"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, March 24, 2013

ထူးခြားသတင်း



၁၃၇၄ ခုနှစ်  တပေါင်းလဆန်း ၁၃ ရက်   


◊  ရန်ကုန်မြစ်တွင်း ကျတဲ့နှင်း

မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြစ်အတွင်းတွင် ဆီးနှင်းများဖွေးနေအောင် မကျစဖူး ထူးကဲစွာ ကျရောက်ခဲ့သဖြင့် ဒလနှင့်ပန်းဆိုးတန်းကို အသွားအပြန် ပြေးဆွဲပေးနေသည့် သင်္ဘော ၅ ခေါက်အား ရပ် ဆိုင်းထားခဲ့ရကြောင်းနှင့် နံနက် ၇ နာရီမှာ သင်္ဘော စထွက်တော့လည်း ပုံမှန် ၁၀ မိနစ်ခန့်ကြာသောခရီး  အား နာရီဝက်ခန့် မောင်းရကြောင်း  ကြားသိရသည်။



◊  ခြေ ၃ ချောင်းရှိ ကြက်ကလေး





ဓာတ်ပုံ - မြန်မာသတင်းစာ။





အကောင်ပေါက်လာခါစက လိမ်တိန်ပိန်တိန်ဖြင့် ဘယ်နေ့မှာ သေလိမ့်နိုးထင်ခဲ့ရသော ကြက်ကလေး၏စ အိုအောက်နားမှ ခြေတစ်ချောင်း အပိုပါလာသဖြင့် ခြေ ၃ ချောင်းပါ ကြက်ထူးကြက်ဆန်း ‘သက်ပြင်း က လေးကို စဥ့်ကိုင်မြို့ နယ် ရွှေကာကျေးရွာ (မန္တလေးတိုင်း)တွင် မွေးဖွားခဲ့ကြောင်း ကြားသိရသည်။



◊  ဇနီးက ခင်ပွန်းကို ဓာတ်ဆီလောင်း မီးရှို့ 

ရွှေသောင်ယံမြို့ နယ် ဂျိုင်းလယ်ကျေးရွာတွင် မတ်လ ၂၁ ရက်နေ့က အိမ်မှာအိပ်ပျော်နေသော ခင်ပွန်းကို ဇနီးဖြစ်သူက ဓာတ်ဆီလောင်း မီးရှို့ ပြီး ထွက်ပြေးသွားသဖြင့် ဂွမြို့ ဆေးရုံသို့ တင်ပို့ကုသရကြောင်း သိရှိရ သည်။





◊  ၁၄ နာရီကြာ ယာဉ်ပိတ်ဆို့ စံချိန်တင်



မတ်လ ၂၅ ရက်နေ့က ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်စခန်းတို့တွင် နံနက် ၉ နာရီမှ ည ၁၁ နာရီအထိ ၁၄ နာရီကြာ ယာဉ်ပိတ်ဆို့မှုဖြစ်ခဲ့ရာ ပွဲရုံများအနေဖြင့် ကုန်ပစ္စည်းတင်ရန် ညဥ့်နက်အထိ စောင့်ဆိုင်းဖွင့်လှစ် ပေးရခြင်း၊ အဝေးပြေးကားဂိတ်များမှ ပုံမှန်ထက် ကားစင်းရေ သုံးပုံတစ်ပုံသာ ထွက်ရှိနိုင်ခြင်းနှင့် ပွဲရုံဝင်းအနီး ရှိ သီရိမွန်ပလာဇာဝင်းပါ ယာဉ်ပိတ်ဆို့ခဲ့ရာ စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ရကြောင်း ကြားသိရသည်။ 



◊ာတ်မင်းသားက ဆုချသူအား ခြေနဲ့ကန်ကျောက်

ဇလွန်မြို့  ဇလွန်ပြည်တော်ပြန်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် 'စွမ်း'ဇာတ်သဘင် ကပြလျက်ရှိရာ ဇာတ်မင်းသား သီချင်းဆိုနေစဉ် ပွဲကြည့်ပရိသတ်တစ်ဦးက ဇာတ်စင်ပေါ်တက်ပြီး ပုံစံအမျိုးမျိုးလုပ်၍ ဆုချလေရာ မင်းသား မှာ စိတ်မရှည်နိုင်တော့ပဲ ဆုချသူအား ကန်ကျောက်မိသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားသောကြောင့် ဇာတ်မီး လုံးများ ရိုက်ခွဲခံရခြင်း၊ ဇာတ်စင်နှင့် ဇာတ်အဖွဲ့မော်တော်ယာဉ်များ ပျက်စီးခံရကြောင်း ကြားသိရသည်။ 



◊  လင်မယား ရန်ဖြစ် နပန်းလုံးရာမှ ခင်ပွန်းသေဆုံး

တောင်ကြီးမြို့ နယ် အေးသာယာမြို့ တွင် လင်မယားနှစ်ဦး (ခင်ပွန်း-၄၇ နှစ်၊ ဇနီး-၂၁ နှစ်) တို့ ရန်ဖြစ်ကာ နပန်းလုံးကြပြီးနောက် ခင်ပွန်းဖြစ်သူ (တေးသံသွင်းလုပ်ငန်း)သည် အိပ်ယာမှာ ခဏလှဲအိပ်စဉ် သေဆုံး သွားကြောင်း သိရှိရသည်။





◊  ရန်ကုန်တက္ကစီ မီတာဖြင့်ပြေးဆွဲမည့်ကိစ္စ

ရန်ကုန်မြို့ တွင် ပြေးဆွဲလျက်ရှိသော တက္ကစီများကို မီတာဖြင့်ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း၊ ဈေးနှုန်းကို လည်း တစ်ပြေးညီ သတ်မှတ်ထားမည်ဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း မလိုက်နာသော တက္ကစီများကို အရေး ယူသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီမှ ပြော ကြားခဲ့သော်လည်း တက္ကစီအများစုက မီတာတပ်ဆင်အသုံးပြုခြင်း မရှိကြသေးကြောင်း ကြားသိရသည်။ 




◊  ကမ္ဘာလှည့်ခရီးသွားများ နေပြည်တော်ဟိုတယ် တစ်ရက် အခမဲ့တည်းနိုင်

ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံသို့လာရောက်ခြင်း များပြားလျက်ရှိရာ ယခုထက် ပိုမိုများပြားလာစေ ရန်အတွက် နေပြည်တော်ဟိုတယ်ဇုံရှိ ဟိုတယ်အားလုံး(၃၁ ခု)တွင် တစ်ညတာ တည်းခိုခွင့်၊ တစ်မနက်တာ ၀န်ဆောင်မှုနှင့်လေဆိပ်မှဘတ်စ်ကားဖြင့်ကြိုပေးခြင်းတို့ကို လာမည့်ဧပြီလမှ ဇွန်လအထိ အခမဲ့ဆောင်ရွက် ပေးသွားမည်ဟု ကြားသိရသည်။  



