"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, May 24, 2014

ထီးထမ်းလမ်းလျှောက် စင်ကာပူ (၂)




ကဆုန်လပြည့်ကျော် ၁၁ ရက်၊ ၁၃၇၆ ခုနှစ်။




ဖူရားမားစစ်တီးစင်တာဟိုတယ်နှင့်မျက်နှာချင်းဆိုင်ရှိ ဒီဆိုင်းဆန်းဆန်းအဆောက်အအုံတစ်ခု။
(ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄)




‘ထီးထမ်းလမ်းလျှောက်စင်ကာပူ’ အမှတ်(၁)ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ စရေးခဲ့စဉ်က ဒီအစီအ စဉ်လေးရေးရတာနဲ့ပတ်သက်လို့ အောက်ပါအတိုင်း ရေးခဲ့ပါ၏။   

/// 'ထီးထမ်းလမ်းလျှောက်' ဆိုသောမြန်မာစကား၏ မူရင်းအဓိပ္ပါယ်ကို 'အလုပ်အကိုင် မည်မည်ရရ မလုပ်ဘဲ ဟိုဟိုသည်သည် လျှောက်သွားနေသူ' ဟု ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ဦးစီးဌာနမှ ထုတ်ဝေသော 'မြန်မာအဘိဓာန်' တွင် အနက်ဖွင့်ထားပါသည်။

သို့ဖြစ်ရာ ထီးထမ်းလမ်းလျှောက် စင်ကာပူတွင် မိမိသည် အလုပ်တစ်ခု မည်မည်ရရမရှိပါပဲ စင်ကာပူမှာ ဟိုသွားဒီသွားလုပ်ရင်း ဟိုနေရာရောက် ဒီနေရာရောက်ကာ ဟိုတွေ့ဒီတွေ့အကြောင်းအရာက လေးများအပေါ် မိမိ တွေးမိ ရင်တွင်းခံစားမိသည်တို့ကို ပြောပါမည်။ /// 


ယခုမူ ထီးထမ်းလမ်းလျှောက်စင်ကာပူ အမှတ် (၂) ကို ၅ လအကြာတွင်မှ ရေးဖြစ်ပါသည်။ သို့တ စေ တစ်ပုဒ်နှင့်တစ်ပုဒ် ဆက်စပ်မှုမရှိသဖြင့် အချိန်ကာလကွာခြားမှုမှာ အကြောင်းမဟုတ်ပါချေ။



ဒီကနေ့နံနက်က မိမိသည် အဖွဲ့အစည်း၏အစည်းအဝေး (Strategic Planning Meeting)ကိုတက်     ရန် စင်ကာပူနိုင်ငံ တရုတ်တန်းအရပ်ရှိ “ဖူရားမား စစ်တီးစင်တာဟိုတယ်” (Furama City Centre) သို့ ရောက်သွားခဲ့သည်။ ဌာနဆိုင်ရာအကြီးအကဲများသာ တက်ရောက်သဖြင့် စားပွဲ ၅ လုံးခန့်ဆန့် သည့်အခန်းငယ်လေးတစ်ခုတွင် အစည်းအဝေးလုပ်ပါသည်။ နံနက် ၉  နာရီတွင်စပြီး နေ့ခင်း ၁၂ နာရီကျော်တွင် ပြီးလေ၏။ အစည်းအဝေးပြီးသောအခါ ဟိုတယ်မှာ နေ့လည်စာကျွေးသော်လည်း မိမိက မစားလိုသဖြင့် အိမ်သို့ပြန်ခဲ့ပါသည်။ 


ဟိုတယ်မှ ထွက်လာပြီးနောက် အနီးရှိလမ်းသွယ်လေးကိုဖြတ်ကာ ပီးပဲစ်ပတ်စင်တာ (People’s Park Centre) ရှေ့ က ဘတ်စ်ကားမှတ်တိုင်အနားမှာရပ်လျက် အိမ်ကို မည်သို့ပြန်ရမည်နည်းဟု ခေတ္တရပ်ပြီးစဉ်စားရင်း အိမ်ရှင်မထံ ဖုန်ဆက်သည်။ အိမ်ရှင်မမှာ လွန်ခဲ့သော သုံးလေးရက်ကစပြီး အနည်းငယ်နေမကောင်းသဖြင့် ထမင်းဟင်း မချက်လေရာ မိမိက စားစရာတစ်ခုခုဝယ်သွားရန်လို  လေသည်။ အိမ်ရှင်မက အစည်းအဝေးကကျွေးသော နေ့လည်စာကို အပြီးစားခဲ့ရန် မိမိအားပြော လိုက်သော်လည်း ဇနီးနှင့်သားတို့စားရန် အိမ်ပြန်ရင်း မိမိက တစ်ပါတည်း ၀ယ်သွားလိုသည်။ သို့ ဖြစ်ရာ ပီးပဲစ်ပတ်စင်တာနှင့်တရုတ်တန်းကုန်တိုက်ကြီး(Chinatown Point)တို့ကို ဆက်သွယ်ထား သည့် ကားလမ်းကျော်တံတားပေါ်တက်ခဲ့၏။ 



တံတားပေါ်မှ ခပ်ဝေးဝေးတွင် လှမ်းမြင်ရသော ပဲန်နင်းစူးလားပလာဇာ (ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄)




ယူတော်န်ဆဲင်းလးမ်းမကြီး (Eu Tong Sen Street)၏ ၀ဲယာမြင်ကွင်းများကို တံတားပေါ်မှ ဓာတ်ပုံ ၂ ပုံ ရိုက်ခဲ့သည်။ တံတား၏အရှေ့ အရပ်တွင် မြန်မာရွာအဖြစ်ထင်ရှားသော ‘ပဲန်နင်းစူးလားပလာဇာ’ (Peninsula Plaza)ရှိပြီး အနောက်ဖက်တွင်မူ ဟိုတစ်ချိန်တစ်ခါကာလများက မြန်မာသင်္ဘော သားများ စတည်းချလေ့ရှိသော ပီးပဲစ်ပတ်ကွန်ပလက်စ် (People’s Park Complex) ရှိလေသည်။


