"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, January 28, 2012

တစ်ပြည်တစ်ရွာက စကားဝိုင်း


တစ်ပြည်တစ်ရွာမှာရောက်နေကြတဲ့အခါ သူငယ်ချင်းတို့ မိတ်ဆွေတို့ဆိုတာ ဆွေမျိုးတွေပါ။

လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်က တစ်ပြည်တစ်ရွာကို စာရေးသူတို့မိသားစု စ,ရောက်တုန်းက ရင်းနှီးတဲ့ မိတ်ဆွေဆိုလို့ ရေတွက်ကြည့်ရင် လက်ငါးချောင်းလုံးပြည့်အောင် ရှိတာမဟုတ်ဖူး။ နောက်မှ မြန်မာဘုန်း တော်ကြီးကျောင်း (Burmese Buddhist Temple) ဖြစ်မြောက်ရေးကော်မတီမှာ တစ်တပ်တစ်အား ၀င်ပြီး လုပ်ကိုင်ရင်း ဒီမှာရောက်နေနှင့်တဲ့မြန်မာတွေနဲ့ မိတ် ဆွေဖြစ်လာခဲ့ရတာ။ မိတ်ဆွေတွေ တိုးလာခဲ့ရတာ။ အဲဒီလိုကျတော့လည်း တကယ့်ကိုပျော်စရာကြီး။ 

မြန်မာဘုန်းကြီးကျောင်းကြီးတည်ဆောက်ဖို့ ဆရာတော်ကြီးများ၏ဦးဆောင်လမ်းညွှန်မှုဖြင့် အစည်းအ ဝေးတွေထိုင်ကြ၊ ဆွေးနွေးကြ ငြင်းခုံကြ၊ ရံပုံငွေတွေရှာကြ၊ အကတွေတိုက်ကြ ၊ ဖိတ်စာတွေ ကြော်ငြာ တွေ ရေးကြ၊ သူ့အိမ်ကိုယ့်အိမ်ဖိတ်ပြီး ကျွေးကြ၊ ဘုန်းကြီးကျောင်းမှာ စုပြီးစားတဲ့အခါစားကြ၊ ဘုန်းကြီး ကျောင်းစာစောင်(Newsletter)ဖြစ်အောင် ကြိုးပမ်းကြ၊ မြန်မာပြည်ဖက်ကိုစာရေးဆက်သွယ်ပြီး အကူ အညီတောင်းကြနဲ့ ပင်ပန်းလည်းပင်ပန်း ပျော်လည်းပျော်ကြရလို့ပါပဲ။

နောက်တော့တဖြည်းဖြည်းနဲ့ မြန်မာပြည်မှာကတည်းက ကိုယ်နဲ့ ဆေးဘက်ပညာသိပ္ပံကျောင်းမှာတစ် တန်းတည်း (တစ်ချို့ လည်း တစ်တန်းကြီး တစ်တန်းငယ်)တွေ၊ တစ်ဆေးရုံတည်း လုပ်ခဲ့ကြတဲ့သူတွေ၊ ကိုယ့်ရဲ့ ဇာတိမြို့ ကိုယ့်ဇနီးရဲ့ မြို့ ကသူတွေ အသီးသီးအသကအသက ရောက် လာခဲ့ကြတယ်။ အဲ - လူ တွေများလာလေတော့ ထုံးစံအတိုင်းပျော်ရတာတွေလည်းရှိ စိတ်ညစ်ရတာတွေလည်းရှိလို့ပေါ့။ ဒီလိုနဲ့ ၁၀ နှစ် ၁၅ နှစ်တန်သည်ကြာလာတဲ့အခါ တစ်ချို့ လည်း ရေကြည်ရာမြက်နုရာတစ်ခြားနိုင်ငံတွေ ပြောင်း သွားကြသူသွား၊ မြန်မာနိုင်ငံကိုပြန်ကြသူပြန်ကြနဲ့ မိတ်ဆွေအဟောင်းတစ်ချို့ လျော့သွားပြီးနောက် ရောက်လာတဲ့မိတ်ဆွေသစ်အချို့ တိုးလာကြပြန်ပါတယ်။

မြန်မာပြည်မှာကတည်းက ပြည်နယ်ဆေးရုံကြီးတစ်ခုမှာ နှစ်အတန်ကြာအောင်အတူလုပ်ခဲ့ကြ၊ ဆေးရုံက ပေးထားတဲ့အိမ်ခန်းတွေမှာအတူနေခဲ့ကြပြီး တစ်ပြည်တစ်ရွာကို မရှေးမနှောင်းဆိုသလို ရောက်လာခဲ့တဲ့ မိတ်ဆွေတစ်ဦးနဲ့ သူအလုပ်လုပ်နေတဲ့ဆေးရုံမှာ မနေ့ညနေက တွေ့ခဲ့ကြတယ်။ 

ဟိုတုန်းက သူနဲ့စာရေးသူတို့ တစ်ခါတစ်ခါလူချင်းတွေ့ကြသလို မကြာမကြာလည်း ဖုန်းဆက်ကြလေ့ရှိ ခဲ့တယ်။ သို့ပေမယ့် ပြီးခဲ့တဲ့နှစ်သြဂုတ်လနောက်ပိုင်းလောက်ကစပြီး မတွေ့ဖြစ်ခဲ့ကြဘူး။ ဖုန်းတော့ ကြိုး ကြားကြိုးကြားဆက်ဖြစ်လိုက်ခဲ့သေးတယ်။ မှတ်မှတ်ရရ ပြီးခဲ့တဲ့နှစ်ဂျူလိုင်လကုန်က သူ့အိမ်မှာတွေ့ခဲ့ကြ တာ နောက်ဆုံးဖြစ်မယ်ထင်ပါတယ်။ သူ့ဆီက အရေးပေါ်ငှားလိုက်ရတဲ့ ကတ္တီပါဖိနပ်လေးတစ်ရံသွားပြန် ပေးရင်း တွေ့ခဲ့ကြတာဖြစ်တယ်။ အဲဒီလိုဖိနပ်သွားငှားခဲ့ရတဲ့အကြောင်းကို ကျွန်းသာယာမှာ“ဖိနပ်ကလေး တစ်ရံ” (ဂျူလိုင်လ ၂၂) ဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်လိုက်ရင်း သူနဲ့စာရေးသူတို့အကြောင်း အခုလိုလေး ထည့်ရေးခဲ့သေးတယ်။

///  ကိုဖေသက်က Tan Tock Seng Hospital မှာလုပ်နေတာ။ သူနဲ့စာရေးသူတို့က မြန်မာပြည်မှာတုန်း က မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ငါးနှစ်လောက် အတူတူအလုပ်လုပ်ခဲ့ကြတာ။ စနေ တနင်္ဂနွေဆိုရင် လူလွတ်တွေမို့ ဆေးရုံကြီးနားက ထားဝယ်စုဈေးကို နှစ်ယောက်အတူသွားပြီး ဈေးဝယ်လေ့ရှိကြတာ။  ///

ဒါကြောင့်မနေ့ညနေမှာ တွေ့ကြတော့ပြောစရာစကားတွေက အများကြီး။ ဒီကိုရောက်ပြီးမှ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်လာခဲ့တဲ့ကိုလှဘုန်းမောင်လည်း စာရေးသူလာမယ်ဆိုလို့ အိမ်မပြန်သေးပဲ ကိုဖေသက်နှင့် အတူ ဆေးရုံးကပဲစောင့်နေလေရဲ့ ။ စာရေးသူ အလုပ်ကထွက်မလာခင်လေး မှာ သူ့ဆီက sms ရခဲ့ တယ်။ မတွေ့ရတာကြာလို့ “တွေ့ပြီး လက်ဘက်ရည်သောက်ရင်း စကား တွေပြောကြရအောင်ဗျာ”တဲ့။ ဆေးရုံကိုသွားရတဲ့အကြောင်ကတော့ ဆေးဘက်ပညာသိပ္ပံကျောင်းမှာ အတန်းဖော်သူငယ်ချင်းဖြစ် ခဲ့တဲ့မိတ်ဆွေတစ်ဦး Tan Tock Seng Hospital မှာ ဆေးရုံတက်နေလို့သွားမေးတာဖြစ်တယ်။ ကိုဖေ သက်နဲ့ကိုလှဘုန်းမောင်တို့က ဆေးရုံဝန်ထမ်းများဖြစ်ကြလို့ စာရေးသူကို ICU အခန်းထဲအထိ လိုက်ပို့ ပေးခဲ့ကြပါတယ်။ လူနာက သတိကောင်းကောင်းမရသေးတာဖြစ်လို့မို့ သူ့ဇနီး သူ့သားတို့ နဲ့ပဲစကား ပြောခဲ့ရတာ။ အားပေးစကားတွေ ပြောခဲ့ရတာ။

 

(၀ဲမှ) ဦးဖေသက်၊ စာရေးသူ၊ ဦးလှဘုန်းမောင်။ တန်တောက်ဆင်းဆေးရုံ။ ၂၇ ဇန်န၀ါရီ ၂၀၁၂။

 

လူနာမေးပြီးတဲ့အခါ ကိုဖေသက်နဲ့ကိုလှဖုန်းမောင်တို့က မိမိအား ဆေးရုံထဲကစားသောက်ဆိုင်ကိုခေါ် သွားခဲ့ကြတယ်။ အဲဒီမှာ လက်ဘက်ရည်သောက်ရင်း မုန့်စားကြရင်း စကားတွေပြောကြတယ်။ တွေ့ကြ ပြောကြတဲ့အခါ မိသားစုအရေး သားရေးသမီးရေးနဲ့ အလုပ်ကိစ္စတွေအကြောင်းနဲ့ စတတ်ကြပေမယ့် နောက်ဆုံးမှာက ကိုယ့်တိုင်ပြည်ကိုယ့်လူမျိုးအကြောင်ပဲရောက်သွားတတ်ကြတယ်။ 

ဒီအကြောင်းတွေကိုပဲ စိတ်ဝင်စားကြီးစွာ စိတ်လှုပ်ရှားမှုပြင်းစွာနဲ့ များများပြောဖြစ်တော့တာ။

