်အုန်း၊ ဒေါ်ခင်ခင်ထွေး၊ ဦးဝင်းထိန်။
နောက်တန်း (၀ဲမှ) - ဦးသိန်းလွင်၊ ဦးသောင်းငွေ၊ ဦးခင်မောင်စိုး၊ ဦးထွန်းမြင့်၊ ဦးပေါလ်ဂျွန်၊ ဦးဇော်ဝင်း၊ ဦးကယ်ဗင်(ယခု စင်ကာပူတွင် အလုပ်လုပ်နေသော ဦးစောကယ်လ်ဗင် မဟုတ်ပါ)၊ ဦးတင်အေး၊ ဦးထွန်းအောင်ဇံ
(ဓာတ်ပုံ - ဆရာဦးကြီးမောင်မှ ကျေးဇူးပြုပါသည်။) 




အမေရိကန်မှာနေတဲ့ ဒေါ်ကြည်ကြည်မြင့်ကနေ စင်ကာပူမှာရှိနေတဲ့ ဒေါ်ကြည်ကြည်အုန်းထံကို အီးမေးနဲ့ အ ကြောင်းကြားပေးရာက ဆရာဦးအောင်မြင့်၏တပည့်များဖြစ်သော မိမိတို့တစ်ဆင့် သိရှိခဲ့ရ ခြင်းဖြစ်ပါတယ်။ မိမိ ပညာသင်ယူခဲ့တဲ့ ဆေးဘက်ပညာသိပ္ပံ (Institute of Para-Medical Sciences) မှာတုန်းက ဆရာဦး အောင်မြင့်၏တပည့်ဖြစ်ခဲ့ကြသူအချို့ ကို မိမိလက်လှမ်းမှီသလောက် အီးမေးဖြင့် အကြောင်းကြားပေးခဲ့ပါ တယ်။

ဒေါ်ကြည်ကြည်မြင့်၏စာထဲမှာ ဆရာကြီးဦးအောင်မြင့်ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်ရှိပြီလို့ သိရပါတယ်။ ဒီတော့မှ ၂၀၁၂ ခုနှစ် ဇွန်လက ကွယ်လွန်သွားသော မစ္စတာပိ(တ)၏နောက်တပည့်ရင်းချာတစ် ဦးဖြစ်ခဲ့သူ ဆရာကြီးဦးထွန်းအောင်ဇံနဲ့အသက်အတော်လေးကွာတာ သတိပြုမိရပါတယ်။ ဆရာကြီးဦးအောင်မြင့်နှင့်ဆ ရာကြီးဦးထွန်းအော်ဇံတို့နှစ်ဦးတို့ ရန်ကုန်မှာ အကြောအဆစ်ကုပညာရပ်(Physiotherapy)နဲ့ ကျောင်းပြီးတဲ့အ ခါ သူတို့၏ဆရာကြီး မစ္စတာပိ(တ)က အင်္ဂလန်ကို ပညာတော်သင်စေလွှတ်ပြီး အကြောအဆစ်ကုပညာရပ် ဆိုင်ရာပါရဂူဘွဲ့ (MCSP & Dip TP)များ ယူစေခဲ့တာဖြစ်လို့ အသက်သိပ်ပြီးကွာမှာမဟုတ်ဘူးလို့ မိမိ အစက ထင်ထားခဲ့မိတာဖြစ်တယ်။  

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆရာကြီးဦးထွန်းအောင်ဇံ ကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ်ပါ။ ဒါကြောင့် သူသာ မကွယ်လွန်သေးဘူးဆိုလို့ရှိရင် အခုအချိန်မှာ ၈၃ နှစ်ရှိပါမယ်။ အင်္ဂလန်မှ ပြန်လာကြပြီးနောက် သူတို့ ၂ ဦးလုံး ဆေးဘက်ပညာသိပ္ပံကျောင်းမှာ အလုပ်ဝင်ခဲ့ကြပါတယ်။ စာရေးသူ တတိယနှစ်ကိုရောက်တော့ ဆရာကြီးဦး အောင်မြင့်နှင့်အခြားဆရာများရှိနေကြပြီး ဆရာကြီးဦးထွန်အောင်ဇံက ရူပဗေဒဆေးကုဌာနမှ ဆရာဝန် မကြီး ဒေါက်တာဒေါ်မြစိန်နဲ့ အဆင်မပြေဖြစ်ပြီး တိုင်းဆေးရုံကြီးတစ်ခုကို ပြောင်းသွားတာကြောင့် ကျောင်းမှာ မိမိ၏ ဆရာအဖြစ် မတော်လိုက်ရပါဘူး။   


