"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, September 25, 2015

ဟေ့ဇ် ဟေ့ဇ်ပါကွယ် ..



၁၃၇၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်




စက်တင်ဘာ ၂၅ ရက် နေ့ နံနက် ၆ နာရီ ၅၈ မိနစ်အချိန်က မိမိတို့အိမ်ရှေ့ ဧည့်ခန်းမှ တွေ့မြင်ရတဲ့ မီးခိုးပြာများပိန်းပိတ်နေပုံ။




မိမိတို့၏အဖွဲ့အစည်းလက်အောက်ရှိ အထူးပညာရေးကျောင်းများအား ပညာရေးဝန်ကြီးဌာန၏အမိန့်အရ မနက်ဖန်မှာ ကျောင်းပိတ်လိုက်ပြီဖြစ်ကြောင်း မိမိတို့ကို ည ၉  နာရီခွဲတွင် အီးမေးဖြင့် အကြောင်းကြားခဲ့ ပါသည်။

ကျောင်းသူကျောင်းသားတို့၏မိဖများကိုလည်း SMS ဖြင့်အကြောင်းကြားအသိပေးပြီးဖြစ်၏။

သို့တစေ မိမိတို့ဝန်ထမ်းများအနေဖြင့် မနက်ဖန်မှာ ပုံမှန်အတိုင်း အလုပ်သွားကြရပါမည်။ အလုပ်မပိတ်ပါ။




စက်တင်ဘာ ၂၅ ရက် နေ့ နံနက် ၇ နာရီ ၂၃ မိနစ်အချိန်က MRT ရထားပေါ်မှ လှမ်းမြင်နေရသော မီးခိုးပြာများ ၀ါးမြိုခြင်းခံနေရတဲ့ ဂျူရောင်းရေကန်ကြီး။






ယနေ့ နေ့ခင်းပိုင်းကလည်း မိမိနှင့်ဇနီးဖြစ်သူတို့ မြို့ ထဲရှိ ယခင်က Suntec City၊ ယခုအခေါ် Suntec Singapore သို့သွားကြရာ မိနစ် ၄၀ ကျော် လမ်းခရီးတွင် မီးခိုးပြာများ တဖြည်းဖြည်းခြင်း သိသိသာသာကြီး တစ်ရိပ်ရိပ်ထူထဲလာသည်ကို သတိပြုမိသဖြင့် ဘတ်စ်ကားပေါ်မှ ဓာတ်ပုံများပင်ရိုက်ဖြစ်ခဲ့သေး၏။

အပြန်ခရီးတွင်မူ လေထုညစ်ညမ်းမှုပမာဏသည် ၂၀၀ ကျော်ရှိလာခဲ့ပြီး မိမိတို့အိမ်ကိုရောက်ပြီး မကြာခင်မှာ ၃၀၀ ကျော်သို့ ခုန်တက်သွားတော့ပြီ။  

သို့မို့ကြောင့် အခါတိုင်းအိမ်ကိုဘတ်စ်ကားဖြင့်ပြန်နေကြခရီးအား လမ်းပေါ်တွင် ၁၀ မိနစ်ခန့်လျောက်ရင်း မီးခိုးပြာများနှင့်မထိတွေ့လိုသဖြင့် တက္ကစီစီးကာ ပြန်ခဲ့ပါသည်။




စက်တင်ဘာ ၂၅ ရက် နေ့ နံနက် ၇ နာရီ ၂၃ မိနစ်အချိန်က မီးခိုးပြာများကြောင့် တရုတ်နှင့်ဂျပန်ဥယျာဉ်တို့ကို MRT ရထားပေါ်မှ အခါတိုင်းလို လှမ်းမမြင်ရတော့ပေ။



အင်ဒိုနီးရှားနိုင်ငံမှ တောတွေကို မီးရှို့ ကြရာမှဖြစ်ပေါ်လာသော ဟေ့ဇ် ခေါ် မီးခိုးပြာများက မိမိတို့အားလုံး၏ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်နှင့် ဘ၀မျက်နှာစာများစွာတို့အား အဖက်ဖက်မှ ထိခိုက်စေလျက်ရှိ နေပေပြီ။



