"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, August 31, 2018

ကျွန်းသာယာသို့ တကျော့ပြန်


I have come back to writing on my blog 'Kyuntharya'.


ကျွန်းသာယာသို့ တကျော့ပြန်



မိမိသည် သတင်းစာ ဂျာနယ် မဂ္ဂဇင်း အစရှိသောပုံနှိပ်စာအုပ်စာစောင်များတွင် နှစ်ပေါင်များစွာရေးသားခဲ့ရာမှ ဘလော့ (blog) ခေါ် အွန်လိုင်းဂျာနယ်သို့ ပြောင်းရေးခဲ့ပါသည်။

ထို့နောက် ယခုအခါ မြန်မာပြည်တွင်အလွန်ခေတ်စားနေသော လူမှုရေးမီဒီယာ (facebook) သို့ပြောင်းလျက် မိမိ၏ Physiotherapy ပညာရှင်ဘ၀အတွေ့အကြုံများနှင့် မိသားစုနေထိုင်မှုလေးများအကြောင်းအတော်များများကို အဆက်မပြတ်မျှဝေရေးသားခဲ့ပါသည်။

သို့တစေ လွန်ခဲ့သောနှစ် အောက်တိုဘာလလောက်မှစပြီး ဖေ့စ်ဘွတ်တွင်ရေးသားမျှဝေနေခြင်းများကို ရပ်ဆိုင်းလျက် ပုံနှိပ်မီဒီယာဘက်သို့ သံသရာတစ်ပတ်လည်ကာရောက်ရှိလာခဲ့၏။ ကြေးမုံ မြန်မာ့အလင်းနှင့် မြ၀တီသတင်းစာများ၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းနှင့် စောင့်ကြည့်ဂျာနယ် (NewsWatch) တို့တွင် အကြာအဆစ်ဆိုင်ရာပညာပေးဆောင်းပါးများ မှန်မှန်ရေးဖြစ်ခဲ့သည်။ ဆောင်းပါးအများစုကို မြ၀တီသတင်းစာက ရွေခြယ်ဖော်ပြပေးခဲ့ပါသည်။

တစ်ချိန်တည်းမှာ မိမိ၏ပထမဦးဆုံးစာအုပ်ဖြစ်သော 'သိမှတ်ဖွယ်ရာ အကြောအဆစ်ရောဂါ' စာအုပ်ကို တတိယအကြိမ်ပုံနှိပ်ရန် ပြင်ဆင်ဖြည့်စွက်မှုများလည်းလုပ်နိုင်ခဲ့သည်။

ယခုတစ်ခါမှာတော့ ပုံနှိပ်မီဒီယာတွင် ဆောင်းပါးများရေးသားရင်း မိမိရပ်ထားခဲ့သော ကျွန်းသာယာဘလော့မှာ စာများပြန်ရေးရန် တကျော့ပြန်ဆန္ဒဖြစ်မိပါသည်။

သို့ဖြစ်ရာ သတင်းစာများတွင်မိမိရေးသားခဲ့သောဆောင်းပါးများဖြင့် မိမိ၏ကျွန်းသာယာစာဖတ်ပရိသတ်ကြီးကို ပဏာမမိတ်ဆက်ဦးစွာဖော်ပြပါရစေ။  
..

