"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, July 20, 2013

ဖတ်ကြည့် စဉ်းစား လေ့လာ မှတ်သား



၁၃၇၅ ခုနှစ်  ၀ါဆိုလဆန်း ၁၃ ရက်နေ့     



စာဖတ်သောသူ အမျိုးမျိုးရှိကြသည်။

အချို့ က စာကိုတော့ဖတ်သည်။ သို့သော် ဖတ်သောစာပါအကြောင်းအရာများကို စဉ်းစားကြည့်လေ့မရှိကြ။ ဖတ်ပြီး ပြီးပြီးပျောက်ပျောက်ဖြစ်သွားတတ်ကြသည်။

အချို့ က စာဖတ်ပြီး စဉ်းစားမှုကို အထိုက်အလျောက်ပြုလုပ်တတ်သော်လည်း မိမိ စဉ်းစားမိတွေးမိသည်တို့ ကို ဟုတ်နိုင် မဟုတ်နိုင်၊ ခိုင်မာမှုရှိ မရှိ ထပ်ဆင့်လေ့လာမှု နည်းပါးတတ်ကြသည်။

အချို့ ကား စာကိုဖတ်ပါ၏။ စဉ်းစားခြင်း လေ့လာခြင်းလည်း ပြုကြပါ၏။ သို့တစေ စာဖတ်ခြင်းမှရသောအသိ နှင့် စဉ်းစားလေ့လာခြင်းမှ မိမိဖာသာသိရှိလာသည်တို့ကို မှတ်မှတ်သားသား မထားတတ်ကြပေ။


သို့ဖြစ်ပေရာ မျိုးဆက်သစ်လူငယ်လူရွယ်များအနေဖြင့် စာများကိုလည်းဖတ်ကြ၊ ဖတ်ပြီးပါကလည်း စာပါအ ကြောင်းအရာများကို မိမိကိုယ်ပိုင်ဥာဏ်ဖြင့် လေးလေးနက်နက် စဉ်းစားတွေးခေါ်ကြလျက် မှတ်သားသင့် မှတ်ထားထိုက်သည်များကို မိမိတို့၏ရင်ထဲ စွဲစွဲမြဲမြဲ မှတ်သားသိမ်းဆည်းထားတတ်ကြစေရန်အလို့ငှာ  ”ဖတ်ကြည့် စဉ်းစား လေ့လာ မှတ်သား” ကဏ္ဍအား   ရှာဖွေရေးသား တင်ဆက်လိုက်ရပါသည်။ 



***********


 ဇူလိုင်လ (၁၉) ရက်ဖြစ်သော မနေ့က အာဇာနည်နေ့ဖြစ်သည်။



ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခွေချနေစဉ်။ ဓာတ်ပုံ - The New Light of Myanmar သတင်းစာ။ (20 July 2013)



ယခုလေးတွင်ကမှ The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ အီးမေးဖြင့် ပို့ပေးလိုက် သော The Voice Weekly ဂျာနယ်(Vol.9 / No.28   ဇူလိုင်လ ၂၂ - ၂၈ ရက်၊ တနင်္လာနေ့) မှ အာဇာနည် နေ့နှင့်သက်ဆိုင်သည့် အောက်ဖော်ပြပါ သတင်းစာပိုဒ်လေးကို ဦးစွာဖတ်ကြည့်ကြစေချင်ပါသည်။


// ဒုတိယအကြိမ် လုပ်ကြံခံကြရသည့် အာဇာနည်ကြီးများ

အစဉ်အဆက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ၏ အတွေးအခေါ်ပုံရိပ်အမှတ်အသားများကို ဆယ်စုနှစ်ပေါင်းများစွာ မလျော်သြဇာသုံး၍ ကန့်သတ်ပိတ်ပင်ကာ ပုံပျက်အောင်လုပ်ကြံခဲ့သဖြင့် အာဇာ နည်ကြီးများ ဒုတိယအကြိမ် လုပ်ကြံခံခဲ့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာသည်။

