"ဘလော့လုပ်ပြီး စာတွေ ရေးစမ်းပါဗျာလို့" တိုက်တွန်းသူတွေက တိုက်တွန်း ခဲ့ကြတာ ကြာခဲ့ပါပြီ။ တိုက်တွန်းကြတဲ့ အရင်းနှီးဆုံးမိတ်ဆွေများထဲက တစ်ဦးကတော့ အမေရိကန်မှာရောက်နေတဲ့ ဒေါက်တာသောင်းတင် (စာရေးဆရာ လူမျိုးနော်)ပါ။ ဇနီးဖြစ်သူက အနီးကပ် အားပေးတိုက်တွန်းခဲ့ သလို သမီးဖြစ်သူကတော့ ယခုဘလော့ကို အစမှအဆုံး လုပ်ပေးခဲ့တာ ဖြစ် တယ်။ ရေးမယ် ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်ပါတော့တယ်။ ကမ္ဘာမှာ အရည် အသွေး အကောင်းဆုံးကျွန်းထွက်ရှိတဲ့ အမိမြန်မာပြည်နဲ့ ကျွန်းပင်တွေ ၀န်း ရံထားလေ့ရှိခဲ့တဲ့ မွေးဇာတိ ကန့်ဘလူမြို့ကို အမှတ်တရ ဂုဏ်ပြု့လျက် ဒီဘလော့၏အမည်ကို 'ကျွန်းသာယာ'လို့ ပေးလိုက်ပါသည်။

Sunday, August 30, 2015

စကားပြေ အလေ့အလာ (၇)



၁၃၇၇ ခုနှစ်၊ ၀ါခေါင်လပြည့်


ဆရာမောင်ခင်မင် (ဓနုဖြူ) သည် 'စကားပြေအလေ့အလာ' ခေါင်းစဉ်ဖြင့် မြန်မာစကားပြေလေ့လာနည်းနှင့် ရေးသားနည်းများအကြောင်းအား ဆရာ့ဆရာကြီးများ၏နည်းပေးလမ်းညွှန်မှုများကို သူ၏ကိုယ်ပိုင်လေ့လာ သင်ကြားမှုအတွေ့အကြုံများဖြင့်ပေါင်းစပ်လျက် မြန်မာ့အလင်းသတင်းစာတွင်ရေးသားလာခဲ့ရာ ယခုအမှတ် (၇)မှာ စကားပြေအကြောင်း နောက်ဆုံးဖြစ်သည်။

ဆက်လက်ဖတ်ရှုကြစေလိုပါ၏။
















Monday, August 24, 2015

ကလေးငယ်ငယ် ပြေးလွှားဆော့ကစားတယ်


၁၃၇၇ ခုနှစ်၊ ၀ါခေါင်လဆန်း ၉ ရက်




တစ်နေ့က မြေးကလေးနှင့် မိမိတို့အဘိုးအဘွားများ ကစားကြခြင်းအကြောင်းကို ယခုဘလော့မှာ ရေးခဲ့ပြီးနောက် အဲဒါနဲ့ ဆက်နွယ်ပြီး မိမိသည် အကြောအဆစ်ကုပညာရှင် (Physiotherapist) တစ်ဦးအနေဖြင့် ဥာဏ်ရည်နိမ့်မသန်စွမ်းကလေးများ (children with intellectual disability)ကို ကလေးကစားကွင်းသုံးလျက် သူတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် စနစ်တကျ လေ့ကျင့်ကုသပေးနေ ကြောင်း အောက်မှာရေးသားထားပါတယ်။

ဒီအကြောင်းကို ယခုနှစ် ဧပြီလ ၁၉ ရက်က ဖေ့စ်ဘွတ်မှာရေးခဲ့တာဖြစ်ပါတယ်။
ပြန်လည်ကူးယူတင်ပြထားတာပါ။
  


Photo (from Internet)


Photo (from Internet)



မနေ့က သောကြာနေ့မှာ မိမိ၏ဆေးကုသမှုအစီအစဉ်ထဲတွင် ထည့်သွင်းထားတဲ့ ကျောင်းပြင်ပ ကစားခြင်း (outdoor playground activities) ကို လုပ်ကြရပါတယ်။ ကျောင်းရဲ့ အနီးအနားက ကလေးကစားကွင်း ဆီကို အတန်းတစ်တန်းလုံး သွားပြီးကစားကြတာပါ။ 

မနက်ပိုင်းက ကလေး ၈ ယောက်နဲ့ ဆရာမ ၂ ဦး။ 

ညနေပိုင်းက ကလေး ၉ ယောက်၊ ဆရာမ ၃ ဦးနဲ့ လုပ်အားပေးကျောင်းသူ ၁ ဦးတို့ဖြစ်ကြပါ တယ်။

ဒီနေရာမှာ PT အနေနဲ့ မသန်စွမ်းမှုများကို ကာကွယ်ကုသပေးတာအပြင် ဘာ့ကြောင့်ကစားခုန်စားတာတွေ လုပ်ပေးနေရတာလဲလို့ အချို့ ကမေးကောင်းမေးကြပါမယ်။ 

အတိုချုပ်ဖြေရရင် PT ဆိုတာ ဟိုရှေးခေတ်ကလို မသန်စွမ်းမှုတွေကိုပဲ ကာကွယ်ကုသရတာမျိုး မဟုတ် တော့ပဲ မသန်စွမ်းကလေးငယ်များ၏ကြီးထွားဖွံ့ဖြိုးမှုတွေအတွက်ကိုလည်းပဲ (to facilitate the growth and development of children with disabilities) ဆောင်ရွက်ပေးကြရတာမို့ပါ။ 
PTများ အဓိကနားလည်ကျွမ်းကျင်တဲ့ gross motor and funtional skills ကို စနစ်တကျအသုံးပြုပြီး သင် ကြားပေးရတာဖြစ်တယ်။

"ကဲ ကစားကွင်းကိုရောက်ပြီ။ ဆော့ချင်သလိုဆော့ကြပေတော့"ဆိုပြီး လွှတ်ပေးတာမျိုး ကစားခိုင်း တာမျိုး မဟုတ်ပါဘူး။ 

ခေါင်း၊ ပခုံး၊ လက်မောင်း၊ လက်ချောင်း၊ ခါး၊ ခြေထောက်များကို သန်စွမ်းမှုဖြစ်စေမည့်၊ ကိုယ်နေဟန်ထား ချိန်ဆမှုကောင်းစေမည့်၊ အကြောအဆစ်ပျော့ပျောင်းစေမည့်၊ သက်လုံကောင်းစေမည့် ကစားအမျိုးအစား တွေ (therapist-guided physical activities) ကို PT က သေချာရွေးပြီး ဆရာမများရဲ့ အကူအညီနဲ့ ဘယ် လိုလုပ်ရမယ်ဆိုတာ သင်ပြပေးတယ် (teach and demonstrate)။ တစ်ချိန်ထဲမှာ လိုအပ်သလိုလည်း ကူ ညီထိန်းကြောင်းပေးကြရတယ် (assist and guide)။

ကန့်ဘလူမြို့  ပရဟိတအကြောအဆစ်ကုဆေးခန်းမှာ မျိုးဆက်သစ် PT များကို လက်ကိုသုံးပြီး လူနာတွေ ကို ဘယ်လို assist ဒါမှမဟုတ် guide လုပ်ပေးနိုင်တယ်ဆိုတာ နှိုင်းယှဉ်ရှင်းပြခဲ့တာ မှတ်မိကြဦးမယ် ထင် ပါတယ်။ 

ဥာဏ်ရည်နိမ့်မသန်စွမ်းကလေးအများစုမှာ ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးတတ်တာကြောင့် (developmental delay) စနစ်တကျ လှုပ်ရှားလေ့ကျင့်ပေးဖို့ အထူးလိုအပ်တာဖြစ်တယ်။

Physical therapy for developmental delay focuses on improving balance, strength, endurance and flexibility to improve and promote a healthier functioning level. 

