"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, December 24, 2012

ရဟန်းနှင့်လူ



မြန်မာပြည်ကိုပြန်လည်ရင်း မန္တလေးမြို့ ကို ရောက်တဲ့အခါတိုင်းမှာ မိမိသည် ချမ်းသာကြီးတောင်တိုက် ပဂိုး(ပဲခူး)ကျောင်းမှ ဆရာတော် ဦးဓမ္မတိက္ခထံသို့ အမြဲသွားရောက်ကာ ကန်တော့လေ့ရှိ ပါတယ်။

ဆရာတော်နှင့် မိမိတို့မိသားစုသည် စင်ကာပူမှာ စတင်တွေ့ဆုံသိကျွမ်းခဲ့ကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ဒီဇင်ဘာလတစ်လမှာ တိုပါးယိုးဘုန်းကြီးကျောင်းကိုသွားပြီး သံဃာ ၅ ပါးလား ၆ ပါးလားကို အိမ်ကိုပင့်ပြီးဆွမ်းစားပင့်တော့ အခြားသော အာဂန္တုသံဃာများနှင်အတူ ဆရာတော် လိုက်ပါကြွလာခဲ့ပါ တယ်။

“ဟို ရှေးရှေးဘ၀က ပဌာန်းဆက်တွေပေါ့ ဒကာကြီးရယ်” လို့ ဆရာတော်အမိန့်ရှိခဲ့ဖူးသလိုပါပဲ ဆရာတော်နှင့် မိမိတို့မိသားစုသည် အဲဒီအချိန်ကစပြီး ခိုင်မြဲတဲ့ ဆရာနဲ့ဒကာဆက်ဆံမှုများ ဖြစ်လာခဲ့ကြပါတော့တယ်။ စာရေး သူရဲ့ မိခင်ကြီး မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုယူနေစဉ်က ဆရာတော်က နေ့စဉ်နေ့တိုင်းလိုလို ကြွလာ ပြီး ကြည့်ရှုအားပေးခဲ့တာဖြစ်တယ်။   

ယခုနှစ်မှာ မန္တလေးကိုရောက်တော့လည်း ဆရာတော်ထံသွားရောက်ဖူးဖြစ်ခဲ့ပါသေးတယ်။ မိမိတို့ဇနီး မောင် နှံအပြင် မိမိရဲ့ ညီအကိုမောင်နှမ ၄ ဦးပါ ခေါ်သွားခဲ့ပါတယ်။ ရွှေဘိုကနေ ကားနဲ့လာပြီး မန္တလေးရောက်တာနဲ့ ဟိုတယ်မှာ ပစ္စည်းများထားပြီး ဆရာတော်၏ကျောင်းကို အပြေးလေး ရောက်သွားခဲ့ကြတယ်။ ညနေ ၄ နာရီနဲ့ ၅ နာရီအကြားလောက်မှာ ကျောင်းကိုရောက်နိုင်မည့်အကြောင်း တယ်လီဖုန်းနဲ့ ကြိုပြီးလျှောက်ထားခဲ့ပေမယ့် စစ်ကိုင်းက ပညာရေးတက္ကသိုလ်ကိုဝင်ပြီး ညီမရဲ့ ဘွဲ့ဓာတ်ပုံများ ၀င်ယူရတာကြောင့် ကျောင်းကို ည ၆ နာရီခွဲ ကျော်မှ ရောက်သွားခဲ့ပါတယ်။

ဒီလို နောက်ကျမယ့်အကြောင်းကို စစ်ကိုင်းမှာကတည်းက ဆရာတော်ထံ ဖုန်းနဲ့အကြောင်းကြားခဲ့ တာဖြစ်လို့ ဆရာတော်က သိရှိပြီးဖြစ်ပါတယ်။   

စာရေးသူတို့ ကျောင်းကိုရောက်တော့ မှောင်မဲနေပါပြီ။ ကျောင်းကိုလိုက်ရှာရင်း ကားက တစ်ခြားကျောင်းဝင်း ထဲကို မှားပြီး ၀င်သွားခဲ့ပါသေးတယ်။ ကျောင်းကိုရောက်တာနဲ့ ဆရာတော်က စာရေးသူတို့ကို နှုတ်ဆက်စ ကားပြောပြီး ဦးပဉ္ဖင်းတစ်ပါးနဲ့ဒကာတစ်ဦးအား ညစာပြင်ခိုင်းပါတယ်။ ခရီးဝေးမှလာရပြီး ညစာစားရန် အချိန် နှောင်းနေပြီဖြစ်တဲ့ ဒကာ ဒကာမများအတွက် ဆရာတော်မှ ညစာ ရှမ်းခေါက်ဆွဲကို အဆင်သင့်ဖြစ်အောင် ကြို တင်စီစဉ်ပေးထားသည့်အတွက် များစွာအားနာမိကြပါတယ်။ 

ဆရာတော်ကို အားနာပေမယ့် အမှန်အတိုင်းပြောရရင် အဲဒီနေ့ညက စားခဲ့ရတဲ့ ရှမ်းခေါက်ဆွဲက ပူပူနွေးနွေးနဲ့ အိအိထွေးထွေးလေးမို့ စားလို့သိပ်ကောင်းပါတယ်။ ခရီးဝေးက လာခဲ့ရတာလည်း ပါမှာပါ။   

ညစာစားအပြီးမှာ ဆရာတော်နှင့်စကားစမြည်ပြောကြရင်း ယနေ့မြန်မာလူကြီးအချို့ နှင့်လူငယ် အတော်များ များတို့ဟာ ဘာသာတရားနှင့်ရဟန်းသံဃာများအပေါ် ယုံယုံကြည်ကြည်လေးလေးနက်နက် ရိုသေကိုင်းရှိင်းမှု လျော့ပါးလာကြတဲ့အကြောင်း ဆရာတော်မှ မိန့်တော်မူပါတယ်။     


ဆရာတော်၏နှုတ်မှ အဲဒီစကားမျိုး ထွက်လာရတာက ဒီလိုရယ်ပါ။


ဆရာတော်၏ကျောင်းက ဖိနပ်ချွတ်မှာ ဆရာတော်နှင့်ရပ်ပြီး စကားပြောရင်း မိမိရဲ့ ဇနီးဖြစ်သူက  ဆရာတော် နှင့်သူ တစ်တန်းတည်း ရပ်လျက်သားရှိနေတာကို သတိပြုမိတာနဲ့ ကဗျာကရာ အောက်ကိုတစ်ထစ်ဆင်းပြီး ရပ်လိုက်ပါသတဲ့။

ဒီအခါမှာ ဆရာတော်က “ဒကာမကြီးတို့ ဒကာကြီး ဦးတင်မောင်အေးတို့ကသာ အခုလို ဘုန်းကြီးတို့ကို ရိုသေ ကိုင်းရှိုင်းမှုပြတာ တချို့ သူတွေက ရဟန်းသံဃာများကို ယခင်ကလို ရိုသေကိုင်းရှိုင်းမှု ပြကြတာ မဟုတ်တော့ ဘူး။ သူတို့က ရဟန်းနဲ့ လူနဲ့ အတူတူပဲလို့ သဘောထားကြတာ။ လမ်းမှာဆို ရဟန်းဆိုပြီး ဦးစားပေးရကောင်း မှန်း မသိကြတော့ဘူး။

အခု ဘုန်းကြီးရဲ့ ကျောင်းမှာ စာသင်သား အပါး ၁၃၀ ကျော်ရှိတယ်။ အရင်တုန်းကတော့ ဘုန်းကြီးက စာသင် သားတွေ အများကြီးလက်ခံထားခဲ့တယ်။ နောက်တော့ ဘုန်းကြီးတွေ့လာရတာက တချို့ ကိုရင်လေး တွေက စာရိတ္တမကောင်းကြတော့ ဘုန်းကြီးကျောင်း နာမည်ပျက်တယ်။ အဲဒါနဲ့ နောက်ပိုင်းမယ်တော့ စာရိတ္တကောင်း တာကို ဦးစားပေးပြီးတော့ပဲ လက်ခံတော့တယ်။ စာတော်ပြီး စာရိတ္တမကောင်းရင် ဘုန်းကြီး လက်မခံတော့ ဘူး။ စာတော်ဖို့ဆိုတာ သင်ပေးလို့ရတယ်။ စာရိတ္တဆိုတာက သင်ပေးရ သိပ်ခက်တာ။ ပညာ မတော်တာက သင်ပေးလို့ရသေးတယ်။ စာရိတ္တက လူ့ဥာဉ်ထဲမှာ မွေးကတည်းကိုက ပါလာပြီးသားမို့ သင်ပြဆုံးမရတာ အ လွန် ခက်ခဲတယ်။ မလွယ်လှဘူးပေါ့။ သို့ပေမယ့် ဆုံးမသွန်သင်လို့ ရတဲ့ကလေးတွေလည်း ရှိတန်သ၍တော့ ရှိပါတယ်။

အခုဆိုရင် ဘုန်ကြီးရဲ့ ကျောင်းမှာ Ph.D ပါရဂူဘွဲ့ရထားသူ တစ်ဦးနဲ့ Ph.D လုပ်နေဆဲ တစ်ဦးရှိနေတယ်။ ပညာ ဒါနပေါ့ ဒကာမကြီးရယ်။ မတတ်နိုင်တဲ့သူတွေကို ဘုန်းကြီးတို့က တတ်အားသ မြေတောင်မြှောက် ပေးရ တာပေါ့။   


