"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Wednesday, June 5, 2013

ပြောပြန်ရင်လဲ ကျုပ်ကပဲ လွန်ရာကျမယ်



၁၃၇၅ ခုနှစ်  ကဆုန်လပြည့်ကျော် ၁၂ ရက်     


◊ နိုင်ငံဖြစ်သွားရတဲ့ လူနာမည်  



သတင်းနှင့်ဓာတ်ပုံ (ကြေးမုံ၊ ၅ ရက် ဇွန်လ ၂၀၁၃)။


ဒီကနေ့ထုတ် ကြေးမုံသတင်းစာရဲ့  အထက်က အားကစားသတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတော့ ကျုပ် တော် တော်လေး အူကြောင်ကြောင်ဖြစ်သွားရတယ် ခင်ဗျ။ ‘ဗစ်တိုးရီးယားတင်းနစ်မယ် အဇာရင်ကာ’ဆိုတဲ့ တစ်ခါမှ မကြားဖူးတဲ့စာသားကို တွေ့ရလို့ပါ။

ကျုပ်သိထားတာက ‘ဗစ်တိုးရီးယား အဇာရင်ကာ’ (Victoria Azarenka) ဆိုတာ ဆိုဗီယက်ယူနီယံ (Soviet Union) က ခွဲထွက်သွားတဲ့ ဗျဲလာရု့ စ် (Belarus) နိုင်ငံသူဖြစ်ပြီး တင်းနစ်ကစားရာမှာ တစ်ချိန်က ကမ္ဘာ့နံ ပတ်(၁) အဆင့်ရောက်ခဲ့ပြီး ယခုအခါမှာ ကမ္ဘာ့နံပတ်(၃) အဆင့်ရှိပါတယ်။ လူမသိ သူမသိ ကလေးမလေး မဟုတ်ရပါဘူး။ ဘယ့်နှယ်ဗျာ သူ့နာမည်တစ်လုံးက ကမ္ဘာပေါ်မှာမရှိတဲ့ နိုင်ငံအမည် ဖြစ်သွားရတယ်လို့။  

ဗစ်တိုးရီးယားနိုင်ငံရယ်လို့တော့ မရှိပါဘူး။ သြစတေးလျနဲ့ကနေဒါနိုင်ငံတွေမှာ အဲဒီနာမည်နဲ့ပြည်နယ်တွေ (state/province) ရှိတယ်လို့ ကျုပ် မှတ်သားမိတာပဲ။  





◊ စင်ကာပူနိုင်ငံသမ္မတကြီး ရုရှားမှာ Secondary School တက်ဖူးပါလေစ  


ယခုနှစ် ဧပြီလဆန်းက စင်ကာပူနိုင်ငံသမ္မတကြီး Dr. Tony Tan Keng Yam မြန်မာပြည်ကို အလည်အ ပတ်မသွားခင်တစ်ရက်မှာ သူ့အထ္ထုပ္ပတ္တိအကျဉ်းကို မြန်မာသတင်းစာများက ရေးသားခဲ့ကြတာ ကျုပ် ဖတ် လိုက်မိတယ်။ သူ့အကြောင်းစိတ်ဝင်စားလို့ သေသေချာချာလေး သတိထားပြီးဖတ်တော့ စိတ်ဝင်စားစရာ လေးတစ်ခုကို ကျုပ် အမှတ်မထင် တွေ့ရတယ်ဗျ။ သူ ငယ်စဉ်ကနေခဲ့တဲ့ ကျောင်းတွေထဲက ကျောင်းတစ် ကျောင်းရဲ့ အမည်ကိုပေါ့။

စိန့်ပီတာစဘတ်ကျောင်း တဲ့။

ကျုပ် သိရသလောက်တော့ စင်ကာပူမှာ Saint Petersburg School ဆိုတာ မကြားဖူးဘူး။ ဒီတော့ ဖြစ်နိုင် တာတစ်ခုက သမ္မတကြီး ငယ်ငယ်တုန်းက ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ မှာပညာသင်ဖူးခဲ့တာ ဖြစ်ကောင်း ဖြစ်မယ်လို့ ကျုပ်တွေးကြည့်မိတယ်။ ဒါနဲ့ သေချာရအောင်ဆိုပြီး  မြန်မာ့အလင်း(အင်္ဂလိပ်) The New Light of Myanmar ကို သွားဖတ်ကြည့်တဲ့အခါမှာမှ ရှင်းသွားတော့တယ်။