◊  ကမ္ဘာလှည့်ခရီးသွားများ လက်ဖက်ရည်ဆိုင် ထိုင်တတ်ကြပြီ




ဓာတ်ပုံ - မြန်မာသတင်းစာ။




ယခုအခါ ကမ္ဘာလှည့်ခရီးသွားများသည် မြန်မာပြည်အနှံ့သို့ သွားလာလည်ပတ်ကြည့်ရှု့ ကြလျက်ရှိရာ နေရာမလတ်တွေ့ရသော လက်ဖက်ရည်ဆိုင်များတွင် ၀င်ရောက်စားသောက်ကြကာ မြန်မာလူမျိုးတို့၏ ထိုင်ခုံပုကလေးများမှာထိုင်သည့် “လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု့အရသာကို မြည်းစမ်းလာကြကြောင်း တွေ့မြင်ရလေသည်။ 



◊  အမှိုက်က ငွေဖြစ်





မြန်မာ့အလင်း သတင်းစာ။



ပဲဆန်ကျော်ဖိုအချို့ နှင့် ထန်းလျက်ချက်သူများက သစ်ရွက်အမှိုက်များကို ထင်းအစားသုံးလောင်စာအဖြစ် အသုံးပြုလာကြသဖြင့် အမှိုက်များကို ပီနံအိတ်ကြီးများဖြင့်ကောက်ပြီး ကြက်အုပ်ဆောင်းတစ်ဆောင်းလျှင် ငွေကျပ် ၁၀၀ ဖြင့်ဝယ်ယူကြရာ သစ်ရွက်အမှိုက်ကောက် ရောင်းသူများမှာ တစ်နေ့လျှင် ငွေကျပ် ၃၅၀၀ မှ ၄၀၀၀ အထိ ၀င်ငွေရရှိနေကြကြောင်း မြန်မာ့အလင်းသတင်းစာပါ အိမွန်ဆွေ၏သတင်းပေးပို့မှုအရ သိရှိရ သည်။ 




၁၃၇၄ ခုနှစ်  တပေါင်းလပြည့်ကျော် ၆ ရက် (တနင်္လာ)။                   1 April 2013 (Monday) 



◊  ရွှေလက် မတွဲခင် သတင်းစာမှာ ကြော်ငြာပါ



ချစ်သူစုံတွဲဖြစ်သွားသူ၊ အိမ်ထောင်ဖက်ဖြစ်သွားသူတွေထဲမှာ အဆင်ပြေချောမွေ့တဲ့သူတွေရှိသလို အချို့  လည်း ရွှေလက်တွဲပြီးကာမှ လိမ်ညာခံရသူ၊ လူကုန်ကူးခံရသူ၊ နောက်ကြောင်းမရှင်းလို့ ရတက်ပွေရသူ စ သည်ဖြင့် လူမှုရေးပြသနာတွေရှိနေတာကိုလည်း ကြားသိမြင်တွေ့ရပြန်ပါတယ်။

ဒါ့ကြောင့်လူမှုကွန်ရက်တွေမှာ အသိမိတ်ဆွေအဖြစ်မှ တစ်ဆင့်တက်လို့ ချစ်သူစုံတွဲ၊ ဒီကမှ ရွှေလက်တွဲကြဖို့ ပြင်ဆင်နေသူတွေကို သတိပေးချင်တာက နောက်ဆက်တွဲပြသနာတွေ မကြုံတွေ့ရလေအောင် ရွှေလက်မတွဲ ခင်မှာ ရွှေလက်တွဲမည့်အကြောင်း ဆိုင်ရေးဆိုင်ခွင့်ရှိသူတွေမှ ကန့်ကွက်ရန် ရှိ/မရှိကို သတင်းစာများမှာ ကြို တင် ကြော်ငြာထည့်သွင်းလို့ ၁၄ ရက်ခန့် စောင့်ဆိုင်းပြီး ကန့်ကွက်သူမရှိပါမှ ဆက်လက်ဆောင်ရွက် သင့် ကြောင်း ရဲညွန့်(မန်း) က အကြံပြုရေးသားထားတာကို ဒီကနေ့ ဧပြီ ၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖတ်ရှုရသည်။



◊  အချိန် ၄ မျိုးပြ လေးဖက်မြင်နာရီစင်ကြီး  

မြစ်ကြီးနားမြို့ ၏ လမ်းဆုံတစ်ခုတွင်ရှိသော လေးဖက်မြင်နာရီစင်ကြီးမှ နာရီကြီး ၄ လုံးတို့သည် လည်ပတ်မှု ရှိနေသော်လည်း အချိန်အားဖြင့် တစ်လုံးတစ်မျိုးစီပြနေသောကြောင့် ဒေသခံပြည်သူများက မည်သည့်နာရီမှ အချိန်ကို အတည်ပြုရမှန်းမသိဖြစ်နေကြောင်း မိုဃ်းကျ(မြစ်ကြီးနား)က သတင်းပေးပို့ထားတာကို ဒီကနေ့ ဧပြီ ၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖတ်ရှုရသည်။








Friday, March 22, 2013

စာရေးဆရာမာန်မြင့် ကွယ်လွန်ခြင်း (၃)နှစ်ပြည့်


၁၃၇၄ ခုနှစ်  တပေါင်းလဆန်း ၁၁ ရက်   




စာရေးဆရာမာန်မြင့်၏ မြန်မာပြည်မှာလုပ်သည်နှင့် အခြားဝတ္တုတိုများ (ဒုတိယအကြိမ်၊ ၁၉၉၈။)။

မိမိကို သူ့စာအုပ်ကလေးပေးရင်း ရေးထားသည့် မာန်မြင့်၏ အမှတ်တရ လက်ရေးစာ။ 



မနေ့က မတ်လ ၂၁ ရက်။ 

ဒီနေ့ကို ကောင်းကောင်းမှတ်မိနေသည်။ တိတိကျကျပြောရလျင် ၂၀၁၀ ခုနှစ် မတ်လ ၂၁ ရက်။ 
ထိုနေ့တွင် မိမိနှင့်အရင်းနှီးဆုံး ငယ်သူငယ်ချင်းဖြစ်သူ ကိုခင်မောင်မြင့် စင်ကာပူနိုင်ငံ အမျိုးသား တက္ကသိုလ်ဆေးရုံ (National University Hospital  - NUH) မှာ ကွယ်လွန်သွားခဲ့သည်။ 

