အဝေးရောက်ဓမ္မသင်တန်းသူ
မိမိနှင့်ဇနီးတို့သည် ဆရာတော်ကြီးများ၏တရားများနှင့်ဓမ္မသင်တန်းများကို မဟာဗောဓိရုပ်သံမှ နေ့စဉ်နေ့ တိုင်းလိုလို နာယူလေ့ရှိပါသည်။
များသောအားဖြင့် စနေ တနင်္ဂနွေကဲ့သို့သောရက်များမှာ ပို၍ကြားနာဖြစ်ပါ၏။
ယခုကဲ့သို့ အိမ်မှအပြင်သို့လုံးဝမထွက်ဖြစ်သည့်အချိန်မျိုးတွင် မိမိတို့အဖိုးကြီးအဖွားကြီးနှစ်ဦးအခန်းအောင်း ရင်းတရားနာယူခြင်း၊ သင်ယူမှတ်သားခြင်း၊ လေ့လာခြင်းနှင့် ဆွေးနွေးခြင်းတို့ကို အေးအေးဆေးဆေးပြုလုပ်လျက် ကုသိုလ်ယူခွင့်ရကြပါသည်။
မိမိက တရားတော်များကို ကြားနာရုံသာကြားနာပြီးလေ့လာမှတ်သားကာ ဇနီးဖြစ်သူကမူ သူ၏လက်စွဲ "ဗုဒ္ဓဘာသာကောင်း တစ်ယောက်" စာအုပ်ကြီးကိုဖွင့်လျက် နာယူလေ့ရှိသည်။


ဟောပြောသောတရားဓမ္မများကို စာအုပ်တွင်ရှာပြီး တိုက်ဆိုင်နာယူပါသည်။
တခါတရံမှာ ဆရာတော်ကြီးများ ရွတ်ဖတ်သည့်ပါဠိစာသားများကို နောက်မှလိုက်ပါရွတ်ဆိုခြင်းပြုလုပ်ပါသည်။
နောက်ပြီး စာအုပ်ထဲတွင်မပါရှိသော ဆရာတော်ကြီးများ၏ရှင်းလင်းချက်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မှတ်စုလိုက်ထုတ်လျက် ဆိုင်ရာစာမျက်နှာနှင့်စာပိုဒ်များအနီးတွင် ဖြည့်စွက်ရေးသွင်းပါသည်။
ဆရာတော်ကြီးများက ဥပမာအမျိုးမျိုးပေးပြီးရှင်းပြတတ်ကြသဖြင့် ယခင်စာအုပ်ဖတ်ထားသည်ထက် များစွာသဘောပေါက်နားလည်းခြင်းရှိလာသောကြောင့် အလွန်ပင်ကျေးဇူးကြီးလှပါပေသည်။


တီဗွီရှေ့ တွင် တရားနာရင်း
ဓမ္မကို လေ့လာနေ

တစ်ချိန်တည်းမှာ အဖွားကြီးက ပါဠိဝေါဟာရနှင့် အင်္ဂလိပ်စာလုံးတို့ကို တွဲဖက်မှတ်သားတာမျိုးလည်း ရှိပါသေးသည်။
အထူးသဖြင့် အောက်စဖို့ဒ်ဆရာတော်က အင်္ဂလိပ်စာလုံးများ အတော်များများလေးညှပ်ပြီး ဟောပြောသင်ကြားတတ်ပါသည်။
ဥပမာ၊
ဥပါဒါန် - attachment
လောဘ - greed
အနိစ္စ - impermanent
မိမိကိုယ်တိုင်ကလည်း ယင်းသို့တွဲဖက်လေ့လာရခြင်းကို နှစ်သက်မိပါသည်။
No comments:
Post a Comment