မြ၀တီသတင်းစာမှာ သြဂုတ်လကနောက်ဆုံးဖော်ပြပေးခဲ့တဲ့ဆောင်းပါးလေးပါ။



ခြေသပွတ်တိုင်လည်ခြင်း(Ankle sprain)ကို အသက်ကြီးငယ်မရွေး အားကစားသမားများ နှင့်အားကစားသမားမဟုတ်သူ လူအတော်များများတို့ တစ်ကြိမ်မဟုတ်တစ်ကြိမ်တွေ့ကြုံ ခံစားဖူးကြသည်။ ခြေချင်းဝတ်လိမ်ခေါက်ပြီး သို့မဟုတ် လဲကျပြီး နာလာ ရောင်ရမ်းလာ သောအခါခြေသပွတ်တိုင်လည်သည်ဟုပြောကြသည်။ဆေးပညာအရဆိုရသော်ခြေချင်း ၀တ်တစ်ဝိုက်ရှိ အရွတ်ဆိုင်းများ (ligaments) မတန်တဆဆွဲဆန့်ခံရခြင်း သို့မဟုတ် ယင်း တို့၏အမျှင်လေးများစုတ်ပြဲခြင်းဖြစ်သောကြောင့်ဖြစ်သည်။ခြေချင်းဝတ်တွင် အပြင်ဘက် ပိုင်းအရွတ်ဆိုင်းနှင့်အတွင်းဘက်ပိုင်းအရွတ်ဆိုင်းများဟူ၍ ၂ မျိုးရှိပြီး အတွင်းဘက်ပိုင်းအ ရွတ်ဆိုင်းကပိုမိုတုတ်ခိုင်တောင့်တင်းသဖြင့်အပြင်ဘက်ပိုင်းအရွတ်ဆိုင်းလောက်ထိလွယ် ခိုက်လွယ်မရှိပါချေ။ 

ခြေသပွတ်တိုင်လည်ခြင်းကို ဖြစ်လေ့ဖြစ်ထရှိသဖြင့် အချို့ က အလးမထားဘဲ ခပ်ပေါ့ပေါ့ သဘောထားတတ်ကြသည်။ သို့သော် ထိခိုက်မှုပမာဏသည် အနည်းအပါးဖြစ်နိုင်သကဲ့သို့ ပြင်းထန်မှုလည်းရှိနိုင်ကြောင်းဂရုပြုသင့်လေသည်။ခြေသပွတ်တိုင်လည်ခြင်းမှာနည်းနည်း နှင့်ခဏခဏပြန်ဖြစ်တတ်ရာက ကြာသော် နာတာရှည်ခြေကျင်းဝတ်ဝေဒနာ (long-term pain)ဖြစ်သွားနိုင်ကြောင်းကိုမမေ့ထားသင့်ပါချေ။ထိုအခါ ဒဏ်ဖြစ်ထားသည့်အရွတ်ဆိုင်း နှင့် ပတ်ဝန်းကျင်ရှိကြွက်သားများ အားနည်းလာတော့သည်။ တစ်ချိန်တည်းမှာ အဆစ်၏ ခိုင်ခန့်မှုလည်း လျှော့နည်းသွားသည်။သို့ဖြစ်ရာ ဖြစ်စကတည်းက ဆရာဝန် သို့မဟုတ် အ ကြောအဆစ်ကုပညာရှင်များဖြင့် စောစီးစွာပြသလျက် ကုသမှုခံယူသင့်သည်။

အရိုးနှင့်အကြောအဆစ်ဆိုင်ရာသုတေသီတို့၏လေ့လာတွေ့ရှိချက်များအရ ၈၀ ရာခိုင်နှုန်း သောလူများသည် ခြေချင်းဝတ်နှင့်ခြေဖ၀ါးပြသနာများခံစားနေကြရသည်။ ဥပမာ၊ နယ်သာ လန်နိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း လူပေါင်း (၆) သိန်းတို့မှာ ခြေသပွတ်တိုင်လည်ခြင်းဖြစ်ကြရ ကြောင်းသိရှိရသည်။ ယင်းသို့ ခြေချင်းဝတ်နှင့်ခြေဖ၀ါးတို့တွင် တစ်စုံတစ်ခုဖြစ်ပါက မတ် တတ်ရပ်ခြင်းနှင့်လမ်းလျှောက်ခြင်းတို့တွင် ထိခိုက်မှုဖြစ်စေတော့သည်။ အဘယ့်ကြောင့် ဆိုသော် ခြေထောက်၊ ခြေချင်းဝတ်နှင့်ခြေဖ၀ါးတို့သည် အတူတကွပေါင်းစည်းလျက် ခန္ဓာ ကိုယ်ကြီးအားထောက်ကူပေးကာ ရွေ့ လျှားစေနိုင်သောကြောင့်ဖြစ်ရလေသည်။ ခြေသ ပွတ်တိုင်လည်ခြင်းကိုဖြစ်စေတတ်သည့် ထိခိုက်ပုံထိခိုက်နည်း (mechanism of injury) အမျိုးမျိုးရှိသည့်အနက်များသောအားဖြင့်ခြေဖ၀ါးအောက်ငိုက်လျက်အတွင်းဘက်သို့ခွင် ကာဖြစ်တတ်လေ့ရှိသည်။ထိုအခါအပြင်ဘက်ခြေမျက်စိတစ်ဝိုက်ရှိအရွတ်မျှင်များအနေ ဖြင့် ရုတ်တရက်ဆွဲဆန့်စုတ်ပြဲခြင်းဖြစ်ကြရသည်။ ဆိုခဲ့သည့်အတိုင်း အတွင်းဘက်ပိုင်းအ ရွတ်မျှင်များကိုကား အဖြစ်နည်းလေသည်။ 
  
