"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, August 31, 2019

အသက်အရွယ် အလုပ်နှင့်ကျန်းမာရေး (၂)





ယခုစာလေးကိုရေးဖြစ်သည်မှာ တစ်နေ့က ဆေးရုံကိုအလုပ်သွားရင်း ခံစားတွေးတောမိသည့်အကြောင်းတစ်ခုကြောင့်ဖြစ်ရသည်။

ဆေးရုံမှတ်တိုင်ကိုရောက်သောအခါ ဘတ်စ်ကားမှဆင်းလိုက်သည်။

မှတ်တိုင်၏အခြားတစ်ဖက်တွင်ရှိသောဆေးရုံသို့သွားရမည့် ကုန်းကျော်တံတားကိုကူးရန် ပလက်ဖောင်းကနေ ခေါက်ချိုးလှေကားနှစ်ဆင့်တက်ပြီး တံတားပေါ်ရောက်၏။

အမှန်က တံတားနှစ်ဖက်လုံးတွင် ဓာတ်လှေကားရှိသည်။
အသုံးပြုသူနည်းသဖြင့် လွယ်ကူအဆင်ပြေသည်။

သို့သော် မိမိအပါအ၀င် အများစုက လှေကားကိုအသုံးပြုတတ်ကြသည်။

တချို့ ကတော့ တံတားပေါ်ကမဆင်းမီမှာ အပေါ်ကိုအသင့်ရာက်နေသည့်ဓာတ်လှေကားကိုတွေ့က လှေကားဖြင့်မဆင်းကြပဲ ဓာတ်လှေကားဖြင့်ဆင်းသွားတတ်ကြသည်။

တံတားကနေအောက်ကိုဆင်းပြီးသောအခါ ခြေလှမ်း ၃၀-၄၀ ခန့်လျှောက်ရုံဖြင့် ဆေးရုံဝင်းအ၀င်ပေါက်ကို ရောက်တော့ပြီ။

အဲဒီကမှ ခပ်ပြေပြေမြင့်သောကုန်းဂမူလေးအတိုင်း ကိုက် ၁၀၀ ခန့်လျှောက်တက်လျက် ဆေးရုံအဆောက်အဦများဆီကို သွားရ၏။

လမ်းခရီးလေးကို ယခုလိုအသေးစိတ်ရေးပြနေရသည်မှာ မိမိ၏ခန္ဓာကိုယ်ကြံ့ ခိုင်မှုပြောင်းလဲတိုးတက်လာခြင်းအခြေအနေကို ပြောပြလို၍ဖြစ်သည်။

ယခုဆေးရုံသို့ မိမိအလုပ်စပြီးသွားခါစက လှေကားမတက်ချင်သဖြင့် ဓာတ်လှေကားကိုသာ အသုံးပြုခဲ့သည်။ 

လှေကားတက်မည်ဆိုက တက်နိုင်သော်လည်း အပင်ပန်းမခံချင်သောကြောင့်ဖြစ်သည်။ 
ယင်းသို့အပင်ပန်းမခံချင်သည်မှာလည်း အပင်ပန်းခံနိုင်စွမ်းနည်းနေခဲ့သောကြောင့်ဖြစ်ရလေသည်။

သို့နှင့် ၂ ပတ် ၃ ပတ်ခန့်ကြာသောအခါ ဓာတ်လှေကားမသုံးတော့ပဲ လှေကားဖြင့်တက်ကြည့်သည်။

ထိုအခါ လှေကားတစ်ဝက်လောက်မှာပင် ခြေထောက်များညောင်းချင်လာသည်ကို သတိပြုမိသည်။ လှေကားဆုံး တံတားပေါ်ကိုရောက်သောအခါ ခြေထောက်သိသိသာသာလေးညောင်းသည့်အပြင်အနည်းငယ်မောသလိုခံစားရသေး၏။ 

ဒီလိုဖြင့် တံတားပေးမှာ ဟန်မပျက်ဆက်လျောက်လာရင်း အညောင်းလည်းပြေ အမောလည်းပြေသွားကြပြန်၏။ 

တစ်ခါ ဆေးရုံအတွင်းက ကုန်းဂမူလေးကိုလျှောက်တက်ရသောအခါ ခြေလှမ်းတွေကနှေးလာသည်။ ကိုက် ၁၀၀ ခန့်ခရီးလေးကို အားအနည်းငယ်စိုက်ပြီး တက်ခဲ့ရသည်။

ဤသို့ဖြင့် နေ့စဉ်အလုပ်သွားနေရင်း ယင်းတွေ့ကြုံခံစားရမှုများကို တဖြည်းဖြည်းအမှုမဲ့အမှတ်မဲ့ဖြစ်လာခဲ့သည်။ သတိမပြုမိပဲရှိလာခဲ့သည်။

တစ်နေ့ကတော့ ဘာရယ်မဟုတ်။
ကိုယ့်ကိုယ်ကို အမှတ်မထင် သတိပြုလိုက်မိသည်။

အညောင်းအညာ အမောအပန်းမရှိ လှေကားတက်ရင်း
တမင်အင်အားမစိုက်ရပဲ ကုန်းဂမူလေးကို ခြေလှမ်းမှန်မှန်လျှောက်တက်ရင်း 
လူနာဆောင်တွေဆီကို သွက်သွက်လက်လက်ကူးကာသန်းကာလျှောက်သွားရင်း

မိမိခန္ဓာကိုယ်၏ကြံ့ ခိုင်မှုပြောင်းလဲသွားသည်ကို သိရှိခံစားမိပါသည်။

သို့ဖြစ်ရာ အမှတ် (၁) တွင် ရေးခဲ့သည့်အတိုင်း ..

အလုပ်လုပ်နေခြင်းဖြင့် ယခုအသက်အရွယ်မှာပင် ကျန်းမာရေးပိုပြီးကောင်းလာသည်ဟု မိမိကိုယ်ကိုမိမိ ကျေနပ်စွာခံစားမိပါတော့သည်။




Thursday, August 29, 2019

အသက်အရွယ် အလုပ်နှင့်ကျန်းမာရေး







နောင်လာမည့်ဆယ်စုနှစ်များအတွင်းတွင် လုပ်သားအင်အားအချိုးအစား (composition of the workforce) သိ သိသာသာပြောင်းလဲမှုများရှိလာတော့မည်ဟု ပညာရှင်အချို့ ကဆိုထားပါသည်။

ယခင်အခါက လုပ်ငန်းခွင်များတွင် အသက် ၂၀ ကျော်၊ ၃၀ ကျော်အရွယ်လုပ်သားများကိုသာ အများအားဖြင့်တွေ့ခဲ့ကြသည်။ အလုပ်ရှင်များကလည်း ယင်းအသက်အရွယ်ရှိသူများကိုသာ အစဉ်အလာအားဖြင့် ဦးစားပေးရွေးခဲ့လေ့ရှိသည်။

သို့ရာတွင် ယခုအခါ သက်ကြီးလုပ်သားများကို လုပ်ငန်းခွင်အသီးသီးတွင် အတွေ့များလာပေပြီ။

တိုးတက်သည့်နိုင်ငံများတွင် အသက်ကြီးသူများကို ခွဲခြားမှုမထားရှိပဲ တန်းတူရည်တူ အလုပ်ခန့်ထားရန်ဥပ ဒေပြုတိုက်တွန်းမှုများရှိနေသည်။

မိမိသည် ကံကောင်းထောက်မစွာပင် အသက် ၇၀ ကျော်ပြီဖြစ်သော်လည်း သင်ယူတတ်မြောက်ထားသည့်ပညာဖြင့် ကောင်းစွာအလုပ်လုပ်နိုင်ဆဲဖြစ်သည်။



ပင်လယ်လေအေးက ခပ်ပြင်းပြင်းတိုက်သဖြင့် 
ဆံပင်အလှမပျက်စေဖို့...


