"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Tuesday, August 30, 2011
အမေဆိုတဲ့ သူရဲကောင်း
ဩဂုတ်လ ၂၅ ရက်နေ့က "ဥာဏ်ရည်နိမ့်မသန်စွမ်းကလေးခြောက်ယောက်ရဲ့မိခင်ဘ၀ ကြမ်းတမ်းလွန်း လှ"(Hard life for 52-year old mum with six mentally-ill children) ဆိုတဲ့ ခေါင်းစဉ်ပါ သတင်းတစ် ပုဒ်ကို ဖတ်လိုက်ရတယ်။ အမေဖြစ်သူရဲ့အသက်က ၅၂နှစ်ပဲရှိသေးတာ။ နောက်ပြီး ကလေးတွေရဲ့ဖခင်က လည်းဆုံးသွားတာ သုံးနှစ်လောက်ရှိပြီတဲ့။ စားဝတ်နေရေးနဲ့ကလေးတွေပြုစုထိန်းကျောင်းမှုတွေကို မိခင် တစ်ယောက်တည်းဘ၀ဖြင့် ဘယ်လိုများလုပ်နိုင်ပါလိမ့်ဆိုတာ မတွေးတတ်အောင်ပါပဲ။
PHOTO: The STAR/ASIA NEWS NETWORK
မွေးထားတာက ရိုးရိုးကလေးခြောက်ယောက်မဟုတ်ဘူး။  ဥာဏ်ရည်နိမ့်မသန်စွမ်းမှု(intellectually disability or mental retardation)ဖြစ်နေတဲ့ ကလေးခြောက်ယောက်ဖြစ်တယ်။ ဓါတ်ပုံထဲမှာတွေ့ ရတဲ့အတိုင်းဆိုရင် ဒီကလေးများရဲ့ ဥာဏ်ရည်နိမ့်မသန်စွမ်းမှုအခြေအနေဟာ အလည်အလတ်အဆင့် (moderate)ကနေ အတော်အတန်ဆိုးဝါးတဲ့အဆင့်(severe)ထိရှိလိမ့်မယ်လို့ ခန့်မှန်းကြည့်မိပါတယ်။
စာရေးသူဟာ အလုပ်သဘောအရ ဥာဏ်ရည်နိမ့်မသန်စွမ်းမှုဖြစ်နေတဲ့ကလေးများနဲ့အလုပ်လုပ်နေရ တာဖြစ်တယ်။ သူတို့တတွေရဲ့ သွားလာလှုပ်ရှားမှုဆိုင်ရာ၊ ကိုယ်နေကိုယ်ထားဆိုင်ရာနဲ့အကြောအဆစ် ဆိုင်ရာအခက်အခဲများကို လေ့ကျင့်ကုသပေးနေရတာဖြစ်တယ်။ ကလေးတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ မိဖများနဲ့ဆရာဆရာမများကိုပါ တွေ့ဆုံလျက် ရှင်းပြရတာတို့၊ သင်ကြားပြသပေးရတာတို့လုပ်ရပါသေး တယ်။ ဒါကြောင့် ဒီဥာဏ်ရည်နိမ့်မသန်စွမ်းမှုဖြစ်နေတဲ့ကလေးတစ်ယောက်တည်းကိုပင် မိစုံဖစုံနဲ့ ဖ၀ါး လက်နှစ်လုံး ပခုံးလက်နှစ်သစ် လူဖြစ်အောင်ကျွေးမွေးပြုစုရတယ်ဆိုတာ အတော်ကြီးကိုမလွယ်ကူလှ ကြောင်း သိရှိခဲ့ရပါတယ်။
အခုဟာက အငယ်ဆုံးအသက်ကိုးနှစ်ကနေ အကြီးဆုံး၂၇ နှစ်ထိရှိနေကြတာ။  
ဒီကလေးများနဲ့ နောင်ကိုအရွယ်ရောက်လာလို့ လူကြီးဖြစ်လာတဲ့တိုင်အောင် ဥာဏ်ရည်နိမ့်တာကြောင့် မှတ်ဥာဏ်မကောင်းတတ်ပါဘူး။ သင်ယူလို့လည်း များများစားစား တတ်မြောက်လေ့မရှိကြပါဘူး။ စဉ်း စားဖြတ်ထိုးဥာဏ်လည်း အလွန်အားနည်းလှတာဖြစ်တယ်။ လူမှုဆက်ဆံရေးအရလည်း အံမ၀င်ဂွင်မ ကျတာလေးတွေရှိတတ်ပါတယ်။ နောက်ပြီးတော့ စိတ်လှုပ်ရှားမှုဆိုင်ရာ(emotional)နဲ့အပြုအမူဆိုင်ရာ (behavioral)တွေမှာ ထိန်းကျောင်းနိုင်မှုနည်းတတ်ကြပါတယ်။ စကားပြောဆိုဆက်ဆံမှုမှာလည်း လုံးဝ မပြောနိုင်တာကနေ သူတစ်ပါးနားလည်အောင် ပီပီသသမပြောနိုင်တာ မပြောတတ်တာအထိရှိနိုင်ကြ တယ်။ အခုပြောတာတွေက တကယ်က အကြမ်းဖျင်းယေဘုံယျလောက်ပဲရှိသေးတာပါ။
မိဖဖြစ်လို့၊ အထူးသဖြင့်က မိခင်များမို့သာ ဒီကလေးတွေရဲ့ အနွံအနာကို နေ့နေ့ညညခါးစည်းလို့ ခံနိုင် တာပါ။ ဖခင်တွေဆိုရင်....၊ စဉ်းစားသာကြည့်ကြစေချင်ပါတယ်။   
ဒါကြောင့် စာရေးသူကပြောချင်တာ။
အမေဆိုတာ လက်ရုံးရည်ကော နှလုံးရည်ကောပါ ပြည့်စုံတဲ့ တကယ့်သူရဲကောင်းပါလို့။
Monday, August 29, 2011
ဗုဒ္ဓတရားနှင့် အခါအခွင့်ကြုံခိုက်
ပြီးခဲ့တဲ့အပတ်တစ်ညနေက ဂျူရောင်းအိ(စ်)ဘူတာမှာ မြန်မာမိတ်ဆွေတစ်ဦးအားစောင့်နေတုန်း sms တစ်စောင်ဝင်လာခဲ့တယ်။
သူဟာ တစ်ချိန်က စာရေးသူနဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူ့စာထဲမှာ၊
"ဟဲလို မစ္စတာအေး၊ ကျနော် ..... ပါ။ ခင်ဗျား နေကောင်းတယ်မဟုတ်လား။ ကျနော်တို့မတွေ့ကြတာ အ တော်လေးတောင်ကြာခဲ့ကြပြီပဲ။ ဒီလိုပါ။ ကျနော့်ကို ဖါးအောက်ဆရာတော်အကြောင်းပြောပြခဲ့ဖူးတဲ့ခင် ဗျားကို သိပ်ပြီးကျေးဇူးတင်တဲ့အကြောင်းလေး ပြောချင်လို့ပါဗျာ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်း က ကျနော့်ကိုပြောပြခဲ့တာ မှတ်မိဦးမှာပေါ့။ အခု ကျနော် ဆရာတော်ရဲ့တပည့်သံဃာတော်များထံမှာသင် ကြားနာယူနေပါတယ်။ မကြာခင်မယ်တော့ ဖါးအောက်တောရစခန်းကိုသွားပြီး တရားစခန်းဝင်ဖြစ်ပါလိမ့် မယ်။ နောက်ပြီး ဒေါက်တာမင်းတင်မွန်နဲ့ပတ်သက်လို့ ခင်ဗျား ပြောပြခဲ့တာလည်း ကျေးဇူးတင်တယ်ဗျာ။ ဒီနှစ်ဒီဇင်ဘာလမှာ ယူးနို့(စ)က မဟာဝိဟာရကျောင်းမှာဖွင့်မယ့် ဒေါက်တာမင်းတင်မွန်ရဲ့ အဘိဓမ္မာသင် တန်းကို ကျနော်သွားတက်ပါဦးမယ်။ ကျန်းမာချမ်းသာပြီး ဘေးဒုက္ခအပေါင်းမှ ကင်းဝေးနိုင်ပါစေ။ နိဗ္ဗာန် သောင်ကမ်းကို လျေက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ။"လို့ရေးထားပါတယ်။
