"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Friday, September 4, 2015

မလက္ကားမြို့ သို့ တစ်နေ့ခရီး



၁၃၇၇ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် ၅ ရက်






ပုံစာများ (လက်ယာရစ်)

(၁) ၀ု့ဒ်လဲန်းစ်နိုင်ငံကူးဌာန၏အဆောင်တစ်ဆောင်အား မော်တော်ဆိုင်ကယ်များနှင့်အတူ တွေ့ရပုံ။

(၂) ၀ု့ဒ်လဲန်းစ်နိုင်ငံကူးဌာနအဆောက်အဦကြီးအား အဝေးမှ ဤသို့တွေ့မြင်ရသည်။

(၃) Johor–Singapore Causeway တံတားကိုဖြတ်နေစဉ် စင်ကာပူနိုင်ငံနှင့်မလေးရှားနိုင်ငံတို့အားခြားထားသော Straits of Jahor ရေလက်ကြားကို ဇနီးဖြစ်သူက ငေးကြည့်နေလျက်။

(၄) မလေးရှားဖက်ကဘတ်စ်ကား (အစိမ်းရောင်)ကို ပြောင်းမစီးကြမီ။



အိမ်ဦးနှင့်ကြမ်းပြင်လို အရောက်အပေါက်ရှိခဲ့သော မလေးရှားသို့ မရောက်ဖြစ်သည်မှာ ကြာခဲ့လေပြီ။

ပြီးခဲ့သော သြဂုတ်လ ၂၉ ရက် စနေနေ့ကမူ မလေးရှားနိုင်ငံ၏ ထင်ရှားသည့်မြို့ တစ်မြို့ ဖြစ်သော မလက္ကားသို့သွားရောက်လည်ပတ်ခဲ့သည်။ မိမိတို့အလုပ်မှ ၀န်ထမ်းလူမှုရေးအ သင်း၏အစီအစဉ်ဖြင့် သွားကြခြင်းဖြစ်သည်။


ခရီးမသွားမီ ၂ ရက်အလိုက မလေးရှားမှာသုံးရန် မလေးရှာငွေလဲရသည်။ မိမိ၏ဌာနမှ အကြောအဆစ်ကု ပညာရှင်အမျိုးသမီးသည် မလေးရှားနိုင်ငံသူဖြစ်ပြီး သူ့ဇာတိ ဂျဟိုးမြို့ မှ စင်ကာပူသို့ နေ့တိုင်းအလုပ်လာ တက်ပါသည်။

စင်ကာပူဒေါ်လာနှင့်မလေးရှားရင်းဂစ်တို့ကို မည်သည့်နေရာတွင်လဲက ငွေဈေးနှုံးကောင်းသလဲဟု သူ့အား မေးကြည့်ရာ သူက စင်ကာပူမှာက ငွေပိုရကြောင်းပြောပါသည်။

“မစ္စတာအေး အခုအချိန်မှာငွေလဲရင် ပွတာပေါ့။ မလေးပိုက်ဆံက အရမ်းကိုဈေးကျနေတာရှင့်။ စင်ကာပူ ၁ ကျပ်၊ မလေး ၃ ကျပ်လေ။”


သို့နှင့် ဇနီးနှင့်တိုင်ပင်ပြီး Jurong Point ရှိ Money Changer မှာ ငွေသွားလဲ၏။ လိုရမယ်ရအဖြစ် စင်ကာ ပူဒေါ်လာများ အပိုဆောင်သွားပါသေးသည်။


မိမိတို့အားလုံး နံနက် ၆ နာရီခွဲတွင် အလုပ်မှာစုဝေးကြပြီး ငှားထားသောခရီးသွားဘတ်စ်ကားကြီးဖြင့် ထွက်ခဲ့ကြရာ နံနက် ၆ နာရီ ၅၇ မိနစ်တွင် ၀ု့ဒ်လဲန်းစ်နိုင်ငံကူးဌာန (Woodlands Checkpoint) သို့ ရောက်ရှိပြီး ကားပေါ်မှဆင်းလျက် စင်ကာပူ Immigration မှာ အစစ်ဆေးခံရသည်။ ထို့နောက် ကားပေါ်သို့ပြန်တက်ပြီး စင်ကာပူနှင့်မလေးရှားကို ဆက် သွယ်ထားသည့် ၁.၀၅ ကီလိုမီတာရှည်သော Causeway တံတားကိုဖြတ်ကြရသည်။ မနက်စောစောဖြစ်သဖြင့် နံနက်ခင်းသည် အေးဆေးငြိမ်သက် လို့နေ၏။

