"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Sunday, September 25, 2011
ရာဇ၀င်များရဲ့  သတို့သမီး အလှပျက်ရှာရော့ထင့်
မြန်မာနိုင်ငံရဲ့  အကြီးဆုံးမြစ်ကြီး ဧရာဝတီကို "ရာဇ၀င်များရဲ့  သတို့သမီး"ရယ်လို့ မြတ်မြတ်နိုးနိုး လှလှ ပပလေး တင်စားခေါ်ဝေါ်ခဲ့ကြတာ သိကြတဲ့အတိုင်းပဲလေ။
အဲ ဒါပေမယ့် ...
#  ပြည်သူလူထုအကြား စိုးရိမ်မှုများ၊ အငြင်းပွားဖွယ်များဖြစ်ပေါ်နေသော မြစ်ဆုံစီမံကိန်းအပါအ၀င် အ ခြားလျှပ်စစ်စီမံကိန်းများကို ပြည်သူကရွေးချယ်ထားသော ပြည်သူ့ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထား သည့် လွတ်တော်အသီးသီးပေါ်ပေါက်နေပြီဖြစ်ရာ လွတ်တော်၏သဘောထား၊ အဆုံးအဖြတ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်။ (ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၊ အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီး ဋ္ဌာန)။
#  အကောင်းဆုံးကတော့ လွတ်တော်အဆုံးအဖြတ်ရယူဆောင်ရွက်နိုင်မယ်ဆိုရင် ဒီမိုကရေစီနည်းလမ်း တကျဖြစ်သွားမယ်၊ ပိုကောင်းပါတယ်။ (ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးစောသိန်းအောင်၊ ဖလုံ- စ ဝေါဒီမိုကရက်တစ်ပါတီ)။
#  လက်ရှိမြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓါတ်အားလုံလုံလောက်လောက်ရရှိရန် မည်သည့်မြစ်ကိုမျှ သုံးစ ရာမလိုကြောင်း၊ သဘာဝအလျောက် စီးစင်းနေသည့် မြစ်ချောင်းများကို ပိတ်ဆို့ပြီး ရေလှောင်တမံ တည် ဆောက်ခြင်းသည် မြစ်ချောင်းများ၏ ရေစီးရေလာကို ပျက်စီးစေကြောင်း၊ မြစ်ဝှမ်းအတွင်းရေစီးပမာဏ၊ အရည်အသွေး၊ နုန်းပို့ချမှုပုံသဏ္ဌာန်နှင့် ရေအသုံးချမှုပုံစံများပြောင်းလဲကုန်ကြောင်းကို "အပြည်ပြည်ဆိုင် ရာမြစ်များ"စာအုပ်ရေးသားသူ ဦးဝင်းကျော် (အငြိမ်းစားညွှန်ကြားရေမှူး၊ ရေအားလျှပ်စစ်)က ရန်ကုန်မြို့ Gallery 65 မှာကျင်းပတဲ့ "ရေဝေတောတောင်ပြပွဲ"မှာ ပြောကြားခဲ့သည်။
#  ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းကို အစိုးရကဆက်လက်လုပ်ဆောင်မည်ဟု ပြောဆိုလိုက်သည့်အ တွက် မည်သို့ထင်မြင်ချက်ပေးချင်ပါသနည်းဟုမေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က"ဟိုဘက် ဒီဘက် ကြည့်ပြီး အကောင်းဆုံးအဖြေကို ရှာပါလို့ ပြောချင်တယ်"ဟု သူရဲ့အမြင်ကိုပြောသွားခဲ့တယ်ဆိုပါတယ်။  
#  မြန်မာနိုင်ငံ၏ လူဦးရေအများစုသည် သဘာဝအရင်းအမြစ်ဖြစ်သော မြစ်ချောင်းများ၊မြေဆီလွှာများကို အမှီပြုနေကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်သည့်လုပ်ငန်းများသည် အခြေခံလူတန်း စားများကို ပို၍ထိခိုက်စေသည်။ (ဦးမြင့်ဇော်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ တစိုက် မတ်မတ်လုပ်ကိုင်လာသူ)
#  ဧရာဝတီမြစ်ရဲ့ပင်ကိုယ်သဘာဝအလှများကို ဓါတ်ပုံများဖြင့် မှတ်တမ်းတင်ထုတ်ဝေထားတဲ့ "Save Ayeyarwaddy" ( မြစ်ဧရာကို စောင့်ရှောက်ကယ်တင်ကြပါစို့ )ဆိုတဲ့ စာအုပ်တစ်အုပ်လည်း ထူးထူးခြား ခြားထွက်လာခဲ့ပါတယ်။  ဒီဓါတ်ပုံမှတ်တမ်းစာအုပ်ကို စုစည်းပြုစုထုတ်ဝေသူ ဦးစိုးညွန့်က "မြစ်ဧရာကို စောင့်ရှောက်ကယ်တင်ကြပါစို့" စာအုပ်ကို အမှတ်တရအနေနဲ့ထုတ်တာဖြစ်ကြောင်း ပြောပါတယ်။ ဘာ့ ကြောင့်လဲဆိုတော့ နောက်နောင်မှာ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်ကြီးပြီးသွားတဲ့အခါ သူအခု ဓါတ်ပုံရိုက်ပြီးမှတ်တမ်းတင်ခဲ့တဲ့ မြစ်ဧရာရဲ့သဘာဝအလှအပများနဲ့ရှုခင်းတွေကို တွေ့မှတွေ့ရပါတော့မ လား မြင်မှကောမြင်ရပါဦးတော့မလားဆိုပြီး လုပ်ခဲ့တာပါတဲ့။ 
ဒီစာကြောင်းလေးကိုဖတ်မိတော့ ရင်ထဲမှာ ထိခိုက်လိုက်တာ နင့်နင့်နဲနဲကြီးပဲ။ 
စိတ်ထဲမှာလည်း ပြောလိုက်မိတယ်။ 