ပထမတွင် နေ့တစ်ဝက်အချိန်ပိုင်းသာလုပ်ခဲ့သည်။
မနက်ပိုင်းနေ့တစ်ဝက် ၄ နာရီကြာလုပ်ခဲ့သည်။

ထို့နောက် ဆေးရုံတွင် အချိန်ပိုင်းဝန်ထမ်း ၁ ဦးက အလုပ်ထွက်သွားပြီး အချိန်ပြည့်အမျိုးသမီးဝန်ထမ်းတစ်ဦးက ကလေးမီးဖွားခွင့်ယူသောအခါ မိမိအား တစ်နေ့လုံးလုပ်ရန်ပြောလာသောကြောင့် နာရီစားဖြင့်တစ်နေ့ လုံး အလုပ်လုပ်ဖြစ်သွားပြန်ပါသည်။

ပထမတော့ နေ့တစ်ဝက်လုပ်နေရာမှ တစ်နေ့လုံးလုပ်လျှင် အတော်လေးပင်ပန်းလေမည်လားဟု တွေးပူမိ ၏။

သို့ရာတွင် တကယ်တမ်းလုပ်သောအခါ အလုပ်လုပ်ချိန်ရှည်သွားသည်မှအပ ခန္ဓာကိုယ်ပင်ပန်းမှုတွင် ထူးထူးခြားခြားပြောင်းလဲမှုမရှိကြောင်းတွေ့ရသည်။

ဒါ့အပြင် လှုပ်ရှားသွားလာမှုများသဖြင့် ယခင်းကထက် ပိုပြီးသွက်လက်လာသည်။ 
အမောစေ့ပြီး ခံနိုင်ရည်ပိုရှိလာသည်။ 
ကိုယ်အလေးချိန်လည်း ဆက်မတိုးတော့။ 

၂၀၁၆ ခုနှစ်အကုန် အလုပ်ကအနားမယူမီက ကြံ့ ခိုင်မှုအခြေအနေသို့ပြန်ရောက်နိုင်မည်ဟု ယုံကြည်နေသည်။

မိမိကိုယ်ကိုမိမိ ကျန်းမာရေးပိုပြီးကောင်းလာသည်ဟုလည်း ကျေနပ်စွာခံစားမိသည်။









Saturday, August 24, 2019

လျှပ်တစ်ပြက် ဂျူအဲလေဆိပ်


  


မနေ့နေ့ခင်းက အစီအစဉ်မရှိပဲ စင်ကာပူနိုင်ငံရဲ့ လေဆိပ်အသစ်စက်စက်ဖြစ်တဲ့ ဂျူးအဲ(Jewel) ကို တမြန်နေ့က ခဏရောက်သွားခဲ့ပါတယ်။

တမြန်နေ့က မိမိအလုပ်လုပ်နေတဲ့ဌာနမှ ဌာနမှူးက နေ့ခင်းမှာ အပြင်သွားပြီးစားကြဖို့ ကြိုပြောထားခဲ့ပါတယ်။ 
ဒါကြောင့် အိမ်ရှင်မကို အဲဒီနေ့ နေ့လည်စာထည့်မပေးဖို့မှာထားခဲ့တယ်။

ဒါပေမယ့် ဆေးရုံအနီးအနားက ကုန်တိုက်တစ်ခုခုမှာသွားစားလိမ့်မယ်လို့ပဲ ထင်မိခဲ့ပါတယ်။ 
နောက်ပြီး တခြားလုပ်ဖော်ကိုင်ဖက်အချို့ လဲပါမယ်လို့မျှော်လင့်ထားခဲ့တာ။

တကယ်တော့ မိမိတို့နှစ်ဦးထဲပဲ သူ့ကားလေးနဲ့ထွက်လာဖြစ်တယ်။ 
အသွားကော အပြန်ပါ စကားလေးတပြောပြောနဲ့။
သူ့အကြောင်းပြောပြတာကများပါတယ်။ 

သူငယ်စဉ်ကထဲက ကားမောင်းတာဝါသနာပါခဲ့တဲ့အကြောင်း၊ Physiotherapy ကျောင်းဆင်းပြီးစမှာ ကားမောင်းသင်ခဲ့တဲ့အကြောင်း၊ သြစတေးလျနိုင်ငံမှာ Musculoskeletal (Manipulation) ဘွဲ့လွန်တက်နေစဉ်က သူငယ်ချင်းတေါစုပြီး ကားဝယ်စီးခဲ့ကြတဲ့အကြောင်း၊ ကားက သြစတေးလျဒေါ်လာ ၁၀၀၀ ပဲပေးရကြောင်း၊လက်ရှိမောင်းနေတဲ့ကားကို ၀ယ်ဖြစ်တဲ့အကြောင်းနဲ့ သူ့မိဖတွေနဲ့သူ့အကြောင်းပါ။

ဒါးလ် (Dahl) ဆိုတဲ့အိန္ဒိယအစားအစာပဲဟင်းကို မိမိကြိုက်တယ်ဆိုလို့ 'အသားနဲ့စားမလား၊ သက်သတ်လွတ်စားမလား' မေးပါတယ်။ မိမိက ဘာမဆိုစားကြောင်းပြောပါတယ်။ 
ဒါဆို လေဆိပ်မှာသွားစားကြရအောင်ဆိုပြီး မိမိတစ်ခါမှမရောက်ဖူးသေးတဲ့ ဂျူးအဲလေဆိပ်ကိုရောက်ခဲ့ရတော့တာ။

ကားကို လေဆိပ်အောက်ကကားထားတဲ့နေရာမှာထားပြီး အပေါ်ကစားသောက်ဆိုင်တွေဆီကို စက်လှေကားနဲ့တက်လာခဲ့ကြတယ်။ 






တစ်နေရာရောက်တော့ လာဗင်ဒါ (Lavender) အမည်ရှိ တရုတ်မုန့်မျိုးစုံရောင်းတဲ့ဆိုင်ကိုလက်ညှိုးထိုးပြပြီး 'ဟိုနေ့က မစ္စတာအေးတို့အိမ်ကိုယူလာတဲ့ တရုတ်လမုန့် (moon cake) က ဒီဆိုင်က၀ယ်ခဲ့တာ' လို့ပြောပါတယ်။ 

အဲဒီဆိုင်နဲ့မနီးမဝေးက သူနဲ့သူ့ဇနီးတို့ လာစားလေ့ရှိတဲ့အိန္ဒိယစားသောက်ဆိုင်မှာပဲ မိမိတို့စားခဲ့ကြတာဖြစ်တယ်။
ထမင်းရယ်၊ ဒါးလ် အပါအ၀င် ဟင်းခွက် ၇ ခွက်၊ ဒိန်ချဉ်နဲ့စမိုင် အချိုအချဉ်တဲစရာတွေလဲပါသေးတယ်။

မြန်မာပြည်က ကုလားဆိုင်တွေမှာ ငှက်ပျောရွက်ပေါ်ထည့်စားတဲ့ အစားအစာ (South Indian Meals) ပါ။ သက်သတ်လွတ်အစားအစာပေါ့။

မိမိနဲ့ဇနီးကတော့ ဆီရန်ဂွန်းအရပ်မှာရှိတဲ့ ကိုမားလားဆိုင်ကို သွားစားလေ့ရှိပါတယ်။







Monday, August 19, 2019

အသုံးဝင်လှစွာ အင်္ဂလိပ်စာ



မြန်မာအစိုးရထုတ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ The Global New Light of Myanmar သတင်းစာမှာ 'English : a lingua franca in the world' ဆိုတဲ့ဆောင်းပါးကို မနေ့ကဖတ်လိုက်ရပါတယ်။

ဆောင်းပါးရေးသူက 'အာရကန်စိန်' (Arakan Sein) ဖြစ်ပါတယ်။ သူရဲ့ အင်္ဂလိပ်လိုရေးတဲ့ဆောင်းပါးတွကို ဒီသတင်းစာမှာ ယခင်ကထဲက ဖတ်ဖူးခဲ့ပါတယ်။

တစ်ခါတရံ မြန်မာသတင်းစာမှာပါတဲ့ဆောင်းပါးနဲ့သတင်းအချို့ ကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုရေးသားတာလဲတွေ့မိရပါသေးတယ်။

အခုတစ်ခါမှာတော့ အင်္ဂလိပ်စာဟာ ကမ္ဘာသုံးဘာသာစကားဖြစ်ကြောင်းကိုရေးထားတာဖြစ်ပါတယ်။  

လင်ဂါဖရန့်က (lingua franca) ဆိုတာ မူလက မိခင်ဘာသာစကားချင်းမတူသူတွေအချင်းချင်း ဘုံဘာသာစကားအဖြစ်ပြောဆိုဆက်သွယ်နိုင်တဲ့စာ (common language) ကို ပြောတာပါ။

