"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, November 30, 2019

ဂျနီဗာက ဘတ်(စ)ကားလက်မှတ်





တစ်နေ့က ဘတ်(စ)ကားမှတ်တိုင်မှာ
ကားစောင့်နေရင်း ဘာရယ်လို့တော့
မဟုတ်ပါဘူး။

လက်ထဲမှာကိုင်ထားတဲ့ ကားနဲ့ရထား
စီးလို့ရတဲ့လက်မှတ်အိတ်လေးကို
အမှတ်တမဲ့ ကြည့်လိုက်မိပါတယ်။

အပြင်ဘက်မှာအခုမြင်နေရတာက
စင်ကာပူနိုင်ငံမှာသုံးနေတဲ့လက်မှတ်
မဟုတ်ပါဘူး။


ပြီးခဲ့တဲ့မေလဆန်းက ဆွတ်ဇာလန်နိုင်ငံကပြန်လာပြီးနောက် ဂျနီဗာမြို့ မှာတုန်းက မိမိအသုံးပြုခဲ့တဲ့ လက်မှတ်အဟောင်းလေးပါ။ ဘေးအိတ်မှာ အမှတ်တရထည့်ထားခဲ့တာရယ်ပါ။

စင်ကာပူမှာ အသုံးပြုနေတဲ့လက်မှတ်က အိတ်အတွင်းထည့်ထားတာဖြစ်လို့ အပြင်ကမတွေ့ရပါဘူး။




စင်ကာပူသုံးလက်မှတ် (အပေါ်ပုံ)။ ဂျနီဗာမြို့ မှာအသုံးပြုခဲ့တဲ့လက်မှတ် (အောက်ပုံ)



ဒီလက်မှတ်လေးကို ဘတ်(စ)ကားစီးတိုင်း အမ်အာရ်တီရထားစီးတိုင်း မိမိအသုံးပြုနေရပါတယ်။

လက်မှတ်ကိုနေ့စဉ်နေ့တိုင်း ထုတ်လိုက်သွင်းလိုက်နဲ့ ကိုင်တွယ်အသုံးပြုနေရတာဖြစ်လို့ ထိခိုက်ပွန်ပဲ့မှုမရှိစေရန် အယ်(လ)ဂျီသားရေအိတ်လေးထဲထည့်ထားပါတယ်။

ကား ရထားတွေက အ၀င်အထွက်လက်မှတ်ကပ်တဲ့စက်တွေမှာ အိတ်ကလေးကပ်လိုက်ရင်ပြီးတာပါပဲ။
အထဲကလက်မှတ်ကို ထုတ်ပြီးကပ်ဖို့မလိုပါဘူး။

ဒါကြောင့်မိမိရဲ့ လက်မှတ်လေးကို မတွေ့မြင်ရပါဘူး။

ဆွတ်ဇာလန်နိုင်ငံကို အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့ညီလာခံ (World Confederation for Physical Therapy Congress) တက်ရန်  ရောက်သွားခဲ့တာ။ 

ဂျနီဗာမြို့ တစ်မြို့ ထဲမှာပဲ ဟိုတယ်ပေါင်းက ၁၀၀ ကျော်ရှိနေပါတယ်။

နိုင်ငံခြားကလာတဲ့ခရီးသွားတွေထဲက ဟိုတယ်မှာနေမယ့်လူတိုင်းကို ဘတ်(စ)ကား၊ ဓာတ်ရထား (trams)၊ မွေဝက်(ထ) (Mouettes) လို့ခေါ်တဲ့ အ၀ါရောင်တက္ကစီမော်တော်ဘုတ် (yellow shuttle boats)နဲ့ လော်ကယ်ရထား (local train) အစရှိတဲ့ ပို့ဆောင်ရေးယာဉ်တွေအခမဲ့စီးဖို့ Geneva Transport Card ဆိုတဲ့လက်မှတ်ပေးပါတယ်။

တစ်ဦးချင်းကိုပေးတာဖြစ်လို့ တခြားတစ်ယောက်ကိုလက်လွှဲပြီး မသုံးရပါဘူး။

ဂျနီဗာမြို့ မှာ မိမိနေထိုင်စဉ်အတွင်းသွားလာရာမှာ အလွန်အဆင်ပြေတာတွေ့ရပါတယ်။


                                                                                          ဂျနီဗာမြို့ က ဓာတ်ရထား


လူစီးများလှတဲ့ ဘတ်(စ)ကားတို့
ဓာတ်ရထားတို့ဆိုရင် တစ်စီးပြီး
တစီး မကြာခဏ သွားနေကြတာ
ကို တွေ့ခဲ့ရပါတယ်။

ဓာတ်ရထားတွေက အရောင်အ
သွေးစုံပြီး လှပကြပါတယ်။

နောက်ပြီး ဆူဆူညံညံအသံလဲ
လုံးဝမကြားရဘူး။

ထူးထူးခြားခြားသတိထားမိတာတစ်ခုကတော့ စင်ကာပူကဘတ်(စ)ကားတွေမှာလို လက်မှတ်စက်မှာ လက်မှတ်ကပ်တာမျိုး မလုပ်ရတာပါ။

ကားခအတွက် ပိုက်ဆံပေးတာ ဒါမှမဟုတ် ပုံးထဲကိုပိုက်ဆံထည့်တာမျိုးလဲမတွေ့ရဘူး။

ကားပေါ်ကဆင်းသွားတဲ့အခါတွေမှာလဲ ဒီအတိုင်းဆင်းသွားလိုက်ရုံပဲ။
ဘာမှလုပ်စရာမလိုဘူး။

နောက်ပြီး လက်မှတ်စစ်ကိုလဲ မတွေ့ခဲ့ရဘူး။


  

                                       လက်မှတ်ရောင်းပေးသည့်စက်(အလယ်တိုင်အနီး)


လက်မှတ်ရောင်းပေးတဲ့စက်ကလေးတွေကိုတော့ ဘတ်(စ)ကားမှတ်တိုင်းမှာမဟုတ်ပေမယ့် မှတ်တိုင်အတော်များများမှာ တွေ့ရတတ်တာသတိပြုမိပါတယ်။