ဒါမျိုး မဖြစ်သင့်ဘူး။ လုံးဝကို အဖြစ်မခံနိုင်ဘူးလို့။
 ၂၈ ရက် စက်တင်ဘာလမှာ ဆက်လက်ရေးသားဖော်ပြပါတယ်
#  လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် ဦးခေါင်းပိုင်းသည် အရေးကြီး၏။ ဦးခေါင်းကိုထိခိုက်လျှင် တစ်ကိုယ် လုံး ပျက်စီးနိုင်သည်။ ယခုအခါ မြစ်ဖျားဧရာ ဦးခေါင်းပိုင်း၌ ပြဿနာများပေါ်နေပြီဖြစ်ရာ ဧရာဝတီမြစ်ရိုး တစ်လျှောက်တွင် နေထိုင်ကြသည့် ဧရာဝတီ၏သားသမီးတို့လည်း ဒုက္ခမျိုးစုံ ရောက်ကြရပေတော့မည်။ မြစ်ကြီးဝဲယာတွင် သစ်တောများပြုန်းတီးခြင်း၊တိရစ္ဆာန်ဇီဝမျိုးစုံ သေကျေခြင်း၊မြစ်ကြောင်းတစ်လျှောက် သဲသောင်များပေါ်ထွန်းပြီး ရေကြောင်းသွားလာမှုခက်ခဲခြင်း၊ မြစ်လယ်တွင် ဘော့နီဘော့နက်များစိုက်၍ ရေကြောင်းပြပေးရခြင်းတို့ကို လုပ်ကိုင်နေကြရလေပြီ။ (နီငြိမ်း - အညာတက္ကသိုလ်)
ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းသည် ရေအားလျှပ်စစ်ကို ရောင်းချရန်အတွက် မဖွံ့ဖြိုးသော နိုင်ငံများ အနေဖြင့် ပြုလုပ်ကြသည်ဖြစ်သော်လည်း ရေဝေရေလဲဒေသမှာ အရေးကြီးနေကြောင်း၊ ကချင်ပြည်နယ် သည် ဇီဝစုံလင်ကြွယ်ဝသောဒေသဖြစ်ကာ ပြည်ပပညာရှင်များက ယခုအတိုင်းထားလျှက် ထိန်းသိမ်း ထားခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟုပြောဆိုမှုများရှိခဲ့ကြောင်း၊ကမ္ဘာတွင် ဆည်များတည်ဆောက် မှုကြောင့် ရေမစီးတော့သည့်မြစ်များ၊ပင်လယ်တွင်းသို့စီးဝင်ခွင့်မရတော့သည့်မြစ်များလည်းရှိနေကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ (ဦးအုန်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောပညာရှင်)
ဟိုးအရင်တုန်းကဆိုရင် ၀ါးရှောင်ဆည်ဆိုတာ ကျွန်တော်တို့ မြစ်ကြီးနားအထက်မှာ ရှိပါတယ်။ ဒါလည်း ရေကြီးလာတဲ့ အခါကျတော့ ဆည်ကြီးက တစ်ခြမ်းပါသွားပါတယ်။ ၁၉၅၄ ခုနှစ်လောက်မှာ တောင်ကြီးတစ်ခြမ်းပြိုသွားတာ ရေက တစ်ခါတည်းပေါက် ကွဲထွက်လာပြီး တောင်ကြီးပြိုသွားတာ။ ပြိုသွားတော့ မြေမှုန့်တွေ မြေကြီး တွေက တစ်ခါတည်း စီးဆင်းလာတဲ့ရေတွေဟာ အဲဒီတလျှောက် မိုးမောက်၊ ဗန်းမော် အဲဒီတလျောက်မှာရှိတဲ့ လယ်ကွင်းတွေအကုန်လုံး သဲသောင်ကြီးတွေဖြစ်သွားတဲ့ အထိ မြင်ရပါတယ်။ နောက် ဆယ်နှစ်လောက် ဘာမှ စိုက် စားလို့ မရဘူး။ (ဒူဝါဇောင်ဂမ် - ကချင်တိုင်း ရင်းသား၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။)
တရုတ်နိုင်ငံမှာ 3 Gorges Dam ကြောင့် ယန်စီမြစ်မှာလည်း ရေမျက်နှာပြင် စံချိန်တင် လျော့ကျမှုဖြစ် ပေါ်နေတဲ့အတွက် Dam နေ့စဉ် ရေကုဗမီတာ ၄ သန်း ထုတ်လွှတ်ပေးနေ ရပါတယ်။ ဒီအတိုင်းကြည့်ရင် ဒီဆည်က ကျေးဇူးတင်စရာကောင်းပေမဲ့  ဆည်ကရေတွေကို ဖမ်းထိန်းထားလို့သာ ယန်စီမြစ်မှာ ရေမရှိ တော့တာ ဖြစ်ပါတယ်။ ဒီဆည်သာမဆောက်ဖြစ်ရင် ယန်စီမြစ်မှာ ရေမရှိစရာ အကြောင်းမရှိပါဘူး။ တ ရုတ်နိုင်ငံမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုခြောက် သွေ့လာတာနဲ့အမျှ ၂၀၀၀ ခုနှစ်က နေ ၂၀၀၉ ခုနှစ်အထိ ၁၀ နှစ်တာအတွင်း ရေချိုရေသန့် ရရှိမှုဟာ ၁၃ ရာခိုင်နှုန်း ကျဆင်းလာတယ်။ မိုးခေါင်မှုတွေ ပြင်းပြင်း ထန်ထန် ကြုံတွေ့လာတယ်။ <......> ဧရာဝတီမြစ်ဆုံ အနီးနား တစ်ဝိုက်လောက်သာ Environmental Assessment လုပ်ပြီး ဆုံးဖြတ်ပြုလုပ်တာဟာ ဘယ်လို နည်းနဲ့မှ Scientific Conclusion ဖြစ်လာမှာ မ ဟုတ်ဘူး။ အောက်ကြောတစ်လျှောက်အထိ လေ့လာမှုတွေ ပြုလုပ်ဖို့ လိုတယ်။ မြန်မာနိုင်ငံမှာ ငလျှင်အ လှုပ်ဆုံးဒေသက မြစ်ဆုံဒေသပဲဖြစ်တယ်။ ဒီလိုဒေသမျိုးမှာ ဆောက်ခြင်းက အန္တရာယ်အလွန်ကြီးပါ 
တယ်။ (ဒေါက်တာထွန်းလွင် - ထွန်းလွင်ဖောင်ဒေးရှင်း။)
၃၀ ရက် စက်တင်ဘာလမှာ ဆက်လက်ရေးသားဖော်ပြပါတယ်
မနေ့ကရက်စွဲ(၂၉ စက်တင်ဘာ)နဲ့ ဖော်ပြထားတဲ့ Eleven Media Groupက အွန်လိုင်းသတင်းမှာ နိုင်ငံ တော်သမ္မတကြီး ဦးသိန်းစိန်က ပထမအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ရက် မြောက်နေ့မှာ အချက်(၁၀)ချက်ပါသည့်သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း သိရှိရပါတယ်။ အဲဒီအချက်(၁၀)ချက် ထဲမှာ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ၀မ်းမြောက်ဖွယ်ရာ သ တင်းပါရှိခဲ့ပါတယ်။
၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲဖြစ်သော ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် သဘာဝကပေးထားသော မြစ်ချောင်းများရှိနေသဖြင့် အဆိုပါမြစ် ချောင်းများမှ ပြည်တွင်း၊ ပြည်ပအရင်းအနှီးများရယူ၍ လျှပ်စစ် ဓာတ်အား ထုတ်ယူနိုင်ရေးအတွက် တပ်မတော်အစိုးရလက်ထက်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခင် က ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(၂)ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ(၇)ရုံသာရှိခဲ့ပြီး စုစုပေါင်းစက်တပ် ဆင်အား (၅၂၉)မဂ္ဂါဝပ်ရှိခဲ့ရာမှ နောက်ထပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၃)ရုံ၊ စက် တပ်ဆင်အား (၂၈၃၁)မဂ္ဂါဝပ် တိုးတက်ဆောင်ရွက်ခဲ့ပါသည်။
၈။ နှစ် (၃၀) လျှပ်စစ်မဟာဗျူဟာစီမံကိန်းအရ နောက်ထပ်ရေအားလျှပ်စစ်စီမံကိန်း(၆၄)ခုနှင့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ(၃)ခုအပါ အ၀င် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စက်တပ်ဆင်အား မဂ္ဂါဝပ်(၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများရှိပါသည်။ အဆိုပါစီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခုအပါအ၀င်ဖြစ်ပါသည်။
၉။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေကြေးအရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန်စတင်ခဲ့ရာ ယခုအခါတွင် အဆိုပါမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါစိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပါသည် -
(က) ကချင်ပြည်နယ်သာမက မြန်မာနိုင်ငံအတွက်ပါ သဘာဝကပေးထားသည့် (Land Mark) ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း။
(ခ)  မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း။
(ဂ) ပုဂ္ဂလိကများမှ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်၍ စီးပွားဖြစ်စိုက်ထုတ်ထားသည့် ရော်ဘာစိုက်ခင်းများနှင့် ကျွန်းစိုက်ခင်းများ ပျက်စီးသွားနိုင်ခြင်း။
(ဃ) ရာသီဥတုဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်များအရည်ပျော်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံဆည်ပျက်စီးပြီး ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ သေကြေပျက်စီးမှုရှိနိုင်ခြင်း။
(င) ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်ခြင်း စသည်ဖြင့် ပြည်သူအချို့မှ စိုးရိမ်ပူပန်မှု ရှိနေကြသည်ကို မိမိတို့ သိရှိနေရပါသည်။
၁၀။ မိမိတို့အစိုးရသည် ပြည်သူမှရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက်လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။
ရက် အောက်တိုဘာလမှာ ဆက်လက်ရေးသားဖော်ပြပါတယ်
ဒီကနေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ (၁၀)မှာ  အလုပ်သမားဝန်ကြီးဋ္ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီးတွင် ဆန်ကေးရှင်ဘွန်းသတင်းစာ သတင်းထောက် ဒေါက်တာဇော်သန်း က ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းတဲ့ သ တင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ အောက်မှာ မူရင်းအတိုင်းကောက်နှူတ်ဖော်ပြပေးထားပါတယ်။
