"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, April 28, 2012

သတိ .. နံပတ်စဉ်အတိုင်း မခေါ်ပါ


ကြာတော့လည်း ကြခဲ့လှပြီ။

ဟိုလွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က Raffles Place ဘူတာကနေ ၁၀ မိနစ်လောက် လမ်း လျောက်သွား ရပြီး၊ ပီဒဲမ်းကိုးစင်တာ (Pidemco Centre)ရှိတဲ့ စင်ကာပူနိုင်ငံလူဝင်မှုကြီး ကြပ်ရေးရုံး (Immigration Department) ကို ရောက်ခဲ့စဉ်က မိမိရဲ့ တိုကင်နံပတ်ကလေးအားလက်ထဲမှာကျစ်ကျစ်ပါအောင်ကိုင်ထား ရင်း မိမိအလှည့်စောင့်နေခဲ့တုန်းက “သတိ .. နံပတ် စဉ်အတိုင်း မခေါ်ပါ” ဆိုတဲ့ သတိပေးစာတန်းလေး ကို စပြီးသတိပြုခဲ့မိတယ်။ ဒီစာတန်းလေးကိုတွေ့စကတော့ ‘ဘာဖြစ်လို့နံပတ်စဉ်အတိုင်း မခေါ်ရမှာလဲ’ လို့လည်း စိတ်ထဲတွေးမိပြီး မတင်မကျလေး ဖြစ်ခဲ့မိသေးတယ်။   

မြန်မာပြည်ကရောက်လာခါစ ပူပူနွေးနွေးလေးဆိုတော့ ‘ဘယ်သူတွေကိုများ ကြားဖြတ်လုပ် ပေးချင်လို့ ဒီလိုကြေညာထားရပြန်တာလဲ’လို့လည်း စင်ကာပူပါး မ၀သေးစွာ စွပ်စွပ်စွဲစွဲကြီးကို ထင်ခဲ့မိသေးတာ။ နောက်တော့မှ တစ်ခန်းဝင် တစ်ခန်းထွက်နဲ့ ပြာပြာသလဲ အလုပ်များနေကြ တဲ့ဝန်ထမ်းတွေ(မယုံမရှိကြနဲ့ ကိုယ်တို့တိုင်းမြန်ပြည်ကအတိုင်းပါပဲ)နဲ့ ဖိုင်တွေကိုအရာရှိအခန်းထဲယူသွားလိုက် ပြန်ထွက်လာလိုက်လုပ် နေတဲ့ဝန်ထမ်းတွေကို စေ့စေ့ငုငုလေးသတိပြုမိလေတော့မှ ‘အို့ဟိုး၊ ဒါကြောင့်ကိုး’ဆိုပြီး သဘောပေါက် ခဲ့ရတော့တာ။

ဒီနောက်ပိုင်းမယ်တော့ ဘဏ်တွေ ပေါ်လီကလင်းနစ်ကဆေးဆိုင်တွေကို အရောက်အပေါက်ရှိ လာတဲ့အ ခါမှာလည်း ဒီသတိပေးစာတန်းလေးကို တွေ့နေရတာပါပဲ။ ဒါနဲ့ဆက်စပ်ပြီး ယေဘုယျအားဖြင့် အစဉ်အ တိုင်းဖြစ်လေ့ဖြစ်ထ ရှိပင်ရှိငြားပေမယ့် တစ်ခါတစ်ရန်မှာ စောစောကသတိပေးစာတန်းလေးလိုပဲ အစီအ စဉ်လွဲပြီးဖြစ်နိုင်တာ ဖြစ်တတ်တာလေးတွေကို မီးခိုးကြွက်လျှောက်ဆိုသလို အတွေးဆန့်မိခဲ့ ပြန်ပါတယ်။

