"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, October 26, 2013

ရွှေတိဂုံဘုရားကြီးနှင့် ကွန်မြူနစ်ခေါင်းဆောင်အချို့ 


"သမိုင်းဆိုတာ မအ အောင်လို့သင်တာဖြစ်တယ်။" (ဒေါက်တာသန်းထွန်း)


၁၃၇၅ ခုနှစ်၊ သတင်းကျွတ်လဆုတ် ၇ ရက်။




ပြည်မြန်မာ သတင်းဂျာနယ် (၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၄၊ စာမျက်နှာ ၁၂)
(၀ဲမှ) ရဲဘော်သက်တင်၊ ရဲဘော်အောင်ကြီ၊ ရဲဘော်ဌေး၊ ဗိုလ်ဇေယျ၊ ဗိုလ်စိုးမောင်၊ ဗိုလ်ပု။


ယခုလ ၂၄ ရက် (ကြာသပတေး)နေ့ထုတ် 'ပြည်မြန်မာ သတင်းဂျာနယ်' မှာ ဆရာတက္ကသိုလ်စိန်တင်၏ "သခင်သန်းထွန်း၊ ဗိုလ်ဇေယျ၊ ရဲဘော်ဌေးတို့ ရွှေတိဂုံစေတီတော် ဖူးမြော်ခဲ့စဉ်က.." ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးကို ဖတ်အပြီးတွင် ရွှေတိဂုံဘုရားကို လာရောက်ဖူးမျှော်ရန် အလွန်ဆန္ဒပြင်းပြနေဆဲ ပြည်ပတစ်နေ ရာမှာ မကြးသေးခင်က ခေါင်းချသွားရှာခဲ့သော ဗိုလ်မှူးချုပ်ကျော်ဇောကို သွားပြီး အမှတ်ရမိလိုက်ပါတယ်။  

မြန်မာ့လွတ်လပ်ရေးကြိုပမ်းမှုသမိုင်းတွင် ရှေ့ တန်းမှ တက်တက်ကြွကြွ စွန့်စွန့်စားစားပါဝင်ခဲ့သော ရဲဘော် သုံးကျိပ်ဝင်ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောသည် သူ ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ်ရှိနေခဲ့ပါပြီ။

မကွယ်လွန်ခင်ကလေးမှာ မြန်မာပြည်ကိုပြန်လာပြီး ရွှေတိဂုံဘုရားကို ဖူးမြော်လိုကြောင်း သိရတော့ အံ့သြ၀မ်း သာဖြစ်မိပါတယ်။ အံ့သြရတယ်ဆိုတာက ကွန်မြူနစ်တွေဟာ ဘာသာတရားယုံကြည်မှု မရှိကြလို့ ပါ။ ၀မ်းသာ ရတယ်ဆိုတာကတော့ တစ်ချိန်က ဘာသာတရားကို နှစ်ပေါင်းများစွာ စွန့်ပါယ်ထားခဲ့ပေမယ့် အသက်အရွယ် အတော်ကိုကြီးရင့်ပြီး ဘ၀နိဂုံးချုပ်ခါနီးအချိန်ကလေးမှာ ဘာသာတရားကို သတိတရနဲ့ တမ်းတမိတာကြောင့် ဖြစ်ပါတယ်။



သခင်သန်းထွန်း (၀ဲ) နှင့် သခင်စိုး။ 



ဒီနေရာမှာ ဗိုလ်မှူးချုပ်ကျော်ဇောအကြောင်းကို ခဏရပ်ပြီး ၁၉၆၃ ခုနှစ်က ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီအစိုးရလက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ဗ မာပြည်ကွန်မြူနစ်ပါတီက ကိုယ်စားလှယ်များအကြောင်းကို ဦးစွာပြောချင်ပါတယ်။

ဆောင်းပါးရဲ့ ခေါင်းစဉ်မှာ သခင်သန်းထွန်းရဲ့ နာမည်ပါနေပေမယ့် စာရေးသူ သိရသလောက်တော့ အဲဒီပဏာ မငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအတွင်းရေးမှူးဖြစ်တဲ့ ရဲဘော် ဌေးက ဦးဆောင်လာခဲ့တာဖြစ်တယ်။ ဒုတိယခေါင်းဆောင်က ဗဟိုကော်မတီဝင်နဲ့ စစ်ဦးစီးဌာနချုပ်မှူးဖြစ်သူ ဗိုလ်ဇေယျပါ။ အဖွဲ့ဝင်များအဖြစ်ပါလာကြသူတွေကတော့ ဗဟိုကော်မ တီဝင် ရဲဘော်အောင်ကြီး၊ တပ်မှူးကြီး များဖြစ်ကြတဲ့ ဗိုလ်စိုးမောင်နဲ့ဗိုလ်ပု၊ ပါတီဗဟိုဌာနချုပ်မှ ရဲဘော်သက်တင်တို့ ဖြစ်ပါတယ်။

ဒီပဏာမငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို ဘယ်သူက ဦးဆောင်ပြီးသွားမလဲဆိုတဲ့ကိစ္စမှာ သခင်သန်းထွန်း ရဲ့ မူလသဘောထားက သခင်ချစ်ဖြစ်တယ်လို့ “သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ” စာအုပ်မှာ ဖတ်ခဲ့ရဖူး ပါတယ်။ သို့ပေမယ့် အဲဒီအချိန်မှာက သခင်ချစ်က ပါတီဗဟိုဌာနချုပ်မှာမရှိပဲ ရခိုင်ပြည်နယ်သို့ရောက်နေခဲ့တာ ကြောင့် ရဲဘော်ဌေးအား ခေါင်းဆောင်တင်ပြီး လွှတ်လိုက်ရတာ ဆိုပါတယ်။

ပြည်မြန်မာ သတင်းဂျာနယ်မှာ ဆောင်းပါးရှင်ရဲ့ အမည်ကို တက္ကသိုလ်စိန်တင်လို့ အမည်တပ်ထားပေမယ့် တ ကယ်က ဗမာပြည်အလံဖြူကွန်မြူနစ်ပါတီတောထွက် ရဲဘော်ဘခက်ရေးသားခဲ့တဲ့'ဘခက်အကြောင်းစာအုပ် မှ ဆရာစိန်တင်က  ပြန်လည်ကူးယူဖော်ပြပေးထားတာပဲဖြစ်တယ်။ ရန်ကုန်ကိုရောက်ရှိလာကြတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီက ကိုယ်စားလှယ်များသည် မူလက ရွှေတိဂုံဘုရားကြီးကို သွားရောက်ဖူးမြော်ဖို့အစီအစဉ် ပါလာ ခဲ့ဟန်မတူပါဘူး။


ငြိမ်းချမ်းရေးဖခင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း။



ဘာ့ကြောင့်လဲဆိုတော့ ဘုရားမဖူးခင်မနက်က ရဲဘော်ဌေးခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန် ကို ရောက်တုန်းရောက်ခိုက်မှာ ငြိမ်းချမ်းရေးဖခင်ကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံ သွားရောက်ကန် တော့ပြီးအပြန် ဆရာကြီးက 'မင်းတို့ ရွှေတိဂုံဘုရား ဖူးလိုက်ကြဦးကွ” လို့ မှာပါသတဲ့။ ဒါ့ကြောင့် ဗကပကိုယ် စားလှယ်အဖွဲ့ဟာ ပါတီဗဟိုဌာနချုပ်ကို ၀ါယာလက်နဲ့ လှမ်းပြီးတင်ပြ အကြောင်းကြားလိုက်ရာ ဌာနချုပ်က “ဘုရားတက်ပါ”လို့ အကြောင်းပြန်လာတယ် ဆိုပါတယ်။ ဒီနေရာမှာ စဉ်းစားစရာလေးရှိလာပါတယ်။ “ဘုရား တက်ပါ”ဆိုတာ “ဘုရားဖူးပါ”လို့ ဆိုလိုတာ ဟုတ် မဟုတ်ပါ။

သိကြတဲ့အတိုင်းပဲလေ။

ရွှေတိဂုံဘုရားကုန်းတော်ပေါ်ကို တက်ရုံပဲတက်ပြီး ဘုရားပေါ်မှာ တောင်ကြည့်မြောက်ကြည့်ပဲလုပ်တယ်ဆို တာ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေပါ။

မိမိတို့ မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ “ဘုရားတက်တယ်”ဆိုတာ ဘုရားကို သွားပြီးဖူးမြော်တာပါ။ ရွှေတိဂုံစေတီတော်ကြီးကို လက်စုံမိုးပြီး ဦးချကန်တော့ကြတာပါ။

ဒီတစ်ခါမှာတော့ 'အံ့သြ ကုန်နိုင်ဖွယ်'ပါ။

"ဘာသာရေးဆိုတာ မှိုင်းဖြစ်တယ်။ ဘိန်းနဲ့တူတယ်" ဟု စွဲစွဲမြဲမြဲ ခံယူထားကြသည့် ဗမာပြည်ကွန် မြူနစ်ပါတီ မှ ထိပ်တန်းခေါင်းဆောင်များသည် ဘုရားသို့မလာမီကတည်းက ဖယောင်းတိုင်များ ၀ယ်သူဝယ်၊ မီးခြစ်များ ကြိုတင်ယူလာသူယူနှင့် 'သြကာသဘုရားစာ' ကိုလည်း မရကြတော့သည်မို့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လက်ယာရစ် သုံးကြိမ်လှည့်ပတ်ဖူးမြော်ပြီးသကာလ အားလုံးတစ်ပြိုင်နက်တည်း လက်စုံမိုး ဦးချကန်တော့ လိုက်ကြပါတော့သည်။





၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက်။ 12 November, 2013 Tuesday)



ဤဆောင်းပါး၏အစတစ်နေရာတွင် ၁၉၆၃ ခုနှစ်က ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက် ရောက်လာကြသော ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်များအကြောင်းကို ဦးစွာပြောလိုသ ဖြင့် ရွှေတိဂုံဘုရားကို လာရောက်ဖူးမျှော်ရန် အလွန်ဆန္ဒပြင်းပြနေဆဲ ပြည်ပတစ်နေရာမှာ ခေါင်း ချသွားရှာခဲ့သော ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောအကြောင်းကို နောက်မှရေးမည့်အကြောင်း ပြော ခဲ့ပါသည်။ 



ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ရွှေတိဂုံဘုရားဖူးရန် ပြန်လာမည်။



အမှန်မူ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောသည် ရွှေတိဂုံဘုရားကြီးအား အလွန်ကြည်ညိုသူ ဖြစ်ကြောင်းကို သူ့အသက် ၈၄ နှစ်အရွယ်မှာ သူကိုယ်တိုင်ရေးသားခဲ့သော “ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော အတ္ထုပ္ပတ္တိ” စာအုပ် အပိုင်း () တွင် ဖွင့်ဟရေးသားခဲ့ပါသည်။ ကြည့်မြင်တိုင်ရှိ သူ့၏အ ဒေါ်အိမ်မှာနေခဲ့စဉ်က သူသည် နံနက်လင်းအားကြီးအချိန်တိုင်း ရွှေတိဂုံဘုရားကုန်းတော်ပေါ်သို့ ခြေလျင်လမ်းလျှောက်တက်ကာ ဖူးမြော်လေ့ရှိသူ ဖြစ်ပါလေ၏။ သူ၏အဒေါ်အိမ်သည် ဘုရားနှင့် ၂ မိုင်ကျော် ဝေးပါသည်။


နောက်တစ်ခါ ဂျပန်ပြည်သို့ တိတ်တဆိတ် စစ်ပညာသင်ရန်အသွား ရန်ကုန်မြစ်အတွင်းမှနေပြီး ရွှေ တိဂုံဘုရားကြီးအား အလွန်ပင်ဖူးမြော်ကြည်ညိုလိုသော်လည်း သင်္ဘောကုန်းပတ်ပေါ်သို့ တက်ခွင့် မရပဲ သင်္ဘောဝမ်းအတွင်း၌ ပုန်းအောင်းကာ သွားကြရသဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း ရေးထားပါသေးသည်။







ဆက်ပြီးရေးပါဦးမယ်။






Thursday, October 24, 2013

ဆရာဝန်ပေါက်စ



၁၃၇၅ ခုနှစ်၊ သတင်းကျွတ်လဆုတ် ၅ ရက်။


မနေ့တစ်နေ့က မိတ်ဆွေတစ်ဦးမှ အီးမေးနဲ့ပို့ပေးလိုက်တဲ့ ရယ်စရာပုံတိုပတ်စလေးတစ်ပုဒ်ကို အောက်မှာ ဘာသာပြန်ပြီး ဟာသဒါနလုပ်လိုက်ပါတယ်။

ဖတ်ပြီး တွေးကြည့် ရယ်ကြပါဘိ။



                                                                  ********



ပင်စင်ယူတော့မည့် သက်ကြီးဆရာဝန်တစ်ဦး၏နေရာတွင် အစားထိုးရန် ဆရာဝန်ပေါက်စတစ်ဦးအား ကျေး ရွာတစ်ရွာသို့ ပြောင်းရွေ ပို့ပေးလိုက်သည်။

ပင်စင်ယူခါနီးဖြစ်သော သက်ကြီးဆရာဝန်က လူမမာအိမ်များသို့ သွားရောက်ကြည့်ရှုရန်ရှိသဖြင့် ဆရာဝန် ပေါက်စအား ရွာမှလူနာများနှင့်ထိတွေ့ရင်းနှီးမှုရှိစေဖို့ သူနှင့်အတူ တစ်လက်စတည်း ခေါ်သွား၏။

ပထမလူနာအိမ်သို့ရောက်သောအခါ လူနာအမျိုးသမီးက ..

"ကျမ ဗိုက်ထဲက နဲနဲမကောင်းဘူး ဆရာ" ဟုပြောပါသည်။

ထိုအခါ သက်ကြီးဆရာဝန်က ..

"လတ်လတ်ဆတ်ဆတ်အသီးတွေ စားတာ များသွားလို့ ဖြစ်မှာပါကွယ်။ လောလောဆယ် စားနေတာထက် နည်းနည်းလျော့စားလိုက်မယ်ဆိုရင် သက်သာသွား မသွား ကြည့်ကြသေးတာပေါ့" ဟု ပြောလိုက်၏။

လူနာအိမ်မှထွက်လာကြသည့်အခါ ဆရာဝန်ပေါက်စက ..

"လူမမာကို စမ်းသပ်တောင်မကြည့်ပဲနဲ့ ဆရာက ဘယ်လိုလုပ်ပြီး ဝေဒနာရဲ့  အကြောင်းရင်းကို ချက်ချင်းသိ နိုင်ရတာပါလဲ ခင်ဗျာ" ဟု မေးလေသည်။

ဒီအခါတွင် သက်ကြီးဆရာဝန်က ..

"စမ်းသပ်ဖို့ မလိုပါဘူးကွာ။ မင်း တွေ့လိုက်တယ် မဟုတ်လား။ နားကြပ်ကို ကြမ်းပေါ် ငါ တမင်ပစ်ချတာလေ။ အဲ အဲဒီနားကြပ်ကို ငါ ကုန်းပြီးကောက်တော့ အမှိုက်ခြင်းထဲမှာ ငှက်ပျောခွံတွေ အများကြီးတွေ့ရတယ်ကွ။ ဒါနဲ့ ဒီမိန်းမ ဒါတွေ နင်းကန်စားထားလို့ ဗိုက်မကောင်းတာဖြစ်ရမယ်ဆိုတာ တွေးမိလိုက်တာ" ဟု ပြောလိုက်သည်။

"ဟုတ်လိုက်တာဆရာရယ်၊ တကယ်ကို ရွှေဉာဏ်တော် စူးရှပါပေတယ်ဗျာ။ ဒါနဲ့ .. ဆရာကသာ ခွင့်ပြုမယ် ဆိုလို့ရှိရင် နောက်သွားမယ့်လူမမာအိမ်မှာ ဆရာ့နည်းလေးကို ကျနော်ကိုယ်တိုင် လက်တွေ့ စမ်းပြီးကြည့် ချင်ပါတယ်"

ဤသို့ဖြင့် နောက်လူမမာအိမ်သို့ ရောက်သောအခါ လူနာအမျိုးသမီးငယ်နှင့် မိနစ်အတန်ကြာ စကားစမြည် ပြောဖြစ်ကြသည်။

"ဆရာရယ်၊ ကျမလေ အခုတလောမှာ အားအင်တွေ ကုန်ခမ်းပြီး အရင်ကလို အားမရှိဘူး ဖြစ်နေ ပါတယ်။ အရမ်းကို မသယ်ချင် မလုပ်ချင်နဲ့ ခြေကုန်လက်ပမ်းတွေ ကျနေတော့တာပဲရှင်"


ဒီတော့ ဆရာဝန်ပေါက်စက ..

"ခင်ဗျားကိုကြည့်ရတာ ဘုရားကျောင်း (Church) လုပ်တာတွေနဲ့ အတော်လေး ၀န်ပိနေပုံရတယ်။ အဲဒီ ဘုရား ကျောင်း (Church)နဲ့ ပတ်သက်ပြီး တရကြမ်းလုပ်ကိုင်နေတာတွေကို နည်းနည်းလေးလျော့ပြီး လုပ်မယ်ဆိုရင် ကောင်းလာမလားဆိုတာ ကြည့်ကြတာပေါ့ဗျာ"

ဒီလိုနဲ့ လူနာအိမ်က အပြန်မှာ သက်ကြီးဆရာဝန်က ..

"ဒီမိန်းကလေးကို ငါ ကောင်းကောင်းသိတာပေါ့ကွာ။ ဟုတ်တယ် မင်း ပြောတာ ဖြစ်နိုင်တယ်။ သူ က ဘုရား ကျောင်း (Church) အလုပ်တွေကို အားကြိုးမာန်တက်နဲ့ တက်တက်ကြွကြွ လုပ်နေတာ။ ဒါနဲ့ နေပါ ဦး၊ မင်းက ဘယ်လိုလုပ်ပြီး ဒီအကြောင်းတွေကို သိနေရတာလဲကွ" ဟုမေးရာ ..

