"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Saturday, May 30, 2020

အခန်းအောင်း လင်မယား (၂)



အဝေးရောက်ဓမ္မသင်တန်းသူ

 မိမိနှင့်ဇနီးတို့သည် ဆရာတော်ကြီးများ၏တရားများနှင့်ဓမ္မသင်တန်းများကို မဟာဗောဓိရုပ်သံမှ နေ့စဉ်နေ့ တိုင်းလိုလို နာယူလေ့ရှိပါသည်။

များသောအားဖြင့် စနေ တနင်္ဂနွေကဲ့သို့သောရက်များမှာ ပို၍ကြားနာဖြစ်ပါ၏။ 

ယခုကဲ့သို့ အိမ်မှအပြင်သို့လုံးဝမထွက်ဖြစ်သည့်အချိန်မျိုးတွင် မိမိတို့အဖိုးကြီးအဖွားကြီးနှစ်ဦးအခန်းအောင်း ရင်းတရားနာယူခြင်း၊ သင်ယူမှတ်သားခြင်း၊ လေ့လာခြင်းနှင့် ဆွေးနွေးခြင်းတို့ကို  အေးအေးဆေးဆေးပြုလုပ်လျက် ကုသိုလ်ယူခွင့်ရကြပါသည်။

မိမိက တရားတော်များကို ကြားနာရုံသာကြားနာပြီးလေ့လာမှတ်သားကာ ဇနီးဖြစ်သူကမူ သူ၏လက်စွဲ "ဗုဒ္ဓဘာသာကောင်း တစ်ယောက်" စာအုပ်ကြီးကိုဖွင့်လျက် နာယူလေ့ရှိသည်။


                  



ဟောပြောသောတရားဓမ္မများကို စာအုပ်တွင်ရှာပြီး တိုက်ဆိုင်နာယူပါသည်။ 

တခါတရံမှာ ဆရာတော်ကြီးများ ရွတ်ဖတ်သည့်ပါဠိစာသားများကို နောက်မှလိုက်ပါရွတ်ဆိုခြင်းပြုလုပ်ပါသည်။

နောက်ပြီး စာအုပ်ထဲတွင်မပါရှိသော ဆရာတော်ကြီးများ၏ရှင်းလင်းချက်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မှတ်စုလိုက်ထုတ်လျက် ဆိုင်ရာစာမျက်နှာနှင့်စာပိုဒ်များအနီးတွင် ဖြည့်စွက်ရေးသွင်းပါသည်။

ဆရာတော်ကြီးများက ဥပမာအမျိုးမျိုးပေးပြီးရှင်းပြတတ်ကြသဖြင့် ယခင်စာအုပ်ဖတ်ထားသည်ထက် များစွာသဘောပေါက်နားလည်းခြင်းရှိလာသောကြောင့် အလွန်ပင်ကျေးဇူးကြီးလှပါပေသည်။









တီဗွီရှေ့ တွင် တရားနာရင်း
ဓမ္မကို လေ့လာနေ  












တစ်ချိန်တည်းမှာ အဖွားကြီးက ပါဠိဝေါဟာရနှင့် အင်္ဂလိပ်စာလုံးတို့ကို တွဲဖက်မှတ်သားတာမျိုးလည်း ရှိပါသေးသည်။

အထူးသဖြင့် အောက်စဖို့ဒ်ဆရာတော်က အင်္ဂလိပ်စာလုံးများ အတော်များများလေးညှပ်ပြီး ဟောပြောသင်ကြားတတ်ပါသည်။

ဥပမာ၊

ဥပါဒါန် - attachment 
လောဘ - greed
အနိစ္စ - impermanent

မိမိကိုယ်တိုင်ကလည်း ယင်းသို့တွဲဖက်လေ့လာရခြင်းကို နှစ်သက်မိပါသည်။




Friday, May 22, 2020

အခန်းအောင်း လင်မယား (၁)





တနေ့တနေ့ 
ဒီတီဗွီရှေ့ မှာ
အဖိုးကြီးနဲ့အဖွားကြီး
ထိုင်ပြီး အချိန်ကုန်နေကြရ ..








