"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, May 24, 2014

ထီးထမ်းလမ်းလျှောက် စင်ကာပူ (၂)




ကဆုန်လပြည့်ကျော် ၁၁ ရက်၊ ၁၃၇၆ ခုနှစ်။




ဖူရားမားစစ်တီးစင်တာဟိုတယ်နှင့်မျက်နှာချင်းဆိုင်ရှိ ဒီဆိုင်းဆန်းဆန်းအဆောက်အအုံတစ်ခု။
(ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄)




‘ထီးထမ်းလမ်းလျှောက်စင်ကာပူ’ အမှတ်(၁)ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ စရေးခဲ့စဉ်က ဒီအစီအ စဉ်လေးရေးရတာနဲ့ပတ်သက်လို့ အောက်ပါအတိုင်း ရေးခဲ့ပါ၏။   

/// 'ထီးထမ်းလမ်းလျှောက်' ဆိုသောမြန်မာစကား၏ မူရင်းအဓိပ္ပါယ်ကို 'အလုပ်အကိုင် မည်မည်ရရ မလုပ်ဘဲ ဟိုဟိုသည်သည် လျှောက်သွားနေသူ' ဟု ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ဦးစီးဌာနမှ ထုတ်ဝေသော 'မြန်မာအဘိဓာန်' တွင် အနက်ဖွင့်ထားပါသည်။

သို့ဖြစ်ရာ ထီးထမ်းလမ်းလျှောက် စင်ကာပူတွင် မိမိသည် အလုပ်တစ်ခု မည်မည်ရရမရှိပါပဲ စင်ကာပူမှာ ဟိုသွားဒီသွားလုပ်ရင်း ဟိုနေရာရောက် ဒီနေရာရောက်ကာ ဟိုတွေ့ဒီတွေ့အကြောင်းအရာက လေးများအပေါ် မိမိ တွေးမိ ရင်တွင်းခံစားမိသည်တို့ကို ပြောပါမည်။ /// 


ယခုမူ ထီးထမ်းလမ်းလျှောက်စင်ကာပူ အမှတ် (၂) ကို ၅ လအကြာတွင်မှ ရေးဖြစ်ပါသည်။ သို့တ စေ တစ်ပုဒ်နှင့်တစ်ပုဒ် ဆက်စပ်မှုမရှိသဖြင့် အချိန်ကာလကွာခြားမှုမှာ အကြောင်းမဟုတ်ပါချေ။



ဒီကနေ့နံနက်က မိမိသည် အဖွဲ့အစည်း၏အစည်းအဝေး (Strategic Planning Meeting)ကိုတက်     ရန် စင်ကာပူနိုင်ငံ တရုတ်တန်းအရပ်ရှိ “ဖူရားမား စစ်တီးစင်တာဟိုတယ်” (Furama City Centre) သို့ ရောက်သွားခဲ့သည်။ ဌာနဆိုင်ရာအကြီးအကဲများသာ တက်ရောက်သဖြင့် စားပွဲ ၅ လုံးခန့်ဆန့် သည့်အခန်းငယ်လေးတစ်ခုတွင် အစည်းအဝေးလုပ်ပါသည်။ နံနက် ၉  နာရီတွင်စပြီး နေ့ခင်း ၁၂ နာရီကျော်တွင် ပြီးလေ၏။ အစည်းအဝေးပြီးသောအခါ ဟိုတယ်မှာ နေ့လည်စာကျွေးသော်လည်း မိမိက မစားလိုသဖြင့် အိမ်သို့ပြန်ခဲ့ပါသည်။ 


ဟိုတယ်မှ ထွက်လာပြီးနောက် အနီးရှိလမ်းသွယ်လေးကိုဖြတ်ကာ ပီးပဲစ်ပတ်စင်တာ (People’s Park Centre) ရှေ့ က ဘတ်စ်ကားမှတ်တိုင်အနားမှာရပ်လျက် အိမ်ကို မည်သို့ပြန်ရမည်နည်းဟု ခေတ္တရပ်ပြီးစဉ်စားရင်း အိမ်ရှင်မထံ ဖုန်ဆက်သည်။ အိမ်ရှင်မမှာ လွန်ခဲ့သော သုံးလေးရက်ကစပြီး အနည်းငယ်နေမကောင်းသဖြင့် ထမင်းဟင်း မချက်လေရာ မိမိက စားစရာတစ်ခုခုဝယ်သွားရန်လို  လေသည်။ အိမ်ရှင်မက အစည်းအဝေးကကျွေးသော နေ့လည်စာကို အပြီးစားခဲ့ရန် မိမိအားပြော လိုက်သော်လည်း ဇနီးနှင့်သားတို့စားရန် အိမ်ပြန်ရင်း မိမိက တစ်ပါတည်း ၀ယ်သွားလိုသည်။ သို့ ဖြစ်ရာ ပီးပဲစ်ပတ်စင်တာနှင့်တရုတ်တန်းကုန်တိုက်ကြီး(Chinatown Point)တို့ကို ဆက်သွယ်ထား သည့် ကားလမ်းကျော်တံတားပေါ်တက်ခဲ့၏။ 



တံတားပေါ်မှ ခပ်ဝေးဝေးတွင် လှမ်းမြင်ရသော ပဲန်နင်းစူးလားပလာဇာ (ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄)




ယူတော်န်ဆဲင်းလးမ်းမကြီး (Eu Tong Sen Street)၏ ၀ဲယာမြင်ကွင်းများကို တံတားပေါ်မှ ဓာတ်ပုံ ၂ ပုံ ရိုက်ခဲ့သည်။ တံတား၏အရှေ့ အရပ်တွင် မြန်မာရွာအဖြစ်ထင်ရှားသော ‘ပဲန်နင်းစူးလားပလာဇာ’ (Peninsula Plaza)ရှိပြီး အနောက်ဖက်တွင်မူ ဟိုတစ်ချိန်တစ်ခါကာလများက မြန်မာသင်္ဘော သားများ စတည်းချလေ့ရှိသော ပီးပဲစ်ပတ်ကွန်ပလက်စ် (People’s Park Complex) ရှိလေသည်။


တကယ်က ဒီနေရာဝန်းကျင်သည် မိမိတို့မြန်မာလူမျိုးများနှင့် မစိမ်းလှပေ။ လွန်ခဲ့သော အနှစ် ၂၀ ကျော်လောက်က မြန်မာသင်္ဘောသားများအပါအ၀င် စင်ကာပူရောက်မြန်မာအတော်များများသည် ပုလဲကုန်းကမူပေါ်ရှိ မြင်းခွာပုံတိုက်ကြီး (Pearl Bank Apartments)မှ အခန်းများမှာ ငှားရမ်းနေခဲ့ကြဖူး၏။ မိတ်ဆွေများကိုသွားတွေ့ရင်း ယင်းတိုက်ခန်းများသို့ မိမိကိုယ်တိုင် သုံးလေးခေါက်မျှ ရောက်ဖူးခဲ့ပါသည်။ 




မြင်းခွာပုံတိုက်ကြီး (ဓာတ်ပုံ - အင်တာနက်)




၁၉၈၈ ခုနှစ်တွင် မဆလအစိုးရ၏သက်တမ်းတိုသမ္မတ ဒေါက်တာမောင်မောင်ထံမှ အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်မှူးကြီး စောမောင်က မြန်မာနိုင်ငံကို အုပ်ချုပ်နေစဉ် တစ်ချိန်တည်းမှာ စင်ကာပူက မြင်းခွာပုံတိုက် ကြီးရှိ အခန်းအချို့ အား သူကြီးဦးစောမောင်ဆိုသူက စင်ကာပူရောက်မြန်မာအချို့ အား အခန်းငှားစားပြီး စီ မံအုပ်ချုပ်နေလေသည်။ သို့ဖြစ်ရာ 'သူကြီး' ဟူသောအခေါ်အဝေါ်နှင့် မြန်မာအချင်းချင်း အခန်းပြန်ငှားစား သောအလုပ်မှာ လွန်ခဲ့သည့်အနှစ် ၂၀ ကျော်ကပင် ရှိခဲ့ပြီးဖြစ်ပါလေ၏။ 



Taj မြန်မာဒန်ပေါက်ဆိုင် (ဓာတ်ပုံ - အင်တာနက်)



တရုတ်တန်းကုန်တိုက်ကြီးဖက်သို့ မိမိ ကူးလာသည်မှာ South Bridge Road နှင့် Mosque Street   လမ်းထောင့်ရှိ  မြန်မာဒန်ပေါက်ဆိုင် (Taj Authentic Indian Restraurant) သို့သွားပြီး အိမ်အ တွက်နေ့လည်စာ ဒန်ပေါက်ဝယ်ရန်ဖြစ်သည်။ ဒီဆိုင်မှ ဒန်ပေါက်ကို မိမိတို့မိသားစု အလွန်ကြိုက်ကြ၏။ အထူးသဖြင့် ကြက်သားကို အရိုးနေရာမှာ အရည်မရွှမ်းအောင်ခပ်ခြောက်ခြောက်လေးချက်ထားပြီး အသားအမျှင်များလည်း ပုံမပျက် အိအိထွေးထွေးအလွှာလိုက်ရှိနေခြင်းပင် ဖြစ်သည်။ ကြက်သားဟင်း အတုံးလိုမျိုး မဟုတ်။



