"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, June 24, 2013

အိမ်ဖော်လား အိမ်ပြေးလား



၁၃၇၅ ခုနှစ်  နယုန်လပြည့်ကျော် ၁ ရက်     


လွန်ခဲ့သော ၂၈ နှစ်လောက်က “မြန်မာအမျိုးသမီးတွေ ‘မိတ်’ လုပ်ကြတော့မလား” ဟူသော ခေါင်းစဉ်ဖြင့် အသိပညာပေးဆောင်းပါးတစ်ပုဒ်ကို နွယ်နီမဂ္ဂဇင်းတွင် ရေးခဲ့ဖူးသည်။ စင်ကာပူသို့ မိမိ ရောက်ရှိလာခဲ့ပြီး နောက် မိမိ ကြားသိ မြင်တွေ့ ဖတ်ရှုရသ၍တို့ကို အခြေခံပြီး ရေးခဲ့ခြင်းဖြစ်ပါ၏။  

ယခုဘလော့တွင်တင်ထားခဲ့သည့် ယင်းဆောင်းပါးကို စာဖတ်သူများ မကြာမကြာ လာပြီးဖတ်လျက်ရှိကြ သည်ကို သတိပြုမိသည်။ အထူးသဖြင့် ယခုတလော စင်ကာပူရောက်မြန်မာမိတ်အချို့  လစာများမရကြပဲ အိမ်များမှ ထွက်ပြေးနေကြကြောင်း သတင်းစာများတွင်ပါရှိနေချိန်နှင့် တိုက်ဆိုင်နေလေသည်။

အမှန်မူ မိတ် (maid) ခေါ် အိမ်ဖော် (domestic helper) လုပ်ခြင်းသည် သမ္မာအာဇီဝ (ကောင်းသောအ သက်မွေးမှု)ပင် ဖြစ်ပါသည်။ စာရေးသူသည် မြန်မာအမျိုးသမီးများ မိတ်မလုပ်သင့်ဟုလည်းကောင်း မိတ်မလုပ်ကြရန်လည်းကောင်း တိုက်တွန်းခြင်း မပြုခဲ့ဖူးပေ။ သို့တစေ မိတ်အလုပ်ကို ထမင်းချက် အ၀တ် လျော် အိမ်သိမ်းဆည်းရုံလောက်ဟု ပေါ့ပေါ့တန်တန် သဘောမထားစေလိုပါ။ မပင်မပန်းဖြင့် အရိပ်ထဲမှာနေ ပြီး ငွေရှာရလွယ်ကူသောအလုပ်ဟု မထင်မြင်စေလိုပါ။ တကယ်တော့ သူတစ်ပါးအိမ်မှာ ညအိပ်သွားနေပြီး အလုပ်လုပ်ပေးရသည့် အိမ်ဖော်အလုပ်သည် လွယ်ကူသက်သာသောအလုပ်မျိုး မဟုတ်ပါချေ။ သူများ ပေး သောနေရာမှာနေ၊ သူများ ကျွေးတာစားပြီး သူများ ခိုင်းတာတွေ လုပ်ပေးရသည်ဆိုသည်ကို သေသေချာချာ သိရှိနားလည်ထားရန် လိုပေသည်။ ‘သူများ’ ဆိုသည်ကိုလည်းကောင်း၊ ‘နေရာ’ ဆိုသည်ကိုလည်းကောင်း၊ ‘ကျွေးတာ’ဆိုသည်ကိုလည်းကောင်း၊ ‘ခိုင်းတာ’ဆိုသည်ကိုလည်းကောင်း တစ်ခုစီ လေးလေးနက်နက် တွေး ဖို့ လိုပေသည်။

အကယ်၍ မိတ်လုပ်မည့်သူသည် မဟုတ်မခံ ဆတ်ဆတ်ကြဲ အမျိုးသမီးမျိုးဖြစ်က ယင်းစိတ်ဓာတ်အား လေ့ ကျင့်ထိန်းကြောင်းရပါမည်။ ထစ်ကနဲဆို စိတ်ဆိုး၊ ထစ်ကနဲဆို ပြန်ပြောဆိုက အလုပ်ရှင်နှင့်တကျက်ကျက် ရှိပြီး “မတဲ့ အတူနေ ဖြစ်ချိမ့်မည်။ မည်သူမှ စိတ်ချမ်းသာရမည် မဟုတ်ပေ။ အခြားတစ်ဖက်ကလည်း ပြော သမျှ လုပ်သမျှတွေကို အင်းမလုပ် အဲ့မလုပ်ပဲ ငုံ့ချည်းခံနေပြန်ပါကလည်း တစ်ချိန်လုံး နိုင်ထက်စီးနင်း ခံရ ဖွယ်ရှိလေသည်။ လက်ခုပ်ဆိုသည်မှ နှစ်ဖက်တီးမှသာ မြည်တတ်ပါလေ၏။

သူ့ဖက်ကိုယ့်ဖက် မျှမျှတတတွေးတတ်လုပ်တတ်ရပါမည်။ အခြေအနေနှင့်အကြောင်းကိစ္စကိုလိုက်ပြီး ကိုယ့် စိတ်နှင့်နေသည့်အခါရှိသလို သူ့စိတ်ဖြင့်နေသည့်အခါလည်း ရှိရလေသည်။

မိတ် လုပ်ချင်သူများသည် သူများဆိုသော တစိမ်းတရံစာများနှင့်အတူတကွ နေဖူးပါသလား၊ သူများအိမ်မှာ သူများကျွေးတာတွေကို ရက်များစွာ စားဖူးကြပါသလား၊ သူများက အောက်ခြေသိမ်းခိုင်းတာတွေကိုကော လုပ်ပေးခဲ့ ဖူးပါသလား အစရှိသည့်မေးခွန်းများကို မိမိကိုယ်ကိုမေးလျက် ဖြေကြည့်ကြသင့်လေသည်။ သည့် အပြင် ကံဆိုးသဖြင့် မကောင်းသောအိမ်ရှင်မျိုးနှင့်ကြုံတွေ့ရပါက ငြူစူတာ၊ မျက်စောင်းထိုးတာ၊ ခြေဆောင့် တာ၊ ခါးထောက်ပြီး လက်ညှိုးငေါက်ငေါက်ထိုးတာ၊ ခွဲခြားဆက်ဆံတာ၊ ရုပ်ပိုင်းစိတ်ပိုင်းနှစ်မျိုးလုံးအနိုင်ကျင့် ဗိုလ်ကျခံရတာ၊ လူလည်လုပ် လူပါးဝတာ အစရှိသည်တို့ကို ကြုံတွေ့ရပါသော် မည်သို့မှတ်ယူနိုင်ပါမည်နည်း ဆိုသည်ကို မိမိကိုယ်ကို မညှာမတာဆန်းစစ်ဖို့ အရေးကြီးပါသည်။   

နောက်တစ်ခုအရေးကြီးသည်မှာ ဘာသာစကားကျွမ်းကျင်မှုဖြစ်သည်။ စင်ကာပူမှာတော့ အင်္ဂလိပ်စကားဖြစ် သည်။ သူပြောတာ ကိုယ်နားမလည်၊ ကိုယ်ပြောတာ သူနားမလည်ကြသောအခါ အလုပ်ခိုင်းရာ အလုပ်လုပ် ပေးရာတွင် များစွာအခက်အခဲရှိတတ်ပြီး အဆင်မပြေမှုများ ခဏခဏကြုံတွေ့နိုင်လေသည်။ တစ်ခါမှ နှစ်ခါ၊ နှစ်ခါမှ သုံးခါ လေးခါ ပြောပြ ရှင်းပြ လုပ်ပြ၍ ဖြစ်မလာသောအခါ စိတ်အခန့်မသင့်မှုဖြစ်လာတတ်သည်မှာ ဓမ္မတာပင်။


ယေဘုယျအားဖြင့် မြန်မာနှင့်စင်ကာပူသည် အာရှနိုင်ငံများဖြစ်ကြသော်လည်း မတူညီသော လုပ်နည်းလုပ် ဟန်များနှင့်အလေ့အထများ ရှိနေကြပါသည်။ မြန်မာများနားလည်ထားလေ့ရှိသော ပြောလေ့ပြောထရှိသော လုပ်လေ့လုပ်ထရှိသောကိစ္စအချို့ ကို စင်ကာပူနိုင်ငံသားများ နားမလည်ခြင်းနှင့် သဘောမပေါက်ခြင်းတို့ ရှိ တတ်သည်။ ယဉ်ကျေးမှုဓလေ့စရိုက်များမတူခြင်းသည်လည်း တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးကို ထိခိုက်စေ နိုင်သည်ဖြစ်၏။






ဆက်ပြီးရေးပါဦးမည်။




Saturday, June 22, 2013

စင်ကာပူမှာ ဝေတဲ့နှင်း..လေ


၁၃၇၅ ခုနှစ်  နယုန်လဆန်း ၁၄ ရက်     


နံနက် ၉ နာရီ ၃ မိနစ်က "ဘူးကစ်ဂျန်းရှင်း" နားက မီးပွိုင့်တစ်ခုမှာ ။ (ဓာတ်ပုံ - ဖိုးတာ 21 June 2013)


နံနက် ၈ နာရီ ၅၀ မိနစ်က "လာဗင်ဒါဘူတာ" အနားတွင်။ သစ်ပင်နှစ်ပင်အကြားမှာ နေလုံးနီနီကြီးကို တွေ့နေရ ။
(ဓာတ်ပုံ - ဖိုးတာ 21 June 2013)


အင်ဒိုနီးရှားနိုင်ငံဖက်က တောင်ယာတွေမီးရှို့ လို့ စင်ကာပူနိုင်ငံဖက်ကို လွင့်လာတဲ့မီးခိုးပြာ (haze) ပမာဏ ဟာဖြင့် ဒီအပတ်ထဲမှာ တစ်နေ့တခြား ကြောက်ခမန်းလိလိကြီး ရှိလာခဲ့ပါတယ်။ မနေ့နံနက်ကများဆိုလို့ရှိရင် PSI 400 အထိတောင် အဆိုးဝါးဆုံးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒီမီးခိုးပြာများ များပြားလာတာနဲ့အမျှ လူတို့ရဲ့ ကျန်းမာရေး(အထူးသဖြင့် ကလေးငယ်များ၊သက်ကြီးရွယ်အိုများနဲ့ပန်းနာရောဂါကဲ့သို့သော အဆုတ် မကောင်းကြသူမျာ့း)ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်တာဖြစ်တယ်။


ဒါ့အပြင် မျက်စိအမြင်မှာလည်း အခါတိုင်းလို ကြည်ကြည်လင်လင် မမြင်တွေ့ရတော့ဘူး။ စာရေးသူတို့ငယ် ငယ်က ဆောင်းတွင်းကာလမှာ နှင်းမြူတွေဖုန်းနေလို့ ဓာတ်မီးတိုင်တစ်တိုင်ခြားလောက်အကွာကို ဘာကိုမှ သဲသဲကွဲကွဲ မမြင်နိုင်သလိုပဲ။ မှိုင်းမှုန်ပြီးနေတာ။ အဲဒါက ဆောင်းတွင်းဖြစ်လို့မို့ အေးစိမ့်နေတာပေါ့နော်။ အ ခုဟာက အေးစိမ့်ဖို့နေနေသာသာ ပူလိုက်တာများ မပြောပါနဲ့တော့။ ပူတာမှ အိုက်စပ်စပ်ကြီး။ ရိုးရိုးနေပူတာ ထက် အများကြီးပိုဆိုးတယ်။ ရှိန်းရှိန်းဖိန်းဖိန်းကြီးကို ပူနေတာ။