ကလေးငယ်များဘ၀မှာ အရေးကြီးဆုံးအရာ ၃ မျိုးကတော့ အအိပ်၊ အစားနဲ့ အကစားပါ။

မိဖများအနေဖြင့် အအိပ်နှင့်အစားတို့ကို ယေဘုယျအားဖြင့် ဖြည့်ဆည်းပေးကြသော်လည်း ကလေးငယ်များ ၏ ရုပ်ပိုင်းကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့လိုအပ်ချက်တစ်ရပ်ဖြစ်တဲ့ ကစားခုန်စားရေးအတွက်မူ အလေးပေးဆောင်ရွက်ပေးသူ မများလှဟု ပြောနိုင်ပါမယ်။ 

တကယ်က ပုံမှန်သန်စွမ်းမှုရှိတဲ့ကလေးများသည်ပင် စနစ်တကျ လှုပ်ရှားလေ့ကျင့်ပေးဖို့ လိုအပ်ကြောင်းကို PT များက မိဖများကို ရှင်းလင်းပြောပြကြရမှာဖြစ်ပါတယ်။








Saturday, August 22, 2015

ယခုတစ်ခေါက် မြန်မာပြည်ခရီး ၂၀၁၅


၁၃၇၇ ခုနှစ်၊ ၀ါခေါင်လဆန်း ၇ ရက်




ချန်ဂီလေဆိပ်။ မေ ၁၅ ရက် ၂၀၁၅။



ပြီးခဲ့သောမေလ ၁၅ ရက်နေ့က မြန်မာပြည်သို့ ခေတ္ထခဏ အလည်ပြန်သောခရီးစဉ်အတွေ့အကြုံများအား ဖေ့စ်ဘွတ်တွင် အချိန်နှင့်တစ်ပြေးတည်း ကြိုးစားပြီးရေးတင်ခဲ့သော်လည်း မြန်မာပြည်က အင်တာနက် အ ခက်အခဲကြောင့် မိမိစိတ်တိုင်းကျမရေးတင်နိုင်ခဲ့ပေ။ အချို့ ကိုကား အချိန် မရသဖြင့် မရေးတင်နိုင်ခဲ့ပေ။

ယခင်အခေါက်များကမူ စင်ကာပူသို့ပြန်ရောက်ပြီးမှသာ ဘလော့တွင် အချိန်ယူရေးခြင်းဖြစ်လေရာ မိမိပြော ပြေချင်သည်များကို အတော်ပြည့်ပြည့်စုံစုံ ရေးနိုင်ခဲ့ပါသည်။

မြန်မာပြည်ကိုပြန်မည့်နေ့ နံနက် ၃ နာရီက “မြန်ဌာနီ ထိုအလွမ်း” အမည်ဖြင့် ခရီးအကြိုစာလေးအား ဖေ့စ် ဘွတ်တွင် ရေးဖြစ်ခဲ့ပါသည်။ ထိုနေ့နံနက် ၁၀ နာရီတွင် မိတ်ဆွေဦးမျိုးဇင်က “မုဒုံ ကန်ကြီးဘုရားမှာ ဆရာ တို့ တွေ့ တဲ့ ဇာတ်လမ်းတော့ စိတ်ဝင်စားလာပြီ ဆရာရေ့ ” ဟု ကော်မန့်မှာ ရေးသဖြင့် မိမိက “မုဒုံကန်ကြီး ကဇာတ်လမ်းကို ‘ကျောက်စိမ်းရတုသို့ တိုင်လေပြီ’ အမည်နဲ့ ကျနော်တို့၏ ၃၅ နှစ်မြောက် မင်္ဂလာအထိမ်း အမှတ်အဖြစ် ကျွန်းသာယာဘလော့ကနေကူးပြီး ဖေ့စ်ဘွတ်မှာတင်ခဲ့ပြီးပါပြီ ဆရာကိုမျိုးဇင်။ မဖတ်လိုက်ရ ဘူးဆိုရင် ပြန်တင်ပေးပါ့မယ်ဗျာ။” ဟု အကြောင်းပြန်ခဲ့ပါသည်။

မြန်မာပြည်ကိုပြန်သည့်နေ့ခင်း ၁ နာရီက ချန်ဂီလေဆိပ်မှာ ရိုက်ထားသောဓာတ်ပုံလေး ၃ ပုံတင်ပြီး ဖေ့စ် ဘွတ်ကနေ မိတ်ဆွေများကို သတင်းပေးနိုင်ခဲ့သည်။