ခရီးသည်အားလုံးကို လက်မှတ်နဲ့စီးကြတာပဲလို့ အကြွင်းမဲ့ယုံကြည်ထားတဲ့သဘောလို့ပြောရပါမယ်။









ချန်ဂီလေဆိပ်မှာ နေ့လည်စာစား



                                                       
                                                                       Terminal 3, Changi Airport


မနေ့နေ့လည်က စင်ကာပူနိုင်ငံရဲ့  ကမ္ဘာကျော်လေဆိပ်ကြီးတစ်ခုဖြစ်တဲ့ ချန်ဂီလေဆိပ်ကိုရောက်သွားခဲ့ပါတယ်။

မိမိအလုပ်လုပ်နေတဲ့ဆေးရုံမှ အကြောအဆစ်ကုပညာရှင်လုပ်ဖော်ကိုင်ဘက်အချို့ နဲ့ နေ့လည်စာသွားစားခဲ့ကြတာပါ။

ဒကာခံသူက မိမိတို့ရဲ့ ဌာနမှူး (HOD) ဖြစ်ပြီး တနေ့က နိုင်ငံတော်ကချီးမြှင့်တဲ့ဂုဏ်ပြုဆု (The Efficiency Medal) ရရှိခဲ့တာကြောင့် လိုက်ကျွှေးတာဖြစ်တယ်။   
   


                                ဘီကားနားဗားလားစားသောက်ဆိုင်
              


                                                             အိန္ဒိယမုန့်ပဲသရေစာများ     


"မနက်ဖန်သောကြာနေ့မှာ နေ့လည်စာကို အပြင်ထွက်စားကြရအောင်။ ဘယ်ဆိုင်မှာစားချင်ကြလဲပြောကြ" လို့ ကြာသပတေးနေ့ကထဲက မိမိတို့ကိုပြောထားခဲ့ပါတယ်။

ဘယ်နေရာက ဘယ်ဆိုင်မှာ ဘာသွားစားကြမလဲဆိုတာကိုတော့ သွားမယ့်နေ့မနက်မှာမှ ဆုံးဖြတ်ဖြစ်ခဲ့ကြတာ။

နေ့ခင်း ၁ နာရီကျော်လောက်မှာအလုပ်ကထွက်လာတော့ မိုးတွေရွာတယ်။

ဌာနမှူးက မိမိတို့အားလုံးကို ကားအ၀င်အထွက်နေရာမှာစောင့်ခိုင်းထားပြီး သူက ထီးကလေးနဲ့သူ့ကားရှိရာကိုသွားပါတယ်။ ကားကိုမောင်းလာတဲ့အခါ မိမိတို့အားလုံး မိုးမစိုပဲ ကားထဲကိုဝင်လိုက်ကြတယ်။

နေ့လည် ၂ နာရီမထိုးခင်မှာ လေဆိပ်ကိုရောက်သွားတယ်။

အရင်တစ်ခါက မိမိတို့တတွေသွားစားခဲ့ကြတဲ့ ချန်ဂီလေဆိပ်အမှတ်-၃ (Terminal 3) က ဘီကားနားဗားလား (Bikanervala) ဆိုင်ကိုပဲသွားကြတာပါ။

အဲဒီဆိုင်မှာ နေ့လည်စာ ညစာလို ဗိုက်အပြည့်စားစရာတွေရနိုင်သလို ဂျလေဘီ မလိုင်မုန့်တို့လို မုန့်ပဲသရေစာတွေလဲရနိုင်ပါတယ်။

ဒီဆိုင်က လေဆိပ်ကြီးရဲ့  ၄ ထပ်မှာရှိပြီး လေယာဉ်အ၀င်အထွက်ကြည့်တဲ့အဆောင် (Viewing Mall) နဲ့ တစ်ထပ်ထဲဖြစ်လို့ ရှုခင်းကောင်းပါတယ်။


အဲဒီနေ့က မိုး
ကောင်းကောင်း
ရွာပြီး ရာသီဥတု
က အေးစိမ့်စိမ့်
လေးရှိနေပါတယ်။

စားသောက်ကြရင်း
လေဆိပ်ထဲကနေ အ
ပြင်ဘက်ကိုကြည့်လိုက်တဲ့အခါ မြင်ကွင်းဟာ မှိုင်ပြပြမှုန်ဝေေ၀လေးနဲ့အေးနေတာဖြစ်လို့ ဌာနမှူးက "ရာသီဥတုက ဥရောပတိုက်ရာသီဥတုမျိုးလေးအတိုင်းပဲကွ" လို့ ပြောပါတယ်။

အရင်က ဒီဆိုင်ကိုလာမစားဖြစ်ပေမယ့် မိမိတို့ဇနီးမောင်နှံ ဒီလေဆိပ်ရဲ့ လေးထပ်နေရာကို သုံး လေးခါထက်မနည်း ရောက်ခဲ့ဖူးပါတယ်။

လေဆိပ်အမှတ် ၃ ဆောက်ပြီးစက လေဆိပ်အသစ်ကြီးကိုလာကြည့်ကြရင်း လေယာဉ်အ၀င်အထွက်တွေကို မိမိတို့နှစ်ဦး ခုံတန်းလေးတွေမှာထိုင်ကာ ကြည့်ခဲ့ကြတယ်။

မြန်မာပြည်ကမိတ်ဆွေ ဦးတင်မြင့် (အကြောအဆစ်ကုပညာရှင်) လာတုန်းကလဲ သူ စင်ကာပူမှာအလုပ်လုပ် နေစဉ်က မရှိသေးတဲ့ ဒီအမှတ် ၃ လေဆိပ်ကြီးကို ပြပေးလိုက်ပါသေးတယ်။

စားသောက်ပြီးကြလို့ နှုတ်ဆက်လမ်းခွဲပြီးတဲ့အခါ မိမိက ရထားစီးပြန်ဖို့ ဘူတာရှိရာမြေအောက်ထပ်ကို စက်လှေကားနဲ့ ဆင်းလာခဲ့ပါတယ်။

ရောက်တုန်းရောက်ခိုက် ဓာတ်ပုံအချို့ လဲ ရိုက်ဖြစ်ခဲ့ပါသေးတယ်။




                Disney Frozen II - A Frozen Wonderland at Changi 





လေဆိပ်အတွင်းတစ်နေရာ


ဆက်ရေးပါဦးမယ်။














Sunday, November 24, 2019

ဆန်ပြုတ်ရှာပုံတော်


My wife is craving for porridge.