ဝင်းဦး၏မန္တလေးသင်္ကြန်သီချင်းကို အလွမ်းပြေနားထောင်



စင်ကာပူနိုင်ငံမှာ 'စားကစ်ဘရိတ်ကာ' (circuit breaker) ခေါ် တင်းကျပ်တဲ့ ခပ်ခွာခွာနေထိုင်ရေးမူ (safe distancing measures) ကို  ဧပြီလ ၇ ရက်နေ့ကစပြီးချမှတ်လိုက်တော့ လူတွေအားလုံးလိုလို အိမ်ထဲမှာပဲ 
နေနေကြရတော့တာ။

လုပ်ချင်ချင် မလုပ်ချင်ချင် အခန်းအောင်းပြီးနေကြရတော့တာ။

မတတ်သာလို့ ကိစ္စရှိတဲ့အခါတွေမှာ အပြင်ကိုထွက်ကြရပြန်ရင်လဲ ဘတ်(စ)ကားမှတ်တိုင်နဲ့ဘူတာရုံတွေ
မှာဖြစ်ဖြစ်၊ ဘတ် (စ)ကားနဲ့ ရထားတွေအထဲမှာဖြစ်ဖြစ်၊ စားသောက်ဆိုင်တွေမှာဖြစ်ဖြစ်၊ ရုံးဌာနတွေမှာ
ဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ၃ ပေလောက်အကွာမှာ ရပ်ကြရတယ်လေ။

နောက်ပြီး အိမ်ကနေစထွက်တာနဲ့ နှာခေါင်းစည်းက မတပ်မနေတပ်ကြရသေးတယ်။

ဒါကလဲ နိုင်ငံအတွင်းက လူတွေအချင်းချင်း ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး အလျင်အမြန်ကြီး မကူးစက်လွယ် မ
ပျံ့ ပွားလွယ်စေရအောင်ပါ (local transmission of COVID-19)။

တစ်နည်းပြောရရင် လူတွေအချင်းချင်း အိမ်မှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်တွေမှာဖြစ်ဖြစ် လမ်းမှာဖြစ်ဖြစ် ထိ
တွေ့ ဆက်ဆံတာ (interactions in public and private places) မလုပ်ကြဖို့ အခါမလတ် သတိပေးနေပါ
တယ်။

အစိုးရက လူတွေကို ကိုယ့်အိမ်မှာပဲကိုယ်နေကြဖို့ (stay home)၊ ဖြစ်နိုင်သလောက် အိမ်အပြင်ကို မထွက်
ကြဖို့တိုက်တွန်းထားပါတယ်။

တိတိကျကျပြောရရင်တော့ အမိန့်ထုတ်ထားတာပါ။

ဒါကြောင့် မိမိတို့အဖိုးအဖွားနှစ်ယောက်လဲ များသောအားဖြင့် အိမ်ကဧည့်ခန်းမှာပဲ အချိန်ကုန်နေကြ
ရတယ်။









ဧည့်ခန်းမှာ ဒီလိုပဲထိုင်ပြီး တီဗွီကြည့်နေကြတာ



မိမိကတော့ ဆေးရုံကို မနက်ပိုင်းတစ်ပိုင်းနေ့တိုင်း အလုပ်လုပ်နေတာဖြစ်လို့ နေ့ခင်းမှာမှ အိမ်ကိုပြန်
ရောက်လေ့ရှိပါတယ်။

အိမ်ပြန်ရောက်လို့နေ့လည်စာစား ရေမိုးချိုးပြီးတဲ့အခါ ဧည့်ခန်းမှာ အဖွားကြီးနဲ့အတူနေဖြစ်တော့တာ။

ကွန်ပြူတာမှာ မြန်မာသတင်းစာတွေနဲ့ဂျာနယ်တချို့ ဖတ်တယ်။

ဖေ့စ်ဘွတ်ကြည့်တယ်။

စိတ်ဝင်စားစရာသတင်းဖြစ်ဖြစ် သိချင်စရာ မှတ်သားစရာဖြစ်ဖြစ်တွေ့ရင်လဲ ဖတ်ဖြစ်တယ်။

ဘလော့မှာ စာရေးတင်တယ်။

နောက်တော့ ကွန်ပြူတာသုံးနေရင်းပဲဖြစ်ဖြစ်  လုံးဝမသုံးတော့ပဲဖြစ်ဖြစ် တီဗွီဘက်ကို ရောက်သွားတော့
တာ။

အချိန်ကုန်တယ်ဆိုတာက ..