ဖေ့စ်ဘွတ်မှာတင်လိုက်သောဓာတ်ပုံများမှာ မိမိ၏ပုံကို မတွေ့သဖြင့် စင်ကာပူမှ တူမောင်ကိုကြည်ရွှင်က “အန်တီ ပြန်တာလား။ ဦးကော မပါဘူးလား။” ဟု မေးရှာသည်။ မိတ်ဆွေဦးမင်းမောင်ကတော့ “ဗမာပြည် ပြန်တာဆိုရင် အိမ်အလည်လာပါအုံးဗျို့ ။ ဆက်သွယ်ပါအုံးဗျို့ (fb က)” ဟု လှမ်းဖိတ်ခဲ့၏။ တစ်ခါ သံလျင်မှာ နေသော အကြောအဆစ်ကုပညာရှင် သမီးတင်စန္ဒာဝင်းကမူ “Welcome ဆရာ” ဟု နှုတ်ဆက်ခဲ့သေး၏။

လေယာဉ်ထဲမ၀င်မီအထိတော့ အဆင်ပြေခဲ့သည်။  


မြန်မာပြည်ရောက်ပြီး ထိုမေလ ၁၅ ရက်နေ့ညက ဟိုတယ်မှာ အင်တာနက်လုပ်၍ လုံးဝအဆင်မပြေခဲ့ပေ။ 

သို့ကြောင့် ရန်ကုန်ရောက်သည့်နေ့က သမိုင်းလမ်းဆုံအနီးတွင်နေသော အကြောအဆစ်ကုပညာရှင် (Physiotherapist) ဆရာမကြီးဒေါ်လှရီအား မြန်မာပြည်ကို ရောက်ရောက်ခြင်း လေဆိပ်ကနေ သွားရောက် တွေ့ဆုံနှုတ်ဆက်ကန်တော့ခြင်းနှင့် ဆရာမကြီး၏အိမ်တွင် အကြောအဆစ်ကုပညာရှင် သမီးဖြိုးသန့်မော်နှင့် တွေ့သည့်အကြောင်များကို မုဒုံကိုရောက်သည့် မေလ ၁၆ ရက်နေ့ ည ၉  နာရီတွင်မှ  ဖြိုးသန့်မော်ရိုက်ပေး သည့် ဓာတ်ပုံ ၃ ပုံနှင့်အတူ ရေးတင်နိုင်ခဲ့ပါတော့သည်။

ဆရာမကြီးအား နှုတ်ဆက်ကန်တော့ပြီးသောအခါ ဖြိုးသန့်မော်နှင့်လမ်းခွဲလျက် မိမိတို့က ဇနီး၏အမရှိရာ ငွေကြာယံသို့သွားကာ ညစာစားကြသည်။ ထို့နောက် မြို့ ထဲရှိဟိုတယ်သို့ ခရီးဆက်ခဲ့ကြရသည်။



စိမ်းစိုအေးချမ်းသော နံနက်ခင်း။ မေ ၁၆ ရက် ၂၀၁၅။




နောက်တစ်နေ့မနက် ၇ နာရီတွင် ဟိုတယ်မှ အောင်မင်္ဂလာအဝေးပြေးကားကြီးဂိတ်သို့အသွား 'ရိုးရိုးလေး ကဖီး'တွင် နံနက်စာ မုံ့တီစားကြ၏။ လမ်းတစ်လျောက်မှာ ရန်ကုန်မြို့ ၏အေးချမ်းသော စိမ်းစိုသော မနက် ခင်းအလှအပများကို ခံစားသွားရင်း ကားကြီးဂိတ်သို့ နံနက် ၈ နာရီ ၄၀ မိနစ်တွင်ရောက်၏။ ပြည်သူ့ရင်ပြင် နှင့်ပြည်သူ့ဥယျာဉ်ရှေ့ မှာ ကျန်းမာရေးလေ့ကျင့်နေကြသူများကို တွေ့ခဲ့ရ၏။










Wednesday, August 19, 2015

မြေးကလေးနှင့်ကစားခြင်း (၂)


၁၃၇၇ ခုနှစ်၊ ၀ါခေါင်လဆန်း ၄ ရက်






ပုံ (၁) ကြိုးလှေကားကနေ တက်။ အပေါ်ကိုရောက်တော့ လှိုင်ခေါင်းအစိမ်းထဲဝင်ပြီး အောက်ကို အရှိန်ဖြင့် လျှောဆင်းချလိုက်။ 
အဲဒီကမှ ကြိုးလှေကားဆီ အပြေးလေးသွားပြီး တစ်ကျော့တက်ပြန်။  ဒီလို တက်လိုက်၊ လျှောဆင်းချလိုက်။ တက်လိုက်၊ လျှော ဆင်းချလိုက်နဲ့ မြန်မှမြန်ထဲကပဲ။
အောက်မှာရှိနေတဲ့ အဘွားခမျာ မြေးလေးနောက်ကို ဟိုပြေးလိုက်ရ ဒီပြေးလိုက်ရနဲ့ အရုးမကြီးလိုပါပဲတဲ့။  



