ကြံတောသင်္ချိုင်းနဲ့ပတ်သက်ပြီး မိမိအနေဖြင့် နောက်ထပ်အမှတ်တရဖြစ်မိခဲ့ရတာတခုကတော့
၁၉၈၈ ခုနှစ် 'ရှစ်လေးလုံး'အရေးအခင်းကာလအတွင်းမှာ ကြံတောသင်္ချိုင်းထဲကဖြတ်ပြီး အရိုး
ဆေးရုံကို နေ့တိုင်းသွားကာ အလုပ်လုပ်ခဲ့ရတာပဲဖြစ်ပါတယ်။
'ရှစ်လေးလုံး'လို့အမည်နာမကို အထင်ကရရခဲ့သည့်အတိုင်း တနိုင်ငံလုံး လှည်းနေ လှေအောင်း
မြင်းဇောင်းမကျန် ဆန္ဒပြအုံကြွတော်လှန်မှုကြီးသည် ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ အ
ထွဋ်အထိပ်ကိုရောက်ခဲ့တယ်ဆိုတာ အားလုံသိကြပြီးဖြစ်ပါတယ်။
ဒီ 'ရှစ်လေးလုံး'အရေးအခင်းကာလ၏စောစောပိုင်းရက်များမှာ မိမိသည် ပုံမှန်အတိုင်းနေ့စဉ်
အလုပ်သွားခဲ့ပါတယ်။ ပုံမှန်အတိုင်းသွားတယ်ဆိုတာက ၀ဂ္ဂီရပ်ရှိအိမ်ကနေ လှည်းတန်းဈေး
ကို ပြည်လမ်းအတိုင်းလမ်းလျှောက်သွားတယ်။ အဲဒီကနေ လိုင်းဘတ်(စ)ကား ၂ မှတ်တိုင်
စီးရပြီး ဆေးရုံကို ၅ မိနစ်လောက်လမ်းလျှောက်ရတယ်။
ဒီနောက်ပိုင်းတွေမှာ စစ်သားများက ချီတက်ဆန္ဒပြသူလူအုပ်ကြီးထဲကို သေနတ်များဖြင့်ပစ်
တာကြောင့် ချီတက်ဆန္ဒပြသူများ ရာနဲ့ချီပြီးသေဆုံးခဲ့ရပါတယ်။
ဒါကြောင့် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝန်ထမ်းများ၊သံဃာတော်များ၊ ဂီတပညာရှင်များ၊
သရုပ်ဆောင်များ၊ ရှေ့ နေများ၊ စစ်မှုထမ်းဟောင်းများ၊ အစိုးရ၀န်ထမ်းများ၊ ရဲနှင့်စစ်သားအချို့ 
ဆန္ဒပြပွဲများမှာ အလုံးအရင်းနဲ့ပါဝင်လာကြတဲ့အခါ တိုင်းပြည်ရဲ့ လုပ်ငန်းယန္တရားအားလုံး ရပ်
ဆိုင်းသွားခဲ့ပါတော့တယ်။
ဘယ်ဝန်ထမ်းမှ အလုပ်ကိုမသွားနိုင်ကြတော့သလို စစ်တပ်ရဲ့ လက်လွတ်စပယ်ပစ်ခတ်တဲ့
အန္တရာယ်ကြောင့် အလုပ်ကိုမသွားရဲကြတော့ပါဘူး။
ဒီတော့ ၀န်ထမ်းများ အလုပ်ကိုမသွားကြတော့တာ မထူးဆန်းလှပါ။
မိမိတို့ဆေးရုံက အကြောအဆစ်ကုဌာနမှာဆိုရင် ဆရာဦးဝင်းမောင်(ကိုဗစ်ကာလမှာကွယ်
လွန်သွား)နဲ့မိမိတို့ ၂ ဦးပဲအလုပ်လုပ်ခဲ့ကြရတာ။ မိမိတို့ဌာနမှာ အကြောအဆစ်ကုပညာရှင်
၉ ဦးရှိတာ ၇ ဦးက ဆေးရုံနဲ့အဝေးကြီးမှာနေကြတာတွေ။
ဦးဝင်းမောင်က ဆေးရုံကပေးထားတဲ့အိမ်မှာနေနေတာ။ လူပျို လူလွတ်။
မိမိက အိမ်ထောင်သည်။ ကမာရွတ်မြို့ နယ်ထဲက ၀ဂ္ဂီရပ်ကွက်မှာနေနေခဲ့တာ။
မိမိအလုပ်လုပ်တဲ့ အရိုးအထူးကုဆေးရုံက ကြည့်မြင်တိုင်မြို့ နယ်က ဟံသာဝတီလမ်းထဲမှာ။
ဒီအခါမှာ အထက်ကပြောခဲ့သလို ယခင်ကလမ်းကြောင်းအတိုင်း မိမိအနေနဲ့သွားဖို့ မလွယ်
တော့ဘူး။
စစ်ခွေးတွေရဲ့ အန္တရာယ်ကလဲ များပါတယ်။