ဆရာတော်ကြီးများ၏တရားတော်များကို နာကြားတာ။

မြန်မာနိုင်ငံတလွှားက တံခိုးကြီးမား ဘုရားစေတီများဖူးမျှော်ခရီးတွေကိုကြည့်ရင်း ပူဇော်နေတာ။

မြန်မာရုပ်သံအစီအစဉ်ကထုတ်လွင့်ပေးနေတဲ့ မြန်မာရုပ်ရှင်ကား အဟောင်းတွေနဲ့အသစ်တွေကို
ကြည့်တာ။

မြန်မာ့ရုပ်ရှင်နှစ်(၁၀၀) ပြည့်ပွဲတော်အထိမ်းအမှတ်အဖြစ် စည်သူဗိုလ်ကလေးတင့်အောင်၊ သူ၏တူမ 
ခင်နန်းယုထွေး (ဂီတလုလင် မောင်ကိုကို၏သမီး) နှင့် ဂီတမှူးဇော်ဟိန်း (အဆိုတော်သန်းဖေလေးရဲ့ 
သား) တို့၏      ရှေးခေတ်ဟောင်းတေးသီချင်းများဆွေးနွေးတင်ပြတဲ့ 'ဤဘ၀၀ယ်' အစီအစဉ်ကို မှန်
မှန်ကြည့်တာ။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြည်သူများနဲ့တွေ့ ဆုံမေးမြန်းဆွေးနွေးတာတွေကို နားထောင်တာ။

မြန်ပြည်ရဲ့ နေ့စဉ်သတင်းများနဲ့အတူ COVID-19 ဆိုင်ရာဆောင်ရွက်နေတဲ့သတင်းများကို နားထောင်
တာ။  

တစ်ခါတလေမှာ မြေးလေးတွေနဲ့ ဗွီဒီယိုချက်(video chat)လုပ်ပြီး စကားပြောကြရတယ်။ 
ပျော်စရာပေါ့။





























မြေးအကြီးနဲ့ရယ်ရယ်မောမောလေး




 မြေးအငယ်နဲ့ စကားတွေပြောလို့






သားက အိမ်အပေါ်ထပ်ကသူ့အခန်းမှာ ကွန်ပြူတာနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ရုံးကအလုပ်တွေကို 
လုပ် (telecommuting from home) နေတာဖြစ်လို့ မိမိတို့ အဖိုးကြီးအဖွားကြီးနှစ်ဦးပဲ နေ့စဉ်နေ့တိုင်း 
အောက်ထပ်မှာထိုင်ပြီး စားလိုက်သောက်လိုက်၊ တီဗွီကြည့်လိုက်၊ စာဖတ်လိုက်ရှိနေတယ်။

စားလိုက်သောက်လိုက်ဆိုလို့ နေ့ခင်းတွေမှာ အဖွားကြီးက မြန်မာအစားအစာတွေကို တစ်မျိုးပြီးတမျိုး 
လုပ်ကျွေးတာလေ။

ပေါင်မုံ့အုန်းနို့ဆမ်း၊ ကဇွန်းဥပြုတ်၊ ငှက်ပျောသီးကြော်၊ လက်ဖက် ချင်းသုတ်နဲ့ထမင်း၊ ဗယာကြာ်နဲ့ထ
မင်း၊ ဆီထမင်း၊ ကောက်ညင်းပေါင်း အစရှိလို့ပေါ့။





  ဘရာကြော်နဲ့ထမင်း





အဖွားကြီးက တီဗွီပိတ်ပြီး 
ဖုန်းကလေးနဲ့တရားနာရင်း
ပုတီးစိတ်
 


တစ်ခါတရံမှာတော့ ဟိုဟာကြည့် ဒီဟာကြည့်ပြီး မျက်စိညောင်းလို့ အဖိုးကြီး အဖွားကြီး ၂ ယောက် 
ဆိုဖာခုံအရှည်တစ်ယောက်တစ်လုံးနဲ့ အနားယူလှဲကြရင်း အိပ်ပျော်သွားတတ်ကြသေးတာ။