နံနက် ၁၀ နာရီ ၁၇ မိနစ်က ဂျူရောင်းအိစ် စာကြည့်တိုက်ရှေ့ မှာ ။ (ဓာတ်ပုံ - ဖိုးတာ 21 June 2013)

ပူတာနဲ့ အိုက်စပ်တာတွေကို ဘေးချိပ်ထားပြီး မှိုင်းမှုန်သီဝေတာလေးဖြစ်နေတာကတော့ စောစောကပြော သလို မြန်မာ့ဆောင်းရာသီကို ပြန်ပြီးသတိရစေတာ အမှန်ပါ။ မျက်စိအမြင်မှာက နှင်းတွေဝေနေတာနဲ့တူ တာမို့ အဆိုတော်ကိုခင်မောင်ကြီးရဲ့  “တက္ကသိုလ်မှာ ဝေတဲ့နှင်း” ဆိုတဲ့သီချင်းကို မဆီမဆိုင် သွားပြီးအ မှတ်ရမိသေးတော့။ ဒီသီချင်းလေးသည် စာရေးသူတို့ ရန်ကုန်တက္ကသိုလ်ကို စပြီးရောက်စနှစ်တွေဖြစ်တဲ့ ၁၉၆၅-၆၆ ခုနှစ်လောက်က လူကြီးလူငယ်တွေအကြားမှာ အတော်ကြီးကို ရေပန်းစားနေတဲ့ ရေဒီယိုသီချင်း တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ 


ကိုယ်တိုင်ကလည်း ကံ့ကော်ရနံ့ ဆွတ်ပျံ့ ရာ ‘တက္ကသီလာ မြကျွန်းသာ’ရယ်လို့ ဂုဏ်ရှိန်မြင့်ပြီး အစဉ်အလာ အားဖြင့် နာမည်ကြီးနေတဲ့ တက္ကသိုလ်မှာ ပညာရင်နို့သောက်စို့နေဆဲ ဒီသီချင်းကိုကြားရတော့ ရင်ထဲမှာ တ သိမ့်သိမ့်ခံစားခဲ့ရပါတယ်။  အဲဒီအခါတုန်းက ရေဒီယိုမှာကြားခဲ့ရတဲ့ အဆိုတော်ကိုခင်မောင်ကြီးရဲ့  မြန်မာသံ စစ်စစ်နဲ့ အဆွေးဓာတ်ခံစွက်ပြီးဆိုထားတဲ့ စာသားလေးတွေကို စိတ်ထဲမှာ လွမ်းလွမ်းဆွတ်ဆွတ်လေး ငြီး ကြည့်မိသေးတယ်။


    “သံသယတောလယ်၊ မောတယ် အချစ်ရယ်
ပန်းချီကဗျာထက်လှတဲ့၊ သီလာတက္ကရဲ့ ကျွန်းညိမြ၀ယ်
မိုးမြေနိမ့်အောင်၊ မာယာဆောင်သို့
မြူနှင်းတို့ဝေတဲ့ကာလ၊ ချမ်းမြမြ ဟေမာန်ဝယ်
လှပုံလေးလည်း တမျိုးရယ်၊ တစိမ့်စိမ့်လေးလည်း အေးတယ်
တသိမ့်သိမ့်တွေးစရာလေးတွေ ရှိနေသည်မို့
တက္ကသိုလ်မှာဝေတဲ့နှင်းရယ်
                    နှင်းကလေးတွေမှ ဟုတ်ရဲ့လား—- နှင်းကလေးတွေမှ ဟုတ်ပါရဲ့လားကွယ်..”      


စင်ကာပူတစ်နိုင်ငံလုံးကို အရုပ်ဆိုးအကြည့်တန်စွာ ရက်ရက်စက်စက် ဖုံးအုပ်လွှမ်းခြုံထားတဲ့ ‘ဟေ့ဇ်’ဆိုတဲ့ မီးခိုးပြာမှုန့်တွေကို အထက်က သီချင်းစာသားထဲကလို “နှင်းကလေးတွေမှ ဟုတ်ရဲ့ လား”လို့ မသိသားဆိုး ၀ါးစွာ မမေးချင်ပေမယ့် မြူနှင်းတို့ဝေတဲ့ ချမ်းမြမြ ဟေမာန်ကာလလေးလို့တော့ဖြင့် မိမိကိုယ်ကိုလှည့်စားပြီး ခံစားကြည့်မိလိုက်သေးတော့ ……






Sunday, June 16, 2013

ဇရာကို မြည်းစမ်းခြင်း



၁၃၇၅ ခုနှစ်  နယုန်လဆန်း ၈ ရက်  

   
ဓာတ်ပုံ - အင်တာနက်။


မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုသည့် မြန်မာ့ဆိုရိုးစကားတစ်ရပ်ရှိသည်။

ဆိုလိုသည်မှာ ….

အသုဘရှိသော မသာအိမ်သို့ တစ်ခေါက်တစ်လေ ရောက်သွားခြင်းသည် ဘုန်းကြီးကျောင်းသို့ ဥပုသ်သီလ စောင့်ရန် ဆွမ်းကပ်လှူရန် တရားနာကြားရန် တစ်ခေါက်ရောက်သွားခြင်းထက် တရားသဘောသိရှိဆင်ခြင် မှုတွင် ပိုမိုပြီး ခရီးရောက်သည် သို့မဟုတ် ၁၀ ခေါက်ရောက်ခြင်းနှင့် ညီမျှသည်ဟု ပြောလိုခြင်းဖြစ်ပါလေ၏။ 

သေသူ၏ အသုဘခန္ဓာကိုယ်ရုပ်ကြီးအား ကြည့်ရှုလျက် မိမိသည်လည်း တစ်နေ့ သူ့လိုပင် သေရမည်၊ မိမိ၏ သည်ခန္ဓာ သည်ရုပ်ကြီးသည်လည်း သူ့လိုပင် ပျက်စီးရပေဦးမည် အစရှိသော အသိတရား သတိတရားများ တွေးဆဆင်ခြင်မိနိုင်သည်။ တရားသံဝေဂများ ပွားများလာနိုင်လေသည်။  

ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမ ကဗျာလေးအတိုင်း ရိုးရိုးရှင်းရှင်းလေး နားလည်နိုင် ၏။

တနေကွယ်
သေနယ်သို့ တခါကူး။ ။

မေ့လျော့ကာ သေဘူးထင်ပါနဲ့
နေကွယ်တာ အချိန်များလျှင်ဖြင့်
သေနယ်ရွာ တကြိမ်သွားပါလိမ့်
တားမရဘူး။

သေခြင်းအကြောင်းကို မပြောမီ မိမိသည် “အို-နာ-သေ မှ အိုခြင်းနှင့်နာခြင်းအကြောင်းတို့ကို ပြောလို၍ ဤ စာကိုရေးခြင်းဖြစ်သည်။

မိမိသည် အသက်အရွယ်ရလာသည်နှင့်အမျှ ကျန်းမာရေးစစ်ဆေးရန် ဆေးယူရန် ဆေးခန်းနှင့် ဆေးရုံသို့ တခါတရံ အရောက်အပေါက်ရှိလာခဲ့သည်။ သည်တော့ လူအိုလူနာများအား ခရီးသွားဟန်လွဲ တွေ့ရမြင်ရ သည်။ အချို့ က မိမိထက် အသက်ပိုကြီး၏။ အချို့ က ငယ်၏။ အချို့ က ရွယ်တူလောက် ရှိချိမ့်မည်။

ပျိုရွယ်စဉ်ခါ၊ လိုရာပါလျက်
ငါ တကြွကြွ။

အိုကာလ ၊ ထလည်းမနိုင်၊
ထိုင်လည်း မကောင်း၊ လျောင်းလည်း မသာ၊
လို မပါဘူး၊


မိမိသည် နှစ်စဉ်နှစ်တိုင်း တိုးပွားလာနေသည့် ကိန်းဂဏန်းများကို ကြည့်လျက် အော် ငါ့ အသက် ၄၀ ကျော် လာပါပြီလား၊ ၅၀ ထဲရောက်လာပါပြီလားအစရှိသဖြင့် သိခဲ့သတိပြုမိခဲ့သော်လည်း ယခင်ကနဲ့မခြား သွားနိုင် လာနိုင် လုပ်နိုင်ကိုင်နိုင်နေသည်ဟု ထင်မြင်ခံယူထားခဲ့သဖြင့် ဇရာကို မမြင်မိ မခံစားမိပါချေ။

သို့သော် ထိုတစ်နေ့ …

ထိုနေ့က မိမိသည် စင်ကာပူအမျိုးသားတက္ကသိုလ် (Singapore National University – NUS)ရှိ အားက စားကွင်းသို့သွားရင်း အချိန်နောက်ကျနေသဖြင့် လူသွားလမ်းမဟုတ်သော ဖြတ်လမ်းလေးတစ်ခုမှ ခပ်သွက် သွက်လေး လမ်းလျောက်ပြီး သွားခဲ့ပါသည်။ တစ်နေရာတွင် ခါးအမြင့်နီးနီးရှိသည့် သံပြားတန်းကို အမှတ် တမဲ့ ကျော်ခွလိုက်ရာ ပေါင်ခြံနေရာ၌ မျက်ကနဲ စူးရှရှဝေဒနာကို သိသိသာသာကြီး ခံစားရသည်။ ယင်းသို့ တစ်ခါမျှ မဖြစ်ဖူးခဲ့သဖြင့် အံ့အားလည်းသင့်ရသလို သည်လောက်ကလေးမှ မလုပ်နိုင်တော့ဘူးလားဆိုပြီး မိမိကိုယ်ကို ဒေါသပင် ဖြစ်မိသေးတော့။

ကြည့်ပါ။

မိမိသည် ခန္ဓာကိုယ်ကြီး၏ ပြောင်းလဲချွတ်ယွင်းလာခြင်းကို မတွေးမိသေးပါချေ။ ပိုပြီးဆိုးသည်မှာ ယင်းသို့ ဖြစ်လာခြင်းကို လက်မခံနိုင်ခြင်းပင် ဖြစ်ပါလေ၏။  

တဖန် နောက်တစ်ခါ ကြုံရပြန်သည်။

ဤတစ်ကြိမ်တွင်မူ မိမိက တစ်ဦးတစ်ယောက်နောက်ကို အမှတ်မထင် အပြေးလိုက်ရသည်။ ထိုလူရွယ်၌ အန္တရာယ် ကျရောက်နိုင်၍ ဖြစ်သည်။ မိမိသည် သူ့ကို လိုက်လို့မမီရုံမက မောဟိုက်နေ၍ပင် နေချေသေး တော့။ ဘာမှ ဝေးလှသည်မဟုတ်။ တခဏလေးကိုပင် မိမိ မစွမ်းပါလေတကား။ မိမိကိုယ်ကိုမိမိ အတော်ကြီး စိတ်ပျက်သွားခဲ့ရသည်။