မြန်မာပြည်မှာ ဒီကနေ့ဖြစ်ပျက်နေတဲ့စိတ်ဝင်စားစရာအကြောင်းတွေကို သူသိတာ ကိုယ်သိတာ၊ သူကြား ထားတာ ကိုယ်ကြားထားတာတွေ ဖလှယ်ကြ ထင်မြင်ချက်တွေပေးကြနဲ့ပေါ့။ 

အခုတစ်ခါစကားဝိုင်းမှာ အခါတိုင်းစကားဝိုင်းတွေတုန်းနဲ့မတူတာကတော့ ၀မ်းသာစရာကောင်းပြီး အားရ စရာကောင်းတဲ့မြန်မာပြည်ကသတင်းတွေနဲ့ အကြောင်းအရာတွေကို ပထမဆုံးအကြိမ် ပြောကြရခြင်းပဲ ဖြစ်ပါတယ်။

တစ်ခါတစ်ခါမှာ အခုလိုစားသောက်ဆိုင်တွေမှာတွေ့ပြီး ပြောဖြစ်ကြသလို သူ့အိမ်ကိုယ့်အိမ်မှာဖိတ်ပြီး ကျွေးကြ စားကြသောက်ကြ ရယ်မောကြရင်းပြောကြတာတွေလည်း ရှိကြရဲ့ ။ မတွေ့နိုင်ကြတဲ့အခါတွေ မတော့ တယ်လီဖုန်းနဲ့ ဆက်ကာ ကြားပြီးပြီလား၊ သိပြီးပြီလား၊ ဖတ်ပြီးပြီလား စသဖြင့်သတင်းပေးလား ပေးကြ သတင်းမေးလားမေးကြရပြန်တယ်။ ပြီး အားမလိုအားမရပဲဖြစ်ဖြစ် ဒေါသတကြီးနဲ့ပဲဖြစ်ဖြစ် ဝေ ဖန်ကြ မှတ်ချက်တွေပေးကြတာ နားပူလောက်တဲ့အထိပါပဲ။

သြော် .. ဘယ်နေရာပဲရောက်နေရောက်နေကြ ဘာတွေပဲလုပ်နေလုပ်နေကြ မြန်မာဟာမြန်မာပဲမို့ ဒီလိုစကားဝိုင်းတွေကတော့ ရှိနေကြမှာပါပဲ။  

 

 

 

Monday, January 23, 2012

အစိုးရမရှိသော တိုင်းပြည်သို့တစ်ခေါက်

စာရေးသူသည် အမ်စတာဒမ်မြို့ သူလေးမေခလာက သူ့စက်ဘီးလေးဖြင့်လိုက်ပို့ပေးခဲ့၍ ဘယ်လဂျီယံ နိုင်ငံ ဘရပ်ဆဲမြို့ သို့ထွက်မည့်ဘတ်စ်ကားဂိတ်သို့ အချိန်မီရောက်သွားနိုင်ခဲ့သည်။

ဘတ်စ်ကားပေါ်တက်ပြီးနေရာယူလိုက်သောအခါ ခရီးသည်အချို့ ရောက်နေကြပြီးဖြစ်သည်။ စာရေးသူ က လမ်းတစ်လျောက်တွင် ဓါတ်ပုံများရိုက်ရန်ရှိသဖြင့် ဘေးဘက်အစွန်တွင်ထိုင်ပါသည်။ ခရီးသည်များ စုံသောအခါ နံနက် ၁၀ နာရီ ၄ မိနစ်မှာ ကားစ,ထွက်၏။ ကားပေါ်၌ ထိုင်ခုံစေ့လူမပြည့်ပေ။ ၅ ပုံ ၄ ပုံခန့် သာပါမည် ထင်၏။ စာရေးသူ၏ဘေးတွင်ထိုင်သူမရှိသဖြင့် ကျောပိုးအိတ်တင်ထားလျက် ကင်မရာများကို အဆင်သင့်ထုတ်ထား၏။ ဗွီဒီယိုကင်မရာအား လက်မှာအသင့်ကိုင်ထားရင်း ခရီးသွားဧည့်ကြိုအမျိုးသမီး ကြီးပြောပြသည်များကိုလည်း တစ်ဖက်မှနားထောင်နေမိသည်။

ဘတ်စ်ကားက ဒဲမ်းရက်လမ်း(Damrak) မှ မြို့ လယ်ဘူတာရုံကြီး(Central Station) ဘက်ကို ဦးတည် ထွက်လိုက်ပါသည်။ ထိုမှ ညာဘက်သို့ချိုးကွေ့ကာ အမ်စတာဒမ်မြို့ ၏တောင်ဘက်သို့ ဆက်မောင်းလေ သည်။ စာရေးသူသည် ၁၉၉၆ခုနှစ်က ဖင်လန်နိုင်ငံ ဟယ်လဆင်ကီမြို့ မှ အမ်စတာဒမ်ကိုရောက်စဉ် ဤ မြို့တောင်ဘက်ပိုင်းရှိ လေဒန်၊ ဟေ့ဂ်၊ ဒက်ဖ်၊ ရောတာဒမ် အစရှိသည့်မြို့ များသို့ နေ့ချင်းပြန်ခရီးလည် ပတ်ခဲ့ဖူးသည်။ နေရာအတိအကျအား မမှတ်မိတော့သော်လည်း မြို့ လယ်ဘူတာရုံကြီးအနားမှသွားခဲ့ရ သည်ကိုမူ မှတ်မိနေပါ၏။

 

အမ်စတာဒမ်မြို့ က မြို့ လယ်ဘူတာရုံကြီး။ ဓါတ်ပုံ - ဖိုးတာ (ဇွန် ၂၀၁၁)။

 

ဧည့်ကြိုအမျိုးသမီးကြီးမှာ အသက် ၆၀ ခန့်ရှိမည်ဟုခန့်မှန်းရ၏။ သူမက ကားဆရာ၏အမည် နှင့်သူမ၏ အမည်တို့ကို ဦးစွာပြောပြလျက် မိတ်ဆက်ပါသည်။ ကားဆရာ၏အမည်ကို ‘ရွိုင်ယန်’ ဟု မှတ်မိနေကာ သူမ၏အမည်ကိုမူ မေ့သွားပြီဖြစ်သည်။ သူမက မိမိတို့ခရီးသည်များအား အင်္ဂလိပ်စကားပြောသူ နှင့်ပြင် သစ်စကားပြောသူ မည်မျှရှိကြောင်းမေးရာ အင်္ဂလိပ်စကားပြောသူက အများစုဖြစ်နေလေသည်။ သို့ဖြစ် ပေရာ ခရီးစဉ်အကြောင်းကို သူမက အင်္ဂလိပ်စကားဖြင့်ဦး စွာများများပြောလျက် ပြင်သစ်စကားဖြင့်အ ကျဉ်းချုပ်မျှသာပြောလေသည်။

သူမပြောပြသည်များတွင် နယ်သာလန်နိုင်ငံ၌ ဒုတိယမြေအောက်မီးရထားလမ်း (Second Avenue Subway) ဖောက်လုပ်နေသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို တွေ့မြင်ရမှာဖြစ် ကြောင်း၊ ၄.၈ ဘီလီ ယံဒေါ်လာကုန်ကျမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင်ပြီးဆီးမည်ဖြစ်ကြောင်း၊ ဒတ်ခ်ျလေရဟတ် (windmill) ကြီးများကို ရေစုပ်တင်ရန်နှင့်လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးတို့အတွက် အသုံးပြုကြောင်း၊ နယ်သာလန် နိုင်ငံအား လေရဟတ်ကြီးများ ကျူးလစ်ပန်းများ (Tulips) ဖြင့်တွဲဖက်ကာ အမှတ်သညာပြုလေ့ရှိကြ ကြောင်း၊ ဘယ်လဂျီယံနိုင်ငံသည် ၁၈၃၀ ခုနှစ်တွင် နယ်သာလန်နိုင်ငံမှ လွတ်လပ်ရေးရရှိခဲ့ကြောင်း၊ ဘယ် လဂျီယံနိုင်ငံမြောက်ပိုင်းရှိလူ များသည် ဒတ်ခ်ျဘာသာစကားကိုပြောဆိုကြလျက် ဘယ်လဂျီယံ နိုင်ငံတောင်ပိုင်းရှိလူများကမူ ပြင်သစ်ဘာသာစကားကိုပြောဆိုကြကြောင်း၊ ဖလန်းမင်းစ်လူမျိုးစုသည် ဘယ်လဂျီယံနိုင်ငံမြောက်ပိုင်း(ဖလန်းဒါး)တွင်နေထိုင်ကြလျက် ဖလန်းမစ်ရှ်ဘာသာစကားပြောဆို ကြ ကြောင်း၊ ဖလန်းမစ်ရှ်ဘာသာစကားမှာ နယ်သာလန်နိုင်ငံသားများပြောသည့် ဒတ်ခ်ျဘာသာစကားနှင့် အလွန်နီးစပ်မှုရှိကြောင်း၊ ဘယ်လဂျီယံနိုင်ငံ၌ ၂၀၁၀ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သည့်ရွေး ကောက်ပွဲပြီး ကတည်းက အစိုးရအဖွဲ့ ဖွဲ့မရပဲရှိနေခဲ့သည်မှာ တစ်နှစ်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း စသဖြင့်အတော်စုံစုံပြော ပြပါသည်။

 

 

ဘရပ်ဆဲမြို့ သို့အသွား လမ်းမှာတွေ့ရသော အိမ်လေးများ။ ဓါတ်ပုံ - ဖိုးတာ (ဇွန် ၂၀၁၁)။

 


ဘရပ်ဆဲမြို့ သို့အသွား လမ်းမှာတွေ့ရသော စားကျက်ခင်းများ။ ဓါတ်ပုံ - ဖိုးတာ (ဇွန် ၂၀၁၁)။

 

ဘရပ်ဆဲမြို့ သို့အသွား လမ်းမှာတွေ့ရသော စိုက်ခင်းများ။ ဓါတ်ပုံ - ဖိုးတာ (ဇွန် ၂၀၁၁)။

 

