"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Monday, July 30, 2012

စင်ကာပူနိုင်ငံရောက် ကန့်ဘလူသားလေး ဖိုးချစ်ရဲ့  ဇာတ်ပွဲ

ဖိုးချစ်က သူ့ဘ၀ဇာတ်ကြောင်းလေးတစ်ချို့ ကို အခုလို ရယ်ရယ်မောမောလေး ပြောပြခဲ့တယ်။ (ဓါတ်ပုံ - ဖိုးတာ)

အဆို အက အပြော စွယ်စုံရတဲ့ ဇတ်းမင်းသားလေး ဖိုးချစ်။ (ဓါတ်ပုံ - ဖိုးတာ)





တနင်္ဂနွေနေ့က စင်ကာပူပေါ်လီတက္ကနစ်ကျောင်းထဲကို ဇနီး၊ သမီးတို့နဲ့အတူ ရောက်သွားခဲ့တယ်။ အဲဒီကို နောက်ဆုံးရောက်ခဲ့တာ ကြာ ကြာလှပြီပဲ။ 

အခုတစ်ခေါက်ကလည်း မအားမလပ်တဲ့ကြားက မရောက်ရောက်အောင်ကို ကြိုးစားပြီး သွားခဲ့ရတာမျိုး။
စာရေးသူရဲ့ အလုပ်က ပုံမှန်ဆို စနေ တနင်္ဂနွေ ၂ ရက်မှာ အလုပ်မလုပ်ရပါဘူး။

ဒါပေမယ့် ယခုအပတ် တနင်္ဂနွေနေ့မှာက Jurong Point မှာ အလုပ်တာဝန်လေး ရှိနေတာကြောင့် မအား မလပ်ဖြစ်ခဲ့ရတာ။ မိမိတို့အဖွဲ့အစည်းက အနှစ် ၅၀ မြောက် အထိမ်းအမှတ်အဖြစ် လူထုပညာပေးပြပွဲ (Public Education Exhibition) လုပ်လို့ အဲဒီမှာ သွားနေနေရတယ်။ 

စာရေးသူတို့မိသားစု စင်ကာပူပေါ်လီတက္ကနစ်ကျောင်းကိုရောက်တော့ နေ့ခင်း ၂ နာရီလောက် ပါ။ ယခင်အခေါက်တွေမှာ ရောက်ခဲ့တုန်းက အခုဖိုးချစ်တို့ဇာတ်ကမယ့် ကွန်ဗင်းရှင်းစင်တာ အဆောက်အဦ (Convention Centre)ကြီး မရှိသေးဘူး။ အဲဒီတုန်းက အောဒစ်တော်ရီယမ် အဆောက်အဦပဲရှိတာ။ ကွန်ဗင်းရှင်းစင်တာကြီးက အောဒစ်တော်ရီယမ်ထက် အများကြီး ပို ကောင်းပါတယ်။ လှလည်းလှ ကြီးလည်းကြီးပြီး ခန့်ငြားထည်ဝါမှုလည်း ပိုရှိပါတယ်။ ဓါတ်ပုံထဲ မှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။

စာရေးသူတို့မိသားစုကို ကင်မရာတစ်လုံးနဲ့အလုပ်များနေတဲ့ ကိုကြည်ရွှင်က လာကြိုပြီး ကွန် ဗင်းရှင်းစင်တာထဲ ခေါ်သွားခဲ့ပါတယ်။ အထဲမှာ ပွဲလာကြည့်ကြတဲ့ မြန်မာအချို့ ရောက်နေကြပါ ပြီ။ ရုံထဲကိုတော့ ၀င်ခွင့်မပေးသေးပါဘူး။ ပွဲလာကြည့်ကြသူများ ကိုယ်အစုနဲ့ကိုယ် မတ်တတ် ရပ်ပြီး စကားပြောကြ၊ တစ်ဦးကိုတစ်ဦး လိုက်ပြီး နှူတ်ဆက်ကြနဲ့ ရှိနေပါတယ်။ မိမိတို့မိသားစု က ကိုကြည်ရွှင်ရဲ့ ဇနီး မဆုဆုတင်နဲ့ စကားပြောဖြစ်နေပါတယ်။ နေ့ခင်း ၂ နာရီခွဲကျော်ကျော် လောက်မှာ ရုံထဲကို ၀င်ကြရပါတယ်။ ရှေ့ နောက်ခုံတန်းတွေမှာ ကန့်ဘလူသူ ကန့်ဘလူသား တွေကို နေရာပေးထားတာဖြစ်လို့ ပွဲမစမီ ဟိုလူ့ကိုနှူတ်ဆက် ဒီလူ့ကိုနှူတ်ဆက်နဲ့ စကားပြောခွင့်ရပါတယ်။ 

 

မင်းသားဖိုးချစ်အား ဂုဏ်ပြုအမှတ်တရ လက်ဆောင်ပစ္စည်းပေးနေစဉ်။ (ဓါတ်ပုံ - ကိုဇေယျာမှ ကျေးဇူးပြုပါတယ်။)

 

ခဏကြာတော့ ကိုသူရိန်ရောက်လာပြီး “ဦးက ၄ နာရီလောက်ပြန်မယ်ဆို” လို့ မေးလာပြီး စင် ကာပူနိုင်ငံ ရောက် ကန့်ဘလူမြို့ သူမြို့ သားများကိုယ်စား ဖိုးချစ်ကို ဂုဏ်ပြုလက်ဆောင်ပစ္စည်း ပေးဖို့ ကြေညာပေးမယ့်အကြောင်းနဲ့ စင်ပေါ်မှာတက်ပြီး ပေးပေးဖို့ ပြောပါတယ်။ နောက်တော့ ဖိုးချစ်ကိုပေးမယ့် လက်ဆောင် ပစ္စည်းလေး လာပို့ထား ပေးပါတယ်။ 

ညနေ ၃ နာရီခွဲလောက်မှာ စာရေးသူရဲ့ တူတော်မောင် မျိုးမြင့်အောင်နဲ့သူ့ဇနီးတို့ ရုံထဲကို ၀င် လာကြတယ်။ သူတို့က စာရေးသူရဲ့ ဇနီးနဲ့သမီးတို့ထိုင်တဲ့ဖက်အခြမ်းမှာ နေရာရကြတာမို့ စာ ရေးသူက တူတော်မောင်အနားရွေ့ ထိုင်ပြီး စကားပြောရတယ်။ တနင်္ဂနွေမှာ တူတော်မောင်က အလုပ်တာဝန်ရှိလို့ နောက်ကျပြီး ရောက်လာခဲ့ရတာ။ သူတို့လိုပဲ တချို့ ကလည်း နောက်ကျပြီး မှ လာနိုင်သူလာကြ၊ တချို့ ကလည်း ပွဲမပြီးခင်မှာ ပြန်ကြရသူပြန်ကြနဲ့။ စာရေးသူလည်း ဒီအ တိုင်းပါပဲ။ ၄ နာရီခွဲမှာ Jurong Point ကို အရောက်ပြန်ရမှာ။ စာရေးသူရဲ့ အိမ်ကို ပွဲလက်မှတ် လာပေးတဲ့ ကိုဇေယျာဆိုရင် အဲဒီနေ့က သင်တန်းရှိနေလို့ ညနေ ၆ နာရီလောက်မှ ရောက်လာ နိုင်ခဲ့တာတဲ့။   

ညနေ ၄ နာရီကျော်လာတဲ့အခါ ဘယ်အချိန်လောက်မှာမှ ဖိုးချစ်အတွက်လက်ဆောင်ပစ္စည်း ကို ပေးရမှာပါလိမ့်လို့ စိတ်ထဲကတွေးနေမိတယ်။ ဒီအတိုင်းဆိုရင် ၄ နာရီခွဲမှာ Jurong Point ကို အရောက်သွားနိုင်မှာမဟုတ်လို့ မိမိရဲ့ တာဝန်ကို ပြောင်းယူပေးထားတဲ့မိတ်ဆွေထံ sms ပို့ ရတယ်။ ၅ နာရီလောက်မှ အဲဒီကို ရောက်မယ့်အကြောင်းပေါ့။     

 

 

၎ နာရီခွဲလောက်မှာ မင်းသားဖိုးချစ်အား မိမိမှ ဂုဏ်ပြုအမှတ်တရလက်ဆောင်ပစ္စည်းပေးမည့် အကြောင်း ကြေညာတာနဲ့ ဇာတ်စင်ရှိရာကို ထ,သွားခဲ့တယ်။ လှေကားထိပ်နားရောက်တဲ့အခါ ဇာတ်စင်မီးတွေ မှိတ်ထားတာကြောင့် တက်ပဲသွားရတော့မှာလား ခဏစောင့်နေရဦးမှာလား ဆိုတာ ဇဝေဇ၀ါဖြစ်ရတယ်။ စင်ပေါ်ကိုတက်ခဲ့ဖို့ ကိုယ်နာမည်ကို ဖိတ်ခေါ်ပြီးဖြစ်လို့ မီးမလင်း ပေမယ့် တက်သွားလိုက်တယ်။ အဲ .. စင်ပေါ်ကိုရောက်သွားပြန်တော့လည်း မီးက လင်းမလာ ပြန်သေးလို့ စင်ရဲ့ ဘေးဘီဝဲယာကို စူးစမ်းကြည့်ရပြန်တယ်။