လာမယ့်နှစ်မှာ ဘုန်းကြီး အသက် ၆၀ ပြည့်ရင် သံဃာ ၁၀၈ ပါး ဒုလ္လဘရဟန်းခံပေးဖို့ရာ ဘုန်းကြီး ကြိုးစား နေတယ်။  ဘုန်းကြီးရဲ့ ရွာမှာပေါ့လေ။ လွန်ခဲ့ ၁၀ နှစ် ဘုန်းကြီးအသက် ၅၀ ပြည့်တုန်းကလည်း တစ်ကြိမ်လုပ် ခဲ့ပြီးပါပြီ။ 

လွန်ခဲ့တဲ့ ၁၀ နှစ်က လုပ်တုန်းက ထမင်းဟင်းချက်ပေးတဲ့သူတွေအတွက် အရက်ဝိုင်း မပါဘူး။ အခုတစ်ခါ ဘုန်းကြီး ဒီကိစ္စစီစဉ်နေတော့  ထမင်းဟင်းချက်ပေးတဲ့သူတွေအတွက် အရက်ဝိုင်းပေးရမယ်ဆိုလို့ ဘုန်းကြီး တောင် အတော်ကြီးကို အံ့သြသွားခဲ့မိတယ်။

ဒါနဲ့ပတ်သက်ပြီး ဘုန်းကြီးက အစည်းအဝေးမှာပြောခဲ့တာက ကုသိုလ်ရေးလုပ်တဲ့အခါမှာ အကုသိုလ်တွေ မပါချင်ဘူး။ ဒီအရက်အစားကို တခြားအချိုရည်တို့ မုန့်တို့ ကြိုက်သလောက် သောက်ရင်း စားရင်း ချက်ကြ ပြုတ်ကြလို့ ရတယ် မဟုတ်ဖူးလား။ အရက်ဝိုင်းတော့ မပေးနိုင်ဘူးလို့ ဘုန်းကြီး ပြတ်ပြတ်ပဲ ပြောခဲ့တယ်။ အရက်ဝိုင်းပါမှသာ ချက်နိုင်မယ်ဆိုရင် အရက်ဝိုင်းမပါပဲ ချက်နိုင်တဲ့သူတွေကို ဘုန်းကြီးရှာမယ်လို့ ပြောခဲ့ တယ်။

အခုက ချက်ပြုတ်တဲ့သူတွေကို အရက်ဝိုင်းပေးကြရတာက အလေ့အထကြီးတစ်ခုလို ဖြစ်နေတယ် ဒကာမ ကြီးရဲ့ ။ ဒါကလည်း နယ်မှာမှ မဟုတ်ဘူး။ မြို့ ပေါ်တွေမှာလည်း ဒီအတိုင်းပဲ။ အများစုက အဲဒီလိုကို ဖြစ်နေ တယ်။

အင်း - လူတွေက အကျင့်စာရိတ္တတွေ တော်တော်လေးကို ပျက်ပြားနေကြတာကလား။

မျိုးဆက် တစ်ခုပြီးတစ်ခု ပိုပို ဆိုးလာနေကြတယ်။

ဘုန်ကြီးတို့ ငယ်ငယ်ကဆိုလို့ရှိရင် ဘုန်းကြီးတို့ လူကြီးသူမတို့ဆိုတာ သိပ်ကို ရိုသေလေးစားကြရတယ်။" 

ဆရာတော် ဦးဓမ္မတိက္ခ၏အဆုံးအမများကို ခံယူပြီးတဲ့နောက် စာရေးသူတို့ဇနီးမောင်နှံသည် ဆရာတော်၏ ကျောင်းအတွက် အလှူငွေကပ်လှူကြကာ ဟိုတယ်သို့  ပြန်ခဲ့ကြပါတော့တယ်။   


     

Sunday, December 23, 2012

မြန်မာသတင်းစာများထဲမှ ရောင်စုံကြော်ငြာလှလှလေးများ







မြန်မာသတင်းစာတွေ အရောင်အသွေး စုံစုံလင်လင်နဲ့ထွက်တာတော့ အထဲက သတင်းတွေ ဆောင်းပါးတွေနဲ့ ဓာတ်ပုံတွေကိုသာ ဆေးရောင်စုံနဲ့တွေ့ရတာ မဟုတ်ဘူး။

ကြော်ငြာလေးတွေကိုပါ အရောင်အသွေး စုံစုံလင်လင်နဲ့ လှလှပပလေး တွေ့ကြရတာ။ 

အရောင်ထည့်ထားတဲ့အပြင် ဒီဇိုင်းနဲ့အပြင်အဆင်လေးတွေပါ ပိုကောင်းအောင် ကြိုးစားလုပ်ကြလေတော့ ဖတ်ရ ကြည့်ရသူတွေရဲ့  စက္ခုပသာဒမှာ အကြည်ဓာတ်တွေ သိပ်မိုက်သွားပြီပေါ့။

ကဲ .. မယုံမရှိရလေအောင် မိမိတို့ဖာသာပဲ ကြည့်ကြပါလေတော့လို့ ….








































Tuesday, December 18, 2012

ပြည်မြန်မာသို့ မာရသွန်ခရီး


ကန့်ဘလူမြို့ ၏ နံနက်ခင်း။
ဒီဇင်ဘာလ ၁၀ ရက်  ၂၀၁၂၊ နံနက် ၆ နာရီ  ၁၂ မိနစ် (ဓာတ်ပုံ - ဖိုးတာ)။


မနှစ်ကလည်း မရည်ရွယ်ထားပါပဲ အမိမြန်မာပြည်သို့ ရောက်သွားခဲ့သည်။

ယခုနှစ်မှာလည်း အမိမြန်မာပြည်သို့ အလည်ပြန်ရန် အစီအစဉ်မရှိပဲ အလည်ပြန်ဖြစ်သွားခဲ့သည်။

ကိုယ့်အမိမြေကို ပြန်သည်ဖြစ်သဖြင့် ရည်ရွယ်ထားသည်ဖြစ်စေ မထားသည်ဖြစ်စေ၊ အစီအစဉ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပျော်ရပါသည်။ ကျေနပ်ကြည်နူးရပါသည်။

ကျေးဇူးရှင် မိဖနှစ်ပါး မရှိကြတော့ပြီဖြစ်သော်လည်း ဆွေမျိုးများနှင့် မိတ်ဆွေများကို တွေ့ရသဖြင့် မိမိတို့ဇနီး မောင်နှံမှာ ၀မ်းမြောက်ဝမ်းသာဖြစ်ကြရသည်။

မိမိတို့ စားချင်လှသည့် မြန်မာအစားအစာများ ဟိုနေရာ ဒီနေရာအနှံ့ ရှာစားကြသည်။

မိမိတို့ တွေ့လို မြင်လိုလှသည့် အမိမြန်မာပြည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ရ တွေ့ရသည်။

မိမိတို့ လုပ်ကိုင်ဆောင်ရွက်ချင်သည်များကို တတ်အားသရွေ့  လုပ်နိုင်ခဲ့သည်။

မိမိတို့ အလိုရှိရာများကို ယူလာခဲ့သလို မိမိတို့ ပေးလိုသည်များနှင့် ပေးနိုင်သည်များကိုလည်း ရောက်တုန်း ရောက်ခိုက်မှာ ပေးခဲ့ကြပါသည်။

မိမိတို့၏ မွေးရပ်ဌာနေသို့ ခဏတဖြုတ်သာ ပြန်လည်နိုင်ခဲ့သော်လည်း၊ ကတိုက်ကရိုက်လေးသာ ပြန်သွားရ သော်လည်း မိမိတို့မှာ ကျေနပ်ရပါ၏။ နှစ်သက်ရပါ၏။ အတိုင်းမသိကို ၀မ်းသာကြည်နူးကြရပါ၏။



ဈေးဝယ်ထွက်ကြပြီ


ဖူနန်းကုန်တိုက်ကြီးမှာ ကင်မရာနှင့် ဗွီဒီယိုကင်မရာများအတွက် ပစ္စည်းဝယ်ခဲ့သည်။


မြန်မာပြည်ကို အလည်ပြန်တိုင်း စင်ကာပူ မလုပ်မဖြစ်သည့်ကိစ္စတစ်ရပ်မှာ ဆွေမျိုးများနှင့် မိတ်ဆွေအချို့  အား အမှတ်တရပေးရန် လက်ဆောင်ပစ္စည်း ၀ယ်ရခြင်းဖြစ်သည်။ တဖန် ဆေးဝါးပစ္စည်းများ၊ ကင်မရာနှင့် ဗွီဒီယိုကင်မရာများအတွက် memory card (flash card) များ၊ ဒီဇင်ဘာလဖြစ်သဖြင့် အနွေးထည်များ အစ ရှိသည့်  မိမိတို့၏ခရီးစဉ်အတွက် လိုအပ်သောပစ္စည်းများကိုလည်း ၀ယ်ရသေး၏။

လက်ဆောင်ပစ္စည်း ၀ယ်ရခြင်းကား အတော်လေး ခေါင်းခြောက်ရသည့် အလုပ်ဖြစ်ပါ၏။ မပါသွား၍ကား လုံးဝမဖြစ်ပါချေ။ ပါသွားခဲ့ ပေးထားခဲ့ပါသော်လည်း အချို့ က ကျေးဇူးမတင်သည့်အပြင် “အရိုးများသလေး ချေးခါးသလေး ဟု ပြောခံရတတ်သေး၏။ ရသည့်သူက ၀ါးတစ်လုံးသာ ရတာဖြစ်ပေမယ့် ပေးရသူအ နေက လူတစ်ရာအတွက် ၀ါးတစ်ရာ ကုန်ရသည့်အဖြစ်ကိုမူ သတိမပြုမိလေကြ။

သို့တစေ မိမိတို့မှာ မမှုတော့။ ခံရဖန် ကြုံရဖန်များသဖြင့် ထုံနေပေပြီ။

မိမိတို့ တတ်အားသ၍ ပေးနိုင်သည်ကိုပင် ၀မ်းသာလှပါ၏။

လူ့အလိုကို နတ်လည်း မလိုက်နိုင်သကဲ့သို့ လူလည်း မလိုက်နိုင်မှန်း သိထားပြီးဖြစ်ပါ၏။



ရန်ကုန်သို့

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီ ၅၅ မိနစ်တွင် စင်ကာပူလေကြောင်းလိုင်းမှ SQ 998 လေယာဉ်ဖြင့် ရန်ကုန်သို့ ထွက်လာခဲ့ကြသည်။

လယာဉ်ပေါ်၌ ဥရောပတိုက်သားခရီးသည် အတော်များများပါရှိသည်ကို သတိပြုမိသည်။

ရန်ကုန်ကို နံနက် ၉ နာရီခွဲမှာ လေယာဉ်ဆိုက်ခဲ့သည်။

စင်ကာပူလေဆိပ်က လေယာဉ်ထွက်သည်မှာ ၁၅ မိနစ်ခန့် နောက်ကျသဖြင့် ရန်ကုန်အ၀င်တွင် အနည်းငယ်  နောက်ကျရသည်။  

ရန်ကုန်လေဆိပ်၌ ခရီးဆောင်အိပ်များယူနေစဉ် လျှပ်စစ်မီးပျက်သွားသဖြင့် ခရီးဆောင်အိပ်များ ပို့ပေးသည့် စက် အလည်ရပ်သွားခဲ့သည်။ ၁၀ မိနစ်ခန့်ကြာမှ မီးပြန်လာသဖြင့် မိမိတို့၏ခရီးဆောင်အိပ်များ ယူလို့ ရလေ သည်။

လေယာဉ်ပေါ်တွင် စင်ကာပူနိုင်ငံသားတစ်ဦးနှင့် ထိုင်ခုံနီးချင်းဖြစ်ပြီး အသိဖြစ်သွားခဲ့သေးသည်။

ဇနီဖြစ်သူ၏ညီမ ခင်မိမိနှင့် တူတော်မောင် ကိုထွေးတို့ လေဆိပ်တွင်လာကြိုကြသည်။ 

ဇနီး၏အမအိမ်တွင် နံနက်စာစားရင်း စကားစမြည်ပြောကြသည်။




မြန်မာအကြောအဆစ်ကုပညာရှင်များအသင်း (Myanmar Physiotherapy Association) မှ  အမှုဆောင်ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ (၇-၁၂-၁၂)


နေ့လည်စာ စာပြီးသောအခါ ဇနီးက သူ့အမ သူ့ညီမများနှင့် စကားပြောရန်နေခဲ့ပြီး မိမိက မြန်မာအကြောအ ဆစ်ကုပညာရှင်များအသင်း (ဖွဲ့စည်းဆဲ)မှ အမှုဆောင်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးရန် မြို့ ထဲသို့ သွားပါသည်။


မြန်မာည်ြသို့ မလာခင်ကတည်းက ဆရာဦးတင်မြင့် (Physiotherapist) နှင့်ကြိုတင်စီစဉ်ထားသည့် အတိုင်း မြန်မာနိုင်ငံ အကြောအဆစ်ကုပညာရှင်များအသင်း (Myanmar Physiotherapy Association) မှ ဥက္ကဌ ဗိုလ်မှူးဦးထွန်းမြင့် (ငြိမ်း)၊ ဒု ဥက္ကဌ ဦးကြီးမောင်၊ အတွင်းရေးမှူး ဦးတင်မြင့်တို့နှင့် အစည်းအဝေးပြုလုပ်ရ သည်။


ထိုအစည်းအဝေးအားတက်နိုင်ရန် ဆရာဦးတင်မြင့်က ငွေကြာရံသို့ သူ့ကားဖြင့် လာကြိုပေးခဲ့ပါသည်။ ငွေ ကြာရံမှ အရိုးရောဂါအထူးကုဆေးရုံကြီး (ကြည့်မြင်တိုင်) အနီးရှိ ရွိုင်ရယ်အိုအေးစစ် (Royal Oasis) ဆေး ခန်းသို့သွားပြီး ဆရာဦးကြီးမောင်နှင့် ကိုစိုင်းရာဇာတို့ကိုသွားကြိုကာ ဗိုလ်မှူးဦးထွန်းမြင့်ရှိရာ Green Cross Hospital ကို သွားကြပါသည်။ တပ်မတော်ဆေးရုံကြီး အကြောအဆစ်ကုပညာ ရှင်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည့် ဗိုလ်မှူးဦးထွန်းမြင့်သည် ထိုဆေးရုံတွင် အုပ်ချုပ်ရေးမှူးတာ ၀န်ယူထားလေသည်။

အစည်းအဝေးပြီးသောအခါ ဆရာဦးတင်မြင့်က မိမိအား ငွေကြာရံသို့ ပြန်ပြီးပို့ပေးခဲ့ပါသည်။ မိမိ၏ဇနီးသည် စောစောကပင် မြို့ ထဲရှိ “လိုင်းလိုင်းဟိုတယ်”သို့ ပစ္စည်းများယူကာ သွားနှင့်ပြီဆိုသဖြင့် မိမိက တက္ကစီငှား လျက် လိုင်းလိုင်းဟိုတယ်ရှိရာ ဘုန်းကြီးလမ်းကို လိုက်သွားခဲ့သည်။ 


ဟိုတယ်သို့ရောက်သောအခါ ညနေ ၆ နာရီ ထိုးခါနီးပေပြီ။ ရန်ကုန်မြို့ ၏ညနေခင်းသည် ဆောင်းရာသီဖြစ်၍ နေ၀င်ချိန်စောကာ မှောင်စပြုပြီဖြစ်သည်။

တောင်ဥက္ကလာပမှ ညနေ ၄ နာရီ ၅၂ မိနစ်တွင် ထွက်လာသည့်ကားသည် ပုံမှန်အားဖြင့် မိနစ် ၂၀ ခန့်သာ မောင်းရသည့်ခရီးကို လမ်းတွေပေါ်၌ ကားများ ကျပ်ညပ်နေသဖြင့် မြို့ ထဲရောက်ရန် ၁ နာရီနီးပါး မောင်းခဲ့ရ ၏။ လမ်းတွင် ကားဆရာကြီးနှင့် စကားတွေ အတော်ကြီးကို ပြောဖြစ်ခဲ့လေသည်။ မိမိသည် သူ့ထံက ရန်ကုန် အကြောင်း ဒေသန္တရဗဟုသုတများစွာ ရရှိခဲ့ပါသည်။



သို့နှင့် စာရေးသူက ကားဆရာကြီးအား မူလကပြောခဲ့သောကားခထက် တစ်ထောင်ကျပ် အပိုထပ်ပြီး ပေး လိုက်ရာ သူက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သလို မိမိကလည်း သူ၏တစ်နာရီကြာ ရင်တွင်းခံစား စကားများ အတွက် ကျေးဇူးပြန်ပြီး တင်မိရသည်အမှန်။



စာရေးသူ ဟိုတယ်ကိုရောက်သောအခါ ဇနီးအားလိုက်ပို့ပေးသော ညီမနှစ်ဦး မိမိတို့အားနှုတ်ဆက်ကာ ပြန် သွားကြ၏။ ဇနီသည်က ခရီးပမ်းသည်ဟုဆိုကာ အိပ်ယာတွင်လှဲနေသဖြင့် ထိုညက အပြင်သို့ နောက်ထပ် မ ထွက်ဖြစ်လေတော့။ မိမိကမူ ယခင်အခေါက်များကဲ့သို့ မြန်မာပြည်သို့ပြန်ရောက်သည့် ပထမဦးဆုံးနေ့တိုင်း ရွှေတိဂုံဘုရားသို့ သွားဖူးရန်ဆန္ဒရှိသော်လည်း နောက်တစ်နေ့မှသွားမည်ဟုသာ ဆုံးဖြတ်မိသည်။     



လေဖြတ်လူနာအား အကြောအဆစ်ကုဆေးပညာဖြင့် လေ့ကျင့်ကုသပေးခြင်း (Therapeutic Rehabilitation Exercise) ကို ယခုကဲ့သို့ လက်တွေ့သင်တန်း ပို့ချပေးခဲ့။



