"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, April 27, 2015

စာရေးဆရာမာန်မြင့် ကွယ်လွန်ခြင်း (၅)နှစ်ပြည့်


၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်


22 hrs · 

စာရေးဆရာမာန်မြင့် ကွယ်လွန်ခြင်း (၅)နှစ်ပြည့်


ပုံ (၁) မြန်မာပြည်ကိုပြန်လည်တုန်း မန္တလေးကိုရောက်စဉ်က သူငယ်ချင်း ကိုခင်မောင်မြင့်နှင့်ဇနီးဒေါ်ချစ်ကြည်တို့က စာရေးသူတို့အား ဦးပိန်တံတားသို့သွားပို့ပေးခဲ့တယ်။ ပုံ (၂) သူ့လက်ရေးဖြင့် အမှတ်တရရေးပေးထားသော ဒုတိယအကြိမ်ထုတ် သူ့စာအုပ်။ ပုံ(၃) သူ့ဇနီး၊ ချွေးမတို့နှင်အတူ စင်ကာပူကို ပထမအကြိမ် လာလည်ခဲ့စဉ်က။



ယခုနှစ်မတ်လသည် မိမိ၏အရင်းနှီးဆုံး ငယ်သူငယ်ချင်းနှင့်ရေးဖော်ရေးဖက် စာရေးဆရာမာန်မြင့် ကွယ်    လွန်ခဲ့သော ၅ နှစ်မြောက်သည့်နှစ်ဖြစ်သည်။ 

သူ ကွယ်လွန်ခဲ့သော မတ်လကိုရောက်တိုင်း (၂၀၁၄ ခုနှစ်မှလွဲပြီး) သူ့အမှတ်တရစာလေးများကို မိမိ၏ ကျွန်းသာယာဘလော့တွင် အလွမ်းပြေရေးဖြစ်ခဲ့ပါသည်။


*****************

သူ ကွယ်လွန်ပြီး ၁ နှစ်ပြည့်ဖြစ်သော ၂၀၁၁ ခုနှစ်မတ်လက မိမိ ရေးခဲ့သည်များမှ အောက်ပါစာပိုဒ်လေး များကို ကောက်နှုတ်ဖော်ပြပါရစေ။

/// မင်းနဲ့ငါက မတွေ့လိုက်ကြနဲ့၊ တွေ့လိုက်တာနဲ့ စာအကြောင်းပေအကြောင်း ပြောလိုက်ကြတာ မမောနိုင် မပမ်းနိုင်ပဲလေ။ မင်းအိမ်နဲ့ ငါ့အိမ်ကလူတွေသာ နားပူကြရတာ မဟုတ်ဘူး၊ အိမ်နားနီး ချင်းတွေပါ ကြာ တော့ နားမခံနိုင်ကြတော့ဘူး။ " ဒီကောင်လေးနှစ်ကောင် စကားပြောပဲပြောနိုင်ကြ တယ်။ ညမှာလဲ ဟုတ်တိပတ်တိ မအိပ်ပဲ ဘာတွေပြောနေကြမှန်း မသိဘူး"တဲ့။ 

စာအုပ်ကောင်းတွေ ပေါပေါများများထွက်ပြီး သူ့ခေတ်သူ့အခါနဲ့ စာအုပ်ဈေးကလဲ သင့်နေသေးတာမို့ မင်းတို့ ငါတို့ ခေတ်ကောင်းမီတယ်လို့ ပြောရမလားပဲ။ စာအုပ်ကောင်းဆိုတဲ့နေရာမှာ မဂ္ဂဇင်းက ၀တ္တုတိုကောင်း တွေ ဖတ်ရတယ်။ ဆရာနတ်နွယ်ရဲ့  "မြန်မာပြည်မြောက်ပိုင်း"၊ ဆရာမောင်ထင် ရဲ့  "ငဘ"၊ တောင်တွင်းဦကို ကိုကြီး ဘာသာပြန်တဲ့ ရုရှာစာရေးဆရာမက္ကစင်ဂေါ်ကီရဲ့ ”အမေ”၊ ဆရာကျော်အောင် ဘာသာပြန်တဲ့ "တော ရိုင်းမြေ"၊ ဒသနအတွေးအခေါ်တွေနဲ့ ပတ်သက်လို့ တောင်တွင်းကြီးဆရာတော်ဦးဥက္ကဋ္ဌ၊ ဆရာဦးဆန်းထွန်း၊ ဆရာဦးဆန်းလွင်တို့ရဲ့စာတွေ၊ တော်လှန်စာပေနဲ့ပတ်သက်လို့က ဆရာနတ်နွယ်၊ ဆရာမင်းကျော်၊ ဆရာ မောင်နေ၀င်းနဲ့ ဆရာကျော်အောင်တို့ရဲ့စာတွေ။