မကြာလိုက်ပါဘူး။

မီးတွေ ယုတ်ခြည်းလင်းလက်လာတဲ့ပြီး ဇာတ်စင်နောက်က မင်းသားဖိုးချစ် အပြေးလေးထွက် လာရှာပါတယ်။ ဖိနပ်ကလေးကို ကတိုက်ကရိုက်ချွတ်ကာ လက်ဆောင်ပစ္စည်းလက်ခံဖို့ စာရေး သူရဲ့ ရှေ့ မှာ လာရပ်ပါတယ်။ မိမိက လက်ဆွဲနှူတ်ဆက်ရင်း “ဖိုးချစ်ရဲ့ နာမည်ကိုတော့ ကြားဖူး နေခဲ့တာ ကြာလှပြီ။ အခုမှပဲ လူချင်းတွေ့ရတယ်” လို့ပြောတော့ သူက “ဦးကိုတော့ ကျနော်တို့ သိနေကြပါတယ်” လို့ ပြောပါတယ်။ “ဖိုးချစ်အတွက် ဦးတို့အားလုံးက ၀မ်းလည်းသာတယ် ဂုဏ်လည်းယူကြတယ်။ ရှေ့ ဆက်ပြီး ကြိုးစားကွာ” လို့ ချီးကျူးအားပေးစကား ပြောခဲ့ရတယ်။ 


စင်ကာပူပေါ်လီတက္ကနစ်ကျောင်းရှိ Convention Centre မှာ အမှတ်တရ။

မိမိတို့ ရောက်တာစောနေသေးတော့ Convention Centre အတွင်းမှာ အေးအေးလူလူ ထိုင်ကြလို့။

ဖိုးချစ်ကို လာရောက်အားပေးကြသည့် စင်ကာပူရောက် မြန်မာပွဲကြည့်ပရိသတ်များ။



မြို့ ရွှေမန်းသားလေး ဖိုးချစ် ဖိုးချစ်နဲ့ သူ့အကြောင်း ကြားနေခဲ့မိတာ ကြာလှပါပြီ။

သူက ဒီကနေ့ မြန်မာပြည်မှာ အကျော်ကြားဆုံး ဇာတ်မင်းသားလေး တစ်ယောက်တဲ့။
ဆိုကရေးတီးပြိုင်ပွဲမှာ ရွှေတံဆိပ်တွေ ရခဲ့တာတဲ့။

နောက်ပြီး ဖိုးချစ်လေးက ကန့်ဘလူသားလေးတဲ့။
စာရေးသူတို့ ကန့်ဘလူသူ ကန့်ဘလူသားတွေက ပြောနေခဲ့ကြတာ။
မြန်မာပြည်ကို ပြန်တဲ့အခါတိုင်း ကြား ကြားနေခဲ့ရတာ။
ဒီမှာ သူ့ကို ပိုပြီး စိတ်ဝင်စားသွားရပြန်ပါတယ်။

ဒို့ ကန့်ဘလူက ...
ဘာတဲ့ ဘာတဲ့ ...
ဇာတ်မင်းသား ... ဟုတ်လား?

အမှန်အတိုင်းပြောရရင် စ,ပြီးကြားခဲ့တုန်းကတော့ ယုံရခက်ခက်ကြီးပါ။


စင်ကာပူနိုင်ငံရောက် ကန့်ဘလူသူ ကန့်ဘလူသားညီအကိုမောင်နှမများ မင်းသားဖိုးချစ်နှင့်အမှတ်တရ။ ၂၉ ဇူလိုင် ၂၀၁၂ (ဓါတ်ပုံ - ကိုဇေယျာ)

ဟုတ်ပါတယ်။

မိမိတို့မြို့ က ထွန်းထွန်းပေါက်ပေါက် ဇာတ်မင်းသားလေး ထွက်ရတယ်လို့။ မြို့ အနေဖြင့် ၀မ်းသာစရာပါ။ ဂုဏ်လည်း ယူစရာကြီးပါ။

ဒီလိုလေ … မိမိတို့မြို့ က အငြိမ့်တို့ ဇာတ်တို့နဲ့ ပတ်သက်တဲ့ အနုပညာရှင်ဆိုလို့ သိရသ မကြားမိထားခဲ့ဖူးဘူး။ ဒါကြောင့် မမျှော်လင့် မတွေးထားခဲ့မိတာမို့ ဖိုးချစ်ကိုပဲ မေးခွင့်ကြုံတုန်း မေးကြည့်ရတော့တာ။

မေးကြည့်တယ်ဆိုတာကလည်း လူချင်းတွေ့ပြီး မေးတာမျိုး မဟုတ်ပါဘူး။ တယ်လီဖုန်းနဲ့ပါ။

ဒီနေ့ညနေ(ဇူလိုင် ၃၁ ရက်)မှာ ဖိုးချစ်နဲ့ စင်ကာပူနိုင်ငံရောက် ကန့်ဘလူသားအပေါင်းအသင်းလူငယ်တချို့ တွေ့ပြီး ညစာ စား ဖြစ်ကြတယ်။ ညနေ ၆ နာရီခွဲလောက်မှာ ဖိုးချစ်ရဲ့ အပေါင်းအသင်းတစ်ဦးဖြစ်တဲ့ ကိုဇေယျာက စာရေးသူထံ sms လေး ပို့လာတယ်။ ဒီည ဖိုးချစ်နဲ့တွေ့ပြီး မြို့ ထဲမှာ ညစာစားကြ မယ့်အကြောင်းပါ။ ဒါနဲ့ စာရေးသူက sms လေး ပြန်ပို့ရင်း ကပွဲနေ့က မိမိတို့မိသားစု ကို လာကြည့်ဖို့ဖိတ်တဲ့အတွက် ဖိုးချစ်နဲ့ပွဲစီစဉ်သူတို့အား ကျေးဇူးတင်ကြောင်း ပြောခိုင်းရတယ်။ တဆက်တည်းမှာပဲ အခုရေးနေတာနဲ့ပတ်သက်ပြီး မေးစရာရှိတာလေးတွေကို နောက်မှ မေးမယ့်အကြောင်းပါ ပြောလိုက်တယ်။ 

ဒီအခါမှာ ကိုဇေယျာက ဖိုးချစ်ရှိနေတုန်း သူ့ကိုပဲ တိုက်ရိုက်မေးဖို့အကြံပြုတာနဲ့ ဖိုးချစ်နဲ့ စကား လည်းပြောဖြစ် မေးစရာရှိတာတစ်ချို့ လည်း မေးဖြစ်သွားခဲ့တော့တယ်။

ဖိုးချစ်က ကန့်ဘလူမြို့ အထက်တန်းကျောင်းမှာ ၉ တန်းအောင်တဲ့အထိ ပညာသင်ယူခဲ့ပြီး မန္တလေး အထက (၁၄) ကနေ ၁၀ တန်းအောင်ခဲ့တယ်။ ဒီနောက်မှာ မန္တလေးမြို့  ရတနာပုံ တက္ကသိုလ်က သချာင်္အဓိကနဲ့ ဘွဲ့ရခဲ့တယ်။ တက္ကသိုလ်ပညာသင်ကြားနေရင်း နိုင်ငံ တော်က ဦးစီးပြီးကျင်းပပေးတဲ့ ဆိုကရေးတီးအနုပညာပြိုင်ပွဲတွေမှာ ၀ါသနာအလျောက် အကတို့ ဒိုးပတ်ပြိုင်ပွဲတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုတံဆိပ်များ ရရှိခဲ့တယ်။  



ဒါနဲ့ စာရေးသူက “မန္တလေး ပန်တြာကျောင်းက ဆင်းတာလား”လို့မေးတော့ ဖိုးချစ်က အခုလိုပြောပြပါတယ်။

“ကျနော်က မန္တလေး ပန်တြာကျောင်းက ဆင်းတာလည်း မဟုတ်ပါဘူး။ ဘယ်အနုပညာသင် တန်းကျောင်းမှ မတက်ခဲ့ရပါဘူး။ ဆိုကရေးတီးအနုပညာပြိုင်ပွဲတွေရှိတဲ့အခါ မန္တလေးကိုလာ ပြီး ဆရာနဲ့လေ့ကျင့်ပြီး ၀င်ပြိုင်လိုက်တာပါပဲ။ ကျနော့ဆရာကတော့ မန္တလေးက ပန်တြာဦးမြ သိန်းဖြစ်ပါတယ် ခင်ဗျာ။”

ဖိုးချစ်က ကန့်ဘလူဇာတိဖြစ်ပြီး ဘာ့ကြောင့် ‘မြို့ ရွှေမန်းသား ဖိုးချစ်’ ရယ်လို့ ဇာတ်အမည်ခံ ထားရလဲ၊ ဖိုးချစ်ဆိုတဲ့အမည်က ငယ်နာမည်များလား ဆိုတဲ့ စာရေးသူရဲ့ အမေးတွေကို ဖိုးချစ်က …