တကယ်က ဒီနေရာဝန်းကျင်သည် မိမိတို့မြန်မာလူမျိုးများနှင့် မစိမ်းလှပေ။ လွန်ခဲ့သော အနှစ် ၂၀ ကျော်လောက်က မြန်မာသင်္ဘောသားများအပါအ၀င် စင်ကာပူရောက်မြန်မာအတော်များများသည် ပုလဲကုန်းကမူပေါ်ရှိ မြင်းခွာပုံတိုက်ကြီး (Pearl Bank Apartments)မှ အခန်းများမှာ ငှားရမ်းနေခဲ့ကြဖူး၏။ မိတ်ဆွေများကိုသွားတွေ့ရင်း ယင်းတိုက်ခန်းများသို့ မိမိကိုယ်တိုင် သုံးလေးခေါက်မျှ ရောက်ဖူးခဲ့ပါသည်။ 




မြင်းခွာပုံတိုက်ကြီး (ဓာတ်ပုံ - အင်တာနက်)




၁၉၈၈ ခုနှစ်တွင် မဆလအစိုးရ၏သက်တမ်းတိုသမ္မတ ဒေါက်တာမောင်မောင်ထံမှ အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်မှူးကြီး စောမောင်က မြန်မာနိုင်ငံကို အုပ်ချုပ်နေစဉ် တစ်ချိန်တည်းမှာ စင်ကာပူက မြင်းခွာပုံတိုက် ကြီးရှိ အခန်းအချို့ အား သူကြီးဦးစောမောင်ဆိုသူက စင်ကာပူရောက်မြန်မာအချို့ အား အခန်းငှားစားပြီး စီ မံအုပ်ချုပ်နေလေသည်။ သို့ဖြစ်ရာ 'သူကြီး' ဟူသောအခေါ်အဝေါ်နှင့် မြန်မာအချင်းချင်း အခန်းပြန်ငှားစား သောအလုပ်မှာ လွန်ခဲ့သည့်အနှစ် ၂၀ ကျော်ကပင် ရှိခဲ့ပြီးဖြစ်ပါလေ၏။ 



Taj မြန်မာဒန်ပေါက်ဆိုင် (ဓာတ်ပုံ - အင်တာနက်)



တရုတ်တန်းကုန်တိုက်ကြီးဖက်သို့ မိမိ ကူးလာသည်မှာ South Bridge Road နှင့် Mosque Street   လမ်းထောင့်ရှိ  မြန်မာဒန်ပေါက်ဆိုင် (Taj Authentic Indian Restraurant) သို့သွားပြီး အိမ်အ တွက်နေ့လည်စာ ဒန်ပေါက်ဝယ်ရန်ဖြစ်သည်။ ဒီဆိုင်မှ ဒန်ပေါက်ကို မိမိတို့မိသားစု အလွန်ကြိုက်ကြ၏။ အထူးသဖြင့် ကြက်သားကို အရိုးနေရာမှာ အရည်မရွှမ်းအောင်ခပ်ခြောက်ခြောက်လေးချက်ထားပြီး အသားအမျှင်များလည်း ပုံမပျက် အိအိထွေးထွေးအလွှာလိုက်ရှိနေခြင်းပင် ဖြစ်သည်။ ကြက်သားဟင်း အတုံးလိုမျိုး မဟုတ်။



တရုတ်တန်းကုန်တိုက်ကြီး (ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄) 



တရုတ်တန်းကုန်တိုက်ကြီးအထဲသို့ ရောက်သောအခါ အတွင်းပိုင်းအပြင်အဆင်များ အတော်လေးကို ပြောင်းလဲနေသည်ကို သတိပြုမိ၏။ မိမိ ဒီကုန်တိုက်အထဲသို့ မရောက်သည်မှာ ကြာတောင့်လှပြီဖြစ်၏။ ခရီးသွားလုပ်ငန်းဆိုင်များ (Travel Agencies) ကို ဆိုင်းဘုတ်သစ်သစ်လွင်လွင်များနှင့် အများအပြားတွေ့ ရသည်။ ဆိုင်များအားလုံးရှေ့ မှ ဖြတ်လျှောက်ရသည့် လမ်းကိုလည်း လမ်းလုံးပြည့် ကော်ဇော်ခင်းထား ပေး၏။ ကုန်တိုက်၏အနောက်ဖက်အပေါက်မှထွက်လိုက်သောအခါ New Bridge Road နှင့် Upper Cross Street လမ်းထောင့်ရှိ ‘ဟိုတယ် ၈၁’ ကိုတွေ့ရသောကြောင့် ကွယ်လွန်သူ သူငယ်ချင်းကိုခင်မောင်မြင့် (သရော်စာဝတ္တုတိုစာရေးဆရာမာန်မြင့်အား သတိတရဖြစ်မိသည်။ ဒီဟိုတယ်မှာ သူတို့မိသားစု တည်းသွား ခဲ့ကြ၏။ တရုတ်တန်းကုန်တိုက်ကြီးမှ မြန်မာဒန်ပေါက်ဆိုင်သို့ ၅ မိနစ်ခန့်သာလျောက်ရ၏။ Upper Cross Street လမ်းတစ်လျှောက်ရှိ စားသောက်ဆိုင်များမှာ သိသိသာသာပြောင်းလဲမှုမရှိချေ။

ဒန်ပေါက်ဆိုင်သို့ရောက်သောအခါ ဆိုင်မှအမျိုးသမီးက "အန်ကယ် အန်တီကောမပါဘူးလား" ဟုမေးသ ဖြင့် နေနဲနဲမကောင်းသောကြောင့် အိမ်မှာနားနေကြောင်းပြောပြရသည်။ မိမိတို့ဇနီးမောင်နှံသည် ဆိုင်ကို အတူ လာလေ့ရှိကြ၍ မေးခြင်းဖြစ်ပါလေ၏။ မိမိကလည်း သူ၏ကလေး ဘယ်အရွယ်ရောက်နေပြီလဲဟု မေးရသည်။ ၂ နှစ်ကျော်ဟု သိရသည်။ သူ့အမေက သူ့အိမ်မှာ ကြည့်ရှုပေးနေသည်ဆို၏။ နေ့ခင်း ၁ နာရီ  ခန့်တွင် ဆိုင်ထဲမှာ ထမင်းစားသူ ၅ ယောက် ၆ ယောက် ရှိနေ၏။ များသောအားဖြင့် အလုပ်ဖွင့်ရက်များ တွင် နေ့ခင်းထမင်းစားချိန်မှာ လူများလေ့ရှိ၏။ 




ရှရီမာရီအန်မန်ဟိန္ဒူဘုရားကျောင်းကြီး (ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄) 


ဒန်ပေါက်ဝယ်ပြီးသောအခါ ကားလမ်းကိုကူးပြီး မနီးမဝေးရှိ ဘတ်စ်ကားမှတ်တိုင်သို့ သွားပါသည်။ စနေနေ့ နေ့ခင်းဖြစ်သဖြင့် တရုတ်တန်းလမ်းများထဲရှိ ဆိုင်များတွင် ဒေသခံများနှင့် နိုင်ငံခြားခရီးသွားဧည့် သည်များ ဖြင့် စည်ကားစပြုနေပေပြီ။ ဒန်ပေါက်ဆိုင်နှင့်မလှမ်းမကမ်းရှိ စင်ကာပူနိုင်ငံ၏ အစောဆုံးဟိန္ဒူဘုရား ကျောင်းကြီးဖြစ်သည့် ရှရီမာရီအန်မန်ကျောင်း (Sri Mariamman Temple) တွင် နိုင်ငံခြားခရီးသွားဧည့် သည်များ ၀င်ထွက်နေကြသည်ကို မှတ်တိုင်မှ လှမ်းပြီးမြင်နေရပါသည်။ ဘုရားကျောင်းကို ဆေးပြန်သုတ် ထားရာ ပိုမိုလှပနေ၏။ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က အလုပ်မှအမျိုးသမီးမိတ်ဆွေတစ်ဦး ဤကျောင်းမှာ မင်္ဂလာဆောင်သဖြင့် ကျောင်းအတွင်းထဲသို့ ရောက်ဖူးခဲ့ပါသည်။ 



လမ်း၏လက်ယာဖက်မှာ အမိုးဘုံအဆင့်ဆင့်ရှိသော ဗုဒ္ဓအံတော်တိုက်ကျောင်းကို တွေ့နိုင်၏။(ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄)



ဘတ်စ်ကားက တော်တော်နှင့်မလာသဖြင့် မိမိသည် ဟိုဒီကြည့်ရင်း ဓာတ်ပုံအချို  ရိုက်ဖြစ်၏။ မှတ်တိုင်မှ လက်ဝဲဖက်ကို ကြည့်မိသောအခါ အမိုးဘုံအဆင့်ဆင့်ရှိသော ဗုဒ္ဓအံတော်တိုက်ကျောင်း (BuddhaTooth Relic Temple) ၏အပေါ်ပိုင်းကို ဓာတ်ပုံမှာတွေ့ရသည့်အတိုင်း လှမ်းပြီးမြင်နေရသည်။ မိမိတို့ဇနီးမောင်နှံ သည် မြန်မာရွာကြီးမှ ဘတ်စ်အမှတ် ၁၉၇ ကိုစီးပြီး အိမ်သို့ပြန်လေတိုင်း အံတော်တိုက်အား ဘတ်စ်ကား ပေါ်မှ ဖူးရလေ့ရှိပါသည်။ မိမိတို့သည် ကျောင်းတော်ကြီးအတွင်းသို့လည်း ၀င်ရောက်ဖူးခဲ့ပြီးဖြစ်သည်။ ထို နေ့က အံတော်အားဖူးမျှော်အပြီး ကျောင်းနှင့်ဘေးချင်းကပ်ရှိ ဆေဂိုလမ်း (Sago Street) ထဲရှိ ဈေးဆိုင် တန်းများကို လျောက်ကြည့်ကြရင်း တရုတ်ပြည်မှာ လက်ရာမြောက်စွာ ထွင်းထုခဲ့သည့် ကြည်ညိုဖွယ်ရာ ဆင်းတုတော်တစ်ဆူကို တွေ့ရသဖြင့် မှတ်မှတ်ရရ ၀ယ်ယူပူဇော်ခဲ့ဖြစ်ပါ၏။ 


















Sunday, May 18, 2014

မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား (၅)




၁၃၇၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်။





မြန်မာစာနှင့်မြန်မာစကားများကို ချစ်မြတ်နိုးသူတစ်ဦးအနေဖြင့် "မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား" ဆိုသည့်ခေါင်းစဉ်ဖြင့် မြန်မာစာ မြန်မာစကားဆိုင်ရာ ကောင်းနိုးရာရာဆောင်းပါးများကို မိမိ လက် လှမ်းမီသ  ယခုဘလော့စာမျက်နှာတွင် ရှာဖွေကူးယူတင်ပြပေးခဲ့သည်မှာ အမှတ် (၅) သို့ပင် ရောက်ခဲ့ပေ ပြီ။

သို့သော် ပြီးခဲ့သောဧပြီလတွင် တစ်ပုဒ်မျှ မတင်ဖြစ်ခဲ့ပါချေ။ ယနေ့မှ အမှတ် (၅) ကို ဆက်လက်တင်နိုင်ခဲ့ပါ ၏။ အားပေး ဖတ်ရှု လေ့လာမှတ်သားကြပါကုန်။




မြန်မာ့အလင်းသတင်းစာ (မေလ ၁၈ ရက်၊ ၂၀၁၄)။









Saturday, May 10, 2014

ဘာသာပြန်စာအုပ်များ





၁၃၇၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်။





စာရေးဆရာကြီးမောင်ထင်၏ မိုပါဆွန်း ၀တ္တုတိုများ။  



မြန်မာလူမျိုးအတော်များများသည် စာဖတ်သည်ကို ၀ါသနာပါကြ၏။ စာဖတ်ရန်နှစ်သက်ကြ၏။ 
ဘုန်းကြီးကျောင်းစာနှင့် သေစာရှင်စာလောက်သာ တတ်ကြသူများကော ကျောင်းစာကောင်းကောင်းတတ်ကြသူ များပါ စာအုပ်စာစောင်တစ်ခုခုကိုတွေ့က ကောက်ပြီးယူဖတ်ကြလေ့ရှိ၏။
သတင်းစာကို ဖတ်သည်။ ဘုရားစာကို ဖတ်သည်။ သင်္ကြန်စာနှင့်ဗေဒင်ဟောစတမ်းများလည်း ဖတ်ကြသည်။ က ဗျာဖတ်သည်။ ၀တ္တုတို ၀တ္တုရှည်ဖတ်သည်။ ဆောင်းပါး ပြဇတ်များလည်း ဖတ်ကြသည်။ သည့်အပြင် ဘာသာပြန် စာအုပ်များကိုလည်း နှစ်သက်စွဲလန်းစွာ ဖတ်တတ်ကြပါသေးသည်။

မြန်မာပြည်တွင် အကြောင်းကြောင်းကြောင့် အင်္ဂလိပ်လို မဖတ်နိုင်သော မဖတ်ဖြစ်သော မြန်မာစာဖတ်ပရိသတ် များအတွက် ဘာသာပြန်စာအုပ်များ အများအပြားရှိသည်ဟု ဆိုနိုင်ပါသည်။ မူလက မည်သည့်ဘာသာစကားဖြင့် ပင် ရေးသားထားစေကာမူ မြန်မာဘာသာပြန်စာရေးဆရာအများစု (အားလုံးလိုလို)က အင်္ဂလိပ်ဘာသာမှသာ ပြန် ဆိုကြလေ့ရှိသည်။

မြန်မာပြည် လွတ်လပ်ရေးမရခင်ကာလကတည်းကပင် မြန်မာပြည်တွင် ဘာသာပြန်စာအုပ်များရှိခဲ့ပြီး လွတ်လပ် ရေးရပြီးနောက်ပိုင်တွင်မူ ဘာသာပြန်စာအုပ်များ အများအပြား ထွက်ရှိလာခဲ့လေသည်။ အမျိုးသားခေါင်းဆောင် ကြီးဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့က ရန်ကုန်မြို့  ပြည်လမ်းရှိ ဆိုရန်တိုဗီလာအဆောက် အအုံတွင်ပြုလုပ်ခဲ့သော မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ..

“စာအုပ်များ ထုတ်ဝေရေးကိစ္စတွင် ကျယ်ပြန့်သောလူထုလက်သို့ ပေါက်ရောက်နိုင်သော ဘာသာပြန်စာပေများ ထုတ်ဝေရေးကို အာရုံပြုသင့်ကြသည်။ ဘာသာပြန်ဌာနကြီးတခုကို ကျွန်ပ်တို့ဖွင့်လှစ်သင့်ကြသည်။“ ဟု တိတိ လင်းလင်း မိန့်မှာကြားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမိန့်မှာခဲ့ပြီး ၃ လခန့်အကြာဖြစ်သော ၁၉၄၇ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) ကို စတင်တည်ထောင်နိုင်ခဲ့ပါတော့သည်။ နောင်တွင် စာပေဗိမာန်မှ ဦးစီးဦးရွက်ပြုကာ ဘာသာပြန်စာပေ စာတမ်းဖတ်ပွဲများကျင်းပပေးလျက် “ဘာသာပြန် စာပေစာတမ်းများ”စာအုပ်များကို အတွဲများစွာပုံနှိပ်ထုတ်ဝေပေးခဲ့ပါသည်။

ထိုစဉ်က နဂါးနီစာပေမှ ဘာသာပြန်ထုတ်ဝေသော အိုင်းရစ်သူပုန်များဖြစ်ကြသည့် ‘မိုက်ကယ်ကောလင်း'၊ ‘ဒင်ဘ ရင်း’၊ ‘ကိုယ်ပျောက်စစ်သား'၊ ‘လက်သီးပုန်း'၊ ‘ဆင်ဖိန်း'၊ 'သင်းထိုက်နှင့်သင်းကံ' အစရှိသောစာအုပ်များကိုဖတ်ပြီး မြန်မာလူငယ်များတွင် ဗြိတိသျှကိုလိုနီစနစ်ဆန့်ကျင်ရေးစိတ်ဓာတ်များ တစ်ဖွားဖွားပေါ်ပေါက်စေခဲ့ပါသည်။ တစ် နည်းဆိုရသော် ဘာသာပြန်စာပေသည် ကိုလိုနီစနစ်ဆန့်ကျင်ရေး၊ အမျိုးသားရေးနှင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်း မှုများတွင် တစ်တတ်တစ်အားပါဝင်ခဲ့ကြောင်း ထင်ရှားပါသည်။

တစ်ဖန် ဂျပန်ခေတ်အတွင်းတွင် ဘာသာပြန်ထွက်ရှိခဲ့သော ဆရာသခင်ဘသောင်း၏ 'ပန်းသာ မစာဥ'၊ ဆရာပီမိုး နင်း၏ 'သူရဲကောင်းသုံးယောက်' နှင့် ဆရာရွှေဥဒေါင်း၏ 'အိုင်ဗင်ဟို' စာအုပ်များမှာ မြန်မာစာပေတွင် တော်ဝင် ဘာသာပြန်လက်ရာစာအုပ်ကောင်းများအဖြစ် ကျန်ရှိခဲ့ပါသည်။ ၁၉၇၀ ခုနှစ်က မင်းသုဝဏ်၊ ဇော်ဂျီ၊ မောင်ထင်၊ ဦးထင်ကြီး၊ ဦးခင်ဇော်၊ သခင်ဘသောင်း၊ ဦးတင်ဧ၊ ဇ၀န၊ ဦးဝင်းဖေ၊ မှူးတင်နှင့် တက်တိုးတို့ ပါဝင်ရေးသားကြ သည့် "ဘာသာပြန်စာပေ” အမည်ရှိစာအုပ်ကို စာပေဗိမာန်ကပင် ထုတ်ဝေခဲ့ပါသေးသည်။ 

ဤစာရေးသူကိုယ်တိုင်ပင် ငယ်စဉ်က စာပေများဖတ်ရှုလေ့လာခဲ့စဉ်တွင် အခြားသောစာပေအ မျိုးအစား များနှင့်အ တူ ဘာသာပြန်စာပေများကို လက်လှမ်းမီသ၍အတော်များများဖတ်ရှုနိုင်ခဲ့ပါသည်။ ဘာသာပြန်စာအုပ်များ တွင် ၀တ္တုအတိုအရှည် ကဗျာနှင့်ဆောင်းပါးများကို အဓိကအားဖြင့် ဖတ်ခဲ့ဖြစ်၏။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ဖြစ်သဖြင့် ဆိုရှယ်လစ် ကွန်မြူနစ်နိုင်ငံများမှ ဘာသာပြန်စာပေများကို ပိုပြီးဖတ်ခဲ့ဖြစ်၏။ တစ်ဖန် တိုးတက်သော လက်ဝဲယိမ်း လူငယ်စာရေးဆရာများကလည်း ဆိုရှယ်လစ် ကွန်မြူနစ်စာပေများကို ဂ္ဂဇင်း များတွင် စဉ်ဆက်မပြတ် ဘာသာပြန်ရေးသားခဲ့ကြပါသည်။ 

ကမ္ဘာ့ကျော်ရုရှားစာရေးဆရာကြီးများဖြစ်ကြသော လီယိုတောလ်စတွိုင်း၏ “စစ်နှင့်ငြိမ်းချမ်းရေး”၊ မက္ကဇင် ဂေါ်ကီ၏ “အမေ”၊ ဆရာဇော်ဂျီဘာသာပြန်သည့်  နိုင်ငံခြားဝတ္တုတိုများ စသဖြင့်။ တစ်ချိန်တည်းမှာ ဆရာမြသန်းတင့် ဘာသာပြန်ရေးသားပြီး အမျိုးသားစာပေဆုရရှိခဲ့သော အမေရိကန်စာရေးဆရာမ မာဂရက်မစ်ချယ်၏လေရူး သုန်သုန်၊ ဆရာမောင်ဆုရှင် ဘာသာပြန်ရေးသားပြီး အမျိုးသားစာပေဆုရခဲ့သောကမ္ဘာ့ကျော်စာရေးဆရာ ကြီး အားနက်စ်ဟဲမင်းဝေး၏ ပင်လယ်ပြာနှင့်တံငါအို စာအုပ်များသည်လည်း ဘာသာပြန်စာဖတ်ပရိသတ်၏ စိတ်ကြိုက်ဘာသာပြန်စာအုပ်များဖြစ်ခဲ့ပါသည်။


သို့ဖြစ်ပေရာဘာသာပြန်စာအုပ်များကို ပြန်ဆိုရေးသားခဲ့ကြသော စာရေးဆရာကြီးများနှင့် ယင်းဘာသာပြန်စာအုပ် များအား ရွေးခြယ်ပုံနှိပ်ထုတ်ဝေပေးခဲ့ကြသည့် ထုတ်ဝေသူများအားလုံးအား ကျေးဇူးအထူးတင်ရှိရပါသည်။








Friday, May 2, 2014

မြန်မာသတင်းတိုများ (မေလ၊ ၂၀၁၄)




၁၃၇၆ ခုနှစ် ၊ ကဆုန်လဆန်း ၄ ရက်၊ 







  • ရဲဦးစီးချုပ် ခရီးစဉ်အတွက် ကုန်ကျစရိတ်ကို ဒေသခံဝန်ထမ်းများထံမှ ကောက်ခံနေ



စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်သို့ ဧပြီလအတွင်းက လာရောက်ခဲ့သည့် ရဲဦးစီးချုပ် ရဲမှူးကြီးဝင်း ခေါင်၏ခရီးစဉ်အတွက်၌ ရဲမှူးကြီးက ကုန်ကျစရိတ်ကို ဒေသခံဝန်ထမ်းများထံမှ မကောက် ခံရန်မှာကြား ထားခဲ့သော်လည်း ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခရီးစဉ်ကုန်ကျစရိတ်များကို ဒေသခံရဲစခန်း၊ ရဲကင်းများ ထံက ခွဲတမ်းချကောက်ခံလျှက်ရှိသောကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ အခက်အခဲများစွာ  ကြုံတွေ့နေကြရ ကြောင်း ကြားသိရသည်။ 





  • ကေပေါ့ပ်အဖွဲ့ မြန်မာပြည်နိုင်ငံ လာရောက်ဖျော်ဖြေ






ကိုရီးယား အမျိုးသမီးကေပေါ့ပ်ကြယ်ပွင့်များဖြစ်ကြသည့် Girl’s Day၊ Dal Shabet နှင့် TINT၊ အမျိုးသား ကေ ပေါ့ပ်ကြယ်ပွင့်အဖွဲ့ M.I.B တို့သည် ဧပြီလ ၃၀  ရက်နေ့ ညပိုင်းက ရန်ကုန်မြို့  သုဝဏ္ဏအားကစားကွင်း၌ ပထမ ဆုံးအကြိမ်အဖြစ်လာရောက် ဖျော်ဖြေခဲ့ကြကြောင်း ကြားသိရသည်။   