    
       အိမ်ရှင်မ၏နံနက်စာဆန်ပြုတ်                  ပင်လယ်ငါးသလောက်ဆန်ပြုတ်


ပြီးခဲ့သောအပတ်နေ့ခင်းက အိမ်ကိုဖုန်းခေါ်သည့်အခါ ထုံးစံအတိုင်း အိမ်ရှင်မဖုန်းကိုင်ပါသည်။

ဖုန်းထဲတွင် နှာခေါင်းသံပါနေပြီး ချောင်းတစ်ချက်တချက်ဆိုးသည်ကို သတိပြုမိသည်။

သို့နှင့် ညနေအလုပ်ပြီး အိမ်ကိုပြန်သောအခါ ဂျူရောင်းအိ(စ)တွင်ရှိသော West Gate ကုန်တိုက်ကြီး၏ မြေအောက်သို့သွားလိုက်သည်။

အိမ်ရှင်မအတွက် Long John Silvers စားသောက်ဆိုင်မှ Salmon porridge ဆန်ပြုတ်ဝယ်သွားရန်ဖြစ်သည်။ 
သို့သော် ယင်းဆန်ပြုတ်မှာ မနက်ပိုင်းတွင်သာရောင်းကြောင်းကို မိမိမသိသဖြင့် မရခဲ့ပါချေ။

ထို့ကြောင့် စားသောက်ဆိုင်တန်းရှိရာ Food Court ကိုသွားပြီး ဆန်ပြုတ်ရှာပုံတော်ဖွင့်ကြည့်ရပြန်ပါသည်။ 

ဆိုင်တကာလှည့်ရှာသော်လည်း မရခဲ့ပါ။

အိမ်ရှင်မအတွက် ချောင်းဆိုးပျောက်ဆေးရည်ကို ဂါးဒီးယန်းဆေးဆိုင်မှာ ၀င်ဝယ်ခဲ့သည်။


**

နောက်တနေ့ဖြစ်သော စနေနေ့တွင် မိမိတို့နှစ်ဦး နံနက်စာစားရန်စောစောသွားခဲ့ကြသည်။

Long John Silvers စားသောက်ဆိုင်တွင် ဆန်ပြုတ် ၃ မျိုးရသည်။

ပင်လယ်ငါးသလောက်ဆန်ပြုတ် 
- ဒေါ့ရီငါးဆန်ပြုတ်
- ကြက်သားဆန်ပြုတ်







နံနက်စာကို အိမ်ရှင်မက သူ့အကြိုက်ပင်လယ်ငါးသလောက်ဆန်ပြုတ်သောက်ပြီး မိမိက ပေါင်မုန့်ကျော်နှင့်ကြက်ဥပြုတ်စားပါသည်။


                                          Dry wonton noodles ခေါက်ဆွဲ


ပြီးတော့ သားအတွက် စားစရာတစ်ခုခုဝယ်ရန် စားသောက်ဆိုင်တန်းရှိရာကိုလျှောက်သွားကြသည်။

ဘာဝယ်ရကောင်းမလဲ စဉ်းစားရသည်။
အဲဒီမှာ တရုတ်အစားအစာ။ ကုလားအစားအစာ၊ မလေးအစားအစာ၊ ကိုရီးယားအစားအစာ၊ ဂျပန်အစား အစာများရောင်းသောဆိုင်တွေ အများကြီးရှိသည်။  


 စားသောက်ဆိုင်တန်းရှေ့ မှာ အိမ်ရှင်မ။

အိမ်ရှင်မက သားကြိုက်တတ်သော ဝေါ်တန်ခေါက်ဆွဲ ၂ ထုတ်ဝယ်ပြီး အိမ်ကိုပြန်ခဲ့ကြသည်။








Saturday, November 23, 2019

ဆေးရုံအလုပ် တစ်ကျော့ပြန် (၆)


ဆေးမှတ်တမ်း 


ကုသမှုလက်ထောက်တစ်ဦး လမ်းလျှောက်လေ့ကျင့်သင်ကြားပေးနေစဉ်။


ပြီးခဲ့သောအပတ်က ဆေးရုံမှဆင်းတော့မည့်လူနာ ၄ ဦးအား အကြောအဆစ်ဆိုင်ရာဆေးကုသမှုမှတ်တမ်း ရေးပေးရသည်။

ရေးပေးရသည်ဆိုသော်လည်း တကယ်က အေအိုင်စီ၏လျှောက်လွှာပုံစံ (AIC application form) ကို ရေးဖြည့်ရခြင်းဖြစ်သည်။

အေအိုင်စီဆိုသည်မှာ Agency for Integrated Care ဖြစ်သည်။

လူနာများ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့်သက်ကြီးလူနာများကို ၀န်ဆောင်မှုပေးနေသော ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဥပမာ သက်ကြီးလူနာများကို သူတို့နှင့်သင့်တော်သောသက်ကြီးပြုစုစောင့်ရှောက်ရေးရိပ်သာ (Nursing Home) များနှင့် နာတာရှည်စောင့်ရှောက်ရေးဌာနများ (Chronic Sick Units) သို့ စိစစ်ကူညီပို့ဆောင်ပေးရန်ဖြစ်သည်။

တစ်နည်းဆိုရသော် အေအိုင်စီသည် သက်ကြီးရွယ်အိုများအား ကူညီစောင့်ရှောက်ပေးရေးဆိုင်ရာတစ်ခုတည်းသောအဖွဲ့အစည်းဖြစ်သည်။

တစ်ချိန်တည်းမှာ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးနှင့်လူမှုဘ၀ဆိုင်ရာ ၀န်ဆောင်ပေးမှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ၀န်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားလာစေရေးတို့အတွက် အဓိကလုပ်ဆောင်ပေးပါသည်။

