"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, June 7, 2020

ဟိုတစ ဒီတစ အမှတ်တရလေးများ



လူတိုင်းလူတိုင်းရဲ့ ဘ၀မှာ အမှတ်ရစရာလေးတွေ အနည်းနဲ့အများဆိုတာက ရှိတတ်ကြစမြဲပါ။

ငယ်စဉ်ကလေးဘ၀ လူမှန်းသိတတ်စအရွယ်ကပဲဖြစ်ဖြစ်
ကျောင်းနေတဲ့အရွယ်ကပဲဖြစ်ဖြစ်
တက္ကသိုလ်ရောက်တဲ့အရွယ်ကပဲဖြစ်ဖြစ်
အလုပ်ထဲရောက်တဲ့အရွယ်ကပဲဖြစ်ဖြစ်
သမီးရည်းစားဘ၀နဲ့အိမ်ထောင်ကျတဲ့အရွယ်ကပဲဖြစ်ဖြစ်
သားသမီးတွေ မြေးမြစ်တွေရလာတဲ့အရွယ်မှာပဲဖြစ်ဖြစ်

အို စုံလို့ စုံလို့ပါ။

ဘ၀မှာ အတွေ့အကြုံမျိုးစုံကို ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းလာခဲ့ကြရသလို အမှတ်ရစရာလေးတွေ သတိရစရာလေးတွေ ရှိခဲ့ကြရတာ ဓမ္မပဲလေ။

ကောင်းတာလဲရှိ။ 
ဆိုးတာလဲရှိ။

အကောင်းလဲမဟုတ် အဆိုးလဲမဟုတ်တဲ့ ဘာရယ်မဟုတ်တာတွေလဲ ရှိကြလို့ပေါ့လေ။

တချို့ တွေက ကိုယ်ကပြန်တွေးကြည့်မိလို့ အမှတ်ရလာတာ။

တချို့ တွေကတော့ ကိုယ်က ဘာမှပြန်တွေးကြည့်တာမျိုးမရှိပဲ သူ့အလိုလိုလေး ဗြုံးစားကြီး 'ဘွား'ကနဲပေါ်လာပြီး သတိတရရှိတတ်ကြတာ။

ခေါင်းစဉ်မှာ 'ဟိုတစ ဒီတစ'လို့ပြောထားသလို အမှတ်တရဆိုတာမျိုးက အရွယ်အပိုင်းအခြား ကာလအပိုင်းအခြားနဲ့ အစီအစဉ်အတိုင်းပေါ်လာတတ်ကြတာမျိုး မဟုတ်ဘူးလေ။

အဲဒီ အရွယ်အပိုင်းအခြား ကာလအပိုင်းအခြားတွေနဲ့ကင်းပြီး ဖြစ်လာကြတာပါ။

ကဲပြောကြည့်ပါမယ်။

မိမိက မနက်တိုင်း ရေမိုးချိုးပြီးလို့ အလုပ်မသွားခင်မှာ နှုတ်ခမ်းမွှေး မေးမွှေးတွေကိုကပ်ကြေးလေးနဲ့ညှပ်ကာသန့်စင်ပေးပါတယ်။

မိမိက  နှုတ်ခမ်းမွှေး မေးမွှေးတွေကိုသန့်စင်တဲ့အခါ မုတ်ဆိတ်ရိပ်ဓားနဲ့စက်ကို အသုံးပြုလေ့မရှိမပါဘူး။ 

ဒါကလဲ မိမိ သန့်စင်ပေးရမယ့်နေရာမဟုတ်တဲ့ မျက်နှာရဲ့ တခြားနေရာတွေကအမွှေးတွေထွက်လာတာမျိုး မဖြစ်ချင်တာကြောင့်ပါ။

ထားပါတော့။

ဒါကြောင့် ခရီးသွားတဲ့အခါတိုင်း နှုတ်ခမ်းမွှေး မေးမွှေးညှပ်တဲ့ကပ်ကြေးလေးကို လက်သည်းညှပ်၊ ရှူဆေး၊ နဖာကလော်၊ မွှေးညှပ် အစရှိတာတွေနဲ့အတူ အိတ်ကလေးတစ်ခုမှာ စုထည့်ပြီး အမြဲယူသွားလေ့ရှိပါတယ်။

ကပ်ကြေးက အရှည် ၃ လက်မလောက်ပဲ ရှိပါတယ်။ 

ကပ်ကြေးရဲ့ ထိပ်ပိုင်းအချွန်နေရာမှာ အသားကိုမထိုးမိစေဖို့ ကော့တင်ထားပေးပါတယ်။



တနေ့မနက်က နှုတ်ခမ်းမွှေး မေးမွှေးတွေညှပ်အပြီးမှာ 'အမွှေးတွေစင်ရဲ့ လား'လို့ အိမ်ရှင်မဘက်ကို မျက်နှာလှည့်ပြရင်း အမှတ်မထင်လေး မေးလိုက်မိပါတယ်။

ဒီအခါ အိမ်ရှင်မက၊

'အဖေကြီး ကိတ်(ပ)တောင်းကို ဖုန်းနဲ့လှမ်းမေးကြည့်လိုက်လေ'

လို့ ရယ်စရာပြောပါတယ်။ 

အဲဒီတော့မှ တောင်အာဖရိကနိုင်ငံ ကိတ်(ပ)တောင်းမြို့ မှာကြုံတွေ့ခဲ့ရတာလေးကို ပြန်ပြီးအမှတ်တရဖြစ်ရပါတယ်။

ငိုအားထက် ရယ်အားသန်ရတဲ့အဖြစ်အပျက်လေးရယ်ပါ။

တစ်ချိန်က စိတ်ညစ်စရာကြုံတွေ့ခဲ့ရပေမယ့် နောင်တော့ အဲဒီအတွေ့အကြုံကို ရယ်စရာတစ်ခုအဖြစ် ပြန်ပြီးအမှတ်ရရတာမျိုးပါ။ 


ဖြစ်ရပုံက ဒီလို။

၂၀၁ရ ခုနှစ် ဂျူလိုင်လက တောင်အာဖရိကနိုင်ငံ ကိတ်(ပ)တောင်းမြို့ မှာကျင်းပမယ့် World Confederation for Physical Therapy Congress  တက်ရန် စင်ကာပူနိုင်ငံက မိမိ စီးလာခဲ့တဲ့ အီသီအိုးပီးယားအစိုးရပိုင် အီသီအိုးပီးယားလေကြောင်းလိုင်းလေယဉ်ဟာ သူရဲ့ မြို့ တော်ဖြစ်တဲ့'အဒစ်(စ)အာဘာဘာ'ရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးတစ်ထောက်ရပ်နားခဲ့ပါတယ်။ 



အီသီအိုးပီးယားလေကြောင်းလိုင်းက လေယဉ်တစ်စီး


အဲဒီကမှ အီသီအိုးပီးယားလေကြောင်းလိုင်းပိုင် နောက်လေယဉ်တစ်စီးကိုပြောင်းစီးကြရပြီး တောင်အာဖရိကနိုင်ငံရဲ့  အကြီးဆုံးမြို့ ဖြစ်တဲ့ ဂျိုဟန်နက်(စ)ဘတ်မှာ ဒုတိယအကြိမ်ခရီးတစ်ထောက် ထပ်ပြီးနားခဲ့ရပြန်ပါတယ်။

အဲဒီကနေခရီးဆက်ပြီးတော့ ကိတ်(ပ)တောင်းမြို့ ကို ဒေသအချိန် ညနေ ၅ နာရီကျော်မှာ ရောက်ခဲ့တာပါ။

ဒီတော့ ထုံးစံအတိုင်း လေယာဉ်ပေါ်ကဆင်း၊ လေဆိပ်ထဲဝင်ပြီး ပစ္စည်းရွေးတဲ့နေရာကိုသွားပါတယ်။ 

ပြသနာက ဒီနေရာမှာ စပါတော့တယ်။ 

တစ်ပတ်ပြီးတစ်ပတ်လည်နေတဲ့ပစ္စည်းတင်စင် (baggage carousel) မှာ မိနစ် ၂၀ ကျော်လောက်စောင့်ကြည့်နေပေမယ့် မိမိရဲ့ လက်ဆွဲအိတ်ကို မတွေ့ရဘူး။ 
ပစ္စည်းတွေလဲကုန်လို့ ခရီးသည်တွေလဲ မရှိကြတော့ဘူး။

ဒါနဲ့ မိမိက ပစ္စည်းပျောက်စုံစမ်းဌာန (baggage claim office) ကို သွားမေးပါတယ်။

အဲဒီဌာနက တာဝန်ရှိသူတွေက မိမိရဲ့  ခရီးဆောင်သေတ္တာလက်ခံဖြတ်ပိုင်း (luggage tag) ကိုကြည့်ပြီး 'အဒစ်(စ)အာဘာဘာ' နဲ့ ဂျိုဟန်နက်(စ)ဘတ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကို မေးပါတယ်။

နောက်ဆုံးအဖြေကတော့ ..

