"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, May 24, 2014

ထီးထမ်းလမ်းလျှောက် စင်ကာပူ (၂)




ကဆုန်လပြည့်ကျော် ၁၁ ရက်၊ ၁၃၇၆ ခုနှစ်။




ဖူရားမားစစ်တီးစင်တာဟိုတယ်နှင့်မျက်နှာချင်းဆိုင်ရှိ ဒီဆိုင်းဆန်းဆန်းအဆောက်အအုံတစ်ခု။
(ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄)




‘ထီးထမ်းလမ်းလျှောက်စင်ကာပူ’ အမှတ်(၁)ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ စရေးခဲ့စဉ်က ဒီအစီအ စဉ်လေးရေးရတာနဲ့ပတ်သက်လို့ အောက်ပါအတိုင်း ရေးခဲ့ပါ၏။   

/// 'ထီးထမ်းလမ်းလျှောက်' ဆိုသောမြန်မာစကား၏ မူရင်းအဓိပ္ပါယ်ကို 'အလုပ်အကိုင် မည်မည်ရရ မလုပ်ဘဲ ဟိုဟိုသည်သည် လျှောက်သွားနေသူ' ဟု ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ဦးစီးဌာနမှ ထုတ်ဝေသော 'မြန်မာအဘိဓာန်' တွင် အနက်ဖွင့်ထားပါသည်။

သို့ဖြစ်ရာ ထီးထမ်းလမ်းလျှောက် စင်ကာပူတွင် မိမိသည် အလုပ်တစ်ခု မည်မည်ရရမရှိပါပဲ စင်ကာပူမှာ ဟိုသွားဒီသွားလုပ်ရင်း ဟိုနေရာရောက် ဒီနေရာရောက်ကာ ဟိုတွေ့ဒီတွေ့အကြောင်းအရာက လေးများအပေါ် မိမိ တွေးမိ ရင်တွင်းခံစားမိသည်တို့ကို ပြောပါမည်။ /// 


ယခုမူ ထီးထမ်းလမ်းလျှောက်စင်ကာပူ အမှတ် (၂) ကို ၅ လအကြာတွင်မှ ရေးဖြစ်ပါသည်။ သို့တ စေ တစ်ပုဒ်နှင့်တစ်ပုဒ် ဆက်စပ်မှုမရှိသဖြင့် အချိန်ကာလကွာခြားမှုမှာ အကြောင်းမဟုတ်ပါချေ။



ဒီကနေ့နံနက်က မိမိသည် အဖွဲ့အစည်း၏အစည်းအဝေး (Strategic Planning Meeting)ကိုတက်     ရန် စင်ကာပူနိုင်ငံ တရုတ်တန်းအရပ်ရှိ “ဖူရားမား စစ်တီးစင်တာဟိုတယ်” (Furama City Centre) သို့ ရောက်သွားခဲ့သည်။ ဌာနဆိုင်ရာအကြီးအကဲများသာ တက်ရောက်သဖြင့် စားပွဲ ၅ လုံးခန့်ဆန့် သည့်အခန်းငယ်လေးတစ်ခုတွင် အစည်းအဝေးလုပ်ပါသည်။ နံနက် ၉  နာရီတွင်စပြီး နေ့ခင်း ၁၂ နာရီကျော်တွင် ပြီးလေ၏။ အစည်းအဝေးပြီးသောအခါ ဟိုတယ်မှာ နေ့လည်စာကျွေးသော်လည်း မိမိက မစားလိုသဖြင့် အိမ်သို့ပြန်ခဲ့ပါသည်။ 