တရုတ်တန်းကုန်တိုက်ကြီး (ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄) 



တရုတ်တန်းကုန်တိုက်ကြီးအထဲသို့ ရောက်သောအခါ အတွင်းပိုင်းအပြင်အဆင်များ အတော်လေးကို ပြောင်းလဲနေသည်ကို သတိပြုမိ၏။ မိမိ ဒီကုန်တိုက်အထဲသို့ မရောက်သည်မှာ ကြာတောင့်လှပြီဖြစ်၏။ ခရီးသွားလုပ်ငန်းဆိုင်များ (Travel Agencies) ကို ဆိုင်းဘုတ်သစ်သစ်လွင်လွင်များနှင့် အများအပြားတွေ့ ရသည်။ ဆိုင်များအားလုံးရှေ့ မှ ဖြတ်လျှောက်ရသည့် လမ်းကိုလည်း လမ်းလုံးပြည့် ကော်ဇော်ခင်းထား ပေး၏။ ကုန်တိုက်၏အနောက်ဖက်အပေါက်မှထွက်လိုက်သောအခါ New Bridge Road နှင့် Upper Cross Street လမ်းထောင့်ရှိ ‘ဟိုတယ် ၈၁’ ကိုတွေ့ရသောကြောင့် ကွယ်လွန်သူ သူငယ်ချင်းကိုခင်မောင်မြင့် (သရော်စာဝတ္တုတိုစာရေးဆရာမာန်မြင့်အား သတိတရဖြစ်မိသည်။ ဒီဟိုတယ်မှာ သူတို့မိသားစု တည်းသွား ခဲ့ကြ၏။ တရုတ်တန်းကုန်တိုက်ကြီးမှ မြန်မာဒန်ပေါက်ဆိုင်သို့ ၅ မိနစ်ခန့်သာလျောက်ရ၏။ Upper Cross Street လမ်းတစ်လျှောက်ရှိ စားသောက်ဆိုင်များမှာ သိသိသာသာပြောင်းလဲမှုမရှိချေ။

ဒန်ပေါက်ဆိုင်သို့ရောက်သောအခါ ဆိုင်မှအမျိုးသမီးက "အန်ကယ် အန်တီကောမပါဘူးလား" ဟုမေးသ ဖြင့် နေနဲနဲမကောင်းသောကြောင့် အိမ်မှာနားနေကြောင်းပြောပြရသည်။ မိမိတို့ဇနီးမောင်နှံသည် ဆိုင်ကို အတူ လာလေ့ရှိကြ၍ မေးခြင်းဖြစ်ပါလေ၏။ မိမိကလည်း သူ၏ကလေး ဘယ်အရွယ်ရောက်နေပြီလဲဟု မေးရသည်။ ၂ နှစ်ကျော်ဟု သိရသည်။ သူ့အမေက သူ့အိမ်မှာ ကြည့်ရှုပေးနေသည်ဆို၏။ နေ့ခင်း ၁ နာရီ  ခန့်တွင် ဆိုင်ထဲမှာ ထမင်းစားသူ ၅ ယောက် ၆ ယောက် ရှိနေ၏။ များသောအားဖြင့် အလုပ်ဖွင့်ရက်များ တွင် နေ့ခင်းထမင်းစားချိန်မှာ လူများလေ့ရှိ၏။ 




ရှရီမာရီအန်မန်ဟိန္ဒူဘုရားကျောင်းကြီး (ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄) 


ဒန်ပေါက်ဝယ်ပြီးသောအခါ ကားလမ်းကိုကူးပြီး မနီးမဝေးရှိ ဘတ်စ်ကားမှတ်တိုင်သို့ သွားပါသည်။ စနေနေ့ နေ့ခင်းဖြစ်သဖြင့် တရုတ်တန်းလမ်းများထဲရှိ ဆိုင်များတွင် ဒေသခံများနှင့် နိုင်ငံခြားခရီးသွားဧည့် သည်များ ဖြင့် စည်ကားစပြုနေပေပြီ။ ဒန်ပေါက်ဆိုင်နှင့်မလှမ်းမကမ်းရှိ စင်ကာပူနိုင်ငံ၏ အစောဆုံးဟိန္ဒူဘုရား ကျောင်းကြီးဖြစ်သည့် ရှရီမာရီအန်မန်ကျောင်း (Sri Mariamman Temple) တွင် နိုင်ငံခြားခရီးသွားဧည့် သည်များ ၀င်ထွက်နေကြသည်ကို မှတ်တိုင်မှ လှမ်းပြီးမြင်နေရပါသည်။ ဘုရားကျောင်းကို ဆေးပြန်သုတ် ထားရာ ပိုမိုလှပနေ၏။ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က အလုပ်မှအမျိုးသမီးမိတ်ဆွေတစ်ဦး ဤကျောင်းမှာ မင်္ဂလာဆောင်သဖြင့် ကျောင်းအတွင်းထဲသို့ ရောက်ဖူးခဲ့ပါသည်။ 



လမ်း၏လက်ယာဖက်မှာ အမိုးဘုံအဆင့်ဆင့်ရှိသော ဗုဒ္ဓအံတော်တိုက်ကျောင်းကို တွေ့နိုင်၏။(ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄)



ဘတ်စ်ကားက တော်တော်နှင့်မလာသဖြင့် မိမိသည် ဟိုဒီကြည့်ရင်း ဓာတ်ပုံအချို  ရိုက်ဖြစ်၏။ မှတ်တိုင်မှ လက်ဝဲဖက်ကို ကြည့်မိသောအခါ အမိုးဘုံအဆင့်ဆင့်ရှိသော ဗုဒ္ဓအံတော်တိုက်ကျောင်း (BuddhaTooth Relic Temple) ၏အပေါ်ပိုင်းကို ဓာတ်ပုံမှာတွေ့ရသည့်အတိုင်း လှမ်းပြီးမြင်နေရသည်။ မိမိတို့ဇနီးမောင်နှံ သည် မြန်မာရွာကြီးမှ ဘတ်စ်အမှတ် ၁၉၇ ကိုစီးပြီး အိမ်သို့ပြန်လေတိုင်း အံတော်တိုက်အား ဘတ်စ်ကား ပေါ်မှ ဖူးရလေ့ရှိပါသည်။ မိမိတို့သည် ကျောင်းတော်ကြီးအတွင်းသို့လည်း ၀င်ရောက်ဖူးခဲ့ပြီးဖြစ်သည်။ ထို နေ့က အံတော်အားဖူးမျှော်အပြီး ကျောင်းနှင့်ဘေးချင်းကပ်ရှိ ဆေဂိုလမ်း (Sago Street) ထဲရှိ ဈေးဆိုင် တန်းများကို လျောက်ကြည့်ကြရင်း တရုတ်ပြည်မှာ လက်ရာမြောက်စွာ ထွင်းထုခဲ့သည့် ကြည်ညိုဖွယ်ရာ ဆင်းတုတော်တစ်ဆူကို တွေ့ရသဖြင့် မှတ်မှတ်ရရ ၀ယ်ယူပူဇော်ခဲ့ဖြစ်ပါ၏။ 


















Sunday, May 18, 2014

မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား (၅)




၁၃၇၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်။





မြန်မာစာနှင့်မြန်မာစကားများကို ချစ်မြတ်နိုးသူတစ်ဦးအနေဖြင့် "မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား" ဆိုသည့်ခေါင်းစဉ်ဖြင့် မြန်မာစာ မြန်မာစကားဆိုင်ရာ ကောင်းနိုးရာရာဆောင်းပါးများကို မိမိ လက် လှမ်းမီသ၍  ယခုဘလော့စာမျက်နှာတွင် ရှာဖွေကူးယူတင်ပြပေးခဲ့သည်မှာ အမှတ် (၅) သို့ပင် ရောက်ခဲ့ပေ ပြီ။

သို့သော် ပြီးခဲ့သောဧပြီလတွင် တစ်ပုဒ်မျှ မတင်ဖြစ်ခဲ့ပါချေ။ ယနေ့မှ အမှတ် (၅) ကို ဆက်လက်တင်နိုင်ခဲ့ပါ ၏။ အားပေး ဖတ်ရှု လေ့လာမှတ်သားကြပါကုန်။




မြန်မာ့အလင်းသတင်းစာ (မေလ ၁၈ ရက်၊ ၂၀၁၄)။









Saturday, May 10, 2014

ဘာသာပြန်စာအုပ်များ





၁၃၇၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်။



စာရေးဆရာကြီးမောင်ထင်၏
မိုပါဆွန်း ၀တ္တုတိုများ။  



မြန်မာလူမျိုးအတော်များများသည် စာဖတ်သည်ကို ၀ါသနာပါကြ၏။ စာဖတ်ရန်နှစ်သက်ကြ၏။ 
ဘုန်းကြီးကျောင်းစာနှင့် သေစာရှင်စာလောက်သာ တတ်ကြသူများကော ကျောင်းစာကောင်းကောင်းတတ်ကြသူများပါ စာအုပ်စာစောင်တစ်ခုခုကိုတွေ့က ကောက်ပြီးယူဖတ်ကြလေ့ရှိ၏။
သတင်းစာကို ဖတ်သည်။ ဘုရားစာကို ဖတ်သည်။ သင်္ကြန်စာနှင့်ဗေဒင်ဟောစတမ်းများလည်း ဖတ်ကြသည်။ ကဗျာဖတ်သည်။ ၀တ္တုတို ၀တ္တုရှည်ဖတ်သည်။ ဆောင်းပါး ပြဇတ်များလည်း ဖတ်ကြသည်။ 