သူက တရုတ်နွယ်ဖွားစင်ကာပူလူမျိုး ဘွဲ့ရလူငယ်တစ်ဦးပါ။ ဂီတအနုပညာမှာ အတော်လေးဝါသနာထုံပြီး လိုက်စားသူလည်းဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှချီးမြှင့်တဲ့ဂီတပညာတော်သင်ဆုနဲ့ ဘာလီမှာ သင်တန်း သွားတက်ဖို့ အလုပ်မှထွက်သွားခဲ့တာဖြစ်တယ်။ တစ်နေ့အလုပ်မှာစကားစမြီးစပ်မိရာက မိမိရဲ့သမီးနဲ့သား တို့ တိုပါးယိုးမှာရှိတဲ့ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမှာ ဒေါက်တာမင်းတင်မွန်ရဲ့ အဘိဓမ္မာသင် တန်းတက်နေတဲ့အကြောင်း ပြောပြမိပါတယ်။ သူကသင်တန်းအကြောင်း စိတ်ဝင်တစားမေးပါတယ်။ စာ ရေးသူကလည်း သိသ၍ပြောပြခဲ့ပါတယ်။ တစ်ခါမယ်တော့ ဖါးအောက်ဆရာတော်ဘုရား ကျန်းမာရေး မကောင်းလို့ စင်ကာပူမှာသီတင်းသုံးပြီး ဆေးကုသမှုခံယူနေကြောင်းနဲ့ မိမိအား စင်ကာပူနိုင်ငံသား ရ ဟန်းတစ်ပါးမှ သတင်းပေးသဖြင့် သိရှိရကြောင်း၊ အဆိုပါရဟန်းမှ ဆရာတော်၏အကြောအဆစ်ဆိုင်ရာ ကျန်းမာရေးအား သွားကြည့်ပေးရန်အမိန့်ရှိသဖြင့် သွားကြည့်ပေးခဲ့ရကြောင်း စကားစပ်မိကြပြန်ပါတယ်။ ဒါကြောင့် သူက စာရေးသူအား ကျေးဇူးတင်ကြောင်းနဲ့ သူ့ဘာသာရေးလုပ်ငန်းတွေအကြောင်း သတင်း ပေးရင်း sms ပို့လိုက်တာဖြစ်တယ်။  
သူရဲ့ပါရမီရှိစွာ စိတ်ထက်သန်မှုနဲ့ မိမိရဲ့သတင်ပေးပြောကြားမှုများကြောင့် ဗုဒ္ဓ၏တရားဓမ္မများကို အခွင့် အခါသင့်စွာ ဆည်းပူးလေ့လာဖြစ်သောသူ့အတွက် မိမိမှာဝမ်းမြောက်ဝမ်းသာဖြစ်လျက် သာဓုအကြိမ် ကြိမ်ခေါ်မိရကြောင်းပါ။  
Thursday, August 25, 2011
ဦးပိန်တံတား
ဒီကနေ့ထုတ်ကြေးမုံသတင်းစာမှာ "တောင်သမန်အင်း ရေတိုးချိန် ဦးပိန်တံတား၌ ပြည်သူများစည် ကား"ဆိုတဲ့ သတင်းကို ဖတ်ရတော့ မန္တလေးကိုရောက်တိုင်း တစ်ခါတစ်ခါတကူးတကသွားလေ့ရှိတဲ့ ဦးပိန်တံတားကြီးကို အမှတ်ရမိတယ်။
ပြည်တွင်းပြည်ပခရီးသွားများဖြင့် စည်ကားနေတဲ့ ဦးပိန်တံတား။(ဓါတ်ပုံ - ကြေးမုံသတင်းစာ)
ယခုနှစ်မိုးရာသီမှာ တမျှော်တခေါ်တွေ့ရတဲ့ရေပြင်ကျယ်ကြီးနဲ့ တောင်သမန်အင်းပေါ်က ဦးပိန်တံတား ကြီးဟာဖြင့် ပဏာရစွာ လှပလို့နေပါတယ်တဲ့။ ဒီမြင်ကွင်းမျိုးကို စာရေးသူ မှတ်မှတ်ရရ မတွေ့ဖူးသေး ဘူး။ စာရေးသူတို့ မြန်မာနိုင်ငံကိုသွားလေ့သွားထရှိတဲ့အချိန်က မိုးရာသီမှမဟုတ်တာ။ နိုဝင်ဘာလကုန် နဲ့ ဒီဇင်ဘာလပိုင်းလောက်ပဲ ရောက်ဖြစ်တာများတယ်။
အင်းထဲမှာရေပြင်ကို တွေ့ရပေမယ့် ရေကကျနေပြီ။ ရေက တံတားတိုင်တွေရဲ့အောက်ခြေနားလောက်မှာ ပဲရှိတော့တာ။ တောင်လေးလုံးဘုန်းကြီးကျောင်းဖက်က တံတားရဲ့အစပိုင်းမှာဆိုရင် ရေကိုတောင်မတွေ့ရ တော့ဘူး။ ဒူးလောက် ခါးလောက်အမြင့်ရှိတဲ့ အပင်လေးတွေတောင် အင်းဖက်ကိုတိုးဝင် ပေါက်နေကြပြီ။ ရေကျတဲ့အချိန်ဆိုရင် ကမ်းစပ်က သဲပြင်မှာ သစ် ၀ါး ကြိမ်တွေနဲ့လုပ်ထားတဲ့ ဒေသထွက်လက်မှုပစ္စည်း လေးများရောင်းတဲ့ ယာယီဆိုင်တန်းလေးတွေကို တွေ့ရတတ်တယ်။ 
စာရေးသူတို့ဇနီးမောင်နှံ ဦးပိန်တံတားပေါ်မှာ အမှတ်တရ။ (၂၀၀၆)
တောင်သမန်အင်းကမ်းစပ်မှာ မြူးနေတဲ့ ဘဲအုပ်တစ်အုပ်။(ဓါတ်ပုံ - ဖိုးတာ၊ ၂၀၀၆)
ဘာပဲပြောပြော တောင်သမန်အင်းရယ်၊ ဦးပိန်တံတားရယ်၊ အင်းထဲက ငှက်သမ္ဗန်လှေကလေးတွေရယ်၊ ကမ်းစပ်မှာနေစာလှုံနေတဲ့ ဘဲအုပ်တွေရယ်၊ အင်းကို ပတ်ချာဝိုင်းပြီးပေါက်နေတဲ့ စိမ်းစိမ်းစိုစိုသစ်ပင်ကြီး တွေရယ်ကတော့ ဘယ်အချိန်ဖြစ်ဖြစ်လှနေတာပါပဲ။ ရောက်တဲ့အခါတိုင်း မြင်ရတဲ့အခါတိုင်းပဲ ကြည့်လို့မ ၀ ရှုလို့မ၀အောင် နှစ်သက်ခံစားမိတာပါပဲ။
ဦးပိန်တံတားကို ကုန်းဘောင်ခေတ်ပုဂံမင်းလက်ထက်မှာ မြန်မာသက္ကရာဇ် ၁၂၁၁ခုနှစ်က စတင်ဆောက် ခဲ့ပြီး ၁၂၁၃ ခုနှစ်မှာမှ ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်တယ်။  ကျွန်းသစ်တိုင်လုံးပေါင်း ၁၀၈၆ တိုင်ရှိပြီး ရေ လယ်ဇရပ်လေးဆောင်ပါရှိပါတယ်။ နှစ်ကာလကြာရှည်လာတဲ့နောက်ပိုင်းတွင် မိုးဒဏ်လေဒဏ်ကြောင့် မူလကကျွန်းတိုင်အချို့ပျက်စီးသွားတာကြောင့် ကွန်ကရစ်တိုင်များနဲ့ အစားထိုးထားခဲ့ရတယ်။ သက်တမ်း က နှစ်ပေါင်း ၁၆၀ နှစ်တောင် ကျော်ခဲ့ပြီပဲ။ 
ကမ္ဘာပေါ်မှာရှိကြတဲ့ သစ်သားနဲ့ဆောက်လုပ်ထားသောတံတားများတွင် တံတားအရှည်တစ်မိုင်နီးပါးရှိတဲ့ ဦးပိန်တံတားဟာ အရှည်ဆုံးစာရင်းဝင်ဖြစ်တယ်ဆိုပါတယ်။
Sunday, August 21, 2011
ဘယ်လမ်းကို ရွေးမှာလဲ
ဒီကနေ့ညနေမှာ အိမ်မှာပဲ အိန္ဒိယရုပ်ရှင်ကားလေးတစ်ကား ကြည့်ဖြစ်ခဲ့တယ်။