Note: Air quality based on PSI is as follows:
PSI ValueAir Quality Descriptor
0 - 50Good
51 - 100Moderate
101 - 200Unhealthy
201 - 300Very unhealthy
Above 300Hazardous


































Sunday, September 20, 2015

ကနာ



၁၃၇၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်



ပုံစာများ (လက်ယာရစ်)

ပုံ (၁၊ ၅) မိမိ၏ရုံးခန်းမှာ အကတိုက်လေ့ကျင့်နေကြစဉ်။

ပုံ (၂) စုရပ်ထားတဲ့ခြေထောက်တွေကို ရုတ်တရက်ကားလိုက်တာနဲ့တစ်ချိန်တည်းမှာ လက် ၂ ဘက်ကိုလဲ ဘေးကိုတညီတညာတည်းမြောက်လိုက်ကြရတယ်။

ပုံ (၃) လေထဲကို အရှိန်နဲ့ခုန်ကြွရင်း လက်တွေကလည်း ပြေးသလိုမျိုး စည်းကိုက် ၀ါးကိုက် ရှေ့ နောက်လှုပ်ရှားကြလို့။

ပုံ (၄) တင်ကလေးကို sexy ဟန်နဲ့ ဘေးတိုက်နွဲ့ပြီး ကိုယ်ကို တစ်ဖက်စောင်းလို့ လက်တွေကို လေယူရာတိမ်း လှလှနွဲ့နွဲ့လေး ဝှေ့ရမ်းကြကာ။

ပုံ (၆) ဖနောင့် ၂ ဖက် ကြွချည် ချချည်လုပ်ရင်း၊ ဒူး ၂ ခုကို ခပ်သွက်သွက်လေး ကားလိုက် စုလိုက် တုန်ခါလှုပ်ရမ်းလို့ ကန်တော့အနေအထားရှိတဲ့လက်တွေကလည်း တက်ချည် ကျချည်။



အလုပ်ကပြန်လာတဲ့သောကြာနေ့က ည ၁၁ နာရီလောက်မှာ အိပ်တော့မယ်ဆိုပြီး ကွန်ပြူတာစားပွဲကနေ မတ်တတ်ရပ်လိုက်တဲ့အခါ ခြေထောက်တွေနဲ့တင်ပါး သိသိသာသာနာသွားတာကို ရုတ်တရက်ကြီး ခံစား လိုက်ရပါတယ်။

နာတာမှ လမ်းလျောက်ရ ခက်ခဲတဲ့အထိ။

ဘာ့ကြောင့်နာရတာလဲဆိုတာ မတွေးတတ်အောင်ဖြစ်ခဲ့မိတယ်။

ဒီကနေ့ သွားလာလှုပ်ရှားမှုတွေက အားလုံးပုံမှန်အတိုင်းပဲ။

ကလေးလူနာတွေကိုလဲ အခါတိုင်းနေ့တွေမှာလို ပုံမှန်အတိုင်းလေ့ကျင့်လုပ်ကိုင်ပေးခဲ့တာပါပဲ။ ဘာမှ ထူး ထူးခြားခြားလုပ်ပေးရတာမှ မဟုတ်တာ။

ကလေးတွေကို ကစားကွင်း (playground) ကို ခေါ်သွားပြီး ဆရာမတွေနဲ့အတူ လေ့ကျင့်သင်ကြားလုပ်ပေး တာမျိုးလဲ ဒီကနေ့မှာ မရှိ။

အဲဒီလိုနေ့များမှာတော့ မသန်စွမ်းကလေးအချို့ က အတက်အဆင်း အကျော်အလွှားတွေ မလုပ်နိုင်ကြတာဖြစ် လို့ ကိုယ်တိုင်က အားစိုက်ကူမပြီး သင်ကြားလေ့ကျင့်ပေးရတာကြောင့် ကိုယ်လက်တွေနာတတ်တာမို့ ထားပါ တော့။

နောက်ပြီး အဲဒီနေ့က မိမိ အားကစားလုပ်တာလဲ မဟုတ်။
အိမ်မှာ အလေးအပင်တွေ သယ်မရွေ့ ရတာမျိုးလဲရှိတာ မဟုတ်။