ဓါတ်ပုံ-ကြေးမုံသတင်းစာ။
ဒေါက်တာဇော်သန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ကိုမေးချင်ပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ခေတ္တရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်လို့ အစ်မရဲ့သဘောထားအ မြင်ကို သိချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။  ။ ကျမတို့ နားလည်သဘောပေါက်တာက ဒီမနက်လွှတ်တော်ကို သမ္မတ ကြီးဆီကနေ သ၀ဏ်လွှာပို့တယ်လို့ပြောပါတယ်။  အဲဒီသ၀ဏ်လွှာမှာဆိုရင် ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေ၊ ကြောင့်ကြမှုတွေ ထေက်ထားပြီးတော့ ဒီမြစ်ဆုံရေကာတာစီမံကိန်းကြီးကို ရပ်ဆိုင်းထားမယ်လို့ ဒီလိုမှာ ကြားလိုက်တယ်လို့ နားလည်ပါတယ်။ ဒါကတော့ ကျွန်မအမြင်မှာတော့ ပြည်သူရဲ့အသံကို နားထောင် တာဟာ အင်မတန်မှ ကောင်းပါတယ်။ ဒီဟာဟာ အစိုးရတိုင်းလုပ်ရမယ့်ကိစ္စပါ။ ပြည်သူရဲ့အသံကို နား ထောင်ရမယ်။ ပြည်သူရဲ့စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲလေးလေးနက်နက်ထားပြီးတော့ ဖြေရှင်း ပေးရမယ်။ အဲဒါကြောင့်မို့ ကျွန်မ ဒါကို ကြိုဆိုပါတယ်။   
၎ ရက် အောက်တိုဘာလမှာ ဆက်လက်ရေးသားဖော်ပြပါတယ်
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ဦးဆောင်သည့်အစိုးရက  ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြည်သူလူထုရဲ့တစ်ခဲနက်သောဆန္ဒနဲ့အညီ ရပ်ဆိုင်းလိုက်ပေးတာနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပမှာ ရှိကြတဲ့ မြန်မာများ မဖော်ပြနိုင်လောက်အောင် ၀မ်းသာလှိုက်လှဲစွာကြိုဆိုကြတာ ကြက်သီးမွေးညင်ထ လောက်အောင်ပါပဲ။ မင်္ဂလာ့ မင်္ဂလာ သတင်းကောင်းကြီးတစ်ရပ်ပါပဲ။ စက်တင်ဘာ ၂၉ ရက်စွဲပါ Eleven Media Groupရဲ့ သတင်းတစ်ပုဒ်ကို တစ်ဆင့်ဖောက်သည်ချလို့ အောက်မှာကောက်နုတ် ဖော်ပြလိုက်ပါတယ်။ 
လူထုစိန်ဝင်း - အခုအချိန်အထိ ကြားရသမျှ သတင်းတွေထဲမှာတော့ ဒီသတင်းဟာ မင်္ဂလာအရှိဆုံး ဖြစ်တယ်။ ဒါကြောင့်မို့ ၀မ်းသာအားရ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒီလုပ်ရပ်ဟာ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ဆန္ဒအပေါ် တန်ဖိုးထားလေးစား၊ ပြည်သူကို မဆန့်ကျင်တဲ့ သဘောကိုလည်း ဆောင် တဲ့အတွက် အစိုးရရဲ့ အပေါ်မှာ ပြည်သူလူထုရဲ့ သဘောထား အမြင်တွေ အများကြီးပြောင်းလဲသွားနိုင် ပါတယ်။ နှစ် ၅၀ အစိုးရနဲ့ပြည်သူအကြား အတားအဆီးဖြစ်နေတဲ့ နံရံတွေကို ဖြိုလှဲချနိုင်လိမ့်မယ်လို့ယူ ဆပါတယ်။ ဒီဧရာဝတီကိစ္စကို အခုလို မြန်မြန်ဆန်ဆန် အစိုးရက ဆုံးဖြတ်ချက်ချခဲ့တာဟာ ပြည်သူတစ် ရပ်လုံး မကြုံဖူးတဲ့စည်းလုံးညီညွတ်မှုပြသနိုင်လိုက်တာဖြစ်တယ်လို့ ယူဆပါတယ်။ ဒီကိစ္စမှာ ပြည်သူတွေ ဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ရဲ့ စည်းရုံးမှုမပါဘဲ သူတို့ကိုယ်ပိုင် အသိဆန္ဒနဲ့ သူတို့ရဲ့ ဆန္ဒသဘောထားတွေကို ဖော်ထုတ်ခဲ့ကြတာဟာ အားလုံးသော ပြည်သူတစ်ရပ်လုံးအတွက် တူညီသော အမျိုးသား အကျိုးစီးပွားဖြစ်တယ်လို့ သိနားလည်တဲ့အတွက် အခုလိုစည်းရုံးမိကြတာ ဖြစ်တယ်။ ဒီလိုစည်းရုံးမှုမျိုးကို ဆက်လက်ကိုင်တွယ် ထိန်းသိမ်းသွားမယ်ဆိုရင် ဘယ်လို အတားအဆီးမျိုးကိုမဆို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အခုချိန်မှာ ပြည်သူတစ်ရပ်လုံးက
ကမ္ဘာမကြေ မြန်မာပြေ တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ စတဲ့ နိုင်ငံတော်သီချင်းကို တစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက် ကြွေးကြော်သီဆိုပြီး ဧရာဝတီမြစ်ကြီးနဲ့ တစ်ကွ အမိနိုင်ငံတော်ကြီးကို ကိုလိုနီလက်ဟောင်း လက်သစ်မှန်သမျှရဲ့ အန္တရာယ်က တွန်းလှန်ကြပါလို့ နှိုးဆော်လိုက်ချင်ပါတယ်။