မင်းနဲ့ငါက အဲဒီခေတ်က အခေါ်နဲ့ဆို "စာရူးပေရူး" ကောင်လေးတွေ။ မြန်မာဝတ္တုတို ၀တ္တုရှည်တွေ ဖတ်ကြ တယ်။ ဘာသာပြန်ဝတ္တုတိုရှည်တွေ ဖတ်တယ်။ နိုင်ငံရေးစာအုပ်တွေ ဖတ်ကြတယ်။ ဝေဖန်ရေးနဲ့ လေကန် ရေးတွေ ဘာလုပ်ကြသလဲ မမေးနဲ့။ ///


*****************

သူ ကွယ်လွန်ပြီး ၂ နှစ်ပြည့်ဖြစ်သော ၂၀၁၂ ခုနှစ်က မိမိ ရေးခဲ့သည်များမှ အောက်ပါစာပိုဒ်လေးများကို ကောက်နှုတ်ဖော်ပြပါရစေ။

/// ၁၉၇၀ ပြည်နှစ်များမှာ မိုးဝေမဂ္ဂဇင်းမှာဆက်တိုက်ဖော်ပြခဲ့တဲ့ မာန်မြင့်ရဲ့ သရော်စာဝတ္တုတိုများဟာ ထို စဉ်က တိုးတက်ထက်မြက်သည့်အတွေးအခေါ်ရှိသော လူငယ်စာဖတ်ပရိသတ်များအကြားတွင် ရေပန်း စားခဲ့ပါတယ်။ 

တစ်ဖက်ကလည်း မြန်မာစာပေသမိုင်းမှာ ‘မိုးဝေမဂ္ဂဇင်းခေတ်’ ရယ်လို့ သမုတ်ပြီးပြောရလောက်အောင်ကို မိုးဝေမဂ္ဂဇင်းရဲ့ သြဇာတက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပြန်ပါတယ်။ မိုးဝေမဂ္ဂဇင်းကို တည်ထောင်ခဲ့ပြီး အယ်ဒီတာချုပ်တာဝန်ယူထားတဲ့ ဆရာနတ်နွယ် (လူငယ်ကဗျာဆရာများနဲ့စာရေးဆရာများကတော့ သူ့ကို ‘ဆရာနတ်’ လို့ပဲ ချစ်စနိုး ခေါ်ကြတာပါ) သည် သူ့ရေးဖော်များဖြစ်ကြတဲ့ ဆရာမင်းကျော်၊ ဆရာမောင်နေ ၀င်း၊ ဆရာကျော်အောင်စတဲ့ ‘တော်လှန်စာပေ’စာရေးဆရာများနဲ့ ကလောင်လက်ညီညီရေးနေချိန်လည်း ဖြစ်ပါတယ်။

မိမိမှတ်မိသ၍ မိုးဝေမဂ္ဂဇင်းဟာ ၁၉၇၀ခုနဲ့ ၁၉၈၀ ခုနှစ်တွေကြားမှာ ကဗျာဆရာများစွာနဲ့ လူငယ်စာရေး ဆရာကလောင်သစ်အမြောက်အများကို စင်တင်မွေးထုတ်ပေးခဲ့တဲ့အထဲမှာ မာန်မြင့်လည်း တစ်ဦးအပါ အ၀င်ဖြစ်ခဲ့ပါတယ်။ 

မာန်မြင့်ရဲ့ ဝတ္တုတိုလေးတွေကိုဖတ်ပြီး ရယ်ရတယ်ဆိုတာက စာဖတ်တဲ့သူတွေကို မရယ်ရယ်ရအောင် တမင် ’မဟားတရား’ ကလိထိုးပြီး ရယ်ခိုင်းတာမျိုး မဟုတ်ပါဘူး။ အဲဒီစာအရေးအသားက စာပေအဆင့်ရှိ တဲ့သရော်စာမျိုးမဟုတ်ပါဘူး။ ရယ်ရအောင်သက်သက်ရေးတဲ့ ရယ်စရာဟာသစာမျိုးပဲဖြစ်တယ်။ မာန်မြင့်ရဲ့  ၀တ္တုတိုလေးတွေမှာ တွေ့ရတာက အဲဒီခေတ်အဲဒီအချိန်က လူတွေရဲ့  ဖြစ်ပျက်နေတဲ့ တကယ့်သဘောသ ဘာဝများကို အရှိအတိုင်း အရင်းအတိုင်း ရိုးရိုးရှင်းရှင်းချပြထားတာပဲဖြစ်ပြီး ယင်းသို့ ပြုမူဖြစ်ပျက်နေကြ တာကိုက မြင်ကြရ တွေ့ကြရသူများအဖို့ သူတို့ကိုယ်နဲ့နှိုင်း စာပြီး ‘ဟင့်’ကနဲ့ ‘ခစ်’ကနဲ လွှတ်ကနဲ ရယ်မိသွား တာမျိုး ဒါမှမဟုတ် နောက်မှတစိမ့်စိမ့်တွေးမိပြီး တသိမ့်သိမ့်ရယ်မိရတာမျိုးပါ။ 