ဘုံဘာသာစကားကို ပြောဆိုဆက်ဆံရေးနဲ့ကူးသန်းရောင်းဝယ်ရေးများအတွက် အဓိကအားဖြင့်အသုံးပြုကြ တာဖြစ်တယ်။  



တကယ်က အင်္ဂလိပ်စာနဲ့စကားကို ကမ္ဘာ့နေရာအနှံ့မှာ တွေ့နေ ကြားနေရတာဖြစ်တယ်။

နိုင်ငံတကာမှာရှိကြတဲ့ မိခင်ဘာသာစကားမတူကြသူတွေကြားမှာ အင်္ဂလိပ်စာနဲ့စကားက တခြားတခြားသောဘာသာစကားတွေ (ဥပမာ ပြင်သစ်နဲ့စပိန်ဘာသာစကားများ) ထက် ထဲထဲဝင်ဝင်ကိုနေရာယူလွှမ်းမိုးထားတယ်ဆိုတာ ဘယ်သူမှငြင်းနိုင်မယ်မဟုတ်ပါဘူး။

ဘာ့ကြောင့်လဲဆိုတော့ ဒီကနေ့ကမ္ဘာပေါ်မှာ အင်္ဂလိပ်စာနဲ့စကားကို မိခင်ဘာသာစကား သို့မဟုတ် နိုင်ငံရဲ့  ပထမဘာသာစကား (first language)အဖြစ် အသုံးပြုနေကြသူပေါင်း သန်း ၄၀၀ ခန့်ရှိနေကြလို့ပါ။

ဒါ့အပြင် ၁ ဘီလီယန်(၁,၀၀၀,၀၀၀,၀၀၀) အရေအတွက်ရှိတဲ့လူများကလည်း အင်္ဂလိပ်စာနဲ့စကားကို ဒုတိ ယဘာသာစကား (secondary language) အဖြစ် အသုံးပြုလျက်ရှိနေကြသေးတယ်လို့သိရပါတယ်။

နောက်ပြီး အနည်းဆုံး နိုင်ငံ ၅၉ နိုင်ငံမှာ အင်္ဂလိပ်စာကို တရားဝင်ရုံးသုံးဘာသာအဖြစ်အသုံးပြုနေကြတာဖြစ်တယ်။

အခုလောက်များပြားတဲ့လူအရေအတွက်က အသုံးပြုနေတဲ့နောက်ဘာသာစကားဆိုတာကလဲ မရှိတော့ပါဘူး။

အင်္ဂလိပ်စာကို လူမျိုးပေါင်းများစွာကအသုံးပြုနေကြတာကြောင့် ဒီဘာသာစကားထဲကို အခြားလူမျိုးတွေရဲ့       ဝေါဟာရတွေ (ဥပမာ လက်တင်၊ ဂရိ၊ ပြင်သစ်၊ ဟင်ဒီ စသဖြင့်) မွေးစားရောက်ရှိလာတာနဲ့အမျှ ပိုမိုကြွယ်ဝ လာနေပါတယ်။

ဆောင်းပါးရှင် 'အာရကန်စိန်'က အင်္ဂလိပ်စာရဲ့ အသုံးဝင်မှုနဲ့အရေးပါမှုတွေကို အထက်ကအတိုင်းပြောပြပြီး မြန်မာကျောင်းသူကျောင်းသားများအနေနဲ့ အင်္ဂလိပ်စာမှာ အထူးသဖြင့် စကားပြောမှာ အားနည်းလျက်ရှိနေ ကြောင်းကိုထောက်ပြထားပါတယ်။  

ဒါနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် အဓိကတာဝန်ယူလုပ်ဆောင်ပေးရမှာဖြစ်ကြောင်းမှတ်ချက်ပြုထားတာတွေ့ရပါတယ်။





Sunday, August 18, 2019

လူနာများနှင့်ကျနော် (၁)



စာရေးသူသည် အကြောအဆစ်ကုပညာရှင် (Physiotherapist) တစ်ဦးအဖြစ် ကျောင်းပြီးသည့် ၁၉၇၀ ခုနှစ်ကစပြီး မြန်မာပြည်မှအထွေထွေရောဂါကုဆေးရုံကြီးများနှင့်အထူးကုဆေးရုံကြီးများတွင် အကြောအဆစ် ဝေဒနာရှင်လူနာများစွာတို့ကို စမ်းသပ်ကုသပေးခဲ့ရသည်။

တစ်ဖက်ကလည်း စာရေးဝါသနာပါသဖြင့် အကြောအဆစ်ရောဂါဝေဒနာများနှင့်လူနာများအကြောင်းကို သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ဆောင်းပါများရေးသားခဲ့သည်။ 

ဆေးပညာပေးစာအုပ် ၅ အုပ်ကို ရေးသားထုတ်ဝေခဲ့ပြီးလည်းဖြစ်သည်။

ယခုတစ်ခါ စာရေးသူကုသပေးခဲ့ရသည့်လူနာတစ်ဦးစီအကြောင်းကို စာပေပုံစံတစ်မျိုးဖြင့်ရေးသားရန်ဆန္ဒရှိမိပါသည်။

ယခင်ကရေးခဲ့သောဆောင်းပါးများသည် သမား သို့မဟုတ် ကုသပေးသူ၏အမြင်နှင့်ရှုဒေါင့်သက်သက်မှဖြစ်ပြီး လူနာ၏ခံစားချက်၊ တွေးမြင်မှု၊ လိုအပ်ချက်နှင့် ပါဝင်ပတ်သက်မှု နည်းလေသည်။

တစ်နည်းဆိုရသော် လူနာများ၏ဘက်မှခံစားရေးသားရန်ဖြစ်သည်။

ပြီတော့ နှစ်ဘက်မြင်သဘော။

ဖတ်ရှုကြည့်ကြစေလိုပါသည်။ 


 ကျောရိုးခါးရိုးဆစ်ခိုင်ခြင်း
၁။ ကျောရိုးတန်း
၂။ အလယ်မှာ အရွတ်ခံပါသော ပုံမှန်ကျောရိုးဆစ်
၃။ အရွတ်ခံသေးကြုံ့ သွားပြီး ကျောရိုးဆစ် ၂ ဆစ် ဆက်သွားသည့်ပုံ


စင်ကာပူနိုင်ငံတွင်အလုပ်လုပ်နေသော တူတော်မောင်တစ်ဦး သောကြာနေ့က ဖုန်းဆက်ခဲ့သည်။

သူ့အလုပ်ထဲမှမိတ်ဆွေ ခါးနာနေသဖြင့် စာရေးသူထံပြသလိုသောကြောင့်ဖြစ်သည်။

စာရေးသူက အချိန်ပေးသဖြင့် စနေနေ့နေ့ခင်းတွင် သူတို့နှစ်ဦး အိမ်ကိုရောက်လာခဲ့ကြ၏။

ခါးနာသည်ဟုပြောထားသဖြင့်မေးကြည့်သောအခါ ရိုးရိုးခါးနာခြင်းမျိုးမဟုတ်ဘဲ ခါးရိုးဆစ်ရောင်ရောဂါဖြစ်နေကြောင်းသိရသည်။
လူနာမှာ အသက် ၃၇ နှစ်ခန့်ရှိပြီး သူ၏ရောဂါအမည်ကို အေအက်စ် (AS) ဟုပြောသည်။

AS ဆိုသည်မှာ ကျောရိုးခါးရိုးအဆစ်များ ၀ါးဆစ်ကဲ့သို့ ဆက်ခိုင်သွားသည့်ရာဂါ (Ankylosing spondylitis) ကို စာရေးသူတို့ဆေးလောကသားများက အတိုကောက်ခေါ်ဝေါ်လေ့ရှိသောအမည်ဖြစ်သည်။

လူနာအနေဖြင့် ဤရောဂါဝေဒနာကို လွန်ခဲ့သော ၃ နှစ်ခန့်ကစပြီးခံစားခဲ့ရကြောင်းသိရသည်။ 

စင်ကာပူနိုင်ငံ အထွေထွေရောဂါကုဆေးရုံကြီး (Singapore General Hospital - SGH) ရှိ အထူးကုဆရာ ၀န်ကြီးနှင့်ပြသခဲ့သဖြင့် ရောဂါအမျိုးအစားကို သိရှိခဲ့ရသည်ဆို၏။ 

