"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။
Saturday, August 31, 2019
အသက်အရွယ် အလုပ်နှင့်ကျန်းမာရေး (၂)
ယခုစာလေးကိုရေးဖြစ်သည်မှာ တစ်နေ့က ဆေးရုံကိုအလုပ်သွားရင်း ခံစားတွေးတောမိသည့်အကြောင်းတစ်ခုကြောင့်ဖြစ်ရသည်။
ဆေးရုံမှတ်တိုင်ကိုရောက်သောအခါ ဘတ်စ်ကားမှဆင်းလိုက်သည်။
မှတ်တိုင်၏အခြားတစ်ဖက်တွင်ရှိသောဆေးရုံသို့သွားရမည့် ကုန်းကျော်တံတားကိုကူးရန် ပလက်ဖောင်းကနေ ခေါက်ချိုးလှေကားနှစ်ဆင့်တက်ပြီး တံတားပေါ်ရောက်၏။
အမှန်က တံတားနှစ်ဖက်လုံးတွင် ဓာတ်လှေကားရှိသည်။
အသုံးပြုသူနည်းသဖြင့် လွယ်ကူအဆင်ပြေသည်။
သို့သော် မိမိအပါအ၀င် အများစုက လှေကားကိုအသုံးပြုတတ်ကြသည်။
တချို့ ကတော့ တံတားပေါ်ကမဆင်းမီမှာ အပေါ်ကိုအသင့်ရာက်နေသည့်ဓာတ်လှေကားကိုတွေ့က လှေကားဖြင့်မဆင်းကြပဲ ဓာတ်လှေကားဖြင့်ဆင်းသွားတတ်ကြသည်။
တံတားကနေအောက်ကိုဆင်းပြီးသောအခါ ခြေလှမ်း ၃၀-၄၀ ခန့်လျှောက်ရုံဖြင့် ဆေးရုံဝင်းအ၀င်ပေါက်ကို ရောက်တော့ပြီ။
အဲဒီကမှ ခပ်ပြေပြေမြင့်သောကုန်းဂမူလေးအတိုင်း ကိုက် ၁၀၀ ခန့်လျှောက်တက်လျက် ဆေးရုံအဆောက်အဦများဆီကို သွားရ၏။
လမ်းခရီးလေးကို ယခုလိုအသေးစိတ်ရေးပြနေရသည်မှာ မိမိ၏ခန္ဓာကိုယ်ကြံ့ ခိုင်မှုပြောင်းလဲတိုးတက်လာခြင်းအခြေအနေကို ပြောပြလို၍ဖြစ်သည်။
ယခုဆေးရုံသို့ မိမိအလုပ်စပြီးသွားခါစက လှေကားမတက်ချင်သဖြင့် ဓာတ်လှေကားကိုသာ အသုံးပြုခဲ့သည်။
လှေကားတက်မည်ဆိုက တက်နိုင်သော်လည်း အပင်ပန်းမခံချင်သောကြောင့်ဖြစ်သည်။
ယင်းသို့အပင်ပန်းမခံချင်သည်မှာလည်း အပင်ပန်းခံနိုင်စွမ်းနည်းနေခဲ့သောကြောင့်ဖြစ်ရလေသည်။
သို့နှင့် ၂ ပတ် ၃ ပတ်ခန့်ကြာသောအခါ ဓာတ်လှေကားမသုံးတော့ပဲ လှေကားဖြင့်တက်ကြည့်သည်။
ထိုအခါ လှေကားတစ်ဝက်လောက်မှာပင် ခြေထောက်များညောင်းချင်လာသည်ကို သတိပြုမိသည်။ လှေကားဆုံး၍ တံတားပေါ်ကိုရောက်သောအခါ ခြေထောက်သိသိသာသာလေးညောင်းသည့်အပြင်အနည်းငယ်မောသလိုခံစားရသေး၏။
ဒီလိုဖြင့် တံတားပေးမှာ ဟန်မပျက်ဆက်လျောက်လာရင်း အညောင်းလည်းပြေ အမောလည်းပြေသွားကြပြန်၏။
တစ်ခါ ဆေးရုံအတွင်းက ကုန်းဂမူလေးကိုလျှောက်တက်ရသောအခါ ခြေလှမ်းတွေကနှေးလာသည်။ ကိုက် ၁၀၀ ခန့်ခရီးလေးကို အားအနည်းငယ်စိုက်ပြီး တက်ခဲ့ရသည်။
ဤသို့ဖြင့် နေ့စဉ်အလုပ်သွားနေရင်း ယင်းတွေ့ကြုံခံစားရမှုများကို တဖြည်းဖြည်းအမှုမဲ့အမှတ်မဲ့ဖြစ်လာခဲ့သည်။ သတိမပြုမိပဲရှိလာခဲ့သည်။
တစ်နေ့ကတော့ ဘာရယ်မဟုတ်။
ကိုယ့်ကိုယ်ကို အမှတ်မထင် သတိပြုလိုက်မိသည်။
အညောင်းအညာ အမောအပန်းမရှိ လှေကားတက်ရင်း
တမင်အင်အားမစိုက်ရပဲ ကုန်းဂမူလေးကို ခြေလှမ်းမှန်မှန်လျှောက်တက်ရင်း
လူနာဆောင်တွေဆီကို သွက်သွက်လက်လက်ကူးကာသန်းကာလျှောက်သွားရင်း
မိမိခန္ဓာကိုယ်၏ကြံ့ ခိုင်မှုပြောင်းလဲသွားသည်ကို သိရှိခံစားမိပါသည်။
သို့ဖြစ်ရာ အမှတ် (၁) တွင် ရေးခဲ့သည့်အတိုင်း ..
အလုပ်လုပ်နေခြင်းဖြင့် ယခုအသက်အရွယ်မှာပင် ကျန်းမာရေးပိုပြီးကောင်းလာသည်ဟု မိမိကိုယ်ကိုမိမိ ကျေနပ်စွာခံစားမိပါတော့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment