"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, April 29, 2024

စပ်မိစပ်ရာများ(၁၉) - World Physiotherapy မှ ဒေါက်တာစူဖန်



ဧပြီ ၂၅ ရက်နေ့က World Physiotherapy(WP) မှ WP အဖွဲ့ဝင်များထံပေးပို့သည့်အီးမေးတွင် ထိုင်ဝမ်

နိုင်ငံအကြောအဆစ်ကုပညာရပ်အသင်း(Taiwan Physical Therapy Association) က WP ဒု-ဥက္ကဋ္ဌ 

'ဒေါက်တာစူဖန်ဂျန်'အား Lily Huang Award ပေးအပ်ချီးမြှင့်တဲ့သတင်းပါရှိခဲ့ပါတယ်။

မိမိသတိပြုမိသ၍တော့ အကြောအဆစ်ကုပညာရပ်ဆိုင်ရာကမ္ဘာ့အဖွဲ့အစည်း(WP)၏Vice President 

ရာထူးကို အာရှနိုင်ငံသားများထဲကရရှိတာဝန်ယူရတာ ယခုတကြိမ်သည် ပထမဆုံးဟုထင်ပါမိပါတယ်။


မိမိသည်  ဒေါက်တာစူဖန်ကို အာရှနှင့်ကမ္ဘာ့ညီလာခံအချို့ တွင် အတွေ့အမြင်များခဲ့ပြီး သိရှိခဲ့ဖူးတာပါ။ 

ရင်းရင်းနှီးနှီးတော့လဲ မဟုတ်ပါဘူး။ သူနဲ့မှတ်မှတ်ရရ ဓာတ်ပုံတွဲရိုက်ဖူးတာက ၂၀၁၁ ခုနှစ် ဇွန်လက 

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ မှာဖြစ်တယ်။ 

၁၆ ကြိမ်မြောက် International WCPT Congress 2011 ကျင်းပခဲ့စဉ်ကပါ။ ကမ္ဘောဒီးယားနိုင်ငံကPT

မိတ်ဆွေ ၂ ဦးနဲ့အတူ ညီလာခံအဆောက်အဦတခုထဲမှာ အမှတ်တရရိုက်ခဲ့ကြတာ(အောက်ပုံ)။
























WP ဒု-ဥက္ကဋ္ဌ 'ဒေါက်တာစူဖန်ဂျန်'အား ထိုင်ဝမ်နိုင်ငံအကြောအဆစ်ကုပညာရပ်အသင်း(TPTA) က 

Lily Huang Award ချီးမြှင့်တာနဲ့ပတ်သက်ပြီး  မနေ့ညက မိတ်ဆက်ရေးသားရာမှာ သူသည် WP၏

Vice President ရာထူးကို အာရှနိုင်ငံသားများထဲက ပထမဆုံးရရှိတာဝန်ယူရတာဖြစ်ကြောင်း မိမိ၏

ထင်မြင်ချက်ကိုပြောခဲ့ပါတယ်။ 

အဲဒါဟုတ်မဟုတ်သေချာရအောင် WP သတင်းအချက်အလက်များကို  ဒီကနေ့ရှာကြည့်တဲ့အခါ မှန်

ကန်ကြောင်းသိရတာကြောင့် အာရှနိုင်ငံများက PT များနှင့် အာရှတိုက်သူများကိုယ်စား မိမိ ဂုဏ်ယူ

ဝမ်းမြောက်မဆုံးဖြစ်မိပါတယ်။










ဒေါက်တာစူဖန်သည် ထိုင်ဝမ်အမျိုးသားတက္ကသိုလ်(National Taiwan University-NTU)ရှိ School

and Graduate Institute of Physical Therapy မှာ ပါမောက္ခတဦးဖြစ်ပါတယ်။  

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ တွင် ၂၀၂၃ ခုနှစ်မေလကပြုလုပ်ခဲ့သည့် WPအထွေထွေအစည်းအဝေးကြီး

မှာ ထောက်ခံမဲ ၉၉%ဖြင့် သူ့ကို WP Vice President အဖြစ် တခဲနက်မဲပေးရွေးချယ်ခဲ့ကြတာပါ။ 


ဒါဟာ ကမ္ဘာ့ပညာရပ်ဆိုင်ရာအဖွဲ့အစည်းကြီး (Global Professional Organisation) တခု မြင့်မားလှ