“ဒါက ဒီလိုပါ ဦး။ ကျနော် ရွှေမန်းသူအငြိမ့်မှာ မင်းသားလိုနေတာနဲ့ ကျနော့်အမည်ရင်းဖြစ်တဲ့ ‘ချစ်မျိုးထိုက်’အမည်လေးနဲ့ တစ်နှစ် ၀င်က,ပေးရင်း တောဇာတ်လမ်းလေးတစ်ပုဒ်မှာ တောသားလေး ဖိုးချစ်အဖြစ် သရုပ်ဆောင်ခဲ့ရပါတယ်။ အဲဒီမှာ ပရိသတ်က ကျနော့်ကို ‘ဖိုးချစ်’အမည်နဲ့ စွဲမှတ် သွားကြပြီး ‘ဖိုးချစ်’ ‘ဖိုးချစ်’ လို့ ခေါ်လာကြပါတယ်။ ရွှေမန်းသူအငြိမ့်က ဖိုးချစ်ရယ်လို့ပေါ့နော်။ ဒီလိုနဲ့ နောက်ပိုင်းမှာ ကျနော် ဇာတ်ထောင်ပြီးကလာတဲ့အခါ အမျိုးသားဖြစ်တာမို့ ‘ရွှေမန်းသူ’ကနေ ‘ရွှေမန်းသား’ဖြစ်လာခဲ့ရတာပါ”လို့ ရှင်းပြခဲ့ပါတယ်။ 

သူ့မိဖတွေအကြောင်းမေးကြည့်တဲ့အခါ သူ့မိခင်ဖြစ်သူက ဆုံးသွားခဲ့ပြီး ဖခင်ပဲရှိတော့တဲ့အ ကြောင်း သူက ပြောပြခဲ့ပါတယ်။ ဖိုးချစ်ရဲ့ ဖခင်က ကန့်ဘလူမြို့ မှာပဲ နေထိုင်လျက်ရှိပါတယ်။ စာရေးသူသည် ဖိုးချစ်ကို မတွေ့ဖူးခင်ကတည်းက သူရဲ့ အလှူအတမ်း ရက်ရောမှုသတင်း ကောင်းလေးတွေ ကြားထားခဲ့တာဖြစ်လို့ အဲဒါနဲ့ပတ်သက်ပြီး အနည်းအကျဉ်းမေးကြည့်မိပါ တယ်။ သူ ကိုယ်တိုင်က ပြောပြတာကို နားထောင်ပြီး ၀မ်းမြောက်ဝမ်းသာဖြင့် သာဓုခေါ်ချင်လို့ ဖြစ်ပါတယ်။ ကန့်ဘလူမြို့ မှာ အရေးပေါ်လူနာတင်ကား လှူဒါန်းထားတာ၊ သက်ကြီးပူဇော်ပွဲတို့ အာစရိယပူဇော်ပွဲတို့မှာ ပါဝင်လှူဒါန်းခဲ့တာ၊ ဘုရားတည်ထား ကိုးကွယ်ထားတာ၊ မိမိရဲ့  မွေး ဇာတိဖြစ်တဲ့ ကန့်ဘလူမြို့ အပြင် အခြားမြို့ ရွှာတွေမှာ သူ တတ်စွမ်းသ၍ လက်လှမ်းမီ၍ ကောင်းမှုပြု လှူဒါန်းထားခဲ့တာတွေ ကြားသိရလို့ စိတ်ထဲက ၀မ်းမြောက်ဝမ်းသာဖြင့် သာဓုအ ကြိမ်ကြိမ် ခေါ်မိခဲ့ပါတယ်။

စာရေးသူမှ ဖိုးချစ်ကို အကြံတစ်ခုတော့ ပေးခဲ့ဖြစ်ပါတယ်။

အဲဒါကတော့ သူဘ၀အတွေ့အကြုံနဲ့ အဖြစ်အပျက်တွေကို သေသေချာချာ မှတ်သားထားပြီး စာအုပ်တစ်အုပ် ရေးဖြစ်အောင်ရေးဖို့ပါ။ သူကလည်း ဒီစိတ်ကူးမျိုးရှိထားတာကြောင့် သူ့ကို တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးမှတ်တမ်းတွေကို စုဆောင်းထားတဲ့အကြောင်း စာရေးသူ အား ပြောပြခဲ့ပါတယ်။

 



ဆက်ပြီး ရေးပါဦးမယ်။

Saturday, July 28, 2012

မြန်မာပြည်မှ သတင်းများ (ဇူလိုင် ၂၀၁၂ - ၃)

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက် နှစ်လည်အခမ်းအနား

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဦးစီးဦးဆောင်ပြု လျက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈ နှစ်မြောက် နှစ်လည်အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့က ရန်ကုန်မြို့  ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာရေးဆရာကြီး ဒဂုန်တာရာနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်တို့က ယင်းနှစ်လည်အခမ်းအနားသို့ သ၀ဏ်လွှာများ ပေးပို့ခဲ့ကြပြီး ၀ါရင့်နိုင်ငံရေးသမားဟောင်းကြီး များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်များ၊ နိုင်ငံရေးပါတီအသီးသီးမှပုဂ္ဂိုလ်များ၊ ဆရာကြီး၏ မိသားစုများနှင့် တပည့်များ တက်ရောက်ခဲ့ကြသည်။

နယ်ချဲ့ ဆန့်ကျင်ရေး၊ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် မမှိတ်မသုန် ရဲရဲရင့်ရင့် တိုက် ပွဲဝင်လုပ်ဆောင်ခဲ့သည့် မျိုးချစ်စာရေးဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ၁၉၆၄ ခုနှစ် ဇူ လိုင်လ ၂၃ ရက်နေ့(အသက်၈၉နှစ်အရွယ်)တွင် ကွယ်လွန်သွားခဲ့လေသည်။ 

 

အသက် ၁၂၀ ရှိ ဘွားသက်ရှည် ဒေါ်မြကြည်  

 

မန္တလေးမြို့  အမရပူရမြို့ နယ် ပေါက်ချိုင်ကုန်းကျေးရွာမှ ဘွားသက်ရှည် ဒေါ်မြကြည်သည် လာ မည့်သတင်းကျွတ်လတွင် အသက် ၁၂၀ ပြည့်တော့မည်ဖြစ်သည်။ ပေါက်ချိုင်ကုန်းကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းအတွင်းက အိမ်ငယ်လေး၌ နေထိုင်လျက်ရှိသော ဘွားသက်ရှည် မှာ အသက်အရွယ်အိုမင်းရင့်ရော်လာသော်လည်း တစ်ခါတလေ အနည်းငယ်နေထိုင်မကောင်း သည်မှလွဲ ယနေ့တိုင် ကျန်းမာရေးကောင်းမွန်လျက်ရှိဆဲဟု သိရလေသည်။  

တစ်နေ့လျှင် ထမင်းနှစ်နပ်သာ စားလေ့ရှိပြီး သားကြီးငါးကြီး မစားပဲ တစ်ခါတစ်ရံမှသာ ငါး သေးသေးလေးများ စားလေသည်။ ရွာဦးကျောင်းဆရာတော် ဦးသြဘာသက “ဒီနှစ် သူ့မွေးနေ့ မှာ ဒီရွာမှာပဲ တရားပွဲ နှစ်ရက်ကျင်းပသွားဖို့ရှိပါတယ်”ဟု မိန့်ကြားခဲ့သည်။  

 

Friday, July 20, 2012

အာဇာနည်နေ့ ဒို့မမေ့

၆၅ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကြီးကို မနေ့က မြန်မာတစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် စည် စည်ကားကားဖြင့် လူထုလူတန်းစားမျိုးစုံပါဝင်ကြလျက် ပြန်လည်ရှင်သန် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။


စာရေးသူတို့ ငယ်ငယ်ကဆိုလျှင် ယခုထက်များစွာကျယ်ကျယ်ပြန့်ပြန့် ကျင်းပလေ့ရှိခဲ့ပါတယ်။ ယခုထက်ပိုပြီး စည်လည်းစည်ကားခဲ့ပါတယ်။ အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ကျဆုံးလေပြီးသော အာဇာ နည်ခေါင်းဆောင်ကြီးများအား စိတ်ထဲမှာ တကယ်တမ်းကို မချိတင်ကဲ ကျေကွဲဝမ်းနည်း တမ်းတအောက်မေ့ ပြီး အမှတ်ရခဲ့ကြတာဖြစ်တယ်။





၆၅ ကြိမ်မြောက် အာဇာနည်နေ့ ၂၀၁၂ (၁၃၇၄ ခု ဒုတိယ၀ါဆိုလဆန်း ၁ ရက်)



 
ဒေါ်အောင်ဆန်းစုကြည်မှ လွမ်းသူ့ပန်းခွေချနေစဉ်။









ရန်ကုန်က အာဇာနည်နေ့အခမ်းအနားမှာ ပြည်သူလူထုများမှ ပန်းခွေများချပြီး အလေးပြုနေကြစဉ်။

ရန်ကုန်မြို့  ဗဟန်းမြို့ နယ်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ နိုင်ငံခြားသားများ လာရောက်ကြည့်ရှုကြပါတယ်။

 

အစိုးရကထုတ်ဝေတဲ့ သတင်းစာအားလုံးမှာ အာဇာနည်နေ့နဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကို ဆောင်းပါးများ ကဗျာများ ဗိုလ်ချုပ်ရဲ့  မိန့်ခွန်းကောက်နှုတ်ချက်များ ဓါတ်ပုံများ သရုပ်ဖော်ပုံများ ဝေေ၀ဆာ ဆာ မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖော်ပြလေ့ရှိပါတယ်။ မူရင်းသတင်းစာမျက်နှာများအပြင် အထူးအချပ်ပိုစာ မျက်နှာ များပါ ဖြည့်စွက်ပြီး ထုတ်ဝေတတ်ပါတယ်။ သတင်းစာက မြန်မာလို ၄ စောင်(လုပ်သားပြည်သူ့နေ့စဉ်၊ ကြေး မုံ၊ ဗိုလ်တထောင်၊ မြန်မာ့အလင်း)၊ အင်္ဂလိပ်လိုက ၂ စောင် (The Working People’s Daily နဲ့ The Guardian) ဆိုတော့ စုစုပေါင်း ၆ စောင်ကြီးများတောင်ရှိခဲ့ကြတာ။