နာကျင်မှုဝေဒနာအတွက် ဆေးများကို စဖြစ်ချိန်မှ ယနေ့တိုင်သောက်နေရဆဲဖြစ်သည်။

ထိုနောက် ယင်းဆေးရုံမှ အကြောအဆစ်ကုပညာရှင် (Physiotherapist) ဖြင့် ဆက်လက်ပြီးလှုပ်ရှားလေ့ကျင့်ကုသမှုများ (Therapeutic exercises) ခံယူခဲ့သည်။ 

ထိုကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများကို ယနေ့တိုင် လုပ်ဆောင်လျက်ရှိသည်။ 



 ဆက်ပြီးရေးပါဦးမည်။





Saturday, August 17, 2019

ကမ ၻာ့အေၾကာအဆစ္ကုပညာရပ္ညီလာခံ ဂ်နီဗာခရီး (WCPT Congress 2019) - ၁၂


World Confederation for Physical Therapy  Congress 2019 - An unforgettable trip to Geneva (12)





ညီလာခံခရီးစဉ်အကြောင်းကို  ဇွန်လဆန်းမှာ အမှတ် ၁၁ အထိရေးထားပြီးနောက် ဆက်မရေးဖြစ်ခဲ့ပေ။

ကျွန်းသာယာစာဖတ်ပရိသတ်များ အပြောင်းအလဲရှိစေရန် အခြားသောအကြောင်းအရာများကို ပြောင်းလဲရေးသားခဲ့သည်။

သို့ဖြင့် တစ်လကျော်ကြာသွားခဲ့သည်။

ယခု ညီလာခံအတွေ့အကြုံများကို ဆက်လက်မျှဝေသွားပါမည်။




မိမိတို့သွားရောက်ခဲ့သောညီလာခံပြီးစီးသွားသော်လည်း ညီလာခံနှင့်သက်ဆိုင်သည့်သတင်းအချက်အလက်များကို ကမ္ဘာ့အကြောအဆစ်ကုပညာရပ်ဆိုင်ရာအသင်းကြီး (World Confederation for Physical Therapy - WCPT) က မိမိတို့ကိုယ်စားလှယ်အားလုံးထံသို့ WCPT E-Update ဆိုပြီး အီးမေးဖြင့် ဆက်လက် ပေးပို့နေပါသေးသည်။

ယင်းသို့ပေးပို့သည့်သတင်းအချက်အလက်များထဲမှတစ်ခုမှာ Facts and figures ဖြစ်သည်။

ပြီးခဲ့သောညီလာခံနှင့်ပတ်သက်ပြီး 'သင်သိပါရဲ့ လား' ဆိုပြီး သိသင့်သိထိုက်သည်များကို သတင်းပေးလျက်ရှိသည်။

ဥပမာ၊

  • ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်စုစုပေါင်း ၄,၅၀၀ ရှိသည်။
  • ကမ္ဘာ့နိုင်ငံပေါင်း ၁၂၈ နိုင်ငံမှ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
  • ကိုယ်စားလှယ်စုစုပေါင်း၏ ၆၄ ရာခိုင်နှုန်းသောအရေအတွက်သည် ဤညီလာခံကြီးကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ဖူးကြခြင်းဖြစ်သည်။ 




သို့နှင့် ညီလာခံနောက်ဆုံးနေ့ (၁၃ ရက် မေလ) နေ့ခင်းပိုင်းက မိမိဓာတ်ပုံရိုက်ယူခဲ့သော Thank You! ဆိုင်းဘုတ်ကို ပြန်ပြီးကြည့်မိပါသည်။

ညီလာခံခန်းမတစ်နေရာ ကြမ်းပေါ်တွင်လှလှပပထောင်ထားသော ရင်ခေါင်းအမြင့်ခန့်ရှိဆိုင်းဘုတ်လေးတွင် ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်အရေအတွက်စုစုပေါင်းကို  ၄,၃၀၀ ဟုသာဖော်ပြထားခဲ့သည်။

ထိုစဉ်က ညီလာခံလုံးဝမပြီးဆုံးသေးသဖြင့် အသေးစိတ်စာရင်းအတိအကျ မရရှိနိုင်သောကြောင့်ဖြစ်တန်ရာသည်။


























Monday, August 12, 2019

ကျွန်းသာယာ သတင်းစဉ် (၁)



ပြီးခဲ့သောဇွန်လက ကျွန်းသာယာဘလော့တွင် သတင်းစဉ်လေးတစ်ခုတင်ပေးရန်ဆန္ဒရှိကြောင်းပြောခဲ့ပါသည်။

ယခု အမှတ် (၁) သတင်းစဉ်ကို စမ်းသပ်တင်ပေးလိုက်ပါသည်။



























သတင်းစဉ် (၁)



ပြည်တွင်းသတင်း

သဲဖြူကုန်းရွာတောင်ပြိုကျ (၅၃) ဦးသေဆုံး 

သြဂုတ်လ ၁၁ ရက်နေ့ ည ၇ နာရီ နောက်ဆုံးသတင်းများအရ မွန်ပြည်နယ် ပေါင်မြို့ နယ် သဲဖြူကုန်းရွာတွင်
တောင်ပြိုကျသဖြင့် ၅၃ ဦးသေဆုံးပြီး ၄၇ ဦးအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။


ကျွန်းစုမြို့ နယ် ပန်းဇင်ကျေးရွာတောင်ပြို အသေအပျောက်မရှိ

သြဂုတ်လ ၁၀ ရက်နေ့မွန်းတည့် ၁၂ နာရီခန့်က တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့ နယ် ပန်းဇင်ကျေးရွာ၌ လေ
ပြင်းတိုက် မိုးသည်းထန်ပြီး တောင်မြေပြိုလျက်မြေပိသဖြင့် နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ တောင်ခြေအနီးနေထိုင်သူမိသားစုများကို ဘေးကင်းရာသို့ပြောင်းရွှေ့ ပေးခဲ့သည်။  


ရေးမြို့ ရှိ ရေဘေးသင့်ပြည်သူများအား ဒုတိယသမ္မတက တွေ့ဆုံအားပေး  

သြဂုတ်လ ၁၁ ရက်နေ့က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူင့်အဖွဲ့သည် ရေးမြို့  မန္တလေးမဟာစည်ရိပ်သာရှိ ယာ ယီကယ်ဆယ်ရေးစခန်းသို့သွားရောက်လျက် လူတစ်ဦးလျှင် တစ်ပတ်စာဆန်ရိက္ခာ၊ ခေါက်ဆွဲထုတ်နှင့်ငါးသေတ္တာ ဘူးများထောက်ပံ့ပေးကာ အားပေးစကားများပြောကြားခဲ့သည်။


ကျောက်မဲမြို့  စိန်ကျောက်တောင်ဘုန်းတော်ကြီးကျောင်း မီးလောင်

သြဂုတ်လ ၁၁ ရက် နံနက် ၈ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ရှိ စိန်ကျောက်တောင်ဘုန်းတော်ကြီးကျောင်းတိုက်တွင် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပြီး နံနက် ၈ နာရီ မိနစ် ၂၀ တွင် ပတ်ဝန်းကျင်သို့ကူးစက်ခြင်းမရှိငြိမ်းသွားခဲ့သည်။
                  

သက်ကြီးရွယ်အို ကျန်းမာရေးကုသစောင့်ရှောက်ရှောက်မှုဆေးပညာသင်တန်း

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးပညာဌာန၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး သက်ကြီးရွယ်အိုဆေးကုဌာနနှင့် ထိုင်းနိုင်ငံ Institute of Geriatric Medicine ဆေးပညာဌာနတို့ ပူးပေါင်းလျက် သက်ကြီးရွယ်အိုကျန်းမာရေးကုသစောင့်ရှောက်မှုဆိုင်ရာဆေးပညာသင်တန်းဖွင့်ပွဲကို သြဂုတ်လရက်နေ့ ကမဟာအောင်မြေမြို့ နယ် Gold Leaf Hotel တွင် ကျင်းပရာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဆေးရုံကြီးများမှ အ ထူးကုဆရာဝန် ၃၃ ဦးတို့ တက်ရောက်ကြသည်။


မြန်မာနိုင်ငံ၏ကိုယ်ပိုင်ဂြိုဟ်တု Myanmar Sat-2 အောင်မြင်စွာလွှတ်တင်

မြန်မာနိုင်ငံ၏ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တု Myanmar Sat-2 ကို သြဂုတ်လ ၆ ရက်နေ့ အမေရိကန်ဒေသစံတော်ချိန် ၄ နာရီ ၁၇ မိနစ် (မြန်မာစံတော်ချိန် နံနက် ၂ နာရီ) တွင် တောင်အမေရိက တိုက် ပြင်သစ်ဂီယာနာရှိ အာရိယန် အာကာသဒုံးပစ်လွှတ်အခြေစိုက်စခန်းမှ အောင်မြင်စွာလွှတ် တင်နိုင်ခဲ့သည်။ ဂြိုဟ်တုလွှတ်တင်ရေးအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းခန့်ဖြစ်ပြီး အစိုးရကလုပ်ဆောင်နေသော ကျန်းမာရေး၊ ပညာရေးနှင့်ဘဏ်ဝန် ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာခြင်း၊ သဘာဝဘေးဒုက္ခအရေးပေါ်အခြေအနေတို့၏ဓာတ် ပုံ ဗွီဒီယိုများကို အလွယ်တကူရယူနိုင်ခြင်း၊ သတင်းအချက်အလက်နှင့်ဖျော်ဖြေရေးအစီအစဉ်များ ကို နိုင်ငံတ၀န်းဖြန့်ချီနိုင်မည်ဖြစ်သည်။


အားကစား

ဂရိနိုင်ငံ International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် သက်ထားသူဇာ ဒုတိယရရှိ

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကကြီးမှူးကျင်းပခဲ့သော International Series(Hellas Open 2019) ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မလေးရှား မှ ကီဆိုနာကို ဗိုလ်လုပွဲတွင် ရှုံးနိမ့်ပြီး ဒုတိယဆုရရှိခဲ့သည်။


နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ပြည်ပနိုင်ငံရှိမြန်မာသံရုံးများတွင် လျှောက်နိုင်ပြီ

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (Permanent Residency) စနစ်ကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်မှစတင်ခဲ့ပြီး ကျွမ်းကျင်ပညာရှင် (Experts)၊ ရင်းနှီးမြှုပ်နှံသူ (Investors)၊ မြန်မာနိုင်ငံသားဟောင်း (Former Myanmar Nationals) နှင့် မြန်မာနိုင်ငံသားများနှင့်သွေးတော် စပ်သူနိုင်ငံခြားသား (Foreigners who were related to nationals) များ၏လျှောက်လွှာများကို လက်ခံဆောင်ရွက်ခဲ့သည်။ 

ယင်းစနစ်စတင်ဆောင်ရွက်ချိန်မှ ၂၀၁၉  ခုနှစ် သြဂုတ်လ ၈ ရက်အထိ လျှောက်ထားသူပေါင်း ၆၁၁ ဦးရှိပြီး နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ကို ၅၆၈ ဦးအား ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ယခုအခါ အမြဲနေထိုင်ခွင့်ကနဦးလျှောက်ထားခြင်းကို မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများတွင်လည်း လျှောက်ထားနိုင်ကြပြီဖြစ်သည်။












Sunday, August 11, 2019

ကျနော်နှင့်လှည်းတန်းဈေး (၃)



လှည်းတန်းဈေးလို့ ခေါင်းစဉ်တတ်ထားပေမယ့် အဲဒီဈေးအကြောင်းသက်သက်ကိုပြောချင်တာတော့ မဟုတ်ပါဘူး။

ကျနော်ရဲ့ ကျောင်းသားဘ၀၊ အလုပ်ဝင်စနှစ်များနဲ့ အိမ်ထောင်သည်ကာလတွေမှာ နှစ်များစွာ အချိန်များစွာသွားလာကျင်လည်ခဲ့ရတဲ့လှည်းတန်းဈေးဝန်းကျင်လေးကို ပြောချင်တာရယ်ပါ။

တနည်းပြောရရင် ဒီပတ်ဝန်းကျင်လေးကို သဘောကျတာ။
သိပ်ချစ်မိတာ။

သွားရလာရအဆင်ပြေလို့။
မြို့ ထဲကို သွားမလား၊ အင်းစိန်နဲ့မရမ်းကုန်းကို သွားမလား၊
ကြည့်မြင်တိုင်နဲ့စမ်းချောင်းဘက်ကို သွားမလား၊
မြေနီကုန်း သွားမလား၊
ကုက္ကိုင်းကနေ ရန်ကင်းဘက်သွားမလား၊

စားရသောက်ရတာလဲ အဆင်ကိုပြေလို့။

အလုပ်ဝင်စက ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ နောက်ပိုင်းသမိုင်းကျိုက်ဝိုင်းဘုရားလမ်းမှာရှိတဲ့ မသန်မစွမ်းလူနာများဆေးရုံ (Hospital for the Disabled) မှာ အလုပ်လုပ်နေစဉ်က လှည်းတန်းကထမင်းဆိုင်တွေမှာ လပေးနဲ့စားခဲ့တာ။

မော်လမြိုင်ကိုပြောင်းရွေ့ တာဝန်ထမ်းဆောင်ရမှာမို့လားမသိ။
အ၀ိုင်းကြီးနားက ရွှေမြိုင်ထမင်းဆိုင်မှာ ညနေစာကို နှစ်အကြာကြီးစားခဲ့တာ။

ညနေမှာ အလုပ်ကပြန်ရောက်တာနဲ့ ရေအမြန်ချိုးပြီး ရွှေမြိုင်ထမင်းဆိုင်ကိုပြေးရတာ။
ဒီဆိုင်က အမဲနှပ်ဟင်းကိုအကြိုက်ဆုံးဖြစ်လို့ မမုန်းနိုင်အောင်ကိုပဲစားခဲ့တယ်။
စားနေရင်း ဟင်းအနှစ်ကုန်သွားခဲ့ရင် ထပ်တောင်းလို့လဲရသေးတယ်။

တစ်ခါတရံမှာ ရွှေမြိုင်ထမင်းဆိုင်ဘေးက ဒေါ်ဝင်းရဲ့ '၀င်းအအေးဆိုင်'မှာ နို့ငှက်ပျောသီးရည် (banana milkshake) သောက်ဖြစ်တယ်။ အဲဒီအချိန်က ဆိုင်ရှင်ဒေါ်ဝင်းနဲ့မသိပေမယ့် မော်လမြိုင်ပြည်နယ်ဆေးရုံကြီးကနေ ကြည့်မြင်တိုင်အရိုးအထူးကုဆေးရုံကြီးကိုပြောင်းလာပြီးနောက်ပိုင်း အသိဖြစ်ခဲ့ပါတယ်။

ဝင်းအအေးဆိုင်နားက 'ရှမ်းတောင်တန်း'လက်ဘက်ခြောက်ဆိုင်ကလဲ အားပေးနေကျဆိုင်ပါပဲ။
ရှမ်းပြည်ကထွက်တဲ့လက်ဘက်အချိုနဲ့အကြမ်းခြောက်တွေကို ၁ ပေခွဲလောက်အမြင့်ရှိတဲ့မှန်ပုံးလေးတွေနဲ့စီထည့်ပြီးရောင်းတာ။ ကိုယ်ကြိုက်တဲ့ဟာကို ဘယ်လောက်သားဆိုပြီးဝယ်ရုံပါပဲ။

လက်ဘက်ရည်ကြိုက်တဲ့ကျနော့်မိသားစုကတော့ အချိုခြောက်ဝယ်လေ့ရှိပါတယ်။




အဲဒီအချိန်တုန်းက လှည်းတန်းဈေးတ၀ိုက်မှာ စာအုပ်ဆိုင် ၃ ဆိုင်ရှိပါတယ်။

မြင့်စာပေက စာအုပ်နဲ့စာရေးကရိယာများ (Stationery) ပဲရောင်းပါတယ်။
ကျနော်မှတ်မိသလောက်တော့ သုတ ရသစာအုပ်တွေမရောင်းပါဘူး။

သုတ ရသစာအုပ်မျိုးစုံကိုတော့ သိန်းစာပေနဲ့ (အခု နာမည်မေ့နေတဲ့) ဈေးနဲ့မျက်နှာချင်းဆိုင်ကစာအုပ်ဆိုင် ၂ ဆိုင်မှာပဲရနိုင်တာဖြစ်တယ်။