လေဖြတ်လူနာနှင့် သင်တန်းပေးခြင်း


နောက်တစ်နေ့ (ဒီဇင်ဘာ ၈ ရက်) နံနက် ၈ နာရီခွဲ တွင် အကြောအဆစ်ကုပညာရှင် (Physiotherapist) တပည့် မလေး တင်စန္ဒာဝင်း သည် မိမိတည်းခိုရာ ဟိုတယ်သို့ သူ့အဖေလိုက်ပို့သည့်ကားဖြင့် ရောက်လာ သည်။ သူမ၏ လေဖြတ်လူနာအား သွားကြည့်ပေးပြီး အကြောအဆစ်ဆိုင်ရာ လက်တွေ့စမ်းသပ်ကုသနည်း များကို တလက်စာတည်း သင်ကြားပြသပေးရန် ဖြစ်သည်။



မိမိ၏ တူသားအရင်းအချာကဲ့သို့ဖြစ်နေသော ကိုကြည်ဇော်မိသားစုက ကားနှင့်မောင်းသူပါ ကူညီထားသဖြင့် တင်စန္ဒာဝင်း၏ဖခင်အား ပြန်လွှတ်ပြီး မိမိတို့ကားဖြင့် လူနာရှိရာ တောင်ဥက္ကလာပသို့ သွားကြသည်။



လူနာအိမ်သို့ ရောက်သောအခါ  အကြောအဆစ်ကုပညာရှင်သမီးငယ်အချို့  ရောက်နှင့်နေကြပြီဖြစ်သည်။ လေဖြတ်လူနာများတွင် ကြုံတွေ့ခံစားရလေ့ရှိသော လှုပ်ရှားမှုဆိုင်ရာ (movement and function)၊ အာရုံ သိရှိမှုဆိုင်ရာ (sensory)၊ မှတ်ဥာဏ် (cognitive) နှင့် စိတ်ထိခိုက်လှုပ်ရှားမှုဆိုင်ရာ (emotional)၊ ပြောဆို ဆက်ဆံမှုဆိုင်ရာ (communication) များအကြောင်း ရှင်းလင်းပြောပြခြင်းနှင့် အကြောအဆစ်ဆိုင်ရာ လက်တွေ့စမ်း သပ်ကုသနည်းများကို ၂ နာရီခန့် ပြုလုပ်ပြသခဲ့သည်။  



ဆရာမကြီး ဒေါ်ကလျာအိမ်သို့

မနှစ်က ယခုလိုအချိန်မျိုးမှာ ရန်ကုန်ရောက်သည့်အခါ ကလျာမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာမကြီး ဒေါ်ကလျာ ၏အိမ်သို့ လူမမာမေရင်း ရောက်ခဲ့သည်။ ဆရာမကြီး၏ အာရုံကြောဆိုင်ရာ သွားလာလှုပ်ရှားမှု အခက်အခဲများ အတွက် လေ့ကျင့်ကုသမှုများ သင်ကြားပြသပေးခဲ့သည်။ 

ယခုတစ်ခါ ဆရာမကြီးကို သွားရောက်တွေ့ဆုံနူတ်ဆက်ရင်း ကျန်းမာရေးအခြေအနေများ မေးရသည်။ ဆရာ မကြီးက မိမိပြသထားသည့် လေ့ကျင့်လှုပ်ရှားမှုပုံများကို နံရံမှာကပ်ထားပြီး ပြုလုပ်လျက်ရှိကြောင်း ပြောပါ သည်။

ဆရာမကြီး၏ အထွေထွေကျန်းမာရေးမှာ မနှစ်ကထက် ကောင်းမွန်လာသည်ကို တွေ့ရသဖြင့် ၀မ်းသာမိသည်။ သွားလာလှုပ်ရှားမှု အခက်အခဲမှာမူ ရောဂါ၏သဘောသဘာဝအရ ကျန်ရှိနေဆဲဖြစ်သော်လည်း ပြီးခဲ့သောနှစ် ကထက် အထိုက်အလျှောက် တည်ငြိမ်မှုရှိလာခဲ့ပါသည်။ ဆရာမကြီးက အခါတိုင်းလို စာရေးသူအား မဂ္ဂဇင်း စာအုပ်များပေးသောအခါ မိမိအား တောင်းထားသည့် ကျန်းမာရေးစာမူများ တစ်နှစ်လုံး တစ်ပုဒ်မှ ရေးမပေး ဖြစ်သည့်အတွက် မျက်နှာပူ အားနာမိပါသည်။ မိမိနှင့် ဆရာမကြီးတို့ စကားပြောနေစဉ် တာဝန်ခံအယ်ဒီတာ ကိုဇူးကျော်လည်း အနားမှာ ရှိနေပါသည်။  

စာရေးသူတို့ဇနီးမောင်နှံက ဆရာမကြီးအား နှုတ်ဆက်ခါ တိုက်ပေါ်မှဆင်းလျက် ကားထွက်သည့်တိုင် ဆရာမ ကြီးက ၀ရံတာမှရပ်ကြည့် ကျန်ရစ်ခဲ့ပါသည်။  



မိတ်ဆွေ ဦးလွင်သိန်းအိမ်သို့



ဆရာမကြီးဒေါ်ကလျာအိမ်မှ ဟိုတယ်သို့ပြန်လာကာ ပစ္စည်းများယူပြီး မိတ်ဆွေ ဦးလွင်သိန်း၏အိမ်သို့ လူမမာ သွားမေးရသည်။ ဦးလွင်သိန်းသည် စာရေးသူ မြန်မာပြည်မရောက်ခင် တစ်ပတ်အလိုမှာ ကားထိခိုက်မှုဖြစ်သ ဖြင့် သွားလာလှုပ်ရှားမှုမပြုလုပ်ရပဲ အိပ်ယာပေါ်တွင်လှဲပြီး အနားယူနေရသည်။ အရိုးခွဲ စိတ်အထူးကုဆရာဝန် ကြီးနှင့် ပြသထားပြီးဖြစ်ရာ မိမိက အကြောအ ဆစ်ကုသမှုဆိုင်ရာ ကိုယ်လက်လှုပ်ရှားမှုများနှင့် ကိုယ်နေကိုယ် ထား စနစ်တကျရှိစေရေးတို့ကို သင်ပြပေးခဲ့သည်။



ထိုနောက် ညနေ ၃ နာရီတွင် ငွေကြာရံအိမ်သို့သွားကာ မိမိတို့နှင့်အတူခရီးသွားမည့် ဇနီး၏ညီမ ၃ ဦးကို ခေါ် ပြီး ကန့်ဘလူသို့သွားမည့် အဝေးပြေးကားဂိတ် (အောင်မင်္ဂလာ)သို့ ထွက်ခဲ့ကြတော့၏။

ရန်ကုန်မှ ကန့်ဘလူသို့


ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီတွင် ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ “အောင်ရတနာ” လေ အေးစက်တပ်ဘတ်စ်ကားသစ်ကြီးဖြင့် ကန့်ဘလူမြို့ သို့ သွားကြသည်။  “အောင်ရတနာ” ဘတ်စ်ကားကြီး သည် ခရီးသည်များကို ကန့်ဘလူမြို့ နှင့်ရန်ကုန်မြို့ များသို့ တိုက်ရိုက်ပြေးဆွဲပေးလျက်ရှိသည့် တစ်ခုတည်း သော ကားလိုင်းဖြစ်သည်။ ယင်းကားလိုင်းရှိကြောင်းကို မကြာခင်က စင်ကာပူနိုင်ငံသို့ အလည်လာသွားကြ သည့် ဦးသောင်းစိန်(ဦးဆောင်ညွှန်ကြားရေးမှူး - ငြိမ်း၊ ကုန်သွယ်ရေး) မမညိုတို့ ဇနီးမောင်နှံက ပြောပြသ ဖြင့် သိရှိခဲ့ခြင်းဖြစ်သည်။ 

ထိုသတင်းကို စပြီးကြားသိရကတည်းက ကန့်ဘလူ-ရန်ကုန် ခရီးစဉ်အား စိတ်ဝင်စားလျက် သွားရောက်လို သည့်ဆန္ဒများ ပြင်းပြစွာ ရှိနေခဲ့မိပါသည်။



အောင်မင်္ဂလာအဝေးပြေးဂိတ်မှ ဤအောင်ရတနာကားကြီးဖြင့် ကန့်ဘလူမြို့ သို့ သွားခဲ့ကြသည်။

အောင်ရနာဘတ်စ်ကားများက ရေသန့်ဗူးအပြင် သွားပွတ်တံနှင့်သွားတိုက်ဆေးပါ ပေး၏။


ကန့်ဘလူဘူတာရုံအနီးတွင် ခရီးသည်နှင့်ပစ္စည်းများချရင်း ရပ်နားထားစဉ်။ 
  

ကန့်ဘလူကိုရောက်သောအခါ ညီမ ရီရီမြင့်၊ ထူးထူးဆွေ၊ မ၀ါနှင့် တူဖြစ်သူ မောင်ဇေကိုတို့ ကားဂိတ်မှာ လာ ကြိုကြသည်။ ဇေကိုက ဒတ်ဆန်းကားဖြင့် ပစ္စည်းနှင့်မိမိတို့အား ကန့်ဘလူဈေးနှင့်မျက်နှာချင်းဆိုင်မှာရှိသည့် ဦးကိုလေး၏ ရွှေမြန်မာလက်ဘက်ရည်ဆိုင်သို့ ဦးစွာပို့ပေးသည်။ မိမိတို့နှင့်ရင်းနှီးသည့် ဦးကိုလေးမိသားစုက နံနက်စာကို အညာစာမုန့်များဖြင့် ဧည့်ခံကျွေးမွေးပါသည်။ ဦးကိုလေးမိသားစုနှင့်စကားစမြီပြောပြီးနောက် မိ ဖမေတ္တာ ဧည့်ရိပ်သာသို့ ပို့ပေးသည်။