သူ ကွယ်လွန်ချိန်မှာ မိမိနှင့်မိမိ၏ဇနီးဖြစ်သူတို့ နှစ်ဦးစလုံး သူ့အနားမှာ ရှိနေခဲ့၏။ သူ၏ နောက်ဆုံးထွက် သက်အား ရင်နာစွာ ခံစားသိမြင်လိုက်ကြရသည်။ 

သိတတ်ပြီး လိမ်မာရေးခြားရှိလှသည့် သားနှစ်ယောက်၏ ပြုစုစောင့်ရှောက်မှုများကို သူ၏ဇနီးဖြစ်သူနှင့် အတူ အေးချမ်းပျော်ရွှင်စွာခံစားရင်း တစ်ချိန်ကရုန်းကန်လှုပ်ရှားခဲ့ကြရသည့် ဘ၀အမောများကို မေ့ပျောက် နိုင်ချိန်တွင် သူ့ကို ယခုထက်ပိုပြီး အသက်ရှင်ရှိနေစေချင်သေးသည်။ မိမိကိုယ်တိုင်ကလည်း သူငယ်ချင်း င်္ကြီးကိုကြည့်ပြီး သူ့အတွက် ၀မ်းသာကြည်နူးချင်ပါသေးသည်။ ငယ်ငယ်တုန်းကလို စကားတွေ အများကြီး ပြောချင်ပါသေးသည်။ 

ယခုတော့ သူမရှိတော့လေပြီ။ မိမိ၏ရှေ့ မှ သွားနှင့်သည်မှာ သုံးနှစ်ကြီးပင် ရှိခဲ့ချေပြီ။ သို့တစေ မိမိက သူ့အား အမှတ်တရရှိနေဆဲ။ NUH သို့ ရောက်လေတိုင်း သူငယ်ချင်းအား သတိမရမိသည့်အခါဟု မရှိလေ ခဲ့။

မနေ့က မြန်မာ့အလင်းသတင်းစာမှာ မာန်မြင့်၏ဇနီး ဒေါ်ချစ်ကြည်မြင့်ထည့်ထားသော "(၃) နှစ်ပြည့် လွမ်း ဆွတ်သတိရခြင်း" ကို ဖတ်လိုက်ရသည်။ သူ့ကိုရည်စူးပြီး သူ၏မိသားစုမှပြုလုပ်သော အလှူဒါနနှင့်ကောင်း မှုကုသိုလ်များကို လှိုက်လှဲစွာ သာဓုခေါ်လျက် ၀မ်းမြောက်ဝမ်းသာဖြစ်ရသည်။



       
မာန်မြင့်၏ (၃)နှစ်ပြည့် လွမ်းဆွတ်သတိရခြင်းကို သတင်းစာမှာ ဖတ်ရသည့်နေ့က ညပိုင်းတွင် မန္တလေးမြို့ ရှိ သူ၏ဇနီးဖြစ်သူ ဒေါ်ချစ်ကြည်ထံ စာရေးသူက  အီးမေးပေးပို့ခဲ့သည်။ မိမိပေးပို့သည့် အီမေးကို ရမရ သေ ချာ စေရန် နောက်နေ့နံနက်တွင် ဖုန်းဆက်ရာ ဒေါ်ချစ်ကြည်နှင့် မိမိ၏ဇနီးတို့ စကားစမြည် ပြောဖြစ်ကြပါ၏။ ဒေါ် ချစ်ကြည်က သူ၏ခင်ပွန်းဖြစ်သူအားရည်စူးပြီးလျင် တောင်မြို့  မဟာဂန္ဓာရုံပရိယတ္တိစာသင်တိုက်တွင် စာသင် သားသံဃာတော် အပါး ၁၀၀၀ ကျော်တို့အား ဆွမ်းလောင်းကပ်လှူကြောင်းနှင့် ငွေပဒေသာပင်ကိုလည်း စိုက် ထူခဲ့ကြောင်း၊ ဓာတ်ပုံများကို မိမိတို့ထံ အီးမေးဖြင့် ပို့ပေးမည့်အကြောင်း ပြောပါသည်။

စနေနေ့ နံနက် ၁၀ နာရီကျော်မှာ ပေးပို့သည့်ဓာတ်ပုံ ၁၃ ပုံကို ရရှိခဲ့ပြီး သူတို့၏ ကုသိုလ်ကောင်းမှုများအ တွက် များစွာ ၀မ်းမြောက်ပီတိဖြစ်မိရပါသည်။ သာဓု အကြိမ်ကြိမ်လည်း ခေါ်မိပါသည်။


စာရေးဆရာမာန်မြင့်အား ရည်စူးလျက် ဇနီး၊ သား ၂ ဦးနှင့် ချွေးမများက သူ၏မိခင်ကြီးကို အမှူးထားပြီး ဆရာတော်ကြီးများအား ဆွမ်းကပ်လှူကြ၏။  

စာသင်သား သံဃာတော်များ ဆွမ်းဘုန်းပေးနေကြစဉ်။



၁၉၇၂ ခုနှစ် နှစ်လယ်ပိုင်းလောက်က ဖြစ်၏။

စာရေးဆရာကြီး ဆရာနတ်နွယ်၏ မိုးဝေမဂ္ဂဇင်းမှ ကန့်ဘလူသားလေး ကိုခင်မောင်မြင့်အား သရော်စာဝတ္တု တိုရေးဆရာလေး မာန်မြင့်(ကန့်ဘလူ)အဖြစ် စင်တင်ပေးခဲ့သည်။

ထိုစဉ်က အသက် ၂၀ ကျော်မျှသာရှိသေးသော ကိုခင်မောင်မြင့်၏ ၀တ္တုတိုလေးများကို တိုးတက်သည့် စာ ပေအင်အားစုဖြစ်သော မိုးဝေစာဖတ်ပရိသတ်များက ဖတ်၍ကောင်းသော လောကကို ထိထိမိမိဖွင့်ချသရော် နိုင်သော၊ အဆီအငေါ်မတည့်ဖြစ်နေသည်များကို ပိုင်ပိုင်နိုင်နိုင် ကလိနိုင် ရိနိုင်သော ၀တ္တုတိုများအဖြစ် နေ့ ချင်းညချင်းဆိုသလို နွေးထွေးလှိုက်လှဲစွာ လက်ကမ်းကြို ဆိုခဲ့ကြသည်။ သို့နှင့် ကိုခင်မောင်မြင့်သည် သူ၏ သရော်စာဝတ္တုတိုများဖြင့် မာန်မြင့်(ကန့်ဘလူ) မည်သော ကလောင်အမည်ဖြင့် စာရေးဆရာဖြစ်လာခဲ့သည်။