သည့်အပြင် ဘာသာပြန်စာအုပ်များကိုလည်း နှစ်သက်စွဲလန်းစွာ ဖတ်တတ်ကြပါသေးသည်။

မြန်မာပြည်တွင် အကြောင်းကြောင်းကြောင့် အင်္ဂလိပ်လိုမဖတ်နိုင်သော မဖတ်ဖြစ်သော မြန်မာစာဖတ်ပရိသတ် များအတွက် ဘာသာပြန်စာအုပ်များအများအပြားရှိသည်ဟုဆိုနိုင်ပါသည်။ မူလက မည်သည့်ဘာသာစကားဖြင့် ပင် ရေးသားထားစေကာမူ မြန်မာဘာသာပြန်စာရေးဆရာအများစု(အားလုံးလိုလို)က အင်္ဂလိပ်ဘာသာမှသာပြန် ဆိုကြလေ့ရှိသည်။

မြန်မာပြည်လွတ်လပ်ရေးမရခင်ကာလကတည်းကပင် ဘာသာပြန်စာအုပ်များရှိခဲ့ကာ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်မူ ဘာသာပြန်စာအုပ်များ အများအပြား ထွက်ရှိလာခဲ့လေသည်။ အမျိုးသားခေါင်းဆောင် ကြီးဗိုလ်ချုပ်
အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့က ရန်ကုန်မြို့  ပြည်လမ်းရှိ ဆိုရန်တိုဗီလာအဆောက်အဦတွင်
ပြုလုပ်ခဲ့သော မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအစည်းအဝေး၏ အဖွင့်မိန့်ခွန်းမှာ ..

“စာအုပ်များ ထုတ်ဝေရေးကိစ္စတွင် ကျယ်ပြန့်သောလူထုလက်သို့ ပေါက်ရောက်နိုင်သောဘာသာပြန်စာပေများ ထုတ်ဝေရေးကို အာရုံပြုသင့်ကြသည်။ ဘာသာပြန်ဌာနကြီးတခုကို ကျွန်ပ်တို့ဖွင့်လှစ်သင့်ကြသည်။“ ဟု တိတိ လင်းလင်း မိန့်မှာကြားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမိန့်မှာခဲ့ပြီး ၃ လခန့်အကြာဖြစ်သော ၁၉၄၇ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) ကို စတင်တည်ထောင်နိုင်ခဲ့ပါတော့
သည်။ နောင်တွင် စာပေဗိမာန်မှ ဦးစီးဦးရွက်ပြုကာ ဘာသာပြန်စာပေစာတမ်းဖတ်ပွဲများကျင်းပလျက် “ဘာသာ
ပြန်စာပေစာတမ်းများ”စာအုပ်များကို အတွဲများစွာ ပုံနှိပ်ထုတ်ဝေပေးခဲ့ပါသည်။

ထိုစဉ်က နဂါးနီစာပေမှ ဘာသာပြန်ထုတ်ဝေသော အိုင်းရစ်သူပုန်များဖြစ်ကြသည့် ‘မိုက်ကယ်ကောလင်း'၊ ‘ဒင်ဘရင်း’၊ ‘ကိုယ်ပျောက်စစ်သား'၊ ‘လက်သီးပုန်း'၊ ‘ဆင်ဖိန်း'၊ 'သင်းထိုက်နှင့်သင်းကံ' အစရှိသောစာအုပ်များကို
ဖတ်ပြီး မြန်မာလူငယ်များတွင် ဗြိတိသျှကိုလိုနီစနစ်ဆန့်ကျင်ရေးစိတ်ဓာတ်များ တစ်ဖွားဖွားပေါ်ပေါက်စေခဲ့ပါ
သည်။ တစ်နည်းဆိုရသော် ဘာသာပြန်စာပေသည် ကိုလိုနီစနစ်ဆန့်ကျင်ရေး၊ အမျိုးသားရေးနှင့်မြန်မာ့လွတ်
လပ်ရေးကြိုးပမ်းမှုများတွင် တစ်တတ်တစ်အားပါဝင်ခဲ့ကြောင်း ထင်ရှားပါသည်။
























တစ်ဖန် ဂျပန်ခေတ်အတွင်းတွင် ဘာသာပြန်ထွက်ရှိခဲ့သော ဆရာသခင်ဘသောင်း၏ 'ပန်းသာ မစာဥ'၊ ဆရာပီမိုးနင်း၏ 'သူရဲကောင်းသုံးယောက်' နှင့် ဆရာရွှေဥဒေါင်း၏ 'အိုင်ဗင်ဟို' စာအုပ်များမှာ မြန်မာစာပေတွင် တော် ၀င်ဘာသာပြန်လက်ရာစာအုပ်ကောင်းများအဖြစ် ကျန်ရှိခဲ့ပါသည်။ ၁၉၇၀ ခုနှစ်က မင်းသုဝဏ်၊ ဇော်ဂျီ၊ မောင်
ထင်၊ ဦးထင်ကြီး၊ ဦးခင်ဇော်၊ သခင်ဘသောင်း၊ ဦးတင်ဧ၊ ဇ၀န၊ ဦးဝင်းဖေ၊ မှူးတင်နှင့် တက်တိုးတို့ ပါဝင်ရေးသားကြသည့် "ဘာသာပြန်စာပေ” အမည်ရှိစာအုပ်ကို စာပေဗိမာန်ကပင် ထုတ်ဝေခဲ့ပါသေးသည်။ 

ဤစာရေးသူကိုယ်တိုင်ပင် ငယ်စဉ်က စာပေများဖတ်ရှုလေ့လာခဲ့စဉ်တွင် အခြားသောစာပေအမျိုးအစားများနှင့်အတူ ဘာသာပြန်စာပေများကို လက်လှမ်းမီသ၍အတော်များများဖတ်ရှုနိုင်ခဲ့ပါသည်။ ဘာသာပြန်စာအုပ်များတွင် ၀တ္တုအတိုအရှည် ကဗျာနှင့်ဆောင်းပါးများကို အဓိကအားဖြင့် ဖတ်ခဲ့ဖြစ်၏။ မြန်မာ့ဆိုရှယ်လစ်
     လမ်းစဉ်ပါတီခေတ်ဖြစ်သဖြင့် ဆိုရှယ်လစ် ကွန်မြူနစ်နိုင်ငံများမှ ဘာသာပြန်စာပေများကို ပိုပြီးဖတ်ခဲ့ဖြစ်၏။ တစ်ဖန် တိုးတက်သော လက်ဝဲယိမ်း လူငယ်စာရေးဆရာများကလည်း ဆိုရှယ်လစ် ကွန်မြူနစ်စာပေများကို မဂ္ဂဇင်းများတွင် စဉ်ဆက်မပြတ် ဘာသာပြန်ရေးသားခဲ့ကြပါသည်။ 

ကမ္ဘာ့ကျော်ရုရှားစာရေးဆရာကြီးများဖြစ်ကြသော လီယိုတောလ်စတွိုင်း၏ “စစ်နှင့်ငြိမ်းချမ်းရေး”၊ မက္ကဇင်ဂေါ်ကီ၏ “အမေ”၊ ဆရာဇော်ဂျီဘာသာပြန်သည့်နိုင်ငံခြားဝတ္တုတိုများစသဖြင့်။ တစ်ချိန်တည်းမှာ ဆရာမြသန်းတင့်ဘာသာပြန်ရေးသားပြီး အမျိုးသားစာပေဆုရရှိခဲ့သော အမေရိကန်စာရေးဆရာမ မာဂရက်မစ်ချယ်၏
      လေရူး သုန်သုန်၊ ဆရာမောင်ဆုရှင်ဘာသာပြန်ရေးသားပြီး အမျိုးသားစာပေဆုရခဲ့သောကမ္ဘာ့ကျော်စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး၏ 'ပင်လယ်ပြာနှင့်တံငါအို' စာအုပ်များသည်လည်း ဘာသာပြန်စာဖတ်ပရိသတ်၏စိတ်ကြိုက်ဘာသာပြန်စာအုပ်များဖြစ်ခဲ့ပါသည်။

၁၉၃၇ခုနှစ်မှာ စတင်ထူထောင်ခဲ့သည့် နဂါးနီစာပေတိုက်၏စိန်ရတုပြည့်အခမ်းအနားကို ရန်ကုန်မြို့တွင် စည်စည်ကားကား ကျင်းပခဲ့သည်။    


အမျိုးသားဇာတ်ရုံ၌ပြုလုပ်သော နဂါးနီ ၇၅နှစ်ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲ၊ စာအုပ်ဈေးပွဲတော်နှင့်ကာတွန်းပြပွဲများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့်ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှဥက္ကဌ ဦးသုဝေတို့အပြင် စစ်ထာက်လှမ်းရေးအကြီးအကဲဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးခင်ညွန့်လည်း တက်ရောက်ခဲ့၏။


သို့ဖြစ်ပေရာဘာသာပြန်စာအုပ်များကို ပြန်ဆိုရေးသားခဲ့ကြသောစာရေးဆရာကြီးများနှင့် ယင်းဘာသာပြန်စာ
အုပ်များအား ရွေးခြယ်ပုံနှိပ်ထုတ်ဝေပေးခဲ့ကြသည့်ထုတ်ဝေသူများအားလုံးကို ကျေးဇူးအထူးတင်ရှိရပါသည်။