ဒေါက်တာ သန်းထွဋ်အောင် (မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် CPI ကုမ္ပဏီနှင့် Asia World ကုမ္ပဏီ တို့ကို တရားဝင် မေတ္တာရပ်ခံ ကန့်ကွက်ခဲ့သည့် Eleven Media Group ၏ CEO) - လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ သမ္မကြီး ဦးသိန်းစိန် အစိုးရအနေနဲ့ ပြည်သူလူထုဆန္ဒကို လိုက်လျှောပေးခဲ့ခြင်းဟာ အစိုးရတစ်ရပ်အနေနဲ့ နှစ်ပေါင်း ၅၀ ကာလအတွင်း အရဲရင့်ဆုံးခြေလှမ်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒဆိုတာ ပြည်သူတွေရဲ့စိတ်ခံစားမှုထက် ပိုမြင့်ပါတယ်။ မိမိတို့ရဲ့ဆန္ဒအမှန်ကို ရဲရင့်တည်ကြည်စွာ ဖော်ထုတ်ခဲ့ကြသူတွေ အားလုံးနဲ့ ဒီဆုံးဖြတ်ချက်ကို ရဲရင့်စွာ ဆုံးဖြတ်ခဲ့ကြသူ အားလုံးကိုလည်း EMG အနေနဲ့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ နှစ်ပေါင်း ၆၀ ကျော် သွေးကွဲနေခဲ့ရတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးအတွက် ကောင်းမွန်တဲ့ ပထမဆုံး ခြေလှမ်းပဲဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ဦးဆောင်မှုနဲ့ ကျွန်တော်တို့အားလုံး မြစ်ဆုံမှာ ပြန်ဆုံတွေ့ကြနိုင်ဖို့ မျှော်လင့်ပါတယ်။
ဦးအုန်း(ဒုဥက္ကဌ ၊ FREDA) - ဒီဆန္ဒကို သမ္မတကြီးက လိုက်လျော ပေးတဲ့အတွက် လေးစားပါတယ်။ အရမ်းကိုကျေနပ်ပါတယ်။ ဆက်ပြီး အကြံပြုချင်တာ တစ်ခုက ကချင် ပြည်နယ်တစ်ခုလုံးက  biodiversity အလွန်ပေါ်တဲ့နေရာ ဖြစ်ပါတယ်။ သစ်ခွမျိုးစိတ်ပေါင်း ၈၀၀ကျော် ရှိတယ်။ဆင်၊ကျား၊ကျားသစ်၊သက်ဝံ ကအစရှိတဲ့ နေရာတွေရှိတယ်။အင် မတန်တန်ဖိုးရှိတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာမျိုးကို ecotourism  အဖြစ် ပြုလုပ်ပြီး ပိုက်ဆံရှာလို့ရပါတယ်''။
ဦးစိုးညွန့်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငှက် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း) -
"ဒီစီမံကိန်းရပ်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်။ ပူးပေါင်းမှု အားကြောင့်သာ ဒီလိုရလဒ်ရလာတာပါ။ မြစ်ဆုံကို ချစ်တဲ့သူ၊ ဧရာ ၀တီကိုချစ်တဲ့သူ၊ မြန်မာနိုင်ငံကို ချစ်တဲ့သူအားလုံးက မဖြစ်သင့်တဲ့ စီမံကိန်းကို ၀ိုင်းဝန်းကာကွယ်ခဲ့ကြတယ်။ ဒီလိုအောင်မြင်မှု ရလာတာကတော့ အားလုံးအတွက် ၀မ်းသာစရာပေါ့။ ကြိုဆိုပါတယ်"
ကိုလေး (အင်းဝဂုဏ်ရည်) ကဗျာဆရာ - ''ကြားသိရရခြင်း သမ္မတကြီးနဲ့တစ်ကွ တရုတ်ပြည်သူနဲ့ တရုတ်အစိုးရကိုပါ ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် တရုတ်အပေါ်ကို ဘယ်လောက် စိတ်ဆိုးလဲဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းခဲ့တဲ့ AFO(ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့) ဆိုပြီး ဖွဲ့စည်းခဲ့သလို မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး  ACO(တရုတ်ဆန့်ကျင်ရေးအဖွဲ့ ဖွဲ့ဖို့တောင် စဉ်းစားမိတယ်။ တရုတ်နဲ့မြန်မာဆိုတာ ဆွေမျိုးပေါက်ဖော် တော်စပ်တယ်ဆိုတာ လက်ခံသိရှိပြီး ရေရှည် တည်တံ့နိုင်ပါစေ။ အိမ်နီးနားချင်းကောင်း ရေရှည်ဖြစ်နိုင်ပါစေ''။
မောင်သစ်လွင်(လူထု) သတင်းစာဆရာကြီး - ''၀မ်းသာပါတယ်။ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့သဘောထားကို အသိအမှတ်ပြုပြီး ဒီစီမံကိန်းကို ရပ်ပေးတဲ့အတွက် ကျေနပ်ပါတယ်။ ဧရာဝတီ ကိုအရင်ကတည်းက ချစ်ခဲ့တဲ့လူတွေဖြစ်လို့ နောင်လာမယ့် အစိုးရတွေမှာလည်း ဒီစီမံကိန်းဆက်အကောင်အထည်မဖော်ဖြစ်အောင် လှုံ့ဆော်စည်းရုံးသွား ကြရပါဦးမယ်။ ဒါမှသာ ဧရာဝတီက အဓွန့်ရှည် တည်တံ့နေမှာဖြစ်ပါတယ်''
