ဒီကနေ့မနက်က ဆရာကြီး ဒေါက်တာမောင်မောင်ညို၏ "လောကအလယ် သက်ရှစ်ဆယ် (နှစ်ရှစ်ဆယ် အတ္ထုပ္ပတ္တိ)" စာအုပ်ကို ကောက်ဖတ်မိပြန်ပါတယ်။
ဆရာဝန်၊ စာရေးဆရာ၊ ပါမောက္ခ၊ ဗိုလ်မှူး အစရှိတဲ့ဘ၀မျိုးစုံကို ဖြတ်သန်းလာခဲ့သူတစ်ဦး၏ နှစ်ရှစ်ဆယ်ကြာကာလ အတွေ့ အကြုံရတနာများလို့ပြောရပါမယ်။
အပိုဒ် ၄ ပိုဒ်ပါတဲ့ ဆရာကြီး၏ကိုယ်တိုင်ရေးအဖွင့်ကဗျာလေးကို စာအုပ်ရဲ့  ပထမဆုံးစာမျက်နှာမှာ ဖော်ပြပေးထားတာကိုလဲတွေ့ရပါတယ်။
ငါ၏အသက်
တွက်စစ်ကြည့်တော့
မငယ်ရော့ချေ
ဟော့ .. ရှစ်ဆယ်တွင်း။
လို့ အစပျိုးထားပြီး သူ အသက်ရှစ်ဆယ်ပြည့်ခဲ့ပါပြီ မငယ်တော့ပါဘူးတဲ့။
နောက်တနေရာမှာတော့
ဤသက်ရှင်သည်
ပြန်လည်ကြည့်ကာ
ဘ၀အမော
လောကကြောကို
စောကြောနိုင်၏
တရားသိ၏။
လို့ရေးကာ ယခုစာအုပ်ရေးဖြစ်ရခြင်း၏အကြောင်းကို ပြောထားတာကိုလည်း တွေ့ ရပြန်ပါတယ်။
ဟုတ်ပါတယ်။
ဆရာကြီးက လူတိုင်း ရခဲလှ နေရခဲလှတဲ့ အသက်ရှစ်ဆယ်အရွယ်ကို ကျန်းကျန်းမာမာနဲ့ရောက်ရှိဖြတ်သန်းရင်း သူရဲ့  အနှစ် ၈၀ ဘ၀ခရီးရှည်ကို ရှုဒေါင့်အစုံကနေရေးထားတာပါ။
စာအုပ်ကိုရခါစတုန်းက ဟိုနည်းနည်း ဒီနည်းနည်းလောက်သာ ဖတ်ထားခဲ့ရသေးတာ။
ဒါကြောင့် ဖတ်လို့မပြီးသေးတာမို့ မိမိ၏ကွန်ပြူတာစားပွဲမှာ ဒီအတိုင်းပဲတင်ထားတယ်။
အချိန်ရတိုင်း ကောက်ဖတ်ဖြစ်အောင်ဖြစ်တယ်။
စာမျက်နှာ ၃၀၂ ကို စပြီးလှန်ကြည့်လိုက်တာနဲ့ စာရေးဆရာကြီး ဆမ္မာဒဆက်မော်(မ)၏စိတ်ဝင်စားစရာ အ ဆိုအမိန့်တစ်ရပ်ကို ဖတ်မိပါတယ်။
"စာရေးဆရာကောင်းတစ်ယောက်ဖြစ်ရန် ဆရာဝန်သင်တန်းသည်
အကောင်းဆုံးဖြစ်ကြောင်း၊
အကြောင်းမှာ ဆရာဝန် ဆေးကျောင်းသာတို့သည်
သူများ မမြင်သည်ကိုမြင်တတ်၊ သူများ မခံစားတတ်သည်ကို ခံစားတတ်ခြင်းကြောင့်ဖြစ်ကြောင်း"
ဤသည်မှာ ဆေးပညာ၏အမြင်သည် ရိုးရိုးလူ၏အမြင်ထက် ပိုမိုပြည့်စုံ ထောင့်စုံသောကြောင့်ဖြစ်သည်။
အင်္ဂလိပ်လို Observant မြန်မာလို 'မြင်တတ် မှတ်တတ်"သည်ဟု ဆိုရမည်။
လို့ ဆရာကြီးဒေါက်တာမောင်မောင်ညိုက မှတ်ချက်ပြုထားပါသေးတယ်။
ဒါနဲ့ပတ်သက်ပြီး စာရေးဆရာကြီးအောင်သင်း၏စကားကို ဆက်စပ်လို့သတိရမိပါတယ်။
တကယ်က ဆေးကျောင်းသား ဆရာဝန်စာရေးဆရာများအကြောင်း ဆရာအောင်သင်းရဲ့  ဟောကိန်းလို့ဆိုရင်လဲ မှားမယ်မဟုတ်ပါဘူး။
၁၉၇၀ ၀န်းကျင်အချိန်လောက်ကဖြစ်မယ်ထင်ပါတယ်။
အဲဒီအချိန်က ဆရာအောင်သင်း တဖွဖွပြောခဲ့ဖူးတဲ့ စကားတစ်ခုက ..
ဆရာဝန်စာရေးဆရာတွေ တစ်ပုံကြီးပေါ်လာလိမ့်မယ်။
ဆေးပညာကိုချည်း ရေးတာမဟုတ်ဘဲ တကယ့်ရသစာပေပညာရှင်တွေ ပေါ်လာလိမ့်မယ် လို့ဖြစ်ပါတယ်။
ဘာ့ကြောင့်လဲဆိုရင်
စာပေ၀ါသနာပါသော၊ မြန်မာစာ၌လည်း အထုံပါသော ကျောင်းသားပေါင်းများစွာ ဆေးတက္ကသိုလ်သို့ ရောက်ကုန်ကြသောကြောင့်
လို့ ဆရာအောင်သင်းက အကြောင်းပြထားပါသေးတယ်။
ဆက်ရေးပါဦးမည်။

No comments:
Post a Comment