နောက်ပိုင်းမှာ ကိုခင်မောင်မြင့်က သူ၏ကလောင်အမည်မှ သူ၏ဇာတိမြို့ အမည် ကန့်ဘလူ’ကို ဖြုတ်လျက် ‘မာန်မြင့်’ဟူ၍ စာဖတ်ပရိသတ်က သိလာကြတော့၏။ စာရေးသူသိရသ၍ ဆရာနတ်နွယ်မှ မြို့ အမည်ကို ဖြုတ် ရန် အကြံပေးခဲ့ခြင်းဖြစ်သည်။ 



ဆက်ပြီးရေးပါဦးမည်။



Tuesday, March 19, 2013

ရာဖယ် နာဒါး ပြန်လာပြီလား


၁၃၇၄ ခုနှစ်  တပေါင်းလဆန်း ၈ ရက်   


အင်ဒီးယန်းဝဲလ်(စ)မှာ ဆုယူအပြီး အောင်ပွဲခံနေတဲ့ နာဒါး။ (ဓာတ်ပုံ - Internet)


စပိန်နိုင်ငံသား ကမ္ဘာ့တင်းနစ်အကျော်အမော် ‘ရာဖ နာဒါး’ (Rafa Nadal) က အမေရိကန်နိုင်ငံ ကယ်လီ ဖိုးနီးယားပြည်နယ်ရှိ အင်ဒီးယန်းဝဲလ်(စ)မှာ မတ်လ ၁၇ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ BNP Paribas Open မှာ အာဂျင်တီးနားနိုင်ငံသား ‘ဒယ် ပိုထရို’ (del Potro) ကို ၄-၆၊ ၆-၃၊ ၆-၄ နဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။

မိမိသာမဟုတ် မိမိ၏ဇနီးဖြစ်သူကော သမီးဖြစ်သူတို့အားလုံးက ကြိုက်နှစ်သက်တဲ့ တင်းနစ်အားကစားသမား တွေအထဲမှာ နာဒါးလည်း ပါနေတာမို့ ဒူးနာဝေဒနာကြောင့် ၇ လကျော်လောက် ပျောက်နေခဲ့ရာက ပြန်ပြီး က စားလာနိုင်တာဖြစ်လို့မို့ ၀မ်းသာမိရပါတယ်။ ချီလီနိုင်ငံ ဗီ နာ ဒယ် မား (Vina del Mar, Chile)မှာ သူ ပထ မ ဆုံး ပြန်ပြီးကစားကတည်းက သူ့ပွဲတွေကိုကြည့်ချင်ပေမယ့် တကယ်က အကြောင်းကြောင်းကြောင့် မကြည့် ဖြစ်ခဲ့ပါဘူး။ 

တခါ ဘရာဇီးနိုင်ငံ Sao Paulo မြို့ နဲ့ မက္ကဆီကိုနိုင်ငံ Acapulco မြို့ တွေမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေမှာ နာဒါး အနိုင်ရဗိုလ်စွဲတဲ့ မင်္ဂလာသတင်းကောင်းတွေ ကြားသိရလိုက်ရပြန်ပါတယ်။ အဲ အခုနောက်ဆုံး  အင်ဒီးယန်း ၀ဲလ်(စ)မှာ ကစားပြန်တော့လည်း သတင်းတွေမှာ ဖတ်ရ၊ ရုပ်မြင်သံကြား အားကစားသတင်းမှာ တစ်ချက်က လေး ဖြတ်ကနဲ တွေ့ရ မြင်လိုက်ရတာကလွဲလို့ မကြည့်ဖြစ်ပြန်ပါဘူး။

မနေ့ည ၁၀နာရီကျော်မှာမှ သူရဲ့ နောက်ဆုံးဗိုလ်လုပွဲကို တစ်ကြော့ ပြန်ပြပေးလို့ အစမှအဆုံး ကြည့်ဖြစ်နိုင် တော့တာ။ နောက်နေ့ကို အလုပ်သွားစရာရှိပေမယ့် ပွဲပြီးတဲ့ ည ၁၂ နာရီကျော်အထိ ကြည့်လိုက်ပါတယ်။ နာဒါးကော ပိုထရိုကော အကောင်းဆုံး လက်စွမ်းပြ ကစားသွားကြတာမို့ ကြည့်လို့အလွန်ကောင်းတဲ့ ပွဲကြီး ပွဲကောင်းတစ်ပွဲမို့ အိပ်ရေးပျက်ရကျိုး အချိန်ပေးရကျိုး နပ်ပါပေတယ်။  

ဒူးနာနေတဲ့ ဝေဒနာက အပြည့်အ၀မကောင်းသေးတာမို့ နာဒါးအနေနဲ့ အရင်ကလိုမှ အင်နဲ့အားနဲ့ ပြေးလွှား  ပြီး ကစားနိုင်ပါ့မလားလို့ ကြည့်နေရင်းက စိတ်ပူနေမိသေးတယ်။ နာဒါး ကစားတဲ့ပုံစံမျိုးက ကျွမ်းကျင်မှုနဲ့ ဥာဏ်စေ့စားမှုတို့အပြင် ခန္ဓာကိုယ်ကြံ့ ခိုင်မှုကိုပါ အတော်လေး အားထားတဲ့ အားကစားသမား (physical player) ဖြစ်နေတာကြောင့်ပါ။ ဒီကြားထဲမှာ ပထမပွဲအစကို ၃-၀ နဲ့ ဦးဆောင်နေပြီးကာမှ ၆-၄ နဲ့ ပိုထရိုကို ရှုံးသွားခဲ့တာရယ်၊ ဒုတိယပွဲ စပြန်တော့လည်း ၃-၁ နဲ့ နောက်ကလိုက်နေတာရယ်ကြောင့် နာဒါးခမျာ နှစ်ပွဲ ပြတ်နဲ့ ရှုံးတော့မှာလေလားလို့ တွေးပြီး စိတ်မသက်မသာဖြစ်ခဲ့ရပါတယ်။


သို့ပေမယ့် နာဒါးရဲ့  ‘အနိုင်မခံ အရှုံးမပေး’တဲ့စိတ်ဓာတ်နဲ့ သူရဲ့ လက်စွမ်းတွေကို အချိန်မီ ပြန်လည်စုစည်း ရယူနိုင်ခဲ့တာကြောင့်သာ အတော်လေးသေချာသလောက်ရှိနေတဲ့ ‘ရှုံးခြေ’ ကနေ သူ အလွန်လိုအပ်နေတဲ့ ‘နိုင်ခြေ’သို့ ရရှိသွားခဲ့တာပါ။ သူ ဒီပွဲကိုနိုင်ဖို့ ဘာ့ကြောင့်သိပ်ပြီးအရေးကြီးရပါသလဲဆိုရင် ..

