"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Saturday, September 3, 2011
အလုပ် လစာ ကုန်ဈေးနူန်းနဲ့ စားဝတ်နေရေး
၂၀၀၉ ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI- Union of Myanmar Federation of Chambers of Commerce and Industry) ရဲ့ စာ တမ်းဖတ်ပွဲမှာ ယခုနိုင်ငံတော်သမ္မတရဲ့စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင်ဖြစ်လာတဲ့ စီးပွားရေးပ ညာရှင် ဒေါက်တာဦးမြင့်က သူဖတ်သွားတဲ့စာတမ်းမှာ၊
"မြန်မာလူမျိုးတို့သည် နေ့စဉ်ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းခန့်ကို အစားအစာအတွက် အသုံးပြုနေ ရသည်။"လို့ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်ပြီး The Voice Weeklyဂျာနယ်(သြဂုတ်လ ၁၅-၂၁၊ ၂၀၁၁။ စာမျက်နှာ ၁၀)မှာ အောက် ပါအတိုင်း အကိုးအကားခိုင်ခိုင်မာမာဖြင့် ရှင်းလင်းရေးသားထားတာကိုလည်း တွေ့ရပြန်ပါတယ်။
ယခုရက်ပိုင်း ရန်ကုန်မြို့ ဆင်ခြေဖုံးလက်လီဈေးကွက်အချို့တွင် ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်ဈေး နှုန်းများမှာ၊
ကန်စွန်းရွက် ယခင်တစ်စည်း ၁၀၀မှ ယခု ၁၅၀ ကျပ်၊
ချဉ်ပေါင်ရွက်တစ်စည်း ၁၀၀ ကျပ်မှ သုံးစည်း ၂၀၀၊
ဂေါ်ရခါးသီးတစ်လုံး ယခင် ၁၀၀မှ ယခု ၁၅၀ ကျပ်၊
သခွားသီးသုံးလုံး ၁၀၀ ကျပ်မှ နှစ်လုံး ၁၀၀ ကျပ်၊
ခရမ်းချဉ်သီးတစ်ပိဿာ ၁၀၀၀ ကျပ်မှ ယခု ၁၅၀၀ ကျပ်၊
ခရမ်းသီးနှစ်လုံး ၁၀၀ ကျပ်မှ ယခုတစ်လုံး ၁၀၀ ကျပ်၊
ကြက်ဟင်းခါးသီး ယခင်တစ်လုံး ၅၀ ကျပ်မှ ယခုတစ်လုံး ၁၀၀ ကျပ်တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဟင်းသီးဟင်းရွက်ဈေးများနည်းတူ ဘဲဥဈေးနှုန်းများသည် ယခုရက်ပိုင်း တစ်လုံးလျှင် ၁၂၀ ကျပ်မှ ၁၄၀ ကျပ်ခန့်အထိလည်းကောင်း၊ ကြက်ဥသည် ယခင်ဈေး ၁၀၀ ကျပ်မှ ၁၃၀ကျပ်ဝန်းကျင်ထိလည်းကောင်း ပြောင်းလဲလျက်ရှိသည်။"
အဲဒီလို မြန်မာလူမျိုးလက်လုပ်လက်စား အတော်များများအနေနဲ့ အသက်ရှင်ရပ်တည်နိုင်ရုံ စားသောက် ဖို့အတွက် ၀င်ငွေအားလုံးနီးပါး သုံးစွဲနေကြရပါက အခြားသောမလုပ်မဖြစ်ကိစ္စများဖြစ်တဲ့ သွားလာနေ ထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတို့အတွက် ဘယ်လိုရုန်းကန်ရှာဖြွေဖည့်စွက်ကြရမယ်ဆိုတာ မတွေးဝံ့စရာကြီးပါလား။
ဒါ့ကြောင့် နိုင်ငံတော်အစိုးရနှင့်ပြည်သူပြည်သားများ၊ အတိုက်အခံပါတီများ၊ စီးပွားရေးနှင့်လူမှုရေးအ သင်းအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များအားလုံး စည်းလုံးညီညာလက်တွဲကြလျက်  မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအတွက် ဦးလည်မသုန် လုပ်ဆောင်ကြဖို့ ဆန္ဒပြုမျှော်လင့်ရပါတယ်။
No comments:
Post a Comment