နောက်ပြီး အဲဒီခေတ်က ထုတ်ဝေတဲ့မြန်မာသတင်းစာတွေက ယနေ့ခေတ်မြန်မာသတင်းစာတွေလို လျောက် လွှာစာရွက်(A4 size)သာသာလေးအရွယ် မဟုတ်ကြဘူး။ ဒီကနေ့ စင်ကာပူနိုင်ငံကထုတ်တဲ့ The Straits Times သတင်းစာအရွယ်မျိုးရှိတာ။ သတင်းစာ စာမျက်ကို လက်နှစ်ဖက်နဲ့ ဖြန့်ပြီးဖတ်လိုက်ရင် လူ့ရင်ဘတ် တစ်ခုမက ကျယ်တာ။ ဒါ့အပြင် စာမျက်နှာတွေကလည်း အများကြီးပါကြတာ။ The Working People's Daily (လုပ်သားပြည်သူ့နေ့စဉ် အင်္ဂလိပ်) သတင်းစာမှာဆိုရင် ပြည်တွင်းပြည်ပနိုင်ငံခြားသတင်းတွေအပြင် Science, Technology, Arts, Health, Medicine, History, Literature စသဖြင့် စိတ်ဝင်စားစ ရာသီးသန့်ကဏ္ဏတွေ (ဆောင်းပါးတွေ) သတ်သတ်ပါသေးတာ။ ဘာဖတ်ကောင်းသလဲ မပြောနဲ့။ ရေးနေရင်း ပြောနေရင်းနဲ့ လွမ်းတောင် လွမ်းမိသေးတော့။ 

အဲ - ချော်တောငေါ့သွားပြီ။ စောစောက အာဇာနည်နေ့အကြောင်းကို ပြန်ဆက်ကြဦးစို့။


အဲဒီနေ့မှာဆိုရင် စာရေးသူသည် အိပ်ယာကစောစောထပြီး ကမာရွတ်အ၀ိုင်းကြီးနားက ‘မြင့်စာပေ’ဆိုင်မှာ အထူးထုတ်သတင်းစာအားလုံး သွားဝယ်ပါတယ်။ ဆိုင်မှာ တစ်ချို့ သတင်းစာတွေ ရောင်းလို့ကုန်သွားခဲ့ရင် လမ်းဘေးပလက်ဖောင်းပေါ်မှာ သတင်းစာချရောင်းတဲ့ဆီက ၀ယ်လို့လည်းရတတ်ပါတယ်။ သတင်းစာတွေ ၀ယ်ပြီးတာနဲ့ လှည်းတန်းဈေးအနားက ‘စေတနာရှင်’ လက်ဖက်ရည်ဆိုင်မှာ နံနက်စာစားပြီး မိမိငှားနေတဲ့ ၀ဂ္ဂီရပ်က အိမ်ခန်းကို ပြန်လာလေ့ရှိပါ တယ်။ အခန်းကို ပြန်ရောက်တာနဲ့ အ၀တ်အစားလဲပြီး စောစောက ၀ယ်လာခဲ့တဲ့ အာဇာနည်နေ့အထူးထုတ်သတင်းစာတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် တစ်စောင်ပြီးတစ်စောင် စိမ် ပြေနပြေ တစ်နေ့လုံး ဖတ်ပါတော့တယ်။

ဇူလိုင်မိုးကလေး တအေးအေးနဲ့ အိပ်ယာပေါ်မှာကွေးပြီး ဟိုလှိမ့်ဒီလှိမ့်နဲ့ အလွန်စာဖတ်လို့ ကောင်းလှသလို ဗိုလ်ချုပ်ရဲ့ ကိုယ်ကျိုးစွန့်လွတ်စွန့်စားမှုများနဲ့ အကြွင်းမဲ့ရိုးသားမှုတွေကို ပိုပို လေးလေးနက်နက် သိရှိလာ ရပြီး ဖတ်ရင်းဖတ်ရင်း အမျိုးသားခေါင်းဆောင်ကြီးကို ချစ်ရလွန်းလို့ လေးစားမိလွန်းလို့ မျက်ရည်ကျခဲ့ရတာ နှစ်တိုင်းနှစ်တိုင်း ဒီအချိန်ရောက်တိုင်းပဲဖြစ်ပါတယ်။  

အခုနေများမယ်တော့ အဝေးကိုရောက်နေတာနဲ့ မျက်ရည်မကျဖြစ်ခဲ့တာ ကြာခဲ့ပါပြီလေ။ 

ဒါကလည်း စောစောကပြောခဲ့သလို ဗိုလ်ချုပ်အကြောင်းကို တစ်ထိုင်တည်း တ၀ကြီး မဖတ်ဖြစ်တော့တာရယ်၊ အာဇာနည်နေ့ ဂုဏ်ပြုတေးသီချင်းတွေနဲ့ ဗိုလ်ချုပ်ရဲ့  ဒိုးဒိုးဒေါက်ဒေါက်မိန့်ခွန်းများကို မကြားရတော့တာရယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်ဖြစ်တဲ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ မြန်မာ့ အသံက ထုတ်လွင့်ပေးတဲ့ ဥသြသံ လွမ်းသွဲ့သွဲ့ကို ဆို့နင့်လှိုက်လှဲစွာ မကြားရတော့တာရယ်၊ ပြီး အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်တဲ့ "ဒီနေ့ဟာ အာဇာနည်နေ့ပါလား"လို့ စိတ်ထဲမှာ လေးလေးနက်နက် သိရှိခံစားလို့ မရ နိုင်တဲ့အခြေအနေ အရပ်ရပ်တွကြောင့် ဖြစ်ရတာပါ။

ကောင်းကောင်ကြီး မှတ်မိနေပါသေးတယ်။ စာရေးသူတို့ မူလတန်းကျောင်းသား အလယ်တန်းကျောင်းသား ဘ၀တုန်းက အာဇာနည်နေ့ရောက်ပြီဆိုရင် ကျောင်းက ဆရာဆရာမတွေ နဲ့ ကျောင်းသူကျောင်းသားအားလုံး မနက်အစောကြီး ကျောင်းမှာစုပြီး အဲဒီကနေ လွတ်လပ်ရေးကျောက်တိုင်ရှိရာကို တိတ်တိတ်ဆိတ်ဆိတ် စည်း ကမ်းရှိရှိနဲ့ စုပေါင်းချီတက်ခဲ့ကြရတာတွေ။ ဟိုကိုရောက်တော့ ကျောင်းပေါင်းစုံက ချီတက်လာကြတဲ့ ဆရာဆ ရာမတွေ နဲ့ ကျောင်းသူကျောင်းသားတွေအပြင် ဌာနပေါင်းစုံက ၀န်ထမ်းကြီးငယ်တွေရယ်၊ ရပ်ကွက်အားလုံး က ပြည်သူပြည်သားတွေရယ် အားလုံး လွတ်လပ်ရေးကျောက်တိုင်ရှေ့ မှာ သူ့နေရာနဲ့သူ ရပ်ကြရတယ်။ ရှေ့  ဆုံးကရပ်နေတဲ့သူနှစ်ဦးက လွမ်းသူ့ပန်းခွေများကို ကိုယ်စီကိုယ်ငှ ကိုင်ထားကြလို့။

မနက်မိုးလင်းကတည်းက ၀ါးလုံးတိုင်ထိပ်ကအသံချဲ့ စက်နဲ့ ဖွင့်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့် ခွန်းများကို အားပါးတရကြီး နားထောင်ခဲ့ကြရတာ။ နှစ်တိုင်းနှစ်တိုင်းမှာ ဒီအချိန်ကိုရောက်လေတိုင်း နားထောင်ခဲ့ကြရတဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေက ဘယ်တော့မှ ရိုးအီမသွားတဲ့အပြင် ထပါခါတလဲလဲ နားထောင်ရလေတိုင်း ဗိုလ်ချုပ် ရဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာထားရှိခဲ့တဲ့ စေတနာတွေကို ပိုလို့ပိုလို့သာ နားလည်သဘောပေါက်လာပြီး အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကိုလည်း ပိုလို့ပိုလို့ လေးစားကြည်ညိုမိခဲ့ရတယ်။ တစ်ချိန်တည်းမှာ ဗိုလ်ချုပ်နဲ့ အတူ ကျဆုံးသွားခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအားလုံးကိုလည်း ပိုလို့ပိုလို့ လေးစားကြည်ညိုမိ ခဲ့ရတာပဲဖြစ်ပါတယ်။

ကျောင်းတွေမှာလည်း ဆရာဆရာမများက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း ၀မ်းနည်း ကြေကွဲခြင်းအ ထိမ်းအမှတ်နှင့်အတူ ဇာတိသွေးဇာတိမာန်တက်ကြွစေဖို့ ဟောပြောကြပါတယ်။ နောက်ပြီး အာဇာနည်နေ့အ ထိမ်းအမှတ် စာစီစာကုံးနဲ့ ကဗျာပြိုင်ပွဲများကို အလယ်တန်းအဆင့် နဲ့အထက်တန်းအဆင့်ရယ်လို့ အဆင့်နှစ် ဆင့်ထားပြီး ကျင်းပပေးကာ ဆုများချီးမြှင့်ပေးလေ့ ရှိ ခဲ့ပါတယ်။