သည့်ဦးစီးဦးဆောင်ရာထူးအဆင့်(High-level leadership position) ကို အာရှတိုက်သူအကြောအဆစ်

ကုပညာရှင်တဦးအနေဖြင့် ပထမဆုံးတာဝန်ထမ်းဆောင်ခွင့်ရတာပါပဲလို့ ချီးကျူးထောပဏာပြုခဲ့ကြပါ

တယ်။

 










ဆက်ပြီးရေးပါဦးမည်။



 

Saturday, April 27, 2024

စပ်မိစပ်ရာများ(၁၈) - Forum မှာရေးခဲ့တဲ့စာတစောင်- ၃

 



ရိုက်တာစ်(Reuters)သတင်းဌာနဆိုတာ ကမ္ဘာပေါ်မှာရှိသည့် ၀ါရင့်သမ္ဘာရင့်ဖြစ်ပြီးသြဇာကြီးမားလှ

တဲ့အကြီးဆုံးသောသတင်းဌာနများ(news agencies)ထဲက တခုအပါအ၀င်ဖြစ်တယ်လို့ မိမိသိရှိထား

ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာရှိသော ရခိုင်ပြည်(တိုင်းဌာနေ)သည် မွတ်စလင်ဘာသာဝင်အများစုနေထိုင်

ရာဒေသဖြစ်သည် "Muslim-majority Arakan state"ဟု သူ၏သတင်းတပုဒ်မှာ အလွဲလွဲအမှားမှား

ရေးခဲ့တာကိုဖတ်လိုက်ရတော့ မိမိအနေဖြင့် အတော်လေးတုန်လှုပ်ချောက်ချားသွားခဲ့ရပါတယ်။


ဟာကွာ ကမ္ဘာ့သတင်းဌာနကြီးတခုအနေနဲ့ ဒီလောက်လေးမှ အချက်အလက်မှန်ကန်အောင် မတင်

ပြနိုင် မရေးသားနိုင်ရကောင်းလားဆိုပြီး ဒေါသလဲဖြစ်မိခဲ့ပါတယ်။


ဘယ်မှာလဲ သတင်စာကျင့်ဝတ်ဆိုတာတွေ။

ဘယ်မှာလဲ သတင်းတခု၏အချက်အလက်မှန်ကန်မှုနဲ့သတင်းစိစစ်မှုအလုပ်တွေ(Fact-checking)။

ဘယ်မှာလဲ သတင်းတခု၏အရည်အသွေးနဲ့တန်ဖိုး။















နောက်တခု ထပ်ပြီးတွေးမိသေးတာက ...

ဒီလိုမျိုးရေးသားတာဟာ သွေးရိုးသားရိုးမှ ဟုတ်ပါလေစလို့။

ဘာ့ကြောင့်လဲဆိုတော့ ဒီမှတ်ချက်က ရိုဟင်ဂျာတွေကို ဘင်္ဂလားဒက်ရှ်နိုင်ငံထဲကနေမြန်မာပြည်ကို

ပြန်လည်ပို့ဆောင်ဖို့နဲ့ပတ်သက်ပြီးရေးတဲ့သတင်း (Refugee repatriation) ဖြစ်နေလို့ပါ။


ဒီတော့ နောက်ကွယ်ကလက်မဲပိုင်ရှင်ကြီးတဦးဦးက သတင်းဌာနကို ငွေနဲ့ပေါက်ဝယ်ပြီး ရိုဟင်ဂျာ

တွေနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ အမြင်က မြန်မာပြည်အပေါ်ကို ထင်ယောင်ထင်မှားဖြစ်သွားအောင် 

တမင်တကာ လုပ်ကြံတာမျိုးလဲဖြစ်နိုင်တယ်။ 


ဒါကြောင့် မိမိက မြန်မာနိုင်ငံက ရခိုင်ပြည်(တိုင်းဌာနေ)သည် ရှေးပဝေဏသီအခါကာလကတည်းက

ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများ အခြေတချနေထိုင်ခဲ့ပြီး ဗုဒ္ဓအမွေအနှစ်ဘုရားကျောင်းကန်များ အထင်

အရှားရှိခဲ့ကြောင်းကို Reuters သတင်းအမှားဖော်ပြပေးခဲ့သည့် စင်ကာပူနိုင်ငံထုတ် The Straits Times