  • ယာဉ်ထိမ်းရဲများ နေကာမျက်မှန်တပ်ပြီး အလုပ်လုပ်နိုင်


လမ်းမကြီးနှင့်လမ်းဆုံလမ်းခွများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ယာဉ်ထိမ်းရဲတပ်ဖွဲ့ဝင်များ သည် ရာသီဥတုပူပြင်းသဖြင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် မျက်စိနာခြင်းဖြစ်စေနိုင်သဖြင့် နေကာမျက်မှန် တပ်ဆင်ပြီး တာဝန်ထမ်းဆောင်ခွင့်ရကြောင်း ကြားသိရသည်။ 


ယင်းသို့ နေကာမျက်မှန်တပ်ဆင်ကာ တာဝန်ထမ်းဆောင်ခြင်းသည် ယာဉ်ထိမ်းရဲတပ်ဖွဲ့သမိုင်းတွင် ပထမ ဆုံးဖြစ်သည်ဆို၏။ 





  • ကုသိုလ်တော်ဘုရားကျောက်စာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီ


ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်မှု အထိမ်းအမှတ် Logo (ကြေးမုံ - မေလ ၁၀ ရက်၊ ၂၀၁၄)။


၁၈၆၈ ခုနှစ်က ကုသိုလ်တော်ဘုရားတွင် ဗုဒ္ဓဘာသာပိဋ္ဋိကတ်ကျမ်းတစ်ခုလုံးအား  ကျောက်ထက်ကမ္ပည်း အက္ခရာတင်ခဲ့သော ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်မှု (UNESCO Memory of the World) အထိမ်းအမှတ် Logo စိုက်ထူပွဲ အခမ်းအနားကို မေလ ၈ ရက် နံနက် ၉  နာရီက မန္တလေးတောင်ခြေအနီးရှိ မဟာ လောကမာရဇိန်ကုသိုလ်တော်ဘုရား၌ ကျင်းပကြောင်း သိရှိရသည်။ 


  • မြန်မာ့နိုင်ငံတကာလေဆိပ်များ အွန်လိုင်းဗီဇာ စတင်မည်


၂၀၁၄ ခုနှစ် စက်တင်ဘာလဆန်းမှစပြီး မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာလေဆိပ်များတွင် အွန်လိုင်းဗီ ဇာ(e.Visa) စနစ်ကို ပထမအဆင့်အနေဖြင့် စတင်ရန်စီစဉ်နေကြောင်း ကြားသိရသည်။


  • အလှပြင်ဆိုင်အမည်ခံကာ အနှိပ်ခန်းဖွင့်



စမ်းချောင်းမြို့ နယ် ရှင်စောပုရပ်ကွက်ရှိတိုက်ခန်းတစ်ခုတွင် အလှပြင်ဆိုင်အမည်ခံကာ အနှိပ်သမအမျိုးသမီး ၅ ဦးဖြင့် အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင်နေသဖြင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တရားရုံးသို့ ဦးတိုက်လျှောက် ထားမည်ဖြစ်ကြောင်း ကြားသိရသည်။ 



  • နှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိ သစ်ထွင်းလှေ ထိန်းသိမ်းးထား


ဓာတ်ပုံ - ကြေးမုံ (မေလ ၁၄ ရက်၊ ၂၀၁၄)


ပခုက္ကူမြို့ နယ် အင်းဝိုင်းရွာ ဘုန်တော်ကြီးကျောင်းတွင် အရှည် ၃၅ ပေ၊ အနံ ၃ ပေနှင့် ၈ လက်မ ရှိ ရှေးမြန်မာ့ရိုးရာ သစ်လုံးထွင်းပြိုင်လှေတစ်စီးကို ကျောင်းထိုင်ဆရာတော်များက ခေတ်အဆက်ဆက် ထိန်းသိမ်းခဲ့ကြကြောင်း သိရှိရသည်။




























Thursday, May 1, 2014

ထူးခြားသတင်း (၄)




၁၃၇၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်။



  • မန္တလေး-ရန်ကုန်အမြန်လမ်း အကျွတ်အလွတ်ဒါနပွဲပြုလုပ်မည်



မန္တလေး-ရန်ကုန် အမြန်လမ်းတွင် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူများ များပြားလာနေသော ကြောင့် အကျွတ်အလွတ်ဒါနပွဲ ပြုလုပ်လျက် အစားအစာကျွေးမွေးခြင်း၊ တောစောင့်နတ် တောင်စောင့်နတ် အပေါင်းတို့အား တောင်းပန်ခြင်း၊ ဆုတောင်းအမျှပေးဝေခြင်း၊ သစ်ပင်အစားထိုးစိုက်ပျိုးခြင်းတို့ ပြုလုပ်မည် ဖြစ်ကြောင်းနှင့် "ဒီအမြန်လမ်းမကြီးဟာ ပဲခူးရိုးမကို ကျော်ဖြတ်ပြီး ဖောက်လုပ်ထားတာကြောင့် သစ်ပင်ကြီး တွေကို ခုတ်လဲပစ်လို့ သူတို့တစ်တွေ နေစရာမရှိတော့တာနဲ့ အခုလို အနှောင့်အယှက်ပေးနေသလား တွေး မိတယ်။ မကျွတ်မလွတ်ဘ၀နဲ့ ရှိနေကြလိမ့်မယ်ယုံကြည်လို့ ဒီအမျှဝေပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါတယ်" ဟု ပြောကြားကြောင်း ကြားသိရသည်။ 




၁၃၇၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်။ 18 May 2014 (Sunday)





      ဤကဲ့သို့သော သတင်းမျိုးကို ယခင်အခါများက အစိုးရသတင်းစာများတွင် "မြန်မာ့သတင်းစဉ်"မှ ထည့်သွင်းဖော်ပြပေးလေ့ မရှိပေ။



  • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဟောပြောပွဲကျင်းပ  


မြန်မာ့အလင်းသတင်းစာ (မေလ ၁၈ ရက်၊ ၂၀၁၄)