၁) မိမိရဲ့ ခရီးဆောင်သေတ္တာက 'အဒစ်(စ)အာဘာဘာ' လေဆိပ်မှာ ကျန်ခဲ့တယ်တဲ့။
၂) အီသီအိုးပီးယားလေကြောင်းလိုင်းက နောက်လေယဉ်တစ်စီးလာဖို့မရှိတော့လို့ ဒီနေ့ သေတ္တာမရနိုင်ဘူးတဲ့။
၃) မနက်ဖန်မှာ နေ့ခင်းလေယာဉ်နဲ့ပါလာမှာမို့ အဲဒီအခါမှပဲ သေတ္တာပြန်ရမှာဖြစ်ပါတယ်၊ မိမိတည်းခိုတဲ့ဟိုတယ်ကို အကြောင်းကြားပေးပါမယ်တဲ့။

ခရီးဆောင်သေတ္တာကိစ္စပြောဆိုပြီးတဲ့အခါ မိမိကိုလာကြိုတဲ့ကားနဲ့ ဟိုတယ်ကိုသွားပါတယ်။


  
မိမိတည်းခိုခဲ့သော Southern Sun The Cullinan ဟိုတယ်ရှေ့ မှာ။



ကိုယ်နဲ့အတူ ခရီးဆောင်သေတ္တာမပါလာတာကြောင့် နောက်ပြသနာတစ်ခု ဆက်ပြီးကြုံရပြန်ပါတယ်။

အဲဒါကတော့ မနက်ဖန်မနက်မှာပြုလုပ်မယ့် ညီလာခံဖွင့်ပွဲ (WCPT Congress 2017 Opening Ceremony) မှာဝတ်ဖို့ အ၀တ်အစားတွေ မရှိတာဖြစ်တယ်။

လေယာဉ်မှာဝတ်လာခဲ့တဲ့ ကိုယ်မှာအခုဝတ်ထားတာ ၁ စုံပဲရှိပါတယ်။

နောက်ပြီး မနက်မှာ နှုတ်ခမ်းမွှေး မေးမွှေးတွေညှပ်ဖို့ရာ ကပ်ကြေးကလဲ အဲဒီသေတ္တာထဲမှာပဲရှိတာ။

ဟုတ်ပါတယ်။ 

ပစ္စည်းအားလုံးက ခရီးဆောင်သေတ္တာထဲမှာပါ။





၁။ ပုံ ၂ က ပစ္စည်းလေးတွေ
အားလုံး စုထည့်တဲ့အိတ်  


၂။ ကပ်ကြေး၊ လက်သည်းညှပ်၊
ရှူဆေး၊ နဖာကလော်၊ မွှေးညှပ်
စတဲ့ တိုလီမိုလီပစ္စည်းလေးများ

၃။ နှုတ်ခမ်းမွှေး မေးမွှေးတွေ
ညှပ်တဲ့ကပ်ကြေးလေး







ဒါနဲ့ ဟိုတယ်ကိုပြောပြပြီး အကူအညီတောင်းတော့ ကပ်ကြေးအသေးလေးတစ်ခုရှာပေးပါတယ်။

မိမိအသုံးပြုနေတဲ့ကျကပ်ကြေးနဲ့ပုံစံမတူလို့ ညှပ်ရတာက ဟုတ်တိပတ်တိ အဆင်မပြေလှပါဘူး။

ခက်ခက်ခဲခဲလေး ညှပ်ယူရပါတယ်။ 

အမွှေးအမျှင်က စိတ်တိုင်းကျတော့ မစင်ဘူးပေါ့။

ဒါနဲ့ ဟိုတယ်ဝန်ထမ်းအမျိုးသားလေးကို ကပ်ကြေးပြန်ပေးရင်း ..

"ကဲ ဘယ်လိုလဲကွ၊ ငါ ညှပ်ထားတာ စင်ရဲ့ လား" လို့မေးလိုက်ပါတယ်။

ဒီအခါမှာ သူက မိမိရဲ့ မျက်နှာကိုသေချာကြည့်ပြီး၊

"Very clean Sir" လို့ပြောပါတယ်။

တကယ်စင်တာ မစင်တာကို အပထားပြီး ဒီလိုဖြေလိုက်တာကိုတော့ မိမိ အရမ်းသဘောခွေ့ သွားခဲ့မိတယ်။

စင်ကာပူကိုပြန်ရောက်တော့ အိမ်ရှင်မကို ဒီအကြောင်းပြောပြပြီး ရယ်ကြရသေးတယ်။





No comments:

Post a Comment