ဆက်ပြီး ဖော်ပြသွားပါဦးမယ်။
စာကိုး
၁။ The Voice Weekly (7-40, 7-41)၊
၂။ မြန်မာတိုင်း(မ်) အတွဲ ၂၇ ၊ အမှတ် ၅၃၆ ( ၂၃-၂၉ ၊ ၉ ၊ ၂၀၁၁)။
၃။ Eleven Media Group - 24 September 2011။
၎။ ကြေးမုံသတင်းစာ - ၁ အောက်တိုဘာ၊ ၂၀၁၁၊ စာမျက်နှာ (၁၀)။
Wednesday, September 21, 2011
ကျေးရွာအလှ သာပေစွ
Saturday, September 10, 2011
နယူးဂျာစီမှ ဘုရားစေတီနှင့်ယောဂီဓမ္မာရုံ
ဓါတ်ပုံ - မြန်မာသတင်းရပ်ဝန်း။
ဓါတ်ပုံ - မြန်မာသတင်းရပ်ဝန်း။
ယောဂီကျောင်းဆောင်ကတော့ အကြမ်းထည်ပဲပြီးသေးတယ်ပြောပါတယ်။ စာရေးသူသည် စင်ကာပူနိုင် ငံ တိုပါးယိုးအရပ်မှာရှိတဲ့ "မြန်မာဗုဒ္ဓဘာသာကျောင်းတော်ကြီး"(Burmese Buddhist Temple) တည် ဆောက်စဉ်က ကော်မတီတွင်ပါဝင်ဆောင်ရွက်ခဲ့ဖူးတာကြောင့် နိုင်ငံရပ်ခြားတွင် သာသနာ့အဆောက်အ ဦများဆောက်လုပ်ရတာ မည်မျှခက်ခဲတယ်၊ အလှူငွေကောက်ခံရေးနဲ့ သက်ဆိုင်ရာများမှခွင့်ပြုချက်အ ဆင့်ဆင့်ကို မည်သို့ရယူခဲ့ရတယ်ဆိုတာတွေ ကြုံတွေ့ခဲ့ရတာဖြစ်လို့ နယူးဂျာစီမှာယခုကဲ့သို့ဘုရားစေတီ နဲ့ယောဂီကျောင်းဆောင်များတည်ထားဆောက်လုပ်နိုင်ခြင်းကို များစွာဝမ်းမြောက်ဝမ်းသာဖြစ်စွာသတင်း ကောင်းပါးလိုက်ရပါတယ်။    
ဒေါ်အောင်ဆန်းစုကြည်အား ဒေါက်တာသန့်မြင့်ဦး သွားရောက်တွေ့ဆုံ
စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမှာရှိတဲ့ ယခင်အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်ရုံခန်းမှာ ကွယ်လွန်သူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့မြေး ဒေါက်တာသန့်မြင့်ဦးက ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံခဲ့တယ်ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာသန့်မြင့်ဦးတို့ စကားလက်ဆုံကျနေစဉ်..။ (ဓါတ်ပုံ - The Voice Weekly)
သွားရောက်တွေ့ဆုံရတဲ့အကြောင်းကတော့ သူ နောက်ဆုံးရေးသားထားတဲ့ "Where China Meets India: Burma and the New Crossroads of Asia" စာအုပ်ကို လက်ဆောင်ပေးဖို့ပါတဲ့။ ဒေါက်တာ သန့်မြင့်ဦး မြန်မာပြည်ကိုရောက်နေတာက "အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုအတွက် ယူနိုက်တက်ကင်းဒန်း ဋ္ဌာန အစည်းအဝေး"တက်ဖို့ဖြစ်တယ်။ 
ဒေါက်တာသန့်မြင့်ဦးဟာ ၁၉၉၆ ခုနှစ်က Cambridge University မှ ပါရဂူဘွဲ့ရပြီး ကုလသမဂ္ဂတွင်တာ ၀န်ထမ်းဆောင်ခဲ့ဖူးပါတယ်။ သမိုင်းပညာရှင်တစ်ဦးဖြစ်လို့မို့  "The River of Lost Footsteps: A Personal History of Burma"၊ "The Making of Modern Burma"၊ "The UN Secretariat: A Brief History" အစရှိတဲ့စာအုပ်များ ရေးသားပြု့ စုခဲ့တာဖြစ်တယ်။ ဒါ့ အပြင် The New York Times၊ The Washington Post၊ LA Times၊ The International Herald Tribune၊ The London Review of Books၊ The New Statesman၊ The Far Eastern Economic Review နဲ့ The Times Literary Supplement များမှာလည်း ဆောင်းပါးများရေးသားပါသေးတယ်။ 
ဒေါက်တာသန့်မြင့်ဦးရဲ့ ယခုနောက်ဆုံးစာအုပ်နဲ့ပတ်သက်ပြီး ဆောင်းပါးရှင်သိဒ္ဒတ္တဒက်(ဘ) [Siddhar- tha Deb]က The Guardian သတင်းစာမှာ အောက်ပါအတိုင်းဝေဖန်ရေးသားထားတာကို စာမြီးကောက် နှုတ် ဖော်ပြပေးလိုက်ပါတယ်။