‘မြေးကလေးနှင့်ကစားခြင်း’ ဟူသောခေါင်းစဉ်ဖြင့် ယခုနှစ်ဧပြီလက ကျွန်းသာယာတွင် ရေးခဲ့ဖူးသည်။

တကယ်မှာ ထိုလက ဖေ့စ်ဘွတ်၌ ပထမဦးစွာရေးလျက် နောက်မှ မိမိ၏ဘလော့ထဲသို့ ပြန်လည်ကူးယူ ဖော်ပြခဲ့ခြင်းဖြစ်ပါ၏။

ယခုတစ်ခါတွင်မူ ဘလော့မှာ စ,ရေးဖြစ်ပါတော့သည်။

အဘိုးအဘွားတို့သည် မိမိတို့၏ရင်နှစ်သည်းချာဖြစ်သော သားသမီးများမှ မြေးကလေးများ ရလာသောအခါ ‘သားအချစ် မြေးအနှစ်’ ‘သမီးအချစ် မြေးအနှစ်’ ဆိုသည့် မြန်မာစကားအတိုင်း အချစ်တွေ ပိုတတ်ကြစမြဲ။

အဘိုးအဘွားများ၏ ‘မြေးအချစ် ပိုတော်ပုံ’ ကို နည်းအမျိုးမျိုး ပုံစံအထွေထွေဖြင့်တွေ့နိုင်ပေရာ မြေးကလေး များနှင့်ကစားကြခြင်းသည် ထင်ရှားသော သာဓကတစ်ရပ်ပင်ဖြစ်ပါလေ၏။  

သည်တော့ မိမိတို့ဇနီးမောင်နှံသည်လည်း အများသူငါများနှယ် မိမိတို့၏တစ်ဦးတည်းသော မြေးကလေး ’ဆောင်းမြတ်နိုး’နှင့် မကြာခဏဆိုသလို ကစားဖြစ်ကြလေသည်။ အိမ်မှာအနေများသောအဘွားက အလုပ် ထဲရောက်နေတတ်သောအဘိုးထက် ပိုပြီးကစားဖြစ်သည်။

သူ့အနေဖြင့် ကစားရကောင်းမှန်းမသိခင် မွေးကင်းစအရွယ်ကတည်းက မိမိတို့က ‘အို့ အေ အေ’ ဆိုကာ ပွေ့ချီလှုပ်ရှား ကစားပေးခဲ့ကြ၏။ ချော့မြှူစကား ပြောခဲ့ကြ၏။

တဖြည်းဖြည်းနှင့် ၁ နှစ်ကျော် ၂ နှစ်ထဲရောက်လာသောအခါ သူကိုယ်တိုင် အတော်ကလေးကစားလာနိုင် သည်။ သူ ကစားချင်သော အမျိုးအစားတို့ကို သူ့ဖာသာရွေးတတ်လာသည်။ သွားရင်းလာရင်း ကစားကွင်း များကိုတွေ့က ‘playground’ ဆိုကာ လက်ညှိုးထိုးပြပြီး မိမိတို့အား ကစားကွင်းသို့သွားရန် တိုက်တွန်း တတ်၏။ တစ်ချိန်တည်းမှာ ပြောပြောဆိုဆိုဖြင့် ကစားကွင်းရှိရာသို့ အတင်းပြေးသွားတတ်သေး၏။





ပုံ (၂) လက်တွေကလည်း သန်မှသန်၊ ဆွဲထားလိုက်တာကလည်း မြဲမှမြဲ။ သူ့အဘွားက လက်ဖျား ခါလေတော့၏။


လှေကားတက်သည်။ အမြင့်မှ လျှောစီးချသည်။ တန်းဘားဆွဲသည်။ လှိုင်ခေါင်းထဲကို ၀င်လိုက်ထွက်လိုက် လုပ်သည်။ လှည့်ကစားစရာပစ္စည်းများအား မွှတ်နေအောင် လှည့်ကစားသည်။ ခုန်ပေါက်ကစားသည်။ 