လက်ဘက်ရည်ဆိုင်က ၄ ဆိုင်အနည်းဆုံးရှိမယ်ထင်ပါတယ်။

၎ ဆိုင်စလုံးမှာ သောက်ဖူးပါတယ်။ 

စေတနာရှင်လက်ဘက်ရည်ဆိုင်ကိုတော့ တက္ကသိုလ်တက်နေကထဲကစပြီး မော်လမြိုင်ကို ပြောင်းမသွားမီအထိ သောက်ခဲ့ဖြစ်တာ။ 
မိတ်ဆွေတွေနဲ့ချိန်းပြီးသောက်လို့ကောင်းပါတယ်။ ကျယ်ကျယ်ဝင်းဝင်းရှိတယ်။ မုန့်မျိုးစုံရတယ်။

တစ်ယောက်ထဲအေးအေးဆေးဆေးထိုင်သောက်ချင်တယ်ဆိုရင်တော့ လှည်းတန်းဈေးနဲ့ စေတနာရှင်လက်ဘက်ရည်ဆိုင်ကြားက လက်ဘက်ရည်ဆိုင်မှာသောက်တတ်ပါတယ်။ လူ သိပ်ပြီးမများလှဘူး။ နားမငြီးဘူး။ ကျယ်ကျယ်လောင်လောင် သီချင်းသံတွေမကြားရဘူး။ မိသားစုဝင်တွေပဲ လုပ်ကိုင်ကြတဲ့ဆိုင်ပါ။

ညလုံးပေါက်ဖွင့်တဲ့နောက်တစ်ဆိုင်ကိုတော့ လူပျိုတုန်းက ညဥ့်နက်သန်းခေါင်အချိန်မှာမှ တစ်ခါတ လေ သွားသောက်တတ်တာ။ 

လှည်းတန်းဈေးမှတ်တိုင်က ကျနော် အိမ်ထောင်မကျခင်ကရော အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ရော အလုပ်ဖွင့်ရက်တိုင်း ဘတ်စ်ကားအတက်အဆင်းလုပ်ရတဲ့နေရာဖြစ်ခဲ့ပါတယ်။

အလုပ်စောင့်နေစဉ်နဲ့ အလုပ်စလုပ်တဲ့နှစ်တွေမှာ တက္ကသိုလ်ရိပ်သာလမ်းက နိုင်ငံခြားဘာသာသင် သိပ္ပံကျောင်း(Institute of Foreign Languages) တက်နေလို့ ဒီမှတ်တိုင်ကနေ ၄ နှစ်လုံးအတက် အဆင်းလုပ်ခဲ့ရတာ။ 

ကြည့်မြင်တိုင်အရိုးရောဂါအထူးကုဆေးရုံကြီးမှာအလုပ်လုပ်ပြန်တော့လဲ ဒီလှည်းတန်းမှတ်တိုင်ကနေပဲသွား ခဲ့လာခဲ့ရတာ။



















Thursday, August 8, 2019

ဖေ့စ်ဘွတ်မှာ ပျော်ပါတယ်



 


လူဆိုတာ ကိုယ်လုပ်ချင်တာကိုလုပ်နေရရင် ကျေနပ်တတ်ကြတာပါ။

ကိုယ့်ကိုယ်ကို သတိထားမိတာလေးတွေပြောကြည့်ချင်မိတယ်။

ဥပမာ ဖေ့စ်ဘွတ်သုံးတာမျိုး။

လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်အထိ ဖေ့စ်ဘွတ်မှာ မိမိရဲ့ အတွေ့အကြုံလေးတွေနဲ့ခံစားမိတွေးတောမိတာ လးတွေကို ရေးတင်ခဲ့ပါတယ်။

ဖေ့စ်ဘွတ်ကြောင့် မိတ်ဆွေအသစ်တွေရခဲ့သလို အဆက်အသွယ်ပြတ်နေတဲ့သူငယ်ချင်းနဲ့မိတ်ဆွေဟောင်းအချို့ ကိုလဲ ပြန်ပြီးအဆက်အသွယ်ရခဲ့ပါတယ်။ ဒါကြောင့်ကျေနပ်မိပါတယ်။





ဒီနောက်မှာ ဖေ့စ်ဘွတ်မှာ ဘာမှရေးမတင်ဖြစ်တော့ပါဘူး။

ဒါပေမယ့်  ဖေ့စ်ဘွတ်ကို ဆက်ပြီးသုံးနေဖြစ်ပါတယ်။

အကြောင်းကိစ္စရှိတဲ့အခါ chat box ကို ခဏတဖြုတ်လေးသုံးဖြစ်တာမျိုးရှိပါတယ်။
ကြာကြာတော့သုံးလေ့မရှိသလို ခဏခဏလဲသုံးလေ့မရှိပါဘူး။

တစ်ခါတလေမှာ ကော်မန့်ပေးပါတယ်။

အကြာကြီးသုံးဖြစ်တာဆိုလို့ အများအားဖြင့်က ..

ဆရာတော်များဟောပြောသည့်တရားများ၊
ကျန်းမာရေးပညာပေးအစီအစဉ်များ၊
အမျိုးသားရေးနဲ့နိုင်ငံရေးဆွေးနွေးဝိုင်းများ၊
အစိုးရသတင်းထုတ်ပြန်ချက်များ၊
ခေတ်ဟောင်းတေးသီချင်းများ
အငြိမ့် မြန်မာ့ဆိုင်းဝိုင်း အစရှိတာတွေကို နားထောင်ဖြစ် ကြည့်ဖြစ်နေပါတယ်။

နောက်တစ်မျိုးက မြန်မာ့လက်ဝှေ့၊ အင်္ဂလိပ်လက်ဝှေ့ (boxing)၊ ယိုးဒယားလက်ဝှေ့ (Muay Thai)၊ ကစ်ဘောက်ဆင် (Kickboxing)၊ အမ်အမ်အေ (Mixed Martial Arts) တွေကို အားပါးတရကြည့်နေတာဖြစ်တယ်။


  


အဲဒါကြောင့် ဖေ့စ်ဘွတ်မှာပျော်ခဲ့ဖူးတယ် အခုလဲပျော်မိပါတယ်လို့။






Wednesday, August 7, 2019

ကလေးနှင့်အတုမြင်အတတ်သင်ခြင်း


မြေးကလေးနှစ်ယောက်ရှိနေသော်လည်း မိမိတို့နှင့်အတူမနေကြပေ။

တစ်ခါတရံမှသာ မိမိတို့အိမ်ကို သူတို့လာကြတတ်သည်။
တစ်ခါတရံတွင် သူတို့နှင့်အပြင်သွားကြလေ့ရှိသည်။

သို့ဖြစ်ရာ သူတို့ကို အဖိုးအဖွားတို့က ထိန်းကျောင်းပေးရင်း ကလေးတို့၏ဖွံ့ဖြိုးမှုနှင့်အမူအကျင့်လေးများကို  မကြာခဏ၈ရုပြုမိသည်။

တစ်နေ့က အိမ်မှာအလည်ရောက်လာကြသည်။

ဧည့်ခန်းတွင် အမေဖြစ်သူက သမီးအကြီးကို မြန်မာစာသင်ပေးနေသည်။ အမေကစာခေါ်ပေးပြီး သမီးက စာလုံးပေါင်းလိုက်ရေးရ၏။

စာလုံးပေါင်းလိုက်ရေးရင်း အသံထွက်ပါရွတ်ပြရသည်။





ထိုအချိန်တွင် သမီးအငယ်လေးက စာရွက်တစ်ရွက်ယူပြီး ကြမ်းပေါ်မှာထိုင်ကာ စာရေးနေသည်ကို အမှတ်မထင်တွေ့ရသည်။

ပါးစပ်မှလည်း 'င .. င' ဟုရွတ်နေသည်။








ကျနော်နှင့်လှည်းတန်းဈေး (၂)





တစ်ချိန်တုန်းက လှည်းတန်းဈေးဝန်းကျင်


ရှေ့ မှာပြောခဲ့သလိုပါပဲ ကျနော်နဲ့လှည်းတန်းဈေးတို့ဖူးစာဆုံခဲ့ကြရတာက ဟိုတစ်ချိန်က ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကြီးမှာ ကျနော် ပညာသင်ကြားခဲ့စဉ်ကဖြစ်ပါတယ်။ 