၁) ကမ္ဘာ့ထိပ်တန်း တင်းနစ်ကစားသမား ၄ ဦး (elite bracket of players) စာရင်းထဲ ပြန်ရောက်သွားဖို့ ရယ်
၂) ATP Masters title ကို ၂၂ ကြိမ်မြောက် စံချိန်တင်ပြီး ရယူနိုင်ဖို့ရယ်
၃) သူရဲ့  ကစားသက်တမ်းမှာ အကြိမ် ၆၀၀ မြောက် နိုင်ပွဲဖြစ်မှာမို့ရယ်
၎) နှစ်ကြိမ်တိုင်တိုင် ရရှိပြီးဖြစ်တဲ့ ကမ္ဘာ့နံပတ် ၁ နေရာဟောင်းကို ပြန်ပြီးတက်လှမ်းနိုင်ဖို့အတွက်ရယ်   



ဆက်ပြီးရေးပါဦးမယ်။



Saturday, March 16, 2013

စကားစမြည် ပြောတဲ့အရသာ



၁၃၇၄ ခုနှစ်  တပေါင်းလဆန်း ၅ ရက်  




The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေရဲ့ ဖခင် ဦးမြင့်ဆွေ(၀ဲ) နှင့် ထိုင်းစားသောက်ဆိုင်မှာ ....။


ကျနော်တို့ စာသမား ကဗျာသမားတွေဆိုတာ များသောအားဖြင့် စကားအတော်လေးပြောတတ်ကြပါတယ်။

တွေးနေတာ တွေးထားတာတွေရှိလို့ ပြောချင်တာ၊
ဖတ်ထားတာ ဖတ်ချင်တာလေးတွေရှိလို့ပြောချင်တာ၊
တပိုင်းတစ ရေးထားတာ ဒါမှမဟုတ် ရေးဖို့စဉ်းစားနေတာရှိလို့ ပြောပြတိုင်ပင်ချင်တာ၊
ကဗျာစာပေလောကနဲ့ ပတ်သက်ပြီး ငြင်းကြ ခုံကြ ထေ့ကြ စောင်းကြ ဆော်ကြ ကလော်ကြတာတွေကို ထင်မြင်ချက်ပေးလို့ ဝေဖန်ပြောဆိုချင်တာ အစရှိလို့ အကြောင်းအမျိုးမျိုးနဲ့ ပြောနေဖြစ်ကြတာပါပဲ။

ထင်မြင်ချက်ပေးတာ ဝေဖန်တာဆိုလို့ ကိုယ်တွေ့အတွေ့အကြုံလေးတစ်ခု ငယ်ငယ်က ကြုံခဲ့ရဖူးပါတယ်။
သရော်စာ ၀တ္တုတိုများနဲ့ နာမည်ကျော်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်က ကွယ်လွန်သွားတဲ့ စာရေးဆရာ မာန်မြင့်နဲ့ စာရေးသူတို့ ၂ ဦး အဝေဖန်ကောင်းလို့ အားတောင့်အားနာ ဂွကျခဲ့ရတာလေး ပြောပြပါ့မယ်။

ပုတ်ပုတ်ခပ်ခပ် ရှုတ်ချဝေဖန်သူများက တက္ကသိုလ်ဝင်တန်း(၁၀ တန်း)ကျောင်းသား၂ယောက် ဖြစ်ကြတဲ့ မာန်မြင့်နှင့်မိမိ။

အဝေဖန်ခံရတဲ့ စာရေးဆရာက ဗဟိုအားကစားနှင့်ကာယပညာကော်မတီမှာ ညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်သွားခဲ့တဲ့ ဗိုလ်မှူးထွန်းငြိမ်း (ကလောင်အမည် တက္ကသိုလ်မောင်နေဒွန်း)။

သူဘာသာပြန်တဲ့ စာအုပ်က ကမ္ဘာကျော်ရုရှားစာရေးဆရာကြီး လီအိုတော်လ်စတွိုင်းရေးသားတဲ့ “စစ်နှင့် ငြိမ်းချမ်းရေး” (War and Peace)စာအုပ် အကျဉ်းချုပ်။ တစ်အုပ်ထဲ အစအဆုံး။

နေရာက ကန့်ဘလူမြို့  အစိုးရအထက်တန်းကျောင်းရဲ့  တစ်ခုတည်းသော တက္ကသိုလ်ဝင်တန်း စာသင်ခန်း လေးထဲမှာ။

စာသင်နေသောဆရာမသည် ကန့်ဘလူသူ အထက်တန်းပြဆရာမ ဒေါ်ထိုက်ထိုက်။



စာရေးဆရာ မြသန်းတင့်၏ ဘာသာပြန်လက်ရာ "စစ်နှင့်ငြိမ်းချမ်းရေး" စာအုပ်။ (အင်တာနက်)


စာရေးသူတို့နှစ်ယောက် ဝေဖန်ပြောလိုက်တာက လီအိုတော်လ်စတွိုင်းရေးသားတဲ့ “စစ်နှင့် ငြိမ်းချမ်းရေး” (War and Peace)စာအုပ်ကြီးကို စာရေးဆရာ မြသန်းတင့်က မူရင်းလက်ရာမပျက် ဘာသာပြန်ပြီး အတွဲ ၁၂ တွဲကို ပုဂံစာအုပ်တိုက်မှ တစ်လတစ်အုပ်ချင်းထုတ်နေစဉ်မှာ (၁၂ တွဲလုံး မပြီးခင်မှာ) တက္ကသိုလ်မောင် နေဒွန်းက ကြားဖြတ်ပြီး အကျဉ်းချုပ်စာအုပ်ကို ဘာသာပြန်ထုတ်ဝေလိုက်ခြင်းသည် စာပေသစ္စာကို ဖောက် ဖျက်ရာ ရောက်ကြောင်း၊ စာရေးဆရာကျင့်ဝတ်ကို မစောင့်ထိန်းတာဖြစ်ကြောင်း၊ စာရေးဆရာတစ်ဦးအနေ ဖြင့် အဲဒီလို မလုပ်သင့်ကြောင်း စသဖြင့် လူတတ်ကြီးတွေလုပ်ပြီး ဆရာမကို ပြောလိုက်ကြပါတယ်။   