ကစားလိုက်သည်မှာ စုံလို့ စုံလို့။

အဘိုးအဘွားတွေက ဒီလိုဆိုသော် သူက ဒီလိုဟုတ်ချင်မှ ဟုတ်တတ်ပါ၏။ မလုပ်နဲ့ဟု ပြောဆို၍လည်း ရချင်မှရတတ်ပါ၏။။ တော်တော့ဆိုပြန်တော့လည်း သူ ရပ်ချင်မှသာ ရပ်လေတော့၏။

သူကြိုက်သောကစားနည်းဖြစ်က မမောပန်းနိုင်ပဲ အချိန်တော်တော်ကြာကြာ အကြိမ်ကြိမ် ဆော့ကစားနိုင် သည်။ ကြာတော့ မိမိတို့ကသာ ပင်ပန်းလာကြမည်။ သူကတော့ မဖြုံရေးချ မဖြုံပါလေ။

သူ့ခြေလက်ခန္ဓာကိုယ်များက အတော်လေးကို သန်စွမ်းကြ၏။ သိုဖြင့် တစ်ခါတစ်ခါတော့လည်း စဉ်းစား ကြည့်မိသည်။

မြန်မာပြည်ကို အလည်ပြန်စဉ်အခါက “အင်နာဂျီ ပေးပါ ပေးပါ၊ ရော့ အင်ဂျီကိုလာ” ဟု ရုပ်သံမှာ ကြော်ညာ သည့် အားဆေးကိုများ မြေးကလေး အမှတ်တမဲ့ သောက်ခဲ့မိရှာလေသလားလို့။ 

သူလုပ်ချင်တာကို မလုပ်ရလို့ကတော့ ဘယ်ကဘယ်လို ဖြိုးဖြိုးဖျောက်ဖျောက် ထွက်ကျလာမှန်းမသိရ သော မျက်ရည်များက ဘိုးဘိုးဘွားဘွားတို့၏အသည်းနှလုံးတို့ကို ထိုးနှက်တိုက်ခိုက်ရန် အဆင်သင့်။ 


အော် .. ကျနော် ကျမတို့မှာ မြေးကလေးနှင့်မည်သို့ပြိုင်လို့ ကစားပါတော့နိုင်။





ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုအဆင့်များ (Developmental Milestones))



ကလေးများသည် တစ်ယောက်နှင့်တစ်ယောက် အသက်အရွယ် တူပင်တူငြားသော်လည်း ကြီးထွားတာချင်း၊ ဖွံ့ဖြိုးတာချင်း သိတာ တတ်တာချင်း အမြဲချွတ်စွပ်တူကြလေ့မရှိပါချေ။

အချို့ သောကလေးများသည် အများစုကလေးများထက် ကြီးထွားဖွံ့ဖြိုးမှု (Growth and development) တွင် အနည်းငယ် နောက်ကျတတ်ကြသလို၊ အချို့ သောကလေးများက အတန်ငယ်စောနေတတ်ကြလေသည်။


မိမိတို့၏မြေးကလေး ယခုရောက်နေသည့် ၂ နှစ်ကျော်စအရွယ်မှ ၃ နှစ်အထိကလေးများ၏ရုပ်ပိုင်းကြီး ထွားဖွံ့ဖြိုးမှုအဆင့်များ (Developmental Milestones) တွင် လှေကားတက်ဆင်းခြင်း၊ ခုန်ပေါက်ဆော့က စားခြင်း၊ ခြေဖျားထောက်လျှောက်ခြင်း၊ အမြန်ပြေးလွှားခြင်း၊ သုံးဘီးစက်ဘီးနင်းခြင်း၊ ဘောလုံးကန်ခြင်း၊ တံခါးဖွင့်ပိတ်ခြင်း၊ အရုပ်များရှိ လှည့်ကစားစရာမျာနှင့် နှိပ်ကစားစရာများကို လှည့်တတ် နှိပ်တတ်ခြင်း၊ အစိတ်အပိုင်းလေးများကို ဖြုတ်ြခင်း တတ်ခြင်းများကို လုပ်စမ်းလေ့ရှိသလို အတော်အတန်လုပ်နိုင်ပြီ လည်းဖြစ်၏။