နိုင်ငံတော်ဈာပန အခမ်းအနား ၁၉၄၇ ခုနှစ်




အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့စဉ်။
အနားမှ ရပ်နေသူမှာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုဖြစ်ပါတယ်။













အာဇာနည်နေ့ ဒို့မမေ့။

(ဓါတ်ပုံအားလုံးကို အင်တာနက်မှ ကူးယူဖော်ပြထားတာဖြစ်ပါတယ်။)

Sunday, July 15, 2012

မြန်မာပြည်မှ သတင်းများ (ဇူလိုင် ၂၀၁၂ - ၂)

၁၉ ဇူလိုင် ဒို့မမေ့နိုင်ကြတော့မည်

 

ယခင်အစိုးရအဆက်ဆက်က အာဇာနည်နေ့ နေ့ထူးနေ့မြတ်ကြီးကို တမင်သက်သက် အလေးမထားပဲ မေ့မေ့ လျော့လျော့ရှိအောင်လုပ်ထားခဲ့ရာ ပြီးခဲ့သည့်နှစ်က အရပ်သားအစိုးရ တက်လာသောအခါတွင်မှ (၆၄) ကြိမ် မြောက်အာဇာနည်နေ့အခမ်းအနားသို့ အများပြည်သူများ တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ယခုနှစ် (၆၅) ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကြီးကို နိုင်ငံတော်အဆင့် အခမ်းအနားကြီးအဖြစ် ကျင်းပမည်ဖြစ်ပြီး လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် သံတမန်များအား ဖိတ်ကြားသွားမည်ဖြစ်သည်။   

 

ခိုးဝင်လာသူ ရိုဟင်ဂျာများကို လုံးဝလက်မခံ 

ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်မြန်မာပြည်သူပြည်သားများ၏လုံခြုံရေးကို ခြိမ်းခြောက်လာနေသော ခိုးဝင် လာကြသူရိုဟင်ဂျာအမည်ခံများအား လုံးဝလက်ခံမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မကြီးဦးသိန်းစိန်က ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr Antonio Guterres အား ပြတ်ပြတ်သားသား ပြောကြား လိုက်သည်။

ထို့နောက် နိုင်ငံတော်သမ္မကြီးက မိမိတို့၏တိုင်းရင်းသားများကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း နှင့် ခိုးဝင်လာသည့်ရိုဟင်ဂျာများကို UNHCR (ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး)သို့အပ်နှံပြီး ဒုက္ခသည်စ ခန်းအဖြစ်ထားရှိကာ တတိယနိုင်ငံများက လက်ခံမည်ဆိုပါကလည်း ပို့ပေးမည်ဖြစ်ကြောင်း ဆက်လက်ပြော ကြားသွားခဲ့သည်။ 

 

မြန်မာစာပေ မြတ်နိုးသူများအဖွဲ့ တည်ထောင်မည်

မြန်မာစာပေကို ချစ်မြတ်နိုးကြသူများအတွက် မြန်မာစာပေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့အဖွဲ့အ စည်းတစ်ရပ် ဖွဲ့စည်းတည်ထောင်သွားမည့်အကြောင်း မြန်မာစာပေ ချစ်မြတ်နိုးကြသူများအဖွဲ့အစည်းဖြစ်မြောက်ရေးကော် မတီမှ ကြားသိရသည်။

မြန်မာစာပေ ချစ်မြတ်နိုးကြသူများ စုစည်းရေး၊ မြန်မာစာပေ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြန် မာစာပေ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အဆိုပါအဖွဲ့အစည်း တည်ထောင်နိုင်ရေးအတွက် တွေ့ ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဇူ လိုင်လ ၁၉ ရက် (အာဇာနည်နေ့) မွန်းလွဲ ၁ နာရီတွင် ဆိပ်ကမ်းသာလမ်းရှိ ဂုဏ်ထူးဦးသိန်းနိုင်မြန်မာစာခန်းမ ၌ ကျင်းပမည်ဖြစ်သည်။

 

ဦးသန့် အထိမ်းအမှတ်စာကြည့်တိုက် ရန်ပုံငွေလိုအပ်နေ

မြန်မာနိုင်ငံသား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏အထိမ်းအမှတ်စာကြည့်တိုက်ကို တည် ဆောက်လျက်ရှိရာတွင် ပထမအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

သို့ရာတွင် ဆက်လက်ဆောက်လုပ်ရန်အတွက် ရံပုံငွေ ကျပ်သိန်း ၁၅၀၀ ခန့် လိုအပ်နေကြောင်း စာကြည့် တိုက်ဖြစ်မြောက်ရေးဥက္ကဌ ဦးသိန်းအောင်က The Voice Weekly ဂျာနယ်သို့ ပြောကြားခဲ့သည်။  

သို့ဖြစ်ပေရာ ကမ္ဘာကျော် မြန်မာ့သားကောင်းရတနာကြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ အထိမ်းအမှတ်စာကြည့်တိုက်ကြီး အောင်မြင်ပြီးစီးစွာ တည်ဆောက်နိုင်ရေးအတွက် မျိုးချစ်မြန်မာအပေါင်း တို့မှ သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းလိုကြပါက ဆရာတော် ဘဒ္ဒန္တကုမာရ ပန်းတနော်မြို့ နယ်အသင်း (ရန်ကုန်) ၀၁-၃၇၈၇၄၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။  

 

နာရေးသတင်း 

စတန့်မင်းသားကြီး ဒိုင်ဗင်တင်လှ ကွယ်လွန်

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာရုပ်ရှင်လောကမှာ အသံတိတ် အသံထွက်ခေတ်များတွင် နိုင်ငံကျော် ပြည်သူချစ်မင်းသားကြီးများဖြစ်ကြသော တင်ညွန့် ရွှေဘတို့နှင့်အတူ စတန့်ဇာတ်ကြမ်းမင်းသားအဖြစ် ထင် ရှားခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ဒိုင်ဗင်တင်လှ (၉၈ နှစ်)သည် ၁၂-၇-၂၀၁၂ ရက် နံနက် ၆ နာရီတွင် ကွယ် လွန်သွားခဲ့ပါသည်။ ၁၄-၇-၂၀၁၂ ရက်တွင် ထိန်ပင်သုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်သည်။

 

 

Sunday, July 8, 2012

မြန်မာပြည်မှ သတင်းများ (ဇူလိုင် ၂၀၁၂)

အာရှ ယူ-၂၂ ပြိုင်ပွဲ မြန်မာအသင်း ခြေစစ်ပွဲအောင်ပြီ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိနေတဲ့ ၂၀၁၃ အာရှ ယူ-၂၂ ပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ် မှာ မြန်မာအသင်းက မလေးရှားအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာကြာင့် ခြေစစ်ပွဲ အောင်မြင်သွား ပြီဖြစ်ပါတယ်။

ခြေစစ်ပွဲ (ဆ) အုပ်စုမှာ မြန်မာအသင်းနဲ့အတူ တောင်ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဖိလစ်ပိုင်အသင်းများ ပါရှိကြတာဖြစ်တယ်။ အုပ်စုပွဲစဉ်များမှာ မြန်မာအသင်းဟာ တောင်ကိုရီးယားအသင်းကို သရေကစားခဲ့တာကလွဲပြီး ကျန်တဲ့အသင်းအားလုံးကို အနိုင်ကစားခဲ့နိုင်ခဲ့ပါတယ်။  

မြန်မာအသင်း ခြေစစ်ပွဲအောင်နိုင်ဖို့ တက်တက်ကြွကြွအားပေးချီးမြှင့်ခဲ့ကြသော မြန်မာဘော လုံးအားကစားပ ရိသတ်ကြီးကို အထူးကျေးဇူးတင်ရှိကြောင်း မြန်မာနိင်ငံဘောလုံးအဖွဲချုပ်မှ မြန်မာသတင်းစာတွေမှာ မျက်နှာ ပြည့်ဖော်ပြခဲ့ပါတယ်။ 

 

မလေးရှားရောက် မြန်မာများ Maybank မှ ငွေလွှဲနိုင်

မလေးရှားမှာ မြန်မာတွေ အများကြီးရောက်ရှိ အလုပ်လုပ်နေကြတာဖြစ်လို့ မလေးရှားမှာရှိတဲ့ Maybank ကနေ မြန်မာပြည်က ကမ္ဘောဇဘဏ်ကို ဇူလိုင် ၂ ရက်နေ့ကစပြီး တရားဝင်ငွေလွဲ ပေးပို့နိုင်ကြောင်း ဒီက နေ့ထုတ်ကြေးမုံသတင်းစာမှာ ဖေါ်ပြထားတာ ဖတ်ရပါတယ်။

အများဆုံး အမေရိကန်ဒေါ်လာ ၃၀၀၀/- အထိ ငွေလွှဲနိုင်မှာဖြစ်ပါတယ်။

ငွေလွဲခနှုန်းထား

(က) အမေရိကန်ဒေါ်လာ ၁ ဒေါ်လာမှ ၅၀၀ ဒေါ်လာအထိ - မလေးရှားရင်းဂစ် ၁၅ ရင်းဂစ်
(ခ) အမေရိကန်ဒေါ်လာ ၅၀၀ ဒေါ်လာမှ ၂၀၀၀ ဒေါ်လာအထိ - မလေးရှားရင်းဂစ် ၃၀ ရင်းဂစ်
(ဂ) အမေရိကန်ဒေါ်လာ ၂၀၀၀ ဒေါ်လာမှ ၃၀၀၀ ဒေါ်လာအထိ - မလေးရှားရင်းဂစ် ၆၀ 
      ရင်းဂစ်