"ဘယ်ရပါ့မလဲ ဆရာရယ်၊ ပထမလူနာအိမ်မှာတုန်းက ဆရာလုပ်သလို ကျနော်လုပ်တာပေါ့။ နား ကြပ်ကို ကြမ်းပေါ် တမင်လွှတ်ချလိုက်ပြီး ပြန်ကုန်းကောက်တော့ ကုတင်အောက်မှာ ဘာသာရေး ဆရာ (Pastor) ရှိနေလေရဲ့ "



တစ်လက်စတည်း (အသံထွက် - တလက် စာ့ဒဲ) - တစ်ဆက်တည်း။ တောက်လျှောက်။
တရကြမ်း (အသံထွက် - ဒလဂျန်း) - ပြင်းထန်စွာ။



အထက်က မြန်မာပြန်ထားတဲ့စာလေးရဲ့  မူရင်းအင်္ဂလိပ်ဘာသာနဲ့စာကို အောက်မှာဖတ်ကြည့်နိုင်ပါတယ်။  



New Country Doctor


A young doctor had moved out to a small community to replace a doctor who was retiring.

The older doctor suggested that the young one accompany him on his rounds, so the community could become use to a new doctor.

At the first house a woman complains, "I've been a little sick to my stomach."

The older doctor says, "Well, you've probably been overdoing the fresh fruit. Cut back on the amount you've been eating and see if that does the trick?"

As they left, the younger man said, "You didn't even examine that woman?
How'd you come to the diagnosis so quickly?"

"I didn't have to. You noticed I dropped my stethoscope on the floor in there? When I bent over to pick it up, I noticed a half dozen banana peels in the trash. That was what probably was making her sick."

The younger doctor said "Pretty clever. If you don't mind, I think I'll try that at the next house."

Arriving at the next house, they spent several minutes talking with a younger woman.

She said that she just didn't have the energy she once did and said, "I'm feeling terribly run down lately."

"You've probably been doing too much for the Church," the younger doctor told her. "Perhaps you should cut back a bit and see if that helps."

As they left, the elder doctor said, "I know that woman well. Your diagnosis is almost certainly correct, she's very active in the church, but how did you arrive at it?"

"I did what you did at the last house. I dropped my stethoscope and, when I bent down to retrieve it, I noticed the pastor under the bed.






Tuesday, October 15, 2013

ကျောက်စိမ်းရတုသို့ တိုင်လေပြီ (၂)



၁၃၇၅ ခုနှစ်၊ သတင်းကျွတ်လဆန်း ၁၁ ရက်။



မိမိသည် စိတ်ကူးထဲတွင် အဆက်မပြတ် တဖြတ်ဖြတ်ပေါ်လာနေသည့် ခေါင်းစဉ်အသစ်များနှင့်အကြောင်းအ ရာအသစ်များကို ခေတ္တခဏလေးမျှပင် အောင့်အီးရွေ့ ဆိုင်းထားခြင်းမပြုနိုင်ဘဲ မိမိ၏ဦးခေါင်းထဲတွင် လော လောလတ်လတ်ရှိနေဆဲ မိမိ၏နှလုံးသားထဲမှာ လှုံ့ဆော်ရိုက်ခတ်နေဆဲမှာ မိမိ၏ရေးလက်ကို အနှောင်အဖွဲ့ ကင်းစွာလွှတ်ပေးရင်း ကျွန်းသာယာ တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်ရေးနေမိသည်။

ဒီအခါတွင် ဆက်၍မရေးဖြစ်သော 'ဆက်ပြီးရေးပါဦးမည်'ဟူသည့် စာအကြွေးများ ဟိုအပုဒ် ဒီအပုဒ်များမှာ အားတုံ့အားနာစွာ တင်ကျန်နေခဲ့ပါတော့သည်။ အားလုံးကို လေးစားစွာ တောင်းပန်ပါသည်။ ယခုလည်း ရေးလက်တန့်နေသည့် 'ကျောက်စိမ်းရတုသို့ တိုင်လေပြီ' ကို နံပတ် ၂ တပ်ကာ ဆက်ပြီး ရေးဖြစ်ပါသည်။

ယခင်အမှတ် (၁)နှင့် ယခုအမှတ် (၂) တို့အား ဆက်စပ်မှုရှိစေရန် ယခင်အပုဒ်၏ အဆုံးပိုဒ်ကို အောက်တွင် စာလုံးသေးသေးဖြင့် ပြန်ထည့်ပေးထားပါသည်။ 


*********


ငုတို့၏အိမ်မှာ ပျဉ်ထောင်နှစ်ထပ်အိမ်ဖြစ်သည်။ ဆရာမကြီး၏အိမ်အောက်ထပ်မှ ငုတို့ အိမ်ကို ကောင်းစွာ မြင်နေရ သည်။ ဆရာမကြီး ဧည့်ခံသည့်မုန့်နှင့်လက်ဘက်ရည်တို့ကို စားသောက်ရင်း ငုကိုမြင်ရလိုမြင်ရငြား ကြည့်မိသည်။ မိမိ တို့လာသည်ကိုတော့ သိတန် မြင်တန်ကောင်း၏ဟု ထင်ပါသည်။ ငု၏အိမ်ရှေ့ နားမှဖြတ် သွားစဉ် ငု၏အဒေါ်ငယ်က မိမိတို့အား တွေ့လိုက်ပါသည်။

သို့သော် မကြာလှပါ။ ငုတို့အိမ်အပေါ်ထပ်မှ တံခါးချပ်လေးပွင့်လာပြီး ငုကို ဖြတ်ကနဲတစ်ချက် မြင်လိုက်ရ၏။ မိမိတို့ လာသည်ကို သေချာအောင်ကြည့်ခြင်းပေလားဟု တွေးမိသည်။ နောက်တော့ ငုပြောပြ၍ သိရသည်မှာ ဇာတ်လမ်းတို လေးတစ်ပုဒ်ပါပေ။


ဒီလိုပါ။



မိမိတို့နှစ်ဦး စက်ဘီးဖြင့်လာကြသည်ကို ဆရာမကြီး၏အိမ်နှင့်မျက်နှာချင်းဆိုင်မှာရှိသော ကုန်စုံဆိုင်ထဲမှ ငု ၏သူငယ်ချင်းဖြစ်သူ မအုန်းသန်းက မြင်လိုက်လေသည်။ အိမ်ဟုဆိုရသော်လည်း အပေါ်ထပ်မှာ လူနေပြီး အောက်ထပ်တွင် ကုန်ခြောက်များရောင်းပါသည်။ သို့နှင့် အိမ်ရှေ့ မှာလူကြီးများရှိနေသဖြင့် ငုအားသတင်း ပေးရန်မဖြစ်သဖြင့် အိမ်အနောက်ဖက်သို့အပြေးလေးသွားပြီး အိမ်အနောက်ဖက်ဝင်းထရံဆီမှ ငုအား တိတ် တိတ်လေးလှမ်းခေါ်ပြီး "ဟိုနေ့က ကန်ကြီးဘုရားမှာတွေ့တဲ့ မော်လမြိုင်က အကိုကြီးနှစ်ယေက် ဆရာမကြီးရဲ့ အိမ်မှာ ရောက်နေတယ်" ပာု သတင်းပေးပါသည်တဲ့။

ဒါကြောင့် ငုက အိမ်အပေါ်ထပ်မှ မိမိတို့ရှိရာကို လူကြီးများမသိအောင် ခိုးကြည့်ခဲ့ရသည်။

ထိုနေ့က မိမိသည် ငုကို အဝေးမှဖြတ်ကနဲ တခဏလေးမြင်ခဲ့ရသည်မို့ မုဒုံမှ မော်လမြိုင် ၁၈ မိုင် အပြန်ခရီး အား မိတ်ဆွေကိုဖေသက်နှင့်အတူ သွက်သွက်လက်လက်နင်းပြီး စိတ်လက်ရွှင်လန်းစွာဖြင့် ပြန်လာခဲ့ပါ သည်။

ဤသို့ဖြင့် မိမိသည် ငုရှိရာ မုဒုံသို့ ပထမဆုံး စက်ဘီးနှင့်သွားသည့်ခရီးစဉ်အပြီးမှာ နောက်ထပ် ၃ ခေါက် ထပ်ရောက်ပါသေးသည်။ တစ်ခေါက်က ငု အလုပ်လုပ်သောရုံးကို မိမိတစ်ယောက်တည်း သွားလည်ခြင်း ဖြစ်၏။ နောက်တစ်ခေါက်မှာတော့ မိမိနှင့်ညီအစ်ကိုနှယ် ရင်းနှီးသော အလုပ်သင်ဆရာဝန်လေး ဒေါက်တာ ကိုမျိုးဆွေကြည်အား အဖော်ခေါ်ပြီး သွားခဲ့၏။ ကိုမျိုးဆွေကြည်နှင့် သွားသည့်အခေါက်တွင် ဒတ်ဆန်းလိုင်း ကားလေးထဲမှာ ရယ်စရာအဖြစ်အပျက်ကလေးတစ်ခု ကြုံခဲ့ရသေးသည်။