စင်ကာပူ Media Corp တီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ Vasantham မှပြသတဲ့ "Luck by Chance"ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းလေးဖြစ်တယ်။ ရုပ်ရှင်သရုပ်ဆောင်လောကသားတွေရဲ့ သဘောသဘာဝကိုဇာတ်လမ်း ပြုပြီးရိုက်ထားတာ။ ရုပ်ရှင်ကားလေးကော သရုပ်ဆောင်တွေကော ကြည့်ကောင်းရုံလေးပါပဲ။ 
အထူးသတိပြုနှစ်ခြိုက်မိတာက ရုပ်ရှင်ရဲ့အစပိုင်းမှာပြောတဲ့ စကားတစ်ခွန်းနဲ့ ရုပ်ရှင်ဇာတ်သိမ်းခန်းမှာ ထိုးပြသွားတဲ့ စာသားလေးပဲဖြစ်တယ်။
ဇာတ်ကားရဲ့အစပိုင်းကို သရုပ်ဆောင်သင်တန်းကျောင်းအုပ်ဆရာကြီးက သင်တန်းသူသင်တန်းသားတွေ အား ဆုံးမစကားပြောကြားရာမှာ အောင်မြင်မှုရဖို့က အချိန်မှန် နေရာမှန်ဖြစ်ဖို့နဲ့ ကံကောင်းဖို့(luck) ဆို တာတွေလိုကြောင်း ထည့်ပြောသွားပါတယ်။ ဒီနေရာမှာ ကြိုးစားမှု လုံ့လ၀ီရိယအားထုတ်မှုတွေနဲ့ တိုက် ရိုက်မသက်ဆိုင်ပဲ လူတွေအပေါ်ကောင်းကျိုး မကောင်းကျိုးဖြစ်စေနိုင်တဲ့ 'ကံ'ဆိုတဲ့အကြောင်းကို စာရေး သူက ကိုယ်တွေ့နဲ့ယှဉ်ပြီး နားလည်ခံစားလိုက်မိတယ်။ လူ့လောကမှာ နှစ်ပေါင်းခြောက်ဆယ်ကျော် ကျင် လည်ခဲ့ရတဲ့အတွေ့အကြုံများအရ ယုံသည်ဖြစ်စေ မယုံသည်ပဲဖြစ်စေ ကံကို အတိုင်းအတာတစ်ခုအထိ လက်ခံရမယ်ဆိုတာ အသက်ကြီးလာတာနဲ့အမျှ သဘောပေါက်လာရခဲ့ရတယ်။ ဒါကို လူငယ်တွေသိထား ကြစေချင်တယ်။ ကံကို အားကိုးဖို့ မျှော်လင့်ချက်ကြီးထားဖို့ဆိုလိုတာ မဟုတ်သော်လည်း တစ်ခါတရံမှာ "ဉာဏ်ချင်းယှဉ်နိုင်ပေမယ့် ကံချင်းမယှဉ်နိုင်ဘူး"ဆိုတာ ရှိတတ်တယ်လို့ပေါ့။         
တစ်ခါ ရုပ်ရှင်ဇာတ်လမ်းကို သရုပ်ဆောင်မင်းသမီးလေး တက္ကစီစီးပြီးခရီးသွားတာနဲ့ အဆုံးသပ်ထားပြီး "အိုဘယ့် ... ခရီးသည်" (Oh! Traveller ..) ဆိုတဲ့ စာသားလေးပါတဲ့ နောက်ခံသီချင်းကို အင်္ဂလိပ်လို စာ တမ်းထိုးပြပါတယ်။ အဲဒီစာသားလေးတွေကို လိုက်ဖတ်ရင်း အဓိပ္ပါယ်ဆိုလိုချက်ကို လေးလေးနက်နက် ခံစားမိတယ်။ လုံးစေ့ပတ်စေ့ မမှတ်မိပေမယ့် ဆိုလိုတာကတော့ . . . . .
အိုဘယ့် ... ခရီးသည် 
သင် ဘယ်ခရီးကို သွားမှာမို့လဲ။
အရပ်အဖက်ဖက်ကိုသွားဖို့ ရွေးခြယ်စရာလမ်းတွေက အများကြီးရှိနေကြတယ်။
ဘယ်ခရီး ဘယ်လမ်းကိုသွားမလဲဆိုတာ သင်ပဲရွေးရမှာ။ သင်ကပဲ ဆုံးဖြတ်ရမှာ။
ရုပ်ပိုင်းသက်တောင့်သက်သာရှိမှုက အပြင်ပမ်း(outside)အပေါ်ယံ အပယိကမျှသာ။
တကယ်တမ်းငြိမ်းချမ်းမှု စိတ်ရဲ့လွတ်လပ်မှု(freedom)က အတွင်းအဇ္ဈတ္တ(inside)မှာပဲရှိတာ။
အိုဘယ့် ... ခရီးသည် 
သင် ဘယ်ခရီးကို သွားမှာမို့လဲ။
ဘယ်ခရီး ဘယ်လမ်းကိုသွားမလဲဆိုတာ ...
သင်ပဲရွေးရမှာ။  
သင်ကပဲ ဆုံးဖြတ်ရမှာ။
လူတိုင်းလူတိုင်းရဲ့ဘ၀မှာ 'ရွေးခြယ်မှု'၊ ပိုပြီးတိတိကျကျပြောရရင် မိမိနဲ့အသင့်တော်ဆုံးဖြစ်မယ့်' ရွေး ခြယ်တတ်မှု'ဟာ အလွန်အရေးကြီးပါတယ်။
ဒီအတွက် မိမိတကယ်တမ်းသွားချင်တဲ့ခရီးနဲ့ပန်းတိုင်ကို အသေအချာသိဖို့လိုတာဖြစ်တယ်။
ဒါမှမဟုတ်ရင် ဘယ်လမ်းမှန်ကိုမှ တွေ့မှာမဟုတ်သလို ဘယ်ခရီးပန်းတိုင်ကိုမှလည်း ရောက်မှာမဟုတ် ပါဘူး။
ရွေးခြယ်တဲ့နေရာမှာ လူပြောကောင်းရုံ လူကြားကောင်းရုံ လူအထင်ကြီးခံရရုံသက်သက်ထက် မိမိရဲ့ ဘ၀တစ်လျောက်လုံး မိမိရဲ့အတွင်းစိတ်မှာ နှစ်သက်မြတ်နိုးနေရမယ့် ရွေးခြယ်မှုမျိုးသာဖြစ်ရပါမယ်။  
Friday, August 19, 2011
New Income Tax rate of Myanmar nationals living abroad
The good news for all Myanmar citizens living and working in other countries.
Republic of the Union of Myanmar
Ministry of Finance and Revenue
Notification No. 157/2011
Nay Pyi Taw
4
(18 August 2011)
th Waning of Wagaung 1373 ME
1. Exercising the power bestowed upon it in accordance with Section 4 of Income Tax Law, the Ministry of Finance and Revenue hereby announced this notification under the resolution passed at Meeting
No. 18/2011 of the Union Government of the Republic of the Union of Myanmar on 18 August 2011.
2. According to the provisions manifested in paragraph 2 (b) and paragraph 3 of Notification No. 124/2006 dated 5-6-2006 of the Ministry of Finance and Revenue, the income tax levied in foreign currency on incomes of salaries in foreign exchange of nationals and foreigners living in the nation from 10% to 2%.
