"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, March 9, 2013

ညဖြူ သို့မဟုတ် နေမ၀င်သောညများ




I enjoyed the city’s sights from the sightseeing cruise in River Neva in St. Petersburge such as historical buildings, magnificent bridges and scenic views. 

Both in Helsinki, Finland and St. Petersburge, Russia I was amazed by the magical and astonishing phenomenon of White Night where the midnight sun can be seen and never went down the horizon. 



၁၃၇၄ ခုနှစ်  တပို့တွဲလပြည့်ကျော် ၁၁ ရက်    



'ညဲဗား'မြစ် (Neva River) ဘေးမှာ အမှတ်တရ။ (ဂျူလိုင် ၁၉၉၆)


တလောက ဒီကသတင်းစာတစ်စောင်ရဲ့  ခရီးသွားကြော်ငြာမှာ စိန့်ပီတာစဘတ်မြို့ အကြောင်းနဲ့ နေမ၀င်သောညများအကြောင်း ဓာတ်ပုံတွေဝေေ၀ဆာဆာနဲ့ ဖတ်ရတော့ မိမိရောက်ခဲ့တုန်းက အတွေ့အကြုံလေးကို ‘ခရီးသွားစာတမ်း’အရေးအသားပုံစံတစ်မျိုးနဲ့ အောက်ပါအတိုင်း ချပြီးရေး ကြည့်မိပါတယ်။


                                                     ******


ရုရှားနိုင်ငံ၏ ဒုတိယမြို့ တော်ဖြစ်သော စိန့်ပီတာစဘတ်၏ညသည် မလှုပ်မရှက်ပဲ လုံးဝဥသုန် တိတ်ဆိတ်လို့ နေ၏။

သို့သော် စိန့်ပီတာစဘတ်၏ညသည် မိမိသိထားသောညများကဲ့သို့ မှောင်မဲပြီး မနေ။
ဖြူဖွေးလို့ နေလေသည်။

နေကိုတော့ ရှင်းရှင်းလင်းလင်းကြီး မမြင်တွေ့ရ။

မိမိတစ်ဦးမှာမူ အိပ်ယာထက်တွင် ဂဏှာမငြိမ်စွာ လှုပ်လှုပ်ရွရွ ဖြစ်နေ၏။ အိပ်ယာက မကြာခဏ ထလျက် ပြူတင်းအနားကိုသွားပြီး လိုက်ကာအညိုကြီးအားဖွင့်သည်။ ပြီး အပြင်ဖက်သို့ ဘယ်နှစ် ကြိမ်မြောက်မှန်းမသိ ငေးငူ ကြည့်နေမိသည်။

ဘာကိုရယ်လို့ သတ်သတ်မှတ်မှတ် ကြည့်သည် မဟုတ်။ အပြင်ဖက်ကိုသာ ကြည့်လေသည်။

ဖြူတ၀က် ညိုတ၀က် မိုးသားတိမ်လိပ်များ
တိုက်တာများ
ရပ်ထားသော ကားများ
ပြေးလွှားနေသည့် လှိုင်းကြက်ခွပ်ကလေးများ
ပြီးတော့ ဆုံးစမမြင်နိုင်သော ရေပြင်ကျယ်ကြီး  ….




စိန့်ပီတာစဘတ်မြို့ ၏ အမှောင်မဲ့ညတစ်ည။ (ဂျူလိုင် ၁၉၉၆) ဓာတ်ပုံ - ဖိုးတာ။



ဖင်လန်နိုင်ငံ ဟယ်(လ)ဆင်ကီမြို့  (Helsinki)မှ စင်းလုံးငှားဘတ်(စ)ကားဖြင့် နံနက်စောစော ထွက်လာကာ ၈ နာရီကျော်ကြာခရီးအား လာခဲ့ရသဖြင့် ည ၉ နာရီလောက်ကတည်းက အိပ် ယာပေါ်မှာ လှဲအိပ်လိုက်သော် လည်း၊ နာရီဝက် တစ်နာရီ သို့မဟုတ် နှစ်နာရီလောက်ကြာသောအခါ ထကြည့်လိုက် ပြန်လှဲအိပ်လိုက် လုပ်နေ သည်မှာ ည ၁၂ နာရီ၊ နံနက် ၂ နာရီ ၃ နာရီ ထိုးသည်အထိဖြစ်၏။


မိမိတို့တည်းခိုသည့် ပတ်(ခ)အင်း ပရီဘာ(လ)တိစကားယားဟိုတယ် (Park Inn Pribaltiyskaya Hotel) သည် သမိုင်းဝင် ဗာစီးလက်(ဖ)စကီးကျွန်း (Vasilevskiy Island) ပေါ်တွင်ရှိလေရာ လှပသောပင်လယ်ရှု ခင်းကို ခံစားကြည့်ရှုနိုင်သည်။ 