စာရေးသူကမူ သူမပြောပြသည်များကို နားထောင်လိုက် ဓါတ်ပုံရိုက်စရာရှိသည်များကိုရိုက်လိုက် လမ်း ဘေးမှာမြင်တွေ့နေရသည့် စိမ်းစိမ်းစိုစိုစားကျက်ခင်းများ၊ မြက်စားနေသောနွားအုပ်များ၊ စိုက်ခင်းနှင့်မွေး မြူရေးကွင်းများထဲက အုတ်ကျွပ်မိုးနီနီနှင့်တစ်ထပ်အိမ်လေးများစသည့်ရှုခင်းများကို ခံစားကြည့်လိုကြည့် ဖြင့် ရှိနေသည်။ သူမပြောပြနေသည်များကို ကြားတာကြား မကြားတာမကြား။

သို့ဖြင့် နေ့ ၁၂ နာရီကျော်တွင် ဘယ်လဂျီယံနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ကြီးဖြစ်သည့် အန့်တ်ဝ(ပ်)မြို့  (Antwerp)သို့ ရောက်ရှိခဲ့သည်။ ဤမြို့ မှာ ကမ္ဘာ့စိန်မြို့ တော်(the diamond capital of the world) အဖြစ် ထင်ရှားသည်ဆို၏။ 

တရားဝင်ဖွဲ့ထားသည့်အစိုးရမရှိသောနိုင်ငံသို့ မိမိအနေဖြင့် ပထမဦးဆုးံအကြိမ် ရောက်ဖူးခဲ့ရခြင်းဖြစ်ပါ လေ၏။ 

 

ဆက်ပြီးရေးပါဦးမည်။

 

 

မတ်တတ်ကလေး ရပ်ပေးကြပါ


ကြာကြာထိုင်ရင် ခါးနာနိုင်တယ်၊ ၀လာနိုင်တယ် .... သတိထား။

ရုံးဋ္ဌာနတွေမှာ ထိုင်ပြီးအလုပ်လုပ်ကြသူများအနေဖြင့် တစ်ချိန်လုံးမလှုပ်မရွေ့ ပဲ ဖင်ကျောက်ချမထိုင်ကြ ဖို့ အရေးကြီးလှကြောင်းကို Loughborough University မှ ဒေါက်တာ Myanna Duncan က သတိပေး ပြောကြားလိုက်ပါတယ်။ ဗြိတိသျှစိတ်ပညာအသင်းကြီး (British Psychological Society)ရဲ့  အလုပ်အ ကိုင်ဆိုင်ရာနှစ်လည်ကွန်ဖရင့် (Annual Occupational Conference) မှာတင်သွင်းဖတ်ကြားမယ့် သူရဲ့  လေ့လာချက်စာတမ်းတွင် အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

-     ထိုင်ပြီးအလုပ်လုပ်ကြသူများသည် တစ်ဦးနှင့်တစ်ဦးတစ်ရုံးတစ်ဋ္ဌာနထဲမှာပင် အီးမေးဖြင့် အချင်းချင်းဆက်သွယ်နေကြမည့်အစား ထိုင်ခုံမှမကြာခဏထကြပြီး မျက်နှာချင်းဆိုင်စ ကားပြောသင့်ကြ၏။

-     ဤ၀န်ထမ်းများသည် ထိုင်ခုံများ၌ အချိန်အတော်ကြာလွန်းစွာ ထိုင်တတ်ကြသည်။

-     ၀န်ထမ်းများသည် တစ်နေ့လျင် ပျမ်းမျှအားဖြင့် ၅ နာရီနှင့် ၄၁ မိနစ်ကြာ ထိုင်ပြီး အလုပ်လုပ်ကြရလေ့ရှိရာ မတ်တတ်ရပ်ရန်ပင် မေ့လျော့နေသည်။ အိပ်ရာပေါ်၌ လှဲအိပ်သလောက် ကြာကြာထိုင်နေကြသည်ဖြစ်၏။

-     အသက်ကြီးသည့်တိုင်အလုပ်လုပ်ကြရမည်ဖြစ်သဖြင့် ရေရှည်တွင်ကျန်းမာရေးကောင်း ဖို့လိုလေသည်။ 

-     ရုံးမှာထိုင်ပြီးအလုပ်လုပ်ကြသူများသည် များသောအားဖြင့် အိမ်မှာလည်း ထိုင်လေ့ရှိ တတ်ကြပြန်၏။ သို့ဖြစ်ရာ ၀,လာကြသည်မှာ အံ့စရာမဟုတ်ပေ။ 

ဒေါက်တာ Myanna Duncan၏လေ့လာချက်စာတမ်းသည် အလုပ်မျိုးစုံလုပ်ကိုင်ကြသည့် လူပေါင်း ၁၀၀၀ကျော်အား မေးမြန်းလေ့လာခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ ဘယ်လောက်ကြာ ကြာထိုင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုသိသင့်ပါတယ်။ ခင်ဗျားတို့ကို ထကြတော့လေဗျာ၊ လမ်းလျောက်ကြပါတော့လားလို့ ပြောပေးနေဖို့ စိတ်ပညာရှင်တစ်ဦး မလိုပါဘူး။ ကွန်ပြူတာမှာ ကော်စက္ကူလေး(post-it note) ကပ်ထားပြီး ကိုယ့်ကိုယ်ကိုသတိပေးလို့ရတာပဲဟာ”လို့ အကြံ ပေးထားပါသည်။   

အလုပ်လုပ်ကြရင်း တစ်ဖက်မှလည်း မိမိတို့ရဲ့ ကျန်းမာရေးကို အထူးအလေးထားပြီး ဂရုစိုက်ကြရန် မမေ့မလျော့ကြစေဖို့ပါ။

စာကိုး။ ။ Office workers ‘forget to stand’

 

Sunday, January 22, 2012

ဂျုံးဂျုံးကျ အုန်းပင်တန်းနှင့် ငြိမ်းချမ်းရာနယ်မြေ

စာရေးသူတို့မိသားစုသည် မှတ်မှတ်ရရပင် ၂၀၀၀ ခုနှစ်တွင် Lakeside ဘူတာရုံနှင့်မျက်နှာချင်းဆိုင်၌ရှိ သောတိုက်နံပတ် ၅၁၈မှ ၄၂ လမ်းရှိ တိုက်နံပတ် ၄၀၇ သို့ပြောင်းရွေ့ ခဲ့ကြ၏။ ဘူတာနှင့်နီးကာ သွားရေး လာရေးအလွန်အဆင်ပြေလှသည့် တိုက် ၅၁၈ ၌ ၁၀ နှစ်ကြာနေခဲ့ပြီးကာမှ ဘူတာနှင့်လည်းဝေးသော ဘတ်စ်ကားလိုင်းတစ်လိုင်းသာရှိသော နေရာသစ်သို့ မိမိတို့စိတ်ကြိုက်ရွေးပြီး ပြောင်းရွေ့ လာခဲ့ကြခြင်း ဖြစ်သည်။

တိုက် ၅၁၈ တုန်းကလည်း ကိုယ့်စိတ်တိုင်းကျနေရာလေးဖြစ်သဖြင့် ထိုမျှကြာသည့်တိုင်နေခဲ့ခြင်းဖြစ်ပါ လေ၏။ ၁၀ နှစ်အကြာတွင် မိမိတို့တိုက်ရှေ့ ၌ ကွန်ဒိုမီနီယံတိုက်ခန်းများဆောက်လာသဖြင့် မိမိတို့ အ တော်ကြီးကိုနေသားတကျရှိနေသည့်နေရာလေးအား မတတ်သာစွာ ခွဲခွာခဲ့ရခြင်းဖြစ်တော့သည်။ ယင်း ကွန်ဒိုမီနီယံတိုက်ခန်းများမရှိခင်က မိမိတို့တိုက်ရှေ့ တွင် ဘောလုံးကွင်းတစ်ကွင်းနီးပါကျယ်သောကွင်း ကြီး ရှိလေသည်။ ညနေခင်းအချိန်တွင် ထိုကွင်းထဲ၌ ဘောလုံးကစားနေကြသော လူငယ်များကိုတွေ့ရ တတ်၏။ စွန်လွတ်နေသော ကလေးများကိုလည်း တွေ့ရတတ်၏။ ပြေးလွှားကစားနေကြသူအချို့ လည်း ရှိတတ်ပါ၏။ ထိုစဉ်က ၁၁ လသားအရွယ်သာရှိသည့် စာရေးသူ၏သားလေးကို အဆိုပါကွင်းသို့ခေါ်သွား ကာ လမ်းလျောက်စေခဲ့ပါသည်။ မြက်ခင်းဖြစ်သဖြင့် လမ်းစမ်းလျောက်တတ်စသားလေး မတော်တဆ လဲကျ၍ နာမှာကို မပူရပါချေ။  

လမင်းထိန်ထိန်သာသည့်ညများမှာ Chinese Garden ရှေ့ ရှိရေကန်ကြီးအား ၁၃ ထပ်တိုက် ပေါ်မှနေပြီး လှပစွာမြင်တွေ့ရမြဲ။ နေ့ခင်းတွင်မူ MRT ရထားလမ်းကိုကျော်လွန်ပြီး အဝေးဆီက ကျွန်းများပေါ်ရှိရေနံ ချက်စက်ရုံများအား မျက်စိတစ်ဆုံးလှမ်းမြင်နေရသည်။ အိမ်ခန်းကလည်း 4-Room A ထောင့်ခန်းဖြစ် သဖြင့် ကျယ်ကျယ်ဝန်းဝန်းရှိ၏။ တိတ်တိတ်ဆိတ်ဆိတ်လည်းရှိပါ၏။ မိမိတို့အခန်းနှင့် နံရံချင်းကပ်နေ သည့်အခန်းဟူ၍ မရှိပေ။ အနီးဆုံးအခန်းနှင့် အလည်၌ လှေကါးကြီးခြားလျက်ရှိသည်။ အိမ်ကိုအလည် လာကြသူတိုင်းက ဤအိမ်ခန်းလေးကို ကြိုက်ကြ၏။ ဘူတာနှင့်နီးသည့်အပြင် ဘူတာပလက်ဖောင်းပေါ် ရှိလူများကို လူလုံးမကွဲသော်လည်း အတိုင်းသားမြင်နေရသည်။ စာရေးသူ၏ဇနီးမှာ ဘူတာရှေ့ ကကုန်း ကျော်တံတားပေါ်မှလာနေသော သူ့ခင်ပွန်းဖြစ်သူအား အိမ်မှပင်မြင်သိနိုင်ပါလေ၏။