// "မဟာအင်အားကြီး နှစ်နိုင်ငံအကြားတွင် 'ခွ'ထိုင်ထားလျက်ရှိသော နိုင်ငံတစ်နိုင်ငံအနေဖြင့် အလွန်ရှုပ် ထွေးခက်ခဲသည့် ရွေးချယ်ဆုံးဖြတ်ချက်များပြုလုပ်ရန်လိုလေသည်။ နိုင်ငံ၏အပေါ်ပိုင်းတစ်ခြမ်းလုံး အိန္ဒိ ယအရှေ့ မြောက်ပိုင်းဒေသနှင့်တရုတ်ပြည်အနောက်တောင်ပိုင်းဒေသတို့အကြား အညှပ်ခံထားရသည့် မြန်မာနိုင်ငံသည် ၂၀ ရာစုကာလအတော်များများနှင့် ၂၁ ရာစုကာလတစ်လျှောက်လုံးမှာ မှားယွင်းသော ရွေးချယ်ဆုံးဖြတ်ချက်များကို ဆက်တိုက်ပြုလုပ်ခဲ့ပုံရ၏၊ ၁၉၄၈ ခုနှစ်( လွတ်လပ်ရေးရပြီးနောက်ပိုင်း) တွင် ခေတ်မီနိုင်ငံတစ်နိုင်ငံအဖြစ် ပေါ်ပေါက်လာခဲ့သည်။ <....> ဒေါက်တာသန့်မြင့်ဦးက သူ့စာအုပ်တွင် အိန္ဒိယနှင့်တရုတ်နှစ်နိုင်ငံစလုံး စစ်အစိုးရအပေါ်မှာ ယခင်ကထားရှိခဲ့သောသူတို့ရဲ့စိတ်သဘောထားများ မည်သို့ ပြောင်းလဲသွားခဲ့ကြကြောင်းကို စိတ်ဝင်စားဖွယ်ရေးသားထားသည်။ ယင်းနှစ်နိုင်ငံမှာ ယခင်အခါ များက စစ်အစိုးရကိုဆန့်ကျင်သူများကို အားပေးအားမြှောက်ပြု့ ခဲ့ကြသည်။ တရုတ်က မြန်မာကွန်မြူနစ် များအား ပုံအောကူညီထောက်ပံ့ခဲ့ပြီး အိန္ဒိယကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီလှုပ်ရှားမှု ကို ပေါ်ပေါ်ထင်ထင်ထောက်ခံခဲ့သည်။  <....> တရုတ်က ကူမင်းမှ မြန်မာပြည်နှင့်ဘင်္ဂလားပင်လယ်ကွေ့ ရှိရာ တောင်ပိုင်းသို့ ထိုးဖောက်ရန်စီစဉ်နေသကဲ့သို့  အိန္ဒိယကလည်း သူ၏"အရှေ့ မျှော်"မူဝါဒဖြင့် မြန်မာ ကိုဖြတ်ကျော်ပြီး တရုတ်ပြည်အထိ Trans-Asia Highway လုပ်ရန် အားခဲလျက်ရှိသည်။" //   
Saturday, September 3, 2011
မေမြို့က နာရီစင်ကြီး
အခု'ပြင်ဦးလွင်'လို့ခေါ်တဲ့ တောင်ပေါ်က'ပန်းမြို့တော်'လေးကို စာရေးသူတို့ငယ်ငယ်က 'မေမြို့'လို့ပဲခေါ်ခဲ့ ကြ သိခဲ့ကြတာ။ 'တောင်လှေခါးမြို့'လို့လည်း လှလှပပလေးတင်စားမှည့်ခေါ်ခဲ့ကြသေးတယ်။
ဗြိတိသျှစစ်တပ်က ဗိုလ်မှူးကြီးဂျိမ်းစ်မေ(Colonel James May)ကိုအကြောင်းပြုပြီး May Townလို့ အင်္ဂ လိပ်လိုမှည့်ခေါ်ခဲ့ရာက မြန်မာလို 'မေမြို့'ဖြစ်လာခဲ့ရတာ။ သိပ်ကိုလှတဲ့ မြို့နာမည်လေးပါ။ ၁၈၈၆ ခုနှစ်က ဗြိတိသျှစစ်တပ်ရဲ့ အမှတ် ၅ ဘင်္ဂလားခြေမြန်တပ်ရင်း(5th Bengal Infantry) အခြေစိုက်တဲ့ တောင်ပေါ်စ ခန်းမြို့လေးအဖြစ်ရှိနေခဲ့တာ။ မန္တလေးကနေ ၄၈ မိုင်ဝေးပါတယ်။ ပင်လယ်မျက်နှာပြင်မှ အမြင့်ပေပေါင်း ၃၄၅၀ ပေရှိတယ်။
မေမြို့က မြင်းလှည်း(ရထားလုံး)။ ဓါတ်ပုံ - အင်တာနက်။
ကိုလိုနီခေတ်ကအိမ်အချို့ကို ယနေ့တိုင်တွေ့နိုင်သေး။ ဓါတ်ပုံ - အင်တာနက်။
မေမြို့နဲ့ပတ်သက်ပြီး နာရီစင်ကြီးရယ်၊ ရုက္ခဗေဒဥယျာဉ်(Botanical Garden)ရယ်၊ ပွဲကောက်ရေတံခွန် ('ဘီအီးဖော'လို့လည်း ခေါ်တတ်ကြတယ်)ရယ်နဲ့ မြင်းရထားခေါ်ရထားလုံးတွေကို စာရေးသူတို့ငယ်ငယ် ကတည်းက မှတ်မှတ်ရရရှိထားခဲ့တယ်။ အားလုံးထဲမှာ မေမြို့ကို မြို့လည်ကနာရီစင်ကြီးနဲ့တွဲပြီး အမှတ်သ ညာပြုလေ့ရှိကြတာ။
မေမြို့က စိန်ရတုသက်တမ်းရှိနာရီစင်။ ဓါတ်ပုံ - Weekly Eleven ဂျာနယ်။
၁၉၃၆ ခုနှစ်ကတည်း မားမားမတ်မတ်ရှိခဲ့ပြီး မြို့ရဲ့ကျက်သရေကိုဆောင်ခဲ့တဲ့ နာရီစင်ကြီးဟာ ယခုအခါ မှာ သက်တမ်းအားဖြင့် ၇၅ နှစ်ရှိခဲ့ပြီမို့ စိန်ရတုရောက်ပြီလို့ သိရပါတယ်။ အခုနောက်ပိုင်း ပြင်ဦးလွင်ကို ရောက်ခဲ့တဲ့အခေါက်တွေမှာ နာရီစင်အနားမှကားနဲ့ဖြတ်သွားခဲ့ပေမယ့် အောက်ကိုဆင်းပြီး ဓါတ်ပုံတစ် ခါမှ မရိုက်ဖြစ်ခဲ့ပါ။ ပွဲကောက်ရေတံခွန်နဲ့ အမျိုးသားကန်တော်ကြီးဥယျာဉ်(ရုက္ခဗေဒဥယျာဉ်)တို့မှာပဲ လည်ပတ်ရင်း ဓါတ်ပုံရိုက်ဖြစ်ခဲ့တာများတယ်။  
ဒါ့ကြောင့် နောက်တစ်ခေါက်မြန်မာပြည်ကိုပြန်လို့ ပြင်ဦးလွင်ကိုရောက်ရင် စိန်ရတုနာရီစင်ကြီးကို ဓါတ်ပုံ ရိုက်ဖြစ်အောင်ကို ရိုက်ရမယ်လို့ စိတ်ထဲမှာ တေးထားလိုက်မိတယ်။
အလုပ် လစာ ကုန်ဈေးနူန်းနဲ့ စားဝတ်နေရေး
၂၀၀၉ ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI- Union of Myanmar Federation of Chambers of Commerce and Industry) ရဲ့ စာ တမ်းဖတ်ပွဲမှာ ယခုနိုင်ငံတော်သမ္မတရဲ့စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင်ဖြစ်လာတဲ့ စီးပွားရေးပ ညာရှင် ဒေါက်တာဦးမြင့်က သူဖတ်သွားတဲ့စာတမ်းမှာ၊