ယင်းသို့ပြုလုပ်ရန် လူနာနှင့်သက်ဆိုင်သည့်သတင်းအချက်အလက်များလိုလေသည်။

ဆရာဝန် သို့မဟုတ် အထူးကုဆရာဝန်၏ဆေးမှတ်တမ်းလိုသည်။
ဆေးလူမှုဝန်ထမ်းအရာရှိ၏လူမှု့ရေးမှတ်တမ်းလိုသည်။
အကြောအဆစ်ဝေဒနာရှင်ဖြစ်က အကြောအဆစ်ကုပညာရှင်၏ကုသမှုမှတ်တမ်းလိုသည်။

အလားတူစွာ အခြားသောမှတ်တမ်းအချို့ လည်း လိုအပ်ကောင်းလိုအပ်နိုင်ပါသေးသည်။

မိမိတို့ဆေးမှတ်တမ်းတွင်

- ကြွက်သားအင်အားအခြေအနေ (muscle strength)၊
- အဆစ်များ၏အခြေအနေ (joint range of motion)၊
- လမ်းလျှောက်နိုင် မလျှောက်နိုင် (ambulation)၊
- လက်ကိုင်တုတ်/ လေးချောင်းထောက်/ ချိုင်းထောက် (walking aide) တို့သုံးရန် လိုမလို၊
- လက်တွန်းလှည်းသုံးရခြင်း(wheelchair)၊
- အိပ်ရာတွင်သာနေရခြင်း (bed bound)
- နောက်ဆက်လုပ်သင့်သည့်ကုသမှုများ (recommendations/remarks)

အစရှိသည်တို့ကို ရေးပေးရသည်။


မိမိတို့သည် လူနာမှတ်တမ်းများကို နေ့စဉ်ရေးနေရသည်။

တစ်နေ့တာကြည့်ပြီးသမျှလူနာများကို မနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ် ကွန်ပြူတာတွင်ရိုက်တင်ရသည်။

လူနာများမှာ ၁ လကို ၁ ကြိမ်သာ ကြည့်ရသူများပါသည်။  အများစုဖြစ်ကြသည်။

၁ လကို ၂ ကြိမ် ကြည့်ပေးရသူများပါသည်။

နောက်ပြီး တစ်ပတ်ကို ၁ ကြိမ်မှ ၂ ကြိမ် ၃ ကြိမ်အထိကြည့်ပေးရသူများလည်း ပါရှိကြသေးသည်။ လူနာအနည်းစုဖြစ်သည်။

ကုသမှုလက်ထောက်နှစ်ဦး အဆစ်လှုပ်ရှားမှုတိုင်းတာနေစဉ်။



မိမိက လူနာများကို စမ်းသပ်ကြည့်ရှုပြီးသော
အခါ တွေ့ရှိချက်များကိုရေးရသည်။

တစ်ခါ ကုသမှုလက်ထောက်များ (Therapist Assistants) ပြုလုပ်ပေးရမည်များကို တိတိ
ကျကျရေးသားညွှန်ကြားပေးရသည်။



ဥပမာ၊

- လက်နှင့်ခြေထောက်တို့ကို သန်စွမ်းမှုလေ့ကျင့်ခန်းများ (strengthening exercises) ပြုလုပ်ပေးပါ။
- အကြောတင်းနေသော မည်သည့်ကြွက်သားများကို ဖြေလျှော့ဆွဲဆန့်ပေးပါ (passive stretching)။
- မည်သည့်ကြွက်သားများကို မည်သို့သောလှုပ်ရှားလေ့ကျင့်မှုများပြုလုပ်ပေးပါ (passive/ active assisted/ active/ resisted exercises)။
- ခြေ လက် ကျောရိုးခါးရိုးတန်းများ ပုံပျက်ချွတ်ယွင်းနေမှု (postural defects) ကို အကြောဆန့်လေ့ကျင့်ပေးပါ။
- လမ်းလျှောက်ကူကရိယာ (walking frame) ဖြင့် လမ်းလျှောက်လေ့ကျင့်ပေးပါ အစရှိသဖြင့်။

ယင်းတို့ကို ကုသမှုလက်ထောက်များက ၁ ပတ်ကို ၂ ရက်မှ ၃ ရက်အထိ မှန်မှန်ဆက်လက်ကုသပေးကြရသည်။






Monday, November 18, 2019

ကျွန်တော် သင်တန်းဆရာ (၅)





သက်ကြီးရွယ်အိုများအား အကြောအဆစ်ဆိုင်ရာပြုစုစောင့်ရှောက်ပေးရေးနှင့်ပတ်သက်ပြီး သင်တန်းးသူများကို မနေ့က သင်ကြားပေးခဲ့ရသည်။

သူတို့သိထားသင့်တာတွေနှင့် စနစ်တကျမှန်မှန်ကန်ကန်လုပ်ပေးသင့်တာတွေ များလွန်းသဖြင့် ၄ နာရီကြာစာသင်ချိန်မှာ တခဏလေးနှင့်ကုန်သွားတတ်သည်။

စာတွေ့လက်တွေ့နှစ်မျိုးလုံးသင်ပေးရသဖြင့် တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိစေရန် စာများ ပုံများ သရုပ်ပြဗီဒီယိုများကို PowerPoint သင်ကြားမှုစာမျက်နှာ (slides) တို့တွင် အစီအစဉ်တကျပြင်ဆင်ထားရသည်။

အသက်ကြီးလာခြင်းနှင့်အတူ ကြုံတွေ့ခံစားလာသော ကျန်းမာရေးဆိုင်ရာပြောင်းလဲလာမှုများ (age related changes) အထူးသဖြင့် အကြောအဆစ်ဆိုင်ရာဆုတ်ယုတ်ချွတ်ယွင်းလာရခြင်းအကြောင်းပြောပြသည်။

ဥပမာ၊

- အရိုးသိပ်သည်းမှုလျှော့ကျလာခြင်း (reduced bone density)
- ကြွက်းသားများ ပျော့တွဲအားနည်းလာခြင်း (reduced muscle strength)
- အဆစ်များခိုင်လာခြင်း (stiff joints)
- ဦးနှောက် အာရုံကြောနှင့်ကြွက်သားများအကြား ညှိနှိုင်းလုပ်ဆောင်မှုအားနည်းလာခြင်း (poor coordination)
ခန္ဓာကိုယ်တွင် အဆီများစုဝေးလာကြခြင်း (increased body fat)