အထက်ပါဖြစ်ရပ်နှစ်ခုသည် မိမိအား ဇရာနှင့် နဖူးတွေ့ဒူးတွေ့ တေ့ဆိုင်ပေးလိုက်သည်ဟု ဆိုချင်ပါသည်။ မိမိ ဘာလဲ၊ မိမိ ဘယ်လောက်စွမ်းသလဲ ဆိုသည်ကို မျက်နှာဖုံးခွါချပြီး ပြလိုက်ခြင်းဖြစ်ပါလေ၏။


တစ်နည်းပြောရသော် မိမိအနေဖြင့် အသက် ၆၀ မတိုင်မီ ဇရာကို မြည်းစမ်းလိုက်ရခြင်းပင် ဖြစ်ပါလေသ တည်း။    







Wednesday, June 5, 2013

ပြောပြန်ရင်လဲ ကျုပ်ကပဲ လွန်ရာကျမယ်



၁၃၇၅ ခုနှစ်  ကဆုန်လပြည့်ကျော် ၁၂ ရက်     


◊ နိုင်ငံဖြစ်သွားရတဲ့ လူနာမည်  



သတင်းနှင့်ဓာတ်ပုံ (ကြေးမုံ၊ ၅ ရက် ဇွန်လ ၂၀၁၃)။


ဒီကနေ့ထုတ် ကြေးမုံသတင်းစာရဲ့  အထက်က အားကစားသတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတော့ ကျုပ် တော် တော်လေး အူကြောင်ကြောင်ဖြစ်သွားရတယ် ခင်ဗျ။ ‘ဗစ်တိုးရီးယားတင်းနစ်မယ် အဇာရင်ကာ’ဆိုတဲ့ တစ်ခါမှ မကြားဖူးတဲ့စာသားကို တွေ့ရလို့ပါ။

ကျုပ်သိထားတာက ‘ဗစ်တိုးရီးယား အဇာရင်ကာ’ (Victoria Azarenka) ဆိုတာ ဆိုဗီယက်ယူနီယံ (Soviet Union) က ခွဲထွက်သွားတဲ့ ဗျဲလာရု့ စ် (Belarus) နိုင်ငံသူဖြစ်ပြီး တင်းနစ်ကစားရာမှာ တစ်ချိန်က ကမ္ဘာ့နံ ပတ်(၁) အဆင့်ရောက်ခဲ့ပြီး ယခုအခါမှာ ကမ္ဘာ့နံပတ်(၃) အဆင့်ရှိပါတယ်။ လူမသိ သူမသိ ကလေးမလေး မဟုတ်ရပါဘူး။ ဘယ့်နှယ်ဗျာ သူ့နာမည်တစ်လုံးက ကမ္ဘာပေါ်မှာမရှိတဲ့ နိုင်ငံအမည် ဖြစ်သွားရတယ်လို့။  

ဗစ်တိုးရီးယားနိုင်ငံရယ်လို့တော့ မရှိပါဘူး။ သြစတေးလျနဲ့ကနေဒါနိုင်ငံတွေမှာ အဲဒီနာမည်နဲ့ပြည်နယ်တွေ (state/province) ရှိတယ်လို့ ကျုပ် မှတ်သားမိတာပဲ။  





◊ စင်ကာပူနိုင်ငံသမ္မတကြီး ရုရှားမှာ Secondary School တက်ဖူးပါလေစ  


ယခုနှစ် ဧပြီလဆန်းက စင်ကာပူနိုင်ငံသမ္မတကြီး Dr. Tony Tan Keng Yam မြန်မာပြည်ကို အလည်အ ပတ်မသွားခင်တစ်ရက်မှာ သူ့အထ္ထုပ္ပတ္တိအကျဉ်းကို မြန်မာသတင်းစာများက ရေးသားခဲ့ကြတာ ကျုပ် ဖတ် လိုက်မိတယ်။ သူ့အကြောင်းစိတ်ဝင်စားလို့ သေသေချာချာလေး သတိထားပြီးဖတ်တော့ စိတ်ဝင်စားစရာ လေးတစ်ခုကို ကျုပ် အမှတ်မထင် တွေ့ရတယ်ဗျ။ သူ ငယ်စဉ်ကနေခဲ့တဲ့ ကျောင်းတွေထဲက ကျောင်းတစ် ကျောင်းရဲ့ အမည်ကိုပေါ့။

စိန့်ပီတာစဘတ်ကျောင်း တဲ့။

ကျုပ် သိရသလောက်တော့ စင်ကာပူမှာ Saint Petersburg School ဆိုတာ မကြားဖူးဘူး။ ဒီတော့ ဖြစ်နိုင် တာတစ်ခုက သမ္မတကြီး ငယ်ငယ်တုန်းက ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ မှာပညာသင်ဖူးခဲ့တာ ဖြစ်ကောင်း ဖြစ်မယ်လို့ ကျုပ်တွေးကြည့်မိတယ်။ ဒါနဲ့ သေချာရအောင်ဆိုပြီး  မြန်မာ့အလင်း(အင်္ဂလိပ်) The New Light of Myanmar ကို သွားဖတ်ကြည့်တဲ့အခါမှာမှ ရှင်းသွားတော့တယ်။

တကယ်က စိန့်ပက်ထရစ်ကျောင်း (Saint Patrick Secondary School)ဖြစ်ရမှာ။

‘စိန့်ပက်ထရစ်’ နဲ့ ‘စိန့်ပီတာစဘတ်’ကလည်း အသံချင်း မတူလှပါဘူး။

အခုလို နိုင်ငံတစ်နိုင်ငံက သမ္မတကြီးတစ်ဦးရဲ့  အထ္ထုပ္ပတ္တိမှာ အမှားပါသွားတာ မကောင်းပါဘူး။ ကိုယ်မှား နေတာကို မသိပဲ သူများကထောက်ပြမှ သိရရင် ပိုပြီးသိက္ခာကျဦးမယ်လို့တွေးမိတာနဲ့ နေပြည်တော်မှာရှိတဲ့ အယ်ဒီတာအဖွဲ့ကို ကျုပ် ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြတော့ ဖုန်းကိုင်တဲ့အယ်ဒီတာအမျိုးသမီးကြီး က “ဒီသတင်းက ကျမတို့အယ်ဒီတာအဖွဲ့က ဘာသာပြန်တာမဟုတ်ပါဘူး။ ‘သတင်းစဉ်’က ချပေးတဲ့အတိုင်း (အထက်ကလာတဲ့အတိုင်း) ထည့်ရတာပါ” လို့ ကျုပ်ကို ပြောပါတယ်။

သူတို့လည်း သိကြဟန်မတူပါဘူး။

ကဲဗျာ … လျှာရှည်ပြီးပြောမိတဲ့ ကျုပ်ကပဲ လွန်ရာကျနေသလား။ 



၁၃၇၅ ခုနှစ်  ကဆုန်လကွယ် စနေနေ့။ ၈ ရက် ဇွန်လ ၂၀၁၃။

◊ ရ - ရထား  မစီးပဲသွား   

ကျုပ်က ငယ်ငယ်တုန်းကကော ကြီးလာတဲ့အခါမှာကော ခရီးသွားတဲ့အခါတိုင်း ရထာစီးရတာကို သိပ်ကြိုက် တာ။ ပျော်လည်း သိပ်ပျော်တာပဲဗျ။ ငယ်ငယ်တုန်းကတော့ ကျုပ်ရဲ့ မိဖတွေရှိတဲ့ ရွှေဘိုနဲ့ အမေ့အမျိုးတွေရှိ တဲ့ ကန့်ဘလူကိုပဲ ရထားနဲ့သွားခဲ့တာပါ။ နွေရာသီကျောင်းကြီးပိတ်တဲ့အခါမှာ သွားလေ့ရှိတာမို့ တစ်နှစ်တစ် ခါတော့ အနည်းလေး ရထားစီးဖြစ်တယ်လေ။

ဟိုရှေးရှေးတုန်း ကျုပ်တို့ငယ်ငယ်က ရထားစီးရတာကို သိပ်ကြိုက်တယ် သိပ်ပျော်တယ်လို့ပြောရတာ အဲဒီ အချိန်က ရထားတွေဟာ အမြဲလိုလိုချောင်ပြီး အချိန်လည်းမှန်တတ်တာမို့ပါ။ နောက်ပြီး ဒီမှာဖက်ခေတ်လို ရ ထားတွဲတွေက ရထားသံလမ်းပေါ်မှာ တရုတ်ကွန်ဖူးအမူးသိုင်း(drunken kung fu)သမားလို ယိမ်းထိုးခါရမ်း ပြီး က,မနေဘူး။ ရေ ကောင်းကောင်း သောက်လို့ရတယ်။ ရှူရှူး ကောင်းကောင်းပေါက်လို့ရတယ်။ နောက် ပြီး တစ်တွဲ နဲ့တစ်တွဲကူးပြီး လမ်းကောင်းကောင်းလျောက်လို့ရတယ်။ ငမူးသမားလို သိုင်းကွက်နင်းပြီး အိုး နင်းခွက်နင်း အိနြေ္ဒသိက္ခာမဲ့စွာ သွားဖို့မလိုဘူး။

ရထားလက်မှတ်ကို မှောင်ခိုဝယ်ဖို့ မလိုဘူး။ ကြိုပြီးဝယ်ဖို့ မလိုဘူး။ သွားခါနီးမှ လက်မှတ်ဝယ်ပြီး ရထား ပေါ်တက်စီးလိုက်ရုံပဲ။ ပြောရဦးမယ်ဗျ။ မယုံကြရင်လည်း ပုံပြင်လို့သာ သဘောထားနိုင်ကြပါတယ်။ အဲဒီ တုန်းက ရထားတွဲတွေ ဘယ်လောက်များချောင်ကြသလဲဆိုရင် ကျုပ်တို့ကလေးတွေ (ညီအကို မောင်နှမ ၀မ်းကွဲတွေ) ခရီးသည်မရှိတဲ့ထိုင်ခုံတွေမှာ ဟိုရွှေ့ ထိုင် ဒီရွှေ့ ထိုင်နဲ့ ကစားခဲ့ကြသေးတာ။ အထူးသဖြင့် ရွှေဘိုက ရထားထွက်လာပြီးလို့ ၂ ဘူ တာ ၃ ဘူတာလောက်ရောက်တာနဲ့ အရမ်းကိုပဲ ချောင်သွားတော့ တာ။ 
     