မော်လမြိုင်ဆေးရုံကြီးသို့ ဆေးပဒေသာပင်အတွက် မိမိတို့ ငွေလှူဒါန်းစဉ်။ (၂၀၀၆ ခုနှစ်)
(၀ဲမှ .. ဒေါ်ခင်ခင်၊ ဒေါက်တာဒေါ်တင်တင်လှိုင်၊ ဒေါက်တာဦးမျိုးဆွေကြည် (ခွဲစိတ်အထူးကုဆရာဝန်ကြီး)၊ ဦးခင်ထွန်း၊ ဒေါ်စိုးစိုးအေး၊ စာရေးသူနှင့် ဆေးရုံအုပ်ကြီး။



ကိုမျိးဆွေကြည်က မိမိကိုခင်မင်သောကြောင့်သာ တစ်မြို့ တစ်ရွာကို ရည်းစားသွားပိုးသောခရီးအား အိပ် ရေးအပျက်ခံပြီး အဖော်လိုက်ပေးခြင်းဖြစ်၏။ သူ့ခမျာ မနေ့ညက ဆေးရုံ၌ တစ်ညလုံးတာဝန်ကျခဲ့သဖြင့် ယ နေ့နေ့ခင်းတွင် ကောင်းကောင်းအိပ်နေရမည့်အစား မိမိက နားပူနားဆာလုပ်သောကြောင့်သာ လိုက်ပါလာ ရခြင်းဖြစ်သည်။ ဒီတော့ သူက ကားအလယ်ခုံ (ကြားထိုးခုံ)မှာ ငုတ်တုတ်လေးထိုင်ရင်း လက်နှစ်ဖက်က အပေါ်တန်း ၂ တန်းကိုကိုင်ထားလျက် ဣနြေ္ဒမဆောင်နိုင်ပဲ တစ်လမ်းလုံး အိပ်ငိုက်လာခဲ့ရှာပါသည်။ ကာယ ကံရှင်မိမိကတော့ ဘေးခုံတန်းမှာ နေရာရပြီး ရည်စားအပိုးသွားရသည်မို့ စိတ်တက်ကြွကာ အလွန်ပင် နိုးနိုး ကြားကြားရှိနေပါလေ၏။ 

လမ်းတစ်နေရာမှာ မိမိ၏မျက်စေ့ရှေ့ တွင် အရာတစ်ခု ဗြုန်းစားကြီးလှုပ်ရှားသွားသည်ကို ရိပ်ကနဲမြင်လိုက် ရပြီး ပစ္စည်းတစ်ခု ပြုတ်ကျသံနှင့် အာမေဍိတ်အသံများကို ကြားလိုက်မိသည်။ ဘာဖြစ်သွားသည်ကို ရုတ်တ ရက် မသိလိုက်ရပေ။ နောက်မှသိရသောအခါ ခရီးသည်များ၏ မျက်နှာများ ပြုံးစေ့စေ့ဖြစ်နေသည်ကို တွေ့ ရတော့၏။ အိပ်ငိုက်ပြီးလိုက်လာသော ကိုမျိုးဆွေကြည်၏လက်တစ်ဖက်က သတိလက်လွတ်ပြုတ်ကျပြီး သူဘေး၌ရှိနေသော ခရီးသည်၏မျက်မှန်ကို ဇာတ်ကနဲ ဆွဲကုတ်ချပစ်လိုက်သလို ဖြစ်သွားခြင်းပါတည်း။

ဒီနေရာတွင် အလျဉ်းသင့်သဖြင့် မော်လမြိုင်နှင့်မုဒုံပြေးဆွဲသော ဒတ်ဆန်းကားလေးများအကြောင်း အနည်း ငယ်ပြောပြချင်ပါသည်။ ကား၏နောက်ခန်းမှာ မျက်နှာချင်းဆိုင် ဘေးတန်း ၂ တန်းရှိကာ တစ်တန်းကို ခရီး သည် ၆ ယောက် ၇ ယောက် စီးနိုင်၏။ ဘေးတန်း ၂ တန်း၏အလယ်တွင် ဖင်တစ်နေရာ အပြည့်မတင်နိုင် သော ခွေးခြေခုံပုပုသေးသေးလေး ၄ ခုံခန့် ကြားထိုးပေးထားသဖြင့် ကား၏အနောက်ဖက်သို့လှည့်ပြီး ထိုင် ရသည်။ ကား၏မျက်နှာကျက်တွင် ခရီးသည်များကိုင်ရန် လက်ကိုင်သံတန်း ၂ တန်းရှိရာ ဘေးထိုင်ခုံမှ သူများကော အလယ်ထိုင်ခုံမှသူများပါ ကိုင်နိုင်လေသည်။


မုဒုံကိုရောက်သောအခါ သင်္ဘောဦးထိပ်မှာဆင်းပြီး ငုတို့အိမ်သို့ ၇ မိနစ်ခန့် လမ်းလျှောက်သွားကြရသည်။ ယခုတစ်ခေါက်သည် မိမိအဖို့ ငုတို့အိမ်ကို ပထဦးဆုံးရောက်ဖူးခြင်းဖြစ်ရာ ကန်ကြီးဘုရားမှာတုန်းက မတွေ့ ရသော ငု၏ကြီးငယ်တို့မိသားစုကို တွေ့ခဲ့ရသည်။ ငုတို့အိမ်က မိမိတို့နှစ်ဦးအား ပေါင်မုန့်အုန်းနိုဆမ်းနှင့်ဧည့် ခံပါသည်။ ပြည်မြို့ သား ကိုမျိုးဆွေကြည်နှင့် ကန့်ဘလူသားမိမိတို့ ပေါင်မုန့် အုန်းနိုဆမ်းကို ပထမဆုံး စား ဖူးခြင်းဖြစ်ပြီး ကြိုက်လည်းကြိုက်ကြပါသည်။





စင်ကာပူရောက် ပေါင်မုန့်အုန်းနိုဆမ်း။ (ဓာတ်ပုံ - ဖိုးတာ) 




မိသားတစ်စုလုံးက အညာသားမဲမဲသဲသဲလေး မိမိအား အဝေးမှကော အနီးကပ်ကော ခြေဆုံးခေါင်းဆုံး အ ကဲခတ် လေ့လာနေကြသဖြင့် အနေရအထိုင်ရ အနည်းငယ်ကျုံ့ သလို ခံစားမိသော်လည်း ကြိုက်မရှက်ငိုက် မရှက်ပေမို့ မသိချင်ယောင်ဆောင်ပြီး မျက်နှာပြောင်စွာ ဟန်ကိုယ်ဖို့ လုပ်နေရတော့၏။


ဒေါက်တာကိုမျိုးဆွေကြည်နှင့် မုဒုံကိုသွားပြီးနောက် မိမိတစ်ယောက်တည်း နောက်တစ်ခေါက် ထပ်သွားပါ သေးသည်။ ထိုအခေါက်မှာ အဆင်မပြေတာတစ်ခုဖြစ်ပြီး မုဒုံမှာ စာရေးသူ ညအိပ်လိုက်ရ၏။

ဖြစ်ရသည်မှာ ဒီလို။


မိမိက မော်လမြိုင်ဆေးရုံတွင် ညနေပိုင်းအလုပ်ပြီးကာမှ ငုရှိရာမုဒုံသို့ မနေနိုင်မထိုင်နိုင် ကောက်ကာငင်ကာ လိုင်းကားဖြင့်သွားလည်ရာ အချိန်နှောင်းသွားသောကြောင့် မုဒုံမှမော်လမြိုင်သို့ပြန်သည့် နောက်ဆုံးကားကို မမီလိုက်တော့ပေ။ ထို့ကြောင့် ကွမ်တုန်အရပ်ရှိ ငု၏ကြီးကြီးတို့အိမ်တွင် သွားအိပ်ရန် စီစဉ်ပေးသဖြင့် တော် ပေသေးတော့၏။ 

မိမိသည်ကား အလွန်ပင် အလိုက်ကမ်းဆိုး မသိတတ်သော ရည်းစားနောက်ပိုးဧည့်သည် ဖြစ်ပါလေ၏။ 


သို့သော် မိမိ၏ရည်းစားနောက်ပိုးဘ၀သည် တကယ်က မကြာလိုက်ရပါ။ ငုကို မိမိ ပထမဦဆုံး ကန်ကြီးဘု ရားတွင် စတင်တွေ့မြင်ဖူးသည့် သင်္ကြန်အကြတ်နေ့မှ မော်လမြိုင်မြို့ နယ်တရားရုံးတော်မှာ လက်ထပ်စာချုပ် ရေးထိုးသောနေ့အထိ ရက် ၂၀ ကျော်လေးသာ ကြာလိုက်ပါ၏။ လက်မှတ်ရေးထိုးပြီးနောက် ၂ ရက်အကြာ တွင် မိမိဘက်မှ လူကြီးစုံရာဖြင့် မင်္ဂလာအခန်းအနားအတွက် ငုတို့အိမ်သို့ သွားရောက်ခဲ့ပါသည်။