"မြန်မာလူမျိုးတို့သည် နေ့စဉ်ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းခန့်ကို အစားအစာအတွက် အသုံးပြုနေ ရသည်။"လို့ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး The Voice Weeklyဂျာနယ်(သြဂုတ်လ ၁၅-၂၁၊ ၂၀၁၁။ စာမျက်နှာ ၁၀)မှာ အောက် ပါအတိုင်း အကိုးအကားခိုင်ခိုင်မာမာဖြင့် ရှင်းလင်းရေးသားထားတာကိုလည်း တွေ့ရပြန်ပါတယ်။
ယခုရက်ပိုင်း ရန်ကုန်မြို့ ဆင်ခြေဖုံးလက်လီဈေးကွက်အချို့တွင် ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်ဈေး နှုန်းများမှာ၊
ကန်စွန်းရွက် ယခင်တစ်စည်း ၁၀၀မှ ယခု ၁၅၀ ကျပ်၊
ချဉ်ပေါင်ရွက်တစ်စည်း ၁၀၀ ကျပ်မှ သုံးစည်း ၂၀၀၊
ဂေါ်ရခါးသီးတစ်လုံး ယခင် ၁၀၀မှ ယခု ၁၅၀ ကျပ်၊
သခွားသီးသုံးလုံး ၁၀၀ ကျပ်မှ နှစ်လုံး ၁၀၀ ကျပ်၊
ခရမ်းချဉ်သီးတစ်ပိဿာ ၁၀၀၀ ကျပ်မှ ယခု ၁၅၀၀ ကျပ်၊
ခရမ်းသီးနှစ်လုံး ၁၀၀ ကျပ်မှ ယခုတစ်လုံး ၁၀၀ ကျပ်၊
ကြက်ဟင်းခါးသီး ယခင်တစ်လုံး ၅၀ ကျပ်မှ ယခုတစ်လုံး ၁၀၀ ကျပ်တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဟင်းသီးဟင်းရွက်ဈေးများနည်းတူ ဘဲဥဈေးနှုန်းများသည် ယခုရက်ပိုင်း တစ်လုံးလျှင် ၁၂၀ ကျပ်မှ ၁၄၀ ကျပ်ခန့်အထိလည်းကောင်း၊ ကြက်ဥသည် ယခင်ဈေး ၁၀၀ ကျပ်မှ ၁၃၀ကျပ်ဝန်းကျင်ထိလည်းကောင်း ပြောင်းလဲလျက်ရှိသည်။"
အဲဒီလို မြန်မာလူမျိုးလက်လုပ်လက်စား အတော်များများအနေနဲ့ အသက်ရှင်ရပ်တည်နိုင်ရုံ စားသောက် ဖို့အတွက် ၀င်ငွေအားလုံးနီးပါး သုံးစွဲနေကြရပါက အခြားသောမလုပ်မဖြစ်ကိစ္စများဖြစ်တဲ့ သွားလာနေ ထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတို့အတွက် ဘယ်လိုရုန်းကန်ရှာဖြွေဖည့်စွက်ကြရမယ်ဆိုတာ မတွေးဝံ့စရာကြီးပါလား။
ဒါ့ကြောင့် နိုင်ငံတော်အစိုးရနှင့်ပြည်သူပြည်သားများ၊ အတိုက်အခံပါတီများ၊ စီးပွားရေးနှင့်လူမှုရေးအ သင်းအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များအားလုံး စည်းလုံးညီညာလက်တွဲကြလျက်  မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအတွက် ဦးလည်မသုန် လုပ်ဆောင်ကြဖို့ ဆန္ဒပြုမျှော်လင့်ရပါတယ်။
Friday, September 2, 2011
iPad 2 ဈေးပေါပေါနဲ့ ၀ယ်ကြမလားဗျို့ 
ဒီကနေ့ထုတ်မြန်မာ့အလင်း(အင်္ဂလိပ်)သတင်းစာ(THE NEW LIGHT OF MYANMAR)ထဲမှာ ယုံရခက်ခက် သတင်းထူးလေးတစ်ပုဒ်ဖတ်လိုက်ရတယ်။ ယုံရခက်တာမှန်ပေမယ့် မယုံလို့မရအောင်ကို တကယ်ဖြစ်ခဲ့ တာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ရယ်ပါ။
အဖြစ်ကဒီလို။
အမေရိကန်နိုင်ငံ တောင်ကယ်ရိုလိုင်းနားပြည်နယ် 'စပါတန်ဘ(ဂ်)'မြို့က အသက် ၂၂ နှစ်အရွယ်ရှိ 'အရှ လီမက်ဒိုဝဲ' ဆိုတဲ့မိန်မပျိုလေးဟာ 'မက်ဒေါနဲ'ဆိုင်မှာကားရပ်ထားစဉ် လူနှစ်ဦးရောက်လာပြီး Apple tablet ကို ဈေးပေါပေါနဲ့ရလာခဲ့ကြောင်းပြောပါသတဲ့။  နောက်ပြီး iPad အသစ်စက်စက်ကလေးကိုပြလို့ ဒေါ်လာ ၃၀၀ နဲ့ရောင်းပါတယ်။ သို့ပေမယ့် 'မက်ဒိုဝဲ'က ဈေးစစ်တာနဲ့ ဒေါ်လာ ၁၈၀ နဲ့ပဲ ဈေးတည့်သွား ကြတယ်။ Apple tablet ရဲ့မူလဈေးရင်းနဲ့နှိုင်းရင် ပစ်စလက်ခတ်ကြီးကို သက်သာတာ။ ဒါနဲ့ လူနှစ်ဦးက Fed-Ex box ကို သယ်လာပြီး သူမရဲ့ကားအထိပို့ပေးပါတယ်။ သူမကလည်း ကျသင့်ငွေကိုပေးလိုက်ပြီး ပစ္စည်းတွေကိုတော့ စစ်ကြည့်မနေတော့ဘူးတဲ့။ ဒီထက်ကောင်းတဲ့လျော့ဈေးမျိုး ဘယ်မှာသွားပြီးရနိုင် ပါ့မလဲလေ။ 
နောက်တော့မှ Apple logo လေးကပ်ထားတဲ့ သစ်သားပြားလေးဖြစ်နေမှန်း တွေ့ရပါသတဲ့။ ဒါ့အပြင် "သဏ္ဌာန်လုပ် သရုပ်ဆောင်"ဆိုသလို လိမ်ညာတာလေး ပီပီပြင်ပြင်ဖြစ်စေဖို့ iPad ရဲ့ Best Buyလက် ခံဖြတ်ပိုင်းလေးလည်း ထည့်ထားပေးလိုက်သေးတာ။
.....
ကဲ အားလုံး သင်ခန်းစာယူတတ်ကြဖို့ပါ။