၁၃၇၆ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၁ ရက်။
မနေ့က တနင်္ဂနွေနေ့မှာ စင်ကာပူက မြန်မာရွာကြီးရှိရာ ပဲန်နင်းစူးလားပလာဇာကို မိမိတို့လင်ကိုယ် မယားနှစ်ယောက် ရောက်သွားခဲ့ကြပြန်ပါတယ်။
မြန်မာပြည်က တူမလေးတစ်ယောက် စင်ကာပူကိုအလည်လာဖို့ကိစ္စအတွက် တလောက မြန်မာ ရွာကြီးကိုသွားလုပ်တာ မပြီးပြတ်သေးလို့ နောက်တစ်ခေါက်ထပ်သွားရတာဖြစ်တယ်။ ဟိုတစ် ခေါက်က ညနေပိုင်းသွားတော့ ရထားမှာ ခရီးသည်တွေ ဒင်းကြမ်းကိုများနေတာကြောင့် ဘတ်စ် ကားကို ပြောင်းပြီးစီးခဲ့ရလို့ အခုတစ်ခေါက်မှာ နေ့လည်ခင်းသွားပြီး ဘတ်စ်ကားစီးသွားခဲ့လို့ အ ဆင်ပြေခဲ့ပါတယ်။
ဒါပေမယ် မြန်မာရွာကြီးရှိရာ ပဲန်နင်းစူးလားပလာဇာကိုရောက်တဲ့အခါ အထပ်တိုင်း ဆိုင်တိုင်းနဲ့ ဓာတ်လှေကားတွေမှာ မြန်မာတွေနဲ့ ကြိတ်ကြိတ်တိုးမျှ စည်ကားနေတာ တွေ့ရပါတယ်။ အုပ်စု လိုက် ပြုံးပျော်ရယ်မောသွားလာနေကြတဲ့ အရောင်အသွေးမျိုးစုံနဲ့ မိမိတို့ကိုရွှေမြန်မာများကို တွေ့ရတာမို့ မြန်မာပြည်က အခါကြီးနေ့ကြီးရက်များလေလားလို့တောင် ထင်ရမိပါရဲ့ ။ သူတို့ဆီက အပျော်ဓာတ်တွေပါ ကူးစက်လာခဲ့ပါတယ်။
မြနန်းနွယ်ဆိုင်မှာ တူမလေးအတွက် စာပေးပြီး ရောက်တုန်းရောက်ခိုက်မှာ အိမ်အတွက်လိုအပ်တဲ့ ပစ္စည်းလေးတွေကို အိမ်ရှင်မက ၀ယ်ပါတယ်။ မိမိအတွက် ကလျာမဂ္ဂဇင်း၊ အိမ်အတွက် ပဲပြုတ်နဲ့ မုန့်ဖက်ထုတ်၊ သမီးတို့အိမ်အတွက် မြသပိတ်နဲ့သပြေပန်း၊ မိမိ၏လုပ်ဖော်ကိုင်ဖက် စင်ကာပူနိုင်ငံ သူများက အထူးတလည်မှာထားတဲ့ မြန်မာ့သနပ်ခါးဘူး ၃ ဘူး။
ပြီးတဲ့အခါ အောက်ထပ်ကိုဆင်းပြီး နေ့လည်စာစားဖို့သွားတော့ ဆိုင်တွေအားလုံးမှာ လူတွေနဲ့အ ပြည့်ပဲ။ အလှူပေးနေတဲ့အတိုင်းပဲလေ။ အခုတလောစားဖြစ်နေတဲ့ ရနံ့သစ်စားသောက်ဆိုင်မှာ မိမိ တို့ ၂ ယောက်အတွက် ထိုင်စရာနေရာမရတော့တာနဲ့ မရောက်ဖြစ်တာကြာပြီဖြစ်တဲ့ အင်းလေးစား သောက်ဆိုင်မှာ သွားစားခဲ့ရတယ်။ အဲဒီမှာ မြင်းခွာရွက်သုတ်၊ ငါးပိချက်၊ ၀က်သားဟင်း၊ ၀က်ခေါင်း သုတ်၊ ရုံးပတီသီးကြော်၊ ဘူးသီးဟင်းချိုစသဖြင့် ဖွယ်ဖွယ်ရာရာ မြိန်မြိန်ရှက်ရှက်စားခဲ့ရလို့ ကျန်းမာ ရေးအတွက် ဗိုက်အရမ်းတင်းအောင်မစားဘူးဟဲ့ဆိုတဲ့ ကိုယ့်ဥပုသ်တောင် ကျိုးသွားခဲ့ရပါပေါ့။
ဒါတွင်ဘယ်ဟုတ်သေးလဲ။ အိမ်အပြန် ဘတ်စ်ကားပေါ်မှာ ဗိုက်က ကယ်ပြီးတင်းနေလို့ နေရထိုင်ရ တာ မကောင်းဘူးဖြစ်ရတယ်။ စားချင်အုန်းဟဲ့ ဗိုက်ကြီးတင်းအောင်။
အခုတစ်ခေါက် မြန်မာရွှာကြီးမှာ စိတ်ဝင်စားစရာ ကြော်ငြာ ၂ ခုကိုလည်း တွေ့ခဲ့ရသေးတယ်။
တစ်ခုက စင်ကာပူမှာလာနွှဲမယ့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ။ ဆိုင်က မှန်ချပ်ပေါ်မှာ လက်ဝှေ့ကြော်ငြာ အချပ်ကြီး ၃ ချပ်ကို နံရံပြည့်ကပ်ထားပြီး မြန်မာ့လက်ဝှေ့ဗွီဒီယိုပါ ပြထားတာကြောင့် လူတွေမတ်တတ် ရပ်ပြီး ကြည့်နေကြတယ်။ အချို့ ကလည်း ပြိုင်ပွဲလက်မှတ်များ ၀ယ်နေကြတာကို တွေ့ရပါတယ်။
မြန်မာ့ရိုးရာလက်ဝှေ့က မိမိ၏သည်း ခြေကြိုက်။ ကိုယ်တိုင်က ဆရာရွှေဘိုဘာမထီခင်အောင်ကိုယ်တိုင် ဦးစီးသင်ကြားပေးတဲ့ ရွှေဘို‘ကျားနက်လက်ဝှေ့ (အင်္ဂလိပ်လက်ဝှေ့)အသင်း’ မှာ ကစားခဲ့တာ။ အားကစား မျိုးစုံအားလုံးအထဲမှာ လက်ဝှေ့ထိုးတာကို မိမိ အကြိုက်ဆုံး။ ၀ါသနာ အပါဆုံး။
နောက်တစ်ခုက စင်ကာပူမှာလာရောက်ဖျော်ဖြေမယ့် ဆန်းဝင်း ချမ်းသာ ညီအစ်ကိုနှစ်ဦး၏ ရွှေမန်းသဘင်။ သပြေနုဆိုင်ရှေ့ မှာ စားပွဲလေးတစ်လုံးနဲ့ လူငယ်လေး ၂ ဦးက ပွဲလက်မှတ်ရောင်းနေပါတယ်။
မင်းသားဆန်းဝင်းကို မသိပေမယ့် မင်းသားချမ်းသာကို သိခဲ့တာတော့ ကြာပါပြီ။ စင်ကာပူက မြန်မာဗုဒ္ဓဘာ သာဘုန်းတော်ကြီးကျောင်း (Burmese Buddhist Temple) ဖွင့်ပွဲအတွက် မင်းသားချမ်းသာနဲ့ မင်းသမီး ဒေါင်းမလေးတို့ကိုဖိတ်တုန်းက သိကျွမ်းခင်မင်ရင်းနှီးခဲ့တာဖြစ်တယ်။
ဆက်ပြီးရေးပါဦးမယ်။