ဒီလိုနဲ့ အိပ်ယာထဲရောက်သွားပြီး ဇနီးဖြစ်သူကို အဲဒီညနေက အလုပ်မှာ အကတိုက်ခဲ့ရတဲ့ အကြောင်းလေး ပြောပြမယ်ဆိုတော့မှ စောစောကဦးနှောက်စားနေတဲ့မေးခွန်ရဲ့ အဖြေကို ဗြုန်းစားကြီး မထင်မှတ်ပဲ ရသွားခဲ့ ပါတော့တယ်။

ဟုတ်တာပေါ့။

အဲဒီနေ့ညနေက AHP (Allied Health Professionals) လို့ခေါ်တဲ့ မိမိတို့လုပ်ဖော်ကိုင်ဖက်တွေ နောက်လမှာ ကျောင်းတွင်ကျင်းပမယ့် Children’s Day အတွက် အကလေ့ကျင့်ခဲ့ကြတယ်။

မိမိအလုပ်လုပ်နေတဲ့ ဥာဏ်ရည်နိမ့်မသန်စွမ်းကျောင်းမှာ ဆရာဆရာမတွေက အများစုအနေဖြင့် တာဝန်ထမ်း ဆောင်နေကြပြီး သင်ကြားရေးနဲ့မသက်ဆိုင်သောကလေးများရဲ့ အခြားသောလိုအပ်ချက်တွေအတွက် phy- siotherapist, psychologist, occupational therapist, social worker နဲ့ speech therapist ဆိုသော ပ ညာရှင်များက သီသန့်ဝန်ဆောင်မှု ပေးကြရတာဖြစ်တယ်။

ဒီတော့ တစ်ခါတစ်ခါမှာ ကျောင်းကပြုလုပ်တဲ့အခမ်းအနားတွေရှိရင် ဆရာဆရာမတွေက မိမိတို့ကို တင် ဆက်မှုလေးတွေလုပ်ပေးဖို့ မေတ္ထာရပ်ခံတတ်လေ့ရှိပါတယ်။

ကလေးတွေ ဒါမှမဟုတ် အတန်းအလိုက်ပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင်လူကြီးများအဖြစ် လုပ်ပေးလား လုပ်ရရဲ့ ။

ဓာတ်ပုံဆရာ ဗွီဒီယိုဆရာအဖြစ် ရိုက်ပေးလား ရိုက်ပေးရရဲ့ ။

တစ်ခါတစ်လေမှာတော့ သီချင်ဆိုလား ဆိုပေးရပြန်ရဲ့ ။

အခုတစ်ခါမယ်တော့ အကခန်းလေးတစ်ခု တင်ဆက်ပေးပါတဲ့လေ။

ဒီအတွက် တလောက ဘယ်သီချင်ရွေးမလဲ ဘယ်အက ကကြမလဲဆိုပြီး Laptop တစ်လုံးနဲ့ Youtube မှာ ဆန်ခါတင်ရွေးခဲ့ကြရတယ်။

အဲ ဘာများပါလိမ့် ရွေးထားတာလေးက … 

ZUMBA FOR '1 GOAL'- SHAKIRA'S WAKA WAKA တဲ့ဗျာ။


ဘုရားစူး မိုးကျိုးပစ်ရပါစေရဲ့  အရပ်ကတို့ရယ်။

ကဖို့မပြောပါနဲ့၊ အဲဒါကြီးကိုလေ ကြားတောင်မှ ကြားခဲ့ရဖူးပါဘူးဗျာ။

သို့ပေမယ့် ကြားဖူး မကြားဖူး၊ ကချင် မကချင်၊ အဖွဲ့နဲ့ဆိုတော့ မနွဲ့ကြစတမ်းပဲလေ။

ဒါနဲ့ ပေါ့ပါးသွက်လက်မှု မရှိတော့တဲ့ မိမိရဲ့ အတ္တဘောခန္ဓာကိုယ်ကြီးကို မဆံ့ရင်ကန်ပဲ ခုန်လိုက် ပေါက်လိုက် လှည့်လိုက် ရွေ့ လိုက်နဲ့ ငယ်ရွယ်သူများနည်းတူ အကလေ့ကျင့်ခဲ့ရလေတော့လဲ ၆၀ ကျော် ရွဲနေပြီဖြစ်တဲ့ ဒီ ကိုယ်လက်တွေက ဘယ်ခံနိုင်ပါတော့မလဲလေ။