ကန့်ဘလူမှာ မိမိတို့တည်းခိုခဲ့သည့် မိဖမေတ္တာဧည့်ရိပ်သာ။ (ဓာတ်ပုံ - ဖိုးတာ)



ရန်ကုန်မှ ကန့်ဘလူသို့အသွား ၁၁၅ မိုင် အဝေးပြေးကားရပ်စခန်းက ရွှေခရားကြီးဆိုင်တွင် အနားယူရင်း ညစာ စားခဲ့သည်။ (၈-၁၂-၁၂ ည ၈ နာရီခွဲ။ ဓာတ်ပုံ - ဖိုးတာ)။ 

၁၁၅ မိုင် ကားရပ်စခန်း၏ ညဖက်ရှုခင်းအလှ။ 



အံ့သြချီးကျူးရမည့် မာရသွန်ခရီး



စာရေးသူ၏ ယခုခရီးစဉ်တွင် သက်တမ်း မရှည်ကြာလှသေးသော သမ္မကြီး ဦးသိန်းစိန်အစိုးရလက်ထက် ပြုပြင်ပြောင်းလဲတိုးတက်လာမှုများကို ၀မ်းမြောက်စွာ မျက်မြင်ကြုံတွေ့ ခံစားခဲ့ရပါသည်။


မိမိ ငယ်စဉ်က(၉ တန်း ၁၀ တန်း) ဖတ်ခဲ့ဖူးသော “ခေတ်ပြောင်းသည်ကို မသိပါ”ဆိုသည့် ဘာသာ ပြန်စာ အုပ်တစ်အုပ်၏အမည်ကို အမှတ်ရပြီး “ခေတ်ပြောင်းသည်ကို သိပါသည်” ဟု ပြောလိုက်ချင်ပါတော့သည်။


ယခုတစ်ခေါက် မိမိ၏ခရီးစဉ်မှာ ရန်ကုန်မှ ကန့်ဘလူသို့ တိုက်ရိုက်ခရီး၊ ကန့်ဘလူမှ ရွှေဘိုခရီး၊ ရွှေဘိုမှ မန္တလေးခရီး၊ မန္တလေးမှ ရန်ကုန်ခရီး စသဖြင့် ခေါင်းစဉ်ပေးထားသည့်အတိုင်း ခရီးရှည် (မာရသွန်ခရီး) ဖြစ်လေရာ လမ်းများ၊ ကားများ၊ ရပ်နားစခန်းများ၊ စားသောက်ဆိုင်များ၊ ကိုယ်လက်သန့် စင်ခန်းများ၊ ၀န် ဆောင်ပေးမှုများတွင် “ပြောမယုံ ကြုံဖူးမှသိ” ဖြစ်ခဲ့ရပါသည်။


ယခုလိုပြောင်းလဲတိုးတက်မှုများကို ယခုလောက် မြန်မြန်ဆန်ဆန်ကြီး ဖြစ်လာ ကြုံတွေ့လာရလိမ့်မည်ဟု မိမိတစ်သက် မထင်မှတ်ခဲ့ပါချေ။  





တစ်ဖက်တစ်ချက်တွင် စိမ်းစိုစိုသစ်ပင်များနှင့် ဖြောင့်ဖြူးချောမွေ့နေသည့် ရွှေဘို-မန္တလေးလမ်း။ (ဓာတ်ပုံ - ဖိုးတာ)


သန့်ရှင်းသပ်ရပ် ကျယ်ဝန်းသည့် ခေတ်မီဘတ်စ်ကားသစ်ကြီးများ။ (ဓာတ်ပုံ - ဖိုးတာ)


လေယာဉ်ပေါ်က လေယာဉ်မယ်တစ်ဦးလို ယဉ်ကျေးပျူငှာစွာ ကူညီဆောင်ရွက်ပေးနေသည့် ဂျေဂျေ(JJ)အမြန်ကားလိုင်းမှ ၀န်ထမ်းမယ်တစ်ဦး။ (ဓာတ်ပုံ - ဖိုးတာ)




လှလှပပ ပန်းခြံကလေးများနှင့် ကားရပ်စခန်းမြင်ကွင်း။ (ဓာတ်ပုံ - ဖိုးတာ)



ရန်ကုန်မှ ညနေ ၅ နာရီခွဲတွင်ထွက်သည့်ဘတ်စ်ကားသည် နောက်တနေ့နံနက် ၇ နာရီတွင် ကန့််ဘလူမြို့ သို့ ရောက်လေသည်။

ကားလမ်းတွေက ကောင်းသည်။

ဘတ်စ်ကားကြီးတွေက ကောင်းသည်။

ဝန်ဆောင်မှုလည်း ကောင်းသည်။

ခြုံပြီးပြောရပါလျှင် ရန်ကုန်မှ ကန့်ဘလူ ခရီးစဉ်ကို ကျေနပ်သည်။ ကန့်ဘလူမှ ရွှေဘိုခရီးစဉ်ကို ကျေနပ် သည်။ နောက်ပြီး ရွှေဘိုမှ မန္တလေးခရီးစဉ်ကို ကျေနပ်သည်။ တစ်ခါ မန္တလေးမှ ရန်ကုန် ခရီးစဉ်ကိုလည်း ကျေနပ်ရပါသည်။ 



ကန့်ဘလူမြို့ ၏ ကျက်သရေဆောင် မဟာရွှေစည်ကြီး စေတီတော်။ ဓာတ်င်္ပု - ဖိုးတာ (ဒီဇင်ဘာ ၉ ရက် ၂၀၁၂)


  


စင်ကာပူနိုင်ငံရောက်မြန်မာများမှ လှူဒါန်းငွေများကို ရွှေသိမ်တော်ဆရာတော်ထံ ပေးအပ်ပူဇော်ခဲ့သည်။
(ဒီဇင်ဘာ ၉ ရက် ၂၀၁၂)

စင်ကာပူကနေ မြန်မာပြည်သို့ မပြန်ခင်ကလေးမှာ စင်ကာပူမှာအလုပ်လုပ်နေသော ကိုကြည်ရွှင်က ကန့်ဘလူ မြို့  ရှိ ပရဟိတ မြွေဆိပ်ဖြေဆေးအဖွဲ့အတွက် သူကောက်ခံထားသည့် အလှူငွေများကို ရွှေသိမ်တော်ကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တမာဃိန္ဒထံ အလှူရှင်များကိုယ်စား စာရေးသူမှ ပေး အပ်လှူဒန်းပေးနိုင်မလားလို့ မေး သဖြင့် မိမိက ပြုလုပ်ပေးနိုင်ကြောင်း ပြောလိုက်ပါသည်။ သို့နှင့် မိမိ မြန်မာပြည်သို့ပို့သည့်ငွေများနှင့်အတူ ကြို ပြီးရန်ကုန်ကို ငွေလွှဲထားရသည်။

ရန်ကုန်မှ ကန့်ဘလူကိုသွားသောအခါ မိမိတို့နှင့်တပါတည်းယူသွားလျက် ရောက်သည့်နေ့ နံနက်မှာပင် ပရဟိ တမြွေဆိပ်ဖြေဆေးအဖွဲ့ဝင်များ၏ စီစဉ်ပေးမှုဖြင့် စင်ကာပူရောက်ရွှေမြန်မာလူငယ်လေးများက စေတနာ သဒ္ဒါ တရား ထက်သန်စွာ ထည့်ဝင်လှူဒါန်းကြသည့် အလှူ ငွေ ၁၀၈၂၀၂၅ (ဆယ်သိန်း ရှစ်သောင်း နှစ်ထောင့် နှစ် ဆယ့်ငါး) ကျပ်ကို စာရေးသူမှ မြို့ နယ်သံဃာ့နာယက၊(ဒု)အကျိုးတော်ဆောင် ရွှေသိမ်တော်ကျောင်းတိုက် ဆ ရာတော် ဘဒ္ဒန္တမာဃိန္ဒထံ ပေးအပ်လှူဒန်းခဲ့ပါသည်။ 
    



ကန့်ဘလူမြို့ မှ အကြောအဆစ်လူနာများကို ကြည့်ရှုကုသပေးခဲ့




ယခုတစ်ခေါက် မိမိ၏မွေးဇာတိဖြစ်သော ကန့်ဘလူမြို့ သို့ရောက်သွားရင်း မိမိတတ်ကျွမ်းသည့်ပညာရပ်ဖြင့် အကြောအဆစ်ဝေဒနာရှင်လူများအား ကြည့်ရှုကုသပေးခွင့်များ ရရှိခဲ့သဖြင့် အလွန်ပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။






မူလက အစီအစဉ်မှာ ဆရာတော်ထံ လှူဒါန်းငွေများကပ်လှူရင်း လေဖြတ်လူနာ ၃ ဦး ၄ ဦးခန့်ကို ဘုန်းကြီး ကျောင်းတွင် ကြည့်ရှုစမ်းသပ်ပြီး လေ့ကျင့်ကုသပေးရန် ဖြစ်သည်။ မိမိသည် ကန့်ဘလူမြို့ တွင် တစ်နေ့နှင့် တစ်ညသာနေရန် စီစဉ်ထားခဲ့ပါသည်။