စာရေးသူတို့ ခရီးသွားအဖွဲ့ ဟိုတယ်ရှေ့ ရှိ ဘတ်(စ)ကားဆီသို့ သွားကြစဉ်။ ဓာတ်ပုံ - ဖိုးတာ။

   

မိမိ၏အခန်းသည် ဟိုတယ်၏လက်ယာဖက်အခြမ်းတွင်ရှိသဖြင့် ဟိုတယ်၏အနောက်ဖက်ရှိ ပင်လယ်ကို အတိုင်းသား မြင်နေရ၏။ အတိအကျဆိုရသော် ဖင်လန်ပင်လယ်အော် (Gulf of Finland) ဖြစ်သည်။




ဟယ်(လ)ဆင်ကီမြို့  စိန့်ပီတာစဘတ်မြို့ နှင့် ဖင်လန်ပင်လယ်အော်။ (ဓာတ်ပုံ - အင်တာနက်)



မနေ့ကပင် ဖင်လန်နိုင်ငံ ဟယ်(လ)ဆင်ကီမြို့ မှ ထွက်လာခဲ့ပြီး မိုင်ပေါင်း ၁၈၅ မိုင် (ကီလိုမီတာ ၃၀၀ နီးပါး) ဝေးသည့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်သို့ ရောက်နေပြီဖြစ်သော်လည်း ဖင်လန်ပင်လယ်အော်နှင့် မလွတ်ကင်း နိုင်သေး။ အဘယ်ကြောင့်ဆိုသော် ဘောလတစ်ပင်လယ်၏ လက်တက်တစ်ခုဖြစ်သော ဖင်လန်ပင်လယ် အော်သည် ဖင်လန်နိုင်ငံ ရုရှားနိုင်ငံတို့နှင့် နယ်မြေချင်း ထိစပ်နေ ဖြစ်ရလေသည်။


ဟယ်(လ)ဆင်ကီမှာတုန်းကမှ ညဖြူကို ပထမဆုံး စပြီးမြင်ဖူးခဲ့ခြင်းဖြစ်သည်။

ညနေပိုင်းညီလာခံပြီး ဖင်လန်းဒီးယားအဆောက်အဦမှ မိမိတို့တည်းခိုရာဟိုတယ်သို့ ပြန်လာပြီး ရေမိုးချိုး အ၀တ်အစားလဲကာ ညစာစားရန်ထွက်လာတော့ ည ၇ နာရီရှိသော်လည်း မမှောင်သေး။ စားသောက်ပြီး ဟိုတယ်သို့ လမ်းလျောက်ပြန်လာသောအခါတွင်လည်း ည မရောက်သေး။  ည ၁၀ နာရီလောက်ကျမှ နေ ၀င်လေသည်။

လက်မှ နာရီလက်တံများကြောင့်သာ ညဟု သိရသည်။ အလင်းအမှောင်ကြောင့်မူ ညအချိန်ကို ရောက်နေမှန်း မသိကြရ။  စိန့်ပီတာစဘတ်မှာကဲ့သို့ တစ်ညလုံး လင်း၍မနေသဖြင့် ‘နေမ၀င် သောညများ’ (White Nights) ဟု မခေါ်ဆိုပဲ ‘နေ၀င်နောက်ကျသည့်ညများ’ (Long ‘White Nights’) ဟု ဆိုလေသည်။

ဥာဏ်ရည်နိမ့်မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ညီလာခံ (IASSID World Congress) ၏ စီစဉ်ပေးမှုဖြင့် ဟယ်(လ) ဆင်ကီမြို့ မှ စိန့်ပီတာစဘတ်မြို့ သို့ ကိုယ်စားလှယ် ၃၀ ကျော်ခန့်နှင့်အတူ ခရီးသွားခဲ့ရာ စိတ်ဝင်စားစရာအ တွေ့အကြုံလေးများ ခံစားရရှိခဲ့ပါသည်။ မိမိ မွေးဖွားကြီးပြင်းခဲ့ရာ မြန်မာပြည်နှင့်လည်းကောင်း မိမိ အလုပ် လုပ်ကိုင်နေရာ စင်ကာပူနိုင်ငံနှင့်လည်းကောင်း မတူကွဲပြားသော ရေမြေတောတောင်သဘာဝများကို မြင်တွေ့ ခဲ့ရသည်။ ဧည့်လမ်းညွှန်အမျိုးသမီးကြီးပြောပြသဖြင့် ဖင်လန် နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ သမိုင်းနောက်ခံနှင့် လူမှုစီးပွားအခြေအနေများကို ဗဟုသုတရခဲ့သည်။