အချိန်တိုတိုလေးအတွင်မှာ တွေ့ဆုံ ချစ်ကြိုက် လက်ထပ်ရသောကြောင့် အညာဒေသရှိမိမိ၏မိဘများ မလာ နိုင်သဖြင့် မော်လမြိုင်ကိုရောက်မှ သိကျွမ်းခင်မင်ရသော အကိုကြီးဦးမျိုးတင့်တို့ဇနီးမောင်နှံက မိဘအရာ တွင်လည်းကောင်း၊ မော်လမြိုင်အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီးစိန်အုန်း၊ ဗိုလ်ကြီးစိုးမြင့်၊ ဗိုလ်မြင့်သန်း၊ ကုန် သည် ကိုကျော်စိုး အစရှိသည့်မိတ်ဆွေများက ဆွေမျိုးညီအစ်ကိုမောင်နှမများအဖြစ်လည်းကောင်း လိုက်ပါ ပေးခဲ့ကြပါသည်။


မင်္ဂလာကိစ္စအတွက် မော်လမြိုင်မှ မုဒုံသို့ အင်ဂျင်နီယာတပ်မှ စစ်ဂျစ်ကားကြီးဖြင့် မိမိတို့အားလုံး တ ပျော်တပါး သွားခဲ့ကြပြီး ငုဘက်မှလူကြီးစုံရာများနှင့် တွေ့ဆုံစကားကမ်းလှမ်းပြောဆိုခဲ့ကြသည်များကို ယနေ့တိုင် ရင်ခုံ စွာ အမှတ်ရနေဆဲ ရှိနေပါသေး၏။ 



မိမိသည် ငယ်စဉ်ကတည်းက တရင်းတနှီးအပေါင်းအသင်း များများစားစားထားခြင်း မရှိတတ်ပေ။ ခင်ခင်မင် မင်နှင့် ခေါ်ပြောမေးထူးအပေါင်းအသင်းများသာ အတန်အသင့်များလေသည်။ မိမိသည် ကိုယ့်စိတ်ကိုယ်ပိုင် တစ်ယောက်တည်းနေတတ်ပြီး စာအုပ်များနှင့်သာ အဖော်ပြုကာ အချိန်ဖြုံးလေ့ရှိပါသည်။ သို့သော် ရန်ကုန် မသန်မစွမ်းဆေးရုံမှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းသွားသောအခါတွင်မူ လူအများနှင့် တရင်းတ နှီး ပေါင်းသင်းတတ်လာခဲ့ပါသည်။ မိမိအလုပ်လုပ်သည့်ဆေးရုံမှ မိတ်ဆွေဝန်ထမ်းများအပြင် တပ်တွင်းပ ညာပေးသင်တန်းတက်ရင်း ခင်မင်ရင်းနှီးခဲ့သော စစ်ဗိုလ်များပါ ပါဝင်လာခဲ့ကြတော့၏။ 

သို့မို့ကြောင့် မော်လမြိုင်ဆေးရုံမှ ဦးရှုအောင် (မျက်မှန်ကျွမ်းကျင်)၊ ဦးဖေသက် (ဓာတ်မှန်ဘက်ဆိုင်ရာ ပညာရှင်) အစရှိသည့် လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေဦးလွင်သိန်း (ကျောင်းဆရာ)တို့က "ဒီလူကြီး မော်လမြိုင်ကိုရောက်မှ လူတွေနဲ့ ပေါင်းတတ်သင်းတတ်တာ။" ဟု ကောင်းချီးပြုကြပါလေ၏။ 


တပ်တွင်းပညာပေးသင်တန်းဆိုသည်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က တိုင်းစစ်ဌာနချုပ်၏အစီ အစဉ်ဖြင့် တိုင်းနှင့်ပြည်နယ်အတွင်းရှိ အရပ်ဘက် စစ်ဘက်မှ ၀န်ထမ်းအားလုံး မတက်မနေရ တက်ရသော သင်တန်းဖြစ်ပြီး (တစ်လလား တစ်လခွဲလား မမှတ်မိတော့ပါ) ကျောင်းအိပ်ကျောင်းစား သွားနေရသည်။ ဤသင်တန်းတက်ခြင်းဖြင့် မိမိတွင် ယခင်ကမရှိခဲ့ဖူးသော လုပ်ငန်းပေါင်းစုံ ဘ၀ပေါင်းစုံတို့မှ အသိမိတ်ဆွေ အသိုင်းအ၀န်းအတော်လေး ကျယ်ပြန့်လာခဲ့ပါသည်။ ကျောင်းဆရာပါသည်။ အင်ဂျင်နီယာပါသည်။ သမ၀ါ ယမ၀န်ထမ်းပါသည်။ နိုင်ငံရေးဘာသာနည်းပြဆရာပါသည်။ ဥပဒေပညာရှင်ပါသည်။ ဆေးရုံဝန်ထမ်းပါ သည်။ ပြည်သူ့ရဲဝန်ထမ်းနှင့် မီးသတ်ဝန်ထမ်းများပါသည်။ ဘဏ်ဝန်ထမ်းပါသည်။ စစ်ဗိုလ်စစ်သားများက အများဆုံးဖြစ်သည်။





(အပေါ်ပုံ - ၀ဲမှ ..) မမျိုးသီတာ၊ မခင်မျိုးနွယ်၊ စာရေးသူ၊ အကိုကြီးဦးမျိုးတင့်၊ ဒေါ်စိုးစိုးအေး၊ မသန္တာတင်၊ ဒေါ်ခင်မိုးမိုး။
(အောက်ပုံ - ၀ဲမှ ..) မသန္တာတင်၊ မောင်စိုးမောင်တင်၊ အမကြီးဒေါ်ခင်စိန်၊ ဒေါ်စိုးစိုးအေး၊ ဒေါ်ခင်မျိုးဦး၊ စာရေးသူ။
(ဓာတ်ပုံ - ၆ ရက် ဒီဇင်ဘာ၊ ၂၀၀၆ ခုနှစ်)



တပ်တွင်းပညာပေးမှာရင်းနှီးခဲ့သည့် စစ်ဗိုလ်အချို့ ကတဆင့် မိမိသည် အကိုကြီးဦးမျိုးတင့်တို့မိသားစုနှင့် သိကျွမ်းခင်မင်ခဲ့ရ၏။ အကိုကြီးတို့မိသားစုသည် မိမိနှင့်သွေးသားမတော်စပ်သော်လည်း မိမိအား ညီအရင်း အချာပမာ ဆက်ဆံပါသည်။ နောင်တွင် မိမိအိမ်ထောင်ရက်သားကျသောအခါ မိမိ၏ဇနီးသည်လည်း သူတို့၏ညီမတစ်ဦးပမာဖြစ်လာပြီး မိမိ၏သမီးလေးမွေးလာပြန်တော့ သူတို့၏မြေးကလေးလို ချစ်ခဲ့ကြပါ သည်။ မိမိတို့မိသားစုသည် အကိုကြီးအမကြီးတို့မိသားစုနှင့် ယနေ့တိုင် ဆွေမျိုးရင်းချာပမာရှိနေကြပြီး စင်ကာပူမှ မကြာခဏ ဖုန်းဆက်ပြီး သာကြောင်းမာကြောင်းမေးပါသည်။ အခါအားလျော်စွာ ငွေကြေးကန် တော့ပါသည်။ မြန်မာပြည်သို့ အလည်ပြန်သည့်အခါ မိမိတို့၏ခရီးစဉ်နှင့်အဆင်ပြေတိုင်း အကိုကြီး အမကြီး တို့ထံ မရောက်ရောက်အောင် သွားတွေ့ပြီး ကန်တော့ပါသည်။ 



အကိုကြီးသည် ယခင်ကတပ်မတော်အမြှောက်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး မိမိ မော်လမြိုင် မွန်ပြည် နယ်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွေ့ လာသည့် ၁၉၇၅ ခုနှစ်တွင် တပ်မှအနားယူထားပြီး စားသောက်ကုန် နှင့်အဖျော်ယမကာဋ္ဌာနတွင် အလုပ်လုပ်နေပါသည်။ အကိုကြီးတို့မိသားစုနေသည့် သိမ်ကုန်းရပ်ကွက်မှာ မိမိအလုပ်လုပ်သည့်ဆေးရုံကြီးနှင့် နီးပါသည်။ ၁၀ မိနစ်ခန့်သာ လမ်းလျှောက်ရသည်။ အကိုကြီးက မိမိတို့ အားလုံးကို ညီလေးဟုခေါ်ပြီး အမကြီးကတော့ နာမည်ကိုခေါ်ပါသည်။ သို့ဖြစ်ရာ မိမိသည် အိမ်ထောင်မကျ မီက ဆေးရုံနေ့ခင်းအလုပ်နားချိန်တွင် အကိုကြီးအိမ်ကိုသွားလေ့ရှိပြီး နေ့လည်စာပြန်လာစားသည့် အကို ကြီးနှင့် တစ်ခါတစ်ရံ ထမင်းအတူဝင်စားတတ်ပါသည်။ 

ထမင်းစားဖြစ်သည်ဖြစ်စေ မစားဖြစ်သည်ဖြစ်စေ သေချာသည်ကား အမကြီး၏လက်ရာ လက်ဖက်ရည်ချိုကျ ကျကို အရသာခံသောက်ရင်း၊ မြန်မာ့အသံမှ မြန်မာပိုင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်လေ့ရှိသည့် အင်္ဂလိပ်ပိုင်း အစီအစဉ်မှ သီချင်းများကို ငြိမ့်ငြိမ့်လေးနားထောင်ကြရင်း  အကိုကြီးနှင့်မိမိတို့သည် မြန်မာ့အရေးနှင့်ကမ္ဘာ့ အရေးများကို တောင်စဉ်ရေမရ ရောက်တတ်ရာရာ ဝေဖန်ရေးနှင့်လေကန်ရေး လုပ်ကြလေ့ရှိပါသည်။  