ဟိုတုန်းက MRTV-3 Web Site ရဲ့ ကြေးမုံသတင်းစာမှာ နာရေးကြော်ငြာသတင်းတွေကို ၁ မျက်နှာခွဲ ၂မျက် နှာလောက် ပါလေ့ရှိတာမို့ စာရေးသူက နေ့စဉ်မပျက် မလွတ်တမ်းဖတ်လေ့ ရှိခဲ့တယ်။ ဆုံးပါးသွားကြသူ တွေအထဲမှာ မိမိနဲ့ရင်းနှီးတဲ့ ဒါမှမဟုတ် မိမိသိတဲ့သူတွေပါ,မပါ သိရအောင်ပါ။ အဲဒီတုန်းက ရက်သား လ သားလေးများမှအစ၊ ၁၄-၁၅ နှစ်အလယ်၊ အသက် ၇၀၊ ၈၀၊ ၉၀ ကျော်တွေအဆုံးထိ အသက်အရွယ်အ မျိုးမျိုးမှာသေဆုံးကြတာတွေ့ရပြီး အတော်လေးကိုသံဝေဂရမိခဲ့ပါတယ်။ “မသာတစ်ခေါက် ကျောင်းဆယ် ခေါက်” ဆိုတဲ့မြန်မာ့ဆိုရိုးစကားအတိုင်း မသာလိုက်မပို့ရပါပဲလျက် ဘုရားကျောင်းကန်ကို ဆယ်ခေါက် ရောက်ရသလို ထိတ်လန့် ခြင်း သံဝေဂရခြင်း ခံစားဖြစ်မိခဲ့ပါတယ်။

အော်- မိမိကိုယ်တိုင်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ “ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက် မကွေး မီ” ဆိုသလို‘မျက်စိတမှိတ် လျှပ်တပျက်’အတွင်း ဘ၀ပြောင်းသွားနိုင်ကြောင်းကို လေးလေးနက်နက် တ ရားသဘောဆင်ခြင်နှလုံးသွင်းမိခဲ့ပါတယ်။

တကယ်က သေခြင်း ဒါမှမဟုတ် သေမင်းက -

အသက်အရွယ် ငယ်လွန်းသေးတယ်၊

အရွယ်လေးက ကောင်းတုန်းရှိသေးတယ်၊

သူတို့ကတော့ အိုမင်းကုန်ကြပါပြီ စသဖြင့်အသက်ကိန်းဂဏန်းနံပတ်စဉ်အတိုင်း ခေါ်လေ့မရှိပါချေ။ ငယ် ငယ်ရွယ်ရွယ် ရက်သားလေးနဲ့သေဆုံးသွားကြရသူတွေ ဒုနဲ့ဒေးရှိကြသလို အသက် ၈၀၊ ၉၀၊ တစ်ချို့ အ သက် ၁၀၀ ကျော်မှ သေဆုံးကြသူများလည်း မနည်းလှပေ။

ဒါကြောင့် သေခြင်းတရားကို အသက်ရေတွက်မှုနံပတ်စဉ်ဂဏန်းနဲ့ ပုံသေညီမျှကိန်းချပြီး ဝေးသေးတယ်၊ စောလွန်းသေးတယ်ဆိုကာ ကိုယ့်အလှည့်မရောက်နိုင်သေးဘူး၊ ကိုယ့်ရှေ့ ကသူတွေ အကုန်လုံးသွားပြီး မှ ကိုယ့်အလှည့်ကိုရောက်ရမှာ၊ ကိုယ်နဲ့ မဆိုင်သေးဘူးစသဖြင့် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ သ ဘောမထားမိကြစေဖို့ အရေးကြီးပါတယ်။  

ဘာကြောင့်လဲဆိုတော့၊

သေမင်းက နံပတ်စဉ်အတိုင်း မခေါ်တတ်တာမို့ပါ။ 

4 comments:

  1. အရမ်းလှတဲ့ အတွေးလေးဗျာ။
    အကျယ်ချဲ့ပြီးတော့များ ဝတ်ထုတို (သို့) စာပဒေသာလုံးချင်းစာအုပ် ရေးလိုက်ရရင် တော်တော်မိုက်မှာပဲ။
    (လူမျိုးနော်)

    I love the beuatiful connection between death and un-traditional queue number! That's more than awesome. :-)))))
    (LMN)

    ReplyDelete
  2. ဆရာလူမျိုးနော်
    အကြံပြုမှတ်ချက်ပေးထားတာ အများကြီးကျေးဇူးတင်ပါတယ်။ ၀တ္တုတိုလေးရေးဖြစ်အောင် ကြိုးပမ်းဖို့ စိတ်ဝင်စားမိပါတယ်။ စာပဒေသာလုံးချင်းစာအုပ်ရေးဖို့ကတော့ အများကြီးစဉ်းစားရ ပါဦးမယ်။ ကျွန်းသာယာကို ဆက်ဆက်လာလည်ပါဦးဗျာ။

    ReplyDelete
  3. ဖတ်လို့ကောင်းတယ်ဆ၇ာ

    ReplyDelete
  4. လာဖတ်ပြီးအားပေးတာ အများကြီးကိုကျေးဇူးတင်ပါတယ်။ ကြိုးစားပြီးဆက်ရေးပါဦးမယ်။

    ReplyDelete