သို့ပေမဲ့ မိမိတို့တိုက်ရှေ့ တည့်တည့်တွင် ကွန်ဒိုမီနီယံတိုက်ခန်းများရှိလာသောအခါ တိုက်ရှေ့ မှ ကွင်းပြင် ကြီး ပျောက်သွားခဲ့သည်။ Chinese Garden ရှေ့ ရှိရေကန်ကြီး၊ Lakeside ဘူတာရုံ၊ ကုန်းကျော်တံတား နှင့် ရေနံချက်စက်ရုံများစသည့်မြင်ကွင်းအားလုံးကို မမြင်တွေ့နိုင်တော့ပေ။ နေ့နေ့ညည ရှေ့ ကတိုက်ခန်း များကိုသာ တွေ့မြင်နေရသည်။ ထို့ကြောင့် အိမ်ပြောင်းခဲ့ရတော့၏။

 

အလုပ်သွားအလုပ်ပြန်မှာ နေ့စဉ်တွေ့နေရတဲ့ အုန်းပင်များနဲ့မြစိမ်းရောင်ကွင်း။

အိမ်အနောက်ဖက်က စိမ်းစိုစိုတောအုပ်။

တိုက်တွေဘေးက အုန်းပင်တန်း။

၄၂ လမ်းမှလက်ရှိအိမ်ကိုတော့ ကြိုက်သည်။ အိမ်အရှေ့ ဖက်၌ car park အကျယ်ကြီးရှိသဖြင့် မျက်နှာ ချင်းဆိုင်တိုက်နှင့်ဝေးသည်။ အိမ်အနောက်ဖက်၌အမြန်လမ်မကြီးရှိပြီး လမ်းမကြီး၏အခြားတစ်ဖက်တွင် မည်သည့်တိုက်တာအိမ်ခြေမှမရှိ။ တောသာရှိ၏။ သစ်ပင်များထူထပ်စွာပေါက်လျက်ရှိပြီး ရာသီအလိုက် ပွင့်သည့်တောပန်းလေးများကို အချိန်အခါအလိုက် လှလှပပတွေ့ရတတ်သည်။ 

လသာလို့ကတော့ ကြည့်မ၀ ရှုမ၀သည့် ပန်းချီကားတစ်ချပ်ပေပဲ။

ပိုပြီးနှစ်သက်စရာကောင်းသည်မှာ စုစုပေါင်းတိုက် ဂ လုံးသာရှိကာ ကွင်းကျယ်ကြီး ၂ ကွင်း အကြားတွင် ရှိနေသဖြင့် လေကောင်းလေသန့်ရသည်။ တိတ်ဆိတ်ငြိမ်းချမ်းမှုလည်း ရှိသည်။ စာရေးသူသည် နံနက် ခင်းအလုပ်သွားတိုင်းနှင့်ညနေခင်းမှအလုပ်မှပြန်လာတိုင်း နေရောင်တွင်တောက်ပနေသည့်မြစိမ်းရောင် ကွင်းပြင်နှင့် စီရရီအစဉ်တန်းနေကြသော အုန်းပင်လေးများဘေးမှ ဖြတ်သွားနေရခြင်းကို ကြည်နူးမိ၏။ အုန်းပင်တန်း၏အဆုံးတွင် တူးမြောင်းငယ်မှရေများ တူးမြောင်းကြီးထဲသို့ တရစပ်စီးကျသံကို ကြားနေရ သည်။ ယင်းအသံကို စ,ပြီးကြားမိစဉ်က မုဒုံမြို့ သူဖြစ်သည့်မိမိ၏ဇနီးအား “ဒီအသံက ဂျုံးဂျုံးကျဘုန်း ကြီးကျောင်းမှာရှိတဲ့ရေတံခွန်က ရေကျသံနဲ့တူတယ်နော်” ဟု ရယ်စရာပြောခဲ့ဖူးရာမှ နောင်တွင်’ဂျုံးဂျုံး ကျ’ဟု တွင်သွားပါလေ၏။

သို့ဖြစ်ပေရာ သည်လမ်း သည်အိမ်နှင့် သည်ဝန်းကျင်လေးအား ဤကဲ့သို့မြန်မာပြည်မှအမည်နာမများ ပေးထားမိသည်။

ဂျုံးဂျုံးကျ

အုန်းပင်တန်းနှင့်

 ငြိမ်းချမ်းရာနယ်မြေဟူ၍။

ဤသို့နှင့်ပင် မြန်မာပြည်ကို အလွမ်းဖြေနေရသည်။


Saturday, January 21, 2012

အပြုံးပန်းတို့ ရာထောင်မက ဝေလေပြီ



ယခုလ ၇ ရက် စနေနေ့က “မျက်ရည်တစ်ပေါက်” ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ထောင်ဗူးဝမှာ စိုးရိမ်ပူပန်ကြီး စွာဖြင့် မျှော်လင့်စောင့်စားနေသည့် အမေအိုတစ်ဦး၏ခိုကိုးရာမဲ့ခြင်း၊ မရေမရာ မသေမချာဖြစ်ရခြင်းနှင့် ၀မ်းနည်းကြေကွဲခြင်းတို့ကို လေးစားစာနာစွာ မျှယူခံစားလျက် သတင်းဓါတ်ပုံနှင့်အတူ ကျွန်းသာယာမှာ ရေးသားခဲ့ပါတယ်။

အဲဒီနေ့က အဲဒီစာရေးနေတဲ့အချိန်အထိ မြန်မာလူထုကြီးကမျှော်လင့်နေတဲ့ ကိုမင်းကိုနိုင်တို့ ဦးခွန်ထွန်း ဦးတို့ ကိုကိုကြီးအစရှိတဲ့ ထင်ရှားတဲ့နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးသေးပါဘူး။ သူတို့ကို အခု လောက်မြန်မြန်ဆန်ဆန်ကြီး လွှတ်ပေးမယ်မလွှတ်ပေးဘူးဆိုတာ လုံးဝမသိရသေးလို့ အားလုံးကမကျေ မနပ်နဲ့ စနိုးစနောင့်ဖြစ်နေခဲ့ကြရတယ်။

ဒါ့ကြောင့် မိမိတို့၏ရဲရင့် စွဲမြဲတဲ့ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများရဲ့ မိဖဘိုးဘွား မောင်နှမ များ၊ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် မိသားစုများစွာတို့အနေဖြင့် သူတို့အားလုံးအတွက် ခါးသည်းစွာကြုံ တွေ့ရင်ဆိုင်နေကြရတဲ့ ရင်နင့်ဖွယ်ရာအဖြစ်တွေကို သတိတရရှိပြီးမမေ့ကြစေဖို့ရည်ရွယ်ပြီး ရေးလိုက် တာပါ။ 

တကယ်က သူတို့အားလုံး၏ ရင်ထဲကအပူမီးတွေ ဆက်လက်တာမရှည်တော့ပဲ နေထိနှင်းသို့ အလား ကွယ်ပျောက်ငြိမ်းအေးချိန်တန်နေပါပြီ။ 

ကြာလည်း ရှည်ကြာလွန်းခဲ့လှပါပြီ။

သူတို့အားလုံး အပူရုပ်များချုပ်ငြိမ်းကြကာ ထာဝရပျော်ရွှင်ငြိမ်းချမ်းမှုကို အလျင်အမြန်ဆုံးရရှိစေချင် တာဟာ “မျက်ရည်တစ်ပေါက်”၏ အပြင်းပြဆုံးအန္တိမဆန္ဒပါ

ဒါနဲ့ပတ်သက်လို့ RFA က AFP မှသတင်းတစ်ပုဒ်အားဖော်ပြခဲ့တာကို အောက်တွင်ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။ 

/// အကျဉ်းသားအားလုံးကို ထောင်ဒဏ်တနှစ်စီ လျှော့ပေါ့ပေးပြီး အင်္ဂါနေ့မှစပြီး အကျဉ်းသား ၁၇ ၀၀၀ ကို စတင် လွှတ်ပေးနေကြောင်း ဦးသိန်းစိန် အစိုးရက ကြေငြာခဲ့ပြီးသော်လည်း နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင်တွင်း ကျန်ရှိနေသေးသည့်အပေါ် ပြည်တွင်းပြည်ပအဖွဲအစည်းများက ပြင်း ပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။  ///

ကဲ အခုတော့၊ သူတို့အားလုံး လွတ်လာခဲ့ကြပြီ။ အားလုံး အားရလှိုက်လှဲစွာ ၀မ်းမြောက်ဝမ်းသာဖြစ်ကြ ရပြီ။

တဒင်္ဂပဲဖြစ်ဖြစ် ထာဝရပဲဖြစ်ဖြစ် အဲဒီဆန္ဒပြည့်ဝခဲ့ရပေပြီ။

ဖတ်ကြည့်လိုက်ကြစမ်းပါ… EMG မှာဖတ်လိုက်မိတဲ့ ဆရာကြီးလူထုစိန်းဝင်းရဲ့ ဝမ်းသာအယ်လဲစကား များကို။

///‘အခုလို ကိုကိုကြီးတို့လို၊ မင်းကိုနိုင်တို့လို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်တဲ့အတွက် အင် မတန်ကိုပဲ ၀မ်းသာပါတယ်။  ဒီဝမ်းသာမှုမျိုးက ကမ္ဘာပေါ်မှာ ဘယ်လူမျိုးမှကို ကြုံဖူးလိမ့်မယ်လို့ မထင် ဘူး။ ဘာကြောင့်လဲဆိုတော့ ထောင်တွေရှေ့မှာ လူတွေ ထောင်နဲ့ချီပြီး ပျော်ရွှင်မြူးတူးနေကြတဲ့ အတွေ့ အကြုံမျိုးက ကမ္ဘာပေါ်က ဘယ်နိုင်ငံမှ ရှိဖူးမှာမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံပဲ ရှိလိမ့်မယ်။ ဘယ်လိုမှကို ပြောမပြတတ်တဲ့ ၀မ်းသာမှုမျိုးတွေ ၀မ်းသာတယ်။ နောက်ထပ် ၀မ်းသာစရာတစ်ခု လိုပါသေးတယ်။ တောင်ပေါ်ဒေသတွေက တိုက်ပွဲသံတွေ လုံးဝရပ်စဲပြီးတော့ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းတဲ့ အဖြစ်ကို အမြန်ဆုံးရမယ်ဆိုရင်တော့ အခုထက် အဆပေါင်းများစွာ ပိုပြီးဝမ်းသာမိမှာပါပဲ။ အဲဒါလေးကိုလည်း ဆရာ မသေခင်မှာ မြင်တွေ့သွားချင်ပါတယ်’ ///   