ဒီကြားထဲမှာ 'တောမီးလောင်တောကြောင်လက်ခမောင်းခတ်'ဆိုသလို ခိုးဝှက်လုယက်
တာကအစ လူသတ်တာ ခေါင်းဖြတ်တာမျိုးတွေအထိ ခေတ်ပျက်လူဆိုး သူခိုးတွေကလဲ
သောင်းကျန်းနေကြသေးတာ။
ဒါကြောင့် မိမိနေထိုင်တဲ့ဝဂ္ဂီရပ်ကနေ အလုပ်လုပ်တဲ့အရိုးရောဂါအထူးကုဆေးရုံကို သွားနိုင်
ဖို့ တခြားလမ်းကြောင်းသစ်တခုရှာဖွေရပါတော့တယ်။
ဘာကြောင့်လဲဆိုတော့ တလောကလေးတင်ပဲ လှည်းတန်းမီးရထားခုံးတံတားပေါ်မှာ ၀မ်း
စာရေးအတွက် အထမ်းကြီးနဲ့ ပင်ပန်းတကြီးဈေးရောင်းနေသည့်ပဲပင်ပေါက်ပဲပြားသည်ကို
စစ်ခွေးတွေက အကြောင်မဲ့သက်သက်သေနတ်နဲ့ပစ်ကစားလိုက်တာ ပွဲချင်းပြီးသေသွားခဲ့
ရှာပါတယ်။
ဒါကိုကြည့်ရင် အဲဒီအချိန်က စစ်အာဏာရှင်အုပ်စုဟာ လမ်းတွေပေါ်မှာလူတစ်ယောက်မှမ
ရှိစေရ မတွေ့ချင်မမြင်ချင်ဘူးလို့ စစ်ခွေးတွေကို အပြီးအမိန့်ပေးထားတာလို့ပြောနိုင်ပါတယ်။
ဒါကြောင့်လဲ လမ်းပေါ်မှာ လူတစ်ယောက်မှမရှိတော့ပဲ ခွေးတွေပဲစစ်ကားတွေနဲ့ပတ်နေကြ
တာ။
ဒီအခါမှာ မိမိနေတဲ့နေရာကနေ ပြည်လမ်းလို လှည်းတန်းလမ်းလိုနေရာများကိုရှောင်ရှားပြီး
ချောင်ကျကျသွားနိုင်မည့်တခုတည်းသောလမ်းကတော့ လူသူရှင်းပြီး စစ်ကားတွေမလာတဲ့
ကြံတောသင်္ချိုင်းထဲကဖြတ်သွားတာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။
ပထမဆုံး အိမ်၏အနောက်တောင်ဖက်မှာရှိတဲ့ ဣစ္ဆာရာမဘုန်းကြီးကျောင်းရှေ့ လမ်းကိုသွား
ရပါတယ်။ အဲဒီကမှ နာနတ်တောလမ်းကိုဖြတ်ကာ ကြံတောသင်္ချိုင်းထဲကိုဝင်ရတာ။ အုတ်ဂူ
ကြိုအုတ်ဂူကြားတွေထဲ ကွေ့ ကောက်ဖြတ်သန်းပြီး ဟံသာဝတီလမ်းကိုရောက်ပါတယ်။
လမ်းရဲ့ ဟိုဖက်အခြမ်းမှာတော့ ဝေဋ္ဌုဝန်ရိပ်သာကတိုက်ခန်းတွေကိုလှမ်းပြီးမြင်နေရပါတယ်။
ဟံသာဝတီလမ်းကိုရောက်တာနဲ့ လက်ယာဖက်ချိုးပြီး ပလက်ဖောင်းအတိုင်း ၅-၆ မိနစ်ဆက်
လျှောက်တာနဲ့ ဆေးရုံအုပ်ကြီးဒေါက်တာဦးဖေခင်အိမ်ရှေ့ ပေါက်ကိုရောက်တော့တာ။
အဲဒီကနေ လမ်းကိုဖြတ်ကူးလိုက်ရင် ဆေးရုံဝင်းထဲကိုရောက်ပါပြီ။
အဲဒီလို မင်းးမဲ့စရိုက်စစ်အုပ်ချုပ်ရေးနဲ့ စစ်ခွေးတွေကကိုယ့်နိုင်ငံသူနိုင်ငံသားတွေကို ပစ်ခတ်
ချင်လိုပစ်ခတ် သတ်ဖြတ်ချင်သလိုသတ်ဖြတ်နေတဲ့အခါမျိုးမှာ မိမိစောစောကပြောခဲ့သလို
အလုပ်သွားနေတော့ တရပ်ကွက်ထဲနေတဲ့ ကိုနီသင်း(ကဗျာဆရာ ပျဉ်းမနား-မောင်နီသင်း၊
လက်ထောက်ညွှန်မှူး-ငြိမ်း-ပညာရေးသုတေသန)က 'ကိုတင်မောင်အေးရာ၊ ခင်ဗျားကလဲ
ဒီလောက်အန္တရာယ်များနေတာ အလုပ်သွားမနေပါနဲ့တော့ဗျာ'လို့စိုးရိမ်ပူပန်စွာသတိပေးခဲ့
တာကို ကျေးဇူးတင်အမှတ်ရလျက်ရှိနေပါတယ်။