၁၉၆၅ ၆၆ ခုနှစ်တွေလောက်မှာ ကျုပ်တို့တတွေ တက္ကသိုလ်စတက်တဲ့အချိန်ကစပြီး ရထားတွေက ကျပ် လာကြပြီ။ ကုန်သည်တွေက ခရမ်းချဉ်သီးတောင်းတွေ ထင်းစီးတွေ ဟင်းသီးဟင်းရွက်ခြင်းကြီးတွေကို ထိုင်ခုံတွေကြားနဲ့ လှေကားအတင်အဆင်းနေရာတွေကို ပိတ်ပြီးတင်ကြတော့တာ။ ခရီးသည်တွေက အပေါ့အပါး သွားချင်ရင် ရထားအတက်အဆင်း လုပ်ချင်ရင် အဲဒါတွေကို ကျော်ခွပြီး သွားကြရတာ။ နောက်ပိုင်းမှာ အိမ်သာအထဲထိပါ ကုန်ပစ္စည်းတွေ ထားလာကြတာကြောင့် အပေါ့အပါးသွားလို့ လုံးဝမရတော့ဘူး။

တစတစနဲ့ ကုန်သည်တွေက အတော်ကြီးကိုလက်ရဲဇက်ရဲဖြစ်ပြီး ကုန်ပစ္စည်းခြင်းတွေ အိတ်တွေ သောတ္တာ တွေကို ရထားလှေကားက တင်လို့မရတဲ့အခါမှာ ခရီးသည်တွေထိုင်နေတဲ့ပြတင်းပေါက်ကနေ အတင်းထိုး တင်ကြတော့တာ။ လူတွေကို ထိမိခိုက်မိမှာ လုံးဝဂရုမပြုလောက်အောင်ကိုပဲ သရဲမရဲစီးလာကြတော့မို့ ကြောက်ခမန်းလိလိပါလားဗျ။  


ဒါပေမယ့် ကျုပ် ရထားစီးမြဲ စီးနေရတာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကျုပ်တို့မြို့ ဖြစ်တဲ့ကန့်ဘလူကို ရထား ကလွဲပြီး ဘာနဲ့မှ မရောက်နိုင်တာ။ ကျောင်းဆင်းပြီးလို့ အလုပ်ထဲရောက်တော့လည်း စီးခဲ့တယ်။ နောက် အိမ်ထောင်ကျပြီး ဇနီးမယားအချောအလှလေးကို ဆွေပြမျိုးပြသွားတော့လည်း ရထားနဲ့ပဲ သွားခဲ့ရတာ။ တစ်ခါ သမီးရတနာလေးရလာပြန်တော့ မြေးပြရင်း အလည်အပတ်သွားရင်း ရထားစီးရပြန်တာပဲပေါ့။ မိ သားတစ်စု စင်ကာပူကနေ မြန်မာပြည်ကို တစ်နှစ် ၁ ခေါက်၊ ၂ နှစ် ၁ ခေါက် ပြန်ပြီးလယ်တဲ့အခါမှာလည်း ဒီရထားကြီးကိုပဲ မချစ်ပေမယ့် အောင့်ပြီးနမ်းခဲ့ရပြန်ကော။


ကျုပ်တို့ကတော့ ကိုယ်ရဲ့ ငယ်ရွယ်တဲ့ဘ၀တစ်လျှေက်လုံးကို မဆလခေတ်နဲ့ န၀တခေတ်တွေမှာ မြှုပ်နှံစ တေးခဲ့ပြီးသားမို့ ဒီအခက်အခဲတွေကို မမှုတော့ပေမယ့် ကျုပ်တို့ရဲ့ ကလေးတွေခမျာ ရထားကို ပြတင်းပေါက် ကနေ ကျော်တက်ကျော်ဆင်းလုပ်ခဲ့ရတာ၊ ထိုင်ခုံရှိရက်နဲ့ ခြေချပြီးမထိုင်နိုင်ပဲ ဖင်တစ်ကွက်စာနေရာလေးမှာ ခြေထောက်တွေတင်ပြီး နာရီပေါင်းများစွာ ခရီးသွားခဲ့ကြရတာ၊ အပေါ့အပါးသွားချင်ရင် ရထားကြာကြာရပ် တဲ့ဘူတာမှာ ပြတင်း ပေါက်ကနေ တွဲအောက်ကို ဆွဲချဆွဲတင်လုပ်ပြီး လူမြင်ကွင်းမှာပဲ သွားစေခဲ့ကြရတာ တွေ လုံးဝစိတ်မကောင်းပါဘူး။ ကိုယ့်အတွက်သာ ကွက်ပြီးခံစားရတာ မဟုတ်ပါဘူး။ အားလုံးအတွက်လည်း ခံစားမိတာပါပဲ။   

ဒါကြောင့် ဒီနောက်ပိုင်းကာလတွေမှာ ရထားမစီးပဲ မြန်မာပြည်အနှံ့ကို ရောက်ခဲ့ သွားခဲ့တာ အနည်းဆုံး ၁၀ နှစ်ကျော်လောက်ရှိခဲ့ပါပြီ။ အဝေးပြေးအမြန်ကားလိုင်းတွေ အလျှိုအလျှို ပေါ်လာခဲ့ကြလို့ပါ။ 

ကျုပ်ဗျာ ပြောလို့ပြောတာ မဟုတ်ပါဘူး။ ဘုရားစူးရပါစေရဲ့ ။

ရထားမစီးပဲ ခရီးသွားလို့ရတာ စိတ်ချမ်းသာလိုက်တာကို မပြောပါနဲ့တော့။ 
  


၁၃၇၅ ခုနှစ်  နယုန်လဆန်း ၄ ရက် ဗုဒ္ဓဟူးနေ့။ ၁၂ ရက် ဇွန်လ ၂၀၁၃။



◊ ရေ ဘာ့ကြောင့် ကြီးရတယ်     

မိုးများများရွာချရင် ရွာတာမကြာပေမယ့် ရန်ကုန်မြို့ အပါအ၀င် မြန်မာပြည်ကမြို့ အချို့ မှာ ရေကြီးလေ့ရှိတာ ဟာဖြင့် ကြားရပေါင်းများ မြင်ရပေါင်းများလွန်းလို့ ကျုပ်အဖို့တော့ ဓာတ်ပြားဟောင်းကြီးလိုဖြစ်နေတာ ကြာ လှပါပကောလား။ တစ်ခါတလေဆိုရင် မိုးကမကြမ်းလှပေမယ့် ရက်ဆက်ကလေးများရွာလိုက်လို့ကတော့ ရန်ကုန်က လမ်းတွေပေါ်ကို ရေတွေရောက်လာတာ တင်းကျမ်း(ဒင်းကြမ်း)ပဲ။ ဒူးအထိတောင် ရောက်တာ။ ကားဝမ်းအထိတောင် ရောက်တတ်သေးတာ။   

၂၀၀၈ ခုနှစ် ဇွန်လက ကျုပ်တို့မိသားစု ရန်ကုန်ကိုရောက်နေတုန်း မိုးက ယုတ်တရက်ဗြုံးစားကြီးရွာချလိုက် တာ တစ်နာရီလောက်တောင် ကြာလိုက်တယ်မထင်ပါဘူး၊ ကျုပ်တို့တည်းခိုတဲ့ လိုင်လိုင်း’ဟိုတယ်ရှေ့  အ ၀င်ပေါက်မှာ ၀န်ထမ်းတွေက သဲအိတ်တွေချနေကြပြီ။ လမ်းပေါ်မှာလည်း ရေတွေကြီးနေလို့ ကျုပ်တို့ကို လာပြီးကြိုတဲ့ကားဟာ လမ်းအလယ်ခေါင်က မြင့်တဲ့နေရာမှာ ရပ်ထားရတာ။ ဟိုတယ်ကနေ ရှိုးနဲ့ မိုးနဲ့ထွက် လာတဲ့ ကျုပ်တို့မိသားစုက အဲဒီနေရာအထိ လုံချည်တွေ ထမီတွေကို ဒူးအပေါ်ထိဆွဲတင်ပြီး သွားကြရတာ။ နောက်ပြီးတော့ ကားက သင်္ဘောလို ရေထဲမှာမောင်းသွားတော့ ရန်ကုန်ရေကြီးတာ မတွေ့ဖူးတဲ့သမီးအဖို့ အထူးအဆန်း ဖြစ်ခဲ့ရပါလေကော။ 


ဒါနဲ့ ဇနီးနဲ့သမီးကို ဟိုရှေးရှေး “ခေတ်ကောင်းတုန်းက”အကြောင်းကို အကြောင်းတိုက်ဆိုင်နေတာနဲ့ ပြောပြ ခဲ့ရသေးတယ်။

ကျုပ် ငယ်ငယ်က ရွှေဘိုမြို့ မှာ နေခဲ့တဲ့အကြောင်းပါ။ မူလတန်းကျောင်းသားဘ၀တုန်းကပေါ့လေ။

ကျုပ်မိဖတွေနဲ့အတူနေတဲ့ ရဲစခန်းဝင်းအိမ်ကနေ လမ်းလေးခွ(ဂွ)မှာရှိတဲ့ “ဒေါ်ဖွားသိုက်ကျောင်း”ကို အသွား အပြန်လုပ်တိုင်း ရဲစခန်းမြောက်ဖက်က အကျယ်တစ်ပေခွဲ နှစ်ပေလောက်ရှိတဲ့ရေမြောင်းကို ကျော်ပြီးသွားရ တာ။ အဲဒီရေမြောင်းကို ၆ လက္မလောက်အကျယ်ရှိတဲ့ သစ်သားပြားလေး၂ ပြား ဆက်ပြီးခင်းထားပေးတယ်။ မြောင်းထဲမှရေက စီးနေပြီး ခပ်ကြည်ကြည်လေး။ ဗွက်ထ မနေဘူး။ အမှိုက်တွေနဲ့ ညစ်ပတ်နံစော် မနေဘူး။ ခွေးသေကောင်ပုတ်တို့ ကြွက်သေကောင်တို့ တွေ့ရဖို့ဆိုတာ ဝေလာဝေးထဲကပဲဗျ။ 


ဒါကလည်း သူ့အလိုလို ဖြစ်နေတာမဟုတ်ဘူး။ ရေမြောင်းကို ရေစီးရေလာကောင်းအောင် အမြဲလုပ်ပေးနေ လို့။ ကျုပ်ရဲရဲ ပြောနိုင်တာပေါ့။ ကျုပ်မျက်စေ့နဲ့ တွေ့ခဲ့မြင်ခဲ့ရတာပဲဥစ္စာ။ အခု ကျုပ်တို့ အိမ်မှာ ဖုံတို့ အမှုံအ မွှားတို့ ဆံပင်စတို့ လှဲကျင်းဖို့သုံးနေတဲ့ သန့်ရှင်းရေးပစ္စည်း(wiper) လို တုတ်တံအရှည်ကြီးနဲ့ ရေမြောင်းထဲ ကအမှိုက်တွေကို လူက တွန်းထိုးပြီး ရှင်းပစ်တာ။ တစ်နှစ်ပတ်လုံး မှန်မှန်သန့်ရှင်းပေးနေတာ။ ဘယ်မှာ ရေ က မစီးသွားပဲ နေပါ့မလဲလို့။ မြောင်းတွေကလည်း ရင်စို့လောက်အထိ နက်တာ။ မိုးများများပဲရွာရွာ အချိန် ကြာကြာ ရက်ကြာကြာပဲရွာရွာ ရေတွေက မြောင်းထဲက ဒလဟောကို ဆင်းသွားကြတာ။ 
  