ရုရှားနိုင်ငံနယ်စပ်တွင် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ထားသည့်မိမိအား တာဝန်ကျရုရှားစစ်သားက ရှုတည် တည်ဖြင့် စေ့စေ့အကြည့်ခံခဲ့ရသလို လ-၀-က အရာရှိကလည်း အမေးအမြန်း သိပ်မလုပ်ပဲ မြန်မာနိုင်ငံကူး လက်မှတ်က စာမျက်နှာတစ်ရွက်ကိုလှန်လိုက် မိမိမျက်နှာကို တစ်ခါကြည့်လိုက် လုပ်နေလေရာ လက်သီးဖြင့် ဆွဲမထိုးမိအောင် စိတ်ကို အတော်ကြီးထိန်းထားခဲ့ရသည်။ ဧည့်လမ်းညွှန်က ပြောပြထားသည့် ဖင်လန်နိုင်ငံ နှင့်ရုရှားနိုင်ငံတို့၏ ခြားနားသောစနစ် ၂ ရပ်အား ကိုယ်တိုင် တွေ့ကြုံနှိုင်းယှဉ်သိရှိခဲ့ရ၏။


ဖင်လန်နိုင်ငံနှင့် ရုရှားနိုင်ငံနယ်စပ်ရှိ ဆိုင်တစ်ဆိုင်ရှေ့ မှာ အမှတ်တရ ....။


စိန့်ပီတာစဘတ်သို့ လာသည့်ခရီးလမ်းတွင် ဧည့်လမ်းညွှန်အမျိုးသမီးကြီးက “ခရီးသွားများ အခု သွားလည် ကြမယ့် စိန့်ပီတာစဘတ်မြို့ ဟာ အမှောင်မဲ့ညများနဲ့ပတ်သက်လို့ စာပေတွေထဲမှာ ကဗျာ ဆန်ဆန် ရေးသားဖွဲ့ နွဲ့ခံရတဲ့မြို့ ဖြစ်ပါတယ်။ မြောက်ပိုင်းမှာရှိတဲ့ အခြားဘယ်မြို့ တွေကိုမှ အဲဒီလို တင်စားဖွဲ့ နွဲ့ခြင်း မရှိပါ ဘူး။ အ မှောင်မဲ့တဲ့ညတွေဖြစ်နေတဲ့အချိန်မှာဆိုရင် နေ့ကောညပါ လင်းနေ တာမို့ မြို့ ထဲက မြစ်ကမ်းနားလမ်းနဲ့ တူး မြောင်းတလျှောက် လမ်းလျောက်ရတာလောက် ကြည်နူးစရာကောင်းတာ ဘယ်မှာရှိပါ့မလဲလေ” ဟု ပြောပါ သည်။


သို့မို့ကြောင့် ထင်ပါသည်။



စိန့်ပီတာစဘတ်သို့ရောက်ပြီး နောက်တစ်နေ့မှာ စာရေးသူတို့ကို မြို့ ၏အထင်ကရဖြစ်သည့် ညဲဗားမြစ် ကမ်း နားလမ်းသို့ လိုက်ပို့ပေးခဲ့သည်။ မိမိသည် ညဲဗားမြစ်ကမ်းနားမှာ လမ်းလျောက်ရင်း မြစ်၏ တစ်ဖက် တစ်ချက် တွင်ရှိသော ဗိသုကာလက်ရာမြောက်လှသည့် ရှေးခေတ်အဆောက်အဦကြီးများ မြစ်ကူးတံတားများနှင့် ဘုရား ကျောင်းများကို တအံ့တသြ ငေးမောကြည့်ခဲ့ပါသည်။ သည့်အပြင် နိုင်ငံအချို့ မှ ညီလာခံကိုယ်စားလှယ်အဖော် များနှင့်အတူ မြစ်အတွင်းမှာ အပျော်စီးမော်တော်ဘုတ် စီးဖြစ်ခဲ့သေး၏။



ကမ္ဘာ့မြောက်ဖက်စွန်းအကျဆုံးမြို့ တစ်မြို့ ဖြစ်သော စိန့်ပီတာစဘတ်မြို့ သည် မေလမှ ဂျူလိုင်လ အထိကာလ များတွင် လတ္တိတွဒ်အမြင့်ပိုင်းသို့ ရောက်ရှိနေသဖြင့် နေသည် မြို့ ၏မိုးကုတ်စက်ဝိုင်းအောက်သို့ မကျရောက် သောကြောင့် ၂၄ နာရီ ကာလပတ်လုံး လင်းနေခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ လမ်းမီးများ ထွန်းထားခြင်း လုံးဝမတွေ့ခဲ့ရပါချေ။  


နေ့လည်းလင်း ညလည်းလင်းနေသော်လည်း ထိုစဉ်က စိန့်ပီတာစဘတ်တွင် လုံခြုံရေးမကောင်းလှသဖြင့် စာရေးသူတို့သည် ညပိုင်းမှာ မိမိတို့ဖာသာ ဟိုတယ်အပြင်ထွက်ပြီး လမ်းလျှောက်သွားလာနိုင်ခြင်း မရှိခဲ့ပေ။ ညစာ သွားစားချိန်သာ လိုက်ပို့ပေးသောကြောင့် မြို့ တွင်းသို့ ရောက်ကြရသည်။ 





No comments:

Post a Comment