ဟိုတယ်မှ ထွက်လာပြီးနောက် အနီးရှိလမ်းသွယ်လေးကိုဖြတ်ကာ ပီးပဲစ်ပတ်စင်တာ (People’s Park Centre) ရှေ့ က ဘတ်စ်ကားမှတ်တိုင်အနားမှာရပ်လျက် အိမ်ကို မည်သို့ပြန်ရမည်နည်းဟု ခေတ္တရပ်ပြီးစဉ်စားရင်း အိမ်ရှင်မထံ ဖုန်ဆက်သည်။ အိမ်ရှင်မမှာ လွန်ခဲ့သော သုံးလေးရက်ကစပြီး အနည်းငယ်နေမကောင်းသဖြင့် ထမင်းဟင်း မချက်လေရာ မိမိက စားစရာတစ်ခုခုဝယ်သွားရန်လို  လေသည်။ အိမ်ရှင်မက အစည်းအဝေးကကျွေးသော နေ့လည်စာကို အပြီးစားခဲ့ရန် မိမိအားပြော လိုက်သော်လည်း ဇနီးနှင့်သားတို့စားရန် အိမ်ပြန်ရင်း မိမိက တစ်ပါတည်း ၀ယ်သွားလိုသည်။ သို့ ဖြစ်ရာ ပီးပဲစ်ပတ်စင်တာနှင့်တရုတ်တန်းကုန်တိုက်ကြီး(Chinatown Point)တို့ကို ဆက်သွယ်ထား သည့် ကားလမ်းကျော်တံတားပေါ်တက်ခဲ့၏။ 



တံတားပေါ်မှ ခပ်ဝေးဝေးတွင် လှမ်းမြင်ရသော ပဲန်နင်းစူးလားပလာဇာ (ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄)




ယူတော်န်ဆဲင်းလးမ်းမကြီး (Eu Tong Sen Street)၏ ၀ဲယာမြင်ကွင်းများကို တံတားပေါ်မှ ဓာတ်ပုံ ၂ ပုံ ရိုက်ခဲ့သည်။ တံတား၏အရှေ့ အရပ်တွင် မြန်မာရွာအဖြစ်ထင်ရှားသော ‘ပဲန်နင်းစူးလားပလာဇာ’ (Peninsula Plaza)ရှိပြီး အနောက်ဖက်တွင်မူ ဟိုတစ်ချိန်တစ်ခါကာလများက မြန်မာသင်္ဘော သားများ စတည်းချလေ့ရှိသော ပီးပဲစ်ပတ်ကွန်ပလက်စ် (People’s Park Complex) ရှိလေသည်။


တကယ်က ဒီနေရာဝန်းကျင်သည် မိမိတို့မြန်မာလူမျိုးများနှင့် မစိမ်းလှပေ။ လွန်ခဲ့သော အနှစ် ၂၀ ကျော်လောက်က မြန်မာသင်္ဘောသားများအပါအ၀င် စင်ကာပူရောက်မြန်မာအတော်များများသည် ပုလဲကုန်းကမူပေါ်ရှိ မြင်းခွာပုံတိုက်ကြီး (Pearl Bank Apartments)မှ အခန်းများမှာ ငှားရမ်းနေခဲ့ကြဖူး၏။ မိတ်ဆွေများကိုသွားတွေ့ရင်း ယင်းတိုက်ခန်းများသို့ မိမိကိုယ်တိုင် သုံးလေးခေါက်မျှ ရောက်ဖူးခဲ့ပါသည်။ 




မြင်းခွာပုံတိုက်ကြီး (ဓာတ်ပုံ - အင်တာနက်)




၁၉၈၈ ခုနှစ်တွင် မဆလအစိုးရ၏သက်တမ်းတိုသမ္မတ ဒေါက်တာမောင်မောင်ထံမှ အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်မှူးကြီး စောမောင်က မြန်မာနိုင်ငံကို အုပ်ချုပ်နေစဉ် တစ်ချိန်တည်းမှာ စင်ကာပူက မြင်းခွာပုံတိုက် ကြီးရှိ အခန်းအချို့ အား သူကြီးဦးစောမောင်ဆိုသူက စင်ကာပူရောက်မြန်မာအချို့ အား အခန်းငှားစားပြီး စီ မံအုပ်ချုပ်နေလေသည်။ သို့ဖြစ်ရာ 'သူကြီး' ဟူသောအခေါ်အဝေါ်နှင့် မြန်မာအချင်းချင်း အခန်းပြန်ငှားစား သောအလုပ်မှာ လွန်ခဲ့သည့်အနှစ် ၂၀ ကျော်ကပင် ရှိခဲ့ပြီးဖြစ်ပါလေ၏။ 



Taj မြန်မာဒန်ပေါက်ဆိုင် (ဓာတ်ပုံ - အင်တာနက်)