ဆရာကြီးဦးအောင်မြင့်၏ သင်ကြားမှုများကိုတော့ ကျောင်ပြီးတဲ့အထိ သင်ယူခဲ့ရပါတယ်။ 




အဲဒီအချိန်က အကြောအဆစ်ကုဘာသာရပ် (Physiotherapy)၊ ဓာတ်မှန်ဘာသာရပ် (Radiography)၊ဓာတ်ခွဲဘာသာရပ် (Medical Technology)နဲ့ ဆေးဝါးဘာသာရပ် (Pharmacy) အစရှိသော ဘာသာရပ် အလိုက် အတန်းတစ်တန်းမှာ ကျောင်သူကျောင်းသား ၁၅ ဦးစီရှိကြပါတယ်။
တက္ကသိုလ်ဝင်တန်း (၁၀ တန်း) အောင်တဲ့ကျောင်းသူကျောင်းသားတွေအထဲက ဆေးဘက်ပညာသိပ္ပံ ကျောင်းကို လျှောက်ထားကြရာမှာ ဘာသာရပ်တစ်ခုအတွက် အမှတ်အများဆုံး ၁၅ ဦးစီ ရွေးခြယ်တာ ဖြစ်တယ်။ ပထမ ၂ နှစ်က ဆေးပညာအခြေခံသိပ္ပံပညာရပ်များသင်ကြရပြီး ဒုတိယ ၂ နှစ်မှာ အထူးပြု ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားကြရပါတယ်။ ဒုတိယ ၂ နှစ်မှာက တစ်နှစ်လုံးမှာ ကျောင်း ပိတ်ရက် ၁ လပဲပေးတာဖြစ်ပြီး အတော်လေးကို ကျပ်ကျပ်မတ်မတ် ပြင်းပြင်းထန်ထန်နဲ့ အချိန်ပြည့်သင် ပေးတာဖြစ်တယ်။ 
အကြောအဆစ်ဌာနတွင် အကြောအဆစ်ကုပညာရှင်ဆရာများနဲ့ဆရာဝန်ကြီးများက သင်ကြားပို့ချပေးကြ တာပါ။ ဆရာဦးအောင်မြင့်ကို သူ့တပည့်အချို့ က အောက်ပါအတိုင်း မှတ်မှတ်ရရရှိကြပါတယ်။ 






ဆရာဦးကြီးမောင်
ဆရာက စာသင်တဲ့အခါမှာ မကြာခဏ အမ် .. အမ် ဆိုပြီး ကြားညှပ်ပြောတတ်လို့ ကျနော်တို့က "အမ်(M) အောင်မြင့်"လို့ ဆရာ့နောက်ကွယ်မှာ ခေါ်လေ့ရှိကြတယ်။ 







ဆရာမ ဒေါ်ခင်မမ
ဆရာဦးအောင်မြင့်က အကြောအဆစ်ကုပညာရပ်နဲ့ပတ်သက်လို့ ကျမ၏ပထမဦးဆုံး လက်ဦးဆရာအရင်းကြီးပါ။






ဆရာဦးတင်မြင့်
ဆရာက စာသင်ရင်းနဲ့ စပ်မိတိုင်း "ဆရာတို့ ဂလတ်စကိုမှာတုန်းက" လို့ မကြာခဏ ပြောလေ့ရှိတာကြောင့် သူ့နောက်ကွယ်မှာ "ဂလတ်စကို အောင်မြင့်"လို့ ကျနော်တို့ က ခေါ်ကြတာ။
နောက်ပြီး ဆရာဦးအောင်မြင့်က စာသင်နေရင်းနဲ့ ဒူးယားစီးကရက်ကို ပါးစောင်မှာ ခဲပြီး သူ့ နှုတ်ခမ်းမွှေးစစလေးလှုပ်ပြီး သင်လေ့ရှိတာဗျ။ တစ်ခါ သူက အ၀တ်အ စားပွပွကြီးတွေမှ ၀တ်လေ့ရှိသေးတယ်။ 




ဆရာမ ဒေါ်စိုးစိုးရီ
ဆရာက သူ့တပည့်တွေ စာမကြိုးစားရင် သိပ်ပြီးစိတ်ဆိုးတတ်တာ။ ဆိုလဲ ဆိုတတ်တာ။ ကျမတို့လဲ ပါ တာပေါ့လေ။