3. This notification shall be in effect for a period of six months from 19 August 2011 to 18 February 2012.
(Hla Tun)
Union Minister
Tuesday, August 16, 2011
ဒဿနစာရေးဆရာ နန္ဒာသိန်းဇံ ကွယ်လွန်
အတွေးအခေါ်ဆောင်းပါးများနဲ့ စာပေလောကထဲသို့ ၀င်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ အတွေးအခေါ် ဆောင်းပါးများအပြင် ဗုဒ္ဓဓမ္မစာပေများကိုပါ စိုက်လိုက်မတ်တတ်ရေးခဲ့တဲ့ စာရေးဆရာ နန္ဒာသိန်းဇံသည် ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ( ဩဂုတ်လ ၁၄ ရက်)က အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကြားသိရပါ တယ်။
ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်ရှိပြီဖြစ်ပါတယ်။
သူရေးသားထုတ်ဝေခဲ့တဲ့စာအုပ်များအနက် "ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း"စာအုပ်က အထင်ရှားဆုံး စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။ ခက်ခဲနက်နဲတဲ့ အတွေးအခေါ်များနဲ့ ဗုဒ္ဓအဘိဓမ္မာစာပေများကို သူလိုငါ လိုအများနားလည်လွယ်အောင်ရေးနိုင်သူ စာရေးကောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။ 
ဆရာနန္ဒာသိန်းဇံသည် ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဋ္ဌာနမှ ပါမောက္ခ-ဋ္ဌာနမှူးရာထူးဖြင့် ၂၀၀၈ ခုနှစ် မှာ ပင်စင်ယူခဲ့တာဖြစ်တယ်။
Sunday, August 14, 2011
မြို့ ရွာလွမ်းချင်း
မနေ့နေ့ခင်းလောက်က တူမောင်ကိုဇေယျာထက်ထံမှ အီးမေးတစ်စောင် ရခဲ့တယ်။
အလုပ်မှာ နေ့လည်စာစားတဲ့အချိန် ဖွင့်ကြည့်တာ။ မြန်မာစာနဲ့ရေးထားတာမို့ ဖတ်မရဘူး။ ညနေအိမ်ပြန်ရောက်တော့မှ ဖတ်ကြည့်ရတယ်။
ကန့်ဘလူကိုရောက်တိုင်း မွေးရပ်မြေကအစားအစာတွေကို အခုလိုအားပါးတရစားရစမြဲ။ 
သူ့ကဗျာလေးရဲ့ နောက်ဆုံးအပိုဒ်မယ်တော့ ကန့်ဘလူကို သူ အခွင့်အခါသင့်ရင် နောက်တစ်ခေါက် ဒါမှမဟုတ်တစ်ခေါက်မက ထပ်ပြီးလာချင်သေးပုံပြောပါတယ်။ အဲဒီလိုလာတဲ့အခါကျရင်သာ သူ့ကို မစိမ်းကားလိုက်ပါနဲ့ မမေ့လိုက်ပါနဲ့လို့ မဖြစ်မှန်းသိသိ ချစ်စဖွယ်ကျိစားထားပါတယ်။ုံ
ကဗျာဆရာကျော်စန်း(မန်းတက္ကသိုလ်)က သူ အလုပ်လုပ်ခဲ့ နေခဲ့တဲ့မြို့အကြောင်းကို 'မြို့ရွာလွမ်းချင်း'လေးရေးခဲ့တာ အဝေးရောက်ကန့်ဘလူသူ ကန့်ဘလူသားများအဖို့ကတော့ 'မွေးရပ်ဇာတိလွမ်းချင်း'လေးတစ်ပုဒ် ဖြစ်ရကြောင်းပါ။   
~ ချစ်သော ကန့်ဘလူ ~
ရှေးရှေးတုန်းက
ဒေသသည်နေရာ ၊ ဧရာမရေကန်ကြီး
ဘီလူးကြီးစောင့်ကြပ် ၊ နေသတတ်။
ကန် နှင့် ဘီလူး ၊ ပူးတွဲပေါင်းစပ်
အမှတ်လွယ်ရန် ၊ ခေါ်ကြပြန်ရင်း
ကန်ဘီလူး မှ ကန့်ဘလူ ဖြစ်သတဲ့။
ထန်းတပင်၊ ဇီးကုန်း၊ ထန်းကုန်း၊ သစ်ရာပင်
သစ်ပင်မျိုးမည် ၊ ရပ်မည် ရွာမည်
ပေးတတ်သည်မို့ ၊ တချို့ကမူ
ကန့်ဘလူပင် ၊ ကန့်ဘလူဥ
များစုပေါက်ရာ ၊ ဒီဒေသအရပ်
ကန့်ဘလူခေါ်မှတ် ၊ တွင်သတတ်။
ဘယ်အယူအဆ၊
ဘယ်ဟာကမှ ၊ သဘာဝယုတ္တိ
အာဂမယုတ္တိ ၊ ကရဏယုတ္တိ
ဘက်စုံကြည့်ပြီး ၊ တိကျခိုင်မာ
သေချာပိုင်နိုင် ၊ ပြောနိုင်ပါမည်
သုတေသီတို့ ၊ ဖွေမှည့်ကြံဆ
သုတေသန ၊ ဆက်လုပ်ကြလိမ့်။
ရွှေဘို မြောက်လက်၊ မြောက်ဘက်ကိုးသင်း
မြင်းတပ်ဖွဲ့ချီ ၊ “ခေါ်သန္တီ” “ရေနံ”
ခိုင်မြဲကျစ်လျစ် ၊ တစ်ခါတစ်ခေတ်က
ခံမြို့ဖြစ်ခဲ့ဖူး ၊ “ရွာမြေဒူး” လည်း
ထူးခြားတောက်ပြောင် ၊ ကုန်းဘောင်သမိုင်း
ပျံ့လှိုင်ခန့်ထည် ၊ ကန့်ဘလူနယ်။
ကျွန်တော်ရောက်သော ၊ ကာလတစ်ကြောက
ကျေးလက်မြို့ပြ ၊ ဘဝနှစ်ထွေ
ရောမွှေပေါင်းစပ် ၊ အညာငွေ့အပ်၏
စိတ်ဓာတ်မွှေးကြူ ၊ ကန့်ဘလူ။
တစ်မိုး နှစ်မိုး ၊ သုံးလေးမိုးလောက်
မိုးခိုခဲ့ရ ၊ ကာလနှစ်များ
ငါ့အားပျူငှာ လှိုက်လှဲစွာဖြင့်
ကြင်နာထွေးယူ ၊ ကန့်ဘလူ။
အသွားအပြန် ၊ စုန်ဆန်ရထား
တစ်အားတိုးဝှေ့ ၊ တက်၍လိုက်ပါ
တစ်ခါတစ်ရံ ၊ နံရံမှီကပ်
မတ်ရပ်လိုက်ပါ ၊ အရသာများ
ရင်မှာစွဲငြိ ခုတိုင်ထိ။
တန်ဆောင်မုန်းလောက် ၊ ရောက်ပြီဆိုလျှင်
ခေါ်ပြင် ခေါစည် ၊ ပေါင်းသင်းကျည်များ
စုံစီထွေပြား ၊ မီးဖိုနား၌
ဖုတ်ကင်စားစရာ ၊ ပေါလှစွာ၏။
ကန့်ဘလူမျှစ် ၊ စွဲကျန်ရစ်၏
နုမျစ်ချိုဆိမ့် ၊ နှုတ်လွန်မြိန်၏
အင့်စေ့ အင်ဥ ၊ ဖွေးနုလတ်ဆတ်
အာသာမပြတ်နိုင် ၊ ယနေ့တိုင်။
မရွာနေရောင်
ရွာသောအခါ ၊ နေ့ရော ညပါ
ရှည်ကြာရက်ဆက် ၊ သွန်းပက်လောထပ်
မပြတ်စွေဖြိုး ၊ ကန့်ဘလူမိုး။
မြို့ပတ်ချာဝိုင်း ၊ အင်တိုင်းတောကြီး
ဆီးနှင်းကျသံ ၊ အုန်းအုန်းညံလျှင်
“မိုးလောက်ပြင်းထန် ၊ သွန်းချပြန်” ဟု
ကာရန်တစ်စ ၊ ငါ့ရင်ဝကို
ထိရှစေခဲ့သည့် ကန့်ဘလူ။
အခါလည်းသင့်
အခွင့်လည်းသာ ၊ တစ်ခါတစ်ခေါက်
တစ်ခေါက်တစ်ခါ အလည်လာလျှင်
သွင်ပြင်စိမ်းကား မျက်နှာထားနှင့်
မေ့မသွားပါနှင့် ကန့်ဘလူ။...........။
ကျော်စန်း (မန်းတက္ကသိုလ်)
၂၀၀၆ ခုနှစ် ဇွန် ၅၊ မန္တလေး
၁၉၆၈-၁၉၆၉-၁၉၇၀ ခုနှစ်များသို့ အမှတ်တရ
Monday, August 8, 2011
မင်္ဂလာ ဧည့်ခံပွဲ
ဒီကနေ့ မင်္ဂလာဧည့်ခံပွဲလေးတစ်ခုကို ရောက်သွားခဲ့တယ်။
အမျိုးသားလေးရဲ့အမေဖြစ်သူက စာရေးသူတို့ဇာတိမြို့က ဖြစ်တယ်။ နောက်ပြီး သူ့ကြီးကြီးဖြစ်သူနှစ်ဦး စလုံးကလည်း ကန့်ဘလူအထက်တန်းကျောင်းမှာတုံးက မိမိနှင့်အတန်းတူ သူငယ်ချင်းတွေဖြစ်ခဲ့ကြ တယ်။ သူက သူ့မိဖတွေရှိကြတဲ့ မြန်မာပြည်ကိုပြန်ပြီး မင်္ဂလာဆောင်ခဲ့တာ။ ဒီမှာက သူ့အပေါင်းအသင်း ရောင်းရင်းတွေကို ဖိတ်ပြီးကျွေးမွေးဧည့်ခံတာ။ ဒါကြောင့် ဒီကနေ့ Omni-Theatreမှာကျင်းပခဲ့တဲ့မင်္ဂလာ ဧည့်ခံပွဲလေးတွင် လူကြီးဆိုလို့ သူ့ဘကြီးဦးမြင့်ဆွေနဲ့ စာရေးသူတို့ဇနီးမောင်နှံပဲရှိကြတာ။
ဦးမြင့်ဆွေက စာအုပ်တွေလက်ဆောင်ပေးရင်း စာအုပ်တွေအကြောင်းပြောပြလို့...။
လူငယ်လေးတွေကြားမှာထိုင်ရင်း သူတို့တတွေချစ်ချစ်ခင်ခင်ပျော်ပျော်ပါးပါး ပြောကြဆိုကြ ပြောင်ကြ နောက်ကြ ရယ်ကြမောကြဖြစ်နေကြတာမြင်တွေ့ရတော့ မိဝေးဖဝေးအရပ်မှာ ပညာလာသင်ကြ အလုပ် လာလုပ်ကြရတာဖြစ်လို့ ရင်ထဲမှာ ၀မ်းသာကြည်နူးခံစားမိရတယ်။ ဒီကလေးတွေပဲ မကြာခင်မှာ မြန်မာ ပြည်ရဲ့ တာဝန်ကိုထမ်းကြပြီး မြန်မာပြည်ရဲ့ဂုဏ်ကို မြှင့်တင်နိုင်ကြမှာ။ ပြည်တွင်းမှာပဲနေနေ ပြည်ပမှာပဲ နေနေပေါ့။ အခြေအနေအရ "ဘယ်နေရာမှာပဲနေနေ မြန်မာဟာ မြန်မာပဲ"ဆိုတဲ့စိတ်ရှိကြတယ် ရှိနေကြ မယ်ဆိုတာ ယုံကြည်ထားလို့ပါ။
ကိုမင်းသက်နိုင်တို့ဇနီးမောင်နှံ(ရှေ့ တန်း၊ ၀ဲဖက်မှ - ဒုနှင့်တတိယ)အား ရင်းနှီးကြသူများနှင့်အတူအမှတ်တရ...