သူကွယ်လွန်သွားခဲ့ပေမယ့် သူ့စာဖတ်ပရိသတ်များကတော့ မြန်မာပြည်မှာလုပ်သည်၊ ခြင်ထောင်၊ နိုင်ငံခြား ပြန်၊ ဆေးလိပ်သမလေး အစရှိတဲ့ သူ့ဝတ္တုတိုတွေထဲမှ ရိတိတိ ထေ့တေ့တေ့ သရော်တော်တော် အရေးအ သားလေးများကို စွဲလမ်းအမှတ်တရ ရှိနေကြဦးမှာပါ။ ///


*****************

သူ ကွယ်လွန်ပြီး ၃ နှစ်ပြည့်ဖြစ်သော ၂၀၁၃ ခုနှစ်က မိမိ ရေးခဲ့သည်များမှ အောက်ပါစာပိုဒ်လေးများကို ကောက်နှုတ်ဖော်ပြပါရစေ။

/// ဒီနေ့ကို ကောင်းကောင်းမှတ်မိနေသည်။ 

တိတိကျကျပြောရလျင် ၂၀၁၀ ခုနှစ် မတ်လ ၂၁ ရက်။ 

ထိုနေ့တွင် မိမိနှင့်အရင်းနှီးဆုံး ငယ်သူငယ်ချင်းဖြစ်သူ ကိုခင်မောင်မြင့် စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် ဆေးရုံကြီး (National University Hospital - NUH) မှာ ကွယ်လွန်သွားခဲ့သည်။

သူ ကွယ်လွန်ချိန်မှာ မိမိနှင့်မိမိ၏ဇနီးဖြစ်သူတို့ နှစ်ဦးစလုံး သူ့အနားမှာ ရှိနေခဲ့ကြ၏။ သူ၏နောက်ဆုံး ထွက် သက်အား ရင်နာစွာ ခံစားသိမြင်လိုက်ကြရသည်။ 

သိတတ်ပြီး လိမ်မာရေးခြားရှိလှသည့် သားနှစ်ယောက်၏ ပြုစုစောင့်ရှောက်မှုများကို သူ၏ဇနီးဖြစ်သူနှင့် အတူ အေးချမ်းပျော်ရွှင်စွာခံစားရင်း တစ်ချိန်က ရုန်းကန်လှုပ်ရှားခဲ့ကြရသည့် ဘ၀အမောများကို မေ့ပျောက် နိုင်ချိန်တွင် သူ့ကို ယခုထက်ပိုပြီး အသက်ရှင်ရှိနေစေချင်သေးသည်။ 

မိမိကိုယ်တိုင်ကလည်း သူငယ်ချင်းင်္ကြီးကိုကြည့်ပြီး သူ့အတွက် ၀မ်းသာကြည်နူးချင်ပါသေးသည်။ 

ငယ်ငယ်တုန်းကလို စကားတွေအများကြီး ပြောချင်ပါသေးသည်။ 

ယခုတော့ သူမရှိတော့လေပြီ။ 

မိမိ၏ရှေ့ မှ သွားနှင့်သည်မှာ သုံးနှစ်ကြီးပင် ရှိခဲ့ချေပြီ။ 

သို့တစေ မိမိက သူ့အား အမှတ်တရရှိနေဆဲ။ NUH သို့ ရောက်လေတိုင်း သူငယ်ချင်းအား သတိမရမိသည့်အခါဟု မရှိလေခဲ့။ 

မနေ့က မြန်မာ့အလင်းသတင်းစာမှာ မာန်မြင့်၏ဇနီး ဒေါ်ချစ်ကြည်မြင့်ထည့်ထားသော "(၃) နှစ်ပြည့် လွမ်း ဆွတ်သတိရခြင်း" ကို ဖတ်လိုက်ရသည်။ 


စာရေးဆရာမာန်မြင့်ကိုရည်စူးပြီး သူ့မိသားစု (မိခင်ကြီး၊ ဇနီးနှင့်သား ၂ ယောက်) တို့က နှစ်စဉ်နှစ်တိုင်း အလှူအတန်းနှင့်ကောင်းမှု ကုသိုလ်များပြုလုပ်ပေးကြသည်။



တောင်မြို့  မဟာဂန္ဓာရုံပရိယတ္တိစာသင်တိုက်တွင် စာသင်သားသံဃာတော်အပါး ၁၀၀၀ ကျော်တို့ အား ဆွမ်းလောင်းကပ်လှူကြောင်းနှင့် ငွေပဒေသာပင်ကိုလည်း စိုက်ထူခဲ့ကြောင်း၊