အဲဒီလိုငွေလွဲဖို့ Maybank နဲ့ ကမ္ဘောဇဘဏ်တွေမှာ ငွေစာရင်း (Bank Account)ရှိရန် မလိုပါဘူးတဲ့။ နောက် ပြီး မြန်မာနိုင်ငံရှိ ဘဏ်ခွဲအားလုံးသို့ စိတ်ချလက်ချလွဲနိုင်တဲ့အပြင် လွယ်ကူလျင်မြန်စွာလည်းထုတ်ယူနိုင်ကြ မယ် ဆိုပါတယ်။  


ကသာခရိုင် ထီးချိုင့်မြို့ နယ်က အနှိပ်ခန်းများ

ထီးချိုင့်မြို့ နယ် မောင်းကုန်းကျေးရွာအုပ်စုမှာရှိကြတဲ့ စက်ရုံအလုပ်ရုံတွေအနီးမှာ အမျိုးသမီးအနှိပ်ခန်းတွေ ဖွင့်ကြပြီး မြန်မာပြည်အောက်ပိုင်းက အသက် ၂၀ ၀န်းကျင်အမျိုးသမီးကလေးများ အမြင်မတော်တဲ့အ၀တ် အစားများ ၀တ်စားလျက် သွားလာလုပ်ကိုင်နေကြတာကြောင့် ဒေသခံများအနေဖြင့် သူတို့ရဲ့ သားသမီးများနဲ့ လူငယ်လူရွယ်များအတွက် စိတ်ဓာတ်ရေးရာတွေပျက်ပြားလာမှာကို ရတက်မအေးနိုင်ကြပဲ စိုးရိမ်သောကကြီး စွာရောက်နေကြရပါတယ် ဆိုပါတယ်။

စက်ရုံက တရုတ်လူမျိုးတွေနဲ့ ငွေကြေးပြည့်စုံတဲ့ ကုန်သည်ပွဲစားတွေက အနှိပ်ခန်းကို အဓိက သွားကြတာဖြစ် တယ်။ 

......................................

နာရေးသတင်း 

အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဓမ္မာနန္ဒ

သိက္ခာတော် (၇၄)၀ါ၊ သက်တော် (၉၄)နှစ်

နိုင်ငံရပ်ခြား သာသနာပြုဆရာတော်ကြီး

ထိုင်းနိုင်ငံ လမ်းပန်းမြို့  ၀ပ်ထာ့မအိုးကျောင်းတိုက်၌ ပဓာနနာယကအဖြစ်ဖြင့် နှစ်ပေါင်း (၅၃)နှစ် သာသနာ ပြုတော်မူခဲ့သော သာသနဓဇသိရီပ၀ရမ္မာစရိယ၊အဂ္ဂမဟာပဏ္ဍိတ၊ထိုင်းနိုင်ငံ မဟာစူဋ္ဌာလင်္ကာရတက္ကသိုလ် ၏ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တံဆိပ်တော်ရ ရွှေကျင်နိကာယ ရတ္တညူမဟာနာယကဖစ်တော်မူသော ၀ပ် ထာ့မအိုးဆရာတော်ကြီး ဘဒ္ဒန္တ ဓမ္မာနန္ဒမထေရ်သည် (၁၃၇၄ ခုနှစ်၊ ပထမ၀ါဆိုလပြည့်ကျော် ၂ ရက်) ၅-၇- ၂၀၁၂ (ကြသပတေးနေ့) နံနက် ၅း၅၅ နာရီတွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားခဲ့ပါသည်။

 

ဝဏ္ဏကျော်ထင် ဦးသက်ထွန်း

အသက် (၈၆) နှစ်

အငြိမ်းစားသံအမတ်ကြီး၊ အမျိုးသားစာပေဆုရ၊ ဆရာဝန်တင်ရွှေ စာပေဆုရ၊ ထွန်းဖောင်ဒေးရှင်း တစ်သက် သာ စာပေဆုရ၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) - အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး (ငြိမ်း) – UNESCO (အာရှပစိဖိတ် ဌာနခွဲ)၊ မြန်မာ့သမိုင်းအဖွဲ့ဝင်(အချိန်ပိုင်း)၊ ထွန်းဖောင်ဒေးရှင်းဘဏ် ဒါရိုက်တာ အဖွဲ့ဝင်၊ သက်ကြီးကန်တော့ခံ စာပေပညာရှင်

ဝဏ္ဏကျော်ထင် ဦးသက်ထွန်းသည် ၄-၇-၂၀၁၂ ရက် (ဗုဒ္ဓဟူးနေ့) ည ၇း၅၀ နာရီတွင် အာရှတော်ဝင်ဆေးခန်း ၌ ကွယ်လွန်သွားခဲ့ပါသည်။ ၈-၇-၂၀၁၂ ရက် (တနင်္ဂနွေနေ့) ညနေ ၄ နာရီတွင် ထိန်ပင်သုသာန်သို့ ပို့ဆောင် မီးသင်္ဂြိုဟ်မည်ဖြစ်သည်။

Thursday, July 5, 2012

အကြောအဆစ်အထူးကုပညာရှင်ကြီး ဦးထွန်းအောင်ဇံ ကွယ်လွန်

ဇွန်လ ၂၅ ရက်(တနင်္လာနေ့) နံနက် ၉ နာရီလောက်မှာ ရန်ကုန်ကမိတ်ဆွေ ဦးတင်မြင့် ဖုန်းဆက်လာတော့ စာရေးသူ အလုပ်ကို ရောက်နေခဲ့ပါတယ်။

အိမ်မှာရှိနေတဲ့ဇနီးက ဦးတင်မြင့်ထံမှ စိတ်မကောင်းစရာသတင်းကို ကြားသိရလျင်ရချင်း စာရေးသူရဲ့ အ လုပ်ကို ဖုန်းဆက်ပြီး အကြောင်းကြားပေးခဲ့လို့ ၂၄ ရက်နေ့ည ၁၁နာရီက ဆရာကြီးဦးထွန်းအောင်ဇံ ကွယ် လွန်သွားတဲ့အကြောင်းကို မယုံကြည်နိုင်စရာ ကြားသိခဲ့ရပါတယ်။


အဆုတ်ကင်ဆာရောဂါဖြစ်နေမှန်း စမ်းသပ်သိရှိစဖြစ်လို့ အထူးကုဆရာဝန်ကြီးများနှင့် ဆေးကုသမှုစပြီးပေး ခါစပဲရှိသေးတာမို့ ဒီသတင်မျိုးက လုံးဝမျှော်လင့်မထားတဲ့ သတင်းပါ။ 

အဆုံးမတော့ ရောဂါကအမြင့်ဆုံးအဆင့်ကိုရောက်နေတာရယ် အသက်ကသိပ်ကြီးနေပြီး အားယုတ်နေတာ ရယ်တို့ကြောင့် ဆေးပြင်းတဲ့ဒဏ်ကို ခံနိုင်ဟန်မတူတော့ဘူးလို့ ယူဆရပါတယ်။

ဆရာ့အဖို့ အချိန်တန်ပြီပေါ့လေ။ 

ဆရာကြီးအား MRTV4 မှ လာရောက်တွေ့ဆုံမေးမြန်းခဲ့စဉ်က..။

မြန်မာနိုင်ငံအကြောအဆစ်ကုပညာရှင်များ၏ အာစရိယပူဇော်ပွဲတွင် ကန်တော့ခံခဲ့သောဆရာကြီး။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလက စာရေးသူ၏သင်တန်းပို့ချမှုကို တက်ရောက်အားပေးပြီး လက်ဆောင်ပစ္စည်းချီးမြှင့်ပေးခဲ့ပါတယ်။

ဆရာကြီးက အကြောအဆစ်အထူးကုပညာရပ် (Physiotherapy)ကို ကိုလန်ဘိုစီမံကိန်း(Colombo Plan) ပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံမှာ အစောဆုံး သွားရောက်သင်ကြားခဲ့ပြီး MCSP (Member of Char- tered Society of Physiotherapy)ဘွဲ့နဲ့ Dip. TP ဘွဲ့များကို မြန်မာလူမျိုးများအထဲမှ ပထမဦးစွာရရှိခဲ့သူတစ် ဦးဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် အင်္ဂလန်နိုင်ငံမှာတရားဝင်အလုပ်လုပ်လို့ရတဲ့ အကြောအဆစ်ကုပညာရှင်(State Registered Physiotherapist - SRP)လည်း ဖြစ်ခဲ့ပါတယ်။ 


ပညာတော်သင်ခရီးမှ မြန်မာပြည်သို့ပြန်ရောက်လာတဲ့အခါ ဆရာကြီးက ဆေးဘက်ပညာသိပ္ပံ (Institute of Para-Medical Sciences)ရှိ အကြောအဆစ်ကုသင်တန်းဋ္ဌာန (Department of Physiotherapy)မှာ ဆရာ လုပ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အင်္ဂလန်နိုင်ငံဟာ အကြောအဆစ်အထူးကုပညာရပ်မှာ အထူးထင်ရှားတဲ့ နိုင်ငံဖြစ်ပြီး ဆရာကြီးရခဲ့တဲ့ MCSP ဘွဲ့ကို တစ်ကမ္ဘာလုံးမှ သွားရောက်သင်ယူကြရတာဖြစ်တယ်။ ယခုအခါ မှာတော့ အကြောအဆစ်အထူးကုပညာရပ်ကို အမေရိကန်၊ ကနေဒါနဲ့ သြစတေးလျနိုင်ငံများကလည်း အင်္ဂ လန်နိုင်ငံနဲ့ တန်းတူရည်တူ သင်ကြားပေးလျက်ရှိကြပါတယ်။