အခုဟာကဗျာ။ ရေမြောင်းတို့ ရေထွက်ပေါက်တို့ ရှိပြန်တော့လည်း အမှိုက်သရိုက်တွေ သဲတွေ နုန်းတွေနဲ့ ပိတ်ဆို့နေတတ်ပြီး ရေမစီးဘူး။ နေရာအတော်များများမှာက ရေမြောင်းတို့ ရေထွက်ပေါက်တို့ မရှိကြဘူး။


“ပေါက်ပင် ဘာ့ကြောင့်ကိုင်းရတယ်” ဆိုသလိုပဲ “ရေ ဘာ့ကြောင့်ကြီးရတယ်” ဖြစ်နေပြီပေါ့။ 




၁၃၇၅ ခုနှစ်၊ ၀ါဆိုလဆန်း ၉ ရက် (အင်္ဂါနေ့)။  16-07-13

◊ ‘ကြယ်ဝါ’မှ ‘ကြယ်ဖြူ’ဖြစ်သွားသည့် မြန်မာပြည်ရောက် ဗီယက်နမ်အလံ    


ဓာတ်ပုံ - ကျော်စိုး (ပြန်/ဆက်) မြန်မာ့အလင်းသတင်းစာ။  

အခုတလော သတင်းစာတွေထဲမှာ မြန်မာနိုင်ငံတွင်ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့ တောင်အာရှ အား ကစားပြိုင်ပွဲ ဆီးဂိမ်း (SEA Games)နဲ့ ပတ်သက်လို့ အကြိုလှုံ့ဆော်ရေး မြေစိုက်ပိုစတာကြီးများကို အမြို့  မြို့ အနယ်နယ်မှာ စိုက်ထူတဲ့အကြောင်း မကြာခဏ ဖတ်ရပါတယ်။

ဒါပေမယ့် မြို့ နယ်အချို့ မှ တာဝန်ရှိသူတွေ့ရဲ့ ပေါ့ဆမှုနဲ့ ထိုက်သင့်တဲ့အလေးထားမှု မရှိတာကြောင့် နိုင်ငံ၊ အစိုးရနဲ့ ပြည်သူများ မျက်နှာပျက်သိက္ခာကျရမယ့်အဖြစ်နဲ့ ကြုံတွေ့နေရပါတယ်တဲ့။ အဲဒါကတော့ မြေစိုက်ပို စတာကြီးများ ဖန်တီးရေးဆွဲကြရာမှာ နိုင်ငံခြားတိုင်းပြည်များ၏အလံတွေနဲ့ပတ်သက်လို့ အမှားအယွင်းများရှိ နေတာ ဖြစ်ပါတယ်။  

ယခုနောက်ဆုံးတွေ့ရတဲ့အမှားကတော့ ပုံမှာတွေ့ရတဲ့အတိုင်း ဗီယက်နမ်နိုင်ငံရဲ့ အလံက အ၀ါရောင်ကြယ် ကြီးကို အဖြူရောင်လုပ်ထားတာပဲဖြစ်တယ်ခင်ဗျ။ တစ်ခါ ပြီးခဲ့တဲ့ ဇွန်လကလည်း ထိုင်းနိုင်ငံရဲ့ အလံကို အ ရောင်တွေမှားပြီး ရေးခြယ်ထားခဲ့သေးပါသတဲ့။ ကောင်းကြရောဗျာ။

အလံဆိုတာက နိုင်ငံနဲ့လူမျိုးကို ကိုယ်စားပြုထားတာဖြစ်လို့ လူတိုင်းလူတိုင်း ဂရုတစိုက် လေးစားကြရမယ် ဆိုတာကို အထူးတလည်ပြောဖို့လိုမယ် မထင်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ အလံကိုမှ မဟုတ်ဖူး။ သူများနိုင်ငံတွေ က အလံများကိုလည်း နိုင်ငံကြီးသားများပီသစွာ လေးစားတတ်ကြရမှာ ဖြစ်တယ်။
  
ယခုနှစ်ဆန်းလောက်တုန်းကလည်း နိုင်ငံတော်အလံကို ပလတ်စတစ်နဲ့ လုပ်ရကောင်းလားဆိုပြီး “နိုင်ငံ တော်အလံကို လေးစားကြ” (Respect National Flag) ဆိုတဲ့ လှုပ်ရှားမှုကြီးတစ်ရပ်ကို အိန္ဒိယနိုင်ငံမှာ လက်ယာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဟင်ဒီဂျာနာဂျပ်ရူတီ စာမီတီ(Hindu Janajagruti Samiti – HJS) က ဦးစီးလုပ်ဆောင်ခဲ့တာ ဖတ်လိုက်ရပါတယ်။

ဟုတ်တာပေါ့ဗျာ … နိုင်ငံတော်အလံဆိုတာ နိုင်ငံနှင့်ပြည်သူက ပိုင်ဆိုင်တာဖြစ်လို့ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် လူတစ်အုပ်စုက သူတို့လုပ်ချင်တိုင်း ဘယ်မှာလုပ်လို့ရပါ့မလဲ။


ဟုတ်တယ် မဟုတ်လား။ 







ဆက်ပြီးရေးပါဦးမယ်။



Sunday, June 2, 2013

ကျွန်တော် ခရီးသည်



၁၃၇၅ ခုနှစ်  ကဆုန်လပြည့်ကျော် ၉ ရက်     


ရုပ်မြင်သံကြားအစီအစဉ်ကလာတဲ့ အားကစားပြိုင်ပွဲတွေကို မကြာခဏကြည့်တဲ့အခါ စက်ဘီးပြိုင်ပွဲကတော့ မကြည့်ဖြစ်ဆုံးပါ။

ဒါပေမယ့် ယခုနှစ်ဆန်းလောက်ကစပြီး တစ်ခါတစ်ခါမှာ ကြည့်ဖြစ်လာခဲ့ပါတယ်။ တကယ်က တစ်ခြားအား ကစားတွေမှာလို ပြိုင်ပွဲကိုကြည့်တာထက် လမ်းတစ်လျောက်က ရှုခင်းတွေကို ကြည့်တာရယ်ပါ။ ကျေးရွာ လေးတွေ၊ အိမ်လေးတွေ၊ တောတန်းလေးတွေ၊ တောင်ကုန်းတွေ၊ ပင်လယ်ကမ်းစပ်တွေ၊ စိုက်ခင်းတွေ၊ စား ကျက်တွေ စသဖြင့် စသဖြင့်ပေါ့ ။



ပြိုင်ပွဲဝင်စက်ဘီးများ ကျေးရွာတစ်ရွာကို ဖြတ်သွားကြစဉ် (အထက်)နှင့်  တောတန်းလေးထဲသို့အ၀င်(အောက်)။ ဓာတ်ပုံ - EUROSPORT Channel.
 



မိမိကိုယ်တိုင် ခရီးသွားတဲ့အခါမှာလည်း များသောအားဖြင့် မျက်စိမှိတ်ပြီး အိပ်မသွားလိုပါဘူး။ အလွန်အမင်း ကို အိပ်ချင်တဲ့အခါတွေကလွဲလို့ပေါလေ့။ ကားတို့ ရထားတို့ရဲ့ ပြတင်းပေါက်ကနေ အပြင်ဖက်ကို ကြည့် လေ့ ရှိတာပါ။ ဒါ့ အပြင် ကင်မရာနဲ့ ဗွီဒီယိုကင်မရာတို့ကို အနားမှာ အသင့်ထားပြီး ရိုက်တတ်ပါသေးတယ်။ မြန်မာ ပြည်ထဲမှာပဲသွားသွား နိုင်ငံခြားတိုင်းပြည်တွေကိုပဲသွားသွား ဒီအတိုင်းပါပဲ။

ကားနဲ့ရထားလို မြေကြီးပေါ်မှာသွားတဲ့ယာဉ်တွေသာ မဟုတ်ပါဘူး။ ဝေဟင်အမြင့်ကြီးမှာပျံသန်းတဲ့ လေ ယာဉ်နဲ့ခရီးသွားတဲ့အခါမှာလည်း စာရေးသူသည် လေယာဉ်သွားလမ်းကြောင်း(flight path)ကို အချိန်နဲ့ တစ်ပြေးညီပြပေးနေတဲ့ ရုပ်မြင်သံကြားစက်ကို ကြည့်လေ့ရှိပါတယ်။ အဲဒီမှာ လေယာဉ်ဘယ်နေရာကို ရောက်နေတယ်၊ အမြင့်ပေ ဘယ်လောက်ကပျံသန်းနေတယ်၊ စထွက်ခဲ့တဲ့မြို့ ကနေ ဘယ်လောက်ခရီး ရောက်နေပြီး မိမိသွားမည့်မြို့ ကို ဘယ်လောက်ဝေးသေးတယ်၊ နောက်ထပ် ဘယ်နှစ်နာရီလောက် ကြာ ဦးမယ် စသဖြင့် တစ်ချိန်လုံးတွေ့နေ သိနေရပါတယ်။


စင်ကာပူမှ ဟယ်လ်စင်ကီသို့ လေယာဉ်ပျံသန်းသည့်လမ်းကြောင်းပြမြေပုံ။ (ဓာတ်ပုံ - အင်တာနက်)


၁၉၉၆ ခုနှစ်က ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့ ကို သွားတုန်းကဆိုရင် စီးလာတဲ့လေယာဉ်ကြီးက မြန်မာ ပြည်ရဲ့ အနောက်တောင်ပိုင်းပေါ်မှာ ဖြတ်ပြီးပျံသန်းနေတာကို ရုပ်သံစက်ဖန်သားပေါ်မှာ မြင်တွေ့နေရတော့ ရင်ထဲ လွမ်းဆို့ဆို့ကြီး ခံစားရတယ်။ တစ်ချို့ နိုင်ငံတွေအပေါ်ဖြတ်တဲ့အခါ မြို့ နာမည်ပါ ဖော်ပြထားလို့ အခုဘယ်မြို့ ရဲ့  မြောက်ဖက်နားက ဖြတ်ပြီးပျံနေတာပါလားလို့ တွေးမိရသေးတယ်။   

ဒါကြောင့် နိုင်ငံခြားတိုင်းပြည်များကိုရောက်တဲ့အခါ မိမိရဲ့ အလုပ်နဲ့ပတ်သက်ပြီး ရောက်နေတဲ့နိုင်ငံအပြင် အ နီးအနားကနိုင်ငံတစ်ခုခုကို အချိန်ရရင် သွားပြီးလည်တတ်ပါတယ်။ ဖင်လန်နိုင်ငံမှာ ညီလာခံသွားတက်စဉ်က ဟယ်(လ)စင်ကီမြို့ ကနေ ရုရှားနိုင်ငံက စိန့်ပီတာစဘတ်မြို့ ကို သွားလည်ခဲ့ပါတယ်။ ကနေဒါနိုင်ငံ ဗင်ကူးဗား မြို့ ကို ရောက်ခဲ့တုန်းကတော့ အမေရိကန်က စီယာတယ်မြို့ ကို ကူးပြီးသွားလည်ခဲ့ဖူးပါတယ်။ ဟော် လန်နိုင် ငံကို ပထမအခေါက်ရောက်ခဲ့စဉ်က အမ်စတာဒန်မြို့ ကနေ ဟိတ်(ဂ)၊ ရော့တာဒန်၊ ဒဲ့(ဖ) အစရှိတဲ့ မြို့ တွေကို သွားလည်ပတ်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်က ဒုတိယအကြိမ်ရောက်တဲ့အခါမယ်တော့ နိုင်ငံကူးတဲ့ပြီး ဘယ်(လ)ဂျီယံ နိုင်ငံက အန့်(တ)၀တ်နဲ့ ဘရပ်ဆဲ(လ)မြို့ တွေဆီ သွားဖြစ်ခဲ့ပြန်ပါတယ်။