EMG မှာပဲ နောက်တစ်ဦးဖြစ်တဲ့ freedomfighter ကလည်း အခုလိုပွင့်ပွင့်လင်းလင်းနဲ့ အားပါးတရကြီး မှတ်ချက်ပေး(comment)ရေးခဲ့တာကို သတိပြုဖတ်မိလိုက်ပါသေးတယ်။  
    
///  #22 freedomfighter 2012-01-16 09:44
ကျွန်တော် အရမ်းပျော်ပြီး အရမ်းကျေးဇူးတင်ပါတယ် သမ္မတကြီးခင်ဗျာ။
တိုင်းပြည်အနာဂတ်မှာ ဒီလို အားပါတဲ့ အပျော်မျိုးတွေ ထပ်လာစမ်းပါစေ။ ရင်နှစ်ချမ်း ဗျမ်းဗျမ်းကွဲအောင် ကျွန်တော်ပျော်လိုက်မယ်။   ///

မြန်မာလူမျိုးတွေရဲ့ မျက်နှာပေါင်းအရာအထောင်မှာ အပြုံးပန်းတို့ အရာအထောင်မက ဖူးပွင့် ဝေဆာကြ ပါချေပြီ။

အပြုံးပန်းတွေနဲ့အတူ မြန်မာပြည်ရဲ့ မျှော်လင့်ချက်လင်းရောင်ခြည်ဦးဟာလည်းပဲ ထွန်းလင်းတောက်ပ လို့ လာခဲ့ပါပြီ။ 

 

 

Monday, January 16, 2012

အမ်စတာဒမ်သူလေး မေခလာ

ခရီးသွားကြသူတို့မှာ လမ်းခရီးမှာအဆင်မပြေတာလေးတွေ ကြုံတွေ့ရတတ်ပါတယ်။ ပြည်တွင်းမှာပဲသွား သွား ပြည်ပကိုပဲသွားသွား ကြိုတင်ပြင်ဆင်ထားတဲ့ကြားက စိတ်ကသိကအောက်ဖြစ်စရာလေးတွေ အ နည်းနဲ့အများဆိုသလို မမျှော်လင့်ပဲကြုံတွေ့ကြရတာ အထူးအဆန်းကြီး မဟုတ်လှပါဘူး။

ပြီးခဲ့တဲ့နှစ်ဇွန်လက နယ်သာလန်နိုင်ငံမှာကြုံတွေ့ခဲ့ရပုံလေးက တကယ်တော့ ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရတာရယ်ပါ။

အဲဒီနေ့က စာရေးသူ ဘယ်လဂျီယံနိုင်ငံကို ခဏတဖြုတ်အလည်သွားမည့်နေ့ဖြစ်တယ်။ နယ်သာလန်နိုင် ငံ အမ်စတာဒမ်မြို့ မှာကျင်းပမည့် အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ(The World Confe-deration for Physical Therapy Congress)ကိုသွားတက်ရင်း အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘယ်လဂျီယံ ဘက်ကူးပြီးလည်ပတ်ဖို့ရာ စင်ကာပူမှမသွားခင်ကတည်းက စီ စဉ်ထားခဲ့ပါတယ်။ အဲဒီကခရီးသွားကုမ္ပ ဏီတစ်ခု(Lindbergh)ကို အီးမေးဖြင့်ဆက်သွယ်ကာ မိမိခရီးသွားလိုသည့်နေ့ရက်/အချိန်အတိအကျပြော ပြပြီး ကြိုတင်လက်မှတ်ဝယ်ယူထားခဲ့ရတာ။ 

သွားမည့်နေ့မနက်က ဟိုတယ်နဲ့မလှမ်းမကမ်းမှာရှိတဲ့ရေယာဉ်ဆိပ်ကို ကျောပိုးအိတ်ကလေးလွယ်ကာ ထုံးစံအတိုင်းပဲ လမ်းလျောက်သွားလိုက်တယ်။ ရေယာဉ်ဆိပ်က ဟိုတယ်နဲ့နီးနီးလေးပါ။ သုံးလေးမိနစ် လောက်ပဲလျောက်ရတာ။ ဒါပေမယ့် ဖယ်ရီတစ်စီး ကပ်ပြီးလွတ်သွားတယ်။ နာရီကိုကြည့်ပြီး အချိန်ရှိ သေးတာမို့ ကိစ္စမရှိပေဘူး။ မိုးမရွာလို့ တော်ပေသေးတယ်။ မိုးရွာလို့ကတော့ ခိုစရာနေရာက ကြီးကြီး မားမားရှိတာမဟုတ်ဖူး။ ဘတ်စ်ကားမှတ်တိုင်သေးသေးလေး ၂ ခုပဲရှိတာ။ လူ ၆ ယောက်လောက်ပဲ ခိုနိုင် တာ။ ဒီကြားထဲ စက်ဘီးပါပါလာရင် ကျပ်ညပ်နေကော။ နောက်ပြီး မိုးက လေနဲ့ပါအတူလာလေ့ရှိတာမို့ ပိုဆိုးပါလေကော။

၁၅ မိနစ်လောက်ကြတဲ့အခါ နောက်တစ်စီးရောက်လာတာမို့ ကသုတ်ကရက်လေးပြေးပြီးတက် လိုက်မိ တယ်။ စက်ဘီးတွေနဲ့ခရီးသည်တွေအများကြီးဆင်းသွားကြသလို စက်ဘီးတွေနဲ့ခရီးသည်တွေအများကြီး ပဲ ပါလာကြပြန်တယ်။ ဖယ်ရီပေါ်ရောက်သွားတော့ စိတ်အေးသွားတယ်။ ဒါပေမဲ့ ခရီးစထွက်ပြီးမကြာခင် မှာပဲ ဖယ်ရီမှားပြီးစီးမိတာ သတိပြုမိတော့တယ်။ ဖယ်ရီက မိမိသွားမယ့် မြို့ လည်ဘူတာရုံကြီး(Central Station)ဆီကို ဦးတည်မသွားပဲ ညာဖက်ကိုကွေ့သွားတာသတိပြုမိလိုက်တယ်။ ဘယ်ဆီဘယ်ကမ်း ဆိုက်မယ်ဆိုတာ မသိရဘူး။ အဲဒီကနေ ဘယ်လိုလုပ်ပြီး မြို့ လည်ဘူတာရုံကြီးဆီကို သွားရပါလိမ့်။ ရုတ် တရက်တော့ ဦးနှောက်တွေ ပူထူသွားမိတာ အမှန်ပါ။ ဒါနဲ့ အနားမှာစက်ဘီးနဲ့ရပ်နေတဲ့အမျိုးသမီးကို မေးကြည့်တော့ မှားတာပိုပြီးသေချာသွားပြီ။ ဘာပဲဖြစ်ဖြစ် တက္ကစီစီးသွားရင်ဖြစ်မှာပါလို့တွေးကာ စိတ် ဖြေရ တယ်။ 

 

ဟိုတယ်နဲ့ဘူတာကြီးဆွဲပေးနေတဲ့ဖယ်ရီ။

ဖယ်ရီပေါ်ကဆင်းလာတဲ့ စက်ဘီးတွေ ...။




ဒီလိုနဲ့ ဖယ်ရီက အိမ်ခြေတိုက်တာအဆောက်အဦတွေမတွေ့ရတဲ့ ခပ်ခေါင်ခေါင်ဆိပ်ကမ်းတစ်ခုမှာ ကပ် လိုက်ပါတယ်။ ခရီးသည်တွေအားလုံး စက်ဘီးကိုယ်စီနဲ့ အလျိုအလျိုဆင်းသွားကြတယ်။ စာရေးသူတစ် ဦးပဲ မျက်စိသငယ်နားသငယ်လေးနဲ့ ဟိုသွားရမှာလိုလို ဒီသွားရမှာလိုလို နဲ့ကျန်ခဲ့တာ။ မေးကြည့်လိုက် တော့ ဒီနေရာမှာ လိုင်းကားလည်းမရှိဘူး တက္ကစီရဖို့ဆိုတာကလည်း ခက်ပါသတဲ့။ ကဲ ကောင်းကြပါလေ ကော။ ဘယ်လဂျီယံသွားမဲ့ကားဂိတ်ကို အချိန်မီ ရောက်ဖို့ အချိန်သိပ်မရှိတော့တာမို့ မထူးပါဘူးလေလို့ တွေးကာ ခြေဦးတည့်ရာ(ဘူတာရုံရှိမဲ့ဖက်ကိုမှန်းပြီး) ခပ်သွက်သွက်လေးလျောက်လိုက်တယ်။ တက္ကစီ တွေ့လိုတွေ့ငြားလည်း ကြည့်ရင်းပေါ့ ။ ဒီအတိုင်းဆို တက္ကစီမရလို့ကတော့ နံနက် ၁၀ နာရီထွက်မဲ့ကား ကိုမီမှာမဟုတ်ဘူး။