ဒါကြောင့် ဆရာကြီးဦးထွန်းအောင်ဇံသည် မြန်မာကျောင်းသားကျောင်းသူများကို ကမ္ဘာ့အဆင့်မီ အကြောအ ဆစ်ကုပညာရပ်များ ထိုစဉ်ကတည်းက သင်ကြားပို့ချပေးနိုင်ခဲ့တာဖြစ်ပါတယ်။    

စာရေးသူတို့ တ တိယနှစ်ကိုရောက်တဲ့နှစ်မှာ ဆရာကြီးက ဆေးဘက်ပညာကျောင်းမှ ဆေးကုသရေးဖက် (ဆေးရုံ) ကို ပြောင်းသွားခဲ့ရပါတယ်။ အနောက်တိုင်းဝတ်စုံနဲ့ ခန့်ခန့်ငြားငြား ကြည့်ကောင်းလှတဲ့ ဆရာကြီးကို အဝေးကပဲ မြင်ဖူးလိုက်ပြီး တပည့်တော်ခွင့် မရလိုက်ပါ။ ဆရာကြီးရဲ့  သတင်းတွေကိုတော့ အဝေးမှကြားနေ ခဲ့ရပါတယ်။ ၁၉၈၁ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ အရိုးရောဂါအထူးကုဆေးရုံကြီး(ကြည့်မြင်တိုင်)မှာ ဆရာကြီးနဲ့ အတူတူအလုပ်လုပ်ခွင့် ရခဲ့ပါတယ်။ အဲဒီဆေးရုံမှာ ၉ နှစ်ခန့်အလုပ်လုပ်ပြီး စင်ကာပူနိုင်ငံကို ရောက်လာခဲ့ပေ မယ့် ဆရာကြီးနဲ့ အဆက်အသွယ်ရှိနေခဲ့ပါတယ်။

စာရေးသူ မြန်မာနိုင်ငံကို အလည်ပြန်ရောက်တိုင်း ဆရာကြီးမှ ကမကထပြုပြီး မျိုးဆက်သစ်အကြောအဆစ် ကုပညာရှင်လေးများအား သင်တန်းပေးခိုင်းလေ့ရှိပါတယ်။ သူကိုယ်တိုင်ကလည်း ကြိုးစားပြီးတက်ရောက် အားပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဇနီးဖြစ်သူရဲ့ ကြီးမေကြီး နေထိုင်မကောင်းဖြစ်လို့ အစီအ စဉ်မရှိပဲ မြန်မာနိုင်ငံကိုပြန်သွားရတာဖြစ်လို့ သင်တန်းမပေးတော့ဘူးလို့ ရည်ရွယ်ထားခဲ့ပေမယ့် ဆရာကြီးက မဖြစ်မနေတိုက်တွန်းတာကြောင့် ဆေးကုခန်းတစ်ခုမှာ လက်တွေ့သင်ကြားပို့ချခဲ့ရပါသေးတယ်။ 

အဲဒီအခေါက်က ဆရာကြီးကို နောက်ဆုံးအကြိမ်တွေ့တာဖြစ်လိမ့်မယ်လို့ လုံးဝမထင်မိခဲ့ပါဘူး။

ဆရာကြီးက မြန်မာအကြောအဆစ်ကုပညာရှင်များအဖွဲ့မှ အမှုဆောင်အချို့ နဲ့အတူ စာရေးသူအား နေ့လည် စာ အမြဲကျွေးလေ့ရှိပါတယ်။ နောက်ပြီး ညနေစာကိုလည်း စကားစမြည် အေးအေးလူလူပြောကြ ရယ်မော ကြရင်း ဘီယာလေးနဲ့ ဧည့်ခံလေ့ရှိပါတယ်။ အခုတစ်ခေါက်မှာ ကတိုက်ကရိုက်ဖြစ်လို့ ဆရာကြီး ဖိတ်ကျွေး တဲ့ နေ့လည်စာကို လိုက်စားခဲ့ပေမယ့် ညနေစာကိုတော့ အားနာစွာနဲ့ တောင်းပန်ပြီးငြင်းခဲ့ရပါတယ်။ 

ဆရာကြီး အခုလိုဖြစ်သွားတော့ ညနေစာစားကြရင်း ဆရာကြီးနဲ့အတူ စကားစမြည် မပြောဖြစ်ခဲ့မိတဲ့အတွက် စာရေးသူ နောင်တရလို့ မဆုံးဖြစ်ရပါတယ်။

ဒီတစ်ခါလေးပဲ ငြင်းခဲ့ဖူးတာဖြစ်ပေမယ့် နောက်တစ်ခါဆိုတာ မရှိနိုင်တော့တာမို့ပါ။   


   


ဆက်ပြီးရေးပါဦးမယ်။

Sunday, July 1, 2012

ဧည့်သည်များ

ယခုတစ်လနှစ်လအတွင်း အိမ်မှာ ဧည့် အတော်လေးကျခဲ့ပါတယ်။

မြန်မာပြည်က လာတဲ့ဧည့်သည်၊
မလေးရှားက လာတဲ့ဧည့်သည်၊
စင်ကာပူ တစ်နိုင်ငံထဲက လာကြတဲ့ဧည့်သည်၊
လူငယ်တွေက အများစု။ လူကြီးက အနည်းစု စသဖြင့် စုံလို့ပါပဲ။

ဧည့်သည်လာတော့ ထုံးစံအတိုင်း စကားတွေပြောဖြစ်ကြတယ်။ ဟိုကမိတ်ဆွေတွေနဲ့ ဒီကမိတ်ဆွေတွေ အကြောင်း သာကြောင်းမာကြောင်းတွေ မေးရမြန်းရတယ်။

ကန့်ဘလူသူ ကန့်ဘလူသားများ

ကန့်ဘလူသူ ကန့်ဘလူသားများနှင့် သူတို့ရဲ့ မိတ်ဆွေအချို့ ။

စာရေးသူတို့မြန်မာလူမျိုးတွေမှာ ဒေသစွဲ မြို့ အစွဲလေးတွေရှိကြပါတယ်။ ဒါကလည်း ကိုယ့်မြို့ ကိုယ့်ဒေသကို ချစ်ကြလို့ပါ။ ဂုဏ်ပြုဂုဏ်ပြိုင်တဲ့သဘောနဲ့မဟုတ်ပါဘူး။ ဥပမာ စာရေးသူတို့ တက္ကသိုလ်ရောက်ပြီး အဆောင် မှာနေကြတော့ ကိုယ့်အခန်းကတခါးချပ်မှာ ကိုယ့်မြို့ ရဲ့ အမည်ကို နာမည်ရဲ့ နောက်မှာ ရေးထားလေ့ရှိကြတယ် ။ မောင်လှ (ရွှေဘို)၊ မောင်မြ (မော်လ မြိုင်) စသဖြင့်ပေါ့။

ဒီလိုပါပဲ။ နိုင်ငံခြားကို ရောက်ကြတဲ့အခါမှလည်း ကိုယ့်မြို့ ကိုယ့်ဒေသစွဲလေးတွေ တွေ့ကြရတာပါပဲ။ နိုင်ငံခြား ကို မထွက်လာခင်ကတည်းက ဟိုမှာ ကိုယ့်မြို့ ကိုယ့်ရွာက ဘယ်သူတွေရှိနေကြ ရောက်နေကြလဲဆိုတာအရင် စုံစမ်းခဲ့ကြတာ။ ပေးလိုက်တဲ့စာတို့ လက်ဆောင်တို့ယူပြီးကို လာခဲ့ကြတာ။ 

နိုင်ငံခြားကို ရောက်လာပြန်တော့လည်း ဒီမှာ အရင်က ရောက်နှင့်နေတဲ့သူကနေတဆင့် ကိုယ့်မြို့ ကိုယ့်ရွာက အခြားရောက်နှင့်နေကြသူများနဲ့ ထပ်တွေ့ပြီး အသိမိတ်ဆွေသစ်များ တိုးရပြန်ပါကော။

စာရေးသူတို့ စင်ကာပူနိုင်ငံကို စ,ရောက်စကတော့ ကိုယ့်မြို့ ကိုယ့်ရွာကသူတွေ တွေ့ဖို့မပြောနဲ့ မြန်မာပြည်က လူကိုတောင် သိပ်ပြီးမတွေ့ရသေးဘူး။ အပြင်ကိုထွက်လို့များ မြန်မာတစ်ဦးဦးကို တွေ့ရရင် ပျော်လိုက်မိတာ မပြောပါနဲ့တော့။ ကြိုက်ကြိုက် မကြိုက်ကြိုက် ဇွတ်ကြီးကိုမိတ်ဆက်ပြီး အနည်းဆုံး စကားလေးတစ်ခွန်းနှစ် ခွန်းတော့ ပြောဖြစ်အောင်ကို ပြောလိုက်မိတာ။   