မြန်မာလူငယ်လေးများရဲ့ နိုးနိုးကြားကြားကြိုးကြိုးစားစားရှိမှုသတင်းတွေကို မကြာခဏ ကြားနေရ၊ စာ စောင်များမှာဖတ်ရှုနေရတဲ့အတွက်လည်း ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒါကြောင့်မို့ အိမ်ကိုအလည်လာ ကြတဲ့ကလေးတွေကို မမောပမ်းနိုင်ပဲ အပ်ကြောင်းထပ်မျှပြောပြနေရတာပေါ့။ စင်ကာပူနိုင်ငံမှာလူတိုင်း လူတိုင်း တိုးတက်ဖို့အခွင့်အရေးတွေရှိနေတယ်။ မြင်အောင်ကြည့်ပြီး ရအောင်ယူတတ် အသုံးချတတ်ဖို့ပဲ လိုတယ်ဆိုတဲ့အကြောင်းပါ။ အခြားတစ်ဖက်ကလည်း မြန်မာပြည်မှာရှိကြတဲ့ မိဖဆွေမျိုးများကို မမေ့ကြ ဖို့၊ ဖုန်းဆက်ကြဖို့၊ ထောက်ပံ့ကန်တော့ကြဖို့ စတာတွေသတိပေးရတယ်။  
လူငယ်တွေအကြောင်းပြီးတော့ လူကြီးတွေအကြောင်းပြောရဦးမယ်။
ဦးမြင့်ဆွေနဲ့ ရောက်တတ်ရာရာပြောကြရင်းက သားသမီးတွေကို မိဖများကဆုံးမလမ်းညွှန်မှုပေးတာနဲ့ ပတ်သက်လို့ ပြောမိကြတယ်။ အဓိကကတော့ သူ့ကိုယ်တွေ့အကြောင်းအရာတွေကိုအခြေခံပြီး ပြောပြ တာပါ။ သားသမီးတွေ ဘာဖြစ်ရမယ် ဘာပဲလုပ်ရမယ်ဆိုတဲ့ မိဘအချို့ရဲ့သဘောထားနဲ့ ဖြောင့်ဖြောင့်ဆန့် ကျင်ပြီး သူတို့စိတ်ဝင်စားရာ အစွန်းအစရှိရာကိုလိုက်ပြီး ဖေးမလမ်းညွှန်တာက ပိုလို့သဘာဝကျကြောင်း၊ အဲဒီလိုသာ ဖြစ်သင့်လုပ်သင့်ကြောင်းစသဖြင့် အတော်လေးပြောဖြစ်ကြတယ်။ ဟုတ်ပါတယ်။ ဒီသဘော ထားမျိုးကို စာရေးသူ ကြိုက်လည်းကြိုက် ကျင့်လည်းကျင့်သုံးခဲ့တာဖြစ်တယ်။ အရှင်းဆုံး အလွယ်ဆုံး ပြောရရင်တော့ မိမိကိုယ်ကိုကော သူတစ်ပါးကိုပါ ထိခိုက်နစ်နာစေမယ့်ဟာ မဟုတ်ရင်၊ လူ့အဖွဲ့အစည်း က လက်မခံနိုင်တဲ့ မကောင်းတာမျိုးမဟုတ်ရင် ပြီးတာပါပဲ။
ပညာရပ်တိုင်း အလုပ်တိုင်း ကောင်းကြတာ ဂုဏ်ရှိကြတာချည်းပါ။ တော်မှု မတော်မှုနဲ့ အောင်မြင်မှု မ အောင်မြင်မှုတွေကတော့ မိမိရဲ့ကြိုးစားအားထုတ်မှုနဲ့ ကံတရား(အတိုင်းအတာတစ်ခုအထိ)အပေါ်မှာ မူ တည်ပါတယ်။
ဦးမြင့်ဆွေက ပြောထားတဲ့အတိုင်း စာအုပ်အချို့နဲ့ဂျာနယ်များယူလာပြီး လက်ဆောင်ပေးလို့ ကျေးဇူးများ စွာတင်ရပါတယ်။ သူ့သားကြီးကိုကျော်မင်းဆွေ The Voice Weeklyဂျာနယ်မှာ ကျော်ဗဟိန်းကလောင် အမည်နဲ့ အပတ်စဉ်ရေးခဲ့ပြီး ယခုတစုတစည်းစာအုပ်ထုတ်ထားတဲ့ "ပထမကမ္ဘာသို့ ဒုတိယတစ်ခေါက်" စာအုပ်ရယ်၊ သူ့ဦးကြီး စာရေးဆရာ'အံ့မောင်'ရေးတဲ့ "မမွေးဖွားရသေးတဲ့ သားကလေးရဲ့အသံ" စာအုပ် ရယ်၊ စာရေးဆရာကျော်ဝင်းရေးတဲ့"မစ္စစ္စပီခရီးသည်"စာအုပ်ရယ်၊ နောက်ပြီး ရန်ကုန်တက္ကသိုလ်မှာတုန်း က သူ့ကျောင်းနေဖက်သူငယ်ချင်းကိုစိုးသိမ်း(စာရေးဆရာ မောင်ဝံသ) အတိုင်ပင်ခံအယ်ဒီတာလုပ်နေတဲ့ "ပြည်သူ့ခေတ်ဂျာနယ်"အဟောင်းအချို့ဖြစ်ကြတယ်။
ဦးမြင့်ဆွေက ကျော်ဝင်းရဲ့ "မစ္စစ္စပီ ခရီးသည်" စာအုပ်ပေးရင်း စာရေးသူကို စကားတခွန်းပြောခဲ့ပါသေး တယ်။ "ခင်ဗျားကို ကျနော်က ဒီလိုစာအုပ်မျိုး ရေးစေချင်တာ"လို့။ 
ဆက်ရေးပါဦးမယ်။
Sunday, August 7, 2011
ဆရာကြီးဦးစိန်ဝင်း ကျန်းမာရေးကောင်းလာ
ယခုတစ်ခါ နေထိုင်မကောင်းဖြစ်တာ အတော်လေးကြာတယ်လို့ ဂျုလိုင်လ ၂၇ ရက် နေ့ထုတ် Weekly Eleven News ဂျာနယ်မှာ ဆရာကြီးရေးတဲ့ဆောင်းပါးအရ သိရပါတယ်။
သုံးလလောက်တောင်ပါပဲတဲ့။ ၀ဲယာစောင်းပြီး ရက်ပေါင်းများစွာအိပ်ခဲ့ရလို့ နံပါးနှစ်ဖက်စလုံးမှာ 'အိပ်ယာ နာ' (bedsore)တွေတောင်ဖြစ်ကုန်တယ် ပြောပါတယ်။ အရင်တုန်းက ဆရာကြီးမှာ 'အိပ်ယာနာ' ရှိတယ် ဆိုတာ မကြားဖူးလို့ အဲဒါနဲ့ပတ်သက်ပြီး ဆရာကြီးရဲ့ကျန်းမာရေးနဲ့ စာရေးသားမှုအတွက် စိုးရိမ်စိတ်ဖြစ် မိရပါတယ်။
အိပ်ယာနာရဲ့သဘာဝက ဖြစ်လာရင်ပျောက်ကင်းဖို့ ကြာတတ် ခက်ခဲတတ်လို့ပါ။ အိပ်ဖို့ လဲလျောင်းနေဖို့ ဒုက္ခပေးတတ်လွန်းလို့ပါ။ စာရေးသူသည် အိပ်ယာနာဖြစ်တဲ့လူနာများကို ခရမ်းလွန်ဓါတ်ရောင်ခြည်(Ul- traviolet Radiation)ပေးပြီး ဆေးရုံတွေမှာ ကုသပေးခဲ့ဖူးတာမို့ ဒီလိုအနာမျိုးဖြစ်ရင် အနာကိုအထူးဂရု စိုက်ပေးရတာ၊ အချိန်မှန်မှန် ဆေးထည့်ပေးရတာ အနာရဲ့အခြေအနေကိုလိုက်ပြီး လိုအပ်ရင် အကြောအ ဆစ်ဆေးကုဋ္ဌာန(Physiotherapy Department)ကိုသွားပြီး ဓါတ်ရောင်ခြည်ကုသမှုခံယူရတာတွေ တွေ့ ခဲ့ရတာမို့ပါ။     