သတင်းစာမှာပဲ အထက်ကအတိုင်း ပြန်လည်ချေပရေးသားဖြေရှင်းခဲ့ကြောင်းပါ။
















Thursday, April 25, 2024

စာကြည့်တိုက်နှင့်သုတေသန [ ဖေ့စ်ဘွတ်မှ ဘလော့သို့ - ၁၀ ]













 


မိမိအနေဖြင့် သုတေသနအလုပ်ကို ငယ်စဉ်ကတည်းက စိတ်ဝင်တစားရှိခဲ့တာပါ။

ဒါကြောင့် ဆေးဘက်ပညာကျောင်းသားအဖြစ် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှာ ပထမ ၂ နှစ်တက်

ရောက်ခဲ့စဉ်က မြန်မာနိုင်ငံသုတေသနအသင်းကကြီးမှူးကျင်းပခဲ့သည့်သုတေသနစာတမ်းဖတ်ပွဲကို

RASU ထဲက ၀ိဇ္ဇာနှင့်သိပ္ပံစာသင်ခန်းမတွေမှာ ၂ ရက်လား ၃ ရက်လား ကျင်းပခဲ့တုန်းက မိမိ နေ့စဉ်

တက်ရောက်နားထောင်ခဲ့ရတာကို အမှတ်တရရှိလှပါတယ်။ 

သိပ္ပံစာသင်ခန်းမတွေမှာ သိပ္ပံနဲပတ်သက်တဲ့စာတမ်းတွေကိုဖတ်ကြားတာဖြစ်ပြီး ၀ိဇ္ဇာဖက်အခြမ်းက

စာသင်ခန်းမတွေမှာတော့ ၀ိဇ္ဇာဘာသာရပ်ဆိုင်ရာစာတမ်းတွေဖတ်ကြားခဲ့တာဖြစ်တယ်။


ကိုယ်တိုင်က ဆေးဘက်ပညာကျောင်းသားဖြစ်တာကြောင့် နားလည်လည် မလည်လည် ဆေးသုတေ

သနနဲ့သက်ဆိုင်တဲ့စာတမ်းတွေကို အများဆုံးနားထောင်ခဲ့ဖြစ်တာ။ 


သေချာတာက သုတေသီဆရာဝန်ကြီးများ၏တင်ပြမှုတွေရယ်၊ တက်ရောက်လာသည့်ဆရာဝန်ကြီး

ငယ်များနဲ့မေးမြန်ဆွေးနွေးမှုတွေရယ်၊ ယုတ်စွအဆုံး သူတို့အားလုံး၏အင်္ဂလိပ်ဘာသာစကားကျွမ်း

ကျင်မှုတွေရယ်က မိမိ၏စူးစမ်းလေ့လာလိုစိတ်ကို နှိုးဆွပေးနိုင်ခဲ့တဲ့အပြင် အားကျအတုယူလိုစိတ်က

လဲ ကျောထဲမှာ တစိမ့်စိမ့်ခံစားရသည်အထိဖြစ်ခဲ့ရတာကို ယနေ့အထိမမေ့နိုင်စရာပါပဲ။

စိတ်ထဲမှာတောင် ပြောမိနေခဲ့သေးတယ်။

"တော်လိုက်ကြတာ တော်လိုက်ကြတာ" လို့လေ။





















အဲဒီလို သုတေသနပြုလုပ်တာတွေကိုစိတ်ဝင်စားနေတဲ့အချိန်မှာ ကမာရွတ်လှည်းတန်းကစာအုပ်ဆိုင် 

(၂)ဆိုင်နဲ့ ရန်ကုန်မြို့ ထဲက စာအုပ်အသစ်နဲ့အဟောင်းဆိုင်တွေကို အရောက်အပေါက်များလေ့ရှိသည့် 

မိမိသည် 'ရေငတ်တုန်း ရေတွင်းထဲကျ' ဆိုသလို စ၀်ထွန်းမှတ်ဝင်း (၀ိဇ္ဇာဂုဏ်ထူး၊ မဟာဝိဇ္ဇာ-ရန်ကုန်။ 

ဝိဇ္ဇာမဟာ-ဟားဗဒ်)၏ အထက်က 'သုတေသနပြုစုနည်းအမျိုးမျိုး'ကိုတွေ့တာကြောင့် ၀ယ်ယူဖတ်ရှုနိုင်