တရုတ်တန်းကုန်တိုက်ကြီးဖက်သို့ မိမိ ကူးလာသည်မှာ South Bridge Road နှင့် Mosque Street   လမ်းထောင့်ရှိ  မြန်မာဒန်ပေါက်ဆိုင် (Taj Authentic Indian Restraurant) သို့သွားပြီး အိမ်အ တွက်နေ့လည်စာ ဒန်ပေါက်ဝယ်ရန်ဖြစ်သည်။ ဒီဆိုင်မှ ဒန်ပေါက်ကို မိမိတို့မိသားစု အလွန်ကြိုက်ကြ၏။ အထူးသဖြင့် ကြက်သားကို အရိုးနေရာမှာ အရည်မရွှမ်းအောင်ခပ်ခြောက်ခြောက်လေးချက်ထားပြီး အသားအမျှင်များလည်း ပုံမပျက် အိအိထွေးထွေးအလွှာလိုက်ရှိနေခြင်းပင် ဖြစ်သည်။ ကြက်သားဟင်း အတုံးလိုမျိုး မဟုတ်။



တရုတ်တန်းကုန်တိုက်ကြီး (ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄) 



တရုတ်တန်းကုန်တိုက်ကြီးအထဲသို့ ရောက်သောအခါ အတွင်းပိုင်းအပြင်အဆင်များ အတော်လေးကို ပြောင်းလဲနေသည်ကို သတိပြုမိ၏။ မိမိ ဒီကုန်တိုက်အထဲသို့ မရောက်သည်မှာ ကြာတောင့်လှပြီဖြစ်၏။ ခရီးသွားလုပ်ငန်းဆိုင်များ (Travel Agencies) ကို ဆိုင်းဘုတ်သစ်သစ်လွင်လွင်များနှင့် အများအပြားတွေ့ ရသည်။ ဆိုင်များအားလုံးရှေ့ မှ ဖြတ်လျှောက်ရသည့် လမ်းကိုလည်း လမ်းလုံးပြည့် ကော်ဇော်ခင်းထား ပေး၏။ ကုန်တိုက်၏အနောက်ဖက်အပေါက်မှထွက်လိုက်သောအခါ New Bridge Road နှင့် Upper Cross Street လမ်းထောင့်ရှိ ‘ဟိုတယ် ၈၁’ ကိုတွေ့ရသောကြောင့် ကွယ်လွန်သူ သူငယ်ချင်းကိုခင်မောင်မြင့် (သရော်စာဝတ္တုတိုစာရေးဆရာမာန်မြင့်အား သတိတရဖြစ်မိသည်။ ဒီဟိုတယ်မှာ သူတို့မိသားစု တည်းသွား ခဲ့ကြ၏။ တရုတ်တန်းကုန်တိုက်ကြီးမှ မြန်မာဒန်ပေါက်ဆိုင်သို့ ၅ မိနစ်ခန့်သာလျောက်ရ၏။ Upper Cross Street လမ်းတစ်လျှောက်ရှိ စားသောက်ဆိုင်များမှာ သိသိသာသာပြောင်းလဲမှုမရှိချေ။

ဒန်ပေါက်ဆိုင်သို့ရောက်သောအခါ ဆိုင်မှအမျိုးသမီးက "အန်ကယ် အန်တီကောမပါဘူးလား" ဟုမေးသ ဖြင့် နေနဲနဲမကောင်းသောကြောင့် အိမ်မှာနားနေကြောင်းပြောပြရသည်။ မိမိတို့ဇနီးမောင်နှံသည် ဆိုင်ကို အတူ လာလေ့ရှိကြ၍ မေးခြင်းဖြစ်ပါလေ၏။ မိမိကလည်း သူ၏ကလေး ဘယ်အရွယ်ရောက်နေပြီလဲဟု မေးရသည်။ ၂ နှစ်ကျော်ဟု သိရသည်။ သူ့အမေက သူ့အိမ်မှာ ကြည့်ရှုပေးနေသည်ဆို၏။ နေ့ခင်း ၁ နာရီ  ခန့်တွင် ဆိုင်ထဲမှာ ထမင်းစားသူ ၅ ယောက် ၆ ယောက် ရှိနေ၏။ များသောအားဖြင့် အလုပ်ဖွင့်ရက်များ တွင် နေ့ခင်းထမင်းစားချိန်မှာ လူများလေ့ရှိ၏။ 