Friday, May 2, 2014

မြန်မာသတင်းတိုများ (မေလ၊ ၂၀၁၄)




၁၃၇၆ ခုနှစ် ၊ ကဆုန်လဆန်း ၄ ရက်၊ 







  • ရဲဦးစီးချုပ် ခရီးစဉ်အတွက် ကုန်ကျစရိတ်ကို ဒေသခံဝန်ထမ်းများထံမှ ကောက်ခံနေ



စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်သို့ ဧပြီလအတွင်းက လာရောက်ခဲ့သည့် ရဲဦးစီးချုပ် ရဲမှူးကြီးဝင်း ခေါင်၏ခရီးစဉ်အတွက်၌ ရဲမှူးကြီးက ကုန်ကျစရိတ်ကို ဒေသခံဝန်ထမ်းများထံမှ မကောက် ခံရန်မှာကြား ထားခဲ့သော်လည်း ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခရီးစဉ်ကုန်ကျစရိတ်များကို ဒေသခံရဲစခန်း၊ ရဲကင်းများ ထံက ခွဲတမ်းချကောက်ခံလျှက်ရှိသောကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ အခက်အခဲများစွာ  ကြုံတွေ့နေကြရ ကြောင်း ကြားသိရသည်။ 





  • ကေပေါ့ပ်အဖွဲ့ မြန်မာပြည်နိုင်ငံ လာရောက်ဖျော်ဖြေ






ကိုရီးယား အမျိုးသမီးကေပေါ့ပ်ကြယ်ပွင့်များဖြစ်ကြသည့် Girl’s Day၊ Dal Shabet နှင့် TINT၊ အမျိုးသား ကေ ပေါ့ပ်ကြယ်ပွင့်အဖွဲ့ M.I.B တို့သည် ဧပြီလ ၃၀  ရက်နေ့ ညပိုင်းက ရန်ကုန်မြို့  သုဝဏ္ဏအားကစားကွင်း၌ ပထမ ဆုံးအကြိမ်အဖြစ်လာရောက် ဖျော်ဖြေခဲ့ကြကြောင်း ကြားသိရသည်။   




  • ယာဉ်ထိမ်းရဲများ နေကာမျက်မှန်တပ်ပြီး အလုပ်လုပ်နိုင်


လမ်းမကြီးနှင့်လမ်းဆုံလမ်းခွများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ယာဉ်ထိမ်းရဲတပ်ဖွဲ့ဝင်များ သည် ရာသီဥတုပူပြင်းသဖြင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် မျက်စိနာခြင်းဖြစ်စေနိုင်သဖြင့် နေကာမျက်မှန် တပ်ဆင်ပြီး တာဝန်ထမ်းဆောင်ခွင့်ရကြောင်း ကြားသိရသည်။ 


ယင်းသို့ နေကာမျက်မှန်တပ်ဆင်ကာ တာဝန်ထမ်းဆောင်ခြင်းသည် ယာဉ်ထိမ်းရဲတပ်ဖွဲ့သမိုင်းတွင် ပထမ ဆုံးဖြစ်သည်ဆို၏။ 





  • ကုသိုလ်တော်ဘုရားကျောက်စာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီ


ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်မှု အထိမ်းအမှတ် Logo (ကြေးမုံ - မေလ ၁၀ ရက်၊ ၂၀၁၄)။


၁၈၆၈ ခုနှစ်က ကုသိုလ်တော်ဘုရားတွင် ဗုဒ္ဓဘာသာပိဋ္ဋိကတ်ကျမ်းတစ်ခုလုံးအား  ကျောက်ထက်ကမ္ပည်း အက္ခရာတင်ခဲ့သော ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်မှု (UNESCO Memory of the World) အထိမ်းအမှတ် Logo စိုက်ထူပွဲ အခမ်းအနားကို မေလ ၈ ရက် နံနက် ၉  နာရီက မန္တလေးတောင်ခြေအနီးရှိ မဟာ လောကမာရဇိန်ကုသိုလ်တော်ဘုရား၌ ကျင်းပကြောင်း သိရှိရသည်။ 


  • မြန်မာ့နိုင်ငံတကာလေဆိပ်များ အွန်လိုင်းဗီဇာ စတင်မည်


၂၀၁၄ ခုနှစ် စက်တင်ဘာလဆန်းမှစပြီး မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာလေဆိပ်များတွင် အွန်လိုင်းဗီ ဇာ(e.Visa) စနစ်ကို ပထမအဆင့်အနေဖြင့် စတင်ရန်စီစဉ်နေကြောင်း ကြားသိရသည်။


  • အလှပြင်ဆိုင်အမည်ခံကာ အနှိပ်ခန်းဖွင့်



စမ်းချောင်းမြို့ နယ် ရှင်စောပုရပ်ကွက်ရှိတိုက်ခန်းတစ်ခုတွင် အလှပြင်ဆိုင်အမည်ခံကာ အနှိပ်သမအမျိုးသမီး ၅ ဦးဖြင့် အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေသဖြင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တရားရုံးသို့ ဦးတိုက်လျှောက် ထားမည်ဖြစ်ကြောင်း ကြားသိရသည်။ 



  • နှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိ သစ်ထွင်းလှေ ထိန်းသိမ်းးထား


ဓာတ်ပုံ - ကြေးမုံ (မေလ ၁၄ ရက်၊ ၂၀၁၄)


ပခုက္ကူမြို့ နယ် အင်းဝိုင်းရွာ ဘုန်တော်ကြီးကျောင်းတွင် အရှည် ၃၅ ပေ၊ အနံ ၃ ပေနှင့် ၈ လက်မ ရှိ ရှေးမြန်မာ့ရိုးရာ သစ်လုံးထွင်းပြိုင်လှေတစ်စီးကို ကျောင်းထိုင်ဆရာတော်များက ခေတ်အဆက်ဆက် ထိန်းသိမ်းခဲ့ကြကြောင်း သိရှိရသည်။




























Thursday, May 1, 2014

ထူးခြားသတင်း (၄)




၁၃၇၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်။



  • မန္တလေး-ရန်ကုန်အမြန်လမ်း အကျွတ်အလွတ်ဒါနပွဲပြုလုပ်မည်



မန္တလေး-ရန်ကုန် အမြန်လမ်းတွင် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူများ များပြားလာနေသော ကြောင့် အကျွတ်အလွတ်ဒါနပွဲ ပြုလုပ်လျက် အစားအစာကျွေးမွေးခြင်း၊ တောစောင့်နတ် တောင်စောင့်နတ် အပေါင်းတို့အား တောင်းပန်ခြင်း၊ ဆုတောင်းအမျှပေးဝေခြင်း၊ သစ်ပင်အစားထိုးစိုက်ပျိုးခြင်းတို့ ပြုလုပ်မည် ဖြစ်ကြောင်းနှင့် "ဒီအမြန်လမ်းမကြီးဟာ ပဲခူးရိုးမကို ကျော်ဖြတ်ပြီး ဖောက်လုပ်ထားတာကြောင့် သစ်ပင်ကြီး တွေကို ခုတ်လဲပစ်လို့ သူတို့တစ်တွေ နေစရာမရှိတော့တာနဲ့ အခုလို အနှောင့်အယှက်ပေးနေသလား တွေး မိတယ်။ မကျွတ်မလွတ်ဘ၀နဲ့ ရှိနေကြလိမ့်မယ်ယုံကြည်လို့ ဒီအမျှဝေပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါတယ်" ဟု ပြောကြားကြောင်း ကြားသိရသည်။ 




၁၃၇၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်။ 18 May 2014 (Sunday)





      ဤကဲ့သို့သော သတင်းမျိုးကို ယခင်အခါများက အစိုးရသတင်းစာများတွင် "မြန်မာ့သတင်းစဉ်"မှ ထည့်သွင်းဖော်ပြပေးလေ့ မရှိပေ။



  • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဟောပြောပွဲကျင်းပ  


မြန်မာ့အလင်းသတင်းစာ (မေလ ၁၈ ရက်၊ ၂၀၁၄)







  • ပဒေါင်လည်ပင်းကြေးကွင်းများကို ဆင်းတုတော်သွန်းလောင်းလှူဒါန်း





ဒီအဖွားက အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ပဒေါင်တိုင်းရင်းသူ ... သူ့အသက် ၁၂ နှစ်ကထဲက လည်ပင်းမှာ ကြေးကွင်းတွေစွပ်ထားခဲ့တာ ၇၅ နှစ်အထိတဲ့ ... မနှစ်ကတော့ သူ အမြတ်တနိုးဝတ်ထားတဲ့ လည်ပင်းက ကြေးကွင်းတွေကိုချွတ်ပြီး Mandalay ကိုသွား ... အရည်ကျို ....ဘုရားဆင်းတုတော်လောင်းတာကို ထိုင် စောင့်ကြည့် ... ပြီးတော့ သူ့နယ်ဖြစ်တဲ့ ကယားပြည်နယ် မိုးဗြဲမြို့ လေးက ဘုန်းကြီးကျောင်းကို လှူဒါန်း လိုက်ပါတော့တယ်။ 

(MMcities News/Media Website နှင့် Facebook တို့မှ မူရင်းအတိုင်း ထုတ်နှုတ်ကူးယူဖော်ပြပါသည်။)




















ဆိုရေးရှိက ဆိုအပ်လှ၏




၁၃၇၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ 



အခုခေတ်က စစ်အုပ်ချုပ်ရေးခေတ်တုန်းကလို ပြည်သူလူထုအများစုကြီးအနေဖြင့် အုပ်ချုပ်သူလူတန်းစား တွေရဲ့  ပြောသမျှကို ဟုတ်ဟုတ် မဟုတ်ဟုတ် ခေါင်းငုံ့ခံနားထောင်ခဲ့ကြရပြီး သူတို့အကြိုက်ကို တမင်လိုက် ကာ 'ဗောင်းတော်ညိတ် စိတ်တော်သိ' ကြရတဲ့ ခေတ်မျိုး မဟုတ်တော့ပါဘူး။

ပြောရေးရှိက ပြောရဲပြီး
ဆိုရေးရှိက ဆိုရဲကြရမယ့်ခေတ်ပါ။

ဒါကြောင့် ဒီအကြောင်းတွေကို ပြောကြရအောင်ပါ။




  • တာဝန်ခံမှု တာဝန်ရှိမှုကို သည့်ထက်ပိုပြီး တာဝန်ခံကြ တာဝန်ယူကြ 


ဧပြီလ ၃၀ ရက်နေ့ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာရဲ့  အယ်ဒီတာ့အာဘော်မှာ အထက်ပါခေါင်းစဉ်နဲ့ ရေးထား တာကို ကောက်နှုတ်ဖော်ပြလိုက်ရပါတယ်။


/// တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟောင်ဝန်ဟာ ခရီးသည်တင်ကူးတို့သဘောင်္တိမ်းမှောက်လို့ ခရီး သည်တွေ သေဆုံးရတဲ့ကိစ္စမှာ အစိုးရအနေနဲ့ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ တာဝန်မကင်းဘူးဆိုတဲ့အမြင်နဲ့ ရာ ထူးကနေ နုတ်ထွက်လွှာတင်သွားခဲ့တယ်။

တစ်ခါ ဂျပန်နိုင်ငံ ကိုဘေးမြို့  ငလျင်ဖြစ်ပွားစဉ်ကလည်း ငလျင်ဒဏ်ခံရတဲ့ ကိုဘေးမြို့ သူမြို့ သားတွေအ တွက် ရေစီမံကိန်းအလျင်အမြန်အကောင်အထည်ဖော်မပေးနိုင်ရခြင်းဟာ သူရဲ့ စီမံခန့် ခွဲမှု ညံ့ဖျင်းမှုကြောင့် ဆိုပြီး ကိုဘေးမြို့ တော်ဝန်ဟာ တိုက်တစ်လုံးပေါ်မှ ခုန်ချသတ်သေသွားခဲ့ဖူးပါသေးတယ်။  

မိမိတို့တိုင်းပြည်မှာဆိုရင် ဒီနှစ်ဇန်န၀ါရီကနေ ဧပြီလအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းလမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှု ၁၄၀ ကျော်ဖြစ်ခဲ့ပြီး လူ ၅၀ ကျော် သေဆုံးခဲ့ရပြန်ပါတယ်။ မကြာခဏဆိုသလို တိုက် တွေပြိုကျလို့ လူအသေအပျောက်တွေ ရှိနေပါတယ်။

မည်သည့်နိုင်ငံမှာမဆို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အစိုးရအဖွဲ့တွေဟာ တိုင်းပြည်ရဲ့ သာရေးနာရေးကိစ္စ အားလုံးအပေါ်မှာ တာဝန်ရှိပါတယ်။


မိမိတို့တိုင်းပြည်တွင်လည်း တိုင်းပြည်တာဝန်ရှိသူများ၊ တာဝန်ယူထားကြသူများအနေနဲ့ တာဝန်ရှိမှု တာဝန် ခံမှုကို သည့်ထက်ပိုပြီးတာဝန်ခံကြဖို့ တာဝန်ယူကြဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ ///    





  •  နိုင်ငံရေး နိုင်ငံ့အရေး


ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း။

၂၀၁၀ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးရာထူးကနေ အနားယူခဲ့ပြီး ယခုအခါမှာ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ (Union Solidarity and Development Party - USDP) ရဲ့  ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်များယူထားသူ သူရဦးရွှေမန်းက ပြည်ထောင်စုကြံ့ခိုင်းရေး ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရဲ့ အာဘော်ဖြစ်တဲ့ The Union Daily မှာ အထက်ကခေါင်းစဉ်နဲ့ ဒီကနေ့ ရေးထားတာကို ကောက်နှုတ် ဖော်ပြလိုက်ရပါတယ်။

/// နိုင်ငံရေးလုပ်တာ အများအတွက်၊ တိုင်းပြည်အတွက်ဖြစ်တယ်။ ဒီလိုခံယူလုပ်ဆောင်ရင်း နိုင်ငံရေးလုပ်တာ ကောင်းတယ်။ ဒီလိုဆိုရင် သူတို့ကို နိုင်ငံရေးမလုပ်ရ၊ လုပ်ခွင့်မပြုဘူးဆိုရင် မတရားဘူး၊ မမျှတဘူး။ သူတို့ လည်း ပါဝင်ခွင့်မရဘူးဆိုရင် ကျေနပ်မှာမဟုတ်ဘူး။ ကန့်သတ်ပိတ်ပင်တားဆီးနေလျှင် ခံမှာမဟုတ်ဘူး။ အာ ဏာနဲ့တားဆီးလုပ်ဆောင်ထားလျှင်လည်း ဆန့်ကျင်နေမှာပဲ။ ဥပဒေနှင့်ပိတ်ပင်ထားလည်း လွတ်မြောက် အောင် ရုန်းထွက်မှာပဲ။
 နိုင်ငံသားလေ - နိုင်ငံသားတစ်ယောက်၏ အခြေခံရပိုင်ခွင့် အခွင့်အရေးတွေကို ပေးရမယ်။ လေးစားရမယ်။ သူ့ မှာလည်း နိုင်ငံတော်ကိုကာကွယ်ဖို့၊ ချစ်မြတ်နိုးဖို့၊ အကျိုးပြုဖို့တာဝန်တွေ ရှိတာပဲ။ ကိုယ်ပဲချစ်မယ်၊ ကိုယ်ပဲ ချစ်တယ်၊ ကိုယ်ပဲကာကွယ်ခွင့်ရှိတယ်လို့ပြောဖို့ လုပ်ဆောင်နေရင် တရားမျှတမှုမရှိဘူး။ မမှန်ကန်ဘူး။

ဆင်းရဲတဲ့ နိုင်ငံ၊ ဒုက္ခပင်လယ်ဝေတဲ့နိုင်ငံဖြစ်လာတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားညီ ညွတ်ရေးများ ဆုံးရှုံးခဲ့ရတယ်။ နစ်နာတော့ တိုင်းရင်းသား ပြည်သူများ၊ မိမိနိုင်ငံသားများ။ ဒါကြောင့် ကမ္ဘာမ ပြောနဲ့၊ အာရှ-အရှေ့တောင် အာရှတွင်ပင် သူများနှင့်တန်းတူရှိဖို့ ကြိုးစားရဦးမယ်။

ဒီကိစ္စတွေပြင်ဆင်ဖို့၊ ပြုပြင်ပြောင်းလဲ ဖို့ အကောင်းဆုံးအချိန်ဟာ ဒီအချိန်ပဲ။ ဒီအချိန်မှာ နိုင်ငံခေါင်းဆောင် ပိုင်းက အတိတ်သင်ခန်းစာတွေကိုရယူပြီး လက်ငင်းအခြေအနေအရ နိုင်ငံကောင်းဖို့၊ ၊ ပြည်သူအများ အကျိုး ရှိဖို့အတွက် အမှန်အတိုင်း ရဲရဲတွေး၊ ရဲရဲဆုံးဖြတ်ပြီး၊ ရဲရဲလုပ်နိုင်ကြဖို့ လိုပါတယ်။ ကိုယ်နှင့်ကိုယ့် အဖွဲ့ထဲက ယုံကြည်ရသူ တစ်ယောက်စနှစ်ယောက်စ၏ အကြံအစည်လေးနဲ့လုပ်နေတာထက် ကိုယ်နှင့် သဘောထား တူတူ မတူတူ အမှန်ကို ပြောဝံ့သူ၊ ပါတီတူ ပါတီကွဲထဲက အဓိကကျသူနှင့် ညှိနှိုင်းအဖြေရှာလျှင် မြန်မာတို့၏ ပစ္စုပ္ပန်နှင့်အနာဂတ်အတွက် လှပစေမှာဖြစ်ပါတယ်။


ဒီမိုကရေစီကျင့်စဉ် ရင့်သန်ဖို့ အချိန်တစ်ခုလိုတာ မှန်တယ်။ လိုအပ်ချက်ကို အချိန်နှင့်ပဲ တိုင်းတာရမယ်။ အ လုပ်တစ်ခုကို လုပ်သင့်တာ မလုပ်မိရင်လည်း မှားတာပဲ။ လုပ်သင့်တာတွေရှိနေပြီ၊ သိနေပြီ၊ လုပ်ကြဖို့လိုတယ်။ ဒီမိုကရေစီ မရင့်သန်လျှင် ရင့်သန်အောင်လုပ်ရမယ်။ ဒီမိုကရေစီက ကျင့်စဉ်မို့ လို့ ကျင့်စဉ်အတွက် လေ့ကျင့် ပေးရမယ်။ လေ့ကျင့်ရဲရမယ်။ တာဝန်ယူရဲရမယ်။ လမ်းကြောင်းက သွေဖည်မယ်ဆိုလျှင်လည်း သွေဖည်သူကို စနစ်ကလည်းကောင်း၊ ပြည်သူကလည်းကောင်း ဒဏ်ခတ်ပါလိမ့်မယ်။


 နိုင်ငံရေးကို စိတ်မဝင်စားဘူး။ စားဝတ်နေရေး၊ လူမှုရေးကိုပဲ စိတ်ဝင်စားတယ်။ နိုင်ငံတည်ငြိမ် အေးချမ်း ရေးကိုပဲ လိုချင်တယ်ဆိုကြသူများသည်လည်း တကယ်တော့ ထိုကဲ့သို့ လိုချင်သည်ဆို သောအကြောင်းအ ရာကိစ္စများသည် နိုင်ငံ့အရေး၊ နိုင်ငံရေးပင်ဖြစ်ပါတယ်။ ///       














Tuesday, April 29, 2014

အခါလွန်ပိတောက်




၁၃၇၆ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်။





ဓာတ်ပုံ ဖိုးတာ။ 





Jurong West Street 42 ရဲ့  မြောက်ဖက် အမြန်လမ်းကြီးဘေးမှာ တွေ့ရတဲ့ အခါလွန်ပိတောက်ပန်းများ။ (ဓာတ်ပုံ ဖိုးတာ)







တစ်နေ့အလုပ်ကပြန်လာတော့ ခရီးရောက်မဆိုက်မှာ ဇနီးဖြစ်သူက ..
“အဖေကြီး ဒီမှာလာကြည့်စမ်း ဟိုမှာတွေ့တယ်မဟုတ်လား၊ ပိတောက်ပန်းတွေ ပွင့်နေတာ လှလှချေသေးတော့” လို့ အိမ်အနောက်ဖက်က ပိတောက်ပင်တွေကို လက်ညှိုးထိုးပြပါတယ်။

စာရေးသူက အိမ်က ၀ရန်တာကနေကြည့်လိုက်တော့ ဓာတ်ပုံထဲမှာတွေ့မြင်ကြရတဲ့အတိုင်းပါဘဲ။ 

အပင်ထိပ်မှာ ပိတောက်ပန်းတွေ ၀ါထိန်နေအောင်ကို ပွင့်နေလိုက်ကြတာ။ ပိတောက်ပွင့်တာကို တစ်သက်နဲ့တစ်ကိုယ် တစ်ခါဖူးမှမတွေ့မြင်ဘူးတဲ့အတိုင်းကို စိတ်ထဲမှာ ၀မ်းသာမိတယ်။ 

မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးပြင်းလာခဲ့သူဖြစ်လို့မို့ နွေရယ်.. တန်ခူးလရယ် .. ပိတောက် ရယ်.. သင်္ကြန်ရယ်ကို တွဲဖက်ပြီး ခံစားစွဲမှတ်တတ်တာ။ ကြည်နူးနှစ်သက်မိတာ။ 

တစ်နှစ်လာလဲ နွေရယ်.. တန်ခူးလရယ် .. ပိတောက်ရယ်.. သင်္ကြန်ရယ်၊

နောက်နှစ်တွေ နောက်နှစ်တွေမှာလဲ  နွေရယ်.. တန်ခူးလရယ် .. ပိတောက်ရယ်.. သင်္ကြန်ရယ်ပဲ။

တစ်နှစ် တစ်နှစ် ရိုးသွားတယ်လို့ကို မရှိပါဘူး။ 


သီချင်းတစ်ပုဒ်ရဲ့ ခေါင်းစဉ်က ‘ပိတောက်လည်းပွင့်ပြီ သင်္ကြန်လည်းကျပြီ’ တဲ့လေ။ 

ဟုတ်ပါတယ်။ ဒါက ပုံမှန်သဘာဝပေပဲ မဟုတ်လား။ 

သို့ပေမယ့် တစ်ခါတစ်ရံမယ်တော့ ပိတောက်ပန်းတွေက တစ်ချို့ နေရာတွေမှာ သင်္ကြန်ကျပြီးတဲ့ အခါမှ ပွင့်တာမျိုးရှိတတ်တယ်။ 

ဒီအခါမှာ လူတွက ‘အခါလွန်ပိတောက်’ရယ်လို့ ချစ်စရာအမည်လေး တစ်မျိုးတစ်ဖုံတပ်ပြီး လှလှပပလေး ခေါ်ကြပြန်ကော။

အခုနှစ် သင်္ကြန်မတိုင်မီက စင်ကာပူမှာ အခါတိုင်းနှစ်တွေထက် ရာသီဥတုက ပိုပြီးပူလိုက်သေး တယ်။ သိကြတဲ့အတိုင်းပါပဲ။ သင်္ကြန်နားနီလို့ မိုးရွာတော့ သင်္ကြန်မိုးဆိုတာလေ။ အဲဒီသင်္ကြန်မိုးနဲ့  အတူ ပိတောက်ပန်းတွေ ပွင့်လာတတ်စမြဲမို့ သင်္ကြန်ရယ် သင်္ကြန်မိုးရယ် ပန်းပိတောက်ရယ်လို့ တင်စားပြော ဆိုကြပြန်တယ်။ 

စောစောကပြောခဲ့သလို စင်ကာပူမှာ ရာသီဥတုအတော်လေးပူပြီးနောက် သင်္ကြန်မတိုင်မီကလေးမှာ သင်္ကြန် မိုးလေး အနည်းအပါးရွာလိုက်သေးတယ်။ တစ်ခြားနေရာတွေတော့ မပြောတတ်ဘူး။ စာရေးသူတို့အိမ် အနောက်ဖက်ကပိတောက်ပင်ကြီးတွေမှာ အခါတိုင်းနှစ်တွေကလို ပိတောက်ပန်း တွေ ပွင့်တာမတွေ့ရဘူး။ သင်္ကြန် ကာလအတွင်းမှာ ပိတောက်ပန်းမပွင်တဲ့ အဲဒီပါတောက်ပင်ကြီး တွေကိုကြည့်ပြီး စိတ်ထဲမှာ တစ်မျိုး တစ်ဖုံကြီး ခံစားမိသလိုပဲ။

သင်္ကြန်ပြီးလို့ အခါလွန်တဲ့ မနေ့တစ်နေ့ကမှ ပွင့်လာကြတာ။  


အဲဒီလို အခါလွန်ပိတောက်ပန်းတွေကို စာရေးသူ စင်ကာပူရောက်စ ၁၉၉၀ ခုနှစ် ဧပြီလကုန်ခါနီး မှာ မှတ် မှတ်ရရ တွေ့ခဲ့ရဖူးသေးတယ်။ မှတ်မှတ်ရရလို့ပြောရတာက လမ်ဘေးပလက်ဖောင်းပေါ်မှာ ခြေချ စရာမရှိ အောင် ကြွေကျနေတဲ့ ပိတောက်ပန်းတွေ လမ်းသွားလမ်းလာတွေက အမှုမဲ့အမှတ်မဲ့ (ပိတောက်ချစ်သူတွေ အဖို့ကတော့ အကျင်နာမဲ့စွာ) နင်းခြေသွားကြတာကို ပထမဆုံးတွေ့မြင်ခဲ့ရလို့ပါ။






Tuesday, April 22, 2014

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်





၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်။





မိမိသည် ဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို ပုဂ္ဂိုလ်အရ သိကျွမ်းမှုမရှိခဲ့ပါ။

သို့သော် မြန်မာသတင်းစာဆရာကြီးများအဖြစ် မိမိ ငယ်စဉ်အခါက အထူးလေးစားခဲ့ရသည့် လက်ဆယ် ချောင်းမပြည့်သော အရေအတွက်တွင် ဟံသာဝတီဦးဝင်းတင် ပါရှိနေပါသည်။ 

ဆရာကြီးသည် ဒီမှာဖက်တွင် ရဲရဲတောက်နိုင်ငံရေးပုဂ္ဂိုလ်ကြီးအဖြစ် လူသိများသည်မှန်သော်လည်း ၁၉၆၀ ပြည့်နှစ်များက မိမိကြားသိခဲ့ဖူးသော နိုင်ငံကျော်သတင်းစာဆရာကြီးများဖြစ်ကြသည့် ဆရာဦးသိန်းဖေမြင့်၊ ဆရာအောင်ဗလ ခေါ် ကြေးမုံဦးသောင်း၊ ဆရာချစ်ကြည်ရေး ကြည်ညွန့်တို့ကဲ့သို့ပင် မိမိ၏အသိဝယ် ဆရာ ကြီးအား သတင်းစာဆရာကြီးအဖြစ်သာ ပို၍ကြည်ညိုလေးစားနေမိဆဲ ရှိနေပါသး၏။ 


ဟံသာဝတီဦးဝင်းတင်ဟူ၍ ...





ကြေးမုံသတင်းစာ (ဧပြီလ ၂၂ ရက်၊ ၂၀၁၄)




မြန်မာ့အလင်းသတင်းစာ (၂၄ ရက် ဧပြီ၊ ၂၀၁၄)




ရေဝေးသုသာန်တွင် ဒေါ်အောင်ဆန်းစုကြည် လာရောက် ဂါရ၀ပြုခဲ့သည်။ (ဓာတ်ပုံ - RFA)




ဒီကနေ့ထုတ်ကြေးမုံသတင်းစာတွင် ဦးဝင်းတင်ကို ‘ကြေးမုံသတင်းစာထူထောင်ခဲ့သူ’ဟု သတင်းခေါင်းစီး တပ်ပြီး ရေးထားပါသည်။ သို့သော် စာရေးသူ၏အသိတွင် စွဲမှတ်နေမိသည်မှာ  ကြေးမုံသတင်းစာတိုက်ကို ထူထောင်ခဲ့သူသည် ဆရာအောင်ဗလ ခေါ် ကြေးမုံဦးသောင်းဟူ၍ဖြစ်လေသည်။ မိမိအနေဖြင့် အမှတ်မှား နေခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။ 

၁၉၇၁ ခုနှစ်ကထုတ်ဝေသော ကြေးမုံဦးသောင်းရေးသားသည့်”ဗမာ့ခေတ်မှ ကြေးမုံသို့”စာအုပ်ကို အမှာစာ ရေးပေးခဲ့သူ ဗီးလတ်ပြန်သတင်းစာသမားကြီး ဆရာညိုမြက "အောင်ဗလခေါ် ကိုသောင်းကား အတောင် အလက်မစုံသေး၍ ဗမာ့ခေတ်သတင်းစာမှာ လေးငါးနှစ်ဝါဆိုပြီးမှတစင်ထောင်သူဖြစ်ပါသည်။ သူထူထောင် သော ကြေးမုံသတင်းစာမှာ စတင်ထုတ်ဝေသည့်နေ့မှစ၍ တရှိန်ထိုးတက်ကာ ကောင်းကင်လေမိနေပြီဖြစ် ပါသည်။" ဟု ရေးခဲ့သည်ကို မှတ်သားရပါသည်။ 

အချို့ ကမူ ကြေးမုံသတင်းစာကို ကြေးမုံဦးသောင်း၊ စိန်ခင်မောင်ရီတို့နှင့် အတူ ဆရာကြီးဦးဝင်းတင်က ထူ ထောင်ခဲ့သည်ဟုလည်းပြောကြပါသည်။ နောက်နောင်အချိန်ရမှ ဤအကြောင်းအား သီးသန့်ရှာဖွေစုံစမ်း ကြည့်ပါဦးမည်။

မိမိသည် ဆရာကြီးဦးဝင်းတင်အား သတင်းစာဆရာကြီးအဖြစ် ဦးစွာသိရှိလေးစားပြီးမှ ကိုယ်ကျိုးစွံ့ရဲရဲ တောက် နိုင်ငံရေးသမားကြီးအဖြစ် သမိုင်းကြောင်းအလှည့်အပြောင်းမှာ တစ်ခါထပ်ပြီး သိလာရခြင်းဖြစ် လေသည်။ ဒါနဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်က ..

"စာနယ်ဇင်းလောကနှင့်နိုင်ငံရေးလောကသည် 'ပန်းနှင့်ခေါင်း' ပမာ ဆက်စပ်နေသကဲ့သို့၊ အယ်ဒီတာနှင့်နိုင် ငံရေးခေါင်းဆောင်မှာလည်း ခွဲမရပေ။ တချိန်က တ၊က၊သ စာစောင် အိုးဝေအယ်ဒီတာ ကိုအောင်ဆန်းသည် နောင်တွင် အမျိုးသားနိုင်ငံရေးခေါင်းဆောင်ကြီး ဖြစ်လာခဲ့သည်။ ထိုနည်းတူစွာ ဟံသာဝတီသတင်းစာအယ်ဒီ တာချုပ်ဟောင်း ဆရာဦးဝင်းတင်သည်လည်း ယနေ့ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပြည်သူလူထုနှင့် အတူ တိုက်ပွဲဝင်လျက်ရှိပေသည်" ဟု သူ၏ 'မြန်မာပြည်က ပေးစာများ' (Letter from Burma) စာအုပ်မှာ ရေးသား ခဲ့ဖူးသည်။  




သတင်းစာဆရာများ၏ နိုင်ငံခြားလ့လာရေးခရီးစဉ်မှ ဆရာဦးဝင်းတင် (ယာစွန်)
မြန်မာ့အလင်းသတင်းစာ (၂၃ ရက် ဧပြီ၊ ၂၀၁၄)



ဆရာကြီးဦးဝင်းတင်ကို မိမိသည် ပုဂ္ဂိုလ်ရေးအရ ယခင်အခါများက သတင်းစာဆရာကြီး (journalist) အ ဖြစ်ဖြင့် ပို၍သိရှိလေးစားခဲ့မိကြောင်းကို အထက်တစ်နေရာတွင် ပြောခဲ့ပြီးဖြစ်ပါသည်။ 

တကယ်က မိမိကဲ့သို့ အဝေးမှမဟုတ်ဘဲ ဆရာကြီးဦးဝင်းတင်နှင့်ရင်းရင်းနှီးနှီး လုပ်ကိုင်ခဲ့ဖူးသူ သတင်းစာ ဆရာအချို့ ကလည်း ယင်းသို့ပင် မှတ်ချက်ပေးခဲ့ကြကြောင်း နောင်မှာ မိမိ သိရှိလာခဲ့ပါသည်။
ကြေးမုံသတင်းစာ အယ်ဒီတာချုပ်ဟောင်း ဦးမြတ်သူက "ကိုဝင်းတင်က သတင်းအတွေ့အကြုံ အများကြီး ကြွယ်ဝသူဖြစ်ပါတယ်။ သတင်းတည်းဖြတ်ရာမှာလည်း အလွန်သွက်ပါတယ်။ ထက်မြက်ပါတယ်။ စာရေး ကောင်းသူတစ်ဦးဖြစ်ပါတယ်။ ပန်းချီ အနုပညာ ဝေဖန်ရေးကိုလည်း ကျွမ်းကျင်သူလို့ ဆိုနိုင်ပါတယ်။ ကျွန် တော့်အမြင်ကိုပြောရရင် သတင်းအသိကြွယ်ဝတဲ့၊ သတင်းမှန်ပေးပြီး ပြည်သူကို သတင်းအလုပ်အကျွေး ပြုရာမှာ ထူးချွန်တဲ့သတင်းစာဆရာကောင်းတစ်ယောက် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ နှစ်ကျော်လောက်ကတည်း က ဆုံးရှုံးခဲ့တယ်လို့ ရှုမြင်ခံစားရတယ်။" ဟု သူ့အမြင်ကို ပြောခဲ့ပါသည်။  




၁၉၆၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ထုတ် ဟံသာဝတီသတင်းစာဟောင်း။
"အားသစ် မာန်သစ် အသွေးသစ်ဖြင့် ရည်မှန်းချက်ပန်းတိုင်ဆီသို့" ခေါင်းကြီးနှင့်အတူ ဆရာကြီးဦးဝင်းတင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဟံသာဝတီသတင်းစာ။ ယခုသတင်းစာကို မန္တလေးမှ ဦးအုန်းငွေ(လူနှင့်လူ)က မြန်မာတိုင်းမ်သို့ပေးပို့ခဲ့သည်။(မြန်မာတိုင်းမ်ဂျာနယ် - ၂၅ ရက် ဧပြီ၊ ၂၀၁၄)





ဆရာကြီးဦးဝင်းတင်၏နောက်လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ သတင်းစာဆရာကြီးဦးသာဘန်း(ကြေးမုံ)ကမူ သူနှင့်ဆရာကြီးဦးဝင်းတင်တို့နှစ်ဦးသည် ညီအစ်ကိုတွေလိုဖြစ်ကြောင်း၊ နောက်ဘ၀မှာ ဆရာကြီးဦးဝင်းတင် အနေဖြင့် သတင်းစာဆရာတစ်ဦးပင် ထပ်ပြီးဖြစ်ပါစေဟု ဆုတောင်းပေးမိကြောင်း ပြောလေသည်။ 



ဝဲဖက်မှ - ဆရာကြီးဦးခင်မောင်ထွေး(ပျဉ်းမနား) ဒုတိယ၊ ဆရာကြီးဦးဝင်းတင် စတုတ္ထ။



နောက်တစ်ခါ ..

"ကျနော်တို့က ဦးဝင်းတင်ကို ဒီမိုကရေစီ တိုက်ပွဲဝင် နိုင်ငံရေးသမား ဘ၀ထက် သတင်းစာဆရာဘ၀ကို ပိုမိုလေးစားသည်။ သတင်းစာသမား ဘ၀ထဲတွင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ဘ၀ကို ပိုမို၍ လေးစား ကြည်ညိုသည်။ မြန်မာသတင်းစာ လောကအတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီးပင် ဖြစ်ပါသည်။ တိုက်ပွဲဝင် ဒီမိုကရေစီ လိုလားသူများ အတွက်လည်း အစားထိုး မရလောက်သည့် ဆုံးရှုံးနစ်နာမှုကြီးပင် ဖြစ်ပါသည်။"  ဟု အားကစားဆောင်းပါးများ (အထူးသဖြင့် ဘောလုံးအားကစားဝေဖန်ရေး)ရေးခဲ့သည့် စာရေးဆရာကြီး ဦးခင်မောင်ထွေး (ပျဉ်းမနား)က ဆရာကြီးဦးဝင်းတင်အား ဂုဏ်ပြုရေးသားသည့် သူ၏ "မဟာကြယ်ကြီးတစ်ပွင့် ကြွေလွင့်ရှာပြီ" ဆောင်းပါး (ဧရာဝတီ - ၂၄ ရက် ဧပြီ၊ ၂၀၁၄)မှာ ရေးထားသည် ကိုဖတ်ရပါသည်။




ဆရာကြီးဦးဝင်းတင်၏ အမှတ်တရ ပုံရိပ်များ


အပေါ်နှင့်အလယ်ပုံများ - ကိုယ်ကျိုးစွန့်အနစ်နာခံဝံ့လွန်းသော သံမဏိနိုင်ငံရေးသမားကြီး အန်အယ်ဒီဦးဝင်းတင်။
အောက်ပုံ - ဟံသာဝတီသတင်းစာတိုက်၏ အယ်ဒီတာချုပ် ဦးဝင်းတင်။ (ဓာတ်ပုံများ - ဧရာဝတီသတင်းဌာန)















Sunday, April 20, 2014

ထူးခြားသတင်း (၃)






၁၃၇၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်။




  • နှလုံးသားဝယ် ဘုရားတည် စာမေးပွဲ 


ကြေးမုံ - ၁၇ ရက် ဧပြီ၊ ၂၀၁၄။


ဗုဒ္ဓစာပေပြန့်ပွားရေးအတွက် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်အရှင်ဇ၀နကြီးမှူးပြီး မော်လမြိုင်ကျွန်းမြို့  ဗြဟ္မစိုရ်နှလုံးသားအသင်းမှ ဧပြီလ ၆ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ်စာမေးပွဲအတွက် 
ပထမဆု ကျပ်သိန်း ၃၀၊ 
ဒုတိယဆု ကျပ်သိန်း ၂၀၊ 
တတိယဆု ကျပ် ၁၀ သိန်း၊ 
စတုတ္ထဆု ကျပ် ၅ သိန်း၊ 
ပဉ္စမဆု ကျပ် ၃ သိန်း၊ နှစ်သိမ့်ဆုအဖြစ် ကျပ် ၁ သိန်းဆု၁၂ ဆုနှင့် အထူးနှစ်သိမ့်ဆု ကျပ် ၅ သောင်းဆု ၄၀ ဆု၊ ဆုပေါင်း ၅၇ ဆု ချီးမြှင့်သွားမည်ဟု ကြားသိရသည်။



ကျွန်းသာယာ - ပြိုင်ပွဲလို့ မခေါ်ဘဲ စာမေးပွဲလို့သာ အမည်ပေးထားပြီး ချီးမြှင့်ထားလိုက်သောဆုများမှာ ပထမဆုတစ်ဆုတည်းကိုက သိန်း ၃၀။ ဗုဒ္ဓဘာသာဝင် မြန်မာများ၏နှလုံးသားမှာ ရှင်တော်ဗုဒ္ဓ၏ စစ်မှန်သောတရားများနှင့်အညီ ဘုရားတည်နိုင်ကြစေရန်အတွက် ဆရာတော်၏ ကြိုးပမ်းအားထုတ်မှုကား နတ်လူ'သာဓု'ခေါ်ဖွယ်ပင်။ 






  • ဘုရားအလှူငွေ ကြေညာဘုတ် နိုင်ငံခြားသားများ စိတ်ဝင်စားကြ


ပုဂံရှေးဟောင်းနယ်မြေရှိ အထင်ကရ ရွှေစည်းခုံစေတီတော်ကြီးမှ ဘဏ္ဍာတော်ထိမ်းဂေါပကအဖွဲ့က လစဉ် အလှူငွေရရှိမှု (ကျပ် သိန်း ၅၀၀ နီးပါး)ကို အလျား ၁၅ ပေ၊ အမြင့် ၆ ပေရှိ အဖြူရောင် White Board ဖြင့်  စာရင်းထုတ်ပြန်ထားချက်နှင့် အလှူငွေများအား လတစ်လ၏ ၂၅ ရက်နေ့တိုင်း ၀န်ထမ်း ၄၀ နီးပါးတို့ဖြင့် ရေတွက်နေကြသည်များကို မြင်တွေ့ကြရသည့်နိုင်ငံခြားသားများက အထူးစိတ်ဝင်စားလေ့လာကြကြောင်း ကြားသိရသည်။ 



ကျွန်းသာယာ - ယခုအခါမှာ ဆီသည်မ၏လက်သုတ်ဝတ်လို အပ်ကြောင်းထပ်အောင် လူပြောသူပြောများနေသော ပွင့်လင်းမြင်သာမှု (Transparency) ဆိုသည့် ဓလေ့တစ်ရပ်သည် မြန်မာ့လူ့အဖွဲ့အစည်းမှာ ရှေးကတည်းကပင်ရှိနေခဲ့ပြီးဖြစ်ကြောင်း ဂုဏ်ယူစရာပါ။




  • ရေသုတ်အ၀တ်ခါစဉ် ဓာတ်လိုက်သေဆုံး


ရေကန်တွင် ဆိုင်ကယ်အားရေဆေးကာ ရေသုတ်အ၀တ်ဖြင့်သုတ်ပြီးနောက် ယင်းအ၀တ်ကိုခါလိုက်စဉ်မှာ   လျှပ်စစ်ဝါယာကြိုးနှင့်ထိမိကာ မိထ္တီလာတွင် ဒုရဲအုပ်တစ်ဦးသေဆုံးသွားကြောင်းသိရသည်။  

ကျွန်းသာယာ - "မနက်ဖန်ဆိုတာ အဝေးကြီး၊ သေခြင်းတရားဆိုတာက အနီးလေး။ ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် လက်ဖျစ်တစ်တီး၊ မျက်စိတစ်မှိတ် အချိန်လေးအတွင်းမှာပင် သေသွားနိုင်တယ်" ဆိုသည့် ရုပ်နာမ်သင်္ခါရမမြဲသည့်သ ဘာဝတရားအား အမှတ် ရမိပါသည်။



  • အိမ်လခမပေးနိုင်သဖြင့် အဘိုးအို ဆွဲကြိုးချသေ


အိမ်လခမပေးနိုင်ပါက အိမ်ပေါ်မှဆင်းပေးရန် အိမ်ရှင်ကလာရောက်ပြောဆိုသွားသဖြင့် တောင်ဒဂုံ ၁၉၆ ရပ်ကွက်နေ အသက် ၇၂ နှစ်အရွယ်အဘိုးအိုသည် နောက်တစ်နေ့တွင် အိမ်၏ ထုတ်တန်းမှာ ဆွဲကြိုး ချပြီး အဆုံးစီရင်သွားကြောင်း ကြားသိရသည်။  

ကျွန်းသာယာ - ဒီ ကံခေလှသော အဘိုးအို၏ဘ၀တွင် ကျောခင်းစရာနေဖို့ အိမ်ခန်းလေးရယ်လို့မှ မရှိနိုင်တော့သောအခါ သူ့ဘ၀ကြီးတစ် ခုလုံးအတွက်လည်း နေချင့်စဖွယ်မရှိတော့သည့်အဖြစ်သို့ ရောက်သွားရလေပြီလား မတွေးတတ်ပါပေ။ 


  • ရေကစား မဏ္ဍပ် ၃၀ ကျော် အမည်ပျက်စာရင်းသွင်း


ဓာတ်ပုံ - 7Day Daily ၇ ရက်နေ့စဉ်သတင်းစာ (ဧပြီ ၂၀၊ ၂၀၁၄)။

ယခုနှစ် ရန်ကုန်သင်္ကြန်အကြိုနေ့က Grand Royal မဏ္ဍပ်၏အရက်ကြော်ငြာရှိုးပွဲတွင် ထိုင်းနိုင်ငံမှ မိန်းမ လျာအကမယ်များ အတွင်းခံသာဝတ်ပြီး အဖော်အချွတ်ကပြခဲ့သောကြောင့် Grand Royal မဏ္ဍပ်အား အ မည်ပျက်စာရင်း(Black list)သွင်းကာ နောင်နှစ်များတွင်လည်း ခွင့်ပြုချက်မပေးတော့ရန် ဆုံးဖြတ်လိုက်ပြီး အလားတူစွာပင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေကစားမဏ္ဍပ်နှင့်ဖျော်ဖြေရေးမဏ္ဍပ် ၃၀ တို့သည် မြန် မာ့ယဉ်ကျေးမှုနှင့်မလျော်ညီသည့် သောက်စားမူးရစ်ခြင်းနှင့်သရုပ်ပျက်အပြူအမူများလုပ်ခဲ့ကြသောကြောင့် သက်ဆိုင်ရာက မှတ်တမ်းပြုစုလျက် အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ကြားသိရသည်။ 


ကျွန်းသာယာ - နောက်တစ်နှစ်မှာ သေသေချာချာ စောင့်ကြည့်ပြီးမှ ရေးလို့ရှိရင် မမှားတန်ကောင်းဘူး ထင်မိပါတယ်။