အဖိုးကြီးကလဲ တိတ်တိတ်ဆိတ်ဆိတ်အိပ်








Saturday, May 16, 2020

ပညာရှင်အမြင် အတွေးနှင့်အရေး






ဒီကနေ့မနက်က ဆရာကြီး ဒေါက်တာမောင်မောင်ညို၏ "လောကအလယ် သက်ရှစ်ဆယ် (နှစ်ရှစ်ဆယ် အတ္ထုပ္ပတ္တိ)" စာအုပ်ကို ကောက်ဖတ်မိပြန်ပါတယ်။

ဆရာဝန်၊ စာရေးဆရာ၊ ပါမောက္ခ၊ ဗိုလ်မှူး အစရှိတဲ့ဘ၀မျိုးစုံကို ဖြတ်သန်းလာခဲ့သူတစ်ဦး၏ နှစ်ရှစ်ဆယ်ကြာကာလ အတွေ့ အကြုံရတနာများလို့ပြောရပါမယ်။ 

အပိုဒ် ၄ ပိုဒ်ပါတဲ့ ဆရာကြီး၏ကိုယ်တိုင်ရေးအဖွင့်ကဗျာလေးကို စာအုပ်ရဲ့  ပထမဆုံးစာမျက်နှာမှာ ဖော်ပြပေးထားတာကိုလဲတွေ့ရပါတယ်။

ငါ၏အသက်
တွက်စစ်ကြည့်တော့
မငယ်ရော့ချေ
ဟော့ .. ရှစ်ဆယ်တွင်း။ 

လို့ အစပျိုးထားပြီး သူ အသက်ရှစ်ဆယ်ပြည့်ခဲ့ပါပြီ မငယ်တော့ပါဘူးတဲ့။
နောက်တနေရာမှာတော့

ဤသက်ရှင်သည်
ပြန်လည်ကြည့်ကာ
ဘ၀အမော
လောကကြောကို
စောကြောနိုင်၏
တရားသိ၏။

လို့ရေးကာ ယခုစာအုပ်ရေးဖြစ်ရခြင်း၏အကြောင်းကို ပြောထားတာကိုလည်း တွေ့ ရပြန်ပါတယ်။

ဟုတ်ပါတယ်။

ဆရာကြီးက လူတိုင်း ရခဲလှ နေရခဲလှတဲ့ အသက်ရှစ်ဆယ်အရွယ်ကို ကျန်းကျန်းမာမာနဲ့ရောက်ရှိဖြတ်သန်းရင်း သူရဲ့  အနှစ် ၈၀ ဘ၀ခရီးရှည်ကို ရှုဒေါင့်အစုံကနေရေးထားတာပါ။

စာအုပ်ကိုရခါစတုန်းက ဟိုနည်းနည်း ဒီနည်းနည်းလောက်သာ ဖတ်ထားခဲ့ရသေးတာ။ 

ဒါကြောင့် ဖတ်လို့မပြီးသေးတာမို့ မိမိ၏ကွန်ပြူတာစားပွဲမှာ ဒီအတိုင်းပဲတင်ထားတယ်။ 

အချိန်ရတိုင်း ကောက်ဖတ်ဖြစ်အောင်ဖြစ်တယ်။

စာမျက်နှာ ၃၀၂ ကို စပြီးလှန်ကြည့်လိုက်တာနဲ့ စာရေးဆရာကြီး ဆမ္မာဒဆက်မော်(မ)၏စိတ်ဝင်စားစရာ အ ဆိုအမိန့်တစ်ရပ်ကို ဖတ်မိပါတယ်။

"စာရေးဆရာကောင်းတစ်ယောက်ဖြစ်ရန် ဆရာဝန်သင်တန်းသည် 
အကောင်းဆုံးဖြစ်ကြောင်း၊ 
အကြောင်းမှာ ဆရာဝန် ဆေးကျောင်းသာတို့သည် 
သူများ မမြင်သည်ကိုမြင်တတ်၊ သူများ မခံစားတတ်သည်ကို ခံစားတတ်ခြင်းကြောင့်ဖြစ်ကြောင်း"