အကြမ်းဖက်သမားများက နိုင်ငံတော်လုပ်ကြံမှုကို ဖန်တီးခဲ့ပြီး အာဏာရှင်များက နိုင်ငံရေးလုပ်ကြံမှုကို ကျူးလွန်ခဲ့သဖြင့် သမိုင်းသင်ခန်းစာကို သတိပြုရမည်ဖြစ်ကြောင်း ယင်းကျေညာချက်တွင် ဖော်ပြထားသည်။

လူငယ်တွေ နောက်ပိုင်းမှာ အာဇာနည်တွေနဲ့ပတ်သက်ပြီး မသိကြတော့ဟုဆိုကာ ပူပန်နေသော်လည်း သူ့အနေဖြင့်မူ ယင်းကိစ္စအပေါ် မစိုးရိမ်ကြောင်း၊ အာဇာနည်သည် တစ်ခဏသာ မှေးမှိန်နိုင်ကောင်း သော်လည်း မည်သည့်အခါတွင်မှ ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း   အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ခေါင်းဆောင်ကောင်းများ၏ စိတ်ဓာတ်နှင့်သင်ခန်းစာများမှာ နိုင်ငံတည်သရွေ့  ဆက်လက်၍ အမွေအနှစ် အဖြစ် ကျန်ရှိမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် မိမိ၏မိဘဖြစ်သည်မှန်သော်လည်း ခေါင်းဆောင် ကောင်းဆိုသည်မှာ ပြည်သူအားလုံး၏မိဘ၊ ပြည်သူအားလုံး၏ဆရာဟု ဆိုရမည်ဖြစ်ကြောင်း ၄င်းက ထပ် လောင်းပြောကြားသည်။


အတိတ်ကလုပ်ဆောင်ချက်များကြောင့်သာမက အနာဂတ်အတွက် စံနမူနာဆောင်ရွက်မှုများကြောင့် ကျေး ဇူးတင်ရမည်ဖြစ်ပြီး ခေါင်းဆောင်များ၏ စံနမူနာကောင်းများကို နားလည်လိုက်နာရန် လိုအပ်ကြောင်း၊ အာ ဇာနည်နေ့သည် ၀မ်းနည်းကြေကွဲဖွယ်ဖြစ်သော်လည်း ထိုသို့သောခေါင်းဆောင်များရှိခဲ့သည်ကို ဂုဏ်ယူရ မည့်နေ့တစ်နေ့ဖြစ်ကြောင်း  ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ //





♦  ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဥပဒေမဲ့တိုက်တွန်း


'လူနည်းစုဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်လိုမှုတောင်းဆိုချက်ကို မြန်မာအာဏာပိုင်များအနေဖြင့် အရေးယူ ဆောင်ရွက်ပေးသင့်သည်' (Myanmar must make Rohingya Muslims citizens) ဟု ကုလသမဂ္ဂအ တွင်းရေးမှူးချုပ် ဘန်ကီမွန်းက  ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ခြင်းအပေါ် တိုင်းရင်းသားရေးရာဝန် ကြီး ဦးဇော်အေးမောင်က ဥပဒေမဲ့တိုက်တွန်းခြင်းဖြစ်သည်ဟု အောက်ပါအတိုင်း မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ ဥပဒေကို ကိုးကားပြောကြားခဲ့သည်။

///  “ဒီနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ ဘင်္ဂါလီဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် ၈၂ နိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ဘောင်ဝင်ရင် နိုင်ငံသားဖြစ်တယ်။ ဘောင်မ၀င်ရင်တော့ နိုင်ငံသားမဖြစ်ဘူး။

နိုင်ငံတစ်နိုင်ငံမှာ ဖွဲ့စည်းပုံဥပဒေရှိတယ်။ တခြားဥပဒေတွေရှိတယ်။ ဥပဒေနဲ့အညီပဲသွားရမယ်။ ဘယ်သူ တစ်ဦးတစ်ယောက်က၊ ပြည်ပက တိုက်တွန်းပြီးတော့မှ ဥပဒေနဲ့မညီတဲ့ အလုပ်ကို လာပြီးတော့ လုပ်လို့မရ ဘူး။   

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ ဘယ်သူတွေကိုသတ်လိုက်၊ထောင် ထဲက လွှတ်လိုက်လို့ ပြောလည်း မရဘူး။ သူ့နိုင်ငံမှာရှိတဲ့ သူ့ဥပဒေနဲ့သူ သွားရမှာ။