ဒါ့ကြောင့် အဲဒီအနာဝေဒနာဟာ က,လို့ရလာခဲ့တာဖြစ်လို့ ‘က,နာ’လို့ပဲ လိုက်ဖက်တဲ့အမည်လေးတည်ထွင်ပေး လိုက်ရကြောင်းပါ။












Saturday, September 19, 2015

ဟေ့ဇ်တွေနဲ့ဝေ



၁၃၇၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်  



ဟေ့ဇ်တွေနဲ့ဝေ




ပုံစာများ (လက်ယာရစ်)
ပုံ (၁) မိမိတို့အိမ်ရှေ့ ပန်းခြံလေးကနေ လှမ်းမြင်ရသော တောနဲ့မိုးကောင်းကင်တွေကို ၀ါး မြိုလွှမ်းခြုံထားတဲ့ ပြာမှိုင်းမှိုင်းဟေ့ဇ်။
ပုံ (၂၊ ၅) ဟေ့ဇ်များဖြင့်ဆေးရေးခြယ်မှုန်းထားတာကြောင့် အကြည့်တန်သွားသော JCube ကုန်တိုက်ကြီး၊ Genting Hotel Jurong နှင့် JTC Summit တို့ကို Jurong East ဘူတာရုံ ပေါ်မှ တွေ့ရပုံ။
ပုံ (၃) အပြင်ထွက်တဲ့အခါ ကျန်းမာရေးအတွက် အကာအကွယ်။
ပုံ (၄) မိမိတို့ မီးဖိုချောင်မှတွေ့မြင်ရတဲ့ ဝေသီသီဟေ့ဇ်။



စင်ကာပူနိုင်ငံရဲ့  မိုးကောင်းကင်နဲ့ လေထုဝန်းကျင်ဟာ smoke haze လို့ခေါ်တဲ့ မီးခိုးပြာတွေရဲ့  ဖုံးအုပ် လွှမ်းမိုးတဲ့ဒဏ်ကို မကြာခဏဆိုသလို အကြီးအကျယ် ခံစားရတတ်ပါတယ်။

စင်ကာပူနိုင်ငံ၏အနီးဒေသအတွင်းမှာရှိတဲ့ တောတွေကို မီးရှို့ ကြတာကြောင့် ဖြစ်ရတာပါ။ 

တစ်နည်းပြောရရင် စိုက်ပျိုးရေးလုပ်ရန် မြေရရှိဖို့ တောတွေကို လွယ်လင့်တကူ မီးရှို့ ပြီးရှင်းတဲ့အလေ့အ ထဆိုးကြောင့်လို့ ပြောနိုင်ပါတယ်။ 

အထူးသဖြင့်တော့ ခြောက်သွေ့တဲ့ရာသီလဲဖြစ်နေမယ်၊ လေပြင်းတိုက်ခတ်မှုကလဲ စင်ကာပူဘက်ဆီကို ဦးတည်ကျနေတဲ့အချိန်မျိုးလဲဖြစ်နေမယ်ဆိုရင် ပိုဆိုးတော့တာပါပဲ။ ဒီလိုဖြစ်လေ့ဖြစ်ထရှိတတ်တာက အနောက်တောင်မုတ်သုန်ရာသီကာလ (Southwest Monsoon Season) ဖြစ်ပါတယ်။

ယခုအပတ် အင်္ဂါနေ့နဲ့ဗုဒ္ဓဟူးနေ့ ၂ နေ့ဟာ မီးခိုးပြာတွေများလွန်းတာကြောင့် လေထုညစ်ညမ်းမှုပမာဏ အမြင့်မားဆုံးကိုတောင် ရောက်သွားခဲ့ရပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအတွက် အထူးစိုးရိမ်ရတဲ့အနေ အထားသို့ ကြုံတွေ့ခဲ့ပါတယ်။