နေ့ခင်း ၂ နာရီမထိုးခင်မှာ မိမိသည် ဆေးရုံသို့ပြန်သွားပြီး ညနေပိုင်းအလုပ် သွားလုပ်ပါသည်။ တစ်ခါတစ်ရံ ညနေပိုင်းမှာ အကိုကြီးတို့အိမ်သို့ ရောက်သွားတတ်ပြီး မိတ်ဆွေစစ်ဗိုလ်များနှင့်တွေ့ကာ စကားစမြည်ပြော ဖြစ်ကြ၏။ တစ်ခါတစ်ရံမှာတော့ ဆေးရုံကလုပ်ဖော်ကိုင်ဖက်များနှင့် ညပိုင်းတွင် ကျားတံတားသို့သွားပြီး လက်ဖက်ရည်သောက်တတ်ပါသည်။ ဗိုက်ဆာသည့်နေ့များတွင် လက်ဖက်ရည်ဆိုင်နှင့်မျက်နှာချင်းဆိုင်မှာ ရှိသော နာမည်ကျော် 'ကျားတံတားဘိတ်မုန့်'ကို ၀ယ်စားကြ၏။ ဘိတ်မုန့်မစားချင်သည့်အခါ လက်ဖက် သုတ်မှာစားကြလို့ရသည်။ မိမိတို့အားလုံး ဆေးရုံကပေးထားသည့် အိမ်ခန်များတွင်နေကြရာ အထွေအထူး လူစုရန်မလိုပါချေ။ တစ်ယောက်ယောက်က အခန်းတခါးကိုလာခေါက်ပြီး 'လက်ဖက်ရည် သွားသောက်ကြ မယ်ဟေ့' ဟု အော်ပြောလိုက်ရုံသာ။


ဒေါက်တာကိုမျိုးဆွေကြည်တို့ အလုပ်သင်ဆရာဝန်များသည် ဆေးရုံမှပေးထားသည့်အဆောင်တွင် စုနေကြ ပါသည်။ အခြားမြို့ များမှလာလုပ်သော အလုပ်သင်ဆရာဝန် ၆ ဦး ၇ ဦးခန့် ရှိပါသည်။ မော်လမြိုင်ဇာတိဖြစ် သော အလုပ်သင်ဆရာဝန်များကမူ သူတို့အိမ်မှာပင် နေကြသည်ဖြစ်၏။ 








အာမေဍိတ် (အသံထွက် - အာမေဒိတ်) - ထိတ်လန့်ခြင်း၊ အံ့သြခြင်း၊ ၀မ်းသာခြင်း စသည့် တစ်ခုခုကြောင့် နှုတ်မှ ရုတ်တရက် ထွက်ပေါ်လာသောအသံ။ 




ဆက်ပြီးရေးပါဦးမည်။

















Sunday, October 13, 2013

ဖေ့စ်ဘွတ် လုပ်မထားပါ


၁၃၇၅ ခုနှစ်၊ သတင်းကျွတ်လဆန်း ၉ ရက်။



မိမိသည် မကြာခဏဆိုသလို "ဘယ်သူဘယ်ဝါတွေ (နာမည်များ)ကို သိတယ်မဟုတ်လား။ သူတို့ အထဲက တစ်ချို့ ကို ဖေ့စ်ဘွတ်မှာ သိကောင်းသိပါလိမ့်မယ်။ မိတ်ဆွေတွေ မိသားစုတွေ ကျောင်းနေဖက် အပေါင်းအ သင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဖေ့စ်ဘွတ်မှာ အဆက်အသွယ်လုပ်ပြီး စကားတွေပြောကြ ဓာတ်ပုံတွေ ပို့ကြ ကြည့်ကြ … " စသဖြင့် အီးမေးများ ရရှိတတ်ပါတယ်။

ဒါပေမယ့် မိမိမှာက ဖေ့စ်ဘွတ် လုပ်မထားတာကြောင့် ဘယ်သူ့ထံကိုမှ အကြောင်းပြန်ဆက်သွယ်တာမျိုး မရှိ ခဲ့ပါဘူး။ မိမိမှာ လောလောဆယ် ဖေ့စ်ဘွတ် မရှိသလို၊ နောင်ကိုလည်း လုပ်ရန်မရည်ရွယ်ထားတာဖြစ်လို့ ဒီ နေရာကနေ အားနာစွာဖြင့် အသိပေးလိုက်ရပါတယ်။


ဘာပဲဖြစ်ဖြစ် မိမိအား ယခုလို သတိတရနဲ့ မေးမြန်းဆက်သွယ်ဖိတ်ခေါ်ကြတဲ့အတွက်တော့ ကျေး ဇူးများစွာ တင်ရှိမိတာ အမှန်ပါ။  











Sunday, October 6, 2013

မှတ်မှတ်သားသားရှိနေကြသူများ



၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်။




"သမိုင်းဆိုတာ မအ အောင်လို့သင်တာဖြစ်တယ်။" (ဒေါက်တာသန်းထွန်း)



စာရေးသူသည် စာဖတ်ဝါသနာပါစကတည်းက နိုင်ငံရေးကို စိတ်ဝင်စားခဲ့သည်။

ထိုကြောင့် နိုင်ငံရေးစာများကိုသာ အဖတ်များခဲ့ပါသည်။

နိုင်ငံရေးနှင့်ပတ်သက်သောစာများကိုဖတ်ရင်း နိုင်ငံရေးသမားများကို သိရှိစိတ်ဝင်စားလာခဲ့ရသည်။ 

ယင်းနိုင်ငံရေးသမားများတွင် မြန်မာ့နိုင်ငံရေးလောကမှ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ သ ခင်ဗဟိန်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ ဦးဗဆွေ၊ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့်၊ ၀ိဓူရသခင်ချစ်မောင်၊ သခင်ဖေ ဌေး၊ ဆရာမြသန်းတင့်၊ ဆရာဗန်းမော်တင်အောင် အစရှိသည့်ပုဂ္ဂိုလ် များ။ ကမ္ဘာ့နိုင်ငံရေးလောကမှ ကားလ် မတ်စ်၊ လီနင်၊ စတာလင်၊ ဟစ်တလာ၊ မာရှယ်တီးတိုး၊ မော် စီတုံး၊ ကင်အီဆွန်း၊ ချေဂွေဗားရား၊ ဖီဒယ်ကတ် စထရို၊ ဂျိုဆေရီဇော်၊ ဟိုချီမင်း အစရှိသည့်ပုဂ္ဂိုလ်များ။


********



ဗီယက်နမ်ဗိုလ်ချုပ်ကြီး ငုယင်ဂီးရပ်။ (ဓာတ်ပုံ - အေပီသတင်းဌာန)



ယနေ့ထုတ် 'စထရိတ်စ်တိုင်မ်းစ်' သတင်းစာတွင် ဗီယက်နမ်နိုင်ငံ၏အမေရိကန်နယ်ချဲ့ ကျူးကျော်မှု ဆန့်ကျင် ရေးစစ်ပွဲကြီးအတွင်းက ထင်ရှားကျော်ကြားခဲ့သော ဗီယက်နမ်ဗိုလ်ချုပ်ကြီး ငုယင်ဂီးရပ် (Nguyen Giap) ကွယ်လွန်ကြောင်းသတင်း (Legendary Vietnam General dies, aged 102) ကို ဖတ်လိုက်မိသည်

သူ့အကြောင်းကို ဖတ်ရှုသိရှိထားသူတစ်ဦးအနေဖြင့် ငွေအင်အား လက်နက်အင်အား နည်းပညာအင်အား အ လွန်ကြီးမားလှသော ပြင်သစ်နှင့်အမေရိကန်စစ်တပ်ကြီးများကို ဗီယက်နမ်မြေပေါ်မှ မရှုမလှကြီး ပြေးကြ ရ သည်အထိ မျိုးချစ်စိတ်ဓာတ်အပြည့်အ၀ဖြင့် ဦးဆောင်တိုက်ခိုက် မောင်းထုတ်နိုင်ခဲ့သော ကျောင်းဆရာတ ဖြစ်လဲ စစ်ဗိုလ်ချုပ်ကြီးကို လေးစားခဲ့ရင်းရှိသည်နှင့်အမျှ စိတ် မကောင်းဖြစ်မိသော်လည်း သူကား အသက် ၁၀၂ နှစ်အထိ နေသွားနိုင်ခဲ့လေသည်။   