သူ့ကိုရည်စူးပြီး သူ၏မိသားစုမှပြုလုပ်သော အလှူဒါနနှင့်ကောင်းမှုကုသိုလ်များကို လှိုက်လှဲစွာသာဓုခေါ် လျက် ၀မ်းမြောက်ဝမ်းသာဖြစ်ရသည်။ ///

သူငယ်ချင်း ကောင်းရာသုဂတိသို့ရောက်ပါစေဟု ဆုမွန်ကောင်းတောင်းလျက်။














Saturday, April 25, 2015

ကလေးငယ်များ အမူအရာအတုခိုးလုပ်ပြခြင်း


၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်



 mins ·

ကလေးငယ်များ အမူအရာအတုခိုးလုပ်ပြခြင်း 

ရိုးသားပြီးအပြစ်ကင်းစင်သောကလေးငယ်များ ဘာလုပ်လုပ် ဘာတွေလုပ်ပြပြ လူကြီးများအဖို့ ချစ်စရာကောင်းတတ်ကြပါသည်။

တစ်နေ့မှာ အဖွားဖြစ်သူက မြေးကလေးအားချီထားရင်း “မေမေက စိတ်ဆိုးရင် ဘယ်လိုလုပ်သလဲ၊ ဘိုးဘိုးကို လုပ်ပြလိုက်“ ဟု ခိုင်းသောအခါ သူ့နှုတ်ခမ်း ၂ ခုအား စူပြပါသည်။ 


နှုတ်ခမ်းထူထူ စူစူပုတ်လို့ ..



တစ်ခါ အဖွားဖြစ်သူက “ဖေဖေကရော ပါးကို ဘယ်လိုရွဲ့ သလဲ၊ ဘိုးဘိုးကို လုပ်ပြပါဦး“ ဟု ပြောသော အခါ သူ့ပါးစောင်တစ်ဖက်ကို ရွဲ့ ပြလေသည်။


မျက်လုံးလေးမှေး ပါးကလေးရွဲ့ ကာ ..



နောက်တစ်ခါ အဖွားဖြစ်သူက “မြတ်နိုးလေးကရော ဘယ်လိုလှလှလေးပြုံးသလဲ လုပ်ပြပါဦး“ ဟု ပြောသောအခါ သူ့နှုတ်ခမ်းလေးများကိုစုကာ မခို့တရို့ ပြုံးပြပါလေသည်။


လှလှလေးတဲ့ ပြုံးတတ်တယ်။



ပညာရှင်များအဆို

လူကြီးများ၏အမူအရာကို ကလေးငယ်များက အတုခိုးလုပ်ပြခြင်း (imitation of facial gestures) သည် သူ့ပတ်ဝန်းကျင်မှ လူအချို့ အား သူတို့အနေဖြင့် ခွဲခွဲခြားခြားသိရှိကြောင်း သက်သေပြခြင်း ဖြစ်သည်ဟုလည်းကောင်း၊ လူမှုဆက်ဆံရေးကို သင်ယူနေခြင်းဟုလည်းကောင်း ပညာရှင်များက ဆိုကြပါသည်။ ယင်းမှာ ကလေးဦးနှောက်၏ကြည့်ရှုမှတ်သားနိုင်မှုနှင့်ပြန်လည်ပြုလုပ်နိုင်စွမ်း (a neural mapping between observed and executed movements in human infants) ဟု ရှင်းပြခဲ့ကြ၏။




Precious WinChellMin KhaingShwe Moe Lay and 22 others like this.












စာကြည့်တိုက်ရယ် သုတေသနလုပ်ငန်းရယ်


၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်



18 hrs · 

စာကြည့်တိုက်ရယ် သုတေသနလုပ်ငန်းရယ်


ပုံ (၁) ဂုဏ်ထူးဆောင်အကြီးတန်းဝန်ကြီး မစ္စတာဂိုချောက်တောင် (၀န်ကြီးချုပ်ဟောင်း) သည် ဤသုတေသနဌာနကြီး၏ အကြံပေး ပုဂ္ဂိုလ်ဖြစ်သည်။ 

သူက “လူမှုဝန်ဆောင်မှုလုပ်ငန်းတွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ကွာဟ ချက်တွေနဲ့လိုအပ်နေတာတွေကို ဒီသုတေသနဌာအနေဖြင့် စနစ်တ ကျလေ့လာပြီး ဖြည့်ဆည်းပေးရမယ်။ ပြောင်းလဲမှုတွေကိုလဲပဲ အမြဲ တည်ထွင်ကြံဆဖန်တီးပြီး ပြုလုပ်ပေးနေရမယ်” ဟု အကြံပြုတိုက် တွန်းသွားခဲ့သည်။


စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore - NUS) ၀င်းထဲက Kent Ridge Guild House မှာ လူမှုဝန်ဆောင်ရေးဆိုင်ရာသုတေသနဌာန(Social Service Research Centre) ဖွင့်ပွဲရှိတာကြောင့် မရောက်တာကြာပြီဖြစ်တဲ့ အဲဒီတက္ကသိုလ်ကို ဒီကနေ့ ရောက်သွားခဲ့ပါတော့တယ်။ 