ဤသည်မှာ ဆေးပညာ၏အမြင်သည် ရိုးရိုးလူ၏အမြင်ထက် ပိုမိုပြည့်စုံ ထောင့်စုံသောကြောင့်ဖြစ်သည်။ 
အင်္ဂလိပ်လို Observant မြန်မာလို 'မြင်တတ် မှတ်တတ်"သည်ဟု ဆိုရမည်။    

လို့ ဆရာကြီးဒေါက်တာမောင်မောင်ညိုက မှတ်ချက်ပြုထားပါသေးတယ်။

ဒါနဲ့ပတ်သက်ပြီး စာရေးဆရာကြီးအောင်သင်း၏စကားကို ဆက်စပ်လို့သတိရမိပါတယ်။

တကယ်က ဆေးကျောင်းသား ဆရာဝန်စာရေးဆရာများအကြောင်း ဆရာအောင်သင်းရဲ့  ဟောကိန်းလို့ဆိုရင်လဲ မှားမယ်မဟုတ်ပါဘူး။

၁၉၇၀ ၀န်းကျင်အချိန်လောက်ကဖြစ်မယ်ထင်ပါတယ်။

အဲဒီအချိန်က ဆရာအောင်သင်း တဖွဖွပြောခဲ့ဖူးတဲ့ စကားတစ်ခုက ..

ဆရာဝန်စာရေးဆရာတွေ တစ်ပုံကြီးပေါ်လာလိမ့်မယ်။
ဆေးပညာကိုချည်း ရေးတာမဟုတ်ဘဲ တကယ့်ရသစာပေပညာရှင်တွေ ပေါ်လာလိမ့်မယ်  လို့ဖြစ်ပါတယ်။

ဘာ့ကြောင့်လဲဆိုရင်

စာပေ၀ါသနာပါသော၊ မြန်မာစာ၌လည်း အထုံပါသော ကျောင်းသားပေါင်းများစွာ ဆေးတက္ကသိုလ်သို့ ရောက်ကုန်ကြသောကြောင့်  

လို့ ဆရာအောင်သင်းက အကြောင်းပြထားပါသေးတယ်။ 



ဆက်ရေးပါဦးမည်။
    




Thursday, May 7, 2020

သတင်းနှင့်တွေးမိတွေးရာ




ဖတ်မိဖတ်ရာအချို့ 



မိမိသည် မိမိကိုယ်ကိုမိမိ သတင်းသမားဟု အခါများစွာ ခံယူကြည့်မိပါသည်။

ငယ်စဉ်ကလေးဘ၀ကတည်းက သတင်းနှင့်စတင်ရင်နှီးခဲ့ပြီး သတင်းဆန်သောစာများဖတ်ရသည်ကို နှစ်သက်ခဲ့ပါသည်။

သတင်းဆန်သောစာများဆိုသည်မှာ ဆောင်းပါးများနှင့်သတင်းပေးသောစာအားလုံးကို ပြောလိုရင်းဖြစ်သည်။

ဆောင်းပါးအကြောင်းကို အထွေအထူးပြောရန်မလိုဟုထင်ပါသည်။

သို့သော် ဆောင်းပါး (articles) မဟုတ်သော တခြားသောစာအမျိုးအစားများလည်းရှိနေသေးသည်။

သတင်း(news) ကဲ့သို့ သတင်းအဖြစ် မသတ်မှတ်နိုင်သလို ဆောင်းပါးကဲ့သို့ စာပေပုံစံတစ်ရပ်အဖြစ်မသတ်မှတ်နိုင်သောစာများကိုပြောခြင်းဖြစ်သည်။

မှတ်တမ်းများနှင့် စုစည်းတင်ပြမှုများ (documents, reports, etc) ကို ဆိုလိုပါသည်။


မည်သည့်ပုံစံမျိုးဖြစ်ပါစေ မိမိအတွက် သိချင်သည်များ စိတ်ဝင်စားသည်များ မှတ်သားထားလိုသည်များရှိက  သတင်းဟုပင်ခေါ်ရပါမည်။