သာမန်ကျောင်းဆရာလေးနှင့်သတင်းစာဆရာလေးဘ၀က မည်သည့်စစ်သင်တန်းမှ မည်မည်ရရ မတက်ခဲ့ရ သော်လည်း အလွန်စည်းကမ်းရှိပြီး တိုက်ရည်ခိုက်ရည်နှင့်ပြည့်ဝသော ဗီယက်နမ်စစ်တပ်ကြီးကို ထူထောင်နိုင် ခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့သည်။ ဗီယက်နမ်တစ်နိုင်ငံလုံးက လေးစားချစ်ခင်သည့် လွတ်လပ်ရေးအမျိုး သားသူရဲကောင်းကြီး ဖြစ်လာခဲ့သည်။ ကမ္ဘာကလေးစားကြ ရသော ထူးချွန်သည့် ၂၀ ရာစု စစ်သေနာပတိ ချုပ်ကြီးများစာရင်းတွင် ဒေါက်ဂလတ်စ် မက်အာသာ (အမေရိကန်)၊ အာဝင်ရောမ်မဲ (ဂျာမဏီ)တို့နှင့်အတူ တန်းတူရည်တူ စာရင်းဝင်နိုင်ခဲ့သည်။

စာရေးသူသည် သူ၏စစ်ပရိယယ်နှင့် စစ်ရေးနည်းဗျူဟာများအကြောင်းကို ဗီယက်နမ်စစ်ပွဲအတွင်း မှာ ကိုယ် တိုင်ကိုယ်ကျသွားရောက်ပြီးလေ့လာမှတ်တမ်းတင်ရေးသားခဲ့သူ သြစတေးလျနိုင်ငံသား သတင်းစာဆရာကြီး ၀ီးလ်ဖရက် ဂရေဟန်ဘားချက်(Wilfred Graham Burchett) ၏စာအုပ်တွင် ဖတ်ရှုသိရှိခဲ့ရသည်။ မူရင်းစာအုပ် ၏အမည်ကော မြန်မာဘာသာပြန်စာအုပ်၏အမည်ကော မမှတ်မိတော့ပေ။ ဆရာကြီးလူထုဦးစိန်ဝင်းက '၀င်း ဇော်ကလောင်အမည်ဖြင့် ဘာသာပြန်ခဲ့သည်ဟု ထင်ပါသည်။


ကြွက်တွင်းများသဖွယ် မြေအောက်လှိုင်ခေါင်းများတူးပြီး ကွန်ယက်ပြုလုပ်ကာ အမေရိကန်စစ်တပ်များအား အဖက်ဖက်မှ လူအင်အားနည်းနည်းလေးဖြင့် ၀ိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြင်း၊ မြေအောက်တွင် ခွဲစိတ်ခန်းများ ထားရှိလျက်အရေးပေါ်ခွဲစိတ်ကုသခြင်း၊ စက်ဘီးများသုံးကာ တပ်စုတပ်စိပ်များ ရွေ့ ပြောင်းသွားလာခြင်း၊ နေ ရာများစွာ(မြို့ များစွာ)ကို တစ်ချိန်တည်းမှာ တစ်ပြိုင်နက် အချိန်ကိုက် တိုက်ခိုက်ခြင်း အစရှိသည့် သူ၏အံ့မ ခန်းစစ်ပရိယာယ်များကို ဖတ်ရှုရပါသည်။

၁၉၇၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးငုယင်ဂီးရပ်၏ကွန်မြူနစ်တပ်များက ဆိုင်းဂုံမြို့ ကိုသိမ်းပိုက်လိုက်ပြီးဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ထူထောင်သည့်အခါ ဗိုလ်ချုပ်ကြီးငုယင်ဂီးရပ်သည် ကာကွယ် ရေးဝန်ကြီးဌာန၀န်ကြီး နှင့်ဒုတိယ၀န်ကြီးချုပ်တာဝန်များ ယူခဲ့လေသည်။ 

သူသည် တရုတ်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးရေးနှင့်သြဇာလွှမ်းမိုးရေး လုပ်ဆောင်လာမှုအန္တရာယ် အသွယ်သွယ် ကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ဆန့်ကျင် သတိပေးပြောကြားခဲ့သူလည်းဖြစ်သည်။ 


စာရေးသူတို့ တက္ကသိုလ်ရောက်စ ၁၉၆၆ ခုနှစ်အချိန်လောက်မှ အမေရိကန်လက်ကျန်စစ်သားများ ဗီယက်နမ် နိုင်ငံမှ နောက်ဆုံးထွက်ခွာဆုတ်ပြေးသွားသော ၁၉၇၃ ခုနှစ်အတွင်းမှာ ဗီယက်နမ်မျိုး ချစ်တော်လှန်ရေးကြီး အကြောင်းဆောင်းပါများကို မြန်မာမဂ္ဂဇင်းအချို့ တွင် ဖတ်ကြရပြီး ဘာသာပြန်စာ အုပ်များလည်း ထွက်ရှိခဲ့ သည်။ အထူးသဖြင့် လက်ဝဲကဗျာဆရာများ၏ အမေရိကန်နယ်ချဲ့ ဆန့် ကျင်ရေးကဗျာများကို မကြာခဏဖတ် ခဲ့ရသည်။ 




ဗီယက်နမ်နိုင်ငံအပေါ် အမေရိကန်နယ်ချဲ့ ကျူးကျော်မှု၏ အနိဋ္ဌာရုံမြင်ကွင်းများ။ (ဓာတ်ပုံ - အင်တာနက်)



ဗီယက်နမ်နိုင်ငံ၏အမေရိကန်နယ်ချဲ့ ကျူးကျော်မှုဆန့်ကျင်ရေးစစ်ပွဲကြီးနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးငုယင်ဂီး ရပ်အပြင် မိမိ မှတ်မှတ်ရရရှိနေသူ နောက်တစ်ဦးမှာ အသက် ၁၇ နှစ်သာရှိသေးသော ကွန်မြူနစ် လူငယ်လေး 'ငုယင်ဗန်ထရိုင်း'ပင် ဖြစ်သည်။ ထိုစဉ်က မိမိတို့၏အသက်နှင့် များစွာကွာ ခြားမှုမရှိလှသော သူ၏သံမဏိစိတ် ဓာတ်နှင့်ရဲရဲတောက်သတ္တိတို့ကို အလွန်ပင် လေးစားအားကျခဲ့ရသည်။ 

လျှပ်စစ်အလုပ်သမားလေးနှင့်ကွန်မြူနစ်ပြောက်ကျားစစ်သား (ဗီယက်ကောင်း Viet Cong) ငုယင်ဗန်ထရိုင်း ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး 'မက္ကနားမားရား' (McNamara)အား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုဖြင့် ၁၉၆၄ ခုနှစ်က သေဒဏ်ချမှတ်ခဲ့လေသည်။

အမေရိကန်အစိုးရ၏လက်ဝေခံ တောင်ဗီယက်နမ်စစ်သားများက တစ်လုံးတိုင်တွင် လက်ပြန်ကြိုး အတုတ်ခံ ထားရသည့် ငုယင်ဗန်ထရိုင်းကို သေနတ်ဖြင့်မပစ်သတ်မီ သတင်းထောက်များကို သူက "ခင်ဗျားတို့က သ တင်းစာဆရာတွေပဲဗျာ အခု ဘာတွေဖြစ်နေတယ်ဆိုတာ ကောင်းကောင်းသိကြမှာပေါ့။ ကျုပ်တို့နိုင်ငံကို မတ ရားကျူးကျော်တိုက်ခိုက်နေတာက အမေရိကန်တွေပဲဖြစ်တယ်။ ကျုပ်တို့ ဗီယက်နမ်ပြည်သူပြည်သားတွေကို ဗုံးကြဲလေယာဉ်ပျံကြီးတွေနဲ့ ဗုံးကြဲပြီး ရက်ရက်စက်စက်သတ်ဖြတ်နေကြတာက သူတို့ပဲဗျ။ ကျုပ်က ကျုပ်တို့  ပြည်သူတွေကိုဆန့်ကျင်ပြီး ဘာတစ်ခုမှ လုပ်ခဲ့တဲ့အကောင် မဟုတ်ဘူး။ ကျုပ် အခု ဆန့်ကျင်တိုက်ခိုက်နေ တယ်ဆိုတာကလဲ ကျုပ်တို့နိုင်ငံထဲ ကိုလာပြီး မတရားကျူးကျော်တိုက်ခိုက်နေတဲ့ အမေရိကန်တွေကိုပဲဖြစ် တယ်" ("You are journalists and so you must be well informed about what is happening. It is the Americans who have committed aggression on our country, it is they who have been killing our people with planes and bombs. I have never acted against the will of my people. It is against the Americans that I have taken action." - Nguyen Van Troi) ဟု နောက်ဆုံးပြောကြားခဲ့သည်။

သူ့ကို ပါးကွက်သားသေနတ်သမားများက မပစ်သတ်မီအချိန်ကလေးမှာ ဘာသာရေးအရ ဆုတောင်း ပေးရန် ဘုန်းတော်ကြီးက ပြောသည့်အခါ သူက "ကျုပ် ဘာမကောင်းမှုတစ်ခုမှ လုပ်ခဲ့တာ မရှိဘူး။ မကောင်းမှုကို လုပ်တဲ့သူတွေက အမေရိကန်တွေပဲဗျ" ("I have committed no sin. It is the Americans who have sinned.") ဟုပြောလျက် ငြင်းဆန်ခဲ့၏။