သို့သော် လူနာစကြည့်သည့် ပထမနေ့တစ်ဝက်မှာပင် လူနာအရေအတွက်က ၂၃ ဦးအထိ ရှိသွားသည့်အပြင် နောက်နေ့မှာ လာရောက်ပြသ ကုသမှုယူလိုသည့် လူနာများရှိနေသေးကြောင်း သိရှိရသဖြင့် ကန့်ဘလူ မှာ နောက်တစ်ရက် ထပ်ပြီးနေဖြစ်သွားခဲ့ပါသည်။

ဒုတိယရက်မှာ လာရောက်ပြသသည့် လူနာအရေအတွက်မှာ ၅၉ ဦးရှိလေသည်။ 





မိမိထံ လာရောက်ပြသကြသည့် လူနာအများစုမှာ လေဖြတ်လူနာများ ဖြစ်ကြလေသည်။ လာပြကြသည့် လူနာ စုစုပေါင်း(၈၂ ဦး)၏ ထက်ဝက်ခန့် ရှိမည်ထင်၏။ ကန့်ဘလူမြို့ တွင်သာမဟုတ်မူပဲ မြန်မာတစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ပင် လေဖြတ်သူ အလွန်များကြောင်းနှင့် ယခင်ကလို အသက်အရွယ်ကြီးသူများအပြင် အသက် သုံး လေးဆယ် အရွယ်များပင် ဖြစ်လာကြပြီဖြစ်ကြောင်းကို လွန်ခဲ့သော လေး ငါးနှစ်ကတည်းက စိတ်မကောင်းစွာ ကြားသိခဲ့ရပါသည်။       

လေဖြတ်သူတွေ များလာရတာနှင့်ပတ်သက်ပြီး လူတွေက ပြောကြသည်မှာ …

မလေးရှားက ဆီအုန်းတွေကြောင့်ပါတဲ့
အစားအစာတွေကို အရောင်ဆိုးကြလို့ပါတဲ့
တရုတ်နိုင်ငံကလာသော ကျန်းမာရေးနှင့် မညီညွတ်သော ရက်လွန်သော အစားအစာတွေ စားကြလို့ပါတဲ့။ 





မိမိထံ လာရောက်ပြသကြသူတွေအထဲမှာ ဒုတိယအများဆုံးကတော့ ဒူးနာသူများနှင့်ခါးနာကြသူများ ဖြစ်ကြပါ သည်။ ဒူးနာလူနာများသည် အသက်အရွယ်ကြီးသူများဖြစ်ကြရာ ကိုယ်အလေးချိန်များခြင်း (၀ခြင်း) နှင့် အ သက် ကြီးလာခြင်းတို့ကြောင့် အဖြစ်များလေသည်။ အသက်ကြီးသူအချို့  ခံစားရတတ်သည့် ပခုံးဆစ်ကပ်လူ နာ (frozen shoulder) များလည်း ပါရှိလေသည်။

အခြားသောလူနာ သုံး လေးဦး၏ ရောဂါဝေဒနာများသည် မိမိ၏အတတ်ပညာနှင့် တိုက်ရိုက်မသက်ဆိုင် သ ဖြင့် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် ပြသကြရန် ရှင်းပြအကြံပေးခဲ့ရသည်။ 






တကယ်က ယခုလောက်လူနာအရေအတွက်ကို မိမိတစ်ဦးတည်း ကြည့်ရှုစမ်းသပ်ပြီး ကုသပေးရန်မှာ အဆင် မပြေပါချေ။ အခြားသောသူများ၏ ကူညီပံ့ပိုးပေးမှုကြောင့်သာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ ဆရာတော် ကြီး၏ ဦးစီးဦးဆောင်ပေးမှု၊ ပရဟိတမြွေဆိပ်ဖြေဆေးအဖွဲ့ဝင်များ၏ ကြီးကြပ်စီစဉ်ပေးမှုနှင့် ကန့်ဘလူဆေးရုံ ကြီးမှ အကြောအဆစ်ကုပညာရှင် ဒေါ်မိုးမိုးအေး၏ လုပ်အားပေးကူညီမှုများ ကြောင့်သာ အားလုံးချောချော မောမော ဖြစ်ရလေသည်။


ပရဟိတမြွေဆိပ်ဖြေဆေးအဖွဲ့မှ အမှုဆောင်လူကြီးများသည် လူနာများ၏စာရင်းများကောက်ယူခြင်း၊ လူနာ 

များကို အဖွဲ့မှကားဖြင့် သယ်ယူပို့ဆောင်ပေးခြင်း၊ ဘုန်းကြီးကျောင်းတွင် နေရာတကျ စီစဉ်ပေးခြင်း၊ မသန် 

စွမ်းလူနာများအား ကိုယ်တိုင်ကိုယ်ကျ ဖေးမကူညီပေးခြင်း၊ မိမိနှင့်မိသားစုအား ကျွေးမွေးဧည့်ခံခြင်း အစရှိ 

သည့် လုပ်ငန်းဆောင်တာအရပ်ရပ်တို့ကို လိုလေသေးမရှိရလေအောင် လုပ်ကိုင်ပေးခဲ့ကြပါသည်။ အထူး

ကျေးဇူးတင်ရှိရပါ၏။    

နောက်တစ်ဦး ကျေးဇူးတင်ရမည့်သူမှာ ကန့်ဘလူမြို့  ကုတင် ၁၀၀ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး

ဒေါက်တာဦးမိုးမြင့်ဝင်း ဖြစ်သည်။ ဒေါက်တာဦးမိုးမြင့်ဝင်းက တနင်္ဂနွေနေ့ နေ့တစ်ဝက်နှင့် တနင်္လာနေ့ 

တစ်နေ့လုံးကို ဒေါ်မိုးမိုးအေးအား မိမိ၏ကုသမှုလုပ်ငန်းများတွင် ပါဝင်ကူညီဆာင်ရွက်ရန် ခွင့်ပြုပေးခဲ့ပါ သည်။   













Thursday, November 29, 2012

လပ်ကီးကလေး ဆုံးသွားရှာပြီ



ယခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က စာရေးသူ၏အိမ်မှာ ရိုက်ထားသည့်ပုံ။


ဒီကနေ့ညနေ ၃ နာရီခန့်က အလုပ်မှာရှိနေတုန်း အိမ်ရှင်မထံက ဖုန်းဝင်လာခဲ့သည်။

မိမိက ဖုန်းကိုင်လိုက်သောအခါ တစ်ဖက်မှ အိမ်ရှင်မ၏အသံသည် ငိုသံဖြင့် တစ်ဆို့နေပြီး နှုတ်က မည်သည့် စကားမျှ ထွက်၍မလာခဲ့ပေ။ ဘေးမှာရှိနေသည့် သားက သူ့အမေထံမှ ဖုန်းကိုယူပြီး အကျိုးအကြောင်းပြော သဖြင့် လပ်ကီးကလး ဆုံးသွားပြီဆိုသည်ကို မျှော်လင့်ထားသည့်အတိုင်း ကြားသိလိုက်ရ၏။  

လပ်ကီးဆိုသော ဂျက်ရပ်ဆဲတယ်ရီယာ(Jack Russell Terrier) အမျိုးအစား ခွေးကလေးသည် ရှေးဘ ၀က ရေစက်ကြောင့်ဖြစ်ပါမည်။ မိမိတို့ မိသားစုနှင့် ၁၅ နှစ်ကျော် ၁၆ နှစ်နီးပါး အတူရှိနေခဲ့သည်။ သူ၏ မွေး ဖွားရာဌာနေဖြစ်သော သြစတေးလျနိုင်ငံမှ အသက် ၃ လ သားအရွယ်မှာ စင်ကာပူသို့ရောက်လာခဲ့ပြီး ၈ လ သား အရွယ်တွင် သူ၏ပထမပိုင်ရှင်ထံမှ စာရေးသူတို့အိမ်သို့ ရောက်လာခဲ့တော့၏။ 

သူ့အမည် ‘လပ်ကီး’(Lucky)သည် သူ၏ပထမပိုင်ရှင်ဖြစ်သော စင်ကာပူလူမျိုး လူငယ်လင်မယားက ပေး ထားသည့် အမည်ဖြစ်သည်။ မိမိတို့က ထိုအမည်ကိုပင် နှစ်ခြိုက်သဖြင့် သူ့ကို လပ်ကီးလို့ပင် ဆက်ပြီးခေါ်ခဲ့ ပါသည်။

မိမိတို့အိမ်တွင် သူ အကြာကြီးနေသွားခဲ့ပြီးမှ ယခုတော့ မိမိတို့ထံက သူ အပြီးအပိုင် ထွက်သွားခဲ့ချေပြီ။ 

မခေါ်ပဲနှင့် လာ၊ မနှင်ပဲနှင့် ပြန်သွားခြင်းပေပဲလား။

 


ယခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က စာရေးသူ၏အိမ်မှာ ရိုက်ထားသည့်ပုံ။

 