ခဲ့ပါတယ်။ သုတေသနပြုစုတာနဲ့ပတ်သက်ပြီး မိမိ ပထမဆုံးဖတ်ဖူးခဲ့သည့်စာအုပ်ပါ။


သုတေသနဘာသာရပ်ကို တက္ကသိုလ်မှာသင်ယူလေ့လာပြီး လက်တွေ့လုပ်ခဲ့သူတဦး၏စနစ်တကျရှင်း

ရှင်းလင်းလင်းရေးသားပြုစုထားသည့်စာအုပ်ဖြစ်တာကြောင့် မိမိလို သုတေသနဗဟုသုတ လုံးဝမရှိတဲ့

သူပင် သုတေသနကို အခြေခံအားဖြင့် ကြားဖူးနားဝရှိခဲ့ရပါတယ်။ ကျေးဇူးကြီးလှပါပေတယ်။











ဆက်ပြီးရေးပါဦးမည်။





Saturday, April 20, 2024

စပ်မိစပ်ရာများ(၁၉)--ရုပ်ရှင်မင်းသားဝင်းဦးနှင့်ကျနော်

 






မိမိသည် ၀င်းဦးကိုရုပ်ရှင်မင်းသားအဖြစ်စပြီး သိရှိခဲ့ပါသည်။ 
လူကိုသိရှိခြင်းမဟုတ်ပါ။ ရုပ်ရှင်ကြည့် သိခဲ့ရသည်။
 
ထိုနောက်တွင်မှ အဆိုတော်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ မဂ္ဂဇင်းထုတ်ဝေသူနှင့်ပုံနှိပ်တိုက်ပိုင်ရှင်စသဖြင့်
သိရှိလာခဲ့ပါသည်။

မင်းသားကြီးဝင်းဦးကို လူကိုယ်တိုင်သိရှိခဲ့သည်မှာ ၁၉၈၁-၈၃ ခုနှစ်များလောက်ကဟုထင်ပါသည်။

ထိုအချိန်က မိမိသည် မဂ္ဂဇင်း၊ သုတစာအုပ်(ကလျာ၊ စန္ဒာ၊ သိပ္ပံမဂ္ဂဇင်း၊သုတစွယ်စုံ)နှင့်သတင်းစာများ 
တွင် စာများရေးသားခဲ့သည်။ ပထမတွင် စာမူများပေးရင်း စန္ဒာမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင် ကိုအေးကို၊ 
ကိုတင်မောင်လတ်တို့နှင့်သိကျွမ်းသည်။ 

မိမိသည် ဘားလမ်း(မဟာဗန္ဓုလပန်းခြံလမ်း)အထက်ဘလောက်ရှိ ကျောက်တံတားသမဆေးခန်းတွင်
ဆေးခန်းထိုင်သဖြင့် တလမ်းထဲရှိစန္ဒာမဂ္ဂဇင်းတိုက်ကို နေ့တိုင်းလိုလိုခလုတ်တိုက်နေသည်ဟုဆိုနိုင်ပါ
သည်။ 

တနေ့မှာ သူ၏မဂ္ဂဇင်းတိုက်မှာ မင်းသားကြီးနှင့်အမှတ်မထင်တွေ့ရာ အယ်ဒီတာများကမိတ်ဆက်ပေး
သဖြင့် စကားပြောဖြစ်သည်။ မိမိက အရိုးရောဂါအထူးကုဆေးရုံမှာ အလုပ်လုပ်နေကြောင်းပြောပြရာ
သူ ခါးနာသဖြင့် အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဦးခင်မောင်တူးဖြင့် ကုသဖူးကြောင်းပြော
ပါသည်။






















တခါ သူက မိသားစုအကြောင်းမေးသဖြင့် မိမိ၏ဇနီးအကြောင်းပြောပြရာ 'ကိုအေးမင်းသမီးဆိုရင်ချော
မှာပေါ့'ဟု သူကဆိုပါသည်။

'ကျနော်က ကိုအေးမင်းနဲ့တပ်ထဲမှာရင်းနှီးခဲ့တာ'ဟုပြောသည်။  

မင်းသားကြီးက ကြည်းတပ်တွင်တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ကြီးအဆင့်ဖြင့်အနားယူကာ အနုပညာ
လမ်းကြောင်းပေါ်လျှောက်လှမ်းခဲ့သည်။ 