  • ပဒေါင်လည်ပင်းကြေးကွင်းများကို ဆင်းတုတော်သွန်းလောင်းလှူဒါန်း





ဒီအဖွားက အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ပဒေါင်တိုင်းရင်းသူ ... သူ့အသက် ၁၂ နှစ်ကထဲက လည်ပင်းမှာ ကြေးကွင်းတွေစွပ်ထားခဲ့တာ ၇၅ နှစ်အထိတဲ့ ... မနှစ်ကတော့ သူ အမြတ်တနိုးဝတ်ထားတဲ့ လည်ပင်းက ကြေးကွင်းတွေကိုချွတ်ပြီး Mandalay ကိုသွား ... အရည်ကျို ....ဘုရားဆင်းတုတော်လောင်းတာကို ထိုင် စောင့်ကြည့် ... ပြီးတော့ သူ့နယ်ဖြစ်တဲ့ ကယားပြည်နယ် မိုးဗြဲမြို့ လေးက ဘုန်းကြီးကျောင်းကို လှူဒါန်း လိုက်ပါတော့တယ်။ 

(MMcities News/Media Website နှင့် Facebook တို့မှ မူရင်းအတိုင်း ထုတ်နှုတ်ကူးယူဖော်ပြပါသည်။)




















ဆိုရေးရှိက ဆိုအပ်လှ၏




၁၃၇၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ 



အခုခေတ်က စစ်အုပ်ချုပ်ရေးခေတ်တုန်းကလို ပြည်သူလူထုအများစုကြီးအနေဖြင့် အုပ်ချုပ်သူလူတန်းစား တွေရဲ့  ပြောသမျှကို ဟုတ်ဟုတ် မဟုတ်ဟုတ် ခေါင်းငုံ့ခံနားထောင်ခဲ့ကြရပြီး သူတို့အကြိုက်ကို တမင်လိုက် ကာ 'ဗောင်းတော်ညိတ် စိတ်တော်သိ' ကြရတဲ့ ခေတ်မျိုး မဟုတ်တော့ပါဘူး။

ပြောရေးရှိက ပြောရဲပြီး
ဆိုရေးရှိက ဆိုရဲကြရမယ့်ခေတ်ပါ။

ဒါကြောင့် ဒီအကြောင်းတွေကို ပြောကြရအောင်ပါ။




  • တာဝန်ခံမှု တာဝန်ရှိမှုကို သည့်ထက်ပိုပြီး တာဝန်ခံကြ တာဝန်ယူကြ 


ဧပြီလ ၃၀ ရက်နေ့ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာရဲ့  အယ်ဒီတာ့အာဘော်မှာ အထက်ပါခေါင်းစဉ်နဲ့ ရေးထား တာကို ကောက်နှုတ်ဖော်ပြလိုက်ရပါတယ်။


/// တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်ဟောင်ဝန်ဟာ ခရီးသည်တင်ကူးတို့သဘောင်္တိမ်းမှောက်လို့ ခရီး သည်တွေ သေဆုံးရတဲ့ကိစ္စမှာ အစိုးရအနေနဲ့ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ တာဝန်မကင်းဘူးဆိုတဲ့အမြင်နဲ့ ရာ ထူးကနေ နုတ်ထွက်လွှာတင်သွားခဲ့တယ်။

တစ်ခါ ဂျပန်နိုင်ငံ ကိုဘေးမြို့  ငလျင်ဖြစ်ပွားစဉ်ကလည်း ငလျင်ဒဏ်ခံရတဲ့ ကိုဘေးမြို့ သူမြို့ သားတွေအ တွက် ရေစီမံကိန်းအလျင်အမြန်အကောင်အထည်ဖော်မပေးနိုင်ရခြင်းဟာ သူရဲ့ စီမံခန့် ခွဲမှု ညံ့ဖျင်းမှုကြောင့် ဆိုပြီး ကိုဘေးမြို့ တော်ဝန်ဟာ တိုက်တစ်လုံးပေါ်မှ ခုန်ချသတ်သေသွားခဲ့ဖူးပါသေးတယ်။  

မိမိတို့တိုင်းပြည်မှာဆိုရင် ဒီနှစ်ဇန်န၀ါရီကနေ ဧပြီလအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းလမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆမှု ၁၄၀ ကျော်ဖြစ်ခဲ့ပြီး လူ ၅၀ ကျော် သေဆုံးခဲ့ရပြန်ပါတယ်။ မကြာခဏဆိုသလို တိုက် တွေပြိုကျလို့ လူအသေအပျောက်တွေ ရှိနေပါတယ်။

မည်သည့်နိုင်ငံမှာမဆို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အစိုးရအဖွဲ့တွေဟာ တိုင်းပြည်ရဲ့ သာရေးနာရေးကိစ္စ အားလုံးအပေါ်မှာ တာဝန်ရှိပါတယ်။


မိမိတို့တိုင်းပြည်တွင်လည်း တိုင်းပြည်တာဝန်ရှိသူများ၊ တာဝန်ယူထားကြသူများအနေနဲ့ တာဝန်ရှိမှု တာဝန် ခံမှုကို သည့်ထက်ပိုပြီးတာဝန်ခံကြဖို့ တာဝန်ယူကြဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ ///    





  •  နိုင်ငံရေး နိုင်ငံ့အရေး


ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း။

၂၀၁၀ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးရာထူးကနေ အနားယူခဲ့ပြီး ယခုအခါမှာ ပြည်ထောင်စုကြံ့ခိုင်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ (Union Solidarity and Development Party - USDP) ရဲ့  ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်များယူထားသူ သူရဦးရွှေမန်းက ပြည်ထောင်စုကြံ့ခိုင်းရေး ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရဲ့ အာဘော်ဖြစ်တဲ့ The Union Daily မှာ အထက်ကခေါင်းစဉ်နဲ့ ဒီကနေ့ ရေးထားတာကို ကောက်နှုတ် ဖော်ပြလိုက်ရပါတယ်။