Madame Tussauds ပြတိုက် (အမ်စတာဒန်) ရှေ့ တွင် အမှတ်တရ။  (၂၀၁၁ ခုနှစ်)

စီယာတယ်မြို့ ကို ရောက်ခဲ့စဉ်က။ (၂၀၀၇ ခုနှစ်)

တောင်အာဖရိကနိုင်ငံ ကိတ်ပ်တောင်းမြို့  ဆိပ်ကမ်းတစ်ခုမှာ..။ (၂၀၀၈ ခုနှစ်)


ကနေဒါနိုင်ငံ ဗင်ကူးပါးမြို့ က ကွန်ဗင်းရှင်းစင်တာရှေ့ မှာ...။ (၂၀၀၇ ခုနှစ်)

မိမိရဲ့ နိုင်ငံခြားခရီးစဉ်များဟာ အလုပ်နဲ့ပတ်သက်ပြီး သွားရတာဖြစ်လို့ မိမိတို့ရဲ့ အဖွဲ့အစည်းကို များစွာကျေး ဇူးတင်မိပါတယ်။ “ကုသိုလ်လည်းရ ၀မ်းလည်းဝ” ဆိုတဲ့မြန်မာစကားရပ်လို “အတတ်ပညာလည်းရ ဒေသန္တ ရခရီးလည်းရောက်ရ” လို့ ဆိုရမှာပါ။ ခရီးသွားတဲ့အခါမှာ မတူညီတဲ့ ရေမြေတောတောင်သဘာဝတွေ၊ မြို့  ရွာတွေနဲ့ လူအမျိုးမျိုးကို တွေ့ရတာဖြစ်လို့ အတော်ကြီးကို စိတ်ဝင်စားဖို့ကောင်းတာ။ လူမှုရေး နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံ အဖုံဖုံကလည်း သွားရင်းလာရင်း လေ့လာမှတ်သားစရာပါ။


ကိုယ်ရောက်တဲ့မြို့ မှာကိုပဲ ကြည့်စရာတွေက အများသားလား။ ကမ္ဘာ့ညီလာခံတွေ (International and World Congress) မှာ များသောအားဖြင့် City Tour ဆိုတဲ့အစီအစဉ်လေး ထည့်သွင်းထားလေ့ရှိပါတယ်။ ညီလာခံပထမနေ့မှာ မြို့ မှာရှိတဲ့ အထင်ကရနေရာတွေကို လိုက်ပို့ပြီးပြပေးတာပါ။ ညီလာခံရဲ့ အစီအစဉ်တွေ က နေ့လည်စာစားချိန်နဲ့လက်ဘက်ရည်သောက်ချိန်တွေကလွဲလို့ မိုးလင်းကနေ မိုးချုပ်တဲ့အထိ သုတေသ နစာတမ်းဖတ်ပွဲတွေ (Scientific Programme)၊ အလုပ်ရုံသင်တန်းတွေ (Pre-Congress Workshps)၊ သု တေသနပိုစတာပြခန်းတွေ (Poster Presentation of Research Work) နဲ့ ပြည့်နေတာဖြစ်လို့ အပြင်ထွက် ပြီး လည်ပတ်ဖို့ အချိန်မရပါဘူး။ 

ဒါ့ အပြင် ညီလာခံဖွင့်ပွဲ ပိတ်ပွဲတွေ၊ ကြိုဆိုဧည့်ခံပွဲညတွေ (Welcome Reception) လည်း ရှိနေကြသေးတာ။ တစ်ချို့ ညီလာခံတွေဆိုရင် ယဉ်ကျေးမှုည (Cultre Night) ဆိုတဲ့အ စီအစဉ်မျိုး ပါတတ်ပြီး စင်ပေါ်တက်ပြီး ဆိုကြရ ကကြရသေးတာ။  မိမိအနေနဲ့ စာတမ်းတင်သွင်းဖတ်ကြားဖို့ရှိတဲ့အခေါက်တွေမှာဆိုရင်တော့ မသွား ခင်ကကော ဟိုကိုရောက်တော့ကော အားရတယ်ကို မရှိပါဘူး။ တစ်နေ့တာ ညီလာခံပြီးတဲ့ညနေပိုင်း သူများ တွေ ဟိုနားဒီနားသွားနေချိန်မှာ ကိုယ်က ဟိုတယ်ထဲကုပ်ပြီး ကွန်ပြူတာတစ်လုံးနဲ့အလုပ်ရှုပ်ကျန်နေခဲ့တယ်။ စာတမ်းဖတ်ပြီးမှပဲ ‘ဟင်’ချနိုင်ကာ စိတ်အေးလက်အေးဖြစ်သွားရတာ။  


စာရေးသူသည် ငယ်စဉ်ကတည်းက ကားတို့ ရထားတို့နဲ့ခရီးသွားရင် ပြတင်းပေါက်နားမှာ ရွေးပြီးထိုင်လေ့ရှိ ပါတယ်။ အပြင်ဖက်ကို ကြည့်ချင်လို့ပါ။ ဒါကြောင့် လူကြီးတွေက စိုးရိမ်လို့ “ခေါင်း မထွက်နဲ့၊ လက် မထုတ်နဲ့” လို့ မကြာခဏသတိပေးခံရတတ်တာ။ နွေရာသီကျောင်းပိတ်တိုင်း ရွှေဘိုကနေ အမေ့ဖက်ကအမျိုးတွေ ရှိတဲ့ ကန့်ဘလူကို ရထားနဲ့သွားလယ်ရင် ပြတင်းပေါက်အနားထိုင်ပြီး တလမ်းလုံး အပြင်ဖက်ကို ကြည့်သွားတာပဲ။ လမ်းတလျောက်က လယ်ကွင်းတွေ၊ စိုက်ခင်းတွေ၊ ကျေးရွာတွေ မြို့ တွေ၊ ချောင်းမြောင်းတွေ၊တောအုပ်တွေ၊ ဘုရားကျောင်းကန်တွေ … ဘယ်နှစ်ခါပဲ မြင်ရ မြင်ရ ရိုးမသွားဘူး။      




ဆက်ပြီးရေးပါဦးမည်။ 




Friday, May 24, 2013

ကျွန်တော် Russian စကားပြန်


၁၃၇၅ ခုနှစ်  ကဆုန်လပြည့်     



အင်ဗွိုင်းခန်းမမှာ စကားပြန်လုပ်ခဲ့စဉ်က ရုရှားအသိမိတ်ဆွေများ အမှတ်တရပေးသည့်  ဆိုဗီယက်ယူနီယံအထိမ်းအမှတ် ရင်ထိုးများ။ 



အခုရက်ပိုင်းတွေမှာ ကိုရီးယားဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ The Queen of Office ဆိုတဲ့ ယာယီအလုပ် သမားနဲ့အမြဲတမ်းဝန်ထမ်းတွေရဲ့ ဘ၀ကို ရယ်စရာလေးတွေရောပြီး ရိုက်ပြထားတာကို တနင်္လာနဲ့အင်္ဂါနေ့ ည ၉ နာရီမှာ ကြည့်ဖြစ်နေတယ်။ မစ္စကင်း(မ) Ms Kim အမည်နဲ့ သရုပ်ဆောင်တဲ့မင်းသမီး Kim Hye-soo က အဓိကဇာတ်ဆောင်ပါ။ အတော်လေးကို သရုပ်ဆောင်ကောင်းပါတယ်။ ပါးစပ်ပိတ်မထားရလောက်အောင်ပဲ ရယ်နေရတာ။ မျက်နှာကလည်း ခပ်တည်တည်ကြီးနဲ့ ဘာပြောင်သလဲ မပြောပါနဲ့တော့။ 
   
တစ်နေ့မှာတော့ သူတို့ကုမ္ပဏီကို ရုရှားကကုမ္ပဏီအဖွဲ့တစ်ဖွဲ့  ရောက်လာခဲ့ပါတယ်။ အရောင်းအ၀ယ်ကိစ္စ ပြောဖို့ပါ။ ဒီအခါမှာ ရုရှားစကားတတ်တဲ့ ကိုရီးယားဝန်ထမ်းတစ်ဦးက စကားပြန်လုပ်ပါတယ်။ အဲဒီအခန်းမှာ ရုရှားစကားပြောတာနဲ့ပတ်သက်ပြီး ရယ်စရာအကွက်လေး ထည့်ရိုက်ထားတာကြည့်ရတော့ ရုရှားစကား ရေ ရေလည်လည်မတတ်ပဲ မိမိအနေနဲ့ ရုရှားစကားပြန်လုပ်ခဲ့ဖူးတာကို ပြန်လည်အမှတ်ရမိပါတယ်။

၁၉၇၁ ခုနှစ်ကဖြစ်တယ်။

ထိုစဉ်က ဆေးဘက်ပညာသိပ္ပံမှကျောင်းဆင်းပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာ ရေးဦးစီးမှ အလုပ်ခန့်စာကို စောင့်နေရင်း ဘာမှလုပ်စရာမရှိပဲ အချိန်အားနေတာဖြစ်လို့ မိမိက နိုင်ငံခြားဘာ သာသိပ္ပံ (Institute of Foreign Languages)တွင် ရုရှားဘာသာ (အချိန်ပြည့်) သင်နေခဲ့ပါတယ်။ ပထမ နှစ်မှာပါ။ တက္ကသိုလ်အဆင့် မဟုတ်သေးလို့ အချိန်ပြည့် ၂ နှစ် ဒါမှမဟုတ် အချိန်ပိုင်း ၄ နှစ် တက်ပြီးရင် ဒီပလိုမာပေးပါတယ်။  


အဲဒီအချိန်တုန်းက မိမိတို့ ဆေးဘက်ပညာသိပ္ပံကျောင်းဆင်းတွေဟာ အခုခေတ်မှာလို ကိုယ့်ဖာသာကိုယ် အလုပ်လိုက်ပြီး မရှာကြရပါဘူး။ အလုပ်လျောက်ရတာတို့ ရေးဖြေတို့ လူတွေ့တို့ ဘာမှလုပ်စရာ မလိုပါဘူး။ အစိုးရဆီက ခန့်စာကိုပဲ အငြိမ့်သားလေး ထိုင်စောင့်ကြရပါတယ်။ တစ်နှစ်ကြာရင် ကြာမယ်။ ဒါမှမဟုတ် ၂ နှစ်၊ ၃ နှစ် တန်သည်လည်း ကြာတတ်ပါသေးတယ်။ မိမိတို့အသုတ်က ကံကောင်းလို့ တစ်နှစ်ပဲ စောင့်ခဲ့ရ တာ။ 