တက္ကသိုလ်ထဲကအဆောင်မှာနေတာဖြစ်လို့ ညနေစာစားပြီးရင် ကမာရွတ်အ၀ိုင်းနဲ့လှည်းတန်းဈေးဘက်ကို ဘာရယ်မဟုတ် အညောင်းပြေအညာပြေလမ်းလျောက်လေ့ရှိတယ်။ 

အချို့ သူတွေက အ၀ိုင်းကြီးရဲ့ အုတ်ခုံပတ်ပတ်လည်မှာ ထိုင်တတ်ကြတယ်။ ကားလဲ သိပ်မရှုပ်လှဘူး။ 

ကျနော်နေတဲ့ရွှေဘိုဆောင် (Shwebo Hall) က လှည်းတန်းဘက်ပိုနီးလို့ အဆင်ပြေတာလဲပါပါတယ်။ 

ရွှေဘိုဆောင်ရဲ့ ဘေးမှာရှိတဲ့ ဂျပ်ဆင်လမ်း (Judson Street) ကနေ တောင်ငူဆောင်ဘက်ကိုသွား၊ အဲဒီကမှ ပြည်လမ်းကိုကျော်လိုက်တာနဲ့ ကမာရွတ်ရဲစခန်းဘေးကိုရောက်တော့တာ။

ကမာရွတ်ရဲစခန်းနဲ့မျက်စောင်းထိုးမှာရှိတဲ့ အင်းစိန်လမ်းအနောက်ဘက်ခြမ်းက ကိုသိန်းရဲ့ စာအုပ်ဆိုင် (သိန်းစာပေ)ကိုတော့ လှည်းတန်းသွားတိုင်းရောက်တတ်ပါတယ်။ 

စာအုပ်ဝယ်ဖို့မရှိတောင် ဆိုင်ကစာအုပ်တွေကို ဟိုလှန်ကြည့်ဒီလှန်ကြည့်တော့လုပ်ဖြစ်တာ။ စိတ်ဝင်စားတဲ့စာအုပ်ဆိုရင် စာကိုပါ နဲနဲမြည်းစမ်းဖတ်လိုက်သေးတယ်။

အချို့ ညတွေမှာဆို စေတနာရှင်လက်ဘက်ရည်ဆိုင်ကို တစ်ယောက်ထဲဖြစ်ဖြစ် အပေါင်းအသင်းများနဲ့ဖြစ်ြဖစ် လက်ဘက်ရည်သွားသောက်တတ်တယ်။ 

ကျောင်းပြီးလို့အလုပ်ထဲရောက်တဲ့အခါမှာတော့ ကြည့်မြင်တိုင်အရိုးရောဂါအထူးကုဆေးရုံ ၀င်းထဲမှာနေတဲ့ အကြောအဆစ်ကုပညာရှင် ကိုဝင်းမောင်နဲ့ တစ်ခါတရံမှာချိန်းပြီး လက်ဘက်ရည်သောက်တတ်ကြပါတယ်။



                               ဓာတ်ပုံ - အင်တာနက်


ဒီလက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည်သောက်တာနဲ့ပတ်သက်ပြီး ထူးထူးခြားခြားမှတ်မိနေတာလေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။

ကျနော့်ကျောင်းနေဘက်သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်က 'ကိုဂေါလူးဘောက်' ပါ။ 
ကချင်ပြည်နယ်သား။
ကျနော်တို့ ဆေးဘက်ပညာသိပ္ပံကျောင်းသားဖြစ်ပါတယ်။ 
 အေးအေးဆေးဆေးနေတတ်ပါတယ်။

သူနဲ့ကျနော်တို့ လက်ဘက်ရည်ဆိုင်မှာ တစ်ခါတလေ ဆုံတတ်ကြပါတယ်။ 
လက်ဘက်ရည်သောက်ရင်း စကားပြောဖြစ်ကြတယ်။

သူနဲ့လက်ဘက်ရည်ဆိုင်မှာစသောက်စက အဖြစ်အပျက်ကလေးကို ပြောပြချင်တာပါ။

တစ်နေ့မှာ ကျနော်ထက်အရင် ဆိုင်ကိုရောက်နေတဲ့သူ့စားပွဲမှာ လက်ဘက်ရည်ပုဂံ ၂ ခွက်တွေ့ရလို့ 'ကိုဂေါလူးဘောက် ဘယ်သူလာမှာလဲဗျ' လို့မေးတော့ 'ဘယ်သူမှ မလာပါဘူး။ ကျနော်သောက်ဖို့ပါဗျ' လို့ပြောပါတယ်။

သူက လက်ဘက်ရည်သောက်တိုင်း ၂ ခွက် ၂ ခွက်သောက်တတ်တယ်ဆိုတာကို သိခဲ့ရပါတယ်။

ညပိုင်းတွေမှာ ဆိုင်ရဲ့ အပြင်ဘက်အထိ စားပွဲတွေထုတ်ခင်းပေးထားတာကြောင့် အေးအေးဆေးဆေးထိုင်လို့သိပ်ကောင်းပါတယ်။ လက်ဘက်ရည်သောက်ရင်း ဆိုင်ကသတင်းစာကိုဖတ်ချင်ရင်ဖတ်နိုင်တယ်။

ထိုခေတ်ထိုအခါက လက်ဘက်ရည်ဆိုင်အများစုဟာ အနည်းဆုံး သတင်းစာတစ်စောင်တော့ယူလေ့ရှိကြပါတယ်။ လုပ်သားပြည်သူ့နေ့စဉ်၊ ကြေးမုံ၊ မြန်မာ့အလင်း၊ ဗိုလ်တထောင်၊ ရန်ကုန်အစရှိတဲ့သတင်းစာတွေ။

ရန်ကုန်သတင်းစာယူတဲ့လက်ဘက်ရည်ဆိုင်က ရှားပါတယ်။

လှည်းတန်းမှာ ကျနော်သိတဲ့ဆိုင်ဆိုလို့ မှတ်မှတ်ရရ ဆိုင်တစ်ဆိုင်ပဲရှိတယ်။

ဆရာဦးခင်မောင်လတ် အင်္ဂလိပ်သင်တန်းကျောင်းအ၀င်နားက တရုတ်လက်ဘက်ရည်ဆိုင်ဖြစ်တယ်။ 
ဒီဆိုင်က ညလုံးပေါက်ဖွင့်တာ။ အဲဒီဆိုင်ကို ကျောင်းသားဘ၀ကမသွားခဲ့ဖူးပဲ အလုပ်ထဲရောက်မှ သွားသောက်ဖူးတာဖြစ်တယ်။

များသောအားဖြင့် ည ၁၂ နာရီကျော် ၁ နာရီလောက်မှာ ကျနော်နေတဲ့ဝဂ္ဂီရပ်ကနေ ၁၀ မိနစ်လောက်လမ်းလျောက်ပြီး တစ်ယောက်ထဲသွားသောက်ဖြစ်တာပါ။
စာဖတ်စာရေးပြီး နားနားနေနေသွားတာမျိုး။

အဲဒီအချိန်က အခုခေတ်လိုကားတွေမများသေးတော့ လမ်းဘေးတွေကရှင်းနေတာ။ 
ကားတွေပိတ်ရပ်ထားတာမျိုး မတွေ့ရဘူး။ 
လမ်းဘေးဆိုင်တွေလဲ မများလှဘူး။

လှည်းတန်းစှေးတ၀ိုက်မှာ အဲဒီအချိန်က ညနေပိုင်းနဲ့ညပိုင်းတွေမှာ စကားတပြောပြောနဲ့လမ်းလျောက်လို့ လဲကောင်းပါတယ်။



ဆက်ပြီးရေးပါဦးမယ်။




Saturday, August 3, 2019

ဒေါက်တာမြတ်ထွဋ် (အား/ကာ) ကွယ်လွန်



မနေ့က အလုပ်ကိုသွားရင်း မြန်မာ့အလင်းသတင်းစာ နာရေးစာမျက်နှာမှာ မိမိနှင့်သိကျွမ်းသောဆရာဝန်တစ်ဦး ကွယ်လွန်သွာကြောင်းကို စိတ်မကောင်းစွာပဲ ဖတ်လိုက်ရပါတယ်။

တစ်ချိန်က မြန်မာအားကစားသမားများရဲ့ ကျန်မာရေးတာဝန်ကို ဆောင်ရွက်ပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။