ဖွင့်ပွဲဆိုပေမယ့် သုတေသနနဲ့ပတ်သက်တဲ့ ဟောပြောပိုချမှုတွေပါလုပ်တာဖြစ်လို့ နံနက် ၉ နာရီကနေ ညနေ ၅ နာရီခွဲအထိ ထိုင်ပြီးနားထောင်ခဲ့ရတာ။ ဒါပေမယ့် လက်ဘက်ရည်၊ မုန့်၊ နေ့လည်စာ စသဖြင့် အကျွေးအမွေးကောင်းလို့သာ တော်ပေသေးတော့။ ကောင်းတာလဲ မပြောနဲ့လေ၊ အရင်က စင်ကာပူ နိုင်ငံဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ယခုအခါမှာ ဂုဏ်ထူးဆောင်အကြီးတန်းဝန်ကြီးတာဝန်ယူထားတဲ့ မစ္စတာ ဂိုချောက်တောင်ကိုယ်တိုင်လာပြီး မိန့်ခွန်းမြွက်ကြားဖွင့်လှစ်ပေးတဲ့အပြင် နိုင်ငံခြားမှ သုတေသန ပညာရှင်ကြီးများက လာရောက်ပို့ချကြတာကိုး။






အဲဒီမနက်က ဖွင့်ပွဲအသွားမှာ တက္ကသိုလ်ဗဟိုစာကြည့်တိုက်အနားကဖြတ်သွားတော့ စင်ကာပူကို မိမိရောက်ခါစက မကြာခဏရောက်ခဲ့တာကို သတိရမိတယ်။ မိမိ၏သုတေသနစာတမ်းများအတွက် ဒီစာကြည့်တိုက်မှာ စာအုပ်တွေငှားရင်း အချက်အလက်အကိုးအကားတွေ လာရှာခဲ့ရတာ။ ၂၀၀၇ က တောင်အာဖရိကနိုင်ငံ ကိတ်ပ်တောင်းမြို့ မှာ စာတမ်းဖတ်ကြားပြီးတဲ့နောက် နောက်ထပ်မလုပ်ဖြစ် တော့တာကြောင့် မရောက်တော့တာဖြစ်တယ်။

မနှစ်ကပြုလုပ်ခဲ့တဲ့သုတေသနစာတမ်းအတွက်ကတော့ ဒီကိုလာဖို့ မလိုတာကြောင့် မရောက်ခဲ့တာပါ။ 
ဒါပေမယ့် ဒီကနေ့ဖွင့်လှစ်တဲ့ လူမှုဝန်ဆောင်ရေးဆိုင်ရာသုတေသနဌာနက မိမိတို့ကို သုတေသနလုပ်ကြ ရန် လက်ကမ်းဖိတ်ခေါ်ထားတာကြောင့် တက္ကသိုလ်ဗဟိုစာကြည့်တိုက်ကို ပြန်လာဖြစ်နိုင်သလို ယခုဌာန အသစ်ကြီးကိုလည်း လာပြီးအသုံးချဖြစ်မယ်ထင်ပါတယ်။



Chocho WinmyintMyo GyiPrecious WinChell and 14 others like this.








WCPT Congress မှာ ပြန်လည်ဆုံတွေ့ကြမယ် (၎


၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်




WCPT Congress မှာ ပြန်လည်ဆုံတွေ့ကြမယ် (၄)


အာရှနှင့်ပစိဖစ်အနောက်ပိုင်းဒေသဆိုင်ရာ အကြော အဆစ်ကုပညာရပ်ညီလာခံ (၂၀၁၃) တွင် တွေ့ခဲ့ရသည့် ဟောင်ကောင်၊ ကိုရီးယား၊ ဖင်လန်၊ အာဖဂန်နစ်စတန်၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံများမှ PT များ။


ပြန်လည်ဆုံတွေ့ကြမယ် အမှတ်(၃)' မှာ မိမိ ပြောခဲ့သလို အာရှတွင်ကျင်းပသည့်ညီလာခံများမှာ အာရှ တိုက်သားအတော်များများကို တွေ့ရှိရတတ်သည့်အတိုင်း စင်ကာပူတွင် လာမည့်မေလမှာ ကျင်းပမည့် WCPT ညီလာခံသို့ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဟောင်ကောင် အစရှိသည့် အာရှတိုက်တနံတလျားမှ PT အမြောက်အများ တက်ရောက်ကြပါမည်။

အိမ်ရှင်စင်ကာပူနိုင်ငံမှလည်း အရေအတွက်များများ တက်မည်ဖြစ်သည်။

အဓိကအကြောင်းမှာ ခရီးနီးခြင်းနှင့်ကုန်ကျစရိတ် များစွာသက်သာခြင်းတို့ကြောင့် ဖြစ်လေသည်။