ဟေ့ဇ်ကြောင့်လေထုညစ်ညမ်းရတာအပြင် အပူချိန်လည်း မြင့်လာတာဖြစ်လို့ ရိုးရိုးပူတာထက်ကိုပိုပြီး ပူစပ် ပူလောင်ကြီး ခံစားရတတ်ပါသေးတယ်။ 

မီးခိုးနံ့လည်း ရတတ်ပါသေးတယ်။ 

လူတွေမှာလည်း နှာကလေးတရှုတ်ရှုတ် ချောင်းကလေးတဟွတ်ဟွတ်နဲ့ ခံစားကြရပါတယ်။ 

ရောဂါအခြေခံရှိနေတဲ့သူတွေနဲ့ ကိုယ်ခံစွမ်းအားမကောင်းသူတွေမှာတော့ နေထိုင်မကောင်းဖြစ်ကြရပါ လေကော။

ဟေ့ဇ်တွေရှိနေတဲ့ မိုးကောင်းကင်ကြီးနဲ့ပတ်ဝန်းကျင်ကို ရုတ်တရက်ကြည့်မယ်ဆိုရင် ဆောင်းရာသီမှာ မြူ နှင်းတွေကျနေသလို ထင်မိမှတ်မှားနိုင်မှာပါ။

မှိုင်းမှိုင်းမှုန်မှုန်လေး။

ပူလဲမပူ နံလဲမနံဘူးဆိုရင် သာတောင့်သာယာလေးလို့ ခံစားမိကြပါမယ်။ 

အလွမ်းဓာတ်ခံရှိသူများအနေဖြင့် ဆောင်းချမ်းမြမြမှာ မြှူနှင်းတွေဝေတဲ့ကာလမျိုးလို လွမ်းချင့်ဖွယ်ရာလေး။ 


ဒါပေမယ့် ဟေ့ဇ်က နှင်းမဟုတ် မြူမဟုတ်သလို အအေးဓာတ်ခံလည်းမရှိပေ။













Wednesday, September 16, 2015

မြေးကလေးနှင့်ကစားခြင်း (၃)



၁၃၇၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက်



မြေးကလေးနှင့်ကစားခြင်း (၃)







ဒီကနေ့ညနေမှာ အလုပ်ကနေ မိမိ အိမ်ပြန်ရောက်သောအခါ ဇနီးဖြစ်သူက “နေ့ခင်းက အဖေကြီးမြေး အိမ်ကို အလယ်လာသွားတယ်” ဟု ပြောပါသည်။

သည့်နောက်မှာတော့ ထုံးစံအတိုင်း “အဖေကြီးမြေးက ဘာတွေပြောတာ ဘယ်လိုတွေ လုပ်ပြသွားတာ” စသဖြင့် သူ့မြေးနဲ့ကစားရတဲ့အတွေ့အကြုံလေးတွေ ပြန်ပြီးဖောက်သည် ချတတ်ပါသည်။

သူ့မြေးလေး တစ်ခေါက်လာသွားတိုင်း အမြဲတမ်း ဇာတ်လမ်းအသစ်ဖြစ်တတ်ပါ၏။



ဒီကနေ့တော့ လှေကားတက်သည့်အကြောင်း။

မြေးကလေးက သူ့အဘိုးအဘွားအိမ်ကို အလည်လာလေတိုင်း အိမ်မှာ လှေကားအတက်အဆင်း လုပ်ရ ခြင်းကို အတော်လေးနှစ်ခြိုက်လေသည်။

သူခြေထောက်တွေ ကောင်းစွာအားမသန်လှသေးခင်ကပင် လက်ရန်းမှာရှိသောသံတန်းလေးတွေကို လက် တစ်ဖက်ကကိုင်ပြီး အခြားတစ်ဖက်က လူကိုကိုင်ရင်း လှေကားကို တက်လေ့ဆင်းလေ့ရှိ၏။

မတက်ပါနဲ့ပြောလို့လည်းမရတတ်။ 
‘တက်မယ် တက်မယ်’ လို့သာပြောပြီး တက်လိုက်ဆင်းလိုက်ဖြင့် မပြီးနိုင်လေတော့။