ယင်းပြောင်းလဲမှုတို့၏နောက်ဆက်တွဲအကျိုးဆက်အဖြစ် အသက်ကြီးသူများ၏ကျန်းမာရေးထိခိုက်လာရပုံများကို အကြောအဆစ်ရောဂါနှင့်ဝေဒနာအချို့ တို့ဖြင့် ဥပမာပေးရှင်းလင်းပြောပြသည်။

အရိုးသိပ်သည်းမှုလျှော့ကျလာခြင်းကြောင့် အသက်အရွယ်ကြီးသူများ၏အရိုးများ ပွဆတ်လာရကြောင်း၊ အရိုးများပွဆတ်ခြင်း (osteoporosis/osteopenia) ကြောင့် ချော်လဲကျသောအခါ အလွယ်တကူကျိုးတတ်ကြောင်းတို့ကို နားလည်သဘောပေါက်စေပါသည်။

ထိုကြောင့် အသက်ကြီးသူများ အရိုးပွဆတ်မှုနည်းစေရန် ဆေးဝါးနှင့်ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများ (weight bearing exercises) ပြုလုပ်ပေးကြရသည်။

တစ်ချိန်တည်းမှာ အသက်အရွယ်ကြီးသူများ ချော်လဲကျခြင်းမှအကာအကွယ်ပေးနိုင်သောလေ့ကျင့်ခန်းများကို သင်ကြားလေ့ကျင့်ပေးရန်လိုအပ်လေသည်။




ပြီးခဲ့သောတစ်နှစ်က ကန့်ဘလူမြို့  ဘိုးဘွားရိပ်သာသို့သွားရောက်ပြီး အဘိုးအဘွားတို့အား ချော်လဲကျခြင်းမှကာကွယ်ပေးနိုင်သည့် ကိုယ်လှုပ်ရှားလေ့ကျင့်နည်းများ (Fall Prevention Exercises) သင်ပေးခဲ့ပါသေးသည်။

ယင်းတို့ကို ဗွီဒီယိုရိုက်ကူးခဲ့၏။


   
                            ကန့်ဘလူဘိုးဘွးရိပ်သာတွင် လေ့ကျင့်သင်ကြားပေးနေစဉ်။


တဖန် ယနေ့သင်ခန်းစာတွင် ချိုင်းထောက် (crutches)၊ လက်ကိုင်တုတ် (walking stick and quad stick)၊ လမ်းလျှောက်အားပြုကရိယာ (walking frame) အစရှိသည်တို့အား အသုံးပြုပုံပြုနည်းများကိုလည်း လက်တွေ့ လေ့ကျင့်စေပါသေးသည်။


            


                              


ယခု မိမိ အလုပ်လုပ်လျက်ရှိသည့်ဆေးရုံတွင် အသက်ကြီးသောလူနာများများသဖြင့် ချော်လဲကျခြင်းမှကာကွယ်ပေးနိုင်သည့် ကိုယ်လှုပ်ရှားလေ့ကျင့်နည်းများကို နေ့စဉ်အမြဲသင်ကြားလေ့ကျင့်ပေးနေရသည်။

အခြားတစ်ဖက်ကလည်း အရိုးများပွဆတ်ခြင်းကို အတိုင်းအတာတစ်ခုအထိ နှေးကွေးစေရေးနှင့် ပိုမိုဆိုးဝါးလာခြင်းမရှိစေရေးတို့အတွက် လေ့ကျင့်ခန်းများ (weight bearing exercises) ကို တပြေးညီတွဲဖက်လုပ်ဆောင်ပေးပါသည်။

အလေးဝန်ထမ်းလေ့ကျင့်ပေးခြင်းကို ခြေထောက်အတွက်သာမဟုတ်ဘဲ လက်များအတွက်ပါ လုပ်ကြရ၏။

ယင်းတာဝန်ကို အကြောအဆစ်ကုပညာရှင်များက အဓိကတာဝန်ယူဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ဆေးရုံမှာတော့ Osteoporosis သင်တန်းဟုခေါ်ပါသည်။








Saturday, November 16, 2019

မြန်မာသင်္ကြန် အလည်ပြန် (၂)



 ကားထဲမှာ တပျော်တပါး

ယခုတစ်ခေါက်မြန်မာပြည်ကိုအလည်ပြန်ရာတွင် ဇနီး၏ဇာတိမြို့ ဖြစ်သော မုဒုံတွင်သာအနေများခဲ့ပါသည်။

စင်ကာပူမှရန်ကုန်ကိုစရောက်သည့်ညနေမှာပင် မုဒုံသို့ဆက်သွားလိုက်သည်။

စင်ကာပူမှမသွားမီကတည်းက ကြိုတင်စီစဉ်ထားသည့်အတိုင်း မုဒုံမှငှားထားသည့်ကားက ရန်ကုန်ကိုကြိုဆင်းလာပြီး လေဆိပ်ကိုလာကြိုပေးသည်။

အဲဒီကမှ တောင်ဥက္ကလာပမြို့ နယ် ငွေကြာရံအရပ်ရှိ မိမိ၏ညီမနှင့်ဇနီး၏ညီမတို့ကိုသွားခေါ်ပြီး မုဒုံကိုသွားခဲ့ကြသည်။

ကားထဲမှာ မုဒုံမှလာကြိုသူ ၃ ဦး၊ ကန့်ဘလူမှကြိုရောက်နေသူ ၁ ဦး၊ ငွေကြာရံအိမ်မှ ၁ ဦးနှင့် စင်ကာပူမှလာသူ ၆ ဦး စုစုပေါင်း ၁၁ ဦးပါရှိသည်။

ကားမောင်းသူနှင့်စပယ်ယာတို့ပါဆိုက အားလုံး ၁၃ ဦးရှိပါသည်။


                                                            ကားထဲမှာတပျော်တပါးကြီး


သင်္ကြန်မကျခင်လေးတင် ၃ ရက်ခန့်ကြိုသွားခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်မှမုဒုံသို့အသွားမှာ ပေါင်မြို့ ကိုခဏ၀င်လည်ခဲ့သည်။

ကန့်ဘလူမြို့ သားတစ်ဦးက မြို့ နယ်အုပ်ချုပ်ရေးမှူးတာဝန်ဖြင့်ရှိနေသောကြောင့် ခရီးကြုံတုန်း နှုတ်ဆက်ခဲ့သည်။

သို့နှင့် မုဒုံကို မမှောင်ခင်ရောက်သွားကြသည်။

မုဒုံရဲစခန်းအနီးက အိုအေးစစ်တည်းခိုခန်း (Oasis Guest House) မှာပစ္စည်းတွေချပြီး မုဒုံကြီးရပ်ကဇနီး၏အိမ်တွင် ညစာစားကြ၏။

စားသောက်ပြီးသောအခါ တည်းခိုခန်းကို စကားတပြောပြောဖြင့်လမ်းလျှောက်ပြန်လာခဲ့ကြပါသည်။

သင်္ကြန်တွင်းမှာက သွားရေးလာရေးအဆင်မပြေနိုင်သဖြင့် သင်္ကြန်မတိုင်မီတွင် မိသားစုလည်ပတ်ကြရန် စီစဉ်ထားသည်။
ကျိုက္ခမီရေလယ်ဘုရားဖူးခဲ့သည်။
ကျိုက်မရောဘုရားဖူးခဲ့သည်။
ဥဇိနဘုရား၊ ဦးခန္တီဘုရား၊ ကျိုက်သန်လန်ဘုရား အစရှိသည့် မော်လမြိုင်တောင်ပေါ်ဘုရားစေတီများကိုလည်းဖူးခဲ့သည်။
တောင်ပေါ်တန်းမှဆင်းအပြီးတွင် မော်လမြိုင်အလယ်လမ်းမှာရှိသော ကျိုက်သုတ်ဘုရားစေတီကို သွားရောက်ဖူးခဲ့သေး၏။ 

                                                           
      ကျိုက်မရောဘုရား                                                      





ဆိုက္ကားလဲ စီးဖြစ်ခဲ့






          
















အိုအေးစစ်တည်းခိုခန်း။






Saturday, November 9, 2019

မြန်မာသင်္ကြန် အလည်ပြန် (၁)


မန်မာ့သင်္ကြန်၁၃၈၁



              သားမက်နှင့်မြေးအကြီးတို့ရေပက်နေသည်ကို သမီးနှင့်မြေးအငယ်(ချီထား)တို့ကြည့်နေကြ။



ယခုနှစ်ဧပြီလက မြန်မာပြည်ကိုပြန်ဖြစ်ခဲ့သည်။

၁၉၉၀ ခုနှစ်က မြန်မာပြည်မှ မိမိ ထွက်လာပြီးနောက် မြန်မာပြည်ကို နှစ်စဉ်နှစ်တိုင်းလိုလို အလည်ပြန်ဖြစ်သည်။

အလည်ပြန်တိုင်း နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင်သာ ပြန်တတ်ပါသည်။

မှတ်မှတ်ရရ တစ်ကြိမ်ပဲ ဇွန်လမှာပြန်ဖူးခဲ့သည်။
ဇနီး၏ကြီးမေ ကွယ်လွန်သော ၃ နှစ်မြောက်မှာ ဆွမ်းကျွေးရင်း အလှူသွားလုပ်ကြခြင်းဖြစ်သည်။

သို့သော် မြန်မာပြည်ကို တစ်ခါမှ ဧပြီလမှာ မပြန်ဖြစ်ခဲ့ပါချေ။

ယခုနှစ်တွင်တော့ အနှစ်နှစ်က ဆန္ဒရှိခဲ့သည့်အတိုင်း မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကျင်းပသော တံခူးလတွင် သမီးတို့မိသားစုနှင့်အတူ ပျော်ရွှင်စွာပြန်ဖြစ်ခဲ့ကြသည်။


အိမ်ရှေ့ က ရေပက်တဲ့မဏ္ဍပ်လေး
  
   








အိမ်ပေါ်ကတွေ့နေရတဲ့
ရေပက်မဏ္ဍပ်လေး။


                                                    
                                                                             
လွန်ခဲ့သောနှစ်အနည်းကစပြီး သမီးက နှစ်သစ်ကူးသင်္ကြန်တွင်မြန်မာပြည်ကိုအလည်ပြန်လိုကြောင်း မကြာမကြာဆိုသလိုပြောနေခဲ့သည်။

သို့သော် မိမိ၏အလုပ်က  နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့တွင် ခွင့်ယူရန်အဆင်ပြေသဖြင့် ဧပြီလမှာမပြန်ဖြစ်ခဲ့ပေ။

နောက်တစ်ခု မြန်မာပြည်မှာ ဧပြီလက အလွန်ပူသည်။

နှစ်သစ်ကူးသင်္ကြန်ပွဲကို ရက်ရှည်ကျင်းပနေသဖြင့် သွားလာလည်ပတ်လို့မကောင်း။

အသိမိတ်ဆွေများနှင့်တွေ့ရန် အခက်အခဲရှိတတ်သည်။

သမီးက သူ့သမီးများအား မြန်မာ့သင်္ကြန်ပွဲတော်ကို မြင်ဖူး ကြုံဖူး နွှဲဖူး ပျော်ရွှင်ဖူးစေချင်သဖြင့် မိမိတို့က အဖော်ပြုလိုက်ပေးရသည်။

မိမိတို့ အဖိုးအဖွားတွေကိုယ်တိုင်ကလည်း မြန်မာပြည်မှထွက်လာခဲ့သည့်အချိန်ကစပြီး နှစ်သစ်ကူးသင်္ကြန်နှင့်ဝေးနေခဲ့သဖြင့် ခေတ်သင်္ကြန်ကိုပြန်ကြည့်ချင်မိပါသည်။















တိမ်ပတ်ကြားအက်



       



  
              မြေပတ်ကြားအက်









မနေ့မနက်သောကြာနေ့က ရာသီဥတုသည် ခပ်အေးအေးလေးရှိနေ၏။

နံနက် ၇ နာရီခွဲတွင် ၀ု(ဒ)လဲန်းစ်ကားရပ်စခန်း (Woodlands Regional Bus Interchange) မှထွက် လာသော အမှတ် ၁၆၁ နှစ်ထပ်ကားအပေါ်ထပ်တွင်ထိုင်ရင်း မိမိ သတင်းစာဖတ်လာခဲ့သည်။