တကယ်က စိန့်ပက်ထရစ်ကျောင်း (Saint Patrick Secondary School)ဖြစ်ရမှာ။

‘စိန့်ပက်ထရစ်’ နဲ့ ‘စိန့်ပီတာစဘတ်’ကလည်း အသံချင်း မတူလှပါဘူး။

အခုလို နိုင်ငံတစ်နိုင်ငံက သမ္မတကြီးတစ်ဦးရဲ့  အထ္ထုပ္ပတ္တိမှာ အမှားပါသွားတာ မကောင်းပါဘူး။ ကိုယ်မှား နေတာကို မသိပဲ သူများကထောက်ပြမှ သိရရင် ပိုပြီးသိက္ခာကျဦးမယ်လို့တွေးမိတာနဲ့ နေပြည်တော်မှာရှိတဲ့ အယ်ဒီတာအဖွဲ့ကို ကျုပ် ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြတော့ ဖုန်းကိုင်တဲ့အယ်ဒီတာအမျိုးသမီးကြီး က “ဒီသတင်းက ကျမတို့အယ်ဒီတာအဖွဲ့က ဘာသာပြန်တာမဟုတ်ပါဘူး။ ‘သတင်းစဉ်’က ချပေးတဲ့အတိုင်း (အထက်ကလာတဲ့အတိုင်း) ထည့်ရတာပါ” လို့ ကျုပ်ကို ပြောပါတယ်။

သူတို့လည်း သိကြဟန်မတူပါဘူး။

ကဲဗျာ … လျှာရှည်ပြီးပြောမိတဲ့ ကျုပ်ကပဲ လွန်ရာကျနေသလား။ 



၁၃၇၅ ခုနှစ်  ကဆုန်လကွယ် စနေနေ့။ ၈ ရက် ဇွန်လ ၂၀၁၃။

◊ ရ - ရထား  မစီးပဲသွား   

ကျုပ်က ငယ်ငယ်တုန်းကကော ကြီးလာတဲ့အခါမှာကော ခရီးသွားတဲ့အခါတိုင်း ရထာစီးရတာကို သိပ်ကြိုက် တာ။ ပျော်လည်း သိပ်ပျော်တာပဲဗျ။ ငယ်ငယ်တုန်းကတော့ ကျုပ်ရဲ့ မိဖတွေရှိတဲ့ ရွှေဘိုနဲ့ အမေ့အမျိုးတွေရှိ တဲ့ ကန့်ဘလူကိုပဲ ရထားနဲ့သွားခဲ့တာပါ။ နွေရာသီကျောင်းကြီးပိတ်တဲ့အခါမှာ သွားလေ့ရှိတာမို့ တစ်နှစ်တစ် ခါတော့ အနည်းလေး ရထားစီးဖြစ်တယ်လေ။

ဟိုရှေးရှေးတုန်း ကျုပ်တို့ငယ်ငယ်က ရထားစီးရတာကို သိပ်ကြိုက်တယ် သိပ်ပျော်တယ်လို့ပြောရတာ အဲဒီ အချိန်က ရထားတွေဟာ အမြဲလိုလိုချောင်ပြီး အချိန်လည်းမှန်တတ်တာမို့ပါ။ နောက်ပြီး ဒီမှာဖက်ခေတ်လို ရ ထားတွဲတွေက ရထားသံလမ်းပေါ်မှာ တရုတ်ကွန်ဖူးအမူးသိုင်း(drunken kung fu)သမားလို ယိမ်းထိုးခါရမ်း ပြီး က,မနေဘူး။ ရေ ကောင်းကောင်း သောက်လို့ရတယ်။ ရှူရှူး ကောင်းကောင်းပေါက်လို့ရတယ်။ နောက် ပြီး တစ်တွဲ နဲ့တစ်တွဲကူးပြီး လမ်းကောင်းကောင်းလျောက်လို့ရတယ်။ ငမူးသမားလို သိုင်းကွက်နင်းပြီး အိုး နင်းခွက်နင်း အိနြေ္ဒသိက္ခာမဲ့စွာ သွားဖို့မလိုဘူး။

ရထားလက်မှတ်ကို မှောင်ခိုဝယ်ဖို့ မလိုဘူး။ ကြိုပြီးဝယ်ဖို့ မလိုဘူး။ သွားခါနီးမှ လက်မှတ်ဝယ်ပြီး ရထား ပေါ်တက်စီးလိုက်ရုံပဲ။ ပြောရဦးမယ်ဗျ။ မယုံကြရင်လည်း ပုံပြင်လို့သာ သဘောထားနိုင်ကြပါတယ်။ အဲဒီ တုန်းက ရထားတွဲတွေ ဘယ်လောက်များချောင်ကြသလဲဆိုရင် ကျုပ်တို့ကလေးတွေ (ညီအကို မောင်နှမ ၀မ်းကွဲတွေ) ခရီးသည်မရှိတဲ့ထိုင်ခုံတွေမှာ ဟိုရွှေ့ ထိုင် ဒီရွှေ့ ထိုင်နဲ့ ကစားခဲ့ကြသေးတာ။ အထူးသဖြင့် ရွှေဘိုက ရထားထွက်လာပြီးလို့ ၂ ဘူ တာ ၃ ဘူတာလောက်ရောက်တာနဲ့ အရမ်းကိုပဲ ချောင်သွားတော့ တာ။ 
     
၁၉၆၅ ၆၆ ခုနှစ်တွေလောက်မှာ ကျုပ်တို့တတွေ တက္ကသိုလ်စတက်တဲ့အချိန်ကစပြီး ရထားတွေက ကျပ် လာကြပြီ။ ကုန်သည်တွေက ခရမ်းချဉ်သီးတောင်းတွေ ထင်းစီးတွေ ဟင်းသီးဟင်းရွက်ခြင်းကြီးတွေကို ထိုင်ခုံတွေကြားနဲ့ လှေကားအတင်အဆင်းနေရာတွေကို ပိတ်ပြီးတင်ကြတော့တာ။ ခရီးသည်တွေက အပေါ့အပါး သွားချင်ရင် ရထားအတက်အဆင်း လုပ်ချင်ရင် အဲဒါတွေကို ကျော်ခွပြီး သွားကြရတာ။ နောက်ပိုင်းမှာ အိမ်သာအထဲထိပါ ကုန်ပစ္စည်းတွေ ထားလာကြတာကြောင့် အပေါ့အပါးသွားလို့ လုံးဝမရတော့ဘူး။

တစတစနဲ့ ကုန်သည်တွေက အတော်ကြီးကိုလက်ရဲဇက်ရဲဖြစ်ပြီး ကုန်ပစ္စည်းခြင်းတွေ အိတ်တွေ သောတ္တာ တွေကို ရထားလှေကားက တင်လို့မရတဲ့အခါမှာ ခရီးသည်တွေထိုင်နေတဲ့ပြတင်းပေါက်ကနေ အတင်းထိုး တင်ကြတော့တာ။ လူတွေကို ထိမိခိုက်မိမှာ လုံးဝဂရုမပြုလောက်အောင်ကိုပဲ သရဲမရဲစီးလာကြတော့မို့ ကြောက်ခမန်းလိလိပါလားဗျ။  


ဒါပေမယ့် ကျုပ် ရထားစီးမြဲ စီးနေရတာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ကျုပ်တို့မြို့ ဖြစ်တဲ့ကန့်ဘလူကို ရထား ကလွဲပြီး ဘာနဲ့မှ မရောက်နိုင်တာ။ ကျောင်းဆင်းပြီးလို့ အလုပ်ထဲရောက်တော့လည်း စီးခဲ့တယ်။ နောက် အိမ်ထောင်ကျပြီး ဇနီးမယားအချောအလှလေးကို ဆွေပြမျိုးပြသွားတော့လည်း ရထားနဲ့ပဲ သွားခဲ့ရတာ။ တစ်ခါ သမီးရတနာလေးရလာပြန်တော့ မြေးပြရင်း အလည်အပတ်သွားရင်း ရထားစီးရပြန်တာပဲပေါ့။ မိ သားတစ်စု စင်ကာပူကနေ မြန်မာပြည်ကို တစ်နှစ် ၁ ခေါက်၊ ၂ နှစ် ၁ ခေါက် ပြန်ပြီးလယ်တဲ့အခါမှာလည်း ဒီရထားကြီးကိုပဲ မချစ်ပေမယ့် အောင့်ပြီးနမ်းခဲ့ရပြန်ကော။


ကျုပ်တို့ကတော့ ကိုယ်ရဲ့ ငယ်ရွယ်တဲ့ဘ၀တစ်လျှေက်လုံးကို မဆလခေတ်နဲ့ န၀တခေတ်တွေမှာ မြှုပ်နှံစ တေးခဲ့ပြီးသားမို့ ဒီအခက်အခဲတွေကို မမှုတော့ပေမယ့် ကျုပ်တို့ရဲ့ ကလေးတွေခမျာ ရထားကို ပြတင်းပေါက် ကနေ ကျော်တက်ကျော်ဆင်းလုပ်ခဲ့ရတာ၊ ထိုင်ခုံရှိရက်နဲ့ ခြေချပြီးမထိုင်နိုင်ပဲ ဖင်တစ်ကွက်စာနေရာလေးမှာ ခြေထောက်တွေတင်ပြီး နာရီပေါင်းများစွာ ခရီးသွားခဲ့ကြရတာ၊ အပေါ့အပါးသွားချင်ရင် ရထားကြာကြာရပ် တဲ့ဘူတာမှာ ပြတင်း ပေါက်ကနေ တွဲအောက်ကို ဆွဲချဆွဲတင်လုပ်ပြီး လူမြင်ကွင်းမှာပဲ သွားစေခဲ့ကြရတာ တွေ လုံးဝစိတ်မကောင်းပါဘူး။ ကိုယ့်အတွက်သာ ကွက်ပြီးခံစားရတာ မဟုတ်ပါဘူး။ အားလုံးအတွက်လည်း ခံစားမိတာပါပဲ။   

ဒါကြောင့် ဒီနောက်ပိုင်းကာလတွေမှာ ရထားမစီးပဲ မြန်မာပြည်အနှံ့ကို ရောက်ခဲ့ သွားခဲ့တာ အနည်းဆုံး ၁၀ နှစ်ကျော်လောက်ရှိခဲ့ပါပြီ။ အဝေးပြေးအမြန်ကားလိုင်းတွေ အလျှိုအလျှို ပေါ်လာခဲ့ကြလို့ပါ။ 

ကျုပ်ဗျာ ပြောလို့ပြောတာ မဟုတ်ပါဘူး။ ဘုရားစူးရပါစေရဲ့ ။

ရထားမစီးပဲ ခရီးသွားလို့ရတာ စိတ်ချမ်းသာလိုက်တာကို မပြောပါနဲ့တော့။ 
  


၁၃၇၅ ခုနှစ်  နယုန်လဆန်း ၄ ရက် ဗုဒ္ဓဟူးနေ့။ ၁၂ ရက် ဇွန်လ ၂၀၁၃။



◊ ရေ ဘာ့ကြောင့် ကြီးရတယ်     

မိုးများများရွာချရင် ရွာတာမကြာပေမယ့် ရန်ကုန်မြို့ အပါအ၀င် မြန်မာပြည်ကမြို့ အချို့ မှာ ရေကြီးလေ့ရှိတာ ဟာဖြင့် ကြားရပေါင်းများ မြင်ရပေါင်းများလွန်းလို့ ကျုပ်အဖို့တော့ ဓာတ်ပြားဟောင်းကြီးလိုဖြစ်နေတာ ကြာ လှပါပကောလား။ တစ်ခါတလေဆိုရင် မိုးကမကြမ်းလှပေမယ့် ရက်ဆက်ကလေးများရွာလိုက်လို့ကတော့ ရန်ကုန်က လမ်းတွေပေါ်ကို ရေတွေရောက်လာတာ တင်းကျမ်း(ဒင်းကြမ်း)ပဲ။ ဒူးအထိတောင် ရောက်တာ။ ကားဝမ်းအထိတောင် ရောက်တတ်သေးတာ။   

၂၀၀၈ ခုနှစ် ဇွန်လက ကျုပ်တို့မိသားစု ရန်ကုန်ကိုရောက်နေတုန်း မိုးက ယုတ်တရက်ဗြုံးစားကြီးရွာချလိုက် တာ တစ်နာရီလောက်တောင် ကြာလိုက်တယ်မထင်ပါဘူး၊ ကျုပ်တို့တည်းခိုတဲ့ လိုင်လိုင်း’ဟိုတယ်ရှေ့  အ ၀င်ပေါက်မှာ ၀န်ထမ်းတွေက သဲအိတ်တွေချနေကြပြီ။ လမ်းပေါ်မှာလည်း ရေတွေကြီးနေလို့ ကျုပ်တို့ကို လာပြီးကြိုတဲ့ကားဟာ လမ်းအလယ်ခေါင်က မြင့်တဲ့နေရာမှာ ရပ်ထားရတာ။ ဟိုတယ်ကနေ ရှိုးနဲ့ မိုးနဲ့ထွက် လာတဲ့ ကျုပ်တို့မိသားစုက အဲဒီနေရာအထိ လုံချည်တွေ ထမီတွေကို ဒူးအပေါ်ထိဆွဲတင်ပြီး သွားကြရတာ။ နောက်ပြီးတော့ ကားက သင်္ဘောလို ရေထဲမှာမောင်းသွားတော့ ရန်ကုန်ရေကြီးတာ မတွေ့ဖူးတဲ့သမီးအဖို့ အထူးအဆန်း ဖြစ်ခဲ့ရပါလေကော။ 


ဒါနဲ့ ဇနီးနဲ့သမီးကို ဟိုရှေးရှေး “ခေတ်ကောင်းတုန်းက”အကြောင်းကို အကြောင်းတိုက်ဆိုင်နေတာနဲ့ ပြောပြ ခဲ့ရသေးတယ်။

ကျုပ် ငယ်ငယ်က ရွှေဘိုမြို့ မှာ နေခဲ့တဲ့အကြောင်းပါ။ မူလတန်းကျောင်းသားဘ၀တုန်းကပေါ့လေ။

ကျုပ်မိဖတွေနဲ့အတူနေတဲ့ ရဲစခန်းဝင်းအိမ်ကနေ လမ်းလေးခွ(ဂွ)မှာရှိတဲ့ “ဒေါ်ဖွားသိုက်ကျောင်း”ကို အသွား အပြန်လုပ်တိုင်း ရဲစခန်းမြောက်ဖက်က အကျယ်တစ်ပေခွဲ နှစ်ပေလောက်ရှိတဲ့ရေမြောင်းကို ကျော်ပြီးသွားရ တာ။ အဲဒီရေမြောင်းကို ၆ လက္မလောက်အကျယ်ရှိတဲ့ သစ်သားပြားလေး၂ ပြား ဆက်ပြီးခင်းထားပေးတယ်။ မြောင်းထဲမှရေက စီးနေပြီး ခပ်ကြည်ကြည်လေး။ ဗွက်ထ မနေဘူး။ အမှိုက်တွေနဲ့ ညစ်ပတ်နံစော် မနေဘူး။ ခွေးသေကောင်ပုတ်တို့ ကြွက်သေကောင်တို့ တွေ့ရဖို့ဆိုတာ ဝေလာဝေးထဲကပဲဗျ။ 


ဒါကလည်း သူ့အလိုလို ဖြစ်နေတာမဟုတ်ဘူး။ ရေမြောင်းကို ရေစီးရေလာကောင်းအောင် အမြဲလုပ်ပေးနေ လို့။ ကျုပ်ရဲရဲ ပြောနိုင်တာပေါ့။ ကျုပ်မျက်စေ့နဲ့ တွေ့ခဲ့မြင်ခဲ့ရတာပဲဥစ္စာ။ အခု ကျုပ်တို့ အိမ်မှာ ဖုံတို့ အမှုံအ မွှားတို့ ဆံပင်စတို့ လှဲကျင်းဖို့သုံးနေတဲ့ သန့်ရှင်းရေးပစ္စည်း(wiper) လို တုတ်တံအရှည်ကြီးနဲ့ ရေမြောင်းထဲ ကအမှိုက်တွေကို လူက တွန်းထိုးပြီး ရှင်းပစ်တာ။ တစ်နှစ်ပတ်လုံး မှန်မှန်သန့်ရှင်းပေးနေတာ။ ဘယ်မှာ ရေ က မစီးသွားပဲ နေပါ့မလဲလို့။ မြောင်းတွေကလည်း ရင်စို့လောက်အထိ နက်တာ။ မိုးများများပဲရွာရွာ အချိန် ကြာကြာ ရက်ကြာကြာပဲရွာရွာ ရေတွေက မြောင်းထဲက ဒလဟောကို ဆင်းသွားကြတာ။ 
  
အခုဟာကဗျာ။ ရေမြောင်းတို့ ရေထွက်ပေါက်တို့ ရှိပြန်တော့လည်း အမှိုက်သရိုက်တွေ သဲတွေ နုန်းတွေနဲ့ ပိတ်ဆို့နေတတ်ပြီး ရေမစီးဘူး။ နေရာအတော်များများမှာက ရေမြောင်းတို့ ရေထွက်ပေါက်တို့ မရှိကြဘူး။


“ပေါက်ပင် ဘာ့ကြောင့်ကိုင်းရတယ်” ဆိုသလိုပဲ “ရေ ဘာ့ကြောင့်ကြီးရတယ်” ဖြစ်နေပြီပေါ့။ 




၁၃၇၅ ခုနှစ်၊ ၀ါဆိုလဆန်း ၉ ရက် (အင်္ဂါနေ့)။  16-07-13

◊ ‘ကြယ်ဝါ’မှ ‘ကြယ်ဖြူ’ဖြစ်သွားသည့် မြန်မာပြည်ရောက် ဗီယက်နမ်အလံ    


ဓာတ်ပုံ - ကျော်စိုး (ပြန်/ဆက်) မြန်မာ့အလင်းသတင်းစာ။  

အခုတလော သတင်းစာတွေထဲမှာ မြန်မာနိုင်ငံတွင်ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့ တောင်အာရှ အား ကစားပြိုင်ပွဲ ဆီးဂိမ်း (SEA Games)နဲ့ ပတ်သက်လို့ အကြိုလှုံ့ဆော်ရေး မြေစိုက်ပိုစတာကြီးများကို အမြို့  မြို့ အနယ်နယ်မှာ စိုက်ထူတဲ့အကြောင်း မကြာခဏ ဖတ်ရပါတယ်။

ဒါပေမယ့် မြို့ နယ်အချို့ မှ တာဝန်ရှိသူတွေ့ရဲ့ ပေါ့ဆမှုနဲ့ ထိုက်သင့်တဲ့အလေးထားမှု မရှိတာကြောင့် နိုင်ငံ၊ အစိုးရနဲ့ ပြည်သူများ မျက်နှာပျက်သိက္ခာကျရမယ့်အဖြစ်နဲ့ ကြုံတွေ့နေရပါတယ်တဲ့။ အဲဒါကတော့ မြေစိုက်ပို စတာကြီးများ ဖန်တီးရေးဆွဲကြရာမှာ နိုင်ငံခြားတိုင်းပြည်များ၏အလံတွေနဲ့ပတ်သက်လို့ အမှားအယွင်းများရှိ နေတာ ဖြစ်ပါတယ်။  

ယခုနောက်ဆုံးတွေ့ရတဲ့အမှားကတော့ ပုံမှာတွေ့ရတဲ့အတိုင်း ဗီယက်နမ်နိုင်ငံရဲ့ အလံက အ၀ါရောင်ကြယ် ကြီးကို အဖြူရောင်လုပ်ထားတာပဲဖြစ်တယ်ခင်ဗျ။ တစ်ခါ ပြီးခဲ့တဲ့ ဇွန်လကလည်း ထိုင်းနိုင်ငံရဲ့ အလံကို အ ရောင်တွေမှားပြီး ရေးခြယ်ထားခဲ့သေးပါသတဲ့။ ကောင်းကြရောဗျာ။

အလံဆိုတာက နိုင်ငံနဲ့လူမျိုးကို ကိုယ်စားပြုထားတာဖြစ်လို့ လူတိုင်းလူတိုင်း ဂရုတစိုက် လေးစားကြရမယ် ဆိုတာကို အထူးတလည်ပြောဖို့လိုမယ် မထင်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ အလံကိုမှ မဟုတ်ဖူး။ သူများနိုင်ငံတွေ က အလံများကိုလည်း နိုင်ငံကြီးသားများပီသစွာ လေးစားတတ်ကြရမှာ ဖြစ်တယ်။
  
ယခုနှစ်ဆန်းလောက်တုန်းကလည်း နိုင်ငံတော်အလံကို ပလတ်စတစ်နဲ့ လုပ်ရကောင်းလားဆိုပြီး “နိုင်ငံ တော်အလံကို လေးစားကြ” (Respect National Flag) ဆိုတဲ့ လှုပ်ရှားမှုကြီးတစ်ရပ်ကို အိန္ဒိယနိုင်ငံမှာ လက်ယာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဟင်ဒီဂျာနာဂျပ်ရူတီ စာမီတီ(Hindu Janajagruti Samiti – HJS) က ဦးစီးလုပ်ဆောင်ခဲ့တာ ဖတ်လိုက်ရပါတယ်။

ဟုတ်တာပေါ့ဗျာ … နိုင်ငံတော်အလံဆိုတာ နိုင်ငံနှင့်ပြည်သူက ပိုင်ဆိုင်တာဖြစ်လို့ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် လူတစ်အုပ်စုက သူတို့လုပ်ချင်တိုင်း ဘယ်မှာလုပ်လို့ရပါ့မလဲ။


ဟုတ်တယ် မဟုတ်လား။ 







ဆက်ပြီးရေးပါဦးမယ်။



No comments:

Post a Comment