ဆရာမက သူတပည့်တွေရဲ့ စကားကို အပြုံးမပျက်နားထောင်နေပြီးမှ “မင်းတို့  တက္ကသိုလ်မောင်နေဒွန်းဆို တာ ဘယ်သူလဲလို့ သိကြရဲ့ လား” လို့ ပြုံးပြုံးလေးပဲ မေးလိုက်ပါတယ်။ စာရေးသူတို့က မသိကြောင်း ဖြေတဲ့ အခါ “အဲဒါ ဆရာမရဲ့  ခဲအိုပေါ့။ ဆရာမရဲ့ အမအရင်းဖြစ်တဲ့ မမခင်ရဲ့ ခင်ပွန်း ဗိုလ်မှူးထွန်းငြိမ်းဆိုတာလေ” လို့ ဆရာမက ရှင်းပြတော့ စာရေးသူတို့ အတော်ကြီးကို အာနာသွားခဲ့ရပါတော့တယ်။

တစ်ခါ ကဗျာစာပေတို့အပြင် အယူဝါဒတစ်ခုခု ဒါမှမဟုတ် ဒသနတစ်ရပ်ရပ်ကိုများ တိမ်းညွှတ်ဖက်တွယ်မိ ပြီဆိုလို့ကတော့ ဘာပြောကောင်းပါ့မလဲ။ တိုးတိုးပြောတစ်လှည့် ကျယ်ကျယ်ပြောတစ်ခါနဲ့ “ပြောမဆုံးပေါင် တောသုံးတောင် ဆိုတဲ့အထဲကပါပဲ။  

စာရေးသူတို့ ငယ်ငယ်က စာပေကဗျာကို အလွန်ဝါသနာထုံခဲ့တဲ့အပြင် နိုင်ငံရေးအယူအဆတစ်မျိုးကိုပါ သက်ဝင်နှစ်ခြိုက်ခဲ့မိတာကြောင့် စိတ်တူသဘောတူ သူငယ်ချင်းများနဲ့ စာအုပ်တွေဖတ်ကြ၊ ဖတ်ပြီးတာတွေ ကို ဆွေးနွေးငြင်းခုံကြနဲ့ သူများတွေအမြင်မှာ တမျိုးတမည်အထင်ခံရတာ အပြောခံရတာ ကြုံခဲ့ရဖူးပါတယ်။



၁၃၇၄ ခုနှစ်  တပေါင်းလဆန်း ၆ ရက် တနင်္ဂနွေနေ့။ (17 March 2013 Sunday)


စာရေးဆရာ လူမျိုးနော်နှင့် Jurong Point မှာ အမှတ်တရ။ (၁၁ ရက်ဖေဖော်ဝါရီ ၂၀၁၃)


မိမိတို့ စာဖတ်ကြသူတွေအချင်းချင်း စာရေးကြသူတွေအချင်းချင်း ဒါမှမဟုတ် စာပေကို စိတ်ဝင်စားကြတဲ့ သူများနဲ့ စကားစမြည်ပြောကြတဲ့အကြောင်း ရေးနေတုန်း ဒီနေ့မနက် ၈ နာရီလောက်က အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ စာရေးဆရာလူမျိုးနော် (ဒေါက်တာကိုသောင်းတင်)ထံက ဖုန်းဝင်လာခဲ့ပါတယ်။ သူက မိမိနဲ့ အလွန်ပင်ရင်းနှီးသူဖြစ်လို့ မကြာမကြာ ယခုလို ဖုန်းဆက်တတ်တာကြောင့် မိသားစုအကြောင်း မြန်မာပြည်အ ကြောင်းနဲ့ စာပေအကြောင်း အစရှိသဖြင့် နာရီဝက်ကျော်ကျော် အမြဲ စကားပြောကြလေ့ရှိပါတယ်။

သူက လော့(စ)အင်ဂျလိ(စ)မြို့ မှာရှိသော ကင်ဆာရောဂါသုတေသနလုပ်ငန်းများနဲ့ ကုသရေးများကို ကျယ် ကျယ်ပြန့်ပြန့်ပြုလုပ်နေတဲ့ City of Hope National Medical Centre မှာ အလုပ်လုပ်နေတာဖြစ်တယ်။

ပြီးခဲ့တဲ့လ ၉ ရက်နေ့က ဆရာလူမျိုးနော် မြန်မာပြည်မှအလည်ပြန်လာပြီး အမေရိကန်သို့ မပြန်မီ စင်ကာပူကို ၀င်လာခဲ့ပါသေးတယ်။ စာရေးသူ၏အိမ်မှာတည်းသွားတာမို့ စကားတွေအများကြီး ပြောဖြစ်ခဲ့ကြပါတယ်။


   


Saturday, March 9, 2013

ညဖြူ သို့မဟုတ် နေမ၀င်သောညများ




I enjoyed the city’s sights from the sightseeing cruise in River Neva in St. Petersburge such as historical buildings, magnificent bridges and scenic views. 

Both in Helsinki, Finland and St. Petersburge, Russia I was amazed by the magical and astonishing phenomenon of White Night where the midnight sun can be seen and never went down the horizon. 



၁၃၇၄ ခုနှစ်  တပို့တွဲလပြည့်ကျော် ၁၁ ရက်    



'ညဲဗား'မြစ် (Neva River) ဘေးမှာ အမှတ်တရ။ (ဂျူလိုင် ၁၉၉၆)


တလောက ဒီကသတင်းစာတစ်စောင်ရဲ့  ခရီးသွားကြော်ငြာမှာ စိန့်ပီတာစဘတ်မြို့ အကြောင်းနဲ့ နေမ၀င်သောညများအကြောင်း ဓာတ်ပုံတွေဝေေ၀ဆာဆာနဲ့ ဖတ်ရတော့ မိမိရောက်ခဲ့တုန်းက အတွေ့အကြုံလေးကို ‘ခရီးသွားစာတမ်း’အရေးအသားပုံစံတစ်မျိုးနဲ့ အောက်ပါအတိုင်း ချပြီးရေး ကြည့်မိပါတယ်။


                                                     ******


ရုရှားနိုင်ငံ၏ ဒုတိယမြို့ တော်ဖြစ်သော စိန့်ပီတာစဘတ်၏ညသည် မလှုပ်မရှက်ပဲ လုံးဝဥသုန် တိတ်ဆိတ်လို့ နေ၏။