အိမ်ခြေရပ်ကွက်များမှထွက်လာပြီး အမြန်လမ်းမကြီးပေါ်သို့ရောက်သောအခါ လမ်း၏တစ်ဘက်တချက်တွင် စိမ်းစိမ်းစိုစိုအပင်များကို စီရရီတွေ့မြင်ရသဖြင့် မျက်စိပသာဒမှတဆင့် မိမိ၏ရင်ကိုအေးမြခြင်း ဖြစ်ရပါသည်။

စိမ်းစိမ်းစိုစိုအပင်များကိုကြည့်ကာ ဘတ်(စ)ကားစီလာရင်း တစ်နေရာသို့ရောက်သောအခါ ကောင်းကင်တစ်ခုလုံးတွင် ပျံ့ ပျံ့ ပျူးပျူးဖြန့်ကျက်ထားသည့် ဖြူလွှလွှတိမ်တိုက်ကြီးကို တွေ့ရသည်။

မိမိတို့တွေ့ရလေ့ရှိသော ငါးကြင်းကွက်ပုံမဟုတ်ဘဲ ပတ်ကြားအက်ကဲ့သို့ အစင်းကြောင်းများဖြင့် အပြားလိုက်ရှိနေသည်။ 

အမြင်ဆန်းသလိုရှိသဖြင့် မိမိ ဓာတ်ပုံရိုက်လိုက်သည်။

ဓာတ်ပုံကိုကြည့်လျက် မိမိ၏စိတ်ထဲတွင် အမည်တစ်ခုပေးလိုက်မိသည်။

‘တိမ်ပတ်ကြားအက်’ လို့လေ။

တိမ်တွေကလှနေပြီး အမည်လေးက အရုပ်ဆိုးခဲ့သော် မိမိအပြစ်သာဖြစ်ပါမည်။





Sunday, November 3, 2019

ဘွန်စိုင်းဝါသနာ




          
                                                     ဘွန်စိုင်းမပြုပြင်မီကပုံ (၁)

             
      ဘွန်စိုင်းမပြုပြင်မီကပုံ (၂)                                          စပြုပြင်ပြီ     


ဘွန်စိုင်းလုပ်တယ်ဆိုတာ အပင်ကြီးကို အပင်သေးအောင် ငယ်ရအောင် လုပ်ယူထားတာဖြစ်တယ်။

ကြီးလာမယ့်အပင်နဲ့ ကြီးလာနေဆဲအပင်တွေကို အပင်သေးသေးလေဖြစ်နေရအောင် အမြစ်တွေ အကိုင်း
အခက်တွေနဲ့အရွက်တွေကို စနစ်တကျ သေသေချာချာ ညှပ်ထား ဖြတ်ထား တိထား ညှိထား ပုံသွင်းပေးထားတာလို့ပြောနိုင်ပါတယ်။

တစ်နည်းပြောရရင် ဘွန်စိုင်းအတတ်ပညာနဲ့ပြုပြင်ဖန်တီးထားတဲ့ 'ကြီးပု'အပင်တွေပေါ့။

အပင်ကသေးပေမယ့် အပွင့်ပွင့်တဲ့အပင်က အပွင့်ပွင့်တယ်။
အသီးသီးတဲ့အပင်က အသီးသီးတယ်။

လူဆိုတာကိုယ်လုပ်ချင်တာလေးတွေလုပ်နေရရင် စိတ်ကျေနပ်တတ်ကြတာ။ ကြည်နူးပျော်ရွှင်လိုကို့နေတတ်ကြတာ။

ကုသိုလ်အလုပ် မဟုတ်တောင် မကောင်းမှုတော့ မဟုတ်ဘူး။
အကုသိုလ်လဲ မဖြစ်ဘူးလေ။

စိတ်ကိုတည်ငြိမ်ပြီး အေးချမ်းစေတယ်။

ပြီးခဲ့တဲ့အပတ်က အင်္ဂလန်မှာရောက်နေတာကြာပြီဖြစ်တဲ့ဂျပန်ကြီးတစ်ဦးရဲ့  ဘွန်စိုင်းလက်တွေ့လုပ်ပြနေတဲ့ယူကျု့ ဗွီဒီယိုကို အိမ်ရှင်မက စိတ်ဝင်တစားကြည့်နေတာတွေ့ရတယ်။
၁ နာရီလောက်ကြာတယ်။



                ယူကျု့ က ဘွန်စိုင်းအလှပြင်ဗွီဒီယို


သူကကြည့်နေရင်း ကွန်ပြူတာသုံးနေတဲ့မိမိကိုလဲ တစ်ချက်တချက် ' ကြည့်စမ်းအဖေကြီး' ဆိုပြီးလှမ်းကြည့်ခိုင်းတတ်သေးတာ။

မိမိက ခဏတဖြုတ်ကြည့်ဖြစ်ပါတယ်။

ဒီနေ့တော့ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က၀ယ်ထားတဲ့ အိမ်ရှေ့ ပန်းခြံလေးထဲက ဘွန်စိုင်းအပင်ကို ဆွဲထုတ်ပြီး သူက လက်တွေ့လုပ်ပါတော့တယ်။

                     
                                                           ညှပ်ပြီ ဖြတ်ပြီ ပြုပြင်နေပြီ     


                                                             အပြီးသတ်လက်ရာ


ဘယ်လိုတွေစိတ်ကူပြီး ဘယ်လိုတွေညှပ်လိုက်လေသလဲတော့ မသိပါဘူး။

အထက်မှာတွေ့ကြရတဲ့အတိုင်းပါပဲ။



















Saturday, November 2, 2019

ဒီပါဗာလီနှင့်စန်ကရန်တီ



 

          စင်ကာပူနိုင်ငံ အိန္ဒိယရပ်ဝန်း 
       (Little India) မီးထွန်းပွဲတော် 

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ (၂၇ ရက် အောက်တိုဘာ) က စင်ကာပူနိုင်ငံမှာ ဒီပါဗာလီ (Deepavali) ခေါ် ဟိန္ဒူတို့ရဲ့  ရိုးရာမီးထွန်:ပွဲတော် (Festival of Lights) ရုံးပိတ်ရက်ဖြစ်ပါတယ်။    