အခုတော့ ကိုယ့်မြို့ ကိုယ့်ရွာကသူတွေ အတော်လေးရောက်နေကြပါပြီ။ 

စာလာသင်ကြသူတွေ၊ 
အလုပ်လာလုပ်ကြသူတွေ၊ 
သားသမီးတွေ မြေးတွေဆီ အလည်လာကြတဲ့သူတွေ၊
မြေးတွေကို ထိန်းပေး ကျောင်းကြိုကျောင်းပို့လာလုပ်ပေးနေကြတဲ့သူတွေ၊
ဆေးလာကုကြတဲ့သူတွေ၊ 
အစိုးရအလုပ် ကုမ္မဏီအလုပ်နဲ့ ခဏတဖြုတ်လာကြတဲ့သူတွေ စုံလို့ စုံလို့။ 

ဒီအထဲမယ်တော့ စာလာသင်ကြသူလူငယ်တွေနဲ့ အလုပ်လာလုပ်နေကြတဲ့လူငယ်တွေက အများစုပါ။ တစ်ချို့  က ကိုယ့်မြို့ ကိုယ့်ရွာက ကိုယ့်သူငယ်ချင်း ကိုယ့်အသိတွေရဲ့  သားသမီးမောင်ဖွား ကန့်ဘလူသူကန့်ဘလူ သားလေးတွေ။ 


လူငယ်များနဲ့ ရယ်ရယ်မောမော။


မိမိတို့အသက်ကြီးသူများက ပြောပြရသလို သူတို့ဆီကလည်း ပြန်ပြီးနားထောင်ရသေးတယ်။


ကန့်ဘလူမြို့ ရဲ့  ပရဟိတလုပ်ငန်းတစ်ခုမှ မြွေဆိပ်ဖြေဆေးနဲ့ အသက်ကယ်နေခြင်းကို ကိုကြည်ရွှင်က ယခုလိုပြောပြခဲ့။


ဒါ့ကြောင့် အိမ်ကိုလာကြတဲ့အခါ ဘယ်သူဘယ်ဝါရဲ့  သားသမီတွေလဲဆိုတာ အရင်မေးမြန်းပြီးမှ သူတို့မိဖတွေ အဘိုးအဖွားတွေ ဦးကြီးဦးလေးတွေနဲ့ အဒေါ်တွေအကြောင်း မေးရမြန်းရတာ။

-     မောင်ရင့်အဖေကော နေကောင်းရဲ့ လား။ ဟိုတုန်းကလို အလေးမလေ့ကျင့်နေတုန်းပဲလားကွ။ ဦးတို့ ဆယ်တန်းအောင်တဲ့နှစ်က တက္ကသိုလ်မသွားခင် တူမောင်တို့အိမ်ကိုသွားပြီး မောင်ရင့်အဖေနဲ့အတူ အလေးမကစားခဲ့ကြတာ။ တနှစ်က ကန့်ဘလူကိုပြန်တော့ သူ့ကို ဦးကိုလေးရဲ့ လက်ဖက်ရည်ဆိုင် မှာ တွေ့ခဲ့ရသေးတယ်။ ဦးက မေးတယ်လို့ ပြောပါကွာ။
-    ဒါနဲ့ သမီးတို့ဦးလေးတစ်ယောက် ဘယ်မှာရောက်နေလဲ။ ဟိုတုန်းကတော့ …….မြို့ မှာလို့ ကြားခဲ့တာ ပဲ။ ကျောင်းဆရာလုပ်တုန်းပဲလား။ အခုလောက်ဆို ပင်စင်ယူပြီးပြီလို့ ထင်ရတာပဲ။

တခါ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြတယ်။ 


စင်ကာပူမှာ ခေတ္တရောက်နေတဲ့ ဦးသောင်းကြည်ကလည်း "သက်ကြီးစကား သက်ငယ်ကြား" ဆိုသလို ..။


"ဦးတို့ ငယ်ငယ်တုန်းက .." လို့အစချီပြီး ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်ပြောင်း ပြောကြရင်းက လူငယ် မျိုးဆက်သစ်တွေကို အတွေ့အကြုံတွေ လက်ဆင့်ကမ်းကြရတယ်။ မျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ်တို့အ ကြား တံတားထိုးဆက်စပ်ပြရသေးတာ။

မိမိက အသက်အရွယ်ကလေး အတော်အတန်ရလာတော့ မျိုးဆက်သစ်လူငယ်တွေအကြားမှာ ရှေးမီနောက် မီ ဖြစ်လာရကော။ 


လူငယ်တွေက သူတို့မကြားဖူးတာတွေ မသိခဲ့တာတွေ ကြားသိရတော့ စိတ်ဝင်တစားဖြစ်ကြ လို့။ မေခွန်းတွေ မေးကြလို့။ အချို့ လည်း တအံ့အသြဖြစ်ကြလား ဖြစ်ကြရဲ့ ။ ဟိုခေတ်ဟောင်း ကို ဒီမှာဘက်ခေတ်ကနေ ပြန်ကြည့်ရတော့ မယုံနိုင်စရာလေးတွေ ရှိလားရှိကြလေရဲ့ ။

ဥပမာ ဦးသောင်းကြည်တို့ခေတ်က ၈ တန်းနဲ့ ၉ တန်းကို တစ်တန်းတည်းထား သင်ကြားပေပြီး အစိုးရစစ်စာမေးပွဲကြီးဖြေတဲ့အခါ တစ်မေးခွန်းတည်း အတူတူဖြေကြရတာတဲ့။ အောင်စာရင်း ထွက်လာတော့ တစ်ချို့ က ၈ တန်းအောင်ပြီး နှစ်ယောက် သုံးယောက်လေက်ပဲ ၉ တန်း အောင်ပါသတဲ့။ ဒီကြားထဲ ၈ တန်းကျသူလည်း ရှိသေးတာ။ ဦးသောင်းကြည်တို့နောက် ကပ် လျက်က စာရေးသူတို့ခေတ်။ နှစ်လောက်ခြားမယ် ထင်တာပဲ။ စာရေးသူတို့ကျတော့ ၈ တန်း နဲ့ ၉ တန်းက တစ်တန်းစီ ရှိကြတာ။ ၈ တန်းက ကျောင်းစစ်။ ၉ တန်း (တန်းမြင့်ကျောင်းထွက် စာမေးပွဲ)က အစိုးရစစ်။ ၁၀ တန်း (တက္ကသိုလ်ဝင်တန်းလို့လည်း ခေါ်ကြတယ်)လည်း အစိုးရ စစ်။

စာရေးသူတို့ စတုတ္ထတန်းနဲ့ သတ္တမတန်းတွေတုန်းက အစိုးရစစ်စာမေးပွဲတွေ ဖြေခဲ့ကြရတယ်။ အဲဒီတုန်းက ၄ တန်းစကောလားရှစ်နဲ့ ၇ တန်းစကောလားရှစ်တွေရှိလို့ အဲဒီစာမေးပွဲဖြေကြတဲ့ အခါ မေးခွန်းတိုင်းရဲ့ အဆုံးမှာ ‘စကောလားရှစ်ဖြေဆိုသူများအတွက်သာ’ဆိုပြီး သီးသန့်မေး ခွန်းအပိုတွေပါသေးတယ်။ ၁၉၆၂ ခုနှစ်မှာ စစ်အစိုးရတက်လာပြီးမှ စကောလားရှစ်ဆုပေးတာ ပျောက်သွားခဲ့တယ်။ အဲဒီနောက်တော့ လူရည်ချွန်စနစ် ပေါ်လာပြန်ကော။     

စကားတွေပြောကြတော့ အစားက မပါလို့ မဖြစ်ပြန်ပေဘူး။ 

ဒါကြောင့် အိမ်ရှင်မက ဧည်သည်တွေအတွက် အုန်းနိုခေါက်ဆွဲချက်ထားတာ။ 


သူတို့အတွက် များများချက်ထားတာဖြစ်လို့ အများကြီးစားကြဖို့၊ ရောက်ရောက်ချင်းတစ်ခါ ပြန် ခါနီးတော့တစ်ခါ နှစ်ခါစားကြဖို့ပြောရတယ်။ အိမ်ရှင်မရဲ့ လက်ရာကို ကြိုက်ကြတာကြောင့် သူ တို့ကလည်း အားကျမခံ အားပေးကြပါတယ်။ ဒီတော့ ချက်ကျွေးရသူက ၀မ်းသာမိရတယ်ပေါ့။ 

အိမ်ရှင်မက ချက်ထားတယ်ဆိုပေမယ့် စားဖို့သောက်ဖို့ပြင်ကြတဲ့အခါ သမီးငယ်တွေက ၀ိုင်းကူ ကြတာ။ အသီးတွေလှီးသူလှီး၊ လက်ဖက်ရည်ပုဂံချပေးသူချပေး၊ မုန့်ပွဲပြင်တဲ့သူ ပြင်ကြနဲ့။ စား သောက်ပြီးတော့လည်း ဆေးကြောပေးခဲ့ကြတာ။ 

 

နောက်ဆုံးပြန်ခါနီးတော့ အားလုံးက ဦးသောင်းကြည်နဲ့ စာရေးသူတို့ ဇနီးမောင်နှံကို ကန်တော့ သွားခဲ့ကြတယ်။ 

အားလုံးအဖို့ ပျော်ရွှင်စရာကောင်းပြီး အလွန်ပီတိဖြစ်စရာကောင်းတဲ့ နေ့ကလေးတစ်နေ့လို့ ပြောရမှာပါ။