ဇောချွေးတွေပြန်ပြီးစိတ်အိုက်နေတုန်း အနားကိုစက်ဘီးတစ်စီးထိုးရပ်လာတယ်။ ကြည့်လိုက်တော့ စော စောကဖယ်ရီပေါ်မှာ မိမိစုံစမ်းမေးမြန်းခဲ့တဲ့အမျိုးသမီးဖြစ်တာတွေ့ရတယ်။ သူမက စက်ဘီးကိုခြေတစ် ဖက်ထောက်ရပ်ရင်းက “ရှင့်ကားက ဘယ်အချိန်ထွက်မှာလဲ၊ ဘတ်စ်ကားဂိတ်ကကော ဘယ်မှာမို့လဲ” လို့မေးတာ နဲ့ ကားက ၁၀ နာရီထွက်မည့်အကြောင်းနဲ့ လိပ်စာကို ပါပြောပြလိုက်တယ်။ သူမက လက်က နာရီကိုကြည့်ပြီး ‘ဒါဆို ရှင် ကားမီမှာမဟုတ်ဘူး။ လာ ကျမစက်ဘီးပေါ်တက်၊ ကျမ လိုက်ပို့ပေးမယ်’ လို့ပြောပါတယ်။ ဟာ ဘာပြောကောင်းမလဲ။ ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရင်း စက်ဘီးနောက် ထိုင်ခုံပေါ်ကို စွေ့ခနဲတက်လိုက်မိ တယ်။ ရင်ထဲမှာလေ ၀မ်းသာမိလိုက်တာ မပြောပါနဲ့ တော့။

ကိုယ်ကသာ ကိုယ့်အခက်အခဲနဲ့ကိုယ်မို့ ၀မ်းသာရတာ။ သူမအတွက်တော့ စိတ်မကောင်းအားနာကြီးဖြစ် ရပါတယ်။ သူမက စက်ဘီးကယ်ရီယာခုံမှာ မိမိရဲ့ လေးလံလှတဲ့အတ္တဘောကြီးကိုတင်ပြီး အမြန်နင်းနေရ တာ။ နောက်ပြီး မိမိမှာက ကျောပိုးအိတ်ကြီးပါနေသေးတယ်။ စက်ဘီးလက်ကိုင်ကို အနိုင်နိုင်ထိမ်း ပြီး ခြေထောက်တွေကရုန်းကန်နင်းနေတာ နောက်မှအတိုင်းသား မြင်နေရ သိနေရတာမို့ပါ။ သူမရဲ့ အသက် က နှစ်ဆယ့်လေးငါးခြောက်နှစ်ပဲရှိဦးမယ် ထင်ပါတယ်။ အခုအချိန်က အလုပ်သွားတာဖြစ်မှာပါ။ မီးပွိုင့် တွေမှာ သူမ ခြေထောက်ရပ်တိုင်း မိမိက အလိုက်သိစွာ ဆင်းပေးပါတယ်။ မဟုတ်ရင် သူ့ခမျာ စက်ဘီး လက်ကိုင်ကိုထိမ်းထားရင်းက ခြေတစ်ဖက်ထောက်ရပ်ဖို့ ခက်ပါမယ်။ ရပ်ထားရာမှ စက်ဘီးပြန်ပြီး စ,နင်း တိုင်း သူမခမျာ အတော်လေးကို ရုန်းရတာ။ အကူအညီမတောင်းရပါပဲ သူမဖာသာလိုလိုလားလားနဲ့ အ ကူအညီပေးလာတာဖြစ်လို့ ပြောမပြတတ်လောက်အောင်ကျေးဇူးတင်မိသလို ရင်ထဲမှာလည်းပြောမပြ တတ်လောက်အောင်ကိုပဲ အားနာမိနေတာအမှန်ပါ။

စက်ဘီးနင်းရင်းက သူမနဲ့ အလာပသလာပစကားလေးတွေ အနည်းအပါးပြောဖြစ်ကြပါသေးတယ်။ ဘယ်နိုင်ငံကလာတယ်၊ ဘာကိစ္စနဲ့လာတယ်၊ ဘယ်မှာတည်းခိုတယ်၊ အခုဘယ်ကိုသွားမယ် စသဖြင့်။ ဒါ နဲ့ လမ်းဆုံတစ်နေရာရောက်တဲ့အခါ စက်ဘီးရပ်လိုက်ပြီး “ဒီကနေ ရှေ့ ကို တည့်တည့်ဆက်ပြီးလျောက် သွားပါ။ ဟောဟိုကမြင်နေရတဲ့မီးပွိုင့်ကိုရောက်တဲ့အခါ ညာဘက်မှာ ဒဲမ်းရက်လမ်း(Damrak)ကို တွေ့ရ မယ်။ လမ်းထဲဝင်ပြီး သုံးမိနစ်လောက်သွားရင် ကားဂိတ် ကိုတွေ့ပါမယ်”လို့ သူမက သေသေချာချာလမ်း ညွှန်ပြောပြပေးရှာပါတယ်။ 

 

အဖြူရောင်နောက်ခံမှာ အနီလိုင်းအပြာလိုင်းရှိတဲ့ဆိုင်းဘုတ်နဲ့ဆိုင်က ကားဂိတ်ရုံးပါပဲ။ 

 

မိမိအား ကားဂိတ်နဲ့အနီးဆုံးနေရာအထိ တကူးတကလိုက်ပို့ပေးပြီး သူ့အလုပ်ရှိရာကို သုတ်ခြေတင်နင်း ထွက်သွားတဲ့ အမ်စတာဒမ်မြို့ သူလေးကို မြင်ကွင်းမှလုံးဝပျောက်သွားတဲ့အထိ လှိုက်လှဲကျေးဇူးတင်စွာ ကြည့်ပြီးနောက် မိမိရဲ့ ခရီးကို စိတ်လက်ပေါ့ ပါးအဆင်ပြေစွာဖြင့် သွားနိုင်ခဲ့ပါတော့တယ်။    

အမ်စတာဒမ်မြို့ သူလေးမေခလာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။ 

 

 

Sunday, January 15, 2012

အောက်မေ့ကြည်နူး ဆရာ့ကျေးဇူး (၁)

 


ဇန်န၀ါရီလ ၈ ရက်နေ့ထုတ် The Sunday Times သတင်းစာရဲ့  Lifestyle မျက်နှာဖုံးစာမျက်နှာမှာ စင်ကာပူနိုင် ငံပညာရေးဝန်ကြီးဋ္ဌာနက ကြော်ငြာတစ်ခုထည့်ထားတာ သတိပြုမိလိုက်တယ်။  

A teacher may not remember when he makes a difference.

A student will never forget. လို့။

ပညာရေးဝန်ကြီးဋ္ဌာနရဲ့ ကြော်ငြာက ကျောင်းဆရာအလုပ်ကိုလုပ်ချင်အောင် ဆရာများရဲ့  တပည့်တွေ (တစ်နည်း) လူတွေအပေါ်မှာ သြဇာသက်ရောက်နိုင်စွမ်းရှိမှုကို ဖော်ညွှန်းကြော်ငြာထားတာဖြစ်တယ်။

မှန်ပါတယ်။

ဆရာများအနေဖြင့် တပည့်တစ်ယောက်စီအပေါ် သူရဲ့ အကျိုးပြုနိုင်ခဲ့တာတွေနဲ့ သြဇာသက်ရောက်နိုင် ခဲ့တာများကို မှတ်မိကောင်းမှမှတ်မိမယ်ဖြစ်ပေမယ့် တကယ်က အဲဒီလိုဖြစ်တယ်ဆိုတာကို အားလုံးသ ဘောတူလက်ခံနိုင်ကြပါမယ်ထင်ပါတယ်။ မိမိရဲ့ အတွေ့အကြုံများထဲမှ အချို့ အား ဥပမာပေးဆွေးနွေး ပြောပြပါရစေ။

ရွှေဘိုမြို့ တန်းလတ်ကျောင်းမှာပညာသင်ကြားခဲ့စဉ်က စာရေးသူ၏ဆရာမဒေါ်ယဉ်ယဉ်သည် သူသင် ကြားပေးရသည့်သိပ္ပံဘာသာရပ်အပြင် ဗလာစာအုပ်ထဲမှာ သင်ခန်းစာမှတ်စုရေးတဲ့အခါ လိုက်နာရမယ့် စည်းစနစ်ကိုပါ ကျပ်ကျပ်မှတ်မှတ်သင်ပေးခဲ့ပါတယ်။ တစ်ခုကိုပဲ ဥပမာပြောပါ့ မယ်။ စာပိုဒ်အသစ်တစ် ပိုဒ်စပြီးရေးတိုင်း ဘေးမျဉ်းနဲ့တစ်လက်မခွာပြီးရေးရတာဖြစ်တယ်။ ဆရာမသင်ပြပေးခဲ့တဲ့အဲဒီအချိန်က စလို့ စာရေးသူဟာ ယခုအချိန်အထိ သေသေချာလိုက်နာနေဆဲပါ။ မျက်စေ့ထဲမှာ ပိုရှင်းတယ်လို့ခံစားရ သလို စာမျက်နှာရဲ့ ဖွဲ့စည်းပုံလေးလည်း လှနေ ပြန်ချေသေးတော့။ 

ဒါကိုဘာဖြစ်လို့ အထူးလုပ်ပြီးပြောနေရတာလဲလို့ ထင်ကောင်းထင်မိကြမှာပါ။ မိမိအဖို့ကတော့ ဆရာမ က ကောင်းစေချင်လို့သင်ပေးတာကို လိုက်နာချင်တာရယ်၊ အဲဒီလိုရေးရတာကို ကိုယ်တိုင်ကနှစ်ခြိုက် တာရယ်၊ နောက်ပြီး ဒါဟာ စာရေးနည်းစနစ်အမှန်လို့ ယုံကြည်မိတာတွေကြောင့်ပါ။ တပည့်အချို့ က ဆရာမကိုကြောက်လို့ ဆရာမရဲ့ ဘာသာရပ်စာအုပ်မှာပဲလိုက်နာပေမယ့် ကျန်တဲ့ဘာသာရပ်တွေမှာ ဂ ရုတစိုက်မလိုက်နာကြပါဘူး။ ဆရာမနဲ့ လွတ်သွားပြီးတဲ့နောက်မှာဆို မပြောနဲ့တော့ပေါ့။

စာရေးသူသည် ဒီရေးနည်းစနစ်ကိုသင်ကြားပြသပေးခဲ့တဲ့ မိမိရဲ့ ကံ့ကူလက်လှည့်ဆရာတစ်ဦး ဖြစ်ခဲ့တဲ့ ဆရာမရဲ့ ကျေးဇူးကို ယနေ့တိုင်သတိရအောက်မေ့လျက်ရှိနေဆဲပါ။ မြတ်မြတ်နိုးနိုး တန်ဖိုးထားလျက်ရှိ ဆဲပါ။     