သူ၏နှလုံးသားအတွင်းသို့ ကျည်ဆန်များ ဒလဟော ဖောက်ထွင်းဝင်ရောက်လာချိန်တွင်မူ သူက "ဗီယက်နမ် နိုင်ငံ အဓွန့်ရှည်ပါစေ("Long live Vietnam!") ဟု ကြောက်ရွံ့ တုန်လှုပ်ခြင်းကင်းစွာ နောက်ဆုံးကြွေကြော် သွားခဲ့သည်။



အနိဋ္ဌာရုံ (အသံထွက် - အနိတ်ထာယုန်) - နှစ်သက်လိုလားဖွယ် မရှိသောအရာ။






ဆက်ပြီးရေးပါဦးမယ်။











Friday, October 4, 2013

မိမိနှင့် ခရီးသွားဆောင်းပါးများ



၁၃၇၅ ခုနှစ်၊ တော်သလင်းလကွယ်၊



မန္တလေး ဘုရားဖူးခရီး။ (ဓာတ်ပုံ - ဖိုးတာ)




စာရေးသူသည် ခရီးတစ်ခုသွားဖို့ရှိတိုင်း မိမိမြင်တွေ့မှတ်သားမိသည်များကို ခရီးသွားဆောင်းပါး ရေးလေ့ရှိသည်။

မိမိ၏မွေးဇာတိဖြစ်သော မြန်မာပြည်သို့ သွားသည်ဖြစ်စေ၊ အခြားသောနိုင်ငံများသို့ သွားသည်ဖြစ် စေ၊ ခရီးသွားအတွေ့အကြုံများကို မိမိ၏စာဖတ်ပရိသတ်များအား ခံစားမျှဝေပေးလိုသောဆန္ဒရှိမိပါသည်။

မြန်မာပြည်မှာနေစဉ်က မိသားစုကျိုက်ထီးရိုးဘုရားဖူးခရီးကို သဘာဝသိပ္ပံမဂ္ဂဇင်းတွင် "လေ့ကျင့်ခန်းအ ကျိုးနှင့် ဘုရားတံခိုး"ခေါင်းစဉ်ဖြင့် ရေးခဲ့ဖူးသည်။ စင်ကာပူကိုရောက်ပြီးနောက် မိသားစု မြန်မာပြည်သို့ အလည်ပြန်သောခရီးကို ကြီးပွားရေးမဂ္ဂဇင်းတွင် "လျှပ်တစ်ပြက် ပြည်မြန်မာ" ဟူသောခေါင်းစဉ်ဖြင့်လည်း ကောင်း၊ မလေးရှားနိုင်ငံရှိ 'ကိုတာတင်ဂီ' ရေတံခွန်အနားယူစခန်း ခရီးစဉ်ကို ကလျာမဂ္ဂဇင်းတွင်လည်း ကောင်း၊ ဖင်လန်နိုင်ငံခရီးစဉ်ကို နွယ်နီမဂ္ဂဇင်းတွင် "ဖင်လန်နိုင်ငံ သို့မဟုတ် မြောက်ဝင်ရိုးစွန်း ခရီးသို့" ဟူသောခေါင်းစဉ်ဖြင့် ၁၀ လတိတိ ဆက်တိုက်ရေးခဲ့ပါသည်။

ယခုလည်း ကျွန်းသာယာဘလော့တွင် မြန်မာပြည်နှင့် နိုင်ငံရပ်ခြားခရီးသွား အတွေ့အကြုံများကို ဓာတ်ပုံ ဝေေ၀ဆာဆာဖြင့် မကြာခဏ ရေးဖြစ်နေပါသည်။ တစ်ချိန်တွင် မိမိ၏ခရီးသွားဆောင်းပါးများကို စုစည်း လျက် ခရီးသွားစာအုပ်တစ်အုပ်ထုတ်ရန် ရည်ရွယ်ထားမိ၏။ ယခုပင် တစ်အုပ်စာမက စာများ ရှိနေပြီဖြစ် သည်။  



(၀ဲမှယာသို့ လက်ယာရစ်) ၁. ဥပ္ပါတသန္တိစေတီတော်ကြီး(နေပြည်တော်)ကို ဖူးမျှော်ကန်တော့ကြစဉ်၊ ၂. ခံ့ခံ့ညားညား မုဒုံ ကန်ကြီးဘုရားမုခ်ဦး၊ ၃. ဆူးလေဘုရားအနီးမှ ခိုကလေးများ၊ ၄. ဦးပိန်တံတားပေါ်မှာ၊ ၅. အထက်တန်းတွဲထဲမှာ တရေးတမော၊ ၆. မုဒုံ ကန်ကြီးဘုရားရင်ပြင်။ 



လူတို့ ခရီးသွားခြင်းတွင် အကြောင်းအမျိုးမျိုးရှိလေသည်။ အချို့ က အရောင်းအ၀ယ်ကိစ္စဖြင့် ခရီးသွားကြ၏။ အချို့ က အလုပ်တာဝန်ဖြင့် ခရီးသွားကြရ၏။ အချို့ က မိသားစုဖြင့် မိဖဆွေမျိုးနှင့်မိတ်ဆွေများထံ အလည်အ ပတ်သွားကြ၏။ အချို့ က ဘုရားဖူးသွားတတ်ကြ၏။ အချို့ က ခရီးသွားခြင်းကို နှစ်သက်သဖြင့် မိမိ မရောက်ဖူး သေးသော အရပ်ဒေသများသို့ တကူးတကပင် ငွေစုဆောင်းကာ ကြိုတင်စီစဉ်ပြီးမှခရီးသွားကြလေ့ရှိ၏။ ယင်း သို့သော သူများမှာ ခရီးသွားလာရခြင်းကို အလွန်နှစ်သက် ပျော်မွေ့ကြသူများ ဖြစ်ကြလေသည်။ 

တနည်းဆိုရသော် ခရီးသွားခြင်း၏အရသာကို 'စွဲ'မိနေကြသူများဟုပြောက ရတန်ရာ၏။ 



(ကန့်ဘလူမြို့) ၁. မိခင်ကြီး၊အဒေါ်များနှင့်ဦးလေးတို့အား ကန်တော့ကြစဉ်။ ၂. မိခင်ကြီး၏အုတ်ဂူသို့ သွားရောက်ကန်တော့ခဲ့သည်။ ၃. ကျောက်ဖြစ်သွားသော အင်ကျင်းပင်ကြီး။ ၄. မိတ်ဆွေများ၏ဧည့်ခံကျွေးမွေးပွဲမှာ တပျော်တပါး စကားတွေပြောကြလို့။




သည်တွင် မိမိသည် မည်သည့်ခရီးသွားသူအမျိုးအစားတွင်ပါလေသနည်းဟု စေ့ငုကြည့်မိပါ၏။ မိမိသည် မိမိ ၏မိဖနှစ်ဦး သက်ရှိထင်ရှားရှိစဉ်အခါက စင်ကာပူမှ မိဖများရှိရာ ကန့်ဘလူသို့ အလည်ပြန်ဖြစ်ခဲ့သည်။ ရန်ကုန် မှကန့်ဘလူသို့ တိုက်ရိုက်ပြန်လေ့ရှိပြီး အခြားမြို့ များသို့သွားပြီး လည်ပတ်ကြလေ့မရှိပေ။ ကန့်ဘလူမှ ရန်ကုန် သို့ ပြန်သောအခါတွင်သာ ဖခင်ဘက်မှဆွေမျိုးများရှိရာ ရွေဘိုမြို့ သို့ ၁ ရက် ၂ ရက်ခန့် ၀င်လည်တတ်သည်။ ရွှေဘိုမှမန္တလေးသို့ လိုင်းကားစီးသွားကာ ရောက်သည့်နေ့တွင်ပင် ရထားဖြင့်ရန်ကုန်သို့ပြန်ပါသည်။ စောစော ပိုင်းနှစ်များက မန္တလေးတွင်ခရီးတစ်ထောက်နားပြီး လည်ပတ်ခြင်း မရှိပါချေ။

သို့ဖြစ်ရာ သမီးဖြစ်သူက "တစ်ခါသွားလည်း ကန့်ဘလူ၊ နောက်တစ်ခါသွားလည်း ကန့်ဘလူ၊ သူများတွေလို တခြားမြို့ တွေကို မလည်ရဘူး" ဟု ပြောခဲ့ခြင်းဖြစ်သည်။ သည်အခါမှာ မိမိက "အဖေတို့က အဖိုးတွေအဖွား တွေ ရှိနေတုန်းမို့ ကန့်ဘလူကိုသွားပြီး ကြာကြာလေး သွားနေတာ။ မြန်မာပြည်ကို ပြန်လည်တယ်ဆိုတာ အဓိ ကရည်ရွယ်ချက်က အဖိုးအဖွားတွေနဲ့ ဆွေမျိုးတွေဆီကို သွားတာ။ နောင်မှာ အဖိုးအဖွားတွေမရှိကြတော့တဲ့ အခါ တခြားနေရာတွေကို အချိန်မရွေး သွားလည်လို့ရတယ်။" ဟု သမီးလေးနားလည်သဘောပေါက်စေရန် ပြောပြရသည်။ 

























ဆက်ပြီးရေးပါဦးမယ်။