ထုံးစံအတိုင်းပဲ ဆရာကြီးနေထိုင်မကောင်းဘူးဆိုတာ သိကြတဲ့သူတွေ၊ ဆရာကြီးရဲ့စာတွေမဖတ်ရတာ ကြာလှလို့ နေမှကောင်းရဲ့လားဆိုပြီး တစ်ယောက်တစ်ပေါက် လာမေးကြတဲ့သူတွေ၊ ဘုရားလဲဖူး လိပ်ဥ လဲတူးဆိုသလို လူမမာမေးရင်း မြန်မာ့အရေးကမ္ဘာ့အရေးတွေနဲ့ပတ်သက်လို့ ဆရာကြီးရဲ့ထင်မြင်ချက်ကို တစ်လက်စာတည်း တောင်းကြတဲ့သူတွေ မနည်းလှပါဘူး။ အဲဒီလိုတောင်းကြလို့လဲ ယခုလိုမှတ်သားခွင့် ရတာလေးတွေကို တစ်ဆင့်မျှဝေခွင့်ရတာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူပူနွေးနွေးအစိုးရသစ်မှ ၀န်ကြီးဦးအောင်ကြည်တို့နှစ်ဦး တွေ့ဆုံကြတာနဲ့ ပတ် သက်လို့  ဆရာကြီးဦးစိန်ဝင်းက အောက်ပါအတိုင်းသုံးသပ်ထားတာ ဖတ်ရပါတယ်။
(၁) ဘန်ကင်ဘွန်းလို ဒါဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ကောင်းမွန်တဲ့လမ်းစဖြစ်တယ် ဆိုတဲ့ အကောင်းမြင်ရှုထောင့်က ကြည့်တဲ့သူများ။
(၂) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ပြောသလို မှန်ကန်ကောင်းမွန်တဲ့လမ်းကြောင်း ဖြစ်တယ်။ ဒါပေမဲ့ ဒါလောက်နဲ့ မလုံလောက်သေးဘူး။ လက်တွေ့အလုပ်နဲ့ သက်သေပြဖို့လိုတယ်ဆိုတဲ့ "ထောက်ကွက်"လုပ်သူများ။
(၃) အမေရိကန်နဲ့အာဆီယံနိုင်ငံတွေက ပရက်ရှာ(ဖိအား)ပေးနေတာတွေ လျော့ကျသွားစေဖို့ အာဆီယံ မှာ ဥက္ကဋ္ဌရာထူးရယူဖို့အတွက်လှည့်ကွက်သက်သက်မို့ "အရာကြီးနဲ့ ဘာဘူကြီး"လို ထူးမခြားနားပါပဲလို့ ဆိုသူများ။
(၄) တွေ့ဆုံကြတဲ့နှစ်ဖက်မှာ ကိုယ်စီကိုယ်စီ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေရှိနေ တစ်ဖက်နဲ့တစ်ဖက် ကျောခိုင်းနေတာထက်တော့ မျက်နှာချင်းဆိုင်တွေ့ဆုံတာက ပိုကောင်းတယ်။ ဒါကြောင့် ထောက်ခံသင့် တယ်။ တွေ့ဆုံပွဲကနေ ဆွေးနွေးပွဲဖြစ်အောင် အားလုံးဝိုင်းပြီး တွန်းအားပေးရမယ်လို့ဆိုတဲ့သူများ။
အဲဒီ အမြင်လေးမျိုးအပေါ်အခြေခံပြီး ဆရာကြီးဦးစိန်ဝင်းက သတင်းသမားတစ်ယောက်အနေနဲ့ အခုလို သုံးသပ်ဝေဖန်ထားတာ တွေ့ရပါတယ်။
# ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီးဦးအောင်ကြည်တို့ တွေ့ဆုံကြတာဟာ ကောင်းတဲ့ကိစ္စဖြစ်တယ်။ မင်္ဂ လာသတင်းဖြစ်တယ်။ ထပ်ခါထပ်ခါပြုလုပ်ကြဖို့ တိုက်တွန်းနိုးဆော်ရမယ်။ <...> တွေ့ဆုံရာကနေ ဆွေး နွေးတဲ့အဆင့်ကိုရောက်ရင်တောင် ဖြေရှင်းရမယ့်ပြသနာတွေ တောင်လိုပုံနေတယ်လို့ဆိုချင်တယ်။ အဲဒါ ကြောင့် တွေ့ဆုံပွဲကနေ ဆွေးနွေးပွဲဖြစ်လာအောင် အားလုံးဝိုင်းဝန်းကြိုးစားကြဖို့ မြန်နိုင်သမျှအမြန်ဆုံး ဆောင်ရွက်ကြဖို့ နိုးဆော်လိုက်ပါတယ်။  
# အာဇာနည်နေ့ကိစ္စကော ပုဂံဘုရားဖူးကိစ္စပါ မြန်မာနိုင်ငံသားတွေသာမက ကမ္ဘာတစ်ခုလုံးကပါ ရင်တ မမနဲ့စောင့်ကြည့်နေခဲ့ကြပေမယ့် မဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စမျိုး တစ်ခုမှဖြစ်ပေါ်မလာခဲ့ပဲ အေးအေးချမ်း ချမ်းနဲ့ပြီးဆုံးသွားခဲ့တယ်။ ဒါဟာ နှစ်ဦးနှစ်ဖက်တွေ့ဆုံညှိနိုင်းမှုကြောင့် ထွက်ပေါ်လာတဲ့ရလဒ်ဖြစ်တယ်။
# ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံတွေမှာ မထူးဆန်းပါဘူး။ <....