/// နိုင်ငံရေးလုပ်တာ အများအတွက်၊ တိုင်းပြည်အတွက်ဖြစ်တယ်။ ဒီလိုခံယူလုပ်ဆောင်ရင်း နိုင်ငံရေးလုပ်တာ ကောင်းတယ်။ ဒီလိုဆိုရင် သူတို့ကို နိုင်ငံရေးမလုပ်ရ၊ လုပ်ခွင့်မပြုဘူးဆိုရင် မတရားဘူး၊ မမျှတဘူး။ သူတို့ လည်း ပါဝင်ခွင့်မရဘူးဆိုရင် ကျေနပ်မှာမဟုတ်ဘူး။ ကန့်သတ်ပိတ်ပင်တားဆီးနေလျှင် ခံမှာမဟုတ်ဘူး။ အာ ဏာနဲ့တားဆီးလုပ်ဆောင်ထားလျှင်လည်း ဆန့်ကျင်နေမှာပဲ။ ဥပဒေနှင့်ပိတ်ပင်ထားလည်း လွတ်မြောက် အောင် ရုန်းထွက်မှာပဲ။
 နိုင်ငံသားလေ - နိုင်ငံသားတစ်ယောက်၏ အခြေခံရပိုင်ခွင့် အခွင့်အရေးတွေကို ပေးရမယ်။ လေးစားရမယ်။ သူ့ မှာလည်း နိုင်ငံတော်ကိုကာကွယ်ဖို့၊ ချစ်မြတ်နိုးဖို့၊ အကျိုးပြုဖို့တာဝန်တွေ ရှိတာပဲ။ ကိုယ်ပဲချစ်မယ်၊ ကိုယ်ပဲ ချစ်တယ်၊ ကိုယ်ပဲကာကွယ်ခွင့်ရှိတယ်လို့ပြောဖို့ လုပ်ဆောင်နေရင် တရားမျှတမှုမရှိဘူး။ မမှန်ကန်ဘူး။

ဆင်းရဲတဲ့ နိုင်ငံ၊ ဒုက္ခပင်လယ်ဝေတဲ့နိုင်ငံဖြစ်လာတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားညီ ညွတ်ရေးများ ဆုံးရှုံးခဲ့ရတယ်။ နစ်နာတော့ တိုင်းရင်းသား ပြည်သူများ၊ မိမိနိုင်ငံသားများ။ ဒါကြောင့် ကမ္ဘာမ ပြောနဲ့၊ အာရှ-အရှေ့တောင် အာရှတွင်ပင် သူများနှင့်တန်းတူရှိဖို့ ကြိုးစားရဦးမယ်။

ဒီကိစ္စတွေပြင်ဆင်ဖို့၊ ပြုပြင်ပြောင်းလဲ ဖို့ အကောင်းဆုံးအချိန်ဟာ ဒီအချိန်ပဲ။ ဒီအချိန်မှာ နိုင်ငံခေါင်းဆောင် ပိုင်းက အတိတ်သင်ခန်းစာတွေကိုရယူပြီး လက်ငင်းအခြေအနေအရ နိုင်ငံကောင်းဖို့၊ ၊ ပြည်သူအများ အကျိုး ရှိဖို့အတွက် အမှန်အတိုင်း ရဲရဲတွေး၊ ရဲရဲဆုံးဖြတ်ပြီး၊ ရဲရဲလုပ်နိုင်ကြဖို့ လိုပါတယ်။ ကိုယ်နှင့်ကိုယ့် အဖွဲ့ထဲက ယုံကြည်ရသူ တစ်ယောက်စနှစ်ယောက်စ၏ အကြံအစည်လေးနဲ့လုပ်နေတာထက် ကိုယ်နှင့် သဘောထား တူတူ မတူတူ အမှန်ကို ပြောဝံ့သူ၊ ပါတီတူ ပါတီကွဲထဲက အဓိကကျသူနှင့် ညှိနှိုင်းအဖြေရှာလျှင် မြန်မာတို့၏ ပစ္စုပ္ပန်နှင့်အနာဂတ်အတွက် လှပစေမှာဖြစ်ပါတယ်။


ဒီမိုကရေစီကျင့်စဉ် ရင့်သန်ဖို့ အချိန်တစ်ခုလိုတာ မှန်တယ်။ လိုအပ်ချက်ကို အချိန်နှင့်ပဲ တိုင်းတာရမယ်။ အ လုပ်တစ်ခုကို လုပ်သင့်တာ မလုပ်မိရင်လည်း မှားတာပဲ။ လုပ်သင့်တာတွေရှိနေပြီ၊ သိနေပြီ၊ လုပ်ကြဖို့လိုတယ်။ ဒီမိုကရေစီ မရင့်သန်လျှင် ရင့်သန်အောင်လုပ်ရမယ်။ ဒီမိုကရေစီက ကျင့်စဉ်မို့ လို့ ကျင့်စဉ်အတွက် လေ့ကျင့် ပေးရမယ်။ လေ့ကျင့်ရဲရမယ်။ တာဝန်ယူရဲရမယ်။ လမ်းကြောင်းက သွေဖည်မယ်ဆိုလျှင်လည်း သွေဖည်သူကို စနစ်ကလည်းကောင်း၊ ပြည်သူကလည်းကောင်း ဒဏ်ခတ်ပါလိမ့်မယ်။


 နိုင်ငံရေးကို စိတ်မဝင်စားဘူး။ စားဝတ်နေရေး၊ လူမှုရေးကိုပဲ စိတ်ဝင်စားတယ်။ နိုင်ငံတည်ငြိမ် အေးချမ်း ရေးကိုပဲ လိုချင်တယ်ဆိုကြသူများသည်လည်း တကယ်တော့ ထိုကဲ့သို့ လိုချင်သည်ဆို သောအကြောင်းအ ရာကိစ္စများသည် နိုင်ငံ့အရေး၊ နိုင်ငံရေးပင်ဖြစ်ပါတယ်။ ///