လူကြီးများကသာ ခါးတကုန်းကုန်း ဒူးတကွေးကွေးဖြင့် သူ့ကိုကိုင်ပြီးထိန်းကြောင်းပေးရင်း သူနှင့်အတူ လိုက်တက်လိုက်ဆင်းလုပ်နေရ၍ ကြာသောအခါ ဒူးလည်းမခံနိုင် ခါးလည်းမခံနိုင် ဖြစ်ကြရကုန်သည်။

မြေးလေးကတော့ အပျော်မပျက်။ ပင်ပန်းဟန်မရှိ။ တတ်လည်းတတ်နိုင်ပါပေ၏။

သို့နှင့် သူ့အား မကူညီပဲနေသည့်အခါမှာတော့ မိမိတို့အထဲမှတစ်ဦးဦးအား လက်ရပ်ခေါ် ပြီး သူ့ကို ၀ိုင်းကူ ပေးရန် တောင်းဆိုတတ်ပါ၏။
နောင်မှာ စကားပြောတတ်လာသောအခါ ‘လာပါ ‘ ဟုပြောပြီး လက်ရပ်ခေါ်တော့၏။



ဒီကနေ့အဖြစ်ကတစ်မျိုး။

သူ့ကို ကူပေးရန် မလိုလေတော့။
သူ့လက်တစ်ဖက်ဖြင့် လက်ရန်းကိုကိုင်ပြီး သူ့ဖာသာတက်သည်။ သူ့ဖာသာဆင်းသည်။

သို့သော် ဒီတစ်ခါတွင် မတော်တဆလိမ့်ကျမည်စိုးရိမ်သဖြင့် သူ့အဖွားက ရှေ့ ကဖြစ်ဖြစ် နေက်ကဖြစ်ဖြစ် လိုက်ပေးနေရသည်။

ယခုလိုလိုက်ပေးနေသည်ကို သူက မကြိုက်။

ဒါ့ကြောင့် မြေးကလေးက သူကို အထင်သေးရကောင်းလား၊ သူလုပ်နေတာကို ကာဆီး ကာဆီး လုပ်နေရ ကောင်းလားဆိုပြီး အဖွားကို ‘ဖွားဖွားဆင်း(သွား)’ ဟုပြောကာ သူ့လက်ကလေးနှင့် ဘေးဖယ်ရန်ပြပြီး မောင်းထုတ်တတ်ပါသတဲ့။

သည်လိုနှင့် အဖွားဖြစ်သူက စိတ်မချလို့ လှေကားအဆုံးနားကနေ စောင့်ကြည့်နေပြန်တော့လည်း သူက လက်ကလေးခါရန်းပြီး လှေကားနားမှာကို မနေနဲ့ဆိုသည့်သဘောဖြင့် ‘ဖွားဖွားသွား (အဝေးကိုသွား)’ ဟုပြော ပြန်ပါသတဲ့လေ။

သူ့ဖာသာ လှေကားမတက်နိုင်ခင်ကတော့ အမေ၊ အဖွားနှင့်အဖိုးတို့အား တလှည့်စီ အကူအညီတောင်းပြီး ခိုင်းစားခဲ့သည်။

ယခု သူ့ဖာသာသူ လှေကားတက်နိုင်ဆင်းနိုင်တော့ သူ့အနားမှာ ဘယ်သူမှ မရှိစေရတဲ့။



အခုခေတ်ကလေးများ ပြောပဲမပြောချင်ပေါင်။

မျက်နှာချိုသွေးပြီး ဒါမှမဟုတ် သနားစရာမျက်နှာလေးလုပ်ပြပြီး လေသံပျော့လေးဖြင့် လုပ်ပေးချင်အောင် ခိုင်းလည်းခိုင်းစားတတ်ကြပါ၏။

သူတိုမလိုအပ်ပါကလည်း ခါးခါးသီး မောင်းထုတ်တတ်ကြပါသေး၏။


အော် သမီးအချစ် မြေးအနှစ်ပေပဲကို။