မိမိအပါအ၀င် သူ့တပည့်အားလုံးသည် ဆရာကြီးဦးအောင်မြင့်ကို အထက်ကအတိုင်း လေးစားစွာ မှတ် မိနေကြမှာ ဖြစ်ပါတယ်။ ဆရာက အင်္ကျီပွပွ ဘောင်းဘီပွပွကြီးတွေ ၀တ်လေ့ရှိပါတယ်။ နက်ကတိုင်လည် စီးကလည်း အပြားကြီးကြီးပါ။ နဖူးပေါ်မှာဝဲကျနေတဲ့ ဆံစလေးတွေအောက်က ဆရာ၏၀ိုင်းစက်တဲ့မျက် လုံးလေးတွေမှာ စူးရှလေးနက်မှုကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ တစ်ခါတစ်ခါမယ်တော့ ဆရာက တပည့်တွေကို ရယ်စရာအကြောင်းအရာလေးတွေပြောပြီး သူပါ ဟက်ဟက်ပက်ပက်လိုက်ရယ်တာမှ မျက်ရည်ထွက်တဲ့အထိပါပဲ။ 

ဆရာနှင့်ဆရာ့ဇနီးတို့က အင်္ဂလန်မှာပညာသင်သွားကြရာက အဲဒီမှာတင် တွေ့ဆုံချစ်ကြိုက်ခဲ့ကြတာလို့ သူနဲ့အတူ ပညာတော်သင်သွားတဲ့ ဆရာကြီးဦးထွန်းအောင်ဇံပြောပြလို့ သိရပါတယ်။ ဒါကို ဆရာကြီးဦး ထွန်းအောင်ဇံက "မနေနိုင်တဲ့ ချောင်(ဂျောင်)အကြား မယ်နဲ့မောင်နဲ့ညား" လို့ အချင်းချင်း ရယ်စရာလုပ် ပြီးပြောကြတာ ကြားခဲ့ဖူးပါတယ်။ ဆရာတို့အတွဲကလည်း စိတ်ဝင်စားစရာပါ။ လင်ဖြစ်သူက အနည်းငယ် ပုညှပ်ပြီး ဇနီးဖြစ်သူက အချိုးအဆက်ဖွံ့ဖွံ့ထွားထွားပါ။ ဆရာကတော်က လမ်းမတော်ဆေးကျောင်းက ကထိကဖြစ်လို့ ဆရာအလုပ်လုပ်တဲ့ဆေးရုံကြီးနဲ့နီးတာကြောင့် ကျောင်းကိုမကြာခဏလာတာမို့ တွေ့ရ တတ်ပါတယ်။


၁၉၇၄ ခုနှစ်လောက်မှာ သမိုင်းအရပ်ရှိ မသန်မစွမ်းလူနာများဆေးရုံ (Hospital for the Disabled)တွင် မိမိ အလုပ်လုပ်နေစဉ်   အမေရိကန်နိုင်ငံသို့ ခြေတုလက်တုပညာရပ်အတွက် ပညာတော်သင်သွားဖို့ အခွင့်အ လမ်းရလို့ ဆရာကြီးဦးအောင်မြင့်ထံသွားပြီး အကြံတောင်းဖူးခဲ့ပါသေးတယ်။ ဆရာကြီးက "မင်း အဲဒီကပြန် လာရင် အခုအလုပ်ဖြစ်တဲ့ အကြောအဆစ်ကုပညာရှင် (Physiotherapist)အဖြစ် မလုပ်ရတော့ဘူး။ ခြေတု လက်တုပညာရှင် (Prosthetist / Orthotist) အဖြစ်ပဲလုပ်ပြီး ခြေတုလက်တုအလုပ်ရုံက ၀န်ထမ်းတွေကို စီ မံအုပ်ချုပ် ရ မယ်။ ကျန်တာတော့ မင်းဖာသာ သေသေချာချာစဉ်းစာပြီး ဆုံးဖြတ်ပါ"လို့ အကြံပေးပါတယ်။ ကျန်တဲ့ကထိကများကလည်း မိမိကို အလားတူအကြံပေးကြတာဖြစ်တယ်။ ဒါနဲ့ စာရေးသူက ဆေးရုံအုပ်ကြီး ဒေါက်တာဦးလှဖေကို အဲဒီပညာရပ်နဲ့ ပညာတော်သင် မသွားချင် တဲ့အကြောင်း စိတ်မ၀င်စားတဲ့အကြောင်း တင်ပြလိုက်ပါတယ်။ 


၁၉၇၅ ခုနှစ် နှစ်ကုန်တွင် မော်လမြိုင်ရှိ မွန်ပြည်နယ်ပြည်သူ့ဆေးရုံကြီးကို စာရေးသူ ပြောင်းသွားပြီးတဲ့အခါ ဆရာကြီးတို့မိသားစု ကနေဒါနိုင်ငံကို အပြီးအပိုင် ပြောင်းသွားပါတယ်။ ဒီနောက်ပိုင်းမယ်တော့ ဆရာ့ကို မိမိ လုံးဝပြန်မတွေ့တာ ယခု သူ ကွယ်လွန်တဲ့အချိန်အထိပါပဲ။ 