ဒေါက်တာမြတ်ထွဋ်ကို ပုဂ္ဂိုလ်ရေးအရသိခဲ့ရတာကြာပါပြီ။

အဲဒီအချိန်က သူက ကျန်းမာရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အားကစားနှင့်ကာယပညာဦးစီးဌာန (Sports and Physical Education Department) မှာ ဆရာဝန်အဖြစ်အလုပ်လုပ်နေတာဖြစ်တယ်။ အတိုကောက်အနေနဲ့ အား/ကာလို့ပဲ ခေါ်ကြပါတယ်။

အလုပ်နေရာကတော့ ရန်ကုန်ဘူတာကြီးအနီးမှာရှိတဲ့ အောင်ဆန်းဘောလုံးကွင်းထဲက ဆေးခန်းမှာပါ။

တစ်ချိန်ထဲမှာ Physiotherapist (PT) လို့ခေါ်တဲ့ အကြောအဆစ်ကုပညာရှင် (၂) ဦးလဲ ဒီဌာနမှာ အလုပ်လုပ်နေခဲ့ကြပါတယ်။ 

စီနီယာ PT က ဦးစ၀်လှသွင်ဖြစ်ပါတယ်။ မိမိတို့က သူ့ကို 'ကိုဂျဲရယ်' လို့ပဲ ရင်းရင်းနှီးနှီးခေါ်ကြတာ။ အခုအခါ သြစတေးလျှနိုင်ငံ ဆဒ္ဒနီမြို့ မှာရှိနေတယ်လို့သိရပါတယ်။ မြန်မာပြည်ကထွက်သွားတာ မိမိထက်စောပါတယ်။

ထိုစဉ်က အားကစားနှင့်ကာယပညာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ် အား/ကာကော်မတီ၏အတွင်းရေးမှူးလည်းဖြစ်သော ဗိုလ်မှူးကြီးဂွမ်ရှိန်၏သားမက်ဆိုပြီး ပြောဆိုကြတာတွေကြားဖူးခဲ့ပါတယ်။

မြန်မာအားကစားအဖွဲ့တွေ နိုင်ငံခြားကိုသွားရောက်ယှဉ်ပြိုင်ကစားကြတဲ့အခါ သူ့အမည်ကို အားကစားဆရာ ၀န်အဖြစ်ထည့်သွင်းဖော်ပြပေးတာလဲ မကြာခဏဖတ်ခဲ့ရပါတယ်။

တကယ်တမ်းလူချင်းတွေ့ကြသိကြရတာက ရန်ကုန်မြို့ ထဲက ရွှေဘုံသာလမ်းမှာရှိတဲ့ 'အင်းလေး' (နောက်တော့ 'အေးရတနာ') ဆေးခန်းတွေမှာဖြစ်တယ်။ ၁၉၈၀ ခုနှစ်များကဖြစ်ပါတယ်။ လူနာရှင်းတဲ့ စနေ တနင်္ဂနွေလိုနေ့ခင်းများမှာ ဆရာဦးမြတ်ထွဋ်နဲ့မိမိတို့ ဆေးခန်းကခုံတန်းရှည်မှာထိုင်ရင်း စကားတွေပြောဖြစ်ခဲ့ပါတယ်။ 

ထိုစဉ်က သူက အောင်ဆန်းဘောလုံးကွင်အတွင်းရှိ အား/ကာဆေးကုခန်းမှာ တာဝန်ထမ်းဆောင်နေပြီး မိမိက အရိုးရောဂါအထူးကုဆေးရုံကြီးတွင် အလုပ်လုပ်နေပါတယ်။

ဆရာက ထားဝယ်ဇာတိဖြစ်လို့ ထားဝယ်သံဝဲပါတယ်။ စကားကို အေးအေးဆေးဆေးပြောတတ်ပါတယ်။ 

အဲဒီအချိန်ကတည်းက သူရဲ့ အကြောအဆစ်လူနာများကို အကြောအဆစ်ကုသစက်လေးတွေ (TENS - Transcutaneous Electrical Nerve Stimulation) သုံးပြီး ကုသပေးနေတာတွေ့ခဲ့ရပါတယ်။  

နောက်တစ်ခါ သူနဲ့တွေ့ခဲ့ရတာက ပေါင်မြို့ နယ် မုကျိရွာမှာရှိတဲ့ မုကျိတိုက်ကျောင်းမှာ ၂၀၁၅ ခုနှစ် မေလက  ဖြစ်ပါတယ်။ ဒါဟာ သူ့ကိုနောက်ဆုံးတွေ့ရတာလို့ မသိခဲ့ပါဘူး။ 

မော်လမြိုင်မှာနေတဲ့ ဇနီး၏မောင်ဖြစ်သူ ကိုဝင်းနိုင်က သူတို့မိသားစုကိုးကွယ်တဲ့မုကျိတိုက်ကျောင်းဆရာတော်ကိုဖူးမျှော်ရန်ခေါ်သွားပေးလို့လိုက်သွားရင်း မထင်မှတ်ပဲ ဆရာမြတ်ထွဋ်နဲ့တွေ့ခဲ့ရတာဖြစ်ပါတယ်။
ဆရာတော်နှင့်စကားပြောရင်း သူ့ကျောင်းမှာ တရားထိုင်သူများအဆင်ပြေစွာနေထိုင်နိုင်ရန် လေအေးစက်ရှိသော အခန်း ၁၆ ခန်းရှိကြောင်းနဲ့ ယင်းတို့ကို ဆရာဝန်ကြီးဒေါက်တာဦးမြတ်ထွဋ်မှလှူဒါန်းပြီး ကိုယ်တိုင်ကြီးကြပ်ဆောက်လုပ်ပေးထားကြောင်းပြောသဖြင့် မိမိသိသောဒေါက်တာဦးမြတ်ထွဋ်ဖြစ်နေကြောင်းကိုပါ တိုက်တိုက်ဆိုင်ဆိုင်သိခဲ့ရပါတယ်။
ဒေါက်တာမြတ်ထွဋ်လဲ ကျောင်းမှာရောက်နေတာကြောင့် ဆရာတော်က မိမိတို့ဇနီးမောင်နှံကို သူ့ထံ ကိုယ်တိုင်လိုက်ပို့ပေးခဲ့တာဖြစ်တယ်။ 

  မုကျိတိုက်ကျောင်းမှာ ဆရာဝန်ကြီးဒေါက်တာဦးမြတ်ထွဋ်နှင့်စကားစမြည်ပြောကြရင်းအမှတ်တရ။ 









ဆရာဝန်ကြီးဒေါက်တာဦးမြတ်ထွဋ်  ဆောက် လုပ်လှူဒါန်းထားတဲ့ လေအေးစက်ပါတရားစခန်းအိပ်ဆောင်များ။ 
ယခုဓာတ်ပုံကို မုကျိတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဥေယျဓမ္မက မိမိအတွက်ရိုက်ပေးတော်မူပါတယ်။









ဒေါက်တာမြတ်ထွဋ်နဲ့မိမိတို့က ဆယ်တန်း(တက္ကသိုလ်ဝင်တန်း)အောင်ပြီး တက္ကသိုလ်ကိုရောက်ကြတဲ့နှစ် (၁၉၆၆) တူပြီး အခုသူကွယ်လွန်ချိန်မှာ အသက်အရွယ်လဲအတူတူပါပဲ။ 

သူနဲ့နောက်ဆုံးအခေါက်တွေ့ကြတုန်းက သူ့မိသားစု ကိုယ့်မိသားစုတွေအကြောင်းပြောဖြစ်ကြပါတယ်။ 

ဆရာက သူ့သား(သမီးလားမမှတ်မိ)မိသားစုရှိရာ သြစတေးလျှနိုင်ငံနဲ့မြန်မာပြည်ကို ကူးချည်လာချည်ရှိခဲ့တာသိရပါတယ်။ လူမှုကူညီရေးနဲ့ဘာသာရေး အစရှိတဲ့အလှူအတန်းကုသိုလ်ကောင်းမှုတွေကို စေတနာထက်သန်စွာဖြင့် စိုက်လိုက်မတ်တတ်လုပ်နေတာဖြစ်တယ်။

ဆရာဝန်ကြီးဒေါက်တာဦးမြတ်ထွဋ် ကောင်းရာမွန်ရာဘ၀ကိုရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးရပါတယ်။