မိမိဇနီး၏ဖခင်က ရေတပ်မှာဗိုလ်မှူးအဆင့်အထိအလုပ်လုပ်ပြီး အရပ်ဖက်ပြောင်းကာ ရေကြောင်းပြ
အရာရှိလုပ်ပြီးနောက် နိုင်ငံခြား(အမေရိကန်)သို့အပြီးအပိုင်ထွက်သွားခဲ့သည်။

သို့တစေ သူတို့နှစ်ဦးလုံးသည် မဆလခေတ် စစ်တပ်သြဇာကြီးထွားနေချိန်တွင် စစ်တပ်နှင့်ပြတ်ပြတ်
သားသားလမ်းခွဲကာ ကျောခိုင်းသွားကြသည့်နေရာမှာတော့ အတူတူပင်ဖြစ်ကြသည်။

ထိုအချိန်က မျက်နှာဖုံးနှင့်အတွင်းအဆင်အပြင်ကောင်းပြီး ပုဂ္ဂလိကပုံနှိပ်တိုက်များတွင်မြန်မာပြည်၏ပ
ထမဆုံးသောရောင်စုံအော့ဖ်ဆက်(Offset printing)သုံးခဲ့သည့် အအောင်မြင်ဆုံးမဂ္ဂဇင်းစန္ဒာတွင် မိမိ
စာများရေးခဲ့သဖြင့်ဂုဏ်ယူမိပါသည်။ 

ကလေးများအတွက်သီးသန့်စာမျက်နှာဖြစ်သည့်'ဦးဦးပုံပြောမယ်'ကဏ္ဍတွင် ထိုစဉ်က အသက်၆နှစ်အ
ရွယ်မိမိ၏သမီးအား ၀င်းဦး၏ဓာတ်ပုံနှင့်အတူ စာမျက်နှာအပြည့်ဖော်ပြပေးခဲ့သည်ကို မှတ်မိနေပါသည်။ 




မိမိ၏ဇနီးပြောပြ၍သိရသည်မှာ ခရစ္စမတ်ပွဲတော်ရက်တွင် မင်းသားကြီးက သူ့အဖေမိသားစုနေထိုင်

ရာ'မန်းကီးပွိုင့်'(Monkey Point သံလျှက်စွန်း)က ရေကြောင်းပြအရာရှိရိပ်သာကို နှစ်စဉ်အလည်လာ

ရောက်လေ့ရှိသည်ဟုသိရသည်။ ဇနီး၏ဘကြီးဦးသိန်းမင်းနှင့်ဒေါ်သန်းသန်းရှိန်(အဆိုတော်)၊ ရိပ်သာ

ဝင်းထဲမှာနေထိုင်သူအရာရှိအချို့ နှင့် အပြင်မှလာကြသည့်ဧည့်သည်များသည် ညစာစားကြ ဘီယာ

သောက်ကာ သီချင်းဆိုကြသည်။ မင်းသားကြီးက န္ဒယားတီးသည်။  













မိမိတို့ငယ်ငယ် အလယ်တန်းကျောင်းသားဘ၀က ရွှေဘို'ရဲဌာနာ'(ထိုစဉ်က ရဲစခန်းဟုမခေါ်ပါ)၀င်းအ

တွင်းနေစဉ် မင်းသားဝင်းဦးကိုသဘောကျသည့်အကိုကြီးတဦး(ရဲတပ်ကြပ်ကြီး၏သား)က မင်းသား

ကြီး၏ဆံပင်ဖီးပုံ(ကေခွဲပုံ)ကိုပြုလုပ်ပေးသဖြင့် လူငယ်ပီပီအရူးထပြီး ခဏတဖြုတ်ထားခဲ့ဖူးသည်ကို

မှတ်မိနေသေးသည်။ 

လိုချင်သည့်ဆံပင်ပုံကိုပြုလုပ်ရန် (Styling gel)အဖြစ် ထုံးကိုရေစိမ်ပြီး အပေါ်အရည်လေးရသည်အထိ 

တညအိပ်ခန့်ထားရသည်။ ထိုအရည်ကြည်ဖြင့်ဆံပင်များကိုလိမ်းကျံပေးပြီးနောက် လိုချင်သည့်ဆံပင်ပုံ