ဆရာကြီးဦးအောင်မြင့်၏နာရေးသတင်းကို ကနေဒါရောက်မြန်မာတစ်ဦး၏ Blog တွင် အထက်ပါအတိုင်း ဖော်ပြအကြောင်းကြားထားတာ တွေ့ရပါတယ်။



ဒါပေမယ့် ကနေဒါကို ဆရာရောက်သွားပြီးနောက်မှာ ဆရာနှင့်မိမိ စာအဆက်အသွယ် ၂ ကြိမ် ၃ ကြိမ်လောက် ရှိခဲ့ပါသေးတယ်။ စာရေးသူက မော်လမြိုင်ကနေ ဆရာ့ထံသို့ စာရေးပြီး အကူအညီ တောင်းတာပါ။ ဆရာရှိရာ ကနေဒါမှာလာပြီးအလုပ်လုပ်ချင်တဲ့အကြောင်းဖြစ်တယ်။ ဆရာက မိမိ ထံသို့ ဂရုတစိုက်စာပြန်ပြီး လုပ်ရမယ့်အဆင့်တွေကို သေသေချာချာရှင်းပြပါတယ်။ အဲဒီခေတ်က သုံးတဲ့ လေယာဉ်စာအိတ်အပြာလေးမှာ ဆရာက အင်္ဂလိပ်လို လက်ရေးနဲ့အပြည့်ရေးထားတာကို ယနေ့အထိ မျက်စေ့ထဲမြင်ယောင်နေဆဲပါ။ ဆရာအဓိကပြောတာက ကနေဒါနိုင်ငံကိုလာပြီးအလုပ် လုပ်ချင်တယ်ဆိုရင် ပထမအဆင့်အနေနဲ့ ကနေဒါသံရုံးမှာ အကြောအဆစ်ဘာသာရပ်ဆိုင်ရာ အ ရည်အချင်းစစ်စာမေးပွဲ အရင်ဖြေရမယ်။ သူလည်း ဖြေခဲ့ရတာပဲတဲ့။အဲဒီစာမေးပွဲကိုအောင်အောင် ဖြေပါတဲ့။ စာမေးပွဲအောင်ပြီးတဲ့အခါ ကနေဒါကို ထွက်လာဖို့နောက်ပိုင်းအတွက် သူ ဟိုကနေ စီစဉ် ပေးမယ်၊ ဘာမှမပူနဲ့လို့ ရေးထားပါတယ်။
ဆရာရေးတဲ့ လေယာဉ်စာအိတ်အပြာလေးကိုယူပြီး စာမေးပွဲအကြောင်းကို စုံစမ်းရန် စာရေးသူက မော်လမြိုင်ကနေ ရန်ကုန်ကို သွားခဲ့တယ်။ ထိုစဉ်က မြန်မာပြည်မှာ ကနေဒါသံရုံးက သီးသန့်မရှိ သေးပဲ ဗြိတိန်သံရုံးအတွင်းမှာ တွဲဘက်ထားတာဖြစ်လို့ ဗြိတိန်သံရုံးရှိရာကို သွားရပါတယ်။ ကနေ ဒါသံတမန်ဝန်ထမ်း၏ပြောပြချက်အရ စာမေးပွဲက ထိုင်းမှာရှိတဲ့ ကနေဒါသံရုံးမှာ သွားဖြေရမယ်လို့ သိခဲ့ရပါတယ်။ ဒါနဲ့ စာမေးပွဲဖြေမယ့်အလုပ်ကိုမေ့လိုက်ရပါတယ်။ ကနေဒါအိပ်မက်လည်း ပျောက် ပျက်သွားခဲ့ရပါတော့တယ်။ 



ဆရာ့အကြောင်းကို အဝေးမှကြားသိခဲ့ရတာကတော့ ဆရာသည် ကနေဒါနိုင်ငံ အွန်တာရီယိုရဲ့  အနောက် တောင်ဖက်မှာရှိတဲ့ လန်ဒန်ဆိုတဲ့မြို့ က ဗစ်တိုးရီးယားဆေးရုံကြီးတွင် အနှစ် ၂၀ ကြာ အလုပ်လုပ်ခဲ့ပြီး ကလင်တန် ပတ်ပလစ်ဆေးရုံကြီးမှာလည်း ညွှန်ကြားရေးမှူး (Director of Physiotherapy) အဖြစ်တာ ၀န်ထမ်းဆောင်ခဲ့တယ် ဆိုပါတယ်။