ရှရီမာရီအန်မန်ဟိန္ဒူဘုရားကျောင်းကြီး (ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄) 


ဒန်ပေါက်ဝယ်ပြီးသောအခါ ကားလမ်းကိုကူးပြီး မနီးမဝေးရှိ ဘတ်စ်ကားမှတ်တိုင်သို့ သွားပါသည်။ စနေနေ့ နေ့ခင်းဖြစ်သဖြင့် တရုတ်တန်းလမ်းများထဲရှိ ဆိုင်များတွင် ဒေသခံများနှင့် နိုင်ငံခြားခရီးသွားဧည့် သည်များ ဖြင့် စည်ကားစပြုနေပေပြီ။ ဒန်ပေါက်ဆိုင်နှင့်မလှမ်းမကမ်းရှိ စင်ကာပူနိုင်ငံ၏ အစောဆုံးဟိန္ဒူဘုရား ကျောင်းကြီးဖြစ်သည့် ရှရီမာရီအန်မန်ကျောင်း (Sri Mariamman Temple) တွင် နိုင်ငံခြားခရီးသွားဧည့် သည်များ ၀င်ထွက်နေကြသည်ကို မှတ်တိုင်မှ လှမ်းပြီးမြင်နေရပါသည်။ ဘုရားကျောင်းကို ဆေးပြန်သုတ် ထားရာ ပိုမိုလှပနေ၏။ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က အလုပ်မှအမျိုးသမီးမိတ်ဆွေတစ်ဦး ဤကျောင်းမှာ မင်္ဂလာဆောင်သဖြင့် ကျောင်းအတွင်းထဲသို့ ရောက်ဖူးခဲ့ပါသည်။ 



လမ်း၏လက်ယာဖက်မှာ အမိုးဘုံအဆင့်ဆင့်ရှိသော ဗုဒ္ဓအံတော်တိုက်ကျောင်းကို တွေ့နိုင်၏။(ဓာတ်ပုံ - ဖိုးတာ၊ မေ ၂၄ ရက်၊ ၂၀၁၄)



ဘတ်စ်ကားက တော်တော်နှင့်မလာသဖြင့် မိမိသည် ဟိုဒီကြည့်ရင်း ဓာတ်ပုံအချို  ရိုက်ဖြစ်၏။ မှတ်တိုင်မှ လက်ဝဲဖက်ကို ကြည့်မိသောအခါ အမိုးဘုံအဆင့်ဆင့်ရှိသော ဗုဒ္ဓအံတော်တိုက်ကျောင်း (BuddhaTooth Relic Temple) ၏အပေါ်ပိုင်းကို ဓာတ်ပုံမှာတွေ့ရသည့်အတိုင်း လှမ်းပြီးမြင်နေရသည်။ မိမိတို့ဇနီးမောင်နှံ သည် မြန်မာရွာကြီးမှ ဘတ်စ်အမှတ် ၁၉၇ ကိုစီးပြီး အိမ်သို့ပြန်လေတိုင်း အံတော်တိုက်အား ဘတ်စ်ကား ပေါ်မှ ဖူးရလေ့ရှိပါသည်။ မိမိတို့သည် ကျောင်းတော်ကြီးအတွင်းသို့လည်း ၀င်ရောက်ဖူးခဲ့ပြီးဖြစ်သည်။ ထို နေ့က အံတော်အားဖူးမျှော်အပြီး ကျောင်းနှင့်ဘေးချင်းကပ်ရှိ ဆေဂိုလမ်း (Sago Street) ထဲရှိ ဈေးဆိုင် တန်းများကို လျောက်ကြည့်ကြရင်း တရုတ်ပြည်မှာ လက်ရာမြောက်စွာ ထွင်းထုခဲ့သည့် ကြည်ညိုဖွယ်ရာ ဆင်းတုတော်တစ်ဆူကို တွေ့ရသဖြင့် မှတ်မှတ်ရရ ၀ယ်ယူပူဇော်ခဲ့ဖြစ်ပါ၏။ 


















No comments:

Post a Comment