၂၀၁၃ ခုနှစ်က ထိုင်ဝမ်နိုင်ငံ တိုင်ချွန်းမြို့ မှာ အာရှနှင့်ပစိဖစ်အနောက်ပိုင်းဒေသဆိုင်ရာ အကြောအဆစ်ကု ပညာရပ်ညီလာခံတွင် မိမိတွေ့ခဲ့ရသောအာရှတိုက်သား မိတ်ဆွေPT များက နောက် ၂ နှစ်အကြာဖြစ်သည့် ၂၀၁၅ တွင် စင်ကာပူသို့လာပြီး WCPT ညီလာခံကိုတက်မည်ဟု စိတ်အားထက်သန်စွာဖြင့် ပြောခဲ့ကြပါ သည်။

သူတို့အထဲမှအတော်များများသည် ပထမအကြိမ်တက်ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။


အာရှနှင့်ပစိဖစ်အနောက်ပိုင်းဒေသဆိုင်ရာ အကြောအဆစ်ကုပညာ ရပ်ညီလာခံ (၂၀၁၃) တွင် တွေ့ခဲ့ရသည့် သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယနှင့် ယူအေအီးနိုင်ငံများမှ PT များ။


အာရှတွင် WCPT ညီလာခံကို ပထမဆုံးအကြိမ်အဖြစ် ၁၉၉၉ခုနှစ်က ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ တွင် ကျင်းပခဲ့ပြီးနောက် ၁၆ နှစ်ကြာမှ အာရှသို့ တစ်ကျော့ခြေဦးပြန်လှည့်လာသော ယခုညီလာခံကိုတက်ရန် များစွာစိတ်ဝင်စားငံ့လင့်လျက်ရှိနေကြလေသည်။

သူတို့အားလုံးအား ပြန်လည်ဆုံတွေ့ရန် မျှော်လင့်ရပါသည်။













WCPT Congress မှာ ပြန်လည်ဆုံတွေ့ကြမယ် (၃)



၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်




WCPT Congress မှာ ပြန်လည်ဆုံတွေ့ကြမယ် (၃)





ကနေဒါနိုင်ငံနှင့်နယ်သာလန်နိုင်ငံတို့တွင် WCPT ညီလာခံတက်ခဲ့ဖူးသော မိမိ၏အတွေ့အကြုံများ အရ ညီလာခံကိုယ်စားလှယ်အများစုမှာ အမေရိကန်၊ ဥရောပနှင့် သြစတေးလျှအစရှိသည့်နိုင်ငံသားများ ပိုမို များပြားကြပြီး မိမိတို့အာရှနိုင်ငံသားများ အလွန်နည်းလှသည်ကို သတိပြုမိခဲ့ပါသည်။ 

၁၉၉၆ ခုနှစ်က ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့ မှာ ဥာဏ်ရည်နိမ့်မသန်စွမ်မှုဆိုင်ရာကမ္ဘာ့ညီလာခံကို တက် ခဲ့စဉ်ကလည်း ညီလာခံခန်းမကြီးအတွင်း ကြည့်လေရာရာမှာ လူကောင်မြင့်မြင့်မားမားနှင့်ဥရောပတိုက်သား ရာပေါင်းများစွာကိုသာ မြင်တွေ့နေရသဖြင့် မိမိကိုယ်ကိုမိမိ အားငယ်သလိုပင် ခံစားမိခဲ့ဖူးပါ၏။

အာရှတိုက်သား များများစားစားဟူ၍ဂျပန်နှင့်ကိုရီးယားလူမျိုးအချို့သာ တွေရှိရပြီး စင်ကာပူမှ မိမိအပါအ၀င် ၂ ဦးသာဖြစ်သည်။ အာရှတွင် ကျင်းပသည့်ညီလာခံများတွင်မူ အာရှနိုင်ငံသား အတော်များများကို တွေ့ရှိရ တတ်ပါ၏။ 

မည်သို့ဆိုစေ ၂၀၁၁ ခုနှစ်က နယ်သာလန်နိုင်ငံမှာကျင်းပခဲ့သော WCPT ညီလာခံတွင်မူ ၂၀၀၇ ခုနှစ်က ထက် အာရှတိုက်သားကိုယ်စားလှယ်အရေအတွက် ပိုမိုများပြားလာရာ အားရစရာကောင်းပါသည်။ အထူး သဖြင့် ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်နှင့်ထိုင်ဝမ်တို့မှ ဖြစ်ကြလေသည်။ ကမ္ဘောဒီးယားနိုင်ငံမှ မိမိနှင့်သိ သောကိုယ်စားလှယ် ၂ ဦးပင် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြ၏။ 

ထိုနှစ်က ကမ္ဘောဒီးယားအကြောအဆစ်ကုပညာရှင်များအသင်းသည် WCPT အသင်းဝင်နိုင်ငံဖြစ်လာခဲ့၏။






ကမ္ဘောဒီးယားနိုင်ငံမှကိုယ်စားလှယ် ၂ ဦးကို ၂၀၀၇ ခုနှစ်က စတင်သိကျွမ်းခဲ့ခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံအကြောအဆစ်ကုပညာရှင်အသင်းမှ ကမ္ဘောဒီးယားနိုင်ငံသား PT ၂၂ ဦးအား ဖနွံပင်မြို့ တွင် သင်တန်းသွားပို့ချရာတွင် မိမိလိုက်ပါသွားခဲ့၍ဖြစ်သည်။ 

စင်ကာပူနိုင်ငံတွင် ကျင်းပမည့်WCPT Congress ကိုလာခဲ့မည်ဟုပြောခဲ့ကြသော ကမ္ဘောဒီးယား နိုင်ငံမှကိုယ်စားလှယ် ၂ ဦးနှင့်ထိုင်ဝမ်အကြောအဆစ်ကုပညာရပ်အသင်းဥက္ကဌဖြစ်သူ ဒေါက်တာ Suh-Fang တို့အား ယခုနှစ် WCPT ညီလာခံတွင် ပြန်လည်ဆုံတွေ့ကြရန်မျှော်လင့်ရပါသည်။
— with Kyee Maung.











WCPT Congress မှာ ပြန်လည်ဆုံတွေ့ကြမယ် (၂)



၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်




WCPT Congress မှာ ပြန်လည်ဆုံတွေ့ကြမယ် (၂)





WCPT Congress အား ၂၀၁၅ ခုနှစ်မှာ စင်ကာပူနိုင်ငံတွင် ကျင်းပခွင့်ပေးမည့်သတင်းကို ၂၀၁၁ ခုနှစ် ဇွန်လက နယ်သာလန်နိုင်ငံသို့ မသွားခင်ကတည်းက မိမိတို့ သိရှိခဲ့ပြီးဖြစ်သည်။ စင်ကာပူနိုင် ငံအကြော အဆစ်ကုပညာရပ်အသင်းကြီးမှ မိမိတို့ကို အီးမေးပေးပို့အကြောင်းကြားထား၍ဖြစ်၏။ 

စင်ကာပူမှ ညီလာခံကိုယ်စားလှယ် PTများ အမ်စတာဒမ်မြို့ တွင် ညီလာခံတက်နေစဉ်ကလည်း ညီလာခံ ကျင်းပခွင့်ရသောနိုင်ငံအား ညီလာခံတွင် တရားဝင်ထုတ်ပြန်ကျေညာသောအခါ မည်သို့စင်ပေါ်တက်ပြီး လက်ခံရန် တိုင်ပင်စီစဉ်ခဲ့ကြသေး၏။ 

ယင်းသို့ကျေညာစဉ်က ညီလာခံတက်ရောက်သည့်နိုင်ငံများအသိုင်းအ၀န်းတွင် World Cup နှင့် Olympic Games ကျင်းပခွင့်ရနိုင်ငံများကို ကျေညာသကဲ့သို့ ထပ်တူထပ်မျှစိတ်လှုပ်ရှားခံစားမှု ဖြစ်ကြရသည်မှာ မိမိ ကိုယ်တွေ့ဖြစ်သည်။ 

ထိုကျေညာသောညက မိမိတည်းခိုရာဟိုတယ်သို့အပြန်မှာ အိန္ဒိယနိုင်ငံမှညီလာခံကိုယ်စားလှယ် အချို့ နှင့် ဓာတ်ရထားပေါ်တွင်ဆုံတွေ့ရာ သူတို့က စင်ကာပူသို့လာကြမည့်အကြောင်းပြောခဲ့ကြ၏။ 

နောက်တစ်နေ့နံနက်စောစောတွင် ညီလာခံခန်းမကြီးရှေ့ ၌ ပြူတာရီကိုနိုင်ငံမှကိုယ်စားလှယ်အမျိုး သမီး၂ ဦးနှင့်တွေ့သောအခါ သူတို့လည်း စင်ကာပူညီလာခံသို့လာတက်ကြမည့်အကြောင်း မိမိကို ပြောကြပါသည်။ 

သူတို့ ၂ ဦးသည် WCPT Congress ကြီးကို တစ်ကြိမ်တစ်ခါမှမပျက်ပဲ ဆက်တိုက်တက်လာခဲ့ သည်မှာ ယခုဆို ၅ ကြိမ်ပင် ရှိပြီဖြစ်ကြောင်းသိရသဖြင့် မိမိမှာ များစွာအံ့သြခြင်းဖြစ်မိရ၏။ မိမိကား ၂ ကြိမ်မျှသာ ရှိပေသေး၏။ ညီလာခံမှာ ၄ နှစ်တွင်မှ ၁ ကြိမ်သာ ကျင်းပလေ့ရှိရာ သူတို ၂ ဦး ညီလာခံတက်ခဲ့ကြသည်မှာ အနှစ်၂၀ ကြာခဲ့ပြီဖြစ်၏။ 