> ဆန္ဒပြသူကပြ၊ လမ်းသွားလမ်း လာတွေက သွားမြဲလာမြဲ၊ ရုံးသူရုံးသားတွေက ရုံးတက်မြဲပါပဲ။ ဆန္ဒပြသူတွေကလည်း သူတို့ပြစရာရှိတာ ပြ၊ တောင်းဆိုချက်ပေးစရာရှိတာတွေပေးပြီး အေးအေးဆေးဆေး ပြန်သွားကြတာပါပဲ။
# မြန်မာပြည်နိုင်ငံရေးအသိုင်းအ၀န်းထဲက ပုဂ္ဂိုလ်အများစုမှားလေ့ရှိတဲ့အမှားမျိုး ထပ်မမှားစေဖို့ သတိ ထားသင့်တယ်။ အမေရိကန်နဲ့အီးယူကဖိအားပေးလို့ အာဆီယံကပရက်ရှာပေးလို့ အစိုးရကလိုက်လျော လာတာဆိုတဲ့အမြင်ဟာ အင်မတန်မှားယွင်းတဲ့အမြင်ဖြစ်တယ်။ နှစ်ပေါင်းငါးဆယ်နီးပါး လက်တွေ့မြင် တွေ့ခဲ့ရတဲ့အချက်ကတော့ မြန်မာအစိုးရဟာ ဘယ်သူ့ဖိအားကိုမှ ဂရုမစိုက်ဘူးဆိုတဲ့အချက်ဖြစ်တယ်။
# လောလောဆယ်မြင်နေရတဲ့ အဖြစ်အပျက်တွေသတင်းတွေက ကြာရှည်လျစ်လျူရှုထားရင် "အပ်နဲ့ ထွင်း"ရုံ နဲ့မရတဲ့အခြေအနေထိ ရောက်လာနိုင်တယ်။ တိုင်းရင်သားဒေသအားလုံးလိုလိုမှာ စစ်ပွဲတွေ အရှိန်ပြင်းပြင်းနဲ့ဖြစ်လာတွေဟာ အင်မတန်အန္တရာယ်ကြီးလှတယ်လို့ သဘောရတယ်။ စိတ်မချမ်းသာ စရာဖြစ်တယ်။ တပ်မတော်သားကျဆုံးလည်း မြန်မာပဲ။ ကေအိုင်အိုက ကျလည်း မြန်မာပဲ။ ဒီကေဘီ အေနဲ့ကေအင်န်ယူကသေလည်း မြန်မာပဲ။ ကိုယ့်အချင်းချင်းတိုက်နေသတ်နေရတာ ဘာကောင်းလို့လဲ။
# ခုချိန်မှာ မြန်မာတစ်မျိုးသားလုံးအတွက် အရေးကြီးဆုံးက သေနပ်သံတွေရပ်စဲပြီး အသေအပျောက် သတင်းတွေ မကြားရဖို့ဖြစ်တယ်။ ဒီကိစ္စကို အားလုံးဝိုင်းဝန်းကြိုးစားကြစေချင်တယ်။
မြန်မာ-မြန်မာချင်းတိုက်နေသတ်နေတာနဲ့ပတ်သက်လို့ ဆရာကြီးက သူ့ဆောင်းပါးတစ်နေရာမှာ အခုလို ရေးထားတာ ဖတ်ရပါတယ်။
"စစ်ဆိုရင် မုန်းလွန်းလို့ ရေတောင်စစ်မသောက်ချင်ဘူး"လို့ ရှေးလူကြီးတွေ ပြောကြသလိုတောင် တစ်ခါ တစ်ခါပြောချင်မိတယ်-လို့။
ဒီနေ့ရာမှာ မိမိရဲ့မုဒုံသူဇနီးပြောပြတဲ့ "၀လုံးပဲ ကြိုက်တယ်"ဆိုတဲ့ တကယ့်အဖြစ်အပျက်ကလေးကို ပြေး ပြီး သတိရမိသေးတော့။ သူ ငယ်ငယ်တုံးက ကြားခဲ့ဖူးတာလေ။
မွန်ပြည်နယ် မုဒုံမြို့နားမှာရှိတဲ့ ရွာတစ်ရွာမှာ စစ်တပ်ရောက်လာတော့ မိဖဖြစ်သူအချို့က သူတို့ရဲ့သမီး တွေ စစ်ဗိုလ်စစ်သားများနဲ့အကြောင်းပါပြီး ရပ်ဝေးကိုပါသွားမှာစိုးတဲ့အတွက် အခုလိုမွန်သံဝဲ၀ဲနဲ့ သတိ ပေးပြောကြပါသတဲ့။
"စစ်ဗိုလ်စစ်သားတော့ တို့ မကြိုက်။ ၀လုံးပဲ ကြိုက်တယ်"လို့။
'၀လုံး'ဆိုတာ ဟိုခေတ်ဟိုအခါက သမီးရှင်များ အထူးမျက်စေ့ကျခဲ့ဖူးတဲ့ '၀တ်လုံ'(ရှေ့နေ)ကို ဆိုလိုတာပါ။
[စကားချပ်။ ။ '၀တ်လုံ'ဆိုတဲ့မြန်မာအသံထွက်ကို မွန်သံဝဲ၀ဲနဲ့ထွက်တဲ့အခါ '၀တ်'မှာ အသံတိမ်ပြီး 'လုံ'မှာ အသံမြှင့်ပြီးဆွဲလိုက်တာကြောင့် '၀တ်'မှ'၀'၊ 'လုံ'မှ'လုံး'ဖြစ်သွားရတာပါ။]
Saturday, August 6, 2011
ပန်းချီမောင်မောင်သိုက် ကွယ်လွန်ရှာပြီ
မဂ္ဂဇင်း ၀တ္တု ဂျာနယ်များစွာမှာ သရုပ်ဖော်ပုံတွေ မျက်နှာဖုံးပုံတွေ မရေမတွက်နိုင်လောက်အောင်ထိ ရေး ဆွဲခဲ့တဲ့ ပန်းချီမောင်မောင်သိုက်သည် မနေ့နေ့လည် ၁၂ နာရီကျော်မှာ ကွယ်လွန်သွားကြောင်း ကြားသိ ရပါတယ်။ အသည်းရောဂါနဲ့ ဆုံးသွားတယ် ပြောပါတယ်။ သူ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်ရှိပါပြီ။
ပန်းချီမောင်မောင်သိုက်ရေးဆွဲတဲ့ ကိုယ်လုံးသွယ်သွယ်နွဲ့နွဲ့နဲ့မိန်းမလှပုံလေးများကို ၁၉၇၀ခုနှစ်များက စာ ရေးသူတို့လူငယ်အတော်များများ စွဲလမ်းနှစ်ခြိုက်ခဲ့ကြပါတယ်။ အထူးသဖြင့်ကတော့ လုံးချင်းဝတ္တုတွေရဲ့ မျက်နှာဖုံးပုံတွေပဲ ဖြစ်ကြတယ်။ အဲဒီမိန်းမလှပုံလေးများဟာ အသက်ဝင်လှတာနဲ့အမျှ အတော်လေးကို ထူးထူးခြားခြား ဆွဲဆောင်မှုရှိကြတာဖြစ်တယ်။ ၁၉၈၀ခုနှစ်များမှာ စာရေးသူဟာ မဂ္ဂဇင်းအတော်များများ မှာ လစဉ်ရေးနေတာမို့  စန္ဒာ မိုးဝေ မြ၀တီ ကလျာ ပေဖူးလွှာ စစ်ပြန် သိပ္ပံအစရှိတဲ့ မဂ္ဂဇင်းတိုက်တွေကို လဲ အရောက်အပေါက်များခဲ့ပြီး ဆရာမောင်မောင်သိုက်ကို လူချင်းမရင်းနှီးခဲ့ပေမယ့် တစ်ခါတစ်ခါ တွေ့ရ တတ်ပါတယ်။ 
ဆရာမောင်မောင်သိုက်ရဲ့ဇနီးကတော့ သူ မကွယ်လွန်မီကတည်းက ဆုံးသွားခဲ့တာဖြစ်လို့ ယခုအခါမှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ပဲ ကျန်ခဲ့ကြောင်း သိရှိရပါတယ်။ 
Friday, August 5, 2011
ဆိတ်ကွယ်ရာ မရှိ
အချို့ငှက်တွေက အမှန်တရားကိုသာ ပြောပါတယ်။
အမှန်တရားကလွဲလို့ ဘာကိုမှ မပြောတတ်ကြဘူး။
တစ်ခါတုန်းက ...