မိမိတို့ ရုရှားဘာသာအချိန်ပြည့်သင်တန်းမှာ ကျောင်းသူကျောင်းသားက မိမိအပါအ၀င်မှ ၄ ဦးပဲ ရှိတာပါ။ အချိန်ပိုင်းသင်တန်းမှာတော့  ၁၁ ဦးလောက်ရှိပါတယ်။ သင်တန်းဆရာ ၂ ဦးကတော့ ပါမောက္ခ မစ္စတာ ‘ယာကော့ဗ်လက်’ နဲ့ ကထိက မစ္စ‘လီလီယာ’တို့ ဖြစ်ကြတယ်။ သူတို့ ၂ ဦးက ဇနီးမောင်နှံတွေပါ။ နောက်ပြီး ရုရှားကနေ ပညာတော်သင်ပြန်လာတဲ့ မြန်မာသင်တန်းဆရာ အမျိုးသား ၂ ဦး (ဦးသွင်အေးမောင်၊ ဦးထွန်း ထွန်းမင်း)လည်း ရှိပါသေးတယ်။


နိုင်ငံခြားဘာသာသင်တဲ့ ကျောင်းသူကျောင်းသားတွေအထဲမှာ ရုရှားဘာသာသင်တန်းသားက အနည်းဆုံးပါ။ တရုတ်ဘာသာသင်တန်းသားက ဒုတိယ အနည်းဆုံးဖြစ်ပြီး ဂျပန်နဲ့ပြင်သစ်ဘာသာသင်တန်းသားတွေက အ များဆုံးဖြစ်ကြပါတယ်။ ဂျာမန်ဘာသာသင်သူက တတိယနေရာလောက်ရှိပါတယ်။  

 မိမိနဲ့အတူ ရုရှားဘာသာအချိန်ပြည့်သင်တန်းတက်သူ ၃ ဦးကတော့ အငြိမ်းစား သံတမန်အရာရှိကြီးတစ်ဦး (ဦးမြတ်ထွန်း)၊ ရုရှားက အနုပညာသင်တန်းတက်ခဲ့ပြီး ယဉ်ကျေးမှုကဇာတ်အဖွဲ့မှာလုပ်နေတဲ့ ၀န်ထမ်းတစ်ဦး (ကိုကျော်သာထွန်း)၊ အက်စ်ဘီ (Special Branch) လို့လူသိများတဲ့ ရဲအထူးထောက်လှမ်းရေး (Special Intelligence Department)က အမျိုးသမီးရဲအရာရှိတစ်ဦး (ဒေါ်မြမြ)တို့ ဖြစ်ကြပါတယ်။


ရုရှားဘာသာသင်တန်းတက်လို့ ၅ လခန့်အကြာ တစ်နေ့မှာ ပါမောက္ခ မစ္စတာ‘ယာကော့ဗ်လက်’ က မိမိကို စကားပြန်လုပ်ဖို့ ပြောပါတယ်။ အဲဒီနှစ် ဒီဇင်္ဘာလမှာ ဆိုဗီယက်ကုန်သွယ်ရေးနဲ့စက်မှုလက်မှုပြပွဲကြီးကို ဦးဝိ ဇာရလမ်းက အင် ဗွိုင်းခန်းမမှာ ပြုလုပ်မည့်အကြောင်း၊ ပြပွဲပြင်ဆင်ချိန်က ၁ လ ကြာမြင့်မှာဖြစ်ပြီး ပြပွဲပြသ ချိန်လည်း ၁ လပင်ကြာမယ့်အကြောင်း၊ မိမိအား ရုရှားစကားပြန်အဖြစ် လုပ်စေလိုကြောင်းနဲ့ နေ့တွက်စားစ ရိတ် သွားလာစရိတ်တွေ ပေးမှာဖြစ်ကြောင်း ပြောလာပါတယ်။ 


မိမိက ရုတ်တရက်တော့ ကိုယ့်နားကိုတောင် ယုံရခက်ခက်ဖြစ်မိပါတယ်။

ဘာတဲ့?  စကားပြန်လုပ်ရမှာတဲ့လေ။ အဲဒီလောက်အထိ မတတ်သေးဘူးဆိုတာ ကိုယ့်ကိုယ်ကို မသိတာမှ မဟုတ်တာကလား။

မိမိက ငြင်းပေမယ့် ဆရာက “ရဲရဲသာ သွားတာ သွားပါကွာ။ မင်း လုပ်နိင်မယ်ဆိုတာ ငါသိပါတယ်” လို့ တိုက်တွန်းတာနဲ့ မရဲတရဲနဲ့ အင်ဗွိုင်းခန်းမကြီးထဲကို မယောင်မလယ်ရောက်သွားခဲ့ပါတော့တယ်။ 


အင်ဗွိုင်းခန်းမကြီးကိုရောက်တော့ မိမိကို မြန်မာစာ မြန်မာစကားတတ်တဲ့ ရုရှားလူမျိုးနှစ်ဦးနဲ့ မိတ်ဆက်ပေး ပါတယ်။ ပထမတစ်ဦးက လျဲနာ ဇဗာဒိုးဗား(မြန်မာအမည် မလှကျော့) ဖြစ်ပြီး နောက်တစ်ဦးကတော့ ယန် ဆင်း (မြန်မာအမည် မောင်ဥာဏ်) တို့ ဖြစ်ကြပါတယ်။ မလှကျော့က “သမုဒ္ဒရာနှင့်ရေတစ်စက်” အမည်နဲ့ မြန်မာစာပေဆိုင်ရာဆောင်ပါးများစာအုပ်ကို ရေးသားခဲ့တာကြောင့် မြန်မာစာပေလောကသားများက သိကြ ပါတယ်။ အဲဒီတုန်းက မောင်ဥာဏ်က ရန်ကုန်က ရုရှားသံရုံးမှာ အလုပ်လုပ်နေတယ်လို့ သိရပါတယ်။


ပြပွဲကိုပြင်ဆင်ဖို့ ရုရှားလူမျိုးတွေနဲ့ ပြသမယ့် စက်ယန္တရားကြီးတွေ အများကြီးရောက်နေတာ တွေ့ရပါတယ်။ စက်ပစ္စည်းအစိတ်အပိုင်းအချို့ ကို ရုရှားအင်ဂျင်နီယာတွေနဲ့ကျွမ်းကျင်သူပညာရှင်များက မြန်မာအလုပ်သမား များရဲ့ အကူအညီနဲ့ သောတ္တာကြီးတွေထဲမှ ထုတ်နေကြတယ်။ လယ်ထွန်စက်၊ ကောက်ရိတ်စက်၊ မြေတူးစက်၊ ထရပ်ကား အစရှိတဲ့စက်ကြီးများကို အင်ဗွိုင်းခန်းမရှေ့ ကမြေကွက်လပ်မှာထားရှိပြသထားပြီး၊ တွင်ခုံစက်၊ ခြေ အိတ်ထိုးစက်၊ ချည်ယက်စက်အစရှိတဲ့ လုပ်ငန်းသုံးစက်ကရိယာအမျိုးမျိုးတို့ကိုတော့ ခန်းမကြီးအတွင်းမှာ ပြ သထားပြီး ပြပွဲလာပရိသတ်များအား လက်တွေ့လည်း လုပ်ပြကြပါတယ်။


စက်ကရိယာအကြီးစား အလတ်စား အသေးစားအမျိုးမျိုးတို့ကို ရုရှားနိုင်ငံကနေယူလာခဲ့တာဖြစ်လို့ အထုတ် တွေကထုတ်ယူရတာ၊ ပြသထားမယ့်နေရာအထိ သယ်ယူရတာ၊ နောက်ပြီး အစိတ်အပိုင်းအားလုံးကို အသုံး ပြုလို့ရတဲ့အထိ  ရုရှားအင်ဂျင်နီယာတွေနဲ့ကျွမ်းကျင်သူပညာရှင်များက  သေသေချာချာပြန်ပြီး တတ်ဆင်ကြ ရတာဖြစ်လို့ အချိန်အတော်လေး ယူရပါတယ်။ တစ်ချိန်တည်းမှာ စာရေးသူတို့က စက်ပစ္စည်းအမည်များနဲ့ စွမ်းဆောင်ရည်များကို မူရင်းရုရှားဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရေးသားကြရပါတယ်။ မလှကျော့နဲ့ မောင်ဥာဏ်တို့က အပြင်ရုံးကိစ္စတွေအတွက် သွားလာရတာများလို့ မိမိတစ်ယောက်သာ ပြခန်းမှာ အမြဲရှိနေ ပြီး ဘာသာပြန်တာကော စကားပြန်လုပ်ပေးရတာကော လုပ်ရတယ်။ 



ယခုနှစ်မှာ အနှစ် ၄၀ ရှိသွားပြီးဖြစ်တဲ့ မိမိ၏ Russian-English Dictionary စာအုပ်။


၁၉၇၃ ခုနှစ် ဧပြီလက ဒီစာအုပ်ကို ၂ ကျပ်နဲ့ ပြား ၂၀ ပေးခဲ့ရတယ်။ 




ယခုလိုစာမျက်နှာပေါင်း ၁၈၀ ပါရှိတယ်။


ရုရှား-အင်္ဂလိပ်၊ အင်္ဂလိပ်-ရုရှား အဘိဓာန် စာအုပ်ကလေးကို စာအုပ်ဆိုင်တစ်ဆိုင်က ခါတော်မီ ၀ယ်လို့ရ သည့်အတွက် စာရေးသူမှာ အတော်လေးအဆင်ပြေခဲ့ရတယ်။ ရုရှားလိုမသိသည့် စကားလုံးများကို အင်္ဂလိပ် လိုအရင်တွေးပြီးမှ မိမိသိလိုသောရုရှားစကားလုံးများအား ပြန်ရှာနိုင်လို့ ဖြစ်တယ်။  တစ်ခါတည်းနှင့်တိုက်ရိုက် ရှာမရတဲ့အခါမျိုးမှာ နှစ်ဆင့်သွားပြီး ရှာရတော့တာ။ စာအုပ်ကလေးက ကိုင်ရယူရလွယ်သောအရွယ်ဖြစ်လို့ မိ မိအတွက် ကံကောင်းထောက်မစွာ ပိုပြီးအသုံးတည့်ခဲ့တယ်။ စာအုပ်က စက္ကူပါးပါးလေးနဲ့ စာလုံးဖောင့် (font) သေးသေးသုံးလေးတွေ သုံးထားတာကြောင့် စာလုံးအရေအတွက် များများပါရှိတာဖြစ်တယ်။

ပုံမှာပြထားတဲ့ ရုရှား-အင်္ဂလိပ်အဘိဓာန်က အထက်ကပြောခဲ့တဲ့ ရုရှား-အင်္ဂလိပ်၊ အင်္ဂလိပ်-ရုရှား အဘိဓာန် စာအုပ် မဟုတ်ပါဘူး။ ဒီစာအုပ်လေးက အရွယ်ကြီးပြီး စာမျက်နှာ ပိုနည်းပါတယ်။ ဒါပေမယ့် အသုံးများတဲ့ စကားလုံးတွေရွေးထည့်ထားပြီး စကားလုံးအသုံးအနှုန်းစာကြောင်းလေးတွေပါ နမူနာပေးထားတာကြောင့် မိ မိရဲ့ လက်စွဲစာအုပ်ဖြစ်ခဲ့ပါတယ်။ ရေးဖို့ ပြောဖို့ အသုံးတည့်လှတာဖြစ်တယ်။   


ဒီစာအုပ်လေးသည် မိမိစပြီးဝယ်ခဲ့တဲ့ ၁၉၇၃ ခုနှစ်က ယနေ့အထိ မိမိ၏လက်ထဲတွင် အနှစ် ၄၀ တိတိ ကြာ ခဲ့ပြီဖြစ်တယ်။ စာအုပ်အဖုံးကအနှောင့်ကွာထွက်ပြီး စာရွက်အရောင်ဝါကျင်သွားတာကလွဲလို့ စက္ကူနဲ့စာသား တွေ ကောင်းနေတုန်းပါ။ မိမိလက်ရေးနဲ့ရေးထားတဲ့ မိမိရဲ့ နာမည်နဲ့အတူတွေ့ရတဲ့ စာအုပ်တန်ဖိုးက ၂ကျပ်နဲ့ ပြား၂၀ မို့ ဟိုခေတ်ဟိုအခါက နိုင်ငံခြားကထုတ်တဲ့ အဘိဓာန်စာအုပ်ကို မြန်မာပိုက်ဆံနဲ့ အဲဒီလောက်လေးပဲ ပေးခဲ့ရတာလို့တွေးမိပြီး စာရေးသူတို့ငယ်ငယ်က လူကြီးတွေပြောလေ့ပြောထရှိတဲ့ “ခေတ်ကောင်းတုန်းက ..” ဆိုတဲ့စကားလေးကို ပြေးပြီးအမှတ်ရမိသေးတော့။  


ဆိုဗီယက်ကုန်သွယ်ရေးနဲ့စက်မှုလက်မှုပြပွဲကြီးတွင် စကားပြန်သွားလုပ်ခဲ့ရလို့ ရုရှားနိုင်ငံကနေ ပညာတော် သင်ပြန်လာခဲ့ကြတဲ့ မြန်မာအချို့ နှင့် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ပညာရေးဌာနမှ ဒေါက်တာရဲအောင်၊ ဒေါက်တာ မတင်ဝင်း၊ ဒေါက်တာသန်းနိုင်(သမိုင်း)နှင့်ဆရာဦးဖိုးကျော်မြင့်(မြန်မာစာ)၊ ဦးအေးကို (အင်ဂျင်နီယာ)၊ စာ ရေးဆရာ သိပ္ပံမျိုးအောင်၊ ကိုမျိုးဝင်း (ဆေးကျောင်းပြီးအောင်မတက်ပဲ ပြန်လာခဲ့)၊ ကိုစောနု (ယဉ်ကျေးမှု) စတဲ့သူများဖြစ်ကြတယ်။ ဆရာဦးဖိုးကျော်မြင့်က မြန်မာစာပါမောက္ခတာဝန်နဲ့ သွားတာပါ။ ဒေါက်တာသန်းနိုင်၊ ဦးအေးကို၊ သိပ္ပံမျိုးအောင်နှင့်ကိုမျိုးဝင်းတို့သည် ရုရှားအမျိုးသမီးများနှင့် ဟိုမှာအိမ်ထောင်ပြုခဲ့ပြီး မြန်မာပြည် သို့ ခေါ်လာခဲ့ကြတယ်။

သို့သော် နိုင်ငံခြားသူများသည် မြန်မာပြည်တွင် ကြာရှည်နေရန်အဆင်မပြေကြလေရာ ကိုမျိုးဝင်းမှအပ ကျန်မြန်မာ ၃ ဦးမှာ သူတို့ရဲ့ မိသားစုများနဲ့အတူ ရုရှားနိုင်ငံကို အပြီးပြန်သွားခဲ့ကြပါတယ်။ ကိုမျိုးဝင်း တစ် ယောက်သာ သူ မလိုက်သွားနိုင်တာမို့ သူ့ဇနီးနှင့်သမီး ၂ ယောက်ကို ရုရှားသို့ အပြီး ပြန်လွှတ်လိုက်ရရှာပါ တယ်။ သူတို့မိသားစုနှင့်ရင်းနှီးနေတာဖြစ်လို့ မိမိအနေဖြင့် များစွာစိတ်မကောင်းဖြစ်မိခဲ့ရတယ်။ နောက်ပိုင်း မှာ မိမိသည် ကိုမျိုးဝင်းအား ရွှေတိဂုံဘုရားပေါ်တွင် တစ်ခါတစ်ခါတွေ့မိတတ်၏။ သူ ဘုရားမှာလာပြီး ပုတီး စိပ်တာပါတဲ့။      


ပြပွဲပြင်ဆင်နေတုန်းက မြန်မာစကားတတ်တဲ့ မလှကျော့နဲ့မောင်ဥာဏ်တို့ ၂ ဦးပဲရှိပေမယ့် ပြပွဲကြီးပြတဲ့အ ခါမှာတော့ မြန်မာစကားတတ်တဲ့ နောက်ထပ်ရုရှားလူမျိုးတစ်ဦးရောက်လာခဲ့ပါတယ်။ သူ့နာမည်က ဆီရ်ဂဲအိ (မြန်မာအမည် စိုးမြင့်) ဖြစ်တယ်။ သူက ရုရှားကတက္ကသိုလ်တစ်ခုမှာ မြန်မာစာလေ့လာနေတဲ့ နောက်ဆုံးနှစ် ကျောင်းသားလို့သိရပါတယ်။ သူ့အသက်က ၂၀ လောက်ပဲရှိဦးမယ် ထင်ပါတယ်။ မလှကျော့တို့ ၂ ဦးကတော့ အသက် ၂၇ နှစ် ၂၈ နှစ် လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ စိုးမြင့်နဲ့မိမိတို့က သက်တူရွယ်တူ လောက်မို့ ပို ပြီးတွဲဖြစ်ပါတယ်။ နေ့လည်စာကို မိမိတို့ ၂ ယောက် မင်းမနိုင်အိမ်ယာတိုက်ခန်းတွေကို လမ်းလျောက်ပြီး အ တူ သွားစားကြပါတယ်။  


ဒီနေရာမှာ စပ်မိလို့ စိတ်ဝင်စားစရာလေးတစ်ခု ပြောပြချင်ပါတယ်။ ရုရှားဘာသာသင်တဲ့ မြန်မာတွေကို ရုရှားဘာသာပြဆရာတွေက ရုရှားနာမည်တွေ ပေးတတ်သလို မြန်မာစာလေ့လာကြတဲ့ရုရှားလူမျိုးတွေက လည်း သူတို့ဖာသာ မြန်မာအမည် ယူတတ်ကြတာပါ။ သူတိုရဲ့ မူလအမည်နဲ့ အသံဆင်တူတာကို အချို့ က ယူတတ်ကြသလို တချို့ ကလည်း အဓိပ္ပါယ်ရှိတဲ့ နာမည်လှလှလေးတွေကို ရွေးယူတတ်တာမျိုးလည်း ရှိ ပါတယ်။ မိမိတို့ရဲ့ ပါမောက္ခ မစ္စတာ‘ယာကော့ဗ်လက်’ က မိမိကို ရုရှားနာမည်‘တီမာဖျေးအိ’(тимафей)လို့ မြန်မာအမည် တင်မောင်အေးအသံနဲ့ ခပ်ဆင်ဆင်လေး ပေးထားခဲ့ပါတယ်။ ‘ဖျေး’အသံက မြင့်သွားပြီး ‘အိ’ အသံက တိမ်ပြီးဆင်းသွားတာမို့ ခပ်မြန်မြန်လေးခေါ်တဲ့အခါ မြန်မာအမည်နဲ့ အသံဆင်နေပါတယ်။ ‘တီ’ အသံကိုလည်း ‘တျီ’ လို့ ခပ်ပျော့ပျော့လေး ထွက်ရတာပါ။  


မြန်မာစာလေ့လာကြတဲ့ ရုရှားလူမျိုးများနဲ့ပတ်သက်ပြီး နောက်ထပ်စိတ်ဝင်စားစရာလေးတစ်ခုကိုလည်း ပြောပြလိုပါသေးတယ်။ ရုရှား-မြန်မာ အဘိဓာန်ကြီး (Russian-Burmese Dictionary Российская бирманский словарь)ကို ရေးသားပြုစုခဲ့ကြသူ ၂ ဦး အကြောင်းပဲ ဖြစ်တယ်။ မိမိ သူတို့ကိုတွေ့တဲ့ အဲ ဒီအချိန်ကတည်းကိုက သူတို့ရဲ့ အသက်က ၅၀ လောက်ရှိ နေကြပြီမို့ မလှကျော့တို့ မောင်ဥာဏ်တို့ စိုးမြင့် တို့လို မြန်မာနိုင်ငံကနေ ရုရှားတက္ကသိုလ်မှာသွားပြီးသင်ကြားပြသပေးတဲ့ မြန်မာစာပါမောက္ခနဲ့ သေသေချာ ချာ သင်ကြားခဲ့ကြပုံ မရပါဘူး။


စာရေးသူ ပထမဦးဆုံး သတိပြုမိတာက မြန်မာစကား နည်းနည်းလေးပဲ ပြောတတ်တာဖြစ်တယ်။ နောက် ပိုပြီးသေချာသွားတာကတော့ သူတို့ရေးသားပြုစုထားတဲ့ ရုရှား-မြန်မာအဘိဓာန်စာအုပ်ကြီးအား မိမိကိုပေး 
ဖို့ အမှတ်တရ စာရေးတဲ့အခါမှာပါ။ အသတ်၊ အပင့်၊ အရစ်တွေမှာ အရေးမှားတာတွေ ကိုယ့်မျက်စိကိုပင် မ ယုံလောက်အောင် တွေ့ရတယ်။  အလွယ်ဆုံးဥပမာတစ်ခုပေးရရင် ‘န’ငယ်ကို ရေးတဲ့အခါမှာ အပေါ်ခေါင်း ကနေစဆွဲပြီး ၀မ်းဗိုက်၊ အဲဒီကနေမှ ခြေထောက်မှာဆုံးရတာ။ အတိုပြောရရင် အပေါ်ကစရေးပြီး အောက်မှာ ဆုံးရတယ်။ ‘င’သတ်ဆိုရင် အောက်ကစရေးပြီး အပေါ်မှာ ဆုံးရတယ်။ သူတို့က ‘န’ငယ်ကို ခြေထောက်ကစ ပြီးရေးတယ်။ ‘င’သတ်ကို အပေါ်ကစပြီး ရေးတယ်။

အမှန်အတိုင်းပြောရရင် ရေးတာမြန်တော့ ဦးနှောက်က သိတာက နောက်မှပါ။ မျက်စိက အရင်ဆုံး သတိပြု မိလိုက်တာ။ အရပ်ထဲကစကားနဲ့ ပြောရရင် မျက်စိထဲ ခရော့စ်(cross) ဖြစ်သွားလို့။      







ဆက်ပြီးရေးပါဦးမယ်။