ငြိမ့်ငြိမ့်လေးပြေးနေသောဘတ်စ်ကားအတွင်းမှ ပတ်ဝန်းကျင်ရှုခင်းများအားကြည့်ရင်း ခရီးသွားခြင်း၏ အရသာကို နှစ်သက်စွာခံစားနေမိသည်။

တံတားကိုဖြတ်ကျော်ပြီးသောအခါ ဂျဟိုးဖက်ရှိ မလေးရှားနိုင်ငံကူးဌာန(Immigration)မှာ အစစ်ဆေးခံပြီး ကားပြောင်းစီးကြရ၏။ စင်ကာပူက စီးလာသောဘတ်စ်ကားမှ မလေးရှား ဖက်က ဘတ်စ်ကားကိုပြောင်းစီးပြီး ခရီးဆက်ခဲ့ကြရာ နံနက် ၈ နာရီမှာ ယော(န)ပဲင်းမြို့  (Yong Peng) သို့ ရောက်ခဲ့ကြ၏။

ယော(န)ပဲင်းမြို့ သည်  အစားအသောက်ဖြင့်လူသိများသော မလေးရှားနိုင်ငံမှမြို့ များတွင် တစ်ခုအပါ အ၀င်ဖြစ်ကြောင်း သိရသည်။

စင်ကာပူမှ ဂျဟိုးမြို့ ကိုဖြတ်ပြီး မလက္ကားသို့လည်းကောင်း၊ မလက္ကားမှ ကွာလာလမ်ပူသို့ လည်းကောင်း ကားဖြင့်သွားကြသူများသည် ဤမြို့ မှာ ခဏတဖြုတ်ရပ်နားကြလေ့ရှိသည်။ အစားအသောက်များ စား ကြလေ့ရှိသည်။




ပုံစာများ (လက်ယာရစ်)

(၁) ၀ု့ဒ်လဲန်းစ်နိုင်ငံကူးဌာနအဆောက်အဦကြီးသို့ ဘတ်စ်ကားများ ဆိုက်ရောက်ကြစဉ်။

(၂)  ယော(န)ပဲင်းမြို့ က Sayed စားသောက်ဆိုင်။ 

(၃) နံနက်စာ စားကြပြီ။
  
(၄) Johor-Singapore Causeway တံတား (ကားမီးနီနီလေးများ)နှင့် ဂျဟိုးမြို့ ဘက်ရှိတိုက်တာအဆောက်အဦအချို့ အား စင်ကာပူဘက်ရှိတံတားထိပ်မှေ၀၀ါးဝါးလေး ယခုလိုလှမ်းပြီးမြင်တွေ့နိုင်သည်။ 



ခရီးသွားလမ်းညွှန်က ယခုသွားရောက်မည့် Sayed စားသောက်ဆိုင်တွင် ပလာတာစားကောင်းသည် ဆိုသဖြင့် မိမိတို့နှစ်ဦး ပလာတာစားဖြစ်ကြ၏။ စားလို့ မဆိုးလှပေ။ နံနက်စာစားပြီးနောက် မလက္ကားသို့ ခရီး ဆက်ကြပြန်ပါသည်။လမ်း တစ်လျောက်မှာ ဆီအုန်းပင်များကို မျက်စိတစ်ဆုံး တွေ့ကြရ၏။ 




ဆီအုန်းပင်များ။









လမ်းညွှန်ဆိုင်းဘုတ်များနှင့်စီးပွားရေးကြော်ငြာဆိုင်းဘုတ်များကလည်း မတွေ့ချင် မြင်မဆုံးပါပေ။ 








ကျွန်းပင်များကို ကားလမ်းဘေးတစ်ဖက်တစ်ချက်မှာ တန်းစီစိုက်ထားသည်ကို တွေ့ရသေးသည်။ ခရီးသွားရင်း မြင်နေရသော ဆီအုန်းပင်များ၊ ကျွန်းပင်များနှင့်လမ်းဆုံလမ်းခွများတွင် အလှစိုက်ထားသော ပန်းပင်များသည် နံနက်ခင်းကို ပိုမိုပြီးလှပစေလေသည်။














No comments:

Post a Comment