သို့သော် စိန့်ပီတာစဘတ်၏ညသည် မိမိသိထားသောညများကဲ့သို့ မှောင်မဲပြီး မနေ။
ဖြူဖွေးလို့ နေလေသည်။

နေကိုတော့ ရှင်းရှင်းလင်းလင်းကြီး မမြင်တွေ့ရ။

မိမိတစ်ဦးမှာမူ အိပ်ယာထက်တွင် ဂဏှာမငြိမ်စွာ လှုပ်လှုပ်ရွရွ ဖြစ်နေ၏။ အိပ်ယာက မကြာခဏ ထလျက် ပြူတင်းအနားကိုသွားပြီး လိုက်ကာအညိုကြီးအားဖွင့်သည်။ ပြီး အပြင်ဖက်သို့ ဘယ်နှစ် ကြိမ်မြောက်မှန်းမသိ ငေးငူ ကြည့်နေမိသည်။

ဘာကိုရယ်လို့ သတ်သတ်မှတ်မှတ် ကြည့်သည် မဟုတ်။ အပြင်ဖက်ကိုသာ ကြည့်လေသည်။

ဖြူတ၀က် ညိုတ၀က် မိုးသားတိမ်လိပ်များ
တိုက်တာများ
ရပ်ထားသော ကားများ
ပြေးလွှားနေသည့် လှိုင်းကြက်ခွပ်ကလေးများ
ပြီးတော့ ဆုံးစမမြင်နိုင်သော ရေပြင်ကျယ်ကြီး  ….




စိန့်ပီတာစဘတ်မြို့ ၏ အမှောင်မဲ့ညတစ်ည။ (ဂျူလိုင် ၁၉၉၆) ဓာတ်ပုံ - ဖိုးတာ။



ဖင်လန်နိုင်ငံ ဟယ်(လ)ဆင်ကီမြို့  (Helsinki)မှ စင်းလုံးငှားဘတ်(စ)ကားဖြင့် နံနက်စောစော ထွက်လာကာ ၈ နာရီကျော်ကြာခရီးအား လာခဲ့ရသဖြင့် ည ၉ နာရီလောက်ကတည်းက အိပ် ယာပေါ်မှာ လှဲအိပ်လိုက်သော် လည်း၊ နာရီဝက် တစ်နာရီ သို့မဟုတ် နှစ်နာရီလောက်ကြာသောအခါ ထကြည့်လိုက် ပြန်လှဲအိပ်လိုက် လုပ်နေ သည်မှာ ည ၁၂ နာရီ၊ နံနက် ၂ နာရီ ၃ နာရီ ထိုးသည်အထိဖြစ်၏။


မိမိတို့တည်းခိုသည့် ပတ်(ခ)အင်း ပရီဘာ(လ)တိစကားယားဟိုတယ် (Park Inn Pribaltiyskaya Hotel) သည် သမိုင်းဝင် ဗာစီးလက်(ဖ)စကီးကျွန်း (Vasilevskiy Island) ပေါ်တွင်ရှိလေရာ လှပသောပင်လယ်ရှု ခင်းကို ခံစားကြည့်ရှုနိုင်သည်။ 



စာရေးသူတို့ ခရီးသွားအဖွဲ့ ဟိုတယ်ရှေ့ ရှိ ဘတ်(စ)ကားဆီသို့ သွားကြစဉ်။ ဓာတ်ပုံ - ဖိုးတာ။

   

မိမိ၏အခန်းသည် ဟိုတယ်၏လက်ယာဖက်အခြမ်းတွင်ရှိသဖြင့် ဟိုတယ်၏အနောက်ဖက်ရှိ ပင်လယ်ကို အတိုင်းသား မြင်နေရ၏။ အတိအကျဆိုရသော် ဖင်လန်ပင်လယ်အော် (Gulf of Finland) ဖြစ်သည်။




ဟယ်(လ)ဆင်ကီမြို့  စိန့်ပီတာစဘတ်မြို့ နှင့် ဖင်လန်ပင်လယ်အော်။ (ဓာတ်ပုံ - အင်တာနက်)



မနေ့ကပင် ဖင်လန်နိုင်ငံ ဟယ်(လ)ဆင်ကီမြို့ မှ ထွက်လာခဲ့ပြီး မိုင်ပေါင်း ၁၈၅ မိုင် (ကီလိုမီတာ ၃၀၀ နီးပါး) ဝေးသည့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်သို့ ရောက်နေပြီဖြစ်သော်လည်း ဖင်လန်ပင်လယ်အော်နှင့် မလွတ်ကင်း နိုင်သေး။ အဘယ်ကြောင့်ဆိုသော် ဘောလတစ်ပင်လယ်၏ လက်တက်တစ်ခုဖြစ်သော ဖင်လန်ပင်လယ် အော်သည် ဖင်လန်နိုင်ငံ ရုရှားနိုင်ငံတို့နှင့် နယ်မြေချင်း ထိစပ်နေ ဖြစ်ရလေသည်။


ဟယ်(လ)ဆင်ကီမှာတုန်းကမှ ညဖြူကို ပထမဆုံး စပြီးမြင်ဖူးခဲ့ခြင်းဖြစ်သည်။

ညနေပိုင်းညီလာခံပြီး ဖင်လန်းဒီးယားအဆောက်အဦမှ မိမိတို့တည်းခိုရာဟိုတယ်သို့ ပြန်လာပြီး ရေမိုးချိုး အ၀တ်အစားလဲကာ ညစာစားရန်ထွက်လာတော့ ည ၇ နာရီရှိသော်လည်း မမှောင်သေး။ စားသောက်ပြီး ဟိုတယ်သို့ လမ်းလျောက်ပြန်လာသောအခါတွင်လည်း ည မရောက်သေး။  ည ၁၀ နာရီလောက်ကျမှ နေ ၀င်လေသည်။

လက်မှ နာရီလက်တံများကြောင့်သာ ညဟု သိရသည်။ အလင်းအမှောင်ကြောင့်မူ ညအချိန်ကို ရောက်နေမှန်း မသိကြရ။  စိန့်ပီတာစဘတ်မှာကဲ့သို့ တစ်ညလုံး လင်း၍မနေသဖြင့် ‘နေမ၀င် သောညများ’ (White Nights) ဟု မခေါ်ဆိုပဲ ‘နေ၀င်နောက်ကျသည့်ညများ’ (Long ‘White Nights’) ဟု ဆိုလေသည်။