ပြူတာရီကိုနိုင်ငံမှ ကိုယ်စားလှယ်အမျိုးသမီးကြီး ၂ ဦးအား ယခုနှစ်ညီလာခံတွင် ဒုတိယအကြိမ် ပြန်လည် ဆုံတွေ့ရန် မိမိ မျှော်လင့်မိပါသည်။




Shweyi Zaw LinThel Thinza Khin OoEi Ei Thet and 29 others like this.









WCPT Congress မှာ ပြန်လည်ဆုံတွေ့ကြမယ် (၁)



၁၃၇၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်


Tin Maung Aye


WCPT Congress မှာ ပြန်လည်ဆုံတွေ့ကြမယ် (၁)





WCPT Congress နှင့်ပတ်သက်ပြီး ညီလာခံရင်ခုန်သံ (၁) ကို စရေးခဲ့စဉ်တုန်းက ဟောင်ကောင်ရှိ မိတ်ဆွေအကြောအ ဆစ်ကုပညာရှင် ပီတာက WhatsApp မှနေ၍ မိမိထံဆက်သွယ်လာသည့် အကြောင်းနှင့် စင်ကာပူနိုင်ငံ၌ မေလမှာကျင်းပမည့် WCPT ညီလာခံကြီးကို သူလာတက်ဖြစ်မည့်အ ကြောင်းတွေ ရေးခဲ့ပါသည်။

ယခုတစ်ခါ မနေ့နေ့လည်က WhatsApp မှ ပီတာက ရေးလာ မေးလာပြန်ပါပြီ။

မေလ ၄ ရက်နေ့ညမှာ နိုင်ငံအသီးသီးက သူ့မိတ်ဆွေ PT များနှင့်အတူ ညစာစားကြမှာဖြစ်သဖြင့် မိမိအား လှမ်းဖိတ်ရင်း လာနိုင် မလာနိုင် မေးခြင်းဖြစ်သည်။ မိမိက ယခုအခါပြောရန် မသေချာသေး၍ ရက်နီးမှပြော နိုင်မည့်အကြောင်းကို အကြောင်းပြန်လိုက်ရ၏။

ဒီတော့မှ စင်ကာပူ WCPT ညီလာခံကို လာတက်ကြမယ်၊ အဲဒီတော့ စင်ကာပူမှာ တို့တတွေ ပြန်လည်ဆုံ တွေ့ကြရအောင်ဟု မိမိအားပြောထားသူအချို့ ကို သတိရမိသည်။

ယင်းကဲ့သို့ အစောဆုံးပြောကြသူအများစုသည် ၂၀၁၁ ခုနှစ်က နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြိုမှာ ကျင်းပခဲ့သော ၁၆ ကြိမ်မြောက် WCPT ညီလာခံတွင်ဖြစ်ခဲ့ပါသည်။ 

ထိုစဉ်က ညီလာခံနောက်ဆုံးရက်တွင် နောက် ၄ နှစ်ကြာသောအခါ ၁၇ ကြိမ်မြောက် WCPT ညီလာခံကို စင်ကာပူနိုင်ငံ မှာကျင်းပမည်ဟု ကျေညာအပြီးဖြစ်လေသည်။

မိမိလည်ပင်းမှာဆွဲထားသော ညီလာခံအမည်ကပ်ပြားရှိ ‘စင်ကာပူ’ဆိုသောအမည်ကို တွေ့ကြရသူအချို့ က လက်ကလေး ကမ်းပြီး “ခင်ဗျားက စင်ကာပူကပဲ။ နောက် ၄ နှစ်ကြာရင် ခင်ဗျားတို့ဆီမှာ ကျင်းပမယ့်ညီလာ ခံကို လာခဲ့မယ်။ တွေ့ကြရ အောင်ဗျာ“ ဟု လက်ဆွဲနှုတ်ဆက်ကာ ပြောခဲ့ကြပါ သည်။ 

ဤသို့ဖြင့် ညီလာခံအမည်ကပ်ပြားက ‘စင်ကာပူ’ဆိုသောအမည်ကိုအကြောင်းပြုပြီး မိမိမှာ ဘာရယ်မဟုတ် မျက်နှာပင် ပွင့်ခဲ့ရချေသေး၏။





နောက်ဆက်တွဲအနေဖြင့်မူ နိုင်ငံတကာမှ မိမိ၏မိတ်ဆွေအချို့ အတွက် ညီလာခံရက်များမှာ အခမဲ့ Tour Guide ဖြစ်ရပေ ဦးအံ့။