အမျိုးသမီးတစ်ဦး တိရစ္ဆာန်အရောင်းဆိုင်တစ်ဆိုင်ကို သွားပါတယ်။
ဆိုင်ကို ရောက်ရောက်ချင်းဆိုသလိုပဲ အလွန်လှပတဲ့ ကြက်တူရွေးကြီးတစ်ကောင်ကို သတိပြုလိုက် မိတယ်။   
လှောင်ချိုင့်မှာတော့ ဒေါ်လာ ၅၀ ဆိုတဲ့ဈေးနူန်းကာဒ်ပြားလေး ချိတ်ဆွဲထားတာ တွေ့ရတယ်။
"ဈေးက ဘာလို့ နည်းရတာပါလဲ"လို့ သူမက ဆိုင်ရှင်ကို မေးလိုက်တော့ ဆိုင်ရှင်က သူမရဲ့မျက်နှာ ကိုကြည့်တဲ့ပြီး၊
"ဒီလိုရှိတယ်လေ၊ ရှင့်ကို ကျမ ပထမဆုံးပြောချင်တာကတော့ ဒီကြက်တူရွေးဟာ အရင်တုန်းက ပြည့်တံဆာတန်းမှာ နေခဲ့တယ်ဆိုတာရယ်၊ နောက်ပြီး တစ်ခါတစ်ခါမှာ ရုန့်ရင်းကြမ်းတမ်းတဲ့စကား တွေလဲ ပြောတတ်သေးတယ်ဆိုတာတွေပေါ့။" လို့ ပြောပြတယ်။
ဒါနဲ့ ဈေးဝယ်အမျိုးသမီးက ဆိုင်ရှင်ပြောတာကို စဉ်းစားပြီးနောက် ဘာပဲဖြစ်ဖြစ် ဒီကြက်တူရွေးကို ၀ယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ ကြက်တူရွေးလှောင်ချိုင့်ကို ဧည့်ခန်းမှာချိပ်ပြီး ကြက်တူရွေး စကားပြောမယ့်အချိန်ကို စောင့်စားနေခဲ့မိတယ်။
ကြက်တူရွေးက အိမ်ကို ဟိုကြည့်ဒီကြည့်လုပ်ပြီးနောက် သူမအားကြည့်လျက်၊
"အိမ်အသစ် ... မာမီကြီးအသစ်..   အိမ်အသစ်.. မာမီကြီးအသစ်."လို့ ပြောပါတယ်။ အမျိုးသမီးက ပထမတော့ ဘာတွေများပြောဦးမှာပါလိမ့်လို့ ရင်ထဲမှာ 'ဒိတ်'ကနဲဖြစ်သွားမိပြီးနောက်"ဘာမှ ဆိုးဆိုး ၀ါးဝါးကြီးမှ မဟုတ်တာ"လို့ တွေးမိပြန်ပါတယ်။ 
သူ့သမီးနှစ်ယောက် ကျောင်းကပြန်လာတာကိုတွေ့ရတော့ ကြက်တူရွေးက ..
"အိမ်အသစ် .. မာမီကြီးအသစ်..  မိန်ကလေးတွေအသစ် .." လို့ ပြောလိုက်တာမို့ အမေကောသမီး များပါ စိတ်ကသိကအောက် အနည်းငယ်ဖြစ်ကြရပေမယ့် ကြက်တူရွေးလေး ကြီးပြင်းလာရတဲ့ ပတ် ၀န်းကျင် အခြေအနေကိုတွေးဆပြီး ငိုအားထက် ရယ်အားသန်ဖြစ်ကြရတယ်။ 
တစ်အောင့်လောက်ကြာတဲ့အခါ အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူ "ကိ(သ)" အလုပ်ကပြန်ရောက်လာခဲ့ပါ တယ်။
ဒီအခါမှာ "ကိ(သ)"ကိုကြည့်ပြီး ကြက်တူရွေးလေးက ပြောလိုက်တာကတော့ ...
"အိမ်အသစ် ...
မာမီကြီးအသစ်.. 
မိန်ကလေးတွေအသစ် ..
လာနေကြဖေါက်သည်ဟောင်းကြီး!.
ဟိုင်း ကိ(သ)!."
Monday, August 1, 2011
ဇစ် .. ဇစ်..ပါကွယ်
တစ်နေ့မနက်က အလုပ်ကိုရောက်တာနဲ့ စာရေးသူရဲ့အထက်လူကြီးက ယနေ့နိုင်ငံခြားမှဧည့်သည်များ 
လာကြမယ့်အကြောင်း၊ ၀န်ကြီးဋ္ဌာနကို သူ အစည်းအဝေးတက်စရာရှိတာကြောင့် မိမိမှတာဝန်ယူဧည့် 
ခံပြသပေးရန် မှာကြားခဲ့ပါတယ်။ နံနက် ၉ နာရီခွဲလောက်မှာ ဧည့်သည်များရောက်လာမယ်ဖြစ်လို့ မိမိ 
အနေနဲ့ လိုအပ်တာတွေကို ပြင်ဆင်ထားရပါတယ်။
ခဏကြာတော့ အပေါ့သွားဖို့ အိမ်သာဝင်ခဲ့တယ်။
ဒီမှာတင် ပြသနာစ,တော့တာပါပဲ။ အောက်ကိုဆွဲချထားတဲ့ဘောင်ဘီဇစ်ကို ကိစ္စပြီးလို့ ပြန်ဆွဲတင်
လိုက်တာ ဇစ်က အခါတိုင်းလို ခပ်တင်းတင်းလေးတက်မလာပဲ ချောင်ချောင်သွက်သွက်ကြီးတက်
လာခဲ့တယ်။
ဟာ .. ဒုက္ခပဲ။ သိလိုက်ပါပြီ။ ဇစ် ပျက်သွားပြီလို့ပေါ့။ 
ဇစ်နဖားတစ်ဖက်က သံကုပ်ကနေပြုတ်ထွက်သွားတာ။
ဒါနဲ့ ဘောင်းဘီကိုချွတ်ပြီး ဇစ်နဖားဆွဲစိပေးတဲ့သံကုပ်ကို ကလန်ပြီးဟ,လိုက်တယ်။ လွတ်ထွက်သွားတဲ့ 
ဇစ်နဖားကို ပြန်သွင်းပြီး ပြန်စိမလို့ပါ။ 
အခုတစ်ခါမယ်တော့ လုံးဝကြီးကို ကိစ္စပြတ်သွားပါပြီ။ သံကုပ်ကကျိုးပြီး ပဲ့ထွက်သွားခဲ့တယ်။ 
တောက်.. 
အညံ့စားသံကျွတ်နဲ့ လုပ်ထားတဲ့ဟာပဲ။ ဇောချွေးတွေ တမဟုတ်ချင်းပြန်လာတယ်။ ရှေ့ဆက် ဘာလုပ်
လို့ ဘာကိုင်ရမှန်း ယုတ်တရက်မတွေးတတ်အောင်ပဲ။ ပြင်ဖို့ကိစ္စ မေ့လိုက်ရပြီမို့ အနီးအနားကဆိုင်တွေ
မှာဘောင်းဘီသွားထွက်ဝယ်မလား။ ဒါမှမဟုတ် အပေါ်ကရှပ်အင်္ကျီကို အပြင်ထုတ်ဝတ်ရကောင်းမလား။ 
အပေါ်ကရှပ်အင်္ကျီကိုထုတ်ပြီး ၀တ်ကြည့်သေးတယ်။ မနိပ်လှပါဘူး။ ၀တ်လေ့ဝတ်ထမရှိတာမို့ လုပ်ဖော်
ကိုင်ဖက်တွေက ပိုလို့တောင်သတိပြုပြီးကြည့်ကြဦးမှာ။
အချိန်ကလဲမရှိတော့တာဖြစ်လို့ အိမ်ကဇနီးကိုလှမ်းပြီး အကူအညီတောင်းရတယ်။
ဘောင်းဘီရှည်တစ်ထည် ဖြစ်တဲ့နည်းနဲ့ အမြန်ဆုံးလာပို့ပေးဖို့ပေါ့။ အိမ်ဖုန်းကိုခေါ်မရလို့ သူ့မိုဘိုင်းဖုန်း
ကိုခေါ်ရပြန်တယ်။ 
အရေးထဲ အိမ်မှာအမြဲရှိတတ်တဲ့ဇနီးက သူ့သမီးနဲ့ဈေးဝယ်ထွက်နေချေရဲ့။ 
အိမ်နဲ့ဝေးတဲ့အရပ်မှာ။ ဗီဗိုစစ်တီး(Vivi City)ကို ရောက်နေကြသတဲ့။ ကောင်းရော။ 
ဒါနဲ့ ဇနီးက အိမ်မှာရှိတဲ့ အိပ်ပျော်နေတဲ့သားကို ဖုန်းဆက်ပြီးလှမ်းပြော။ သားက သူ့အမေရဲ့ညွှန်ကြား
ချက်အတိုင်း တက္ကစီနဲ့စာရေးသူထံ အမြန်ဆုံး ဘောင်းဘီလာပြီးပေးနိုင်ခဲ့လို့သာ စာရေးသူမှာ နိုင်ငံခြား
ကလာတဲ့ဧည့်သည်များကို အိနြေ္ဒမပျက် ဧည့်ခံနိုင်ခဲ့ကြောင်းပါခင်ဗျား။