မိုးလင်းသည်နှင့် သတင်းစာဖတ်ချင်သည်။

ဖတ်လည်း ဖတ်ဖြစ်ခဲ့သည်။

မှန်မှန်ကြီးဖတ်လာခဲ့သလို စွဲစွဲမြဲမြဲ နှစ်နှစ်ခြိုက်ခြိုက်ဖြင့် နှစ်ပေါင်းများစွာဖတ်ဖြစ်ခဲ့ပါသည်။










 









Saturday, May 2, 2020

ကျနော် ဈေးဝယ်ရပြီ (၂)




                                                                       ဈေးဝယ်ပြီးလို့ အိမ်ပြန်အရောက်


ဒီကနေ့ စနေနေ့မှာ မိမိဈေးဝယ်ထွက်ဖြစ်ပါတယ်။

အခုတစ်ခေါက်မှာ တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။

အိမ်ရှင်မနှင့်အတူ ဈေးကိုနံနက်စာသွားစားကြရင်း ၀ယ်ဖြစ်ခဲ့တာပါ။

တကယ်တော့ ဒါက ကိုရိုနာဗိုင်းရပ်ကိစ္စ (coronavirus outbreak) တွေမဖြစ်မီတုန်းက လုပ်နေကျအလုပ်ရယ်ပါ။ 

တစ်ခုမတူတာက အဲဒီတုန်းကလို ဈေးမှာနံနက်စာစားပြီးတာနဲ့ ကုန်တိုက်ကို ဆက်ပြီးမသွားဖြစ်တော့တာပါပဲ။

နံနက်စာစားတဲဆိုင်မှာပဲ နေ့လည်စာအတွက် အသားဟင်းတစ်မျိုးမျိုး (ဥပမာ၊ ဆိတ်သားဟင်း)နဲ့ ဒန်ပေါက်ထမင်း အစရှိတဲ့စားစရာတွေ တစ်လက်စာထဲဝယ်ခဲ့တာမျိုးရှိတယ်။

နောက်ပြီး ကုန်စိမ်းဆိုင်က အသီးအရွက်တွေ (ဥပမာ၊ ဒန့်ဒလွန်ရွက်/သီး၊ ခရမ်းသီး၊ ဘူးသီး၊ သရက်သီး) ၀ယ်တယ်။

တစ်ခါတလေမှာ ၀ပ်(တ)ဆန် (Watsons) ဆိုင်က အိမ်သုံးကုန်နဲ့အလှကုန်ပစ္စည်းတချို့ ဝယ်ဖြစ်တယ်။

ပြီးတာနဲ့ ဘတ်စ်ကားစီးပြီး အိမ်ကိုပြန်ခဲ့ကြတော့တာ။

အလွန်ဆုံးကြာလှ ၁ နာရီပေါ့။

ဒီကနေ့ဆိုရင် အိမ်ကထွက်တော့ မနက် ၉ နာရီ ၄၂ မိနစ်။

ဈေးမှာ မနက်စာစား ဈေးဝယ်ပြီး အိမ်ကိုပြန်ရောက်တော့ မနက် ၁၀ နာရီနဲ့ မိနစ် ၃၀ လောက်ပဲရှိသေးတာမို့ ၁ နာရီအပြည့်မရှိဘူး။ 

အသွားအပြန်ဘတ်စ်ကား ၂ ခါစီးတာ တစ်ကြိမ်ပဲယူတာ။

အသွားတုန်းက ဘတ်စ်ကားအမှတ် ၄၉  စီးတာ ၅၉ ပြားပေးရတယ်။

အပြန်မှာ ဘတ်စ်ကားအမှတ် ၃၃၄  စီးလာတော့ တစ်ပြားမှမယူဘူး။

ကားလက်မှတ်က လက်ကျန်ငွေ (balance) က အလာတုန်းကနှုတ်ထားတဲ့အတိုင်းပါ။

နောက်ထပ် မပေးရဘူး။

ဒါကလဲ မိမိတို့လို အသက်ကြီးတဲ့သူတွေ ဒါမှမဟုတ် ပင်စင်စားတွေအားလုံး (ဒီကအခေါ် Senior citizen) အတွက် သက်သက်သာသာဖြစ်အောင် အစိုးရက အထူးစီစဉ်ပေးထားတာကြောင့်ပါ။