               


မြန်မာပြည်မှာတော့ ဒီဝါလီ (Diwali) နေ့လို့ပဲ ဟိုယခင်ကတည်းက သိထားခဲ့ကြတာပါ။

အဲဒီနေ့က တနင်္ဂနွေရုံးပိတ်ရက်နဲ့တိုက်ဆိုင်နေတာကြောင့် နောက်တစ်ရက်ဖြစ်တဲ့တနင်္လာနေ့ကို ပိတ်ရက်အဖြစ်သတ်မှတ်ပေးပါတယ်။

ဒါကြောင့်အဲဒီအပတ်က စနေ၊ တနင်္ဂနွေနဲ့ တနင်္လာ (၃) ရက် ရက်ရှည်အလုပ်ပိတ်ပါတယ်။

ပိတ်ရက်ရှည်ကိုအကြောင်းပြုပြီးတော့ မိမိတို့ဇနီးမောင်နှံ အားခဲထားတဲ့အိန္ဒိယအစားအစာကို သွားစားခဲ့ကြပါတယ်။  


မိမိရဲ့ ဌာနမှူးနဲ့ သောကြာနေ့တိုင်း
လိုလို ဆေးရုံကနေအပြင်ထွက်ပြီး
စားဖြစ်နေတာကြောင့် တလောက
သွားစားထားတဲ့ Telugu Thali ခေါ် 
တဲလဂူးထမင်းဟင်းကို ဇနီးကိုကျွေး
ချင်တာရယ်၊ အဲဒီမှာအလှပြင်ဆင်ပြ
ထားတဲ့မီးထွန်းပွဲတော်ကိုလဲကြည့်
ချင်တာရယ်တို့ကြောင့် အိန္ဒိယရပ်
ဝန်းကို တနင်္လာနေ့ကရောက်သွား
ခဲ့ကြပါတယ်။




အလုပ်ကသွားစားတုန်းကတော့ ဌာနမှူးရဲ့ ကားလေးနဲ့ဖြစ်လို့ မူစတာဖာကုန်တိုက်ကြီး (Mustafa Shopping Centre) ရဲ့  ၃ ထပ်မှာရှိတဲ့ ကားထားတဲ့နေရာမှာကားထားပြီး ဓာတ်လှေကားနဲ့မြေညီထပ်ကိုဆင်းလာရပါတယ်။ အဲဒီကမှ Syed Alwi လမ်းလေးကိုကျော်လိုက်တာနဲ့ စန်ကရန်တီ (Sankranti) စားသောက်ဆိုင်ကိုရောက်ပါတယ်။

မိမိတို့ဖာသာသွားကြတဲ့အခါမှာတော့ ဆိုင်နေရာကို အနည်းငယ်လေးရှာကြရပါတယ်။ 

ဆီရန်ဂွန်းလမ်း (Serangoon Road) မှာ ဘတ်(စ)ကားပေါ်ကဆင်းပြီး ကုန်တိုက်ကြီးဆီသွားတဲ့လမ်းကို အရင်ရှာရပါတယ်။ 


                

ယခင်မူစတာဖာကုန်တိုက်နေရာဟောင်းရဲ့ ဘေးလမ်းထဲကိုဝင်သွားပြီး ၄ မိနစ်လောက်လျှောက်လိုက်နဲ့မူစတာဖာကုန်တိုက်အသစ်ကြီးကို တွေ့ရပါတယ်။ 

ကုန်တိုက်ကြီးကိုတွေ့တော့ စားသောက်ဆိုင်ကိုရှာရတာ မခက်ခဲတော့ပါဘူး။
မျက်နှာချင်းဆိုင်မှာ ရှိနေတာပဲလေ။

မိမိတို့ရောက်တော့ ဆိုင်မှာ လူရှင်းလို့ပါ။

ဒါကြောင့်အတွင်းစားပွဲမှာနေရာယူပြီး အိန္ဒိယနိုင်ငံရဲ့ အရှေ့ တောင်ပိုင်းဒေသက အန်ဒရာသာလီ (Andra Thali) ကို မှာလိုက်ပါတယ်။ 

အသားနဲ့ဖြစ်ဖြစ် သက်သတ်လွတ်ဖြစ်ဖြစ် မှာစားနိုင်ပါတယ်။ 

အသားနဲ့ဆို ကြက်ဥဟင်းတစ်ခွက်၊ ကြက်သားဟင်းတစ်ခွက်နဲ့ ဂျပါတီတစ်ချပ် အပိုပါပါတယ်။ 
ကျန်တဲ့ဟင်ခွက်တွေကတော့ အတူတူပါပဲ။

မိမိတို့က သက်သတ်လွတ်စားကြတာပါ။

'သာလီ' ဆိုတာက ဟင်းခွက်မျိုးစုံ (different dishes) လို့အဓိပ္ပာယ်ရှိပါတယ်တဲ့။ 
ဟင်ခွက်လေးတွေရဲ့ အရွယ်အစားက အကြမ်းဖျင်းအားဖြင့် ဘုန်းကြီးသတ္တုဆွမ်းခွက်လောက်ပါ။ 

ဟင်းတစ်ပွဲဆိုရင် ၇ ခွက်ကနေ ၁၀ ခွက်လောက်အထိပါရှိတတ်ပါတယ်။

အဲဒီဟင်းခွက်တွေအထဲမှာ အချိုခွက် ၂ ခွက်ပါပါသေးတယ်။ 
တစ်ခွက်က ဒိန်ချဉ်။
နောက်တစ်ခွက်က မြန်မာအခေါ် စယ်မိုင်။




ဟိုတစ်နေ့ ဌာနမှူးနဲ့သွားစားကြတုန်းက စယ်မိုင်ကအပျစ်။ 
အိမ်ရှင်မအတွက်တောင် ၀ယ်လာခဲ့သေးတာ။





ဇနီးနဲ့သွားစားကြတဲ့အခါ စယ်မိုင်က နွားနို့နဲ့ခပ်ကျဲကျဲလေး။
မိမိတို့ မြန်မာပြည်မှာစားတာနဲ့ပိုတူတယ်။

ဒီလိုမျိုးကို ပိုကြိုက်တယ်။