တွေ့ရှိရတတ်သောဝေဒနာလက္ခဏာများမှာ -

·      ဖြစ်ဖြစ်ချင်း ရုတ်ခြည်းနာခြင်း

·     အပြင်ပိုင်းခြေမျက်စိ၏အရှေ့ ဘက်နားကိုထိကိုင်က နာခြင်း (joint tenderness)

·     ယင်းနေရာတစ်ဝိုက်ရောင်ရမ်းခြင်း၊ ပူနွေးခြင်း

·     ခြေချင်းဝတ်ကိုအပေါ်သို့ကော့တင်က နာခြင်း

·      ဖြစ်သည့်ခြေထောက်တစ်ချောင်းတည်းပေါ်ရပ်က နာခြင်း

·     သွားလာလှုပ်ရှားက နာခြင်း

- ပြင်းထန်မှုရှိပါက

·     ခြေချင်းဝတ်မခိုင်တတ်ခြင်း (ankle instability)

·     ခြေမျက်စိမှ ‘ဖျပ်’ကနဲအသံကြားရခြင်း

·     အပြင်းအထန်နာပြီး လမ်းလုံးဝမလျှောက်နိုင်ခြင်း (အရိုးမကျိုးသော်လည်း)

ကြီးထွားနေဆဲကလေးလူငယ်ဖြစ်ကအရိုးရှည်ဆန့်သည့်အပိုင်း(Epiphyseal plate)အား ထိခိုက်မိခြင်းရှိမရှိကို ဆရာဝန်က ဓာတ်မှန်ရိုက်ပြီး သေချာကြည့်ရှုစစ်ဆေးတတ်သည်။ အ ရွယ်ရောက်လာသောအခါခြေထောက်နှစ်ဘက်တွင်အချိုးအစားမကျစွာရှည်ထွက်လာခြင်း (တနည်း၊ခြေတစ်ဘက်ရှည် တစ်ဘက်တို)မဖြစ်စေရန်ဖြစ်သည်။မိဖများအနေဖြင့်သတိပြု သင့်ပါသည်။

ခြေထောက်ကို အသုံးများသည့်အားကစားသမားများသည်ခြေသပွတ်တိုင်လည်ခြင်းဝေဒ နာကိုမကြာခဏခံစားရတတ်သည်။ဥပမာ၊တင်းနစ်ကစားသမားများတွင် အထူးသဖြင့်ခြေ ထောက်ကိုအရှိန်ဖြင့်ဘေးတိုက်ရွေ့ လျှားရာမှ ရုတ်တရက်ရပ်လိုက်သောအခါ သို့မဟုတ် ရပ်နေရာမှရုတ်တရက်ဘေးတိုက်ရွေ့ လိုက်သောအခါခြေချင်းဝတ်ခေါက်သွားလျက်အနာ တရဖြစ်တတ်ကြသည်။ ရော်ဂျာဖက်ဒါရာ၊ အဲန်ဒီရော့ဒစ်နှင့်အင်ဒရူးမာရေးတို့ ၃ ဦးမှာ ဤ အမျိုးအစားအားကစားထိခိုက်မှုကို သိသိသာသာခံစားနေကြရသူများဖြစ်ပြီး ရော်ဂျာဖက် ဒါရာနှင့်အင်ဒရူးမာရေးတို့သည် ခြေချင်းဝတ်ထိန်းကရိယာ (Ankle brace) ကိုဝတ်ပြီး က စားကြရသည်။