သူ သေသွားသောအခါ မိမိတို့ မိသားတစ်စုလုံး ၀မ်နည်းပူဆွေးဖြစ်ကြရသည်။ အားလုံးထဲမှာ သမီးက စိတ် အထိခိုက်ဆုံး ဖြစ်ရလေသည်။ သူ အိမ်ကို စပြီးရောက်လာကတည်းက သမီးနှင့်အတူ နေခဲ့သည်။ သမီးလေး အိမ်ထာင်ပြုသွားပြီး သူတို့အိမ်နှင့်သူ သီးခြားခွဲနသောအခါ သူက စာရေးသူတို့အိမ်မှ သမီးနှင့်အတူ အိုး သစ်အိမ်သစ်သို့ ကောက်ကောက်ပါအောင် လိုက်ပါသွားလေသည်။

သို့သော် သမီးတို့၏အိမ်မှာ မိမိတို့အိမ်နှင့် မဝေးလှသဖြင့် သမီးနှင့်လပ်ကီးတို့ လမ်းလျှောက်ရင်း မိမိတို့ထံ မ ကြာမကြာ ရာက်လာတတ်ကြသည်။ လမ်းလျှောက်လာရသည်မှာ အိမ်ထဲ၌ တနေ့လုံး ကုပ်နေရသည့် လပ် ကီးကလေးအား ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းရစေလို၍ တစ်ကြောင်း၊ ခွေးကို တက္ကစီတို့ လိုင်းဘတ်စ် ကားတို့ဖြင့် တင်ပြီးခရီးသွားရန် အဆင်မပြေ၍ တစ်ကြောင်း ဖြစ်ရလေသည်။ လပ်ကီးကိုယ်တိုင်ကလည်း အိမ်ထဲမှ အပြင်သို့ထွက်ပြီး လမ်ျးှာက်ရလျှင် ပျော်မဆုံး မော်မဆုံးလေတော့။

စာရေးသူတို့အိမ်ကို ရောက်လာသောအခါ မိမိတို့နှစ်ဦးနှင့်သားတို့အား ပြန်တွေ့ရသဖြင့် သူက ပျော်လေ့ရှိ သည်။ အိမ်မှာ လူစုံတက်စုံမတွေ့ရက ကျန်သောသူများကို သူ့မျက်လုံးလေးများဖြင့် ဝှေ့ရမ်း ရှာတတ်သည်။

တစ်ခါတစ်ရံ သမီးသည် သူတစ်ဦးတည်းဖြစ်စေ သူ့ခင်ပွန်းနှင့်ဖြစ်စေ အပြင်သွားစရာကိစ္စရှိက လပ်ကီးကို စာရေးသူတို့အိမ်သို့ လာပို့ထားတတ်သည်။ ညနေမှာအချိန်တန်၍ သမီး ပြန်ရာက်မလာသေးပါက လပ်ကီး ခမျာ လည်ပင်းတံတောင်ရှည်အောင် မျှော်ရှာပါလေပြီ။ ထိုင်ချလိုက် ထသွားလိုက် ပြန်ထိုင်လိုက်ဖြင့် ဂနာမ ငြိမ်လတော့။ ပြန်မရောက်တာ ကြာလေ တံခါးအနား သွား သွားကြည့်ကာ သူ့မှာ ဆောက်တည်ရာမရ ဖြစ် ရလေပင်။ သူ့မျက်နှာတွင် သမီးကို စောင့်မျှော်တာထက် စိုးရိမ်သောကဖြစ်လာသည့်လက္ခဏာများ ပေါ်လွင် လာတာ့သည်။

အော် .. လပ်ကီးခမျာ လူများကဲ့သို့ မျှော်တတ်သလို ပူလည်းပူတတ်ပါတကား။

မျှော်လည်းမျှော် စိတ်လည်းပူလာရပြီဆိုပါက လပ်ကီးသည် ထသွားထလာ လုံးဝမလုပ်တော့ပဲ တံခါးဝအနား မှာ တံခါးဖက်ကို မျက်နှာတူရူမူလျက် စာရေးသူတို့ဖက်ကို ဖင်ပေးထားကာ အပြီးထိုင်စောင့်နေချသေးတော့။ သမီး ပန်ရာက်လာလို့ကတော့ ပူပင်သောကတွေပျောက်ပြီး သူ့ခမျာ ပျော်လိုက်ရသည့်ဖြစ်ခြင်း။ 

သူ့အဖြစ်ကို ဘေးမှကြည့်ကာ မိမိတို့မှာ သနားမိကြပါသည်။  

 

လပ်ကီးလေးက မိသားစုနှင့်အတူ တယ်လီဗီးရှင်းလည်း ကြည့်တတ်သည်။ (သြုတ် ၂၀၁၁)

 

၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်2 December 2012 (Sunday) တွင် ဆက်ရေးပါသည်။

ပြင်သစ်လူမျိုး စာရေးဆရာကြီး ‘မီလန် ကွန်ဒဲရား’ က -

“ခွေးများသည် ကျွန်တော်တို့အား နိဗ္ဗာန်နှင့် ပေါင်းကူးပေးထားသူများ ဖြစ်ကြသည်။ သူတို့တွင် မကောင်းမှု အကုသိုလ်များ မရှိကြ။ မနာလို ၀န်တိုတတ်သည့် မစ္ဆရိယစိတ်များ မရှိကြ။ မတင်းတိမ် မရောင့်ရဲခြင်းများ မ ရှိကြ။ အလွန်လှပသည့် ညနေခင်းလေးမှာ ခွေးကလေးတစ်ကောင်နှင့်အတူ တောင်ခါးပန်းမှာ ထိုင်နေလိုက်ရ ရင် အေဒင်ဥယျာဉ်ကြီးထဲသို့ ပြန်ရောက်သွားသလို ပျင်းရိငြီးငွေ့ခြင်းကင်းသော ငြိမ်းအေးချမ်းမြေ့ မှုကို ခံစား ရမည်” ဟု ရေးခဲ့ဖူးပါသည်။

ထိုစကားမှန်သည်ဟု မိမိ ယုံကြည်ပါသည်။

လပ်ကီးလေးက မိမိတို့အား -

သန့်စင်သော ချစ်ခြင်းမေတ္တာကို သင်ပြပေးခဲ့ပါသည်။ 

ဂရုဏာထား စာနာတတ်ရန် သင်ပြပေးခဲ့ပါသည်။

သည်းညင်းခံပြီး ကြင်နာ သနားတတ်ရန် သင်ပြပေးခဲ့ပါသည်။ 

သည့်အပြင် သူ ဘ၀၏နောက်ဆုံး လပိုင်း ရက်ပိုင်းများ၌ ‘ဇရာပိ ဒုက္ခာ’၏သဘောကို ပျက် ပျက်ထင်ထင် ပြ သွားခဲ့ပါသေးသည်။ 

ဂျက်ရပ်ဆဲတယ်ရီယာ’တို့၏ သက်တမ်းသည် ပျမ်းမျှ အားဖြင့် ၁၂ နှစ်မှ ၁၅ နှစ်အထိသာ ရှိတတ်ကြလေရာ လပ်ကီးသည် မိမိတို့ အပြုစုကောင်းသဖြင့် သူ့ဘ၀ကို ၁၆ နှစ်ကျော်ခန့် နေသွားခဲ့သဖြင့် ဇရာ၏လက္ခဏာများ ကို ကြုံတွ့ရင်ဆိုင် ခံစားသွားရလေသည်။

လွန်ခဲ့သည့် ၃ နှစ်လောက်က သူ၏ သွားများကြဲလာပြီး နား တွဲ့လာခဲ့သည်။ လွန်ခဲ့သည့် ၁ နှစ်ခွဲလောက်ကမူ သူ၏မျက်စေ့အမြင်စွမ်းအားကျဆင်းလာခဲ့သည်။ ယခုနှစ်လည်ပိုင်းမှစပြီး ကြွက်သားများ အားအင်ဆုတ်ယုတ် မှု သိသိသာသာကြီး ရှိလာခဲ့သည်။ သူ ခုန်တက်နေကြဖြစ်သည့် ဧည့်ခန်းက ဆိုဖာအပေါ်သို့ ယခင်ကလို စွေ့ ကနဲ မခုန်တက်နိုင်လေတော့။ လှေကားကိုလည်း ယခင်ကလို သူ့ဖာသာ မတက်နိုင်တော့သဖြင့် ချီတင်ပေးရ သည်။ လှေခါးကို သူ့ဖာသာ ဆင်းနိုင်သေးသည်ဟု ဆိုနိုင်သော်လည်း အမှန်တကယ်မူ အိနြေ္ဒရရလေး မဆင်း နိုင်လေတာ့။ မြေဆွဲအား၏ဆွဲချမှုကြောင့် သူ့ကိုယ်ကို မထိန်းနိုင်ရှာပဲ လှေကားထစ်များပေါ်က ဒရောသော ပါး လှိမ့်ပြေးဆင်းသဖြင့် သူ့အဖြစ်ကိုကြည့်ကာ မိမိတို့က သနားလည်းသနား ရယ်လည်းရယ်မိကြသေး၏။ 


မဆုံးခင် ၂ ပတ်ကျော်လောက်က ဖျာပေါ်မှာဝပ်ရင်း မှိန်းနေခဲ့သည့် လပ်ကီးလေး။ (နိုဝင်ဘာ ၁၁ ရက်၊ ၂၀၁၂)