Saturday, January 7, 2012

မျက်ရည်တစ်ပေါက်


အင်းစိန်အကျဉ်းထောင်ရှေ့ မှာ မျှော်လင့်ချက်ဖြင့်စောင့်ဆိုင်းရင်း မျက်ရည်မဆည်နိုင်သည့် အမေအိုတစ်ဦး၏သောကရုပ်ပုံလွှာ။



အခုတစ်ပတ်နောက်ဆုံးထုတ် The Voice Weekly (Vol.8 / No.4 ဇန်န၀ါရီ ၉-၁၅ ရက်)ဂျာနယ်မျက် နှာဖုံးတွင် ထင်ထင်ရှားရှားဖော်ပြထားသည့် ဓါတ်ပုံမိုးကျော်လွင်၏ လက်ရာကောင်းတစ်ခုဖြစ်သည်။

ယင်းဓါတ်ပုံလေးအားစေ့စေ့ကြည့်ရင်း စာရေးသူ၏ရင်ထဲတွင် ထိထိခိုက်ခိုက်ခံစားမိပါသည်။ ခံစားချက်မှ ထပ်ဆင့်မွေးဖွားလာခဲ့ကြသည့် မိမိ၏နှလုံးသားမှဝေဒနာတို့သည် စကားလုံးလေးများအဖြစ်ပြောင်းသွား ပြန်ပေရာ .......


အင်းစိန်တောရ၊ ရန်ကုန်မြို့ ။

အမေတစ်ယောက် ထောင်ဗူးဝနှင့်မလှမ်းမကမ်းက သံဆူးကြိုးတန်းအနားမှာ မလှုပ်မရှက်ဖြင့် တွေတွေ ဝေေ၀ငေးငေးငိုင်ငိုင် ရပ်လျက်ရှိနေသည်။

စောစောက အမေ့မျက်လုံးအိမ်မှာရစ်ဝဲနေသည့်မျက်ရည်ဥများက တားဆီးမစွမ်းသာပဲ ဒလဟောသွန်း ချလာကြသည်။ အမေသည် မျက်ရည်သုတ်ရန်ပင် မေ့တတ်နေလေပြီလား။

တန်ဆောင်မုန်းလ၏နေကလည်း မွန်းတည့်ချိန်ပင်မရောက်သေးသော်လည်း ချစ်ချစ်တောက်ပူလောင် လျက်။

အနားတွင် အမေ့လိုလူများ နေပူကျဲကျဲကိုမမှုအားပဲ ထောင်ဗူးဝဆီသို့သာ တူရူမျက်နှာမူထားကြလျက် ရှိနေကြ၏။

မည်သူကမည်သူ့ကိုမှ ဂရုမပြုနိုင်ကြ။ လူတိုင်းလူတိုင်းမှာ ကိုယ့်အပူနှင့်ကိုယ်ချည်း။ သောကပရိဝေဒ တို့အား ရင်နှင့်မဆန့်စွာ မချိတင်ကဲ ပိုက်ထားရသူတွေချည်း။

ကြည့်ပါဦး။

အမေလေ ချုံးကျသွားလိုက်တာ။ ယူပစ်လိုက်သလိုပါလား အမေရာ။ ဒါနဲ့ အမေ၊ ဟိုတုန်းက အမေ့မျက် နှာပေါ်က အပြုံးတွေအရယ်တွေ ဘယ်ကိုပျောက်ကုန်ကြပြီလဲဗျာ။ မတွေ့ရတော့ဘူးနော်အမေ။ မေးမယ့် သာမေးရတာပါ။ သား သိပါတယ် အမေ။ တကယ်က သားသာသိတာမဟုတ်ပါဘူး။ အားလုံးလည်းပဲသိ နေကြတာပါပဲ။

ဟုတ်တာပေါ့အမေရယ်။ သားနဲ့အမေတို့ မတွေ့ရမမြင်ကြရတာ နည်းနည်းနောနောနှစ်တွေမှမဟုတ်တာ ကလား။ အမေ့ဆံပင်တွေလည်း ဖြူသွားတယ်နော်။ နောက်ပြီး အမေ့မျက်လုံးတွေက အရင်ကလို စူးစူးရှ ရှမရှိတော့သလိုပဲ။ အော်- အမေက အသက်ကြီးရှာပြီပဲလေ။ သားလည်း အသက်ကြီးလာပြီပဲဟာ။ သား ကို ခွင့်လွှတ်ပါတော့အမေ။ သားလေ နာရီတွေ အချိန်တွေ ရက်တွေဆိုတာကို လုံးဝကြီးကိုမေ့သလောက် ရှိခဲ့ရတာမို့ပါနော်။ သားမှာက အသက်ရှင်နေတာ … ပိုပြီးတိတိကျကျပြောရရင် အဓိပ္ပါယ်ရှိရှိ အသက်ရှင် ဖို့ပဲလိုတာပါ။ 

သား ဘယ်နေရာ ဘယ်ဒေသမှပဲရောက်နေရောက်နေ သားအတွက်အမေဂုဏ်ယူနေတယ်၊ သားအတွက် အမေ့မှာဘယ်တုန်းကမှမရှိခဲ့ဘူးသည့်သတ္တိတွေမွေးမြူထားတယ် ရှိနေတယ်ဆိုတာ သား သိပြီးသားပါ။ အ လေးအနက် ယုံလည်းယုံကြည်ထားပါတယ်အမေ။  

ဘာလိုလိုနဲ့ အမေရပ်နေတာကြာလှခဲ့ပြီ။

သားအနေနဲ့ အမေ့ကိုပြန်တွေ့ပြီး အမေ၏အေးချမ်းသည့်ရင်ခွင်မှာခိုနားနိုင်ဖို့ ဘယ်လောက် ကြာကြာကြီး စောင့်ရစောင့်ရ မမှုပါဘူး။ မတွေ့နိုင်ကြသေးခင်မှာတော့ အမေ မသေစေချင်သေးဘူး။ ရှင်ကွဲဘ၀ကနေ သေကွဲဘ၀ကိုတော့ မရောက်တန်ရာဘူးလို့မျှော်လင့်ရတာပဲ အမေရာ။  

ဘာပဲဖြစ်ဖြစ် သားခရီးမထွက်ခင်လေးမှာ အမေသေသေချာချာမှာလိုက်တဲ့ အမေ့စကားတစ်ရပ်ကို သား လေ ဘယ်တုန်းကမှ မမေ့ခဲ့ဘူး။

“သား မပြန်လာမချင်း အမေ မသေသေးပါဘူးသားရယ်”ဆိုတာကိုပေါ့။

အမေရေ .. တကယ်လို့များ အခုတစ်ခါမှာသားနဲ့အမေ မတွေ့နိုင်သေးဘူးဆိုရင် စိတ်ပျက်အားငယ်စွာပြန် သွားမည့်အမေ့ကျောပြင်ကို သား စိတ်ဖြင့်မှန်းမြင်ပြီး နူတ်ဆက်ကန်တော့လိုက်ပါ့မယ် အမေ။


အမေအိုများစွာတို့ သောကမဝေ မျက်ရည်မကျကြစေရန် ဆုမွန်ကောင်းတောင်းရင်း .........

(၀န်ခံချက်။  ။ အမေအို၏ခံစားချက် ပိုမိုပေါ်လွင်စေရန် စာရေးသူက မူလဓါတ်ပုံအားအနည်းငယ် ပြုပြင် တည်းဖြတ်ထားပါသည်။)

Friday, January 6, 2012

အခါလည်သားလေး ကျွန်းသာယာ







၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၆ ရက်။

ယနေ့သည် ကျွန်းသာယာဘလော့ အခါလည်သားပြည့်သောနေ့ ဖြစ်သည်။
တစ်နှစ်ဆိုသည့်အချိန်ကား မြန်လွန်းလှစွာပင် ကုန်ဆုံးတတ်ပေ၏တကား။

ပြီးခဲ့သည့်လပေါင်း ၁၂ လ ကာလအတွင်း ကျွန်းသာယာဘလော့သည် မိမိထိတွေ့သိမြင်ခံစားမိသမျှကို ကျွန်းသာယာစာဖတ်ပရိတ်သတ်အား ရိုးသားပွင့်လင်းစွာချပြခဲ့သည်။ သုတလည်းရကြပြီး ရသကိုလည်း ခံစားနိုင်ကြစေရန် ကြိုးပမ်းအားထုတ်ခဲ့ပါသည်။ 

တန်ဖိုးရှိလှသောအချိန်ဖြင့်ရင်းကာ ကျွန်းသာယာဘလော့သို့လာဖတ်ရ၊လာကြည့်ရကြိုးနပ်မနပ်ကို လာ ဖတ်လာကြည့်ကြသူများကသာ အဆုံးအဖြတ်ပေးကြမည်ဖြစ်သည်။

၁၉၈၀ ခုနှစ်ဝန်းကျင်လောက်က မဂ္ဂဇင်းလောကတွင် စာများကောင်းခြင်း၊ မျက်နှာဖုန်း လှပဆွဲဆောင်မှု ရှိခြင်း၊ အတွင်းအပြင်အဆင်ဆန်းသစ်ခြင်းတို့ဖြင့်နာမည်ရအောင်မြင်ခဲ့သည့် ပေဖူးလွှာမဂ္ဂဇင်း၏ ခံယူရပ် တည်ချက်ဆောင်ပုဒ်ကို အားကျအတုယူပြောဆိုရသော်၊

ကျွန်းသာယာဘလော့သည် ….

“မကောင်းသေးလျှင် ကောင်းအောင်ကြိုးစားပါမည်။
ကောင်းနေပါကလည်း ပို၍ပို၍ကောင်းအောင်ကြိုးစားနေပါမည်။”    

 

ကျွန်းသာယာသို့ လာရောက်အားပေးဖတ်ရှုကြသူများအားလုံးကို များစွာကျေးဇူးတင်ရပါ၏။

 

လေးစားလျက်။

လွတ်လပ်ရေးနေ့ကို လွမ်းရတယ်

မြန်မာသတင်းစာတွေမှာ လွတ်လပ်ရေးနေ့ကျင်းပတဲ့သတင်းဖတ်ရင်း လွတ်လပ်ရေးနေ့ပျော်ပွဲ ရွှင်ပွဲနဲ့ အားကစားပြိုင်ပွဲဓါတ်ပုံတွေတွေ့ရတော့ ငယ်ငယ်တုန်းက မိမိပါဝင်ခဲ့ ပျော်ခဲ့ရတာများ ပြေးပြီးအမှတ် တရဖြစ်မိတယ်။

မိမိတို့ကျောင်းသူကျောင်းသားဘ၀က လွတ်လပ်ရေးနေ့ဆိုရင် သိပ်ပြီးပျော်ဖို့ကောင်းတာ။ နံ ပတ်တစ် - ကျောင်းပိတ်လို့ ပျော်ရတာ။  နံပတ်နှစ် - အပေါင်းအသင်းသူငယ်ချင်းတွေနဲ့ လတ် လျားလတ်လျားသွား နိုင်တာမို့လို့ ပျော်ရတာ။ နံပတ်သုံး - လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲနဲ့ အား ကစားပြိုင်ပွဲတွေကိုကြည့်ရင်း (ဒါမှမဟုတ် ကိုယ်တိုင်ပါဝင်ကစားရင်း) အော်ဟစ်အားပေးမြူးတူးနိုင်လို့ ပျော်ရတာ။

 


ထုပ်ဆီးတိုးပြိုင်ပွဲ "ကျော်နိုင်ရင်ကျော်လိုက်စမ်း.."။


 

ယောင်္ကျားဘသား ... အလျားခုန်ပြီ...။
သားလှရွှေသွေး လွတ်လပ်ရေးနေ့ကလေးပြိုင်ပွဲ။

ပြိုင်တဲ့အားကစားအမျိုးအစားတွေကလည်း စုံပါဘိ။ တာတိုတာဝေး အပြေးပြိုင်တယ်။ သံလုံး သံပြား လှံတံပစ်တယ်။ အမြင့်ခုန်တာ အလျားခုန်တာလည်းပါတယ်။ စက်ဘီးအမြန်စီး အနှေး စီးပြိုင်တယ်။ အဲ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက မြန်မာ့ရိုးရာကစားနည်းတွေဖြစ်ကြတဲ့ ထုပ်ဆီးတိုးတာ ခေါင်းအုံးရိုက် တာ ချောတိုင်တက်တာ ကြက်ခွပ်ပြိုင်တာ လှေလှော်ပြိုင်တာတွေပဲဖြစ်တယ်။ အောက်ပြည်အောက်ရွာ တွေမှာဆိုရင် မြန်မာ့ရိုးရာလက်ဝှေ့ထိုးသတ်ပွဲပါ ပါတတ်သေးတာ။

လွတ်လပ်ရေးနေ့ပျော်ပွဲ ရွှင်ပွဲနဲ့ အားကစားပြိုင်ပွဲကျင်းပတဲ့ဘောလုံးကွင်းထဲမှာဆို လူတွေက တင်းကျမ်း ကိုပြည့်ကျပ်နေတာ။ ကြီးကြီးငယ်ငယ် ပျိုပျိုအိုအိုတွေ စုံလို့စုံလို့ပါပဲ။ ဆုပေးမဏ္ဍပ်တိုင်ထိပ်မှာ ငွားငွားစွင့် စွင့်နေရာယူထားတဲ့လောက်စပီကာ(အသံချဲ့ စက်)ကြီးကလည်း သီချင်းတွေဖွင့်လိုက် အစီအစဉ်ကြေညာ လိုက် ကလေးပျောက်ကြေညာလိုက် ဆုရသူစာရင်းတွေကြေညာလိုက်မို့ ဆူဆူညံညံနဲ့ နားရတယ်လို့ကို မရှိပါဘူး။ ဘောလုံးကွင်းရဲ့ လေးဘက်လေးတန်မှာဆို ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေနဲ့ အပြည့်ပဲ။  

အဲဒါ အဲဒါတွေကြောင့် ဒို့များငယ်ငယ်တုန်းကလွတ်လပ်ရေးနေ့ပြပွဲပြိုင်ပွဲတွေကို အမှတ်တရရှိနေမိတာ။ 

Monday, January 2, 2012

လက်ထိခိုက်အနာတရဖြစ်မှု


ဒီကနေ့ထုတ် The Sunday Times သတင်းစာမှာ နိုင်ငံခြားလုပ်သားများ လက်ထိခိုက်အနာ တရဖြစ်မှု (Hand Injury) နဲ့ပတ်သက်ပြီး အတော်လေးရှည်ရှည်ဝေးဝေးရေးသားထားတာ ဖတ်လိုက်ရတယ်။ စင် ကာပူမှာလာပြီးအလုပ်လုပ်နေကြတဲ့ နိုင်ငံရပ်ခြားကအလုပ်သမားများ ကြုံတွေ့နေကြရတဲ့ ဆေးကုသ မှုဆိုင်ရာအခက်အခဲများနဲ့ပတ်သက်လို့ သိထားသင့်သိထားထိုက်တာတွေကို လက်ပိုင်းခွဲစိတ်အထူးကု ဆရာဝန်ကြီး(Hand Surgeon)များနဲ့တွေ့ဆုံမေးမြန်းရေးသားထားတာဖြစ်တယ်။

လက်ထိခိုက်အနာတရဖြစ်မှုတွေကို များသောအားဖြင့် ဆောက်လုပ်ရေးလုပ်သားများနဲ့ သင်္ဘောကျင်း လုပ်သားများ ကြုံတွေ့ရတတ်ပါတယ်။ ဒါ့အပြင် လက်ရဲ့ အင်အားသုံးပြီးအလုပ်လုပ်ကြရသူတိုင်း လက် ကိုပြင်းထန်စွာထိခိုက်အနာတရဖြစ်စေနိုင်တာဖြစ်တယ်။ ဆောင်းပါးထဲမှာရေးထားတဲ့ဆောက်လုပ်ရေး လုပ် သားလူနာတစ်ဦးဆိုရင် သူရဲ့ ဝဲဘက်လက်ခလယ်ရိုးကျိုးတာကို ကုမ္ပဏီနဲ့ဆက်ထားတဲ့ ပုဂ္ဂလိက ဆရာဝန်(company-appointed private doctor)က ဖြစ်တဲ့နေ့မှာပဲ ကုသပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ ကိုဆေးခွင့်(medical leave)မပေးပဲ အလုပ်ထဲပြန်ဆင်းပြီးလုပ်စေပါသတဲ့။ ဒီလိုနဲ့ ရက်သတ္တပတ်သုံးပတ် လောက်ကြာတဲ့အခါ လက်ချောင်းလှုပ်မရတော့လို့ ဆေးရုံကိုသွားပြလိုက်တော့တယ်။

ဆေးရုံကဓါတ်မှန်ရိုက်ပြီး စစ်ဆေးတဲ့အခါ ကျိုးသွားတဲ့အရိုးကိုထိန်းထားတဲ့သံပြား(metal plate)မှာ စုပ် ထားတဲ့ဝက်အူ (screw)အသေးလေး ၃ ချောင်းက လက်ချောင်းအဆစ်ထဲကို သွားပြီးထောက်နေတာ ကြောင့် လက်ချောင်းလှုပ်မရတာလို့ သူ့ကိုရှင်းပြပါသတဲ့။ ဒါ့အပြင် ၀က်အူတွေကလည်းပဲ လိုအပ်တာ ထက် ပိုရှည်နေတာကြောင့် လက်ချောင်ရိုးရဲ့ အခြားတစ်ဖက်ကိုထွက်သွားပြီး ကြွက်သားရိုးဆက်ရွတ် (tendon)ကို ထိုးမိကောင်းထိုးမိနိုင်တယ်လို့လဲ ပြောပါသေးသတဲ့။ ဒါဟာ စံချိန်စံညွှန်းမမီတဲ့ကုသမှုလို့ ဆောင်းပါးမှာရေးထားပါတယ်။ ဒီလို အလားတူဖြစ်ရပ်တွေကို နှစ်စဉ်နှစ်တိုင်း ၁၅ ခုမက Singapore General Hospital၊ National University Hospital နဲ့ Tan Tock Seng Hospital တွေမှာ တွေ့ခဲ့ကြရ တယ်လို့ ဆောင်းပါးက ဖော်ပြခဲ့ပါတယ်။ လက်ထိခိုက်အနာတရဖြစ်ခဲ့ကြရတဲ့ အဲဒီနိုင်ငံခြားလုပ်သားများ ဟာ သင့်တော်တဲ့ဆေးဝါးကုသမှု(proper treatment)နဲ့ လုံလောက်တဲ့ကုသမှု(adequate therapy)တွေ မရရှိခဲ့ကြဘူးလို့ ဆိုပါတယ်။

လုပ်ငန်းခွင်မှာ ထိခိုက်အနာတရဖြစ်တဲ့အလုပ်သမားများကို လိုအပ်တဲ့ဆေးဝါးကုသမှုနဲ့ ဆေးခွင့်များမ ပေးပါက အဲဒီအလုပ်ရှင်များကို ပြင်းပြင်းထန်ထန်နဲ့ထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန(MOM)က The Sunday Times သတင်းစာကို ပြောခဲ့ပါတယ်။

ဒါ့ကြောင့် မြန်မာလုပ်သားများအနေဖြင့် လက်ထိခိုက်အနာတရဖြစ်ပါက မိမိတို့အလုပ်ရှင်နဲ့ကော ကုသ ပေးသည့်ဆရာဝန်နဲ့ပါ သေသေချာချာပြောဆိုတိုင်ပင်ကြလျက် မိမိတို့ ရသင့်ရ ထိုက်တဲ့ဆေးဝါးကုသမှု နှင့်ဆေးခွင့်များခံစားကြရလေအောင် ဥစ္စာရင်လိုဥစ္စာရင်ခဲဆိုသလို နည်းမှန်လမ်းမှန်ဖြင့် ကြိုးပမ်းသင့်ကြ ကြောင်းပါ။