ပြုစုကုသခြင်း

·     ထိခိုက်အနာတရဖြစ်သည့်အစိတ်အပိုင်းကို လှုပ်ရှားမှုမပြုလုပ်ဘဲ အနားပေးပါ။

·     သွားလာရန်လိုအပ်က ဂျိုင်းထောက်သုံးပြီး ဖြစ်သည့်ဘက်ကခြေထောက်ကို ခပ် ဖွဖွလေးချပြီးမှေးလျှောက်ပါ။ သို့မဟုတ် လုံးဝချမနင်းပဲလျှောက်ပါ။

·     ထိခိုက်မှုဖြစ်လျင်ဖြစ်ခြင်း အနည်းဆုံး မိနစ် ၂၀ ခန့်ကြာသည်အထိ ရေခဲကပ်ပေး ပါ။ ၂ ရက် ၃ ရက် ဆက်လုပ်ပေးပါ။ အပူ (ဆေး၊ ရေနွေး) လုံးဝမသုံးရ။

·     ခြေချင်းဝတ်ကို မျှော့ကြိုးပတ်တီးဖြင့် အင်္ဂလိပ်နံပတ် ‘8’ ကဲ့သို့ ကြက်ခြေခတ်ပုံ ခပ်တင်းတင်းလေး စည်းထားပေးပါ။ အလွန်မတင်းစေရ။

·     နာသွားသည့်ခြေချင်းဝတ်ကို မိမိနှလုံး၏အထက်မြင့်သောနေရာမှာ (ခုံ၊ ခေါင်းအုံး များခံပြီး) ထားပေးပါ။

·     ယခင်ကဆရာဝန်ညွှန်ထားသည့် မိမိသောက်နေကျ အကိုက်အခဲပျောက်ဆေး တစ်မျိုးမျိုးကိုသောက်နိုင်သည်။ ၃ ရက်မြောက်သောနေ့မှစပြီးရေနွေးကပ်ပေးနိုင် သည်။

·     လိုအပ်ပါက ဆရာဝန် သို့မဟုတ် အကြောအဆစ်ကုပညာရှင်(Physiotherapist) နှင့်ပြသရမည်။

ခြေချင်းဝတ်လေ့ကျင့်ခန်းများ

ထိခိုက်မှုအခြေအနေကိုလိုက်ပြီး အကြောအဆစ်ကုပညာရှင်များက အောက်ပါလေ့ကျင့် လှုပ်ရှားမှုများကို ဆေးရုံတွင်သင်ကြားပေးလေ့ရှိပါသည်။။

(၁) ခြေချင်းဝတ်ကော့တင်ခြင်း(Pullback) 


ကြမ်းပေါ်တွင်ဒူးဆန့်ခြေဆင်းထိုင်ပြီးခြေချင်းဝတ်ကို အပေါ်သို့တဖြည်းဖြည်းကော့တင်ပါ။ အနည်းငယ်နာရုံမျှသိသည့်နေရာတွင် ၃-၅ စက္ကန့်ကြာရပ်ပြီးနောက် မူလနေရာသို့ပြန်သွား ရမည်။ ၅ ကြိမ် ၃ ခါပြုလုပ်ပေးပါ။ 



(၂) ခြေသလုံးကြွက်သားဖြေဆန့်ခြင်း(Calf Stretch)


ကြမ်းပေါ်တွင်ဒူးဆန့်ခြေဆင်းထိုင်ပြီး ခြေဖ၀ါးကိုပုံပါအတိုင်းလုံချည်ဖြင့်အပေါ်ဘက်ကို တဖြည်းဖြည်းဆွဲတင်ခြင်းနှင့်ပြန်ချခြင်းများပြုလုပ်ပေးပါ။ တင်းနေသောခြေသလုံးကြွက် သား ဖြေလျှော့ရှည်ဆန့်လာသည့်နှင့်အမျှ ခြေချင်းဝတ်လှုပ်ရှားမှု ပိုရလာမည်ဖြစ်သည်။ ၅ ကြိမ် ၃ ခါပြုလုပ်ပေးပါ။  



(၃) ဖနောင့်ကြောဖြေဆန့်ခြင်း (Heel Stretch)


မတ်တတ်ရပ်လျက် လက်နှစ်ဘက်ကို နံရံပေါ်ထောက်ထားပါ။ နာသည့်ခြေထောက်ကို အနောက်ဘက်မှာထားပြီး ဒူးဆန့်ရပ်ပါ။ ထိုနောက် ခြေဖ၀ါးကိုမကြွစေဘဲ ဒူးကိုတဖြည်း ဖြည်းကွေးသောအခါ ဖနောင့်ကြောတင်းလာမည်။ ၅ စက္ကန့်ကြာရပ်(ထိန်း)ထားပြီး ၅ ကြိမ် ၃ ခါပြုလုပ်ပေးပါ။ 



(၄) ခြေတစ်ချောင်းပေါ်ရပ်ခြင်း (Standing on one leg)


ကောင်းသည့်ခြေထောက်နှင့်နာသည့်ခြေထောက်တို့အပေါ် ၃-၅ စက္ကန့်ကြာ တစ်လှည့်စီ မတ်တတ်ရပ်ပေးပါ။ ၅ ကြိမ် ၃ ခါပြုလုပ်ပေးပါ။ 

ခြေသပွတ်တိုင်လည်ခြင်းသည် များသောအားဖြင့် အရိုးကျိုးခြင်းနှင်အဆစ်လွဲခြင်းတို့ကဲ့သို့ အလွန်ပြင်းထန်သည့်ထိခိုက်မှုမျိုးမဟုတ်သော်လည်း အရိုးတစ်ခုနှင့်တစ်ခုကိုတွယ်ဆက် ပေးထားသောအရွတ်ဆိုင်းများပြတ်သွားသည်အထိဖြစ်က ဆေးခန်းနှင့်ဆေးရုံတို့သို့အလျင် အမြန်သွားရောက်ပြသရန်လိုအပ်ပါမည်။                                  




- တင်မောင်အေး (ကန့်ဘလူ) -






သတင်းစာတိုက်ကို အထက်ကဆာင်းပါးပေးပို့စဉ်က ဓာတ်ပုံ ၁ ပုံနဲ့ လေ့ကျင့်ခန်းပုံ ၄ ပုံပါပေမယ့် စာမျက်နှာအခက်အခဲကြောင်း သတင်းစာတိုက်က ယင်းပုံများထည့်မပေးနိုင်ခဲ့တဲ့အတွက် အောက်မှာပြန်ပြီးဖြည့်စွက်ထည်းပေးလိုက်ပါတယ်။ စာချည်းသက်သက်ဖတ်တာထက်ပိုပြီး သဘောပေါက်နိုင်ကြမယ်လိမ့်လို့ယုံကြည်မိပါတယ်။ 
















ဆောင်ပါးအကြောင်းအရာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် လေ့ကျင်ခန်းလုပ်တာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် မေးမြန်းဆွေးနွေးတိုင်ပင်လိုက ကြိုဆိုပါတယ်။

မိမိသိထား သင်ယူလေ့လာထား တွေ့ကြုံထားတာတွေကို ရှင်းပြမျှဝေဆွေးနွေးပေးပါ့မယ်။