ကိုလုပ်ယူရသည်။  ထုံးအရည်ကြည်လိမ်းလိုက်သောအခါ ဆံပင်က မွမွစည်းစည်းလေးဖြစ်သွားသည်။

ဆံသားလည်း ကြမ်းလာခဲ့သည်။


ဝင်းဦး၏ဆံပင်ပုံဆိုက 'က'ကြီးပုံဖီးရသည်။ ပထမကကြီးအ၀ိုက်က ဒုတိယကကြီးအ၀ိုက်၏ထက်ဝက်

ခန့်သာရှိရန် ပုံယူရသည်။ ဒါဆိုရင် ၀င်းဦး၏ကေပုံလေးရပြီ။ 


သို့သော် နှုတ်ခမ်းမွေးစစမရှိက ၀င်းဦး၏မျက်နှာနှင့်ဆင်တူရန် အင်္ဂါမစုံသေးပါချေ။ 


အဲဒီမှာ မိမိအဖို့ပြသနာတက်တော့၏။ ထိုအချိန်က မိမိတွင်ပေါ်ပေါ်လွင်လွင်နှုတ်ခမ်းမွေးမရှိသေး။ ဟုတ်

တာပေါ့။ လူက လူပျိုလောက်လောက်လားလားမှမဟုတ်သေးတာဘဲ။ ရောဂါကသာ အထစောနေခဲ့တာ။















ကျနော် ၀င်းဦးအသံတုတတ်တယ်။


ဆက်ပါဦးမည်။




Friday, April 19, 2024

Gym သွားတောလား [ ဖေ့စ်ဘွတ်မှ ဘလော့သို့ - ၉ ]

 


လွန်ခဲ့သည့် ၇ နှစ်က ဖေ့စ်ဘွတ်မှာရေးတင်ထားတဲ့စာပါ။





'တောလား'ကို မြန်မာစာဆရာတဦးကရှင်းပြထားတာက 'လား'ဆိုတာ သွားတာလာတာကိုပြောတာလို့
ထင်စရာရှိသော်လည်း တကယ်က သွားသည့်နေရာအကြောင်းကိုပြောတာ မဟုတ်ပါဘူးတဲ့။

ဥပမာ၊ ရှင်မဟာရဋ္ဌသာရ၏ရွှေစက်တော်သွားတောလားကိုဖတ်ကြည့်ရင် ရွှေစက်တော်အကြောင်းရေး
ထားတာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

ဘာတွေရေးထားတာလဲဆိုရင် ရွှေစက်တော်သွားရာလမ်းတလျှောက်မှာရှိသည့်တောတောင်ရေမြေသဘာဝအကြောင်းတွေကို ဖွဲ့နွဲ့ရေးစပ်ထားတာပါပဲတဲ့။

အဲ ဟဲ ဒီမှာက မြို့ ထဲမှာအနီးအနားလေးသွားတာဆိုတော့ ဘယ်မှာရေမြေတောတောင်သဘာဝတွေရှိ
ပါ့မလဲလေ။

ဒါကြောင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုနဲ့ အသုံးပြုတဲ့ကရိယာအကြောင်းတွေကိုပဲ မျှဝေပြောပြရတာ
လေ။

တချို့  မိုတီလေးရရင် ကျေနပ်ပါပြီ။

အောက်မှာ မိတ်ဆွေ ၂ ဦးရေးထားတာသာ ဖတ်ကြည့်။














Wednesday, April 17, 2024

နှစ်သစ်ကူးအဓိဋ္ဌာန် [ ဖေ့စ်ဘွတ်မှ ဘလော့သို့ - ၈ ]

 




အသက်ကြီးလာသောအခါ မိမိ၏ရုပ်ခန္ဓာကြီး အချိန်နှင့်အမျှ တဖြည်းဖြည်းချင်းပြောင်းလဲလာနေ

သည်ကို စောင်းပါးရိပ်ခြည်မှ ထင်ထင်ရှားရှား ရှိလာ သိလာ မြင်လာ ခံစားလာရသည်အထိသတိပြု

မိခဲ့သည်။

ထို့အတူ အတွေးအမြင်နှင့်စိတ်တို့၏ပြောင်းလဲခြင်းများလည်း ထပ်ချက်မကွာဖြစ်လာတော့သည်။


ထိုအခါ မိမိအနေဖြင့် ပြောင်းလဲလာနေသည့် ဒီရုပ်ခန္ဓာ ဒီစိတ်တို့နှင့်အတူ လိုက်လျောညီထွေပြုပြင်

မှု ပြောင်းလဲမှုများကို အခါအားလျှော်စွာလုပ်ပေးရန်လိုအပ်လာသကဲ့သို့ လုပ်လည်းလုပ်ပေးနေရပါ