ရယ်မိသာ ရယ်မိကြသည်။ တကယ်မှာ သူ့အဖြစ်က သနားဖို့ ပိုလို့ကာင်းပါလေ၏။ ဇရာက တနေ့တခား ဖိ စီးလာသဖြင့် အားမတန်၍ မာန်လျှော့ရရှာသည့်အဖြစ်။ တကယ်တမ်း မလုပ်နိုင် မကိုင်နိုင်ဖြစ်လာသောအခါ ဘာများ တတ်နိုင်ပါဦးမည်နည်း။

ပြီးခဲ့သောနှစ်က လပ်ကီး ကျန်းမာရေးမကောင်းသဖြင့် သူ့တစ်သက်မှာ ပထမဆုံးအကြိမ် ဆေးခန်းသို့ သွား လိုက်ရသည်။ ဘာရယ်လို့တော့မဟုတ်၊ မိုးဆက်တိုက်အေးသောကြောင့် ချောင်းကလေး တဟွတ်ဟွတ်ဖြစ်၍ သမီးက သွားပြပေးခင်းဖစ်သည်။ ယခင်ကမူ တစ်ကြိမ်တစ်ခါမှ ဆေးခန်းသို့ မပြခဲ့ဘူးပါချေ။ ဆရာဝန်မက အဆုတ်နှင့်နှစ်လုံးတို့ကို ဓာတ်မှန်ရိုက် စစ်ဆေးသည်။ ဆီးနှင့်သွေး စစ်သည်။ 

အဆုတ်ထဲ ရေ၀င်ခြင်းနှင့် နှလုံးကြီးခြင်း စသည့်အဖြေ ၂ ခု ရခဲ့သည်။ တစ်ခြား ဘာဆိုဘာမှ မဖြစ်ဟု ဆရာ ၀န်မက ပြောပါသည်။ လပ်ကီးသောက်ရန် ဆေးများပေးလိုက်၏။

နောက်တစ်ခု ဆရာဝန်မက မှာလိုက်သေးသည်မှာ လပ်ကီးသည် သက်တမ်းပြည့်နေပြီဖြစ်သ ဖြင့် သူ၏လက် ရှိနှလုံးကျန်းမာရေးအရ နောက်ထပ် ၃ လ သို့မဟုတ် အများဆုံး ၆ လ ခန့်သာ နေရတော့မည်ဟူ၍ ဖြစ်လေ သည်။    

သို့တစေ လပ်ကီးကလေးက သေမင်းကို အံတုလျက် နောက်ထပ် တစ်နှစ်ကျော်ခန့် နေသွားလေသည်။ 

ဆုံးမည့်နေ့ မနက်ကလည်း သမီးနှင့်လပ်ကီးတို့  အခါတိုင်းလိုပင် လမ်းထွက်လျှောက်ကြသေး၏။ သို့သော် လပ်ကီးခမျာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါချေ။ နည်းနည်းလေးလျှာက်ပြီးတိုင်း အကြာကြီး နားလသည်။ နားနေရင်းဖြင့် သမီးကို တွေတွေလေးမော့ကြည့်ရှာသည်။ “လပ်ကီး လျှောက် .. လျှောက်” ဆိုတော့ သူက ထုံးစံအတိုင်း ဖင်ကလေး လှုပ်တုပ်လှုပ်တုပ်ဖြင့် ဖြည်းဖြည်းလေး ဆက်လျှောက်ပြန်ပါသည် တဲ့။  

သို့နှင့် အိမ်သို့ပြန်လာခဲ့ကြ၏။

ခဏနားပြီးသောအခါ သမီးက လပ်ကီးလေးကို ရေမိုးချိုး ကိုယ်လက်သန့်စင်ပေးပါသည်။ ရေချိုးပြီးနောက် တဘက်ဖင့် ပွတ်တိုက်ပးကာ ဆံပင်ခြောက်စက်ဖြင့် မှုတ်ပေးလေသည်။ အားလုံးပြီးသည်နှင့် လပ်ကီးက အနားမယူသေးပဲ ဧည့်ခန်းထဲ၌ တလှုပ်တုပ်တုပ်ဖြင့် လမ်းလျှောက်နေပြန်ပါသည်။ ဒီအခါမှာ သမီးက ထူးခြား ချက်တစ်ချက်ကို သတိပြုမိ၏။ 

လမ်းနည်းနည်းလျှောက်လို့ပြီးတိုင်း လပ်ကီးက သူ့ခေါင်းလေးကိုမော့ လျက် လေရှူသွင်းလေသည်။ လေရှူ မ၀ ဖြစ်နေပုံရသည်။ 

 

လပ်ကီး၏ အရိုးပြာအိုး (အသက် ၁၆ နှစ် ၁ လ)။

 

၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်။ 5 December 2012(Wednesday) တွင်ဆက်ရေးပါသည်။

နေ့ခင်း ၁ နာရီလောက်တွင် လပ်ကီး၏လျှာမှာ ပြာညစ်ညစ်ဖြစ်ပြီး ပါးစပ်ကလည်း သွားရည်များ ကျနေသည် ကို တွေ့ရသဖြင့် သမီးသည် အတော်ကြီးစိတ်ပူသွားလျက် မိခင်ဖြစ်သူအား တယ်လီဖုန်းဖြင့်ဆက်ပြီး အထိပ် တလန့် ငိုယိုအကြောင်းကြားလေသည်။ အမေဖြစ်သူနှင့်သားတို့က သမီးထံ တက္ကစီနှင့် ကတိုက်ကရိုက်သွား ကြရသည်။ သမီးတို့အိမ်တံခါးဝရောက်သော အခါ အမေနှင့်သားတို့ကို တွေ့ရသဖြင့် လပ်ကီးကလး က နေ မကာင်းနေသည့်ကြားမှ ၀မ်းသာအားရ ထွက်ကြိုရှာပါသေးသည်။  

ဧည့်ခန်းရှိ ၂ ယောက်ထိုင်ဆိုဖာ၌ အမေကြီးထိုင်ချလိုက်ရာ လပ်ကီးက အမေကြီး၏ခြေထောက်အနားသို့ လာ ရပ်ရင်း အမေကြီးကို မော့ပြီးကြည့်နေဆဲ ရုတ်တရက် လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။ ဘေးတိုက်ကလေး လှဲနေရင်း အသက်ရှူပြင်းလာကာ ပါးစပ်ကလည်း အရည်များကျလာသဖြင့် အမေကြီးက သမီးထံမှတဘက် တထည်တောင်းပြီး ခေါင်းအောက်တွင် ခံထားပေး၏။

အသက်ပြင်းပြင်းရှူရင်း မြင့်တက်လိုက် ပြန်ကျသွားလိုက်ဖြစ်နေသော လပ်ကီး၏ရင်ပတ်ပေါ်၌ သားက သူ့ လက်ဖ၀ါးကို ညင်သာစွာ ပြန့်ပြန့်လေးတင်ထားလျက် “လပ်ကီး စိတ်အေးအေးထား.. စိတ်သက်တောင့်သက် သာရှိအာင်နေပါ” (Relax .. relax..)ဟု အားပေးနှစ်သိမ့်စကား ပြောပးနေသည်။ အမေကြီးသည် လပ် ကီး နောက်ဆုံးအချိန်သို့ ရောက်နေပြီဖြစ်မှန်း သတိပြုမိသဖင့် ဘုရားစာများ ရွတ်ပေးရင်း “လပ်ကီး သွားစ ရာရှိတာကို စိတ်အေးလက်အေးထားပြီး သွားပါကွယ်။ ဘာကိုမှ နောက်ဆံတင်းမနေနဲ့နော်..”ဟု မှာနေ၏။

သမီးကမူ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး ငိုယိုလျက် Jalan Jurong Kechil အရပ်ရှိ Vet Practice Pet Ltd ဆေးခန်းသို့ ဖုန်းဆက်ကာ လပ်ကီး၏အခြေအနေကိုပြောပြပြီး ယခုနေ့ခင်းအချိန်တွင် အရေးပေါ် လာလိုကြာင်းမးသောအခါ တိရ္ဆစာန်ဆေးကုခန်းမှ န့ခင်းထမင်းစားချိန်ဖစ်သော်လည်း “လာသာလာ ခဲ့ပါ” ဟု ပြောရှာပါသည်။

“လပ်ကီး သေတော့မှာလား အမေ”ဟုမေးရင်း သမီး၏ငိုသံကြီးက ပို၍ကျယ်သွားရာ လပ်ကီးက ကြားလိုက်မိ မည် ထင်ရပါသည်။ သူ့အမ ငိုနေသဖြင့် သားက "အမ ငိုမနေနဲ့။ လပ်ကီးကို စိတ်အေးအေးထားပြီး သွားတော့ လို့ လာပြော။' ဟု ပြောသဖြင့် သမီးက လပ်ကီးအနားကို တိုးသွားလျက် ပြောလိုက်သောအခါ လပ်ကီးလေး က သိသဖြင့်ဖြစ်ပါမည နောက်ဆုံးအသံတစ်ချက် ပြင်းပြင်းပြုပြီး ငြိမ်ကျသွားတော့သည်။

အမေကြီး သမီးနှင့်သားတို့က လပ်ကီး ဘ၀တစ်ပါးသို့ စိတ်ချလက်ချကြီး ကူးသွားပြီးဖြစ်ကြောင်း သိလိုက်ကြ သည်။