ဥာဏ်ရည်နိမ့်မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ညီလာခံ (IASSID World Congress) ၏ စီစဉ်ပေးမှုဖြင့် ဟယ်(လ) ဆင်ကီမြို့ မှ စိန့်ပီတာစဘတ်မြို့ သို့ ကိုယ်စားလှယ် ၃၀ ကျော်ခန့်နှင့်အတူ ခရီးသွားခဲ့ရာ စိတ်ဝင်စားစရာအ တွေ့အကြုံလေးများ ခံစားရရှိခဲ့ပါသည်။ မိမိ မွေးဖွားကြီးပြင်းခဲ့ရာ မြန်မာပြည်နှင့်လည်းကောင်း မိမိ အလုပ် လုပ်ကိုင်နေရာ စင်ကာပူနိုင်ငံနှင့်လည်းကောင်း မတူကွဲပြားသော ရေမြေတောတောင်သဘာဝများကို မြင်တွေ့ ခဲ့ရသည်။ ဧည့်လမ်းညွှန်အမျိုးသမီးကြီးပြောပြသဖြင့် ဖင်လန် နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ သမိုင်းနောက်ခံနှင့် လူမှုစီးပွားအခြေအနေများကို ဗဟုသုတရခဲ့သည်။


ရုရှားနိုင်ငံနယ်စပ်တွင် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ထားသည့်မိမိအား တာဝန်ကျရုရှားစစ်သားက ရှုတည် တည်ဖြင့် စေ့စေ့အကြည့်ခံခဲ့ရသလို လ-၀-က အရာရှိကလည်း အမေးအမြန်း သိပ်မလုပ်ပဲ မြန်မာနိုင်ငံကူး လက်မှတ်က စာမျက်နှာတစ်ရွက်ကိုလှန်လိုက် မိမိမျက်နှာကို တစ်ခါကြည့်လိုက် လုပ်နေလေရာ လက်သီးဖြင့် ဆွဲမထိုးမိအောင် စိတ်ကို အတော်ကြီးထိန်းထားခဲ့ရသည်။ ဧည့်လမ်းညွှန်က ပြောပြထားသည့် ဖင်လန်နိုင်ငံ နှင့်ရုရှားနိုင်ငံတို့၏ ခြားနားသောစနစ် ၂ ရပ်အား ကိုယ်တိုင် တွေ့ကြုံနှိုင်းယှဉ်သိရှိခဲ့ရ၏။


ဖင်လန်နိုင်ငံနှင့် ရုရှားနိုင်ငံနယ်စပ်ရှိ ဆိုင်တစ်ဆိုင်ရှေ့ မှာ အမှတ်တရ ....။


စိန့်ပီတာစဘတ်သို့ လာသည့်ခရီးလမ်းတွင် ဧည့်လမ်းညွှန်အမျိုးသမီးကြီးက “ခရီးသွားများ အခု သွားလည် ကြမယ့် စိန့်ပီတာစဘတ်မြို့ ဟာ အမှောင်မဲ့ညများနဲ့ပတ်သက်လို့ စာပေတွေထဲမှာ ကဗျာ ဆန်ဆန် ရေးသားဖွဲ့ နွဲ့ခံရတဲ့မြို့ ဖြစ်ပါတယ်။ မြောက်ပိုင်းမှာရှိတဲ့ အခြားဘယ်မြို့ တွေကိုမှ အဲဒီလို တင်စားဖွဲ့ နွဲ့ခြင်း မရှိပါ ဘူး။ အ မှောင်မဲ့တဲ့ညတွေဖြစ်နေတဲ့အချိန်မှာဆိုရင် နေ့ကောညပါ လင်းနေ တာမို့ မြို့ ထဲက မြစ်ကမ်းနားလမ်းနဲ့ တူး မြောင်းတလျှောက် လမ်းလျောက်ရတာလောက် ကြည်နူးစရာကောင်းတာ ဘယ်မှာရှိပါ့မလဲလေ” ဟု ပြောပါ သည်။


သို့မို့ကြောင့် ထင်ပါသည်။



စိန့်ပီတာစဘတ်သို့ရောက်ပြီး နောက်တစ်နေ့မှာ စာရေးသူတို့ကို မြို့ ၏အထင်ကရဖြစ်သည့် ညဲဗားမြစ် ကမ်း နားလမ်းသို့ လိုက်ပို့ပေးခဲ့သည်။ မိမိသည် ညဲဗားမြစ်ကမ်းနားမှာ လမ်းလျောက်ရင်း မြစ်၏ တစ်ဖက် တစ်ချက် တွင်ရှိသော ဗိသုကာလက်ရာမြောက်လှသည့် ရှေးခေတ်အဆောက်အဦကြီးများ မြစ်ကူးတံတားများနှင့် ဘုရား ကျောင်းများကို တအံ့တသြ ငေးမောကြည့်ခဲ့ပါသည်။ သည့်အပြင် နိုင်ငံအချို့ မှ ညီလာခံကိုယ်စားလှယ်အဖော် များနှင့်အတူ မြစ်အတွင်းမှာ အပျော်စီးမော်တော်ဘုတ် စီးဖြစ်ခဲ့သေး၏။



ကမ္ဘာ့မြောက်ဖက်စွန်းအကျဆုံးမြို့ တစ်မြို့ ဖြစ်သော စိန့်ပီတာစဘတ်မြို့ သည် မေလမှ ဂျူလိုင်လ အထိကာလ များတွင် လတ္တိတွဒ်အမြင့်ပိုင်းသို့ ရောက်ရှိနေသဖြင့် နေသည် မြို့ ၏မိုးကုတ်စက်ဝိုင်းအောက်သို့ မကျရောက် သောကြောင့် ၂၄ နာရီ ကာလပတ်လုံး လင်းနေခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ လမ်းမီးများ ထွန်းထားခြင်း လုံးဝမတွေ့ခဲ့ရပါချေ။  


နေ့လည်းလင်း ညလည်းလင်းနေသော်လည်း ထိုစဉ်က စိန့်ပီတာစဘတ်တွင် လုံခြုံရေးမကောင်းလှသဖြင့် စာရေးသူတို့သည် ညပိုင်းမှာ မိမိတို့ဖာသာ ဟိုတယ်အပြင်ထွက်ပြီး လမ်းလျှောက်သွားလာနိုင်ခြင်း မရှိခဲ့ပေ။ ညစာ သွားစားချိန်သာ လိုက်ပို့ပေးသောကြောင့် မြို့ တွင်းသို့ ရောက်ကြရသည်။