သည်။

ယခုလို နှစ်တနှစ်၏အကူးအပြောင်းကာလမျိုးတွင် ပြီးခဲ့သည်နှစ် သို့မဟုတ်နှစ်များစွာကိုပြန်လည်ငဲ့

စောင်းကြည့်မိလျက် အဆိုပါအပြောင်းအလဲလုပ်ပေးနေမှုများကို အထူးသဖြင့်ဆင်ခြင်သုံးသပ်မိသည်။

မိမိပြုလုပ်ခဲ့ ပြုလုပ်ဆဲအဆိုပါအပြောင်းအလဲလုပ်ပေးနေမှုများကို ဟိုနားဒီနားထပ်ပြီးညှိပေးရန်း သို့မ

ဟုတ်အချို့ ကို လုံးဝပြင်ဆင်ပြောင်းလဲရန်လိုလေသည်။


အချို့ ကိုကား ဦးစားပေးပြောင်းရန်ဖြစ်လာသည်။

ယခုနှစ် မိမိ၏နှစ်သစ်ကူးသန္နိဋ္ဌာန်ဦးစားပေးသည် ..

 နှိမ့်ချခြင်းနှင့်လျှော့ချခြင်း

တို့ဖြစ်လာကြသည်။






ဆက်ပြီးဆွေးနွေးမျှဝေပါဦးအံ့။ 





Tuesday, April 16, 2024

Physio နွေဦးစစ်သည်

 









အိမ်မှာကျတဲ့ သင်္ကြန် (ပြန်လည်ဆန်းသစ်ခြင်း)

 


အဖေနဲ့သမီးတို့က ရွာစားကျော် 'စိန်ကက်ဆက်'ဆိုင်းဝိုင်းကြီးဖြင့် "တူးပို့  တူးပို့" သင်္ကြန်တေးသီချင်းအက 

ကပြခဲ့ကြတယ်။ 




စာရေးသူ စင်ကာပူကို စပြီးရောက်ကတည်းက မြန်မာ့ယဉ်ကျေးမှုအလေ့အထလေးတွေနဲ့ မြန်မာ့အစား

အစာများကို မိမိရဲ့လုပ်ဖော်ကိုင်ဖက် ဒီနိုင်ငံသားများအား အခွင့်သင့်သလို မိတ်ဆက်ပေးလေ့ရှိပါတယ်။

အဲဒါ သင်္ကြန်လဲ အပါအ၀င်ဖြစ်တယ်။

မြန်မာ့သင်္ကြန့်ပွဲကျင်းပတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းကိုခေါ်သွားပြီး ပြပေးတာတို့၊ ကိုယ့်အိမ်ကိုဖိတ်

ပြီး မြန်မာအစားအစာတွေကျွေးပြီး မြန်မာအကနဲ့ဖျော်ဖြေတာတို့ မြန်မာ့နှစ်သစ်ကူးကျင်းပတာတို့ လုပ်ခဲ့

ပါတယ်။ 


 

၁၉၉၂ ခုနှစ် ဧပြီလက စာရေးသူ၏အိမ်မှာ ကျင်းပခဲ့တဲ့ မြန်မာ့ရိုးရာသင်္ကြန်။ 

လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ရုံးဝန်ထမ်း '၀င်နီချန်း'က စာရေးသူအား သင်္ကြန်ရေ ဖျန်းပက်ကစားနေ

တာပါ။






သူ ရေပက်တုန်းက စာရေးသူ အပြုံးမပျက်ခဲ့ပေမယ့် သူ့ကိုပက်တဲ့အခါမယ်တော့ '......'။ 

ဒီလိုနဲ့ အားလုံးပျော်ပျော်ပါးပါး စားကြသောက်ကြ ရယ်ကြမောကြနဲ့ ရေပက်ကစားကြရင်း မြန်မာ့သင်္ကြန်

ကို အိမ်မှာ ကျင်းပခဲ့ရတာ မှတ်မှတ်ရရကြီးပဲ။





***

ဟုတ်ကဲ့ပါဗျာ။

မိမိ စင်ကာပူကိုစရောက်ကတည်းက ၂၆ နှစ်ကြာအလုပ်လုပ်ကာ အနားယူခဲ့သည့် MINDS ကို လွမ်းမိ

ရလိုက်တာလေ။