ဘင်င်္ဂါလီတွေကို နိုင်ငံသားပေးရမယ်ဆိုတာကလည်း  ဘင်င်္ဂါလီတွေထဲမှာ ၁၉၈၂ ခုနှစ် ဥပဒေနဲ့ ဘောင်ဝင် တဲ့သူကိုပဲ ပေးလို့ရမယ်။ နိုင်ငံသား ပေးလို့မရတဲ့လူဆိုရင် ဥပဒေကိုကျော်ပြီးတော့ နိုင်ငံသားပေးလို့  မရ ဘူး။”  ///   


စာကိုး။  ။ Street View ဂျာနယ် (၁၅ ရက် ဇူလိုင်၊ ၂၀၁၃)။  





♦  တက္ကသိုလ်ကျောင်းသားနှင့် မြန်မာ့အားကစားကဏ္ဍကွင်းဆက်


///  တစ်ချိန်က မြန်မာနိုင်ငံ၏အားကစားကဏ္ဍ အရှေ့ တောင်အာရှတွင် လျှမ်းလျှမ်းတောက် အောင်မြင်မှု များရရှိစဉ်က ထူးချွန်သည့်အားကစားသမားများသည် တက္ကသိုလ်နယ်ပယ်မှ ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု စစ်တုရင်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က ပြောကြားသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၂၆ နှစ်၊ တပ်မတော်အစိုးရလက်ထက် နှစ် ၂၀ ကျော် စုစုပေါင်း ရာစု နှစ်တစ်ဝက်နီးပါးခန့်အတွင်း အုပ်စိုးသူအဆက်ဆက်သည် ကျောင်းသားများကို နိုင်ငံရေးမီးဖွားများ၊အာဏာ ကို ခြိမ်းခြောက်ထိပါးစိန်ခေါ်သူများအဖြစ် ရှုမြင်ထားခဲ့သည်။

အထူးသဖြင့် ရှစ်လေးလုံးကျောင်းသားများဦးဆောင်သည့် ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကိုနှိမ်နှင်းပြီးအာဏာ လွှဲပြောင်းရယူခဲ့သည့် တပ်မတော်အစိုးရ လက်ထက်တွင် တက္ကသိုလ်ကျောင်းများကို မြို့ စွန်များသို့ ပြောင်း ရွေ့ ဖွင့်လှစ်ကာ အားကစားပွဲတော်များအပါအ၀င် ကျောင်းသားရေးရာလှုပ်ရှားမှုများ ကန့်သတ်ထားခဲ့သည်။

အကျိုးဆက်အနေနှင့် မြန်မာနိုင်ငံတွင် တက္ကသိုလ်များ အရေအတွက်အားဖြင့်တိုးပွားလာသော်လည်း အ ရည်အသွေးအားဖြင့်ကျဆင်းကာ ပညာရေးသာမက အားကစားတွင်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ် လျှင် နောက်တန်းသို့ ရောက်သွားခဲ့ရသည်။  … …….

နိုင်ငံ၏အညွန့်အဖူး တက္ကသိုလ်ကျောင်းသားလူငယ်များကို မြေတောင်မြှောက်ပေးခြင်းမပြုပဲ မြို့ စွန်များကိုပို့ ကာ အားကစားလှုပ်ရှားမှုများအပါအ၀င် လှုပ်ရှားမှုများကန့်သတ်ကာ ချောင်ထိုးထားခြင်းသည် မြန်မာ့အား ကစားနှင့် နိုင်ငံ့အနာဂတ်များကို အမှောင်ကမ္ဘာသို့ ပို့လိုက်ခြင်းဖြစ်သည်။  ///


စာကိုး။  ။ နိုင်မင်းဝေ၏ “နိုင်ငံ့အားကစား ရေသောက်မြစ် ပြန်ရှင်သန်လာချိန်” ဆောင်းပါး (The Voice Weekly ဂျာနယ်၊ ဇူလိုင်လ ၂၂ - ၂၈ ရက်) မှ ကောက်နှုတ်ကူးယူ ဖော်ပြပါသည်။







ရှေ့ ဆက်